နောက်ဆုံးရ
မင်းဘူးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ မိသားစုဝင် လေးဦးဖမ်းဆီးခံရ

မင်းဘူးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်နဲ့ မိသားစုဝင် လေးဦးဖမ်းဆီးခံရ

မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ ဇနီးဖြစ်သူနဲ့ သားသမီး သုံးဦးကို ဇန်နဝါရီလ ၈ ရက် ဒီမနက် ၄ နာရီဝင်းကျင်မှာ သူတို့ တိမ်းရှောင်နေတဲ့ နေအိမ်ထိ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ဦးဝင်းဝင်းဟာ မိသားစုနဲ့အတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရှားတောကျေးရွာက ဆွေမျိုးတွေရဲ့နေအိမ်မှာ သွားရောက်တိမ်းရှောင်နေတာပါ။ ဒီကနေ့မနက်မှာတော့ ရှားတောကျေးရွာက နေအိမ်ကို စစ်ကောင်စီတပ်တွေ ရောက်လာပြီး ဖမ်းဆီးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက ပြောပါတယ်။ “သူတို့ကို လင်းအားကြီးအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ။ အဲဒီနောက် ဘယ်ကိုခေါ်သွားလဲ ဆိုတာတော့ ကျနော်တို့ မသိဘူး။ စစ်တပ်က ဦးဝင်းဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်ထားတယ်လို့တော့ သိရတယ်” စစ်ကောင်စီတပ်တွေက ဦးဝင်းဝင်းအပြင် ဇနီးဖြစ်သူ ဒေါ်တိုးတိုးဝေ၊ အသက် ၁၇ နှစ်အရွယ် မောင်သန့်ဇင်ဝင်းဝေဟိန်း၊ အသက် ၁၃ နှစ်အရွယ် မနှောင်းရတီဝင်းဝေထွေးနဲ့ အသက်သုံးနှစ်အရွယ် မောင်လပြည့်ဝင်းတို့ကိုပါ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဦးဝင်းဝင်းက ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ မကွေးတိုင်း မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်ရွေး ကောက်တင်မြောက်ခံခဲ့ရသလို စစ်တပ်က ဖျက်သိမ်းလိုက်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာလည်း အဲဒီမဲဆန္ဒနယ်မှာ ထပ်မံအနိုင်ရရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်နေတာပါ။ NLD ပါတီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRD T) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းတွေအရ NLD က လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး အပါအဝင် ပါတီဝင်စုစုပေါင်း ၁,၁၆၉ ဦး ဖမ်းဆီးခံထားရပါတယ်။ ဖမ်းဆီးထားတဲ့ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် ၆၇ ဦးသေဆုံးခဲ့ပါတယ်။ 

 မင်းဘူးမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းအား တွေ့ရစဉ်။ (Photo: Citizen Journalist)






ဆက်ဖတ်ရန် →
သန်းကောင်စာရင်းလာကောက်ရင်ကြိုတင်ပြင်ဆင်စရာများ

သန်းကောင်စာရင်းလာကောက်ရင်ကြိုတင်ပြင်ဆင်စရာများ

အိမ်ရှိလူအတွက်ပြဿနာမဟုတ်ပေမယ့်
အိမ်မှာလတ်တလောမရှိတဲ့သူအတွက်
ပြဿနာ အနည်းနဲ့အများရှိနိုင်ပါတယ်၊

မှတ်ပုံတင်တွေ နဲ့ သန်းကောင်စာရင်းမူရင်း
တွဲပြရမယ် ပြောတယ်၊

အမှန်အကန်ဖြစ်စေ လှည့်ဖျား၍ဖြစ်စေ
အိမ်မှာမရှိသူတွေရဲ့မှတ်ပုံတင်မပြမိဖို့လိုပါ
တယ်သူတို့ယူသွားလို့ပြစရာမရှိဖြေရန်၊

ဖားကန့် မန္တလေး ရန်ကုန် ယုံလောက်မယ့်
နေရာတခုခု မှာအလုပ်သွားလုပ်တယ် လို့
ပြောရာမှာအထောက်အထားတောင်းတာ
မျိူးရှိနိုင်ပေမယ့်ဖြစ်နိုင်ခြေနည်းပါတယ်၊

ဒီနေရာမှာ စကစဖက်က တချက်ခုတ်နှစ်
ချက်ပြတ် လုပ်တာပဲဖြစ်တယ်။
ရွေးကောက်ပွဲအကြောင်းပြုပြီး PDF ရှာ
ပုံတော်ဖွင့်တာဖြစ်လို့ အိမ်မှာမရှိကြောင်း
ပြောရာမှာ အကြောင်းပြချက်က ယုံကြည်
ဖို့လိုပါတယ်၊ NUG ထုတ်ပြန်တဲ့စာမှာအပေါ်
ကအချက်တွေမပါလို့ထပ်ဖြည့်ပေးတာပါ၊

ထိပ်တိုက်ရင်ဆိုင်ရမယ့် မိဘတွေ အကိုအမ
တွေက ဖြေကြားရာမှာ တည်ငြိမ်ဖို့ စကားကို
ရှေ့နောက်ညီဖို့လိုပါတယ်၊ 

နိုင်ငံခြားသွားသူတွေအတွက် ဘယ်နေ့ ဘယ်
နိုင်ငံ ဘာအတွက်နဲ့ ပတ်စ်ပို့နံပါတ်ပါတောင်း
လာနိုင်လို့ ယုံကြည်အောင်ပြောနိုင်ဖို့လိုပါတယ်၊

အပြန်အလှန်ပြောတာတွေ Voice Record ခိုးယူ
ထားနိုင်ရင်ယူထားစေလိုပါတယ်၊

ဘာလို့လဲဆိုတော့ပြည်သူလိုလားတဲ့ရွေးကောက်
ပွဲမဟုတ်လို့ ခြိမ်းခြောက်မှုတွေရှိလာနိုင်ပါတယ်

PDFလူငယ်ရှိနိုင်တဲ့အိမ်တွေကို သန်းကောင်စာ
ရင်းအကြောင်းပြ စစ်ဆေး၊ ပေါ်သွားရင် အိမ်
ချိတ်ပိတ်တာလုပ်နိုင်လို့ ဘယ်လို လှည့်ပတ်
ဖြေကြားမယ်ဆိုတာတအိမ်သားလုံး တသံထဲ
ထွက်နိုင်အောင်ကြိုတင်ဇာတ်တိုက်ထားကြပါ၊

အဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်။



ဆက်ဖတ်ရန် →
ခမရ ၄၀၅ တပ်ရင်းမှူး ရှေ့တန်းမှာ ဖမ်းဆီးခံရပြီးနောက် သရက်ချောင်း နောက်တန်းတပ်ရင်း ၃ ခုမှာ အောင်ခြင်းရှစ်ပါးနဲ့ ပရိတ်တရားခွေကို နေ့ရောညပါ လော်စပီကာနဲ့ ဖွင့်နေ

ခမရ ၄၀၅ တပ်ရင်းမှူး ရှေ့တန်းမှာ ဖမ်းဆီးခံရပြီးနောက် သရက်ချောင်း နောက်တန်းတပ်ရင်း ၃ ခုမှာ အောင်ခြင်းရှစ်ပါးနဲ့ ပရိတ်တရားခွေကို နေ့ရောညပါ လော်စပီကာနဲ့ ဖွင့်နေ

ကိုကိုလေး/ဧရာဝတီတိုင်းမ်
(သရက်ချောင်း)၊ ဇန်နဝါရီလ ၈ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများအတွင်း ကြာနီကန်ဆရာတော်၏ အောင်ခြင်းရှစ်ပါး၊ပဌာန်းနှင့်ဓာရဏပရိတ်တရားများပါ ဝင်သည့် တရားခွေကို လော်စပီကာဖြင့် နေ့ရောညပါ ဖွင့်လှစ်နေကြောင်း ဒေသခံများထံကသိရသည်။

အဆိုပါ သရက်ချောင်းအခြေစိုက်တပ်ရင်းများသည် ကရင်ပြည်နယ်အတွင်းတိုက်ခိုက်ရေးဝင်ရောက်နေသည့်တပ်ရင်းများဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့က ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းကိုစစ်ကူ သွားရောက်ရန် ခမရ ၄၀၅ ကို အမိန့်ပေးစေခိုင်းမှုအား ငြင်းဆန်ခဲ့မှုကြောင့် ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်အပါအဝင် အကြီးတန်းအရာရှိ ၃ ဦးဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်းကာလများတွင် ယင်းတပ်ရင်း ၃ ရင်းမှ တရားခွေများကိုနေ့စဥ်ဖွင့်လှစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

"၄၀၅ ရင်းမှူး အဖမ်းခံရပြီး ဒီဇင်ဘာလဝက်လောက်နောက်ပိုင်းကနေ နေ့တိုင်းဖွင့်တာ ကြာနီကန်ဆရာတော်ရဲ့ အောင်ခြင်းရှစ်ပါး ဂါထာ၊ ပဌာန်း၊ ပရိတ်ကြီး၊ဓာရဏပရိတ် အဲ့တာတွေနေ့ရောညရောဖွင့်တာ။ သူတို့တွေဖြစ်ပျက်နေတာမြို့ပေါ်နေတဲ့သူတွေကတော့သိတာပေါ့။ မနက်အစောပိုင်းနဲ့ ညပိုင်းတွေ ပိုပြီးဖွင့်လာတယ်။ အရင်ဒါမျိုးဖွင့်တာမကြားဘူး။ အခုမှ ကြောက်ပြီး ဘုရားတနေလို့ မရတော့ဘူး" လို့ သရက်ချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့အပြင်  ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများ၏ ပတ် ပတ်လည်တွင် ဝါးချွန်များဖြင့်ခြံစည်းရိုးများကာရံထားပြီး မြေမြှုပ်မိုင်းထောင်ထားကြောင်းသရက်ချောင်း မြို့မစျေးအတွင်း သတင်းလွှင့်ထားကြောင်း ဒေသခံများက ပြောပြချက်အရသိရှိရသည်။

စစ်ကောင်စီတပ် ခမရ ၄၀၃၊ ၄၀၄၊ ၄၀၅ တပ်ရင်းများ သည် ထားဝယ်မြို့အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ် (စကခ ၈) လက်အောက်ခံတပ်ရင်းများဖြစ်ကြပြီး စကခ ၈ နှင့်လက်အောက်ခံတပ်ရင်းများသည် ကရင်ပြည်နယ် KNU တပ်မဟာ ၅ နှင့် ၆ နယ်မြေများအတွင်း တိုက်ခိုက်ရေးဝင်ရောက်နေသည် မှာ ၂ နှစ်ကျော်အကြာရှိပြီဖြစ်ကြောင်း ကရင်ပြည်နယ်စစ်ရေးသတင်းရင်းမြစ်များထံကသိရသည်။

ကရင်ပြည်နယ် KNU တပ်မဟာနယ်မြေ တကျော့ပြန်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စကခ ၈ ၊ စကခ ၁၃ ၊ တပ်မ ၄၄ စသည့်တပ်မ ၃ခု၊ တပ်မ ၁၁ လက် အောက်ခံတပ်ရင်းတချို့ နဲ့ ကရင်ပြည်နယ် နယ်မြေခံ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းအများအပြားဖြင့် တိုက်ခိုက်ရေးဝင်ရောက်နေကာ ထိခိုက်သေဆုံးမှုများပြားလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - လူမှုကွန်ရက်
# Ayeyarwaddy_Times




ဆက်ဖတ်ရန် →
ပုသိမ်အကျဉ်းထောင်တွင် ပစ်သတ်ခံရသည့် ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက မိသားစုဝင်တွေကို မပေးပဲ မီးသဂြိုလ်

ပုသိမ်အကျဉ်းထောင်တွင် ပစ်သတ်ခံရသည့် ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက မိသားစုဝင်တွေကို မပေးပဲ မီးသဂြိုလ်

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇန်နဝါရီလ ၆ ရက်နေ့က ပုသိမ်အကျဉ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် အကျဉ်းကျခံနေရတဲ့ ကိုဝေယံဖြိုး ဦးခေါင်း သေနတ်ကျည် ၃ ချက် မှန်ပြီသေဆုံးခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

ကိုဝေယံဖြိုးသေဆုံးတဲ့နေမှာ ချောင်းသာမှာနေထိုင်တဲ့ မိသားစုဝင်တွေကို ဆက်သွယ်ခေါ်ယူခဲ့ပေမယ့် မိသားစု ဝင်တွေနဲ့ တွေ့ခွင့်ပေးတာမျိုးမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးသဂြိုလ်ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ 

“ မိသားစုဝင်တွေက ၆ ရက်နေ့ ညထဲကရောက်တာ လပြည့်ဝန်းဟိုတယ်ရှေ့မှာ ထိုင်စောင့်နေတာ၊ အဲ့တာကို စစ်ကောင်စီက လုံးဝကို တွေ့ခွင့်မပေးတာ၊ တစ်ယောက်မေးရင် တစ်မျိုးပြောတာ အလောင်းကဆေးရုံကြီး ပို့လိုက်ပြီပြောလိုက် ရင်ခွဲရုံမှာပြောလိုက် ထောင်မှာပြောလိုက်ပေါ့ဗျာ အဲ့လိုမျိုးလုပ်တာ”လို့ မိသားစုဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။ 

ကိုဝေယံဖြိုးရဲ့ အလောင်းကို စစ်ကောင်စီက ဇန်နဝါရီလ ၇ ရက်နေ့က သရောင်းချောင်းသုသာန်မှာ မီးသဂြိုလ် ခဲ့တာဖြစ်ပြီး မိသားစုဝင်တွေကို အဝေးကပဲ ကြည့်ခွင့်ပေးခဲ့တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

အကျဉ်းထောင် အကြမ်းဖက်ခံရမှုဖြစ်စဉ်မတိုင်ခင် ညပိုင်းမှာ ပျောက်ဆုံးနေတဲ့ ကိုမဲကြီးကိုတော့ ဒီနေ့အထိ ဘယ်နေရာရောက်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒါ့ပြင် ဇန်နဝါရီလ ၅ ရက်နေ့ ညပိုင်းမှာ ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ ကိုမဲကြီးအပါဝင် အကျဉ်းသား ၈ ဦးရဲ့ မိသားစု ဝင်တွေကို စစ်ကောင်စီတပ်သားတွေက လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

#ပုသိမ် #အကျဥ်းထောင် #ကိုဝေယံဖြိုး #ရုပ်အလောင်း #မီးသဂြိုလ် 
#Ayeyarwaddy_Times


ဆက်ဖတ်ရန် →
လှိုင်သာယာတွင် နေအိမ်ချိတ်ပိတ်ခံရသည့်အိမ်များ ပြန်ဖွင့်ပေးဖို့ စာတင်ပေးမည်ဟုဆိုကာ စရဖများက ငွေသိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းယူနေ

လှိုင်သာယာတွင် နေအိမ်ချိတ်ပိတ်ခံရသည့်အိမ်များ ပြန်ဖွင့်ပေးဖို့ စာတင်ပေးမည်ဟုဆိုကာ စရဖများက ငွေသိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းယူနေ

ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၈ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီလက်အောက်ရှိ စစ်ဖက်ရေးရာထောက်လှမ်းရေးအဖွဲ့  (စရဖ)များက စစ်ကောင်စီ ချိတ်ပိတ်ခဲ့သောနေအိမ်များကို ပြန်ဖွင့်ပေးရန်အတွက် အထက်ကို အသနားခံစာ စာတင်ပေးမည်ဟုဆိုကာ အိမ်ရှင်များထံမှ ငွေကျပ်သိန်းဆယ်နှင့်ချီ၍ လိမ်လည်တောင်းခံမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

“စရဖတွေက ချိတ်ပိတ်ခံရတဲ့အိမ်ရှင်တွေကို ချဉ်းကပ်ပြီးတော့ ခင်ဗျားတို့အိမ် ချိတ်ပိတ်ထားတာကို ပြန်ဖွင့်ပေးဖို့ အထက်ကိုအသနားခံစာတင်ပေးမယ်၊ အဲ့အတွက် ပိုက်ဆံပေးဆိုပြီး လိမ်တောင်းနေတာ။ တချို့အိမ်ရှင်တွေဆို သိန်းဆယ်နဲ့ချီ ပေးလိုက်မိပြီး အလိမ်ခံရတာတွေ ဖြစ်နေတယ်။ ချိတ်ပိတ်ခံရတဲ့ အိမ်ရှင်တွေကျတော့လည်း သူတို့အိမ်က သိန်းရာဂဏန်း၊ ထောင်ဂဏန်းတန်တဲ့အိမ်တွေဆိုတော့ စာတင်ရင် ပွင့်လိုပွင့်ငြား အကုန်ခံကြတာ။ စရဖတွေကလည်း အဲ့အကွက်ကိုနင်းပြီး အိမ်ရှင်တွေဆီက လိမ်စားနေတာ။ ကျနော့်မိတ်ဆွေတယောက်ဆို သိန်း ၅၀ ကျော်ပါသွားတာ”ဟု လှိုင်သာယာမြို့ခံ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲ ဦးဆောင်သူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ PDF တပ်ဖွဲ့ဝင်တို့၏နေအိမ်များ၊ တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးသူ (ထောက်ပို့) တို့၏နေအိမ်များကို ပစ်မှတ်ထား၍ ချိတ်ပိတ်သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် မေလအထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ ချိတ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ် ၅၈၆ လုံးထက်မနည်းရှိကြောင်း ISP Myanmar ၏ စာရင်းများအရ သိရသည်။

#Ayeyarwaddy_Times



ဆက်ဖတ်ရန် →
ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှု

ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှု

ပုသိမ်ထောင်တာဝန်ရှိသူတွေရဲ့ ထောင်တွင်းလူသတ်မှုအကြောင်း (သတင်းဆောင်းပါး)

ဆလိုင်းသန့်စင်/ဧရာ၀တီတိုင်းမ်
ဇန်နဝါရီလ ၇ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့က ပုသိမ်အကျဉ်းထောင်မှာ ဇန်နဝါရီလ ၆ ရက်နေ့က ထောင်ဆူပူမှုနဲ့ အဓိကရုဏ်းတချို့ ဖြစ်ပွားခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁ ဦး သေဆုံးကာ အကျဉ်းသားအများအပြား ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

ဧရာ၀တီတိုင်းမ်သတင်းဌာနအနေနဲ့ စုံစမ်းသိရှိရတဲ့အချက်အလက်တွေအရ ထောင်ဆူပူမှုဖြစ်စဉ်ဟာ မြန်အောင်မြို့နယ်က သေဒဏ်ချမှတ်ခံခဲ့ရတဲ့ မူလတန်းပြကျောင်းဆရာ ကိုကောင်းခန့်ကျော်(ခ) စောကျော်စုကိစ္စနဲ့ ပတ်သတ်ပါတယ်။

မြန်အောင်မြို့နယ်၊ ထိပ်ပုတ်ကုန်းကျေးရွာ အထက်တန်းခွဲ ကျောင်းမှာ မူလတန်းပြအဖြစ် စာသင်ကြားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကာ CDM ပြုလုပ်ခဲ့တဲ့ ကျောင်းဆရာ အသက် ၂၅ နှစ်အရွယ် ကိုကောင်ခန့်ကျော်(ခ)စောကျော်စုကို မြန်အောင်ခရိုင်တရားရုံးကနေ ဒလန်သတ်တယ်ဆိုပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။ 

သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းဆရာ ကိုကောင်းခန့်ကျော်ကို စစ်ကောင်စီက ဧရာ၀တီတိုင်းမှာ အကြီးဆုံးထောင်ဖြစ်တဲ့ ပုသိမ်ထောင်မှာ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်း ကျောင်းဆရာ ကိုကောင်းခန့်ကျော်ကို ကြိုးမိန့်ပေး ကွပ်မျက်ဖို့အတွက် ပုသိမ်ထောင်မှာ ကြိုးစင်ဆောက်ဖို့ ထောင်တာဝန်ရှိသူတွေက ပြင်ဆင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံရေးအကျဉ်းသား ကျောင်းဆရာကို ကြိုးမိန့်ချကာ ကွပ်မျက်မယ့်ကိစ္စနဲ့ပတ်သတ်ပြီး ပုသိမ်ထောင်မှာ အကျဉ်းချခံထားရတဲ့ ကို၀င်းမင်းထက် (ခ) ကိုမဲကြီးဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသား ၈ ဦးက ပုသိမ်ထောင် တာဝန်ရှိသူတွေကို ကန့်ကွက်ခဲ့ကြောင်း သိရပါတယ်။ 

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဧရာ၀တီတိုင်း အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်စစ်အောင်နဲ့ ပုသိမ်ထောင်ကို အသစ်ရောက်လာတဲ့ ထောင်မှူးအသစ် နေမင်းထက်တို့က ကျေနပ်မှုမရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦးဆိမှာ Keypad ဖုန်း တွေ့တယ်လို့ စွပ်စွဲပြီး ကို၀င်းမင်းထက် (ခ) ကိုမဲကြီး၊ ကိုဝင်းထွန်းနိုင်(ခ)ကိုခေါလေး တို့ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား ၈ ဦးကို ဇန်နဝါရီလ ၅ ရက်နေ့ည ၁၁ နာရီခင်္န့မှာ အကျဉ်းထောင်အချုပ်ဆောင်ထဲကနေ ဆွဲခေါ်ထုတ်သွားပြီး နာရီပေါင်းများစွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပုသိမ်ထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

"ကိုမဲကြီးတို့၊ ကိုခေါလေးတို့ပါတဲ့ ၈ ယောက်ကို ညဘက်ကြီး အချုပ်ဆောင်ထဲက ဆွဲထုတ်သွားပြီး ထောင်ညွှန်မှူးနဲ့ ထောင်ပိုင်အဖွဲ့က နာရီပေါင်းများစွာ တညလုံး ရိုက်နှက်နှိပ်စက်တယ်။ မိုးလင်းတော့မှ ကိုခေါလေးအပါအဝင် ၇ ယောက်ကို အချုပ်ဆောင်ထဲ ပြန်မပို့ဘဲ တိုက်ပိတ်ပစ်ခဲ့တယ်။ ပြန်ရောက်လာတဲ့ ၇ ယောက်က မတရားအရိုက်ခံထားရလို့ သွားတွေကျွတ်ထွက်တဲ့လူကထွက်၊ သွေးအန်တဲ့လူကအန်နဲ့ ရေတောင် မသောက်နိုင်ကြဘူး"လို့ ပုသိမ်ထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။

ထောင်တာဝန်ရှိသူတွေက နိုင်/ကျဉ်း ၇ ဦးကို တိုက်ပိတ်ခဲ့ပြီး ကိုမဲကြီးကတော့ အချုပ်ဆောင်ထဲလည်း ပြန်ရောက်မလာသလို၊ တိုက်ပိတ်တဲ့အထဲလည်း မပါဝင်ဘဲ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရေးအကျဉ်းသား ၆၀ ခန့်က ဇန်နဝါရီ ၆ ရက် မနက် ၉ နာရီခန့်မှာ ထောင်တာဝန်ရှိသူတွေထံ ကိုမဲကြီးကို ပြန်ထုတ်ပေးဖို့နဲ့ တိုက်ပိတ်ထားသူတွေကို ပြန်လွှတ်ပေးဖို့ အေးချမ်းစွာ တောင်းဆိုခဲ့ကြပါတယ်။ 

"နိုင်/ကျဉ်းတွေက မဲကြီးကို ပြန်လွှတ်ပေးဖို့ အေးအေးဆေးဆေးပဲ တောင်းဆိုတာ။ အဲ့အချိန်မှာ နိုင်ကျဉ်းတယောက်က အမှိုက်သွန်တာကို ထောင်ဝါဒါက ပလိန်းကြီး အဲ့နိုင်ကျဉ်းကို နံပါတ်တုတ်နဲ့ ၂ ချက် ရိုက်တယ်။ အဓိကက ပွဲဆူအောင်လုပ်တာ။ အဲ့အချိန် နိုင်ကျဉ်းတွေက ထအော်တော့ အဲ့မှာထောင်စဆူတာ"လို့ ပုသိမ်ထောင်နဲ့နီးစပ်သူက ဆိုပါတယ်။

ထောင်ဆူတဲ့အချိန်မှာ ပုသိမ်ထောင်တာဝန်ရှိသူတွေက ထောင်ထဲမှာရှိတဲ့ စစ်ပြေး၊ ရဲပြေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အကျဉ်းသား ၂၀ ခန့်ရှိတဲ့အဖွဲ့ဟာ ခေါင်းမှာအဝတ်နက်တွေစွတ်ပြီး တုတ်ကိုယ်စီကိုင်ကာ အချုပ်ဆောင်ထဲ ရောက်ရှိလာပြီး အချုပ်ဆောင် စင်္ကြန်တလျှောက် နေရာယူခဲ့ကြတယ်လို့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းဖြစ်စဉ်ကို သိရှိထားသူ ပုသိမ်မြို့ခံတစ်ဦးက ပြောပြပါတယ်။

"စစ်ပြေးရဲပြေးအဖွဲ့က ခေါးစွပ်တွေစွတ်ထားတယ်။ တုတ်တွေကိုင်ထားပြီး အချုပ်ဆောင်စင်္ကြန်မှာ နေရာယူတယ်။ အဲ့အချိန် အချုပ်ခန်းထဲက နိုင်ကျဉ်းတွေနဲ့ အဲ့စစ်ပြေးရဲပြေးအဖွဲ့တွေ စကားများကြတယ်။ မကြာဘူး ရဲတွေ အင်အား ၅၀ လောက် ထောင်ထဲ ဝင်လာပြီး နိုင်ကျဉ်းတွေကို သေနတ်နဲ့ ပစ်တယ်။ အဲ့မှာ ၀ရုန်းသုန်းကားတွေဖြစ်ကုန်တယ်။ နောက်တော့ ထောင်ဆူပူမှုမှာပါတယ်လို့ သံသယရှိတဲ့ နိုင်ကျဉ်းတွေကို တယောက်ပြီး တယောက် အချုပ်ဆောင် အခန်းထဲက ဆွဲထုတ်ပြီး ထောင်ကဖွဲ့ထားတဲ့ ခေါင်းစွပ်အဖွဲ့ရော ရဲတွေကရော ဝိုင်းရိုက်တာ"လို့ ပုသိမ်ဒေသခံက ပြောပြပါတယ်။

ပုသိမ်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၆၀ ခန့်ကို ရဲတွေနဲ့ ထောင်က ဖွဲ့စည်းထားတဲ့ ခေါင်းစွပ်အမည်းနဲ့အဖွဲ့က လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတချို့တွေ ခြေကျိုး၊ လက်ကျိုး၊ ခါးရိုးကျိုးတဲ့ ဒဏ်ရာတွေ ပြင်းထန်စွာရရှိခဲ့တယ်လို့ ပုသိမ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပကဖကလည်း ထုတ်ပြန်ပါတယ်။ 

ညနေ ၅ နာရီ ၂၀ ခန့်အချိန်မှာ ဒဏ်ရာပြင်းထန်စွာရရှိထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက အသစ် ဆောက်လုပ်ထားတဲ့ ပုသိမ်က ၉ ထပ်ဆေးရုံသစ်ကို ပို့ဆောင်ကာ ဆေးကုသမှု ပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာတော့ ထောင်ကျအကျဉ်းသား ၁ ဦးဆီက Keypad ဖုန်းတစ်လုံး တွေ့ရှိခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို စစ်ဆေးအရေးယူဖို့ ဆောင်ရွက်တာကို မကျေနပ်လို့ ထောင်သားတွေ ဆူပူကြတာဖြစ်ပြီး ထောင်တာဝန် ရှိသူများနှင့် ရဲတပ်ဖွဲ့က ဖြောင်းဖျပေမယ့် အကျဉ်းသားများက မလိုက်နာဘဲ အကျဉ်းသားတွေက ထောင်အဆောက် အဦးကို ဖျက်ဆီးခြင်း၊ အုတ်နီခဲ၊ အင်္ဂတေအကျိုးများ၊ သစ်သားချောင်းများနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက် တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အကျဉ်းသားတွေက အခုလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာတဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့  အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များနဲ့ ခြောက်လှန့်ပစ်ခတ်ခြင်း၊ တုတ်/ဒိုင်းများ အသုံးပြု ဖြိုခွင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အဓိကရုဏ်းဖြစ်နေစဉ် အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရိုက်နှက်၍ အကျဉ်းသား ၁ ဦး သေဆုံးခြင်းဖြစ်ကြောင်း၊ အကျဉ်းသားသေဆုံးမှုမှာ ၎င်းတို့လက်ချက်မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"သူတို့ထုတ်ပြန်ချက်မှာပါတဲ့ အဓိကရုဏ်းဖြစ်နေတုန်း အကျဉ်းသားအချင်းချင်း ရန်ဖြစ်ရိုက်နှက်တယ်ဆိုတာ အဲဒါ သူတို့ခိုင်းထားတဲ့ ခေါင်းစွပ် အမည်းနဲ့ စစ်ပြေးရဲပြေးအဖွဲ့က နိုင်/ကျဉ်းတွေကို ဝိုင်းရိုက်တာကို ပြောတာ။ ဒီလောက် အဓိကရုဏ်းဖြစ်နေချိန် ဘယ်လိုလုပ်ပြီး အကျဉ်းသားအချင်းချင်း ရန်ဖြစ်ဖို့အချိန်ရှိမလဲ၊ နိုင်ငံရေးအကျဉ်းသားတွေက သူတို့ (ရဲတွေ) ကို ပြန်တိုက်ခိုက်ရအောင် စတီးဇွန်းတောင် ထောင်ထဲယူလို့မရတဲ့ဟာကို ဘာနဲ့ တိုက်ခိုက်မှာလဲ။ သူတို့ စိတ်တိုင်းကျ ရိုက်နှက်ပြီး လူသေတော့မှ အပြစ်လွတ်အောင် ဗြောင်လိမ်တဲ့ကောင်တွေ"လို့ ပုသိမ်ထောင်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ပုသိမ်ထောင် အဓိကရုဏ်းဖြစ်စဉ်အတွင်း ချောင်းသာဒေသခံ PDF တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ကိုဝေယံဖြိုး(ခ)ရာစု (အသက် ၃၅ နှစ်) ဟာ ဇန်နဝါရီလ ၆ ရက် ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ သေဆုံးသူ ကိုဝေယံဖြိုးဟာ သေနတ် ဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံတွေရော၊ ပုသိမ် ပကဖအဖွဲ့ကပါ ပြောဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ နိုင်ငံရေးအကျဉ်းသား ကိုဝေယံဖြိုးသေဆုံးမှုအပေါ် တစုံတရာ ထုတ်ပြန်ခြင်း မရှိပါဘူး။

အခြားသော ဒဏ်ရာပြင်းထန်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးဟာ ပုသိမ်မြို့ ၉ ထပ်ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး အဆိုပါလူနာများထဲမှ ၄ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရပါတယ်။ 

"ပုသိမ်ထောင်မှာ ရိုက်နှက်နှိပ်စက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀ လောက်မှာ အများစုက အကြမ်းဖက်ပုဒ်မနဲ့ ထောင်ချ၊ တရားစွဲခံထားရတဲ့ PDF တပ်ဖွဲ့ဝင်ဟောင်းတွေလို့ သိရတယ်။ ဒဏ်ရာရသူတွေကို ပုသိမ်က ၉ ထပ်ဆေးရုံကြီးကိုပို့တော့ ဆေးရုံက အရပ်သားလူနာစောင့်တွေနဲ့ အောက်ခြေဝန်ထမ်းတွေကို နှင်ထုတ်ပြီးတော့ ပုသိမ်ဆေးရုံကြီးမှာ လုံခြုံရေးအပြည့် ချထားတာ"လို့ ပုသိမ်ဆေးရုံကြီးနဲ့နီးစပ်တဲ့မြို့ခံတစ်ဦးက ပြောပါတယ်။

ပုသိမ်ထောင်မှာ အဓိကရုဏ်းဖြစ်ပွားပြီးတဲ့နောက် ခေါင်း၊ ခြေထောက်၊ လက်တွေနဲ့ တကိုယ်လုံးပတ်တီးစည်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မြင်တွေ့ရပြီး ဇန်နဝါရီလ ၆ ရက် ညပိုင်းမှာလည်း ထမင်းမကျွေးဘဲ အငတ်ထားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။ 

"အဓိကရုဏ်းဖြစ်စဉ်မှာပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မနေ့ညပိုင်းက ထမင်းမကျွေးဘဲ အငတ်ထားခဲ့တယ်။ ပြီးတော့ ဖြစ်စဉ်မှာပါသူ အကုန်လုံးကို ထောင်အာဏာပိုင်တွေက ကတုံးတုံးပစ်တယ်။ ပြီးတော့ ည ၁ နာရီထိုးတဲ့အထိ နိုင်/ကျဉ်းတွေကို စစ်ဆေးတာတွေလုပ်တယ်။ အခုဆို ထောင်ဝင်စာပို့တာကိုလည်း ပိတ်ထားတယ်"လို့ ပုသိမ်ထောင်ကို ထောင်ဝင်စာပေးပို့နေသူ နိုင်/ကျဉ်းမိသားစုဝင်တစ်ဦးက ပြောပါတယ်။

ပုသိမ်ထောင်မှာ အဓိကရုဏ်းတွေ ဖြစ်ပွားနေချိန်မှာရော၊ အဓိကရုဏ်းဖြစ်ပြီးတဲ့နောက်မှာရော ထောင်တာဝန်ရှိသူတွေ ဇန်နဝါရီလ ၅ ရက်နေ့ညကတည်းက ခေါ်ယူနှိပ်စက်ခဲ့တဲ့ နိုင်င့ရေးအကျဉ်းသား ကို၀င်းမင်းထက် (ခ) ကိုမဲကြီးရဲ့သတင်းက ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

"ကိုမဲကြီးသတင်းက အစအန ပျောက်တယ်။ ပုသိမ်ထောင် အချုပ်ဆောင်မှာရော တိုက်ပိတ်အခန်းမှာရော မရှိဘူး။ ပုသိမ်ဆေးရုံမှာ ကုသမှုခံနေလားဆိုတာလည်း ဘယ်သူမှ မသိဘူး။ ကိုမဲကြီးမိသားစုကလည်း သူတို့ကို ဘာမှ အကြောင်းကြားလာတာ မရှိဘူးပြောတယ်။ ပြီးတော့ ဒီနေ့မနက်ပိုင်းမှာ လူနာတင်ကားတစ်စီး ထောင်ထဲဝင်သွားပြီး တောင်ပေါ် နတခ (အနောက်တောင်တိုင်း စစ်ဌာနချုပ်) ဘက်ကို ပြန်မောင်းသွားတာ တွေ့လိုက်တယ်လို့ ပြောကြတယ်။ အဲတော့ အကုန်လုံးက မဲကြီးအတွက် စိတ်ပူနေကြတယ်"လို့ နိုင်ငံရေးအကျဉ်းသား ကိုမဲကြီးရဲ့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် ကိုဝေယံဖြိုး(ခ)ရာစု သေဆုံးမှုကိုသာ အတည်ပြုနိုင်သေးပြီး နိုင်ငံရေး အကျဉ်းသား ကိုဝင်းမင်းထက်(ခ) ကိုမဲကြီးရဲ့အခြေအနေကို စုံစမ်းနေဆဲဖြစ်ပါတယ်။ 

ဒီကနေ့ နေ့လည်ပိုင်းအချိန်အထိ ရရှိတဲ့သတင်းတွေအရ စစ်ကောင်စီက သေဆုံးသူ ကိုဝေယံဖြိုးရဲ့အလောင်းကို မိသားစုထံ ပြန်မပေးတဲ့အပြင် အလောင်းကိုပါ ကြည့်ခွင့်မပေးဘဲ ၎င်းတို့အစီအစဉ်နဲ့ သဂြိုလ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ဒီနေ့လည်ပိုင်းအထိကို တွေ့ခွင့်မရသေးတာပါ၊ တစ်ခါထဲ သဂြိုလ်မယ်လို့လည်းပြောတယ်။ အလောင်းက ဆေးရုံမှာလိုလို ထောင်မှာလိုလိုလုပ်နေတယ်။ မိသားစုဝင်တွေကလည်းစောင့်နေတုန်းပါ”လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက  ပြောပါတယ်။ 

နိုင်ငံရေးအကျဉ်းသားတွေကို ရက်စက်စွာ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ ပုသိမ်ထောင် အဓိကရုဏ်းဖြစ်စဉ်မှာ ထောင်ပိုင် နေမင်းထက်၊ ပုသိမ်မြို့မစခန်းမှူး ဒုရဲမှူး မြင့်အောင်နဲ့ ပုသိမ်နယ်မြေစခန်းမှူး ရဲအုပ်ကျော်စိုးတို့ ဦးဆောင် အကြမ်းဖက်ခဲ့တာဖြစ်တယ်လို့ ပုသိမ်မြို့နယ် ပကဖအဖွဲ့က ထုတ်ပြန်ပါတယ်။

ပုသိမ်ထောင်ဖြစ်စဉ်ဟာ စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်စက်ညှဉ်းဆဲ သတ်ဖြတ်တဲ့ လူသတ်မှုဖြစ်ကြောင်းနဲ့ ယခုလုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမယ်လို့ ဧရာ၀တီတိုင်းရှိ တော်လှန်ရေး အင်အားစုများက ပြောဆိုပါတယ်။

"ဒါဟာ စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိကို နှိပ်စက်ညှဉ်းဆဲသတ်ဖြတ်တဲ့လုပ်ရပ် ဖြစ်တယ်။ ဘယ်ခေတ်အဆက်ဆက်မှာမှ အကျဉ်းထောင်ထဲမှာ လူသေမှုဖြစ်တဲ့အထိ ရိုက်နှက်ခဲ့တဲ့သမိုင်း မရှိပါဘူး။ ဒါဟာ အရမ်း ဆိုးရွားတဲ့သမိုင်းပါ။ အဲဒီအတွက် သူတို့တန်ရာတန်ကြေး ပြန်လည်ပေးဆပ်ရလိမ့်မယ်"လို့ ဧရာ၀တီစစ်ဒေသကွပ်ကဲရေး ကော်မတီအဖွဲ့ဝင် ဗိုလ်နေလက ပြောပါတယ်။





ဆက်ဖတ်ရန် →
မအလ နဲ့ ပူးပေါင်းရင်ဒလန်တံဆိပ်အတတ်ခံရမှာပဲ

မအလ နဲ့ ပူးပေါင်းရင်ဒလန်တံဆိပ်အတတ်ခံရမှာပဲ

လုပ်ကြံသတ်ဖြတ်ခံရတဲ့ ALP စစ်ဦးစီးချုပ် နဲ့ တပ်မှူး ၂ ဦး စျာပန ကျင်းပ အာဇာနည်တွေ အဖြစ်သတ်မှတ်

ဇန်နဝါရီ ၈ - ၂၀၂၃

ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ မနက်ပိုင်းက စစ်တွေမြို့မှာ သေနတ် နဲ့ ပစ်သတ် လုပ်ကြံခြင်း ခံခဲ့ရတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ဗဟိုအလုပ် အမှုဆောင်နဲ့ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ခိုင်စိုးမြ နဲ့ တပ်မှူး ၂ ဦး တို့ ရဲ့ စျာပန ကို ဒီကနေ့ မနက် ၁၁ နာရီ က ပြုလုပ်ခဲ့ပြီး မီးသင်္ဂြုဟ်ခဲ့ ကြောင်း  ALP သတင်းထုတ်ပြန်ပါတယ်။

သူတို့ ၃ ဦးကို အာဇာနည်တွေ အဖြစ် မှတ်တမ်းတင်ပြီး အရိုးပြာတွေကို သိမ်းဆည်းထားကာ  အထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် ကျောက်ရုပ်များ စိုက်ထူ သွားမယ်လို့လည်း ဖေါ်ပြထားပါတယ်။

စျာပန အခမ်းအနားကို EAO တွေ နိုင်ငံရေးပါတီတွေနဲ့ လူမှု အဖွဲ့အစည်း တွေ က ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့တယ်လို့လည်း သိရပါ တယ်။

THN freelance journalist




ဆက်ဖတ်ရန် →
 PDFစစ်​ဆေး​ရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီး စစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ

PDFစစ်​ဆေး​ရေးဂိတ်ကိုလာတိုက်သောစစ်တပ်နှင့်ရှမ်းနီတပ်ပူး​ပေါင်းစစ်​ကြောင်းတန်ပြန်တိုက်ခိုက်ခံရပြီး စစ်​ကြောင်းမှူးအပါအဝင် ၁၀ ဦး​သေ

▪️︎စစ်​ရေးတင်းမာ​နေပြီး PDF နှင့် စစ်တပ်/ရှမ်းနီတပ် တပ်ဆိုင်ထား

ဇန်နဝါရီလ ၈ ရက်

စစ်ကိုင်းတိုင်းဟုမ္မလင်း-ဖောင်ပြင်လမ်းမှPDF စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့က စစ်ကြောင်းထိုးလာ၍ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ​ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းမှူးအပါအဝင် ဆယ်ဦးသေဆုံးသွား​ကြောင်း​ဒေသတွင်းသတင်းရင်းမြစ်များက​ပြောသည်။

ဟုမ္မလင်း-ဖောင်ပြင်လမ်းပိုင်းရှိ နတ်နန်းကျေးရွာမှPDF စစ်ဆေးရေးဂိတ်ကိုစစ်ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့(SNA)က ဇန်နဝါရီ ၅ရက်မှစတင်၍ စစ်ကြောင်းထိုးလာ​သောကြောင့်ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအထိနာပြီး ဖရိုဖရဲထွက်ပြေးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

"နတ်နန်းဂိတ်ကိုလာသိမ်းတာ။ကျွန်တော်တို့က၁၅မိနစ်လောက်သတင်းကြိုရတော့ ရှောင်ပေးလိုက်တယ်။ ပြီးမှ ပြန်ချတာ။ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးကျပြီး အုပ်ချုပ်မှုဖရိုဖရဲဖြစ်သွားပြီး ပြန်ပြေးတယ်။လက်ရှိ နတ်နန်းဂိတ်ကို ကျွန်တော်တို့ ရထားတယ်" ဟုခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဇန်နဝါရီလ ၅ရက်တိုက်ပွဲတွင်  စစ်ကောင်စီတပ်နှင့် ရှမ်းနီအဖွဲ့မှ စစ်ကြောင်းမှုးအပါအဝင် ရှစ်ဦး၊ ဇန်နဝါရီ ၆ရက် တိုက်ပွဲတွင် စစ်ကောင်စီဘက်ကနှစ်ဦး၊ စုစုပေါင်း ဆယ်ဦးသေဆုံးသွားကြောင်း  ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ယခုတစ်ကြိမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ခန့်နှင့် ရှမ်းနီတပ်ဖွဲ့မှ ၁၀၀ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်​ကြောင်းသိရသည်။ယခုအခါစစ်ကောင်စီတပ်၊ရှမ်းနီပူးပေါင်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များသည်  မီတာ သုံးရာခန့်အကွာတွင် တပ်ဆိုင်ထားသည့်အနေအထားဟု  ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

နတ်နန်းဂိတ်ကို ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာလ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ပြီး တပ်ထိုင်ထားခြင်းဖြစ်သည်။ထိုဂိတ်ကို ပြန်သိမ်းရန် စစ်ကောင်စီတပ်က ထပ်မံ ကြိုးစားစဥ် အထနာခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်နှင့် ရှမ်းနီတပ်ဖွဲ့ ပူး​ပေါင်းစစ်​ကြောင်းမှ​သေဆုံးသူအချို့  ၏ယူနီ​ဖောင်း။ ဓါတ်ပုံ-The 74 media )
LNO - Hlaing Info


ဆက်ဖတ်ရန် →
ရှောင်တာနယ်ကိုပြန်ဖမ်းဖို့ စကစအမိန့်ထုတ်ပြန်

ရှောင်တာနယ်ကိုပြန်ဖမ်းဖို့ စကစအမိန့်ထုတ်ပြန်

ရှောင်တာနယ်လ်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့ စစ်ကောင်စီကြေညာပြန်

ဆိုင်းမင်း/People's Spring

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက အင်းစိန်ထောင်ကနေ လွှတ်လိုက်တဲ့ သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်  ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကနေ ပယ်ဖျက်တယ်လို့စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ရှောင်တာနယ်လ်ဟာ လွတ်မြောက်လာပြီး လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးမဟုတ်မမှန်တာတွေပြောလို့ လွတ်ငြိမ်းခွင့်ပယ်ဖျက်တာလို့စစ်ကောင်စီကအကြောင်းပြထားပါတယ်။

အာဏာသိမ်းပြီး ရက်ပိုင်းအကြာမှာ ဖမ်းဆီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေး ရှောင်တာနယ်လ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ၁၇ ရက်(အမျိုးသားနေ့)မှာ စစ်ကောင်စီက လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးခဲ့တာပါ။

အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။

ဒါအပြင ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအမှန်တရားတွေကို ကမ္ဘာ့ကိုချပြဖို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို မှာလိုက်တာကိုလည်း ရှောင်တာနယ်လ်က မီဒီယာကတဆင့် ပြောပါတယ်။

ရှောင်တာနယ်လ်ရဲ့အင်တာဗျုး တစ်ခုမှာဆိုရင်  မြန်မာနိုင်ငံကို အာဏာလုထားတဲ့ ယုတ်မာရူးသွပ်သူတွေက အုပ်ချုပ်နေတာလို့ စစ်ကောင်စီကို ဝေဖန်ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခရှောင်တာနယ်

Source - People's Spring 📌



ဆက်ဖတ်ရန် →