နောက်ဆုံးရ

​အိပ်ရင်း လမ်းလျှောက်နေကြသူများ *******************************



အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် ဆိုသူမှ ၎င်းတို့အား ဆန့်ကျင်နေသူများကို စီးပွားပျက်၊ ဘဝပျက်သွားသည် အထိ လုပ်ပြစ်ရန် လုပ်ငန်း အစည်းအဝေး တခုတွင် ပက် စက်စွာ စေခိုင်းလာသည့် အသံဖိုင် အပြည့်အစုံသည် ခေတ်သစ် မီဒီယာ၏ ကောင်းမှုဖြင့် ပြည်သူများ အကြား ပျံ့နှံ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။


ထိုအသံဖိုင် နှင့် ပတ်သက်၍ ဆက်စပ် တွေးကြည့်မည်ဆိုလျှင် နိူင်ငံတဝှမ်း လူမဆန်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများသည် မုန်ယို ဒေါသထွက်‌နေသော စစ်သားများက သဘောရှိ ကျူးလွန်‌နေကြခြင်း မဟုတ်ဘဲ ၎င်းတို့၏ အမိန့်ကို တသွေမတိမ်း လိုက်နာ နေခြင်းသာ ဖြစ် သည်ဟု ကောက်ချက်ချ၍ ရပေသည်။


မိမိ မကြာခဏ ရေးခဲ့သလို ထိုအဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်သွားရေးသည် ဒုတိယ၊ ၎င်းတို့ အသက်အိုးအိမ် နှင့် အာဏာ ဆုပ်ကိုင်ထားနိုင်ရေးသည်သာ ပထမ ဦးစားပေး ဆိုသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။


ဗီယက်နမ် စစ်အတွင်း အမေရိကန် တပ်သားများမှ ရွာသူများကို အဓမ္မ ပြုကျင့်ခဲ့သည်များ ရှိနေသည်။ ထိုသို့ကျူးလွန်သူများသည် သူတို့ ရာဇဝတ်မှု ကျူးလွန်‌‌နေမှန်း ကောင်းစွာ ရိပ်စားမိကြသဖြင့် မည်သူမှ ဖော်ကောင် မလုပ်နိုင်ရန် သူတို့ တပ်စု တွင် ပါလာသည့် စစ်သားမှန်သမျှ ကို ကျူးလွန်ခိုင်းခဲ့ကြစမြဲ ဖြစ်သည်။


ယခုလည်း ၎င်းတို့ လက်အောက်ရှိ လူအားလုံးကို သေအတူ ရှင်အတူ ဆိုကာ သူခိုးသေဖေါ် ညှိ‌လာနေကြပြီ ဖြစ်သည်။


လူထူကြီးသည် ၎င်းတို့ ကြောင့် ကျီးလန့်စာစား နေထိုင်‌နေကြရရုံမက ဒန်အိုး၊ ဒန်ခွက်၊ ရေပုံးများ ဆွဲကာ နေ့စဉ်နှင့်အမျှ ရေတပေါက် သောက်ရဖို့ အရေး တန်းစီ နေကြရပြီး မြို့ကြီးများလည်း အမှောင်ကျ နေလေပြီ။


မီးမလာလျှင် ထမင်းဟင်းကို မီးသွေး နှင့် ချက်၍ ရ‌သော်လည်း ရေမရှိက ထမင်းဟင်းပင် ချက်ပြုတ် စားသောက်၍ မရဟု ရန်ကုန်မြို့နေ တဦး၏ အပြောကို လန်ဒန် ရှိ ဒေးလီးမေးလ် သတင်းစာတွင် ဖေါ်ပြလာသည်။


ရေဘောက်ဆာ များဖြင့် ရေများ လိုက်လံဝေငှ ပေးနေသည့် ကုသိုလ်ဖြစ် အသင်းများကိုလည်း နေ့စဉ်လို ရေများ လိုအပ်နေကြောင်း ဖုန်းဖြင့် အပူတပြင်း တောင်း ဆိုနေမှုများ လက်ခံရရှိ နေသည်ဟု ဆိုသည်။


စစ်ကောင်စီသည် ထိုအရေးကိုလည်း ယခုထိ ဟန်ဆောင် ပန်ဆောင်ဖြင့် ဖြေရှင်း ပေးသည်ကို မတွေ့ရသေးပဲ ဘာကြောင့် ညာကြောင့် မီးဖြတ်မည် ဆိုသည်သာ ထုတ်ပြန်ပေးနေကြသည်။ ၎င်းတို့အဖို့  ပြည်သူများ အကျပ်အတည်း များများတွေ့လေ ၎င်းတို့ အပေါ် ဆန့်ကျင်ရန် စဉ်းစား နိုင်ကြတော့မည် မဟုတ်ဆိုသည်ကို တွေး‌နေကြမည်မှာ သေချာလှသည်။


ထိုအရေးသည် အချို့သော ဒေသများတွင်သာ ဖြစ်သည် ဆိုပြီး ဖြေသိမ့်နေကြသူများ ထံလည်း အနှေးနှင့် အမြန် ရောက်လာဖို့သာ ရှိ‌နေပေသည်။


၎င်းတို့စိတ်ထဲတွင် ပြည်သူများကို ၎င်းတို့၏ အအုပ်ချုပ်ခံ လူတန်းစား subjects များ အဖြစ် သာ နှစ်ပေါင်း ၆၀ လုံးလုံး သဘောထား လာခဲ့သူများ ဖြစ်သည်။ ထိုသို့သဘော ထားလာခဲ့ ကြသူများ နှင့် မိမိတို့သည် အအုပ်ချုပ်ခံများ မဟုတ်၊ ကိုယ်စိတ်ကြိုက် အစိုးရကို ရွေးချယ် နိုင်ပြီး မကြိုက်လျှင် အချိန်မရွေး ဝေဖန်နိူင်သည်။ ဖြုတ်ချနိူင်သည်ဟူသော အစွမ်းထက်သည့် နိုင်ငံရေး အာဏာများ ပိုင်ဆိုင်ထားသည်ကို ကောင်းစွာ သိမြင်သဘောပေါက် နားလည် လာကြသည့် ပြည်သူများ နှင့် ထိတ်တိုက်ရင်ဆိုင်တွေ့နေကြပြီ ဖြစ်သည်။


အာဏာသိမ်း အဖွဲ့ အထူးသဖြင့် စစ်ခေါင်းဆောင် အဆက်ဆက်သည် ယခုထိ နားလည် လက်ခံ ထားနိုင်စွမ်း မရှိသေးသည့် အကြောင်းတခုမှာ  နိုင်ငံတော် အတိုင်ပင်ခံအပေါ် လူထူ၏ ချစ်ခင် ယုံကြည်အားထားမှု အခိုင်အမာရှိနေသည် ဆိုသည်ပင်  ဖြစ်သည်။


ထို့အတွက်လည်း ဗိုလ်သန်းရွှေခေတ်ကတည်းကပင် အမျိူးမျိုး လုပ်ကြံကာ ၎င်းတို့ပိုင် ဝါဒ ဖြန့်ချီရေး လက်နက် ကိရိယာ များကို အသုံးချပြီး ရ စရာ မရှိအောင်  ထိုးနှက် တိုက်ခိုက် ကြသည်။ ယခုလည်း မင်းအောင်လှိုင်က ဆရာထက် လက်စောင်းထက် ဆိုသကဲ့သို့ စဉ်းစား၍ ရသမျှ အမှုအမျိုးမျိုး ထွင်ကာ ၎င်းတို့ လက်ဝေခံ များအား သက်သေများ အဖြစ် ဖန်တီးပြီး ကွယ်လွန်သည့် အထိ လူမြင်ကွင်းသို့ ထွက်မလာနိူင်ရန် ရက်စက်စွာ ပူးပေါင်း ကြံစည်လာ ပြန်သည်။


သို့သော် ထိုသို့ လုပ်လေ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ အပေါ် မြူတမှုန်မျှပင် သံသယ မရှိကြသည့် လူထုကြီးသည် သူတို့ လေးစား ယုံကြည်ထားသော ခေါင်းဆောင် အား လုပ်ရက် လေခြင်း ဟု ဆိုကာ ခံပြင်း နာကျည်းလာကြသည်။ ၎င်းတို့ ရစရာ မရှိအောင် သိက္ခာချလေ သူမ၏ ဂုဏ်သိက္ခာမှာ တက်‌လေလေ ပင် ဖြစ်သည်။ ၎င်းတို့၏ လုပ်ကြံ ဖန်တီးထားသော စွဲချက်များကို နိုင်ငံတကာကလည်း တစက်ကလေးမျှပင် အယုံအကြည်မရှိပေ။


၎င်းတို့၏ ဖဲသုံးချပ် ကစားဝိုင်းကို နိုင်မည်အထင် နှင့်  ဝင်ရောကာ လောင်းကြေးထပ်နေကြရသူ များပင်လျှင် မျက်စိမှိတ် ယုံကြည်နေကြသည့် အဆင့်တွင် ရှိနေသည်။


၎င်းတို့ ရိုဟင်ဂျာ များ အပေါ် လူသိရှင်ကြား ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို လိမ်လည် စွပ်စွဲသည်ဟု ပြောနေပြီး သမ္မတကြီး၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် အစိုးရ အကြီး အကဲများ အပေါ်  အရှက်ကင်းမဲ့စွာ လုပ်ကြံ လီဆယ် အမှုဆင်ကာ ဖမ်းဆီး နေကြသည်ကို နိုင်ငံတကာမှ သိရှိနေကြပြီးလည်း ဖြစ်သည်။ ထိုသို့ ဖမ်းဆီး တရားစွဲဆိုနိုင်ခွင့်ကို ၎င်းတို့ ကိုယ်တိုင် ဘုရားဟော နိပါတ်များအလား ကိုးကွယ်နေသည့် ဖွဲ့စစည်းပုံကြီးတွင် တကြောင်း တပါဒမျှပင် ထည့်သွင်း ပြဠာန်းထားခဲ့ခြင်းလည်း မရှိသည်ကို စာဖတ်တတ်သူ နွားကျောင်း သားပင် သိရှိထားပြီး ဖြစ်သည်။


အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို အင်အားကြီး နိုင်ငံ တခုက နိုင်ထက်စီးနင်း လုယက် သိမ်းပိုက်ရန် ကြိုးစား‌နေသည့် အရေးကို ဘာမျှမစဉ်းစား မိုက်မဲလှစွာဖြင့် ထောက်ခံ နေ ကြပြန်သည်။


‌ယခု အနေအထားသည် မြန်မာပြည်သူများဖက်က အဆမတန် အင်အားကြီးမားသည့် အကြမ်းဖက် အဖွဲ့အား ရတတ်သမျှ လက်နက်များ စွဲကိုင်ကာ အသေခံ ခုခံ ကာကွယ်နေကြပြီ ဖြစ်၍ ယူကရိန်းကဲ့သို့သာ နိုင်ငံတကာ၏ အုံနှင့်ကျင်း နှင့် ထောက်ခံလာမည်ဆိုလျှင် တလပင် မခံဘဲ ပြုတ်ကျသွားပေတော့မည် ဆိုသည်က ငြင်း၍ မရသော အမှန်တရားသာလျှင် ဖြစ် သည်ကို စဉ်းစားတတ်မည်ဆိုက အထင်အရှား သိမြင်နိူင်ပေသည်။


အခြေအနေ မကောင်းက အရှင်သခင် အဖြစ် ကိုးကွယ် ဆည်းကပ်နေရ သည့်ဝက်ဝံကြီးများကို ဆီရီးယားကဲ့သို့ ခေါ်သွင်းလာမည် ဆိုသည့် အိမ်မက်များသည်လည်း အပြီးအပိုင် ကွယ်ပျောက်သွားခဲ့ရလေသည်။


အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ ပြည်သူခုခံ တွန်းလှန်စစ် ဆင်နွှဲနေသည့် အင်အားစုများ ထံ လက်နက်များ ရောက်ရှိအောင် မကြာမီ အချိန် အတွင်း ပံ့ပိုးပေးနိုင်တော့မည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့ပြီလည်း ဖြစ်သည်။  ခုခံတွန်းလှန်စစ် ကို တရားဝင် စတင်လာခဲ့သည့် ၆ လ အတွင်း ပြည်သူတို့၏ ထည့်ဝင်ငွေ ဒေါ်လာ သန်း ၃၀ ခန့် ရရှိပြီး ထိုအထဲမှ ၈၅% ကို လက်နက် ဝယ်ယူရေး အတွက် သုံးစွဲခဲ့သည်ဟု ဆိုသည်။


တော်လှန်ရေး အင်အားစုများက တနေ့တခြား ကြီးထွားလာနေပြီ ဖြစ်၍ အလျင်မမီအောင် ဖြစ်လာနေရသည်၊ ပြည်သူများ၏ ထည့်ဝင်ငွေများကို အားထားနေရဆဲ ဖြစ်သည်။ ထိုအနေအထားကို ရပ်တန့်သွားအောင် စစ်ကောင်စီ ၏ တန်ပြန်ဝါဒ ဖြန့်ချီရေး အဖွဲ့မှ NUG အား ပြည်ပမှ ဒေါ်လာ သန်း ရာချီ ထောက်ပံ့တော့မည်ဟု ပြည်ပ မှ မထင်မရှား သတင်းဌာနများ နှင့် လက်ဝါးချင်း ရိုက်ကာ ထုတ်လွှင့်ခိုင်းနိုင်သည်၊ သို့မှသာ NUG သည် ငွေကြေး တောင့်တင်းလာပြီဆိုက ပြည်သူများ၏ ထည့်ဝင်လှုဒန်းမှုများ တန့် သွားနိုင်သည် မဟုတ်ပါလား။


ဗိုလ်ချုပ်ကြီးများ မှသည် အောက်ခြေ စစ်ဗိုလ်များ အထိ ရွှေထီးဆောင်းနေရပြီဟု ယုံကြည် ထားကြသူများ ဖြစ်၍ မိမိတို့ မိသားစု ချမ်းသာ ကြွယ်ဝရေး ကိုသာ အာရုံစိုက်နေကြ၍ ပြောင်းလဲလာနေသော ကမ္ဘာကြီး အကြောင်းကို လေ့လာသုံးသပ် ရမှန်း မသိ၊ နားလည်း မလည်ဖြစ်နေကြသည်မှာ အ ဆန်းတကြယ်တော့ မဟုတ်ပေ။


၎င်းတို့ အဖို့က ရောက်တတ်ရာရာ စိတ်ကူး စိတ်သန်း များ နှင့် ချည်နှောင်ပြီး အိပ်ပျော်ရင်း လမ်းလျှောက်နေသူများနှင့် မည်သို့မျှ မခြား ဖြစ်လာနေသည်။  ၎င်းတို့၏ အိမ်မက် ကမ္ဘာမှ နိုးထ၍ မဖြစ်၊ ထို့သို့ နေနိုင်ရန် အတွက်လည်း ကိုယ့်ကိုကိုယ် ပြန်လိမ်နေကြရသည်။ 


မည်သို့ပင် ဆိုစေ ပြည်သူများ အပေါ် ၎င်းတို့ ကျူးလွန်ခဲ့ကြသည့် လုပ်ရပ်များက ရက်စက် ကြမ်းကြုပ်လွန်းလှသဖြင့် တော်လှန်ရေးကြီး ပြီးသွားသည့်တိုင် ကျန်ခဲ့သော ဒဏ်ရာ ဒဏ်ချက်များကို ကုစားနိုင်ဖို့မှာ အချိန်များစွာ ယူရဦးမည်သာ ဖြစ်သည်။


ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ


ဆက်ဖတ်ရန် →

​ပူတင် အကြောင်း တစေ့တစောင်း ******************************



နာမည် အပြည့်အစုံမှာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် ဖြစ်ပြီး ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့တွင် လီနင် ဂရက်မြို့ အမှတ် (၁၂) ဘက်စ်ကော့ဗ် လိန်း လမ်းရှိ ပြိုကျလုမတတ် ဖြစ်နေသော တိုက်ခန်းကလေး တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်း ညီအကို သုံးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။


ဖခင်သည် စက်ရုံ အလုပ်သမား တယောက် ဖြစ်သဖြင့်လည်း ပူတင် သည် အောက်ခြေ လူတန်းစားများ အကြားတွင် မထင်မရှား သာမန်လူသားတယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်ဟု ပြော၍ ရပေသည်။  ပူတင်၏ မိဘများ နေထိုင်သော တိုက်တန်းလျား တွင် ရေပူ မရှိ၊ ရေချိုးကန်မရှိ၊ အပူဓါတ်ရရန် အတွက် ထင်းမီးသွေး ကို အသုံးပြုရသည့် မီးဖိုကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ တိုက်ခန်း ပေါ်သို့ တက်သည့် လှေကားတွင်လည်း အမြဲလို  ကြွက်များက သောင်းကျန်းနေတတ်သည်။


ပူတင်သည် ကျဉ်းမြောင်းလှသော သူ၏ တိုက်ခန်းထဲတွင် မနေသည်ကများပြီး အောက်ထပ် ရှိ အမှိုက်များ နှင့် ဗရပွ ဖြစ်နေသော မြေကွက်လပ်တွင်သာ အနေများသည်။ ချို့ငဲ့စွာ စားသောက်ခဲ့ရသူ ဖြစ်၍ ငယ်စဉ်က ခန္ဓာကိုယ် မဖွံ့ဖြိုးခဲ့ရှာကာ အရပ်ပုသည်ဟု ပြောလို့ရသည့် အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ထို့အတွက်လည်း ရွယ်တူ ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။


ထိုသို့ အနိုင်ကျင့်ခံရပါများ၍ လက်ဝှေ့၊ ဂျူဒို နှင့် ရုရှားရိုးရာ ဆမ်ဘို သိုင်း များကို သင်ယူ လေ့ကျင့်ခဲ့သည်။ ပူတင်သည် ထိုသို့ တတ်ကျွမ်းလာသော ကိုယ်လုံပညာများကို လီနင်ဂရက် လမ်းများ ပေါ်တွင် အသုံးချ လာခဲ့သည်။ စိတ်တိုတတ်သူ ဖြစ်၍ အရင်ကလို သည်းခံလို စိတ် မရှိတော့ဘဲ ထစ်ကနဲ ဆို ထိုးကြိတ်ရန် ဝန်မလေးသဖြင့် ပွဲတိုင်းကျော် ဖြစ်လာခဲ့သည်။ ထိုသို့ လီနင်ဂရက် လမ်းမများ ပေါ်တွင် လက်ရဲဇက်ရဲ ကျင်လည်ခဲ့သည့်အတွက် သူ့အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကို ထည့်တွက်ချင်း မရှိခဲ့သည့် စိတ်ဓါတ်အခံ diminished sense of danger ရှိသည်ဟု ကေဂျီဘီ သင်တန်းဆရာများ၏ သတ်မှတ်ခြင်း ခံခဲ့ရသည်။


သို့သော် သူ၏ အိမ်နီးနားချင်း သူငယ်ချင်း များ အပေါ်တော့ ဗွေမယူ၊ ၎င်းတို့ဖက်မှ အမြဲလို ကာကွယ်ပေး ခဲ့သည်။ ထိုအထဲတွင် ပူတင် တို့ နေထိုင်ရာ တိုက်တန်း နှင့် ကပ်လျှက် အမှတ် (၁၄) ဘက်စ်ကော့ဗ် လိန်း တွင်နေသည့် အာကာဒီ အာကီမော့ (အမည်လွှဲထား) လည်း ပါဝင်သည်။ တနေ့တွင် အာကာဒီ အား နံစော်နေသော နောက်ဖေး လမ်းကြား တနေရာတွင် သူထက် အသက်ကြီးပုံရသည့် လူငယ် နှစ်ဦးမှ ရန်စ အနိုင်ကျင့်နေသည်ကို ပူတင် တွေ့လိုက်ရသည်။ အာကာဒီသည် မွေးဖွားစဉ်ကတည်းက အသက်ရှူ လမ်းကြောင်း နှင့် ပတ်သက်သည့် ရောဂါ အခံရှိသူ ဖြစ်၍လည်း ခန္ဓာကိုယ်မှာ ချည့်နဲ့နဲ့ နှင့် ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် နှင့် စန္ဒယားကို ကျွမ်းကျွမ်း ကျင်ကျင် တီးတတ်ပြန်၍ သူ၏ လက်ချောင်းများကို မထိခိုက်အောင် အတတ်နိုင်ဆုံး သတိထား နေသူလည်း ဖြစ်သည်။ စန္ဒယားတီးတတ်၍ ထင်ပေါ်ကာ ရွယ်တူ မိန်းကလေးများ၏ အရေးပေးခြင်းကို ခံရ၍လည်း ဘက်စ်ကော့ဗ် လိန်းရှိ လူပေလူတေ လေးများက သူ့အား မျက်မုန်းကျိုး လာကြ၍လည်း အခွင့်သင့်လျှင် အခွင့်သင့်သလို ရန်စလေ့ရှိသည်။


ယခုအခါ တွင်တော့ ပူတင်နှင့် ပက်ပင်း တိုးလာပြီ ဖြစ်သည်။ ပူတင်သည် အာကာဒီအား ရန်စနေသူ နှစ်ဦးကို အလွယ်တကူ ပင် မြေကြီး ပေါ် လှဲသိပ်ပေးနိုင်ခဲ့သည်။ ထိုသို့ ညစ်ပတ်နံစော်နေသော အမှိုက်ပုံ လမ်းကြားရှိ ရန်ပွဲ လေးသည် ရုရှား ၏ သမိုင်းကြောင်း ကို ပြောင်းလဲသွားစေမည်ဟု ထိုစဉ်က မည်သူကမျှ ယောင်လို့ပင် တွေးမိကြမည် မဟုတ်ပေ။


ထိုရန်ပွဲကြောင့် နောက်ပိုင်းတွင် ပူတင် နှင့် အာကာဒီတို့ ရင်းနှီးလာခဲ့ကြသည်။ သူငယ်ချင်း အရင်း အချာများ ဖြစ်လာခဲ့ကြသည်။


သူတို့ နှစ်ဦးစလုံး အမှတ် (၁၉၃) အထက်တန်းကျောင်းသို့ အတူ တက်ရောက်ခဲ့ကြသည်။ ပူတင်သည် ကျောင်းတွင် ရန်ပွဲများကြောင့် ကျောင်းသားဆိုး တယောက် ဖြစ်လာသော်လည်း အာကာဒီကတော့ ပညာရေး တွင် ထူးချွန်သူ ဖြစ်သည်။ အာကာဒီသည် လီနင်ဂရက် အနုပညာသိပ္ပံ ကျောင်းတိုက်ကြီးတွင် ဂီတပညာကို ဆည်းပူးရန် ရည်မှန်းထားသူ ဖြစ်သည်။ သို့သော် အသက် ဆယ်ခုနှစ်နှစ် တွင် လီနင်ဂရက် အနုပညာသင် သိပ္ပံကျောင်း မှ အာကာဒီ၏ ကျောင်းဝင်ခွင့် လျှောက်လွှာကို ငြင်းပယ်ခဲ့သည်။


ထို့အတွက် မျှော်လင့်ချက်များ ပျက်ပြား၍ စိတ်ဓါတ် အကြီးအကျယ် ကျဆင်းသွားသော အာကာဒီသည် သူငယ်ချင်း ဖြစ်သူ ပူတင် နှင့် အတူ လီနင်ဂရက် တက္ကသိုလ်တွင်သာ ပညာဆက်လက် ဆည်းပူးခဲ့သည်။ သူတို့ နှစ်ယောက် ဘွဲ့ရလျှင်ရခြင်းပင် ကေဂျီဘီ၏ စည်းရုံး သိမ်းသွင်းခြင်းကို ခံခဲ့ရသည်။ ကေဂျီဘီ၏ ဘာသာ စကားသင် ကျောင်းတွင် အပတ်တကုတ် လေ့လာသင်ယူခဲ့ပြီးနောက် Red Banner Institute ခေါ် စပိုင် ကျောင်းတိုက်ကြီးတွင် ဆက်လက် လေ့လာသင်ယူခဲ့ကြရပြန်သည်။


ကျောင်းဆင်းသည်နှင့် ထောက်လှန်းရေး အရာရှိ ပူပူနွေးနွေး ပင် ရှိသေးသည့် သူတို့ နှစ်ဦးကို အရှေ့ဂျာမဏီသို့ တာဝန်ပေး စေလွှတ်လိုက်သည်။


ပူတင်အား အရှေ့ဂျာမဏီရှိ တောမကျ မြို့မကျ ဒရက်စဒင် တွင် တာဝန်ချထားပေးခဲ့ပြီး အာကာဒီကတော့ အရှေ့ဘာလင် မြို့တော်ကြီးတွင် တာဝန်ပေးခံခဲ့ရသည်။ အာကာဒီသည် ပူတင်လို ချောင်ထိုး မခံရဘဲ အနောက်တိုင်း လူ့အဖွဲ့အစည်း အား တစစီ ဆွဲဖြိုချရန် ရည်ရွယ်သည့် ဝါဒဖြန့်ချီရေး၊ သတင်းမှားများ ထုတ်လွှင့်ရေး၊ အဖျက်အမှောင့် လုပ်ငန်းများ၊ အုပ်ချုပ်သူ မှန်သမျှ အပေါ် အကောင်းမြင်လေ့ မရှိသည့် အနောက်နိုင်ငံများ မှ လက်ယာစွန်း၊ လက်ဝဲစွန်း ဝါဒ သမားများ ကို သိမ်းသွင်းခြင်း အစရှိသည့် တို့တွင် ထဲထဲဝင်ဝင် လုပ်ကိုင်ခွင့် ရခဲ့သည်။


အာကာဒီ နှင့် အရှေ့ဂျာမဏီ ထောက်လှမ်းရေး စတာဆီ သည် အာရပ်အကြမ်းဖက် သမားများအား လက်နက် နှင့် ငွေကြေး ထောက်ပံ့ခဲ့သည်။ ထိုအထဲတွင် ပီအယ်အို ခေါ် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့၊ ပါလက် စတိုင်း လွတ်မြောက်ရေး ပြည်သူ့တပ်ဦး အဖွဲ့တို့လည်း ပါဝင်သည်။


၁၉၈၆ ဧပြီလ တွင် အနောက်ဘာလင် ရှိ La Belle ဒစ္စကို ကလပ် ဗုံးခွဲမှု ကျူးလွန်ခဲ့ကြသည့် လစ်ဗျားခေါင်း ဆောင် ကဒါဖီ မှ စေလွှတ်လိုက်သူများကို အာကာဒီမှ တာဝန်ယူ၍ ဖေါက်ခွဲရေး ပစ္စည်းများ ပံ့ပိုး ပေးခဲ့ရသည်။ သို့သော် ကျွမ်းကျင် ပါးနပ်စွာ လုပ်ကိုင်နိုင်ခဲ့၍ ဘာလင် တံတိုင်း ပြိုလဲသွားပြီးနောက်ပိုင်း ဖေါ်ထုတ်ရရှိခဲ့သည့် စတာဆီ၏ ဖိုင်များထဲတွင် အာကာဒီ၏ အမည်သည် တစွန်းတစမျှပင် ပါရှိခဲ့ခြင်း မရှိပေ။


ဘာလင် တံတိုင်းကြီး ပြိုလဲသွားပြီးနောက်တွင် အာကာဒီနှင့် ပူတင် တို့နှစ်ဦးသည် သူတို့ မွေးရပ်မြေ လီနင် ဂရက်သို့ ပြန်လာခဲ့ကြသည်။ ဆိုဗီယက်သည် သူတို့ အရှေ့ဂျာမဏီ သို့ သွားခဲ့သည့် အချိန်ကလို မဟုတ်တော့ဘဲ အခြေအနေ များ အဆမတန် ဆိုးဝါးလာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။


ကုန်စုံဆိုင်များတွင် လူတန်းရှည်ကြီး ဖြစ်လာနေပြီး ဆူပါမားကက်များရှိ စင်များ ပေါ်တွင်လည်း ဟာလာ ဟင်းလင်း ဖြစ်နေသည်က များပေသည်။  ၎င်းတို့ ပြန်ရောက်ပြီး လေးလ အကြာ ၁၉၉၁ ဒီဇင်ဘာလတွင် ကေဂျီဘီရှိ စိတ်မာခက်ထန်သည့် အရာရှိများ ဦးဆောင်သည့် အာဏာသိမ်းပွဲ ပျက်ပြားခဲ့ရမှု နှင့် အတူ ဆိုဗီယက် ပြည်ထောင်စုသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့ရပေတော့သည်။


တခါက လွန်စွာ တန်ခိုးထွားခဲ့သည့် ကေဂျီဘီ သည်လည်းပြည်တွင်း လုံခြုံရေး နှင့် တန်ပြန် ထောက်လှန်းရေး အတွက် တာဝန်ယူရသော FSB နှင့် ကေဂျီဘီကဲ့သို့ပင် ပြည်ပ သူလျှို လုပ်ငန်းများ တာဝန်ယူရသည့် SVR ဟူ၍ နှစ်ဖွဲ့ ခွဲခံလိုက်ရသည်။


သို့သော် အာကာဒီနှင့် ပူတင် တို့ သည် ထောက်လှန်းရေး ဖက်တွင် ဆက်လက် အမှုထမ်းခြင်း မရှိတော့ဘဲ ၎င်းတို့ နှင့် အဆင်ပြေမည်ထင်သည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အာကာဒီသည် ရေနံလုပ်ငန်းများ ဖက်သို့ ရောက်သွားပြီး ပူတင်ကတော့ ၎င်းကို၎င်း ဒီမိုကရက် အရင့်အမာကြီးဟု ကြွေးကျော်ကာ တက္ကသိုလ်က ဆရာသမား ဖြစ်ခဲ့သူ လီနင်ဂရက် မြို့တော်ဝန် အနာတိုလီ ဆောဘ်ချက် ထံတွင် အနီးကပ် လူယုံအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ မကြာမီမှာပင် လီနင်ဂရက်ကို မူလ အမည် စိန့် ပီတာစဘတ် အဖြစ် ပြောင်းလဲပြစ်ခဲ့ကြသည်။


ပူတင်သည်လည်း စိန့်ပီတာ စဘတ် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှာဖွေရန် ဖွဲ့စည်းထားသည့် ပြည်ပ ဆက်ဆံရေး ကော်မတီ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ စိန့် ပီတာစဘတ်တွင်တော့ ရာဇဝတ်မှုများက ထူပြောလာနေပြီ ဖြစ်သည်။ ၁၉၉၁ အတွင်းမှာပင် ရှည်လျားလာသော ဆောင်းရာသီနှင့် အတူ ရုရှားတွင် အငတ်ဘေး အန္တရာယ်ကြီး၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်လာနေရချိန်လည်း ဖြစ်သည်။


ပူတင်သည် ရုရှား၏ သဘာဝ သယံဇာတများ ဖြစ်သော ရေနံ၊ သစ်၊ တွင်းထွက် ပစ္စည်းအမျိုးမျိုး နှင့် အရေးတကြီး လိုအပ်လာနေသည့် စားသောက်ကုန်များ ဖြစ်သော အသား၊ သကြား၊ စာသုံးဆီများ နှင့် အလဲအလှယ် လုပ်ရသည့် သဘောတူ စာချုပ်များ ချုပ်ဆိုရသည့် တာဝန်ကို ယူခဲ့ရသည်။ 


နိုင်ငံ၏ တွင်းထွက်ပစ္စည်းများသာ ပြည်ပ ရောက်သွားသော်လည်း စားသောက်ကုန်ပစ္စည်းများက မဆိုသ လောက်သာ ရောက်လာခဲ့သည်။ ထို့အတွက် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခဲ့ရာ အမြတ်အစွန်းများ မတန်တဆ ရရှိသွားသူသည် ပူတင်၏ သူငယ်ချင်း အရင်းအချာ ဖြစ်သည့် အာကာဒီ အာကီမော့ ပင် ဖြစ်သည်။


ရုတ်ခြည်း ချမ်းသာကြွယ်ဝလာသော အကာဒီသည် ယခင် ကေဂျီဘီ အရာရှိဟောင်များ၊ Spetnaz ခေါ် အထူး စစ်ဆင်ရေး အဖွဲ့ဝင်များကို ခေါ်ယူကာ စိန့် ပီတာစဘတ် ဆိပ်ကမ်းများကို ထိန်းချုပ်နိုင်ရေးအတွက် တမ်ဘော့ မာဖီးယား အဖွဲ့နှင့် လမ်းပေါ်တိုက်ပွဲများ ဆင်နွှဲလာခဲ့သည်။


အာကာဒီသည် အချိန်အနည်းငယ်အတွင်းမှာပင် ရုရှား၏ အထင်ကရ ရေနံ ကုန်သည်ကြီး ဖြစ်လာခဲ့သည်။ ရရှိသော အမြတ်အစွန်းများဖြင့် ရေအိုင်ကြီး ဘေးရှိ မြေကွက်လပ်များကို ဝယ်ယူပြီး ဒါချာ ခေါ် အပန်းဖြေ အိမ်များ ဆောက်လုပ်ကာ ပူတင်အပါအဝင် သူ၏လူများ ဖြစ်သော ကေဂျီဘီ အရာရှိဟောင်းများကို ပေးခဲ့သည်။ 


ကေဂျီဘီ အရာရှိဟောင်းများ နှင့် ပူတင်၊ အာကာဒီတို့သည် ထိုအပန်းဖြေ အိမ်များသို့ မိသားစုများ နှင့် အတူ မကြာခဏ ရောက်ရှိလာကြကာ ရုရှားတနိုင်ငံလုံးကို ထိန်းချုပ်ပြီး ယခင် အင်အားကြီး နိုင်ငံဘဝ ပြန်ရောက်ရန် ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။ ပထမဦးဆုံး သူတို့ကိုယ် သူတို့ ဘယ်သူမှ မယှဉ်နိုင်အောင် ချမ်းသာကြွယ်ဝသူများ အဖြစ် ရောက်ရှိအောင် အရင်လုပ်ပြီးနောက် အမေရိကန် နှင့် အနောက်နိုင်ငံများအပေါ် ဆိုဗီယက် ပြည်ထောင် စုကြီး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ခဲ့မှု အတွက် လက်စားချေရန်ပင် ဖြစ်သည်။ 


မိသားစုဆို၍ ပူတင်သည် ၁၉၈၃ တွင် လေယာဉ်မယ် လုဒ်မီလာ နှင့် ၁၉၈၃ တွင် လက်ဆက်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၂၀၁၃ တွင် ကွာရှင်း ပြတ်စဲခဲ့ကြသည်။


ပူတင်သည်လည်း ၁၉၉၆ ဇွန်လ တွင် ကရင်မလင်သို့ ပြည်ပရှိ အစိုးရပိုင် ပစ္စည်းများကို စီမံခန့်ခွဲရသည့် မထင်မရှား ဌာနတခု၏ အကြီးအကဲ အဖြစ် ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် အာကာဒီ နှင့် ကေဂျီဘီ အရာရှိဟောင်းများ၏ အကူအညီဖြင့် ပူတင်သည် ရာထူး အဆင့်ဆင့် တိုးမြှင့်လာခဲ့သည်။ သမ္မတရုံးဝန်ထမ်း အဖွဲ့၏ ဒုတိယ အကြီးအကဲ၊ FSB ထောက်လှန်းရေး အဖွဲ့ အကြီးအကဲ နှင့် ၁၉၉၉ ဩဂုတ်လတွင် ရုရှား ဖက်ဒရေးရှင်း၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သမ္မတ ရာထူးသို့ ထပ်မံတက်လှန်းနိုင်ဖို့က ကြိမ်းသေနေပြီ ဖြစ်သည်။ 


ပူတင် ဝန်ကြီးချုပ် ဖြစ်ပြီး တလ အကြာ စက်တင်ဘာ ၅ ရက်နေ့တွင် ဒါဂျီစတန် သမ္မတ နိုင်ငံငယ်လေးတွင် ပထမဆုံး အကြိမ် ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပစ်မှတ်သည် ရုရှား စစ်သားများ နှင့် မိသားစုများ နေထိုင်ရာ တိုက်တန်းလျား တခုမှာပင် ဖြစ်သည်။ လေးရက်အကြာတွင် မော်စကို ရှိ ဂူရာနိုဗာ လမ်းတွင် နောက်ထပ် တိုက်တန်းလျား တခု၌ ဗုံးခွဲခံခဲ့ရုံးပြန်သည်။ ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှစ်ခု တွင် သေဆုံးသွားသည့် အရည်အတွက် သည် ၁၅၈ ဦး ဖြစ်ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့သည်။ လက်သည်အဖြစ် ချီချင် ခွဲထွက်ရေးသမားများကို အပြစ်ဖို့ခဲ့ကြသည်။


နောက်ထပ် ဗုံးနှစ်လုံးသည် တပတ်ခြားပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပြန်သည်။ ပထမ ဗုံးသည် မော်စကို တွင် ဖြစ်ပြီး နောက် ဗုံးတလုံးသည် တောင်ပိုင်းရှိ ဗော်ဂိုဒွန်စ် တွင် ဖြစ်သည်။ တနိုင်ငံလုံးလည်း တုန်လှုပ် ချောက်ချားကုန်ပြီ ဖြစ်သည်။ ထိုအချိန်တွင် ကာဇာတ်စတန်သို့ တရားဝင်ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ပူတင်သည် မိမိအနေဖြင့် အမြန်ဆုံး နှင့် အရက်စက်ဆုံး တုန့်ပြန်သွားမည်ဟု နိုင်ငံသားများကို ကတိပေးစကား ဆိုလာခဲ့သည်။


တကယ်တမ်းတွင် ချီချင် ခွဲထွက်ရေး သမားများ လက်ချက်မဟုတ်ဘဲ အာကာဒီ အာကီမော့ မှ စီစဉ်ခဲ့ပြီး FSB အဖွဲ့မှ တာဝန်ယူ ဖေါက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖန်တီးနိုင်ခဲ့သဖြင့် ချက်ညာတွင် စစ်ပွဲအရှိန် မြင့်တက်လာပြီး ပူတင် အပေါ် လူကြိုက်များမှုလည်း တဟုန်ထိုး မြင့်တက် သွားခဲ့ ပေတော့သည်။  ဒီဇင်ဘာလတွင် အရက်နာကျပြီး မကျန်းမမာ ဖြစ်လာသော သမ္မတ ဘော်ရစ်ယဲဆင် သည် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာကာ သူ့နေရာအား ဆက်ခံရန် ပူတင်ကို ရွေးချယ်ခဲ့ပြီး ရွေး‌ကောက် ပွဲများ ကျင်းပပေးခဲ့သည်။ ထိုအခါတွင်လည်း အာကာဒီတို့ အဖွဲ့ကပင် ပူတင် အရွေးခံရအောင် ကူညီခဲ့ကြ ပြန်သည်။


ဤသို့ဖြင့် ၎င်းတို့ စီမံချက်၏ ပထမအဆင့်သည် အောင်မြင်စွာ ပြီးစီးသွားခဲ့ပေတော့သည်။ အာကာဒီ နှင့် ကေဂျီဘီ အရာရှိဟောင်းကြီးများက သူတို့၏ အတွင်းလူကို ကရင်မလင် နန်းတော်ကြီးထဲသို့ အရောက်ပို့ ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ဒုတိယ အဆင့် အဖြစ် ရုရှားတွင် အချမ်းသာဆုံး အဖြစ်သို့ ရောက်အောင် လုပ်ကာ အနောက်အုပ်စုကို လက်စားချေဖို့ပင် ဖြစ်သည်။


ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!


(Daniel Silva ၏ The Cellist မှ အချက်အလက်များ ကို အများဆုံး ကိုးကားသည်)

လှစိုးဝေ


ဆက်ဖတ်ရန် →