နောက်ဆုံးရ
ကြတ်ပြေး နန်းတွင်းအရှုပ်တော်ပုံ — အပိုင်း ၁

ကြတ်ပြေး နန်းတွင်းအရှုပ်တော်ပုံ — အပိုင်း ၁

မူရင်းမှတ်တမ်း: Network for Democracy and Development (NDD), Documentation and Research Department, Mae Sot, Thailand

ကြတ်ပြေးနန်းတွင်းအရှုပ်တော်ပုံ (အပိုင်း၁)


နအဖစစ်အစိုးရအတွင်း အပြောင်းအလဲတချို့ကို နအဖ စစ်ကောင်စီကဇွန်လ (၂၀) ရက်နေ့၊ ၂၀၀၈ ခုနှစ်က်စွဲနဲ့ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းကို အမှတ်(၂)စက်မှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး အမှတ်(၂)စက်မှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ် စောလွင် ကိုတော့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ကြောင်း နအဖစစ်ကောင်စီ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး ရဲ့လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တချိန်တည်းလောက်မှာပဲ မြန်မာတပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတချို့မှာလည်း အပြောင်းအလဲတွေ ပြုလုပ်ခဲ့တာတွေ တွေ့ရပါတယ်။ ဒါပေမယ့် တပ်မတော်အတွင်းက အပြောင်းအလဲတွေကိုတော့ နအဖ စစ်အစိုးရက တရားဝင် ထုတ်ပြန်လေမရှိပါဘူး။

အစိုးရအဖွဲ့ဝင်တွေနဲ့ အရပ်ဘက်ဝန်ထမ်းအကြီးအကဲတွေရဲ့ ခန့်အပ်၊ ပြောင်းလဲ၊ ထုတ်ပယ်မှုတွေကို အစိုးရဂေဇက် (Gazette) တွေမှာ ဖေါ်ပြကြေငြာပေးရတဲ့ သဘောသဘာဝရှိပေမဲ့ တပ်မတော်အတွင်းက ခန့်အပ်၊ ပြောင်းလဲ၊ ထုတ်ပယ်မှုတွေကိုတော့ MS Order အနေနဲ့ တပ်မတော်အတွင်းမှာသာ ကန့်သတ်ပြီး ထုတ်ပြန်လေ့ရှိတာကို တွေ့ရပါတယ်။

အခုတကြိမ်ပြုလုပ်ခဲ့တဲ့ နအဖတပ်တွင်းက အပြောင်းအလဲတွေမှာ နအဖစစ်ကောင်စီအဖွဲ့ဝင် ထိပ်တန်း ဒုတိယဗိုလ်ချုပ်ကြီး (၆)ဦးကို တာဝန်တွေက အနားပေးလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီးတချို့ကတော့ ဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့တာတွေ တွေ့ရပါတယ်။ လက်ရှိတာဝန်တွေက အနားပေးခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေကတော့ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၊ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဝင်း၊ အမှတ်(၃) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်မောင်သန်း၊ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် (ကြည်း၊ ရေ၊ လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘို၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေး တို့ ဖြစ်ကြပြီး ဝန်ကြီးအဖြစ်နဲ့ ပြောင်းရွှေ့တာဝန်ပေးခံရသူကတော့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း ဖြစ်ပါတယ်။

သူတို့ရဲ့နေရာတွေမှာ စစ်တိုင်းမှူး (၅)ဦးနဲ့ စစ်ဦးစီးအရာရှိချုပ်(ရေ) တို့ကို ချက်ချင်းအစားထိုး ခန့်အပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ မပခ တိုင်းမှူး ဗိုလ်ချုပ်အောင်မြင့်၊ ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်၊ တကခ တိုင်းမှူး ဗိုလ်ချုပ်မင်းအောင်လှိုင် တို့ကို ကစထမှူးတွေအဖြစ် အစားထိုးခန့်အပ်ခဲ့ပြီး ရကခ တိုင်းမှူး ဗိုလ်ချုပ်လှမင်းဝင်း ကို တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ တပခ တိုင်းမှူး ဗိုလ်ချုပ်ကိုကို ကို တပ်မတော်စစ်ဆေးရေးအရာရှိချုပ် (ကြည်း၊ ရေ၊ လေ) အဖြစ်နဲ့ အစားထိုး ခန့်အပ်ခဲ့ကြောင်း သိရှိရပါတယ်။ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်ဉာဏ်ထွန်း ကိုလည်း ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် အစားထိုးခန့်အပ်ခဲ့တာ တွေ့ရပါတယ်။

လစ်လပ်သွားတဲ့ စစ်တိုင်းမှူးတွေရဲ့ နေရာတွေကိုလည်း တပ်မမှူးတွေ စစ်ကျောင်းအုပ်ကြီးတွေ၊ ဆေးတပ်မှူးတွေနဲ့ ချက်ချင်းအစားထိုးခဲ့တာ တွေ့ရပါတယ်။ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်း(ဗထူးတပ်မြို့) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်စိုးဝင်း ကို မပခ တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ရဏပြည့် ကို ရပခ တိုင်းမှူး၊ ဦးစီးအရာရှိတက္ကသိုလ်(ကလော) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်ဖြိုးကို တကခ တိုင်းမှူး၊ တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းမြင့် ကို ရကခ တိုင်းမှူး၊ တပ်မ(၁၁) တပ်မမှူး ဗိုလ်မှူးချုပ်လှမင်း ကို တပခ တိုင်းမှူး၊ စသည်ဖြင့်အစားထိုးခန့် အပ်တာဝန်ပေးခဲ့ကြောင်း သိရှိရပါတယ်။ (ရဗက တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး ကို နပစ သိုလည်းကောင်း၊ နပစ တိုင်းမှူး ဗိုလ်ချုပ်မောင်ရှိန် ကို ရမစ သိုလည်းကောင်း ပြောင်းရွှေ့ခဲ့ကြောင်း သိရှိရသည်။)

ဆင့်ကဲဆင့်ကဲ လစ်လပ်သွားတဲ့ နေရာတွေကိုလည်း အစားထိုးခန့်အပ်မှုတွေ ပြုလုပ်ခဲ့ရတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး (၁)ဦး၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး (၁)ဦး၊ ဗိုလ်ချုပ်ကြီး (၂)ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး (၁)ဦး (ဒုတိယဗိုလ်ချုပ်ကြီးလစာကို စားနေ ပြီဖြစ်သော ဗိုလ်ချုပ်သာအေး၊ ဗိုလ်ချုပ်ခင်ဇော်နှင့် ဗိုလ်ချုပ် သူရမြင့်အောင် တို့မပါသေးပါ။) ဗိုလ်ချုပ် (၅၀)ကျော်၊ ဗိုလ်မှူးချုပ် (၁၀၀)ကျော်၊ ဗိုလ်မှူးကြီး ၃၄၀ ကျော်၊ ဒုတိယဗိုလ်မှူးကြီး ၁၃၀၀ ကျော်လောက်ရှိတဲ့ မြန်မာ့တပ်မတော်အတွင်းမှာ အနည်းဆုံး အရာရှိ(၂၀၀)ကျော်လောက်ကို အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။ နအဖစစ်ကောင်စီ၊ နအဖ စစ်အစိုးရနဲ့ နအဖတပ်မတော်အတွင်းမှာ နောက်ထပ်အပြောင်းအလဲတွေ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အလားအလာ ရှိပါတယ်။

နအဖ တပ်တွင်းက ဒီအပြောင်းအလဲတွေဟာ မကြာခင်ကမှ ပြုလုပ်ခဲ့တဲ့ နအဖ စစ်ကောင်စီရဲ့ ၂၀၀၈ ခုနှစ် ပထမ လေးလပတ် အစည်းအဝေးအပြီးမှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဒီနှစ်အစပိုင်းမှာ ပြုလုပ်ရမဲ့ ၂၀၀၇ ခုနှစ်အတွက် နအဖ စစ်ကောင်စီရဲ့ တတိယလေးလပတ်အစည်းအဝေးကို ပုံမှန်အတိုင်း ကျင်းပ မပြုလုပ်နိုင်ခဲ့တာကို ထောက်ရခြင်းအားဖြင့် နအဖ တပ်တွင်း နေရာအပြောင်းအရွှေ့ကစ္စတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီအတွင်းမှာ ကျေလည်မှုမရှိပ်နိုင်ဘူးလို့ ယူဆရပါတယ်။ အခု တာဝန်ကနေအနားပေးခံလိုက်ရတဲ့ နအဖစစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး (၆)ဦးလုံးဟာ အမြင့်ဆုံး အာဏာ ပိုင်အဖွဲ့အစည်းဖြစ်တဲ့ အဖွဲ့ဝင်(၁၄)ဦးပါ စစ်ကောင်စီကလည်း နှုတ်ထွက်ပေးလိုက်ရပြီလို့ ယူဆရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ တပ်မတော်ကနေအနားမယူခင် သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမဲ့သူနဲ့ တပ်မတော်ရဲ့ထိပ်တန်းရာထူးကြီးတွေကို ဆက်ခံရမဲ့သူတွေကို အထူးသတိထားပြီး ရွေးချယ်နေပုံရပါတယ်။ သေချာတဲ့အချက်တချက်ကတော့ လက်ရှိ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ကို သူ သက်ရှိထင်ရှား ရှိနေသရွှေ့ ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ပေးခန့်အပ်မှာမဟုတ်ဘူး ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ သူယုံကြည်စိတ်ချသူတွေကို သူ့နေရာနဲ့ တပ်မတော်ရဲ့ထိပ်ပိုင်းရာထူးတွေမှာ တာဝန်ပေးခန့်အပ်ပြီးရင် သူနဲ့ အတူ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ အတွင်းရေးမှူး(၁)နဲ့ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ် ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး တင်အေး၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဒုဗိုလ်ချုပ်ကြီး မြတ်ဟိန်း တို့ကိုပါ တပ်မတော်အတွင်းကခေါ်ထုတ်သွားမှာ သေချာနေပြီဖြစ်ပါတယ်။ (၁၉၈၈ ခုနှစ် ဇူလိုင်လအတွင်း ကျင်းပပြုလုပ်ခဲ့သည့် မဆလပါတီရဲ့ အရေးပေါ်ပါတီညီလာခံတွင် စစ်အာဏာရှင်ကြီး ဦးနေဝင်း က သူနဲ့အတူ ဦးစန်းယု၊ ဦးအေးကိုနှင့် ဦးကျော်ထင် တို့ကိုပါ ဆွဲခေါ်သွားသလိုမျိုး ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဒုတိယ ဗိုလ် ချုပ်မှူးကြီးမောင်အေးကို ခါးဖက်ပြီး သူနဲ့အတူဆွဲခေါ်သွားရန် ကြံစည်နေသည်ဟု ယူဆရပါသည်။)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကို ဆက်ခံမဲ့သူအဖြစ် ဗိုလ်ချုပ် သူရရွှေ မန်း ကို ၂၀၀၁ ခုနှစ်ကတည်းက စတင်ရွေးချယ်သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။ DSA အပတ်စဉ်(၁၁) ကျောင်းဆင်း နတခ တိုင်းမှူး ဗိုလ်ချုပ် သူရရွှေမန်းကို ၂၀၀၁ ခုနှစ် နိုဝင်ဘာ(၁၅)ရက်နေ့မှာ ကာကွယ်ရေးဦးစီးချုပ်ရုံးကို ခေါ်ယူခဲ့ပြီး (ညှိနှိုင်းကွပ်က ရေးမှူး-ကြည်း၊ ရေ၊ လေ) အဖြစ် ရာထူးသစ်တခု တိထွင်ဖန်တီး တာဝန်ပေးခဲ့တဲ့အပြင် ၂၀၀၂ ခုနှစ် စက်တဘာလမှာ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂၀၀၃ ခုနှစ် ဧပြီလမှာ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတွေကို တဆင့်ပြီးတဆင့် တိုးမြှင့်ပေးအပ်ခဲ့တာ တွေ့နိုင်ပါ တယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ငယ်တပည့်ရင်းတဦး မဟုတ်ပေမဲ့ လုံ့လစိုက်အား တည်းဖြတ်တဲ့အပြင် အထက်ကခိုင်းတဲ့အတိုင်း လုပ်ကိုင်တတ်သူဖြစ်တာကြောင့် သူကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လက်သပ်မွေးပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ (ဗိုလ်ချုပ်ရွှေမန်းရဲ့ဇနီး ဒေါ်ခင်လေးသက် က ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတွေရဲ့ ဝတ် ကြီးဝတ်ငယ်တွေကို နေ့စဉ်ဝင်ထွက် ပြုစုပေးနေတဲ့အတွက် ဒေါ်ကြိုင်ကြိုင်ရဲ့ စွန့်စားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်ရွှေမန်းကို အခုလို ချိုးမြှင့်မြှောက်စားခဲ့တာဖြစ်တယ်လို့ ဗိုလ်ချုပ်ကတော်အသိုင်းအဝိုင်းများ ပြောဆိုနေကြတာတွေ တော့ ရှိပါတယ်။)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ အတူ ယှဉ်တွဲလျားထားခံရသူတစ်ဦးကတော့ DSA အပတ်စဉ်(၁၅)ကျောင်းဆင်း အမှတ်(၅) အထူးစစ်ဆင်ရေးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ ဖြစ်ကြောင်း သိရှိရပါတယ်။ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေကတော့ ဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင်နဲ့ ရွှေမျိုးတော်စပ်တဲ့အတွက် တပ်မ(၁၁) တပ်မမှူး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် စတဲ့ ရာထူးတွေကို အလွယ်တကူ ရရှိခဲ့တဲ့အပြင် ၂၀၀၅ အောက်တိုဘာလမှာ ဒုဗိုလ်ချုပ်ကြီးအဆင့် တိုးမြှင့်ပေးတာကို ခံခဲ့ ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးရွှေမန်းကို သူ့နေရာဆက်ခံဖို့ ဗိုလ်က လျာထားခဲ့ပေမဲ့ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးရွှေမန်း ရဲ့အသက်က (၆၀)ကျော်နေပြီဖြစ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီး မြင့် ဆွေ က အလားအလာ ပိုကောင်းနေကြောင်း။ ဒါကြောင့် ရန်ကုန် စီးပွားရေးလောကအသိုင်းအဝိုင်းက ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ပိုင်းနီးအောင် ကြိုးစားနေကြကြောင်း ကြားသိရပါတယ်။

အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေနဲ့ မြန်မာ့တပ်မတော်ကို ဇတ်သိမ်းနောက်က ဆက်လက်ကြိုးကိုင်နိုင်ဖို့ ကြိုးပမ်းအားထုတ်ရာမှာ မဆလစစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၈၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အမှားမျိုး ထပ်မလုပ်မိအောင် အထူးသတိထားပြီး လုပ်ဆောင်နေတာ တွေ့ရပါတယ်။ တပ်မတော်ရဲ့ ထိပ်တန်းရာထူးကြီးတွေ ကိုဆက်ခံမဲ့ မျိုးဆက်သစ်တပ်မှူးတွေကို သူစိတ်ကြိုက် အချိန်ယူရွေးချယ်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ တိုင်း၊ တပ်မတွေမှာ နေရာချထားပေးနေတာ တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ် နိုဝင်ဘာလအတွင်း နဝတ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး တဒါဇင်ကျော်ကို ဖြုတ်ထုတ်ဖယ်ရှား ပစ်လိုက်တဲ့အချိန်ကစလို့ မြန်မာ့တပ်မတော်တခုလုံးကို သူစိတ်ကြိုက် ချယ်လှယ်ဖန်တီး ပုံသွင်း ယူလာခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုခြေရာတိုင်းပြီး ကလန်ကဆန်လုပ်ဖို့ ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ သူ့ရဲ့ စစ်ထောက် လှမ်းရေးတပ်ဖွဲ့လုံးကို ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ မြေလှန်ရှင်းလင်းပစ်လိုက်တဲ့အချိန်ကပြီး တပ်ထဲမှာ သူ့ကို မော့ပြီးကြည့်ရဲတဲ့သူတယောက်မှ မရှိတော့တာ တွေ့ရပါတယ်။

တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး အနေနဲ့လည်း ၁၉၉၄-၉၅-၉၆ လောက် က တပ်မမှူးအဆင့်လောက်အထိ ပြောင်းရွှေ့ခန့်အပ်မှုတွေကို ကိုယ်သဘောနဲ့ကိုယ် လုပ်ပိုင်ခွင့်ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ တော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အတည်ပြုချက်မပါရင် ဘာမှလုပ်လို့မရတော့ကြောင်း သိရှိရပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး ကိုယ်တိုင် ဖြုတ်ထုတ်တဲ့စာရင်းထဲ ပါမသွားရအောင် အခြေအနေကိုကြည့်ပြီး ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ ရုတ်တရက်သေဆုံးမဲ့အချိန်ကို အရက်သောက်ရင်းနဲ့ ထိုင်စောင့်နေရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ နှစ် အတန်ကြာ တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ တပ်မတော်အရာရှိတစ်ဦးက ပြောဆိုခဲ့ဘူးပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်မတော်ရဲ့ထိပ်ပိုင်းရာထူးတွေအတွက် မျိုးဆက်သစ် ဗိုလ်ချုပ်တွေကို မွေးမြူလာခဲ့ရာ မှာ အခုဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဗိုလ်ချုပ်ကြီး ရွှေမန်း၊ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဒုဗိုလ်ချုပ် ကြီး ရဲမြင့်(စရဖ) နဲ့ မကြာခင် ဒုဗိုလ်ချုပ်ကြီးတွေဖြစ်လာကြတော့မဲ့ ဗိုလ်ချုပ်သာအေး၊ ဗိုလ်ချုပ်ခင်ဇော်၊ ဗိုလ်ချုပ် သူရ မြင့် အောင် တို့အပြင် အခုအသစ်ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ဗိုလ်ချုပ် မင်းအောင်လှိုင်၊ ဗိုလ်ချုပ် လှဌေးဝင်း၊ ဗိုလ်ချုပ် ကိုကို၊ ဗိုလ်ချုပ် ဥာဏ်ထွန်း တို့ ရောက်ရှိနေကြပြီဖြစ်ပါတယ်။ စစ်တိုင်း (၁၃)တိုင်းမှာလည်း DSA အပတ်စဉ်(၂၂) ကျောင်းဆင်း တိုင်းမှူး(၇)ဦး (ဗိုလ်ချုပ် ကျော်ဆွေ၊ ဗိုလ်ချုပ် တင်ရွှေ၊ ဗိုလ်မှူးချုပ် စိုးဝင်း၊ ဗိုလ်မှူးချုပ် ရာပြည့်၊ ဗိုလ်မှူးချုပ် ကျော်ဖြိုး၊ ဗိုလ်မှူးချုပ် ဝင်းမြင့်၊ ဗိုလ်မှူးချုပ် လှမင်း) အပါအဝင် မျိုးဆက်သစ် စစ်တိုင်းမှူးတွေနဲ့ အစားထိုးထား ပြီးဖြစ်သလို၊ တပ်မ (၁၀)ခု၊ စကခ (၁၉)ခု နဲ့ ဒကစ (၇)ခု မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့ အစားထိုးနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရုံးချုပ် အကူလက်ရုံးတပ်ဖွဲ့တွေနဲ့ တပ်မတော်(လေ)၊ တပ်မတော်(ရေ)တို့မှာလည်း မျိုးဆက်သစ်တပ်မှူးတွေနဲ့ အစားထိုးနေပြီ ဖြစ်ပါတယ်။

နအဖက နာဂစ်လေမုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေကို မငဲ့ကွက်ဘဲ သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတင်းအကျပ် အတည်ပြုနိုင်ခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ရင်ဆိုင်ရမဲ့ စိန်ခေါ်မှုတွေ အများအပြား ကျန်ရှိနေသေးတာကို တွေ့နိုင်ပါတယ်။ မြန်မာ့တပ်မတော်ကို ယုံကြည်စိတ်ချရတဲ့ မျိုးဆက်သစ်တပ်မှူးတွေရဲ့လက်ထဲကို စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး၊ ပါလီမန်အဆင့်ဆင့်နဲ့ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရ စတဲ့ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ စစ်ဗိုလ်(၂၅)ရာခိုင်နှုန်း ပါဝင်နိုင်ဖို့အတွက် တပ်ထဲမှာ သုံးမရမဲ့သူတွေကို စိစစ်ရွေးချယ်စေလွှတ်နိုင်ရေး၊ ကြံ့ဖွံ့ပါတီကို အသွင်ပြောင်းဖွဲ့စည်းမဲ့ စစ်တပ်ပိုင်နိုင်ငံရေးပါတီကြီးမှာ တပ်မတော်ထဲက အိုပယ်တွေကို နေရာ ချထားပေးရေး၊ အနာဂါတ် မြန်မာနိုင်ငံရဲ့စီးပွားရေးလောကကို တပ်မတော်အသိုင်းအဝိုင်းက ဆက်လက် လက်ဝါးကြီးအုပ်ထားနိုင်အောင် စနစ်တကျ ပြင်ဆင်ထားရှိနိုင်ရေး၊ အပစ်ရပ်၊ အပစ်မရပ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အချိန်မီ လက်နက်ဖြုတ်နိုင်ရေးကိစ္စတွေကို ဒီနှစ်တွေအတွင်းမှာ ပြီးပြတ်အောင်ပြုလုပ်ဖို့ ကျန်ရှိနေပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အကူးအပြောင်းကာလမှာ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လိုအမှားမျိုး မကြုံရအောင် သတိထားပြီး ပြုင်ဆင်လုပ်ကိုင်နေတာတွေရပေမဲ့ အခန့်မသင့်ရင် ကိုယ်ဖေါ်တဲဆေးခါးကြီးကို ကိုယ်ပြန်သောက်ရတဲ့ကိန်းဆိုက်နိုင်ပါတယ်။ သူ့ကိုယ်တိုင် အတင်းအကျပ်အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ရဲ့ လုပ်ပိုင်ခွင့်တွေဟာ သမ္မတဆိုသူရဲ့ လုပ်ပိုင်ခွင့်တွေထက်တောင်ပိုများနေတာကြောင့် တချိန်ချိန် မှာ ဝဋ်လည်ပြီး ကိုယ်မွေးခဲ့တဲ့မြောက်ကို ကိုယ်ပြန်ကြောက်ရတဲ့အဖြစ်ဆိုးနဲ့ ကြုံတွေ့နိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

မဆလ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်က "ဒို့လူတွေ ရှိသေးလား" ဆိုပြီး မကြာခဏမေး လေ့ရှိပါတယ်။ "ဒို့လူတွေ"ဆိုတာက သူတပ်ရင်းမှူးလုပ်ခဲ့တဲ့ အမှတ်(၄) ဗမာ့သေနတ်ကိုင်တပ်ရင်းမှာ သူနဲ့အတူ တာဝန်ထမ်း ခဲ့ကြတဲ့ သူတပည့်ရင်း အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ကာကွယ် ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၇၄ ခုနှစ် ဖေဖေါ်ဝါရီလကစပြီး သူနဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့ ဗမာ့တပ်မတော်ရဲ့ ထိပ်ပိုင်း တပ်မှူးကြီးတွေ (ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင်) ကို တဦးချင်းဖြစ်စေ၊ အစုလိုက်အပြုံလိုက်ဖြစ်စေ တဖြေးဖြေး ဖယ်ရှားပစ် ခဲ့ပြီး "ဒို့လူတွေ"နဲ့ အစားထိုးခဲ့ပါတယ်။

အခု နအဖ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာလည်း သူကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့ ၁၉၉၂ ခုနှစ် ဧပြီလကစပြီး မြန်မာ့တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးတွေမှာ "သူလူတွေ" နဲ့ အစားထိုးနိုင်ဖို့ စတင်ကြိုးပမ်းလာ ခဲ့တာ တွေ့ရှိရပါတယ်။ အခုလက်ရှိ သူဘေးမှာ ဝန်းရံထားသူအများစုဟာ သူ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူးနဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ စတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့စဉ်က သူတပည့်ရင်း ဖြစ်ခဲ့ဘူးသူတွေ၊ သူကိုယ်တိုင် ယုံကြည် စိတ်ချ အားကိုးရသူတွေ ဖြစ်နေတာကို တွေ့နိုင်ပါတယ်။

OTS အပတ်စဉ်(၉) သင်တန်းဆင်း အရာရှိတို့ဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ခလရ(၁)၊ ခမရ(၁၀၁)၊ တပ်မ (၈၈)၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်(နတခ) စတဲ့ တိုက်ခိုက်ရေးတပ်တွေမှာ တာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ဘူးပေမဲ့ တိုက်ခိုက်ရေးဘက်မှာ ထူးချွန်အောင်မြင်တဲ့တပ်မှူးတဦးတော့ မဖြစ်ခဲ့ပါဘူး။ ၁၉၈၀ ခုနှစ်လောက်က တပ်မ(၈၈) တပ်မှူးဘဝ နဲ့ ကျိုင်းတုံဒေသမှာ စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နေစဉ် တပ်မ(၈၈)ကို ပကပ (ဘီစီပီစစ်ဒေသ (ယခု ဦးစိုင်းလင်းရဲ့ မိုင်းလား အပစ်ရပ်အထူးဒေသ) လက်အောက်ခံတပ်တွေက ပြင်းပြင်းထန်ထန် ပိတ်ဆို့တိုက်ခိုက် ချေမှုန်းခဲ့တဲ့အတွက် တပ်မ (၈၈)လက်အောက်ခံ အမှတ်(၃) ကချင်သေနတ်ကိုင်တပ်ရင်း၊ဌာနချုပ်ပါ ကျဆုံးခဲ့ပြီး စစ်သည်တွေနဲ့ မိသားစု အများအပြား သေဆုံးခဲ့ရဘူးပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေဟာ အဲဒီအချိန်က ဦးနေဝင်းရဲ့ အထူးယုံကြည်စိတ်ချရတဲ့ စစ်ခေါင်းဆောင်တဦး ဖြစ်နေတဲ့အတွက် အရေးယူခံရတဲ့အပြင် အဲဒီနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ မဆလပါတီရဲ့ စတုတ္ထအကြိမ်ပါတီညီလာခံမှာ ဗဟိုကော် မတီဝင်အဖြစ်တောင် ချီးမြှင့်မြှောက်စားတာကို ခံခဲ့ရပါတယ်။ ၁၉၈၃ ခုနှစ်မှာ နတခ တိုင်းမှူးနဲ့ ရောဝတီတိုင်းရဲ့ ဒေသပါတီ ကော်မတီဥက္ကဌ ရာထူးတွေကိုပါ ချီးမြှင့်ခဲ့ပြီး ၁၉၈၅ ခုနှစ်မှာတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။ အဲဒီ အချိန်က အသက်(၅၂)နှစ် အရွယ်သာရှိသေးတဲ့ ဗိုလ်ချုပ်သန်းရွှေဟာ ရာထူး အဆင့်(၂)ဆင့်ကို ခုန်ပျံကျော်တက်ပြီး ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အပေါ် မဆလတပ်မတော် ထိပ်ပိုင်းတပ်မှူးတွေအတွင်းမှာ မကျေနပ်မှုတွေ အများအပြား ရှိခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်အာဏာရှင်ကြီး ဦးနေဝင်း ရှေ့မှာတော့ အားလုံး ရေငုံနှုတ်ပိတ်နေခဲ့ကြရတယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်ကြီး သန်းရွှေဟာ စစ်မတိုက်တတ်ပေမဲ့ "လက်ဖက်တော့ ကောင်းကောင်း ထုတ်တတ်တယ်" ဆိုတဲ့ လူစားထဲ မှာ ပါပုံရတယ်။ သူက အရာရှိပေါက်စဘဝနဲ့ ကက/ပြည်၊ မပခ နဲ့ တပ်မဟာ(၁)တို့မှာ နယ်လှည့် စိတ်ဓါတ်စစ်ဆင်ရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့အပြင် ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာလည်း နည်းပြတာဝန်တွေကို ထမ်းဆောင်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေကြောင့် လူတွေရဲ့ စိတ်ဓာတ်သဘောသဘာဝရဲ့ နိုင်ငံရေးအလားအလာတစ်ချို့ကို ကြိုတင်တွက်ချက် ခန့်မှန်း နိုင်ပြီး လူကြီးတွေ နှစ်သက်သဘောကျအောင် နေထိုင်ပြတတ်တဲ့ အရည်အချင်းတွေတော့ ရှိလီမ့်မယ်လို့ ယူဆရပါတယ်။

(အပိုင်း ၂ ဆက်ရန်)

ဆက်ဖတ်ရန် →