ကြတ်ပြေး နန်းတွင်းအရှုပ်တော်ပုံ — အပိုင်း ၉ — ၂၀၀၁ နိုဝင်ဘာ ဖြုတ်ထုတ်ပွဲနှင့် တိုင်းမှူးသစ်များ ခန့်အပ်ခြင်း
ရဲရင့်ငယ် — ၃၁ အောက်တိုဘာ ၂၀၂၆
မူရင်းမှတ်တမ်း: Network for Democracy and Development (NDD), Documentation and Research Department, Mae Sot, Thailand
အပိုင်း ၈: https://www.yeyintnge.net/2026/10/blog-post_954.html
အပိုင်း ၉ ကို ဆက်လက် တင်ပြပါမယ်။
ဓာတ်ပုံ: တိုင်းမှူး မောင်မောင်ဆွေ၊ တိုင်းမှူး မြင့်လှိုင်၊ တိုင်းမှူး ဌေးဦး၊ တိုင်းမှူး မောင်ဦး၊ တိုင်းမှူး အောင်မင်း၊ တိုင်းမှူး စိုးနိုင် (မိုက်ကိုင်ပြီး စကားပြောနေသူ) | Photo-Facebook
ကျန်ရှိနေသော နအဖဝင်များ
ကျန်တဲ့ နအဖစစ်ကောင်စီဝင်တွေဖြစ်ကြတဲ့ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးက ၂၀၀၁ခုနှစ် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့မှာ ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့ရသည်။ ကာကွယ်ရေးဦးစီးချုပ်/ရေ ဒုတိယဗိုလ်ချုပ်ကြီးညွန့်သိန်းက ၂၀၀၀ ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့မှာကတည်းက အနားပေးခံခဲ့ရပြီး သူ့နေရာမှာ စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်ကြည်မင်း နဲ့ အစားထိုးခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်/လေ ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း ကလည်း ၂၀၀၁ ခုနှစ် ဇူလိုင်(၁၇)ရက်နေ့မှာ တာဝန်ကရပ်စဲ ခံခဲ့ရပြီး သူ့နေရာမှာ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်မြင့်ဆွေ နဲ့ အစားထိုးခဲ့သည်။
၂၀၀၁ နိုဝင်ဘာ (၉) — Black November ဖြုတ်ထုတ်ပွဲ
၁၉၉၇ ခုနှစ် နိုဝင်ဘာလမှာ အချင်းချင်း အာဏာလုပြီးတက်လာခဲ့တဲ့ နအဖအဖွဲ့ဟာ နှစ်အနည်းငယ်အတွင်း အဲဒီလို အသေထွက်၊ အရှင်ထွက်တွေနဲ့ အခြေအနေ ယိမ်းယိုင်လာခဲ့သည်။ နအဖသက်တမ်း (၄)နှစ်မပြည့်ခင် ၂၀၀၁ ခုနှစ် နိုဝင်ဘာ(၉) ရက်နေ့မှာလည်း နအဖစစ်ကောင်စီနဲ့ နအဖစစ်အစိုးရအဖွဲ့အတွင်း အချင်းချင်း ဖြုတ်၊ ထုတ်၊ ရှင်း အာဏာလုပွဲတစ်ရပ် ထပ်မံပေါ် ပေါက်ခဲ့သည်။ ဒီအာဏာလုပွဲမှာတော့ နအဖစစ်ကောင်စီအဖွဲ့ဝင် အတွင်းရေးမှူး(၃)လည်းဖြစ်၊ စစ်ရေးချုပ်လည်းဖြစ်၊ ကြံ့ဖွံ့ အသင်းကြီးရဲ့ ဒုဥက္ကဌလည်းဖြစ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီရဲ့ ဥက္ကဌလည်းဖြစ်၊ စစ်တပ်ပိုင် မြန်မာ့ ဦးပိုင်လီမိတက်ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့် ကိုယ်တိုင် ဖြုတ်၊ ထုတ်၊ ရှင်း ခံလိုက်ရသည်။
သူနဲ့အတူ စစ်ထောက်ချုပ်လည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ တပ်မတော်ရေးရာဝန်ကြီးလည်းဖြစ်၊ စစ်တပ်ပိုင် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းကြီးရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးတင်လှ၊ နောက်ထပ် ဒုတိယဝန်ကြီးချုပ်(၂)ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး မောင်မောင်ခင်(ရေ)၊ ဒုဗိုလ်ချုပ်ကြီး တင်ထွန်း(လေ)တို့အပြင် ဝန်ကြီးတွေဖြစ်ကြတဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး ဟောင်း ဦးဝင်းစိန်၊ သမဝါယမဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးအောင်စန်း၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနဝန်ကြီး ဗိုလ်မှူးကြီးဟောင်း ဦးစောထွန်း တို့လည်း ဖြုတ်၊ ထုတ်၊ ရှင်း ခံခဲ့ကြရသည်။ အတိအကျ မသိရ ပေမဲ့ သူတို့နဲ့အတူ သူတို့ရဲ့ မင်းမြှောင်တွေနဲ့ ကျွန်ယုံတွေလည်း ဖြုတ်၊ ထုတ်၊ ရှင်း ခံရတဲ့အထဲမှာ အများအပြား ပါသွားလိမ္မယ်လို့ ယူဆရသည်။ (၁၉၉၇ ခု နှစ်မှစပြီး နှစ်စဉ် နိုဝင်ဘာလရောက်တိုင်း စစ်အုပ်စုအတွင်း ဖြုတ်ထုတ်ရှင်းပွဲများ ပြုလုပ် လေ့ရှိသဖြင့် နအဖစစ်တပ်က ထိုလကို Black November ဟု အမည်ပေးထားကြောင်း သိရှိရသည်။)
နိုဝင်ဘာ (၁၅) — စစ်တိုင်းမှူးများ စစ်ရုံးချုပ်သို့ ခေါ်ယူခြင်း
အဲဒီလို အပေါ်ပိုင်းမှာ ရုံခါရှင်းလင်းပြီးတာနဲ့ စစ်အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၁၉၉၇ စစ်အုပ်စုတွင်းအာဏာလုပွဲမှာ သူ့ဘက်ကရပ်တည်ခဲ့ကြတဲ့ နအဖအဖွဲ့ဝင် စီနီယာစစ်တိုင်းမှူး(၁၀)ဦးကို နိုဝင်ဘာ(၁၅)ရက်နေ့မှာ စစ်ရုံးချုပ်ကို ခေါ်ယူလိုက်ပြီး တာဝန်တွေခွဲဝေပေးခဲ့သည်။ လစ်လပ်သွားတဲ့ စစ်တိုင်းမှူးတွေနေရာမှာလည်း သူယုံကြည်စိတ်ချတဲ့ မျိုးဆက်သစ်တပ်မမှူးတွေ၊ စကခမှူးတွေနဲ့ အစားထိုးခန့်အပ်တာတွေ ပြုလုပ်ခဲ့သည်။
အမိန့်ကြေညာစာ ၄၀/၂၀၀၁ နှင့် ၄၁/၂၀၀၁
၂၀၀၁ ခုနှစ် Black November ဖြုတ်ထုတ်ရှင်းပွဲအပြီးမှာ တွေ့ရှိရတဲ့ထူးခြားချက်တွေကတော့ ကစထမှူးတွေ၊ စစ် တိုင်းမှူးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) တို့ကို မူလစစ်ဘက်တာဝန်တွေအပြင် အစိုးရ အရပ်ဘက်တာဝန်တွေကိုပါ ပူးတွဲပေးအပ် လာခြင်း ဖြစ်သည်။
နအဖအတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး နိုဝင်ဘာ(၁၅)ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ နအဖ အမိန့်ကြေညာစာအမှတ် ၄၀/၂၀၀၁ မှာ “ကရခတိုင်းမှူး ဗိုလ်ချုပ်အေးကြွေအား ယနေ့မှစ၍ ဝန်ကြီးအဖြစ် သတ်မှတ်၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စသည့်လုပ်ငန်းများကို မိမိစီမံခန့်ခွဲရသည့်နယ်မြေအတွင်း အစိုးရအဖွဲ့ကိုယ်စား ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန် တာဝန်ပေးအပ်လိုက်သည်” ဆိုပြီး ဖေါ်ပြခဲ့သလို၊ နအဖ အမိန့်ကြေညာစာအမှတ် ၄၁/၂၀၀၁ မှာတော့ “ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးကြည်မင်းအား ယနေ့မှစ၍ ဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေး အပ်လိုက်သည်” ဆိုပြီး ဖေါ်ပြခဲ့တာတွေ့ရသည်။
ကစထမှူးများ၏ မကျေနပ်မှုနှင့် အမိန့် ၄၂/၂၀၀၁
၁၉၉၇ ခုနှစ် နိုဝင်ဘာအာဏာလုပွဲမှာ ပါဝင်ခဲ့တဲ့ စီနီယာစစ်တိုင်းမှူးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) တို့ကို နအဖ စစ်ကောင်စီအဖွဲ့ဝင်တွေအဖြစ် သတ်မှတ်ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ အစားထိုးခန့်အပ်ခံရတဲ့ ဂျူနီယာစစ်တိုင်းမှူးတွေနဲ့ ကာကွယ် ရေးဦးစီးချုပ်(ရေ)ကိုတော့ နအဖအဖွဲ့ဝင်အဖြစ် သတ်မှတ်မပေးချင်တော့လို့ ဝန်ကြီးအဆင့် လုပ်ပိုင်ခွင့်တွေလောက်ကို ထပ်ဆောင်း ပေးပြီး နှစ်သိမ့်ဖို့ကြိုးပမ်းခဲ့တာလည်း ဖြစ်နိုင်သည်။ ဒါပေမဲ့ မတူညီတဲ့အချက်တစ်ခုက ကရခ တိုင်းမှူး ဗိုလ်ချုပ် အေးကြွေနဲ့အတူ ရတခ စစ်တိုင်းမှူးအဖြစ် တာဝန်ပေးခံခဲ့ရတဲ့ ဗိုလ်ချုပ်မြင့်ဆွေ ကိုတော့ ဝန်ကြီးအဆင့်တာဝန်မပေးဘဲ ၂၀၀၁ နိုဝင်ဘာ(၁၅)ရက်နေ့ မှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို ပြောင်းရွှေ့ပေးခဲ့ပြီး နအဖစစ်ကောင်စီအဖွဲ့ဝင်အဖြစ် လုပ်ပိုင်ခွင့်ပါ တိုးမြှင့်ပေးခဲ့တာ တွေ့ရသည်။ အပစ်အခတ်ရပ်စဲမှုတွေကြောင့် စစ်တိုက်ဖို့မလိုတော့တဲ့အချိန်ရောက်မှ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေအဖြစ် တပြုံတမကြီး တာဝန်ပေးခံကြရတဲ့ ဗိုလ်ချုပ်ရဲမြင့်၊ ဗိုလ်ချုပ်အောင်ထွေး၊ ဗိုလ်ချုပ်ခင်မောင်သန်းနဲ့ ဗိုလ်ချုပ်မောင်ဘို တို့ကတော့ သူတို့ကို ချောင် ထိုးဖို့ရည်ရွယ်ပြီး ဒီတာဝန်တွေကို တမင်ပေးအပ်ခဲ့တာလို့ယူဆကာ မကျေမနပ် ဖြစ်ခဲ့ကြသည်။ ဒါကြောင့် ကစထမှူး(၄)ဦးကို နှစ်သိမ့်ဖို့အတွက်လည်း နအဖက အမိန့်ကြေညာချက် ၄၂/၂၀၀၁ ကို ထုတ်ပြန်ပေးခဲ့ရပြီး သူတို့ရဲ့ မူလတာဝန်ဖြစ်တဲ့ စစ်ဆင်ရေး တာဝန်အပြင် ရန်ကုန်တိုင်းမှအပ တစ်ပြည်လုံးကို(၄)စိပ်ပိုင်းကာ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှု ရေးကဏ္ဍဆိုင်ရာလုပ်ငန်းတွေကို အစိုးရအဖွဲ့ကိုယ်စား လှည့်လည်ကြီးကြပ် ကွပ်ကဲဆောင်ရွက်နိုင်တဲ့ အခွင့်အာဏာတွေကိုပါ ထပ်ဆောင်းပေးအပ်ခဲ့ရသည်။
အာဏာထပ်ခြင်းနှင့် အမိန့်ကသောင်းကနင်း
၂၀၀၁ Black November မှာ ထုတ်ပြန်ခဲ့တဲ့ ဒီအမိန့်ကြေညာချက်တွေကို ကြည့်မယ်ဆိုရင် နအဖအဖွဲ့အတွင်းမှာ အဝေမတည့်မှုတွေရှိနေပြီး အမိန့်စီးဆင်းမှုပုံစံတွေ “ကသောင်းကနင်း” ဖြစ်နေတာကို အထင်အရှား တွေ့နိုင်သည်။ နအဖ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေရဲ့ လုပ်ပိုင်ခွင့်တွေ၊ စစ်တိုင်းမှူးတွေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ စစ်အစိုးရဝန်ကြီးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေ ဟာ နေရာအတော်များများမှာ တခုနဲ့တခုထပ်နေပြီး အမိန့်စီးဆင်းပုံတွေဟာ ရှင်းရှင်းလင်းလင်းမရှိဘဲ ရှုတ်ထွေးနေတာကို တွေ့နိုင်သည်။ စစ်တိုင်းမှူးသစ်တွေက သူတို့စစ်တိုင်းနယ်မြေအတွင်းမှာရှိတဲ့ ဝန်ကြီးဌာနအားလုံးရဲ့အလုပ်တွေကို တရားဝင် ဝင်ရောက်စွက် ဖက်ခွင့် အပြည့်အဝ ရရှိခဲ့ကြသလို၊ ဒေသဆိုင်ရာဝန်ကြီးချုပ်တွေရဲ့ လုပ်ပိုင်ခွင့်မျိုးတွေကိုရရှိခဲ့ကြတဲ့ စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေ ကလည်း စစ်တိုင်းမှူးတွေရဲ့ စစ်ဘက်ဆိုင်ရာလုပ်ငန်းတွေကိုသာမက အစိုးရဝန်ကြီးအဖွဲ့ရဲ့ လုပ်ငန်းတွေအပေါ်မှာပါ ဝင်ရောက်စွက် ဖက်ခွင့်တွေ ရရှိခဲ့ကြသည်။
နအဖစစ်အာဏာရှင်ကြီးတွေက စစ်အုပ်စုအတွင်း အဝေမတဲ့မှု၊ မညီမညွတ်ဖြစ်မှုတွေကို ဖြေရှင်းဖို့ကြိုးစားတဲ့အနေနဲ့ ရာ ထူးသစ်တွေနဲ့ တာဝန်သစ်တွေကို တည်ထွင်ဖန်တီးပေးအပ်တော့မှ အချင်းချင်း ခွက်စောင်းခုတ်မှုတွေ၊ အာဏာပါဝါပြမှုတွေ ပိုဖြစ် လာတာကို တွေ့ရသည်။ ကစထမှူးတွေ၊ စစ်တိုင်းမှူးတွေနဲ့ ဝန်ကြီးတွေအကြားမှာ သူ ဘာကောင်၊ ငါ ဘာကောင် ဆိုပြီး အာ ဏာပိုင်မှုတွေ၊ အုပ်စုဖွဲ့မှုတွေနဲ့ ဆရာမွေးတပည့်မွေးမှုတွေ ပိုမိုဖြစ်ပေါ်လာခဲ့တာကို တွေ့ရသည်။
ကစထမှူးများ၊ စစ်တိုင်းမှူးများနှင့် ဝန်ကြီးများကြား ခွက်စောင်းခုတ်မှုများ
ကစထမှူး ဆိုသူတွေကလည်း အလုပ်မရှိအလုပ်ရှာပြီး အခွန်လွတ်ဈေးတွေကို မကြာခဏ လျှောက်ကြည့်ရတာမျိုး၊ လမ်း ပြင်၊ မြောင်းရှင်းတဲ့အလုပ်တွေမှာပါ စည်ပင်ဝန်ထမ်းတွေကို လက်ညှိုးတထိုးထိုးနဲ့ ဝင်ရောက်ညွှန်ကြားနေတာမျိုးတွေကိုလည်း နအဖရဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ မကြာခဏ တွေ့မြင်ရသည်။ တခါတရံ စစ်တိုင်းမှူးတွေနဲ့ ဝန်ကြီးဌာနတွေက တာဝန်ယူ တည်ဆောက်နေတဲ့ ဆည်မြောင်း တာတမံ၊ လမ်းတံတားနဲ့ စက်ရုံအလုပ်ရုံ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေလို Mega-Project စီမံကိန်းကြီးတွေကို လှည့်လည်စစ်ဆေးတာမျိုးလည်း တွေ့ရသည်။
ကစထမှူးတွေအနေနဲ့ သူတို့ကို မြိုးမြိုးမြက်မြက် ပေးကျွေးထားတဲ့ စီမံကိန်းလုပ်ငန်းတွေကို ပြဿနာရှာလေ့မရှိပေမဲ့ သူတို့ ကို မသိကျိုးကျွံပြုပြီး ဂရုမစိုက်တဲ့ပုံစံချိုးတဲ့ စီမံကိန်းလုပ်ငန်းတွေကိုတော့ ပြဿနာရှာလေ့ရှိကြောင်း သိရှိရသည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကြီးများအထူးအစည်းအဝေးနဲ့ လေးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွေမှာ သူတို့ကို ဆက်ကြေးမပေးတဲ့ စီမံကိန်းတွေရဲ့ အားနည်းချို့ယွင်းချက်တွေကို တစ်စိတ်တစ်အိတ်လုပ်ပြီး တင်ပြလေ့ရှိပေမဲ့ သူတို့ကို ဆက်ကြေးပေးထားတဲ့ စီမံကိန်း မျိုးတွေကိုတော့ လျော့လျော့ပေါ့ပေါ့ တင်ပြလေ့ရှိကြောင်း သိရှိရသည်။ ကစထမှူးတွေကို နအဖ စစ်ကောင်စီနဲ့ ဝန်ကြီးအဖွဲ့ ကိုယ်စား ကြီးကြပ်လမ်းညွှန်ခွင့်တွေ ပေးအပ်ထားသည်ဆိုပေမဲ့ လက်တွေ့မှာတော့ “သူကြီးနဲ့ပေါင်းပြီး ဆယ်အိမ်ခေါင်းကို ဟိုဒင်း ထင်တယ်” ဆိုတဲ့အပေါက်မျိုး ချိုးနေတဲ့ စက်မှု(၁)ဝန်ကြီး ဦးအောင်သောင်း တို့ တို့လို၊ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဦးသောင်း တို့လို၊ လယ်ယာစိုက်ပျိုးရေးနဲ့ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦး တို့လို၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း တို့လို၊ ဝန်ကြီးမျိုးတွေ နဲ့ သူတို့ကိုယ်သူတို့ အနာဂါတ်နိုင်ငံတော်နဲ့ မြန်မာ့တပ်မတော်ရဲ့ အကြီးအကဲလောင်းတွေအဖြစ် စိတ်ကူးယဉ်ဘဝင်မြင့်နေကြကဲ့ စစ်တိုင်းမှူးတချို့ကိုတော့ ထိထိရောက်ရောက် မကိုင်တွယ်ရဲကြောင်း သိရှိရသည်။
တစ်ဦးနဲ့တစ်ဦး အာဏာပါဝါတွေပြနေကြတဲ့ ကစထမှူးတွေ၊ စစ်တိုင်းမှူးတွေနဲ့ ဝန်ကြီးတွေကြားမှာ ကြားညှပ်နေရသူ တွေကတော့ ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲတွေ ဖြစ်သည်။ နအဖခေတ်မှာ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက် ဘယ်ဗိုလ်ချုပ်ကို “အဖေ” ခေါ်ရမှန်းမသိတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရသည်။ ကစထမှူးတွေကလည်း စီမံကိန်းလုပ်ငန်းခွင် တွေကို စစ်ဆေး တဲ့အခါ အဓိကတာဝန်ရှိတဲ့ စစ်တိုင်းမှူးတွေနဲ့ ဝန်ကြီးတွေကို ပြောလို့မရတိုင်း “ကုလားမနိုင် ရခိုင်မဲ” ဆိုတာလို အောက်ခြေဝန် ထမ်းအကြီးအကဲတွေကို ဆူပူဆဲဆို ကြိမ်းမောင်းတာတွေ၊ နယ်ပြောင်းပစ်တာတွေ၊ အလုပ်ဖြုတ်ပစ်တာတွေ၊ ဖမ်းချုပ်ခိုင်းတာတွေ၊ ပြုလုပ်လေ့ရှိသည်။ အမှတ်(၁)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်ဆိုရင် မန္တလေး ရတနာပုံ မြစ်ကူးတံတားတည် ဆောက်ရေးစီမံကိန်းက အင်ဂျင်နီယာတစ်ဦးကို သူ့ညွှန်ကြားချက် မလိုက်နာလို့ဆိုပြီး ဖမ်းချုပ်ခိုင်းခဲ့ဘူးသည်။
စစ်တိုင်းမှူးတွေကလည်း သူတို့သာလျှင် သူတို့စစ်တိုင်းနယ်မြေအတွင်းမှာရှိတဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုပ်ငန်းတွေကို တာဝန်ခံကြရတာမို့ စားကောင်းသောက်ကောင်းရုံ၊ ရုပ်မြင်သံကြားပေါ်မှာ လူရေးပြရုံ၊ လှည့်လည် ကြည့်ရှုပြီး လိုအပ်ချက်တွေကို ဘာမှလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ပြန်သွားလေ့ရှိတဲ့ ကစထမှူးတွေရဲ့ ညွှန်ကြားချက်တွေ အပေါ် ဂရုမစိုက်ဖို့၊ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲတွေက သူတို့ကို စစ်တိုင်းမှူးတာဝန်အပြင် ဝန်ကြီးတဦးရဲ့ တာဝန်တွေကိုပါပေးအပ်ထားတဲ့အတွက် သူတို့ခိုင်းတဲ့အတိုင်းသာ အတိအကျ လိုက်နာလုပ်ဆောင်ကြဖို့၊ ဆိုပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြော ဆိုတာတွေ လုပ်လေ့ရှိသည်။
၂၀၀၅ ခုနှစ် နှစ်ကုန်ပိုင်းက ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ် ချုပ်အုန်းမြင့်နဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းအကြီးအကဲတွေရဲ့ (၄)လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ခုမှာ စစ်တိုင်း မှူး ဗိုလ်ချုပ်အုန်းမြင့်က သူ့အရင် မပခတိုင်းမှူးတာဝန်ကိုယူခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်ဆွေလက်ထက် နိုင်ငံတော်က ချပေးခဲ့တဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတွေကို ထိရောက်စွာ အသုံးမချခဲ့တဲ့အတွက် လေလွှင့်ပျက်စီးမှုတွေနဲ့ လုပ်ငန်းမအောင်မြင်မှုတွေ အများ အပြားရှိခဲ့ကြောင်း၊ သူ့လက်ထက်မှာ ဒီလိုအဖြစ်မျိုးကို လုံးဝ လက်ခံမှာမဟုတ်ကြောင်း၊ သူ့ကို နိုင်ငံတော်အကြီးအကဲက စစ်တိုင်း မှူးတာဝန်အပြင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးရဲ့ လုပ်ပိုင်ခွင့်အာဏာကိုပါ ပေးအပ်ထားတဲ့အတွက် ဒီ အာဏာကို အပြည့်အဝ အသုံးချပြီး တိတိကျကျ အရေးယူလုပ်ကိုင်သွားမယ်လို့ ကြိမ်းမောင်းပြောဆိုခဲ့တာ တွေ့ရသည်။
သက်ဆိုင်ရာဝန်ကြီးတွေကလည်း ဝန်ထမ်းတွေကို သူတို့ဌာနတွေက တာဝန်ပေးခန့်အပ်ပြီး လစာထုတ်ပေးနေတာဖြစ်လို့ ဝန်ကြီးဌာနအလိုက် ချမှတ်ပေးထားတဲ့ စီမံကိန်းလျာထားချက်တွေနဲ့ ညွှန်ကြားချက်တွေအတိုင်း တသွေမတိမ်း လိုက်နာလုပ်ဆောင် ကြဖို့၊ မလိုက်နာတဲ့ဝန်ထမ်းကို ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ ထိထိရောက်ရောက် အရေးယူအပြစ်ပေးမယ် ဆိုပြီး ခြိမ်းခြောက် အကျပ်ကိုင်တာတွေ လုပ်လေ့ရှိသည်။ ဝန်ကြီးအများစုဟာ စစ်တပ်ကလာတဲ့ စီနီယာ ဗျူဟာမှူးဟောင်းကြီးတွေနဲ့ စီနီယာ စစ် တိုင်းမှူးဟောင်းကြီးတွေ ဖြစ်ကြတဲ့အတွက် တချိန်က သူတို့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ကြဘူးပြီး မနေ့တစ်နေ့ကမှ တိုင်းမှူးဖြစ်လာကြတဲ့ စစ်ဗိုလ်ပေါက်စတွေကို ဂရုစိုက်နေစရာမလိုဘူးဆိုပြီး ဝန်ထမ်းအကြီးအကဲတွေကို နှုတ်မိန့်နဲ့ ပြောဆိုညွှန် ကြားခဲ့တာမျိုးတွေလည်း ရှိခဲ့သည်။
ဝန်ကြီးရဲ့စကားကိုယုံပြီး နီးရာဒါးကို ကြောက်ရမှန်းမသိဘဲ ကိုယ့်ဌာနရဲ့ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာလုပ် ဆောင်မိလို့ အလုပ်ပြုတ် ဘဝပျက်သွားရတဲ့ ဝန်ထမ်းအကြီးအကဲတွေလည်း နအဖခေတ်တစ်လျှောက်မှာ အများအပြား တွေ့ရသည်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ပဲခူးတိုင်း ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနက တိုင်းဦးစီးမှူး ဦးမြင့်သိန်း ဆိုသူဟာ တောင်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်အေးရဲ့ ညွှန်ကြားချက်ကို မလိုက်နာဘဲ၊ သက်ဆိုင်ရာဝန်ကြီးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ညွန့်တင်ရဲ့ ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာလုပ်ဆောင်မိတဲ့အတွက် ရာထူး ကနေ ထုတ်ပစ်တာကို ခံခဲ့ရဘူးသည်။
၂၀၀၀ ခုနှစ် ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ပဲခူးတိုင်းအတွင်းရှိ တိုင်းအဆင့် ဝန်ထမ်းအကြီးအကဲတွေရဲ့ လေးလပတ် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်တိုင်းမှူးက တိုင်းအတွင်းရှိ လယ်ယာမြေတွေနဲ့ မြေလွတ်မြေရိုင်းတွေရဲ့ ဧကစာရင်းကိုတင်ပြဖို့ ဦးမြင့်သိန်း ကို အမိန့်ပေးခဲ့သည်။ ဦးမြင့်သိန်း တင်ပြတဲ့ စာရင်းတွေဟာ အရင်က တင်ပြခဲ့တဲ့စာရင်းတွေနဲ့ ကွဲလွဲနေတဲ့အတွက် ဖြေရှင်းချက်ပေးဖို့ တိုင်းမှူးက ထပ်မံအမိန့်ပေးတဲ့အခါ ဦးမြင့်သိန်းက သူ့ဝန်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ညွန့်တင်ရဲ့ နှုတ်မိန့်ညွှန်ကြားချက်ကို ရှင်းပြခဲ့သည်။
စစ်တိုင်းမှူးတွေက လယ်ယာမြေတွေကို ငါးနဲ့ပုဇွန် မွေးမြူရေးကန်တွေအဖြစ် ပြောင်းလဲအသုံးပြုခိုင်းနေတဲ့အတွက် တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ လယ်ယာမြေတွေ အကြီးအကျယ် လျော့နည်းပျက်စီးလာနေတာ တွေ့ရကြောင်း၊ ဒါကြောင့် သူ့အမိန့်မရဘဲ လယ်ယာမြေတွေမှာ ငါးနဲ့ပုဇွန် မွေးမြူရေးကန်တွေတူးဖေါ်တာကို လုံးဝ ခွင့်မပြုကြဖို့နဲ့ တကယ်လို့ စစ်တိုင်းမှူးတွေက ငါးနဲ့ ပုဇွန် ကန်တွေ တူးဖေါ်ဖို့အတွက် လယ်မြေဧကစာရင်းတွေ မေးမြန်းလာခဲ့ရင်လည်း စာရင်းမှန်အတိုင်းမပြောဘဲ လျော့ပြောကြဖို့ ဝန်ကြီး ကိုယ်တိုင် ညွှန်ကြားထားသည်ဆိုပြီး ဖြေရှင်းချက်ပေးခဲ့သည်။ ဒါပေမဲ့ ဗိုလ်ချုပ်တင်အေးက “မင့် ဝန်ကြီးနဲ့ ငါနဲ့ ဘယ်သူက တာဝန်ပိုကြီးသလဲ” လို့မေးပြီး ဦးမြင့်သိန်းကို အစည်းအဝေးခန်းမအတွင်းက ချက်ချင်းမောင်းထုတ်ခဲ့တဲ့အပြင် နောက်ပိုင်းမှာ အလုပ်ပါ ဖြုတ်ပစ်ခဲ့သည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကို လက်ထက်မှာလည်း ဇေယျဝတီသကြားစက်က စက်ရုံဖွင့်ပွဲတစ်ခုမှာ စက်ရုံမှူးက သူ့ကိုမဖိတ်ဘဲ သက်ဆိုင်ရာဝန်ကြီးကိုသာ ဖိတ်မိခဲ့တဲ့အတွက် စက်ရုံမှူးကိုခေါ်ပြီး “မင်းတို့ဝန်ကြီးက ဝန်ထမ်းအကြီး အကဲသာဖြစ်ပြီး ငါက စစ်တိုင်းမှူးလည်းဖြစ် ဒေသဆိုင်ရာအာဏာပိုင်တစ်ဦးလည်းဖြစ်၊ ဝန်ကြီးတစ်ဦးရဲ့ လုပ်ပိုင်ခွင့်လည်းရှိတဲ့ အတွက် ငါ့အမိန့်ကို အဓိကနာခံရမယ်” ဆိုပြီး ဆဲဆိုကြိမ်းမောင်းခဲ့ကြောင်း သိရှိရသည်။ ။
လစ်လပ်နေရာများ ဖြည့်ခြင်း
၁၉၉၇ စစ်အုပ်စုတွင်း အာဏာလုပွဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဘက်က ရပ်တည်ပေးခဲ့ကြတဲ့ စစ်တိုင်းမှူးတွေကို စစ်အာ ဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၁ ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနအောက်ကို ခေါ်ယူ တာဝန်ပေးခဲ့သည်။ ယခု အပိုင်းတွင်တော့ လစ်လပ်သွားတဲ့ အဲဒီ စစ်တိုင်းမှူးတွေနေ ရာကို တပ်မမှူး၊ စကခမှူး၊ ဒကစမှူးတွေနဲ့ အစားထိုးခန့်အပ်ခဲ့ပုံတွေကို ဆက်လက်တင်ပြသွားမည်။
စကခနှင့် ဒကစ ဖွဲ့စည်းပုံ
မဆလ၊ နဝတ ခေတ်တစ်လျှောက်မှာ စစ်တိုင်းမှူးတွေအဖြစ် စီနီယာ တပ်မမှူးတွေကို တာဝန်ပေးခန့်အပ်လေ့ရှိပေမဲ့ ၁၉၉၇ ခုနှစ် ဖြုတ်၊ ထုတ်၊ ရှင်းပွဲအပြီးမှာ စစ်တိုင်းမှူးတွေအဖြစ် တပ်မမှူး (Division Commanders) တွေကိုသာမက စကခလို့ လူသိများတဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (MOC-Military Operation Commanders) တွေနဲ့ ဒကစမှူး (ROC- Regional Operation Commanders) တွေကိုပါ တာဝန်ပေးခန့်အပ်လာတာ တွေ့ရှိရသည်။ စစ်အစိုးရဟာ ၁၉၉၁ ခု နှစ်နောက်ပိုင်းကစပြီး တစ်ပြည်လုံးမှာ စကခတွေကို ဖွဲ့စည်းတည်ဆောက်ခဲ့တာ အခုအချိန်မှာဆိုရင် စကခ အမှတ်(၁)ကနေ (၂၁) အထိ စကခပေါင်း (၂၀)ကို ဖွဲ့စည်းထူထောင်ခဲ့ပြီး ဖြစ်သည်။ (စကခ-၁၁ ကိုမူ တပ်မ−၁၁ နှင့် ရောထွေးနိုင်သဖြင့် မဖွဲ့စည်းပဲ ချန်လှပ်ထားခဲ့ကြောင်း သိရှိရသည်)
စကခ တစ်ခုရဲ့အောက်မှာ တပ်ရင်း(၁၀)ခုစီရှိပြီး ဖွဲ့စည်းပုံအရ စကခ တစ်ခုကို အင်အား(၉,၀၀၀)စီနဲ့စုဖွဲ့ဖို့ ရည်မှန်းထား ကြောင်း သိရှိရသည်။ စကခတွေနဲ့ တပ်မတွေဟာ ဖွဲ့စည်းပုံနဲ့ အင်အားမှာသာမက ရာထူးအဆင့်တွေမှာလည်း တူညီကြတာကို တွေ့ရသည်။ တပ်မမှူးတွေနဲ့ စကခမှူးတွေဟာ ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေ ဖြစ်ကြရသည်။ ကွပ်ကဲမှုပုံစံမှာလည်း စကခ တွေကို တပ်မတွေလို ကက/ကြည်းကနေ တိုက်ရိုက်ကိုင်တွယ်က္ခပ်ကဲတာ တွေ့ရသည်။
နဝတ၊ နအဖ စစ်အုပ်စုလက်ထက်မှာ တပ်မတွေကို တပ်မ(၁၁)မှ တပ်မ(၁၀၁)အထိ (၁၀)ခုသာထားပြီး စကခ အမည်နဲ့ ပြောင်းလဲဖွဲ့စည်းခဲ့တာဟာ သူတို့ရဲ့တပ်အင်အား အလွန်အကျွံတိုးချဲ့နေမှုကို ပြည်တွင်းပြည်ပက အလွယ်တကူ မသိရှိနိုင်အောင် လျို့ဝှက်ဖုံးကွယ်ထားဖို့ ရည်ရွယ်ခဲ့တာဖြစ်နိုင်သည်။ စကခတွေကိုသာမက နယ်မြေကျယ်ဝန်းတဲ့ စစ်တိုင်းဌာနချုပ် တချို့ရဲ့ အောက်မှာလည်း ဒကစ ခေါ် ဒေသဆိုင်ရာကွပ်ကဲမှုစစ်ဌာနချုပ် (ROC-Regional Operation Command) (၇)ခုကို ခွဲခြားဖွဲ့စည်းထားသည်။ ဒကစတွေကိုတော့ စစ်တိုင်းဌာနချုပ်တွေရဲ့ ကွပ်ကဲမှုအောက်မှာ ထားရှိတာတွေ့ရသည်။
တိုင်းမှူးလောင်းများ၏ အမည်စာရင်းများ
၂၀၀၁ နိုဝင်ဘာလ (၁၉)ရက်နေ့မှာ လစ်လပ်သွားတဲ့ စစ်တိုင်းမှူးနေရာတွေမှာ တပ်မမှူး၊ စကခမှူး၊ ဒကစမှူးတွေနဲ့ အစား ထိုးခန့်အပ်ခဲ့သည်။ စစ်တိုင်း(၁၂)ခုရှိတဲ့အနက် ရန်ကုန်တိုင်းစစ်ဌာနချုပ်နဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်အတွက် ဗိုလ်ချုပ်မြင့်ဆွေ နဲ့ ဗိုလ်ချုပ်အေးကြွေတို့ကို ၂၀၀၁ ခုနှစ် မေလအတွင်းမှာကတည်းက ခန့်အပ်ထားပြီးဖြစ်တဲ့အတွက် ကျန်တဲ့ စစ်တိုင်း(၁၀)ခု အတွက်ကိုသာ ထပ်မံရွေးချယ်ခန့်အပ်ခဲ့ရတာ ဖြစ်သည်။
အဲဒီအချိန်က စစ်တိုင်းမှူးဖြစ်ဖို့ အလားအလာရှိတဲ့ တပ်မမှူး(၁၀)ဦးကတော့ ဗိုလ်မှူးကြီးကိုကို (ကြည်း/၁၄၂၃၅) (DSA- 19) တပ်မ(၁၁) တပ်မမှူး၊ ဗိုလ်မှူးချုပ် သူရမြင့်အောင် (ကြည်း/၁၃၉၇၀) (DSA-18) တပ်မ(၂၂) တပ်မမှူး၊ ဗိုလ်မှူးချုပ် ခင်ဇော် (ကြည်း/၁၃၂၄၂) (OTS-49) တပ်မ(၃၃) တပ်မမှူး၊ ဗိုလ်မှူးကြီး စိုးနွှယ် (ကြည်း/၁၄၂၆၈) (DSA-19) တပ်မ(၄၄) တပ်မမှူး၊ ဗိုလ်မှူးချုပ်စိန်လှိုင် (ကြည်း/၁၂၂၉၇) (DSA-14) တပ်မ(၅၅) တပ်မမှူး၊ ဗိုလ်မှူးကြီး မင်းအောင်လှိုင် (ကြည်း/၁၄၂၃၂) (DSA- 19) တပ်မ(၆၆) တပ်မမှူး၊ ဗိုလ်မှူးချုပ်မောင်မောင်ဆွေ (ကြည်း/၁၂၈၂၉) (OTS-47) တပ်မ (၇၇) တပ်မမှူး၊ ဗိုလ်မှူးကြီးမြင့်လှိုင် (ကြည်း/၁၃၈၇၅) (DSA-19) တပ်မ(၈၈) တပ်မမှူး၊ ဗိုလ်မှူးချုပ်ဌေးဦး (ကြည်း/၁၂၁၃၃) (DSA-19) တပ်မ(၉၉) တပ်မမှူးနဲ့ ဗိုလ်မှူးချုပ်ရဲမြင့် (ကြည်း/၁၂၁၆၀၇) (DSA-19) တပ်မ(၁၀၁) တပ်မမှူး၊ တို့ဖြစ်ကြသည်။
တပ်မမှူးတွေလိုပဲ စစ်တိုင်းမှူးဖြစ်ဖို့ အလားအလာရှိကြတဲ့ စကခမှူး (၁၅)ဦးကတော့ ဗိုလ်မှူးချုပ်စိုးဌေး (ကြည်း/၁၂ ၀၂၀) (DSA-13) စကခ(၁)မှူး၊ ဗိုလ်မှူးချုပ်သိန်းလွင် (ကြည်း/၁၂၁၂၇) (OTS-43) စကခ(၂)မှူး၊ ဗိုလ်မှူးချုပ် ခင်မောင် မြင့် (ကြည်း/၁၂၈၇၅) (Tayza-1) စကခ(၃)မှူး၊ ဗိုလ်မှူးချုပ်စောလှမင်း (ကြည်း/၁၂၆၃၀) (DSA-15) စကခ(၄)မှူး၊ ဗိုလ်မှူးချုပ် ကြည်သိန်း (ကြည်း/၁၂၀၈၀) (DSA-13) စကခ(၅)မှူး၊ ဗိုလ်မှူးချုပ်သိန်းဆွေ (ကြည်း/၁၂၀၂၇) (DSA-13) စကခ (၆)မှူး၊ဗိုလ်မှူးချုပ်သူရစိန်သောင်း (ကြည်း/၁၃၂၇၃) (OTS-49) စကခ(၇)မှူး၊ ဗိုလ်မှူးချုပ်မောင်ဦး (ကြည်း/၁၂၀၃၉) (DSA-13) စကခ(၈)မှူး၊ ဗိုလ်မှူးချုပ်လှမြင့် (ကြည်း/၁၂၀၃၄) (DSA-13) စကခ(၉)မှူး၊ ဗိုလ်မှူးချုပ်ဟန်တင့် (ကြည်း/ ၁၂၆၇၁) (DSA- 15) စကခ(၁၀)မှူး၊ ဗိုလ်မှူးချုပ် ခင်မောင်စိုး (ကြည်း/၁၂၆၁၀) (DSA-15) စကခ(၁၂)မှူး၊ ဗိုလ်မှူးချုပ် လှမြင့် (ကြည်း/၁၃၀၆၈) (DSA-16) စကခ(၁၃)မှူး၊ ဗိုလ်မှူးချုပ်ထွန်းထွန်း (ကြည်း/၁၃၁၃၃) (DSA-16) စကခ(၁၄)မှူး၊ ဗိုလ်မှူးချုပ်စိုးနိုင် (ကြည်း/ ၁၃၈၅၃) (DSA-17) စကခ(၁၅)မှူး၊ ဗိုလ်မှူးချုပ်ခင်မောင်အေး (ကြည်း/၁၂၉၃၃) (Tayza-1) စကခ(၁၆)မှူး၊ တို့ ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာနမှာ တပ်မတော်စစ်ရာထူးခန့်ချုပ် (ကက/ထူး) နဲ့ Board အဖွဲ့ဆိုတာရှိပေမဲ့ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးနဲ့ ဒကစမှူး အဆင့်တွေကို ခန့်အပ်ရာမှာတော့ စစ်အာဏာရှင်တွေရဲ့ထုံးစံအတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင် အတည်ပြုမှသာ ခန့်အပ်ခွင့်၊ ပြောင်းရွှေ့ခွင့်နဲ့ နှုတ်ထွက်ခွင့်ရှိကြောင်း သိရှိရသည်။ ၁၉၉၃ ခုနှစ် မတ်လအတွင်း ဗိုလ်ချုပ်မောင် အေး ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာတဲ့အချိန်မှာ တိုင်းမှူး၊ တပ်မမှူးနဲ့ စကခမှူးနဲ့ ဒကစမှူး ရာထူးတွေအတွက် ဗိုလ်ချုပ် မောင်အေးက အမည်စာရင်းပြုစုပြီး တင်ပြပေးရသည်။
DSA၊ OTS၊ တေဇ — အရာရှိလေးမျိုး
မြန်မာ့တပ်မတော်မှာ DSA စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိ၊ OTS ဗိုလ်သင်တန်းကျောင်းဆင်းအရာရှိ၊ အလုပ်သင် ဗိုလ် သင်တန်း (တေဇတပ်ခွဲ) ကျောင်းဆင်းအရာရှိ၊ အခြားအဆင့် (Other Ranks)ကနေ အဆင့်ဆင့်ရာထူးတက်ပြီး ဖြစ်လာတဲ့ အရာရှိဆိုပြီး ပြန်တမ်းဝင်အရာရှိ (၄)မျိုး(၄)စား ရှိသည်။ အခြားအဆင့်ကနေ အရာရှိဖြစ်လာသူအများစုက အမြင့်ဆုံး ဗိုလ်ကြီး၊ ဗိုလ်မှူးဘဝလောက်နဲ့ ဂိတ်ဆုံးလေ့ရှိတာကြောင့် တပ်မမှူး၊ စကခမှူး၊ တိုင်းမှူး၊ ရာထူးတွေအထိ တက်လှမ်းနိုင်ခြင်း မရှိပါဘူး။ မြန်မာ့တပ်မတော်ရဲ့ ထိပ်ဆုံးနေရာတွေကို OTS နဲ့ DSA ကျောင်းဆင်းအရာရှိတွေကသာ လက်ဝါးကြီးအုပ်ရယူထားကြတာ တွေ့ရသည်။
၁၉၈၈ ခုနှစ်မတိုင်ခင်အထိ မြန်မာ့တပ်မတော်ရဲ့ ထိပ်ဆုံးရာထူးတွေမှာ OTS ကျောင်းဆင်းအရာရှိတွေက လွှမ်းမိုးထားခဲ့ ကြပေမဲ့ DSA အပတ်စဉ်(၁)ကျောင်းဆင်း ဗိုလ်ချုပ်မောင်အေး ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်လာခဲ့တဲ့အချိန်ကစပြီး ထိပ်ဆုံးရာ ထူးတွေမှာ DSA ကျောင်းဆင်းအရာရှိတွေ တဖြေးဖြေး နေရာယူလာတာ တွေ့ရသည်။ “DSA ကျောင်းဆင်း အရာရှိတွေဟာ အနာဂါတ်မြန်မာ့တပ်မတော်ရဲ့ အကြီးအကဲတွေဖြစ်ရမယ်” ဆိုတဲ့ ၁၉၅၉ ခုနှစ် ဇွန်လ(၁)ရက်နေ့ DSA အပတ်စဉ်(၁)သင်တန်း ဆင်းပွဲမှာ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ပြောဆိုသွားခဲ့ဘူးတာကို စိတ်ထဲမှာ သံမှိုနဲ့ခွဲထားသလို အသေမှတ် ထားခဲ့တဲ့ ဗိုလ်ချုပ်မောင်အေးက သူကိုယ်တိုင် ဒုတပ်ချုပ်ကြီးဖြစ်လာချိန်မှာ ဒီစကားကို အကောင်အထည်ဖေါ်ဖို့ စတင်ကြိုးစားခဲ့ ကြောင်း သိရှိရသည်။
၁၉၉၆-၉၇ ခုနှစ်လောက်ကစပြီး ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီးမောင်အေးက စစ်တိုင်းမှူးလောင်းတွေရဲ့ အမည်စာရင်းတွေကို ပြုစု တင်ပြခဲ့ရာမှာ ဗိုလ်မှူးချုပ်အေးကြွေ (OTS အပတ်စဉ် ၄၇) တစ်ဦးတည်းကလွှဲပြီး ကျန်တဲ့သူအားလုံးဟာ DSA ကျောင်းဆင်း တပ်မမှူး၊ စကခမှူးတွေချည်း ဖြစ်နေခဲ့သည်။ ထုံးစံအတိုင်းဆိုရင် ဒုတပ်ချုပ်ကိုယ်တိုင် ပြုစုတင်ပြတဲ့အမည်စာရင်းကို တပ်ချုပ်ကြီးကိုယ်တိုင် အတည်ပြုပေးဖို့ (၉၀)ရာခိုင်နှုန်းလောက်အထိ သေချာကြောင်း သိရှိရသည်။ ဒါပေမဲ့ အဲဒီအချိန်က ဒုတပ်ချုပ်တင်ပြခဲ့တဲ့ တိုင်းမှူးလောင်းအမည်စာရင်းကို တပ်ချုပ်ကြီးနဲ့ တပ်ချုပ်ကြီးရဲ့ စစ်ဘက်လက် ထောက်ဖြစ်သူ ဗိုလ်မှူးချုပ်နေ ဝင်းတို့က သဘောမကျတာကြောင့် ပြင်ဆင်ပြောင်းလဲမှုတွေ အများအပြားပြုလုပ်ခဲ့ကြသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက (OTS) ကျောင်းဆင်း၊ ဗိုလ်မှူးချုပ်နေဝင်းက အလုပ်သင်ဗိုလ်သင်တန်း (တေဇ) ကျောင်းဆင်းတွေ ဖြစ်နေတာကြောင့်လည်း ဗိုလ်ချုပ်ကြီး မောင်အေးနဲ့ သူ့ရဲ့ (DSA) အုပ်စုတွေ ဩဇာလွှမ်းမိုးလာမှာကို စိုးရိမ်လွန်ပြီး ပြင်ဆင်ခဲ့ကြတာ ဖြစ်နိုင်သည်။
ဒုတပ်ချုပ်တင်ပြတဲ့ တိုင်းမှူးလောင်းအမည်စာရင်းထဲက (DSA)ကျောင်းဆင်း တပ်မမှူးနဲ့ စကခမှူး အများအပြားကို တပ်ချုပ်ကြီးအမိန့်နဲ့ ဝန်ကြီးဌာနတွေကို ပြောင်းရွှေ့ပစ်ခဲ့ကြောင်း သိရှိရသည်။ ပြောင်းရွှေ့ခံခဲ့ရသူတွေထဲမှာ ဗိုလ်မှူးချုပ် သိန်း အောင်၊ ဗိုလ်မှူးချုပ်စိုးမြင့်နဲ့ ဗိုလ်မှူးချုပ်မောင်မောင်သိန်းတို့လည်း ပါဝင်သည်။ ဒုတပ်ချုပ်တင်ပြတဲ့ အမည်စာရင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဗိုလ်မှူးချုပ်နေဝင်းတို့က (၂)ကြိမ်တိတိ ပယ်ချခဲ့ဘူးကြောင်း စုံစမ်းသိရှိရသည်။ အဲဒီ နောက်ပိုင်းမှာ ဗိုလ် ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုင်းမှူးတွေရဲ့ အမည်စာရင်းကို … တင်သွင်းပြီး သူကိုယ်တိုင်အတည်ပြုတဲ့စနစ်ကို အသုံးပြုလာခဲ့သည်။
၂၀၀၁ နိုဝင်ဘာ (၁၉) — တိုင်းမှူးသစ် (၁၀) ဦး ခန့်အပ်ခြင်း
ဒါကြောင့် ၂၀၀၁ခုနှစ် နိုဝင်ဘာ(၁၉)ရက်နေ့မှာ M.S Order ထုတ်ပြီး ခန့်အပ်ခံခဲ့ရတဲ့ စစ်တိုင်းမှူး(၁၀)ဦးဟာ တပ်ချုပ် ကြီးကိုယ်တိုင် အမည်စာရင်းတင်သွင်းပြီး သူကိုယ်တိုင် အတည်ပြုခန့်အပ်ခဲ့သူတွေ ဖြစ်နိုင်သည်။ တိုင်းမှူးအသစ်တွေအဖြစ် ခန့်အပ်ခံခဲ့ရသူတွေကတော့ မပခ တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်မောင်မောင်ဆွေ၊ ရမခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် မြင့်လှိုင်၊ ရပခတိုင်း မှူးအဖြစ် ဗိုလ်မှူးချုပ်ခင်မောင်မြင့်၊ တဂခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်ချစ်သန်း၊ ရတခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် သူရမြင့်အောင်၊ နတခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်ဌေးဦး၊ နပခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်မောင်ဦး၊ တပခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်အောင်မင်း၊ လပခ တိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ်ရဲမြင့် နဲ့ နမခတိုင်းမှူးအဖြစ် – ဗိုလ်မှူးချုပ်စိုးနိုင်တို့ ဖြစ်ကြသည်။ (ရကခတိုင်းမှူး ဗိုလ်မှူးချုပ်မြင့်ဆွေနှင့် ကရခတိုင်းမှူး ဗိုလ်ချုပ်အေးကြွေ တို့မှာ ၂၀၀၁ ခုနှစ် မေလမှာကတည်းက တိုင်းမှူးများအဖြစ် ခန့်အပ်ခံခဲ့ရပြီးဖြစ်သည်)
နောက်အပိုင်း (အပိုင်း ၁၀) တွင် တိုင်းမှူးသစ်များ၏ အရည်အချင်းနှင့် နောက်ခံကို သုံးသပ်ပုံများ၊ “တော် (၃) တော်” နှင့် ဦးသောင်း၏ ဘဝဇာတ်ကြောင်းကို ဆက်လက် တင်ပြပါမည်။

မှတ်ချက်များ
Post a Comment