မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ
စန္ဒီ/People's Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သားဖြစ်သူ စစ်ကောင်စီ၏ စစ်ဗိုလ် အရှိန်အဝါကိုသုံး၍ ကျေးရွာအား စစ်တပ်ခေါ်ကာ ဖိနှိပ်ခြိမ်းခြောက်ခဲ့သူ ပျူစောထီးခေါင်းဆောင်တစ်ဦးအား Natogyi Regional Defence Force ကရှင်းလင်းခဲ့သည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်) နံနက် ၉ နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။
ပျူခေါင်းဆောင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဂျင်ကလိခေါ် သံချွန်လက်နက်များနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ပျူခေါင်းဆောင်မှာ သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါယူ၍ရွာ၌ စစ်ကောင်စီတပ်ခေါ်ကာကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း Natogyi Regional Defence Force ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်လန်ဒန်က ပြောကြားသည်။
"နေရာတင် ပွဲချင်းပြီးတယ်။ သူယာခင်းထွက်တဲ့အချိန်နဲ့ တိုးတာပါ။ သူ့သားကတပ်ထဲမှာ ဗိုလ်အဆင့်ပဲဗျ။ သူ့သားအရှိန်အဝါသုံးပြီး ကျေးရွာ လူထုအပေါ် ဖိနှိပ်နေတာ။ လက်နက်အားကိုးနဲ့လည်း ခြိမ်းခြောက်တာတွေ ရှိတယ်။စစ်ကြောင်းထိုးရင်လည်း ဒီကောင်ကပဲ ဦးဆောင် ခေါ်တာ။"ဟု NRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။
မြင်းခြံမြို့နယ်တွင် ပျူအဖွဲ့များ သောင်းကျန်းလျက်ရှိပြီး ဖေဖော်ဝါရီ၂ဝ ရက် ညကလည်း လယ်သစ်ကျေးရွာရှိNLDပါတီ ခရိုင်နာယက ဦးလှမြင့်၏ နေအိမ်မှ ထယ်ခုံ(၃)ခုံကို ပျူများက သယ်ဆောင်သွားကြောင်း၊ ဇွန်လအစောပိုင်းကလည်း ထွန်စက် နှစ်စီးကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
————————————————
မန္တလေးမှာ ၂ ရက်အတွင်း စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံရ
ဆိုင်းမင်း/People's Spring
မန္တလေးမြို့မှာ ၂ ရက်အတွင်း စစ်ကောင်စီ နဲ့ဆက်နွယ်တဲ့ နေရာ ၄ ခုထက်မနည်း တိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ ပျုစောထီးအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ရပါတယ်။
တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာဖြစ်ပွားတာပါ။
မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ ၊ မန္တလေးခရိုင်တရားရုံး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။
တိုင်းလွှတ်တော် ရုံးရှေ့ ဘန်ကာကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတာဖြစ်သလို စစ်ကောင်စီဘက်က လည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေးက တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအများသိအောင် ထုတ်ပြန်ပါတယ်။
ဌာနဆိုင်ရာ ရုံး ၂ ရုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်က အခွန်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီး ခရိုင်တရားရုံးကိုတော့ အသံဗုံးနဲ့ပဲ သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်အထွက်ရှိ ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးကို ၄၀ မမ ဗုံးသီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျုစောထီး တစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့ မြနန္ဒာ စစ်ဆင်ရေးက ဆိုပါတယ်။
မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ ၊ မန္တလေးခရိုင်တရားရုံး ၊ ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။
လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း
(အပိုင်း-၁)
By ရန်ကုန်ခေတ်သစ်
မင်းအောင်လှိုင် မိသားစုလိုပဲ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ မိသားစုကို ပြပါဆိုရင် နေပြည်တော်မှာရှိတဲ့ ဝန် ထမ်းတွေရော စစ်ဘက်အသိုင်းအ၀ိုင်းတွေက လက်ညှိုးထိုးပြကြမှာက ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန် ကြီး ဗိုလ်ချုပ်ကြီး စိုးထွဋ် မိသားစုဖြစ်ပါတယ်။
ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ စီးပွားဥစ္စာတွေကို ဖျက်ဆီးခြင်း၊ စစ် ကြောရေးမှာ ပြည်သူတွေကို လူမဆန်စွာ နှိပ်စက်ခြင်း၊ အကျဉ်းထောင်အတွင်း ညှဉ်းပန်း သတ်ဖြတ်ခြင်း၊ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခြင်း စတဲ့ ယုတ်မာရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ ပြစ်မှုတွေကို အဓိက ဦးဆောင် ကျူးလွန်နေသူက စိုးထွဋ်ပဲဖြစ်ပါတယ်။
စိုးထွဋ်ဟာ မင်းအောင်လှိုင်ရဲ့ မျက်နှာသာ ပေးမှုနဲ့ ကြမ်းပြ ရမ်းပြ "သခင်အားရ ကျွန်ပါး၀" လုပ်ဆောင်နေသူ ဖြစ်တဲ့အပြင် ဝန်ကြီးရာထူးပေးပြီး အရေးပါသူအဖြစ် ဦးစားပေးခံရမှုတွေအတွက် မင်းအောင်လှိုင် ကျေးဇူးကို ခြေသုတ်ပုဆိုး မြေဆွယ်ကျိုးသလို ပေးဆပ်နေသူလည်းဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာ မင်းအောင်လှိုင်က ပြည်ထဲရေးဝန်ကြီး ကျော်ဆွေကို ရာထူးက အနားပေးပြီး စိုးထွဋ်ကို ဝန်ကြီးရာထူးပေးခဲ့ပါတယ်။ စိုးထွဋ်ဟာ စစ်မျိုးစစ်နွယ် စစ်တပ်အသိုင်းအ၀ိုင်းက ပေါက်ဖွားလာသူဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ မေးဖွားပြီး ပြည်သူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ရက်ရက် စက်စက် စစ်ရာဇဝတ်မှုတွေ ကျူးလွန် သတ်ဖြတ်ခဲ့တဲ့ ဗိုလ်မှူးချုပ် လွန်းမောင်ရဲ့ သားလည်းဖြစ်ပါတယ်။
စိုးထွဋ် အဖေက တော့ သူပြုခဲ့တဲ့ မကောင်းမှုတွေကြောင့် ၂၀၀၁ ခုနှစ် န၀တ အတွင်းရေးမှူး၂ ဗိုလ်ချုပ်တင်ဦး၏ ရဟတ်ယာဉ်ပျက်ကျမှု ပါဝင်ပြီး အသေဆိုးနဲ့ သေခဲ့ရပါတယ်။
စိုးထွဋ်က ဗိုလ်သင်တန်း အပတ်စဉ် ၆၄ (OTS – 64) ဆင်းဖြစ်ပြီး လက်ရှိအချိန်မှာ အသက် ၆၃ နှစ်ရှိနေပြီ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ရာထူး အစဉ်အလာပေးမှု ဓလေ့အရ ဘွဲ့ရ ဗိုလ်လောင်းသင်တန်း OTS ဆင်းဖြစ်တာမို့ ရှေ့ဆက်ရာထူးတက်ဖို့လည်း မရှိဘဲ ဂိတ်ဆုံးနေပါပြီ။
ဒါပေမယ့်လည်း မင်းအောင်လှိုင်ရဲ့ နေရာပေးမှုကြောင့် ဒုဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်လာတာမို့ အစွမ်းကုန် မီးကုန် ယမ်းကုန် ရက်စက်ပြနေတဲ့ လက်မရွံ့ အာဏာ ပါးကွက်သား အဖြစ် စိုးထွဋ်က အသုံး တော်ခံနေတာလည်းဖြစ်ပါတယ်။
စိုးထွဋ်၏ ယုတ်မာမှုများကို ဖော်ထုတ်ခြင်း
========================
၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါ အဝင် ၄ ဦးကို ကြိုးပေးစီရင် သတ်ဖြတ်ရာမှာ စိုးထွဋ်က အဓိက ဦးဆောင်ခဲ့ပါတယ်။ သူကိုယ်တိုင် အင်းစိန်အကျဉ်းထောင်ထဲအထိ လာရောက်ပြီး ကြိုးပေးမှု အစ၊ အဆုံး ကြီးကြပ် ကွပ်ကဲခဲ့တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲထည့်ထားဖို့ ၊ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်ကို တောင်ငူ အကျဉ်းထောင်ပို့ဖို့ ကိစ္စတွေမှာလည်း စိုးထွဋ်က မင်းအောင်လှိုင်နဲ့ တိုက်ရိုက် တိုင်ပင်တယ်လို့ ဆိုပါတယ်။ မင်းအောင်လှိုင်နဲ့ တိုက်ရိုက်တွေ့ပြီး ဖိနှိပ်ရက်စက်ယုတ်မာမှုတွေ ကို စိုးထွဋ်က ကွင်းဆင်း လုပ်ဆောင်နေတာဖြစ်ပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူတွေကို စစ်တပ်နဲ့ရဲက ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ဖို့ အဓိက ညွှန်ကြားသူတွေမှာ မင်းအောင်လှိုင်၊ စိုးဝင်း ပြီးရင် တတိယ တာဝန်အရှိဆုံးသူက စိုးထွဋ်ဖြစ်တယ်လို့ စစ်ဘက် သတင်းရင်းမြစ်တွေက ဆိုပါတယ်။
"သူက ပြည်ထဲရေးဝန်ကြီးဖြစ်တဲ့အပြင် နစက ကောင်စီဝင်ဖြစ်နေတော့ စစ်တပ်ရော ရဲရော သူက ညွှန်ကြား အမိန့်ပေးလို့ရတယ်။ တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့ အစည်းအဝေးတွေမှာလည်း သူက ဦးဆောင်ပါဝင်နေတယ်။ အခုနောက်ဆုံး ဒုဝန်ကြီးချုပ် ရာထူးပေးလိုက်တော့ သူရဲ့ အာဏာ စိုးဝင်း နဲ့တန်းတူ မဟုတ်ရင်တောင် စိုးဝင်းထက်မလျှော့ဘူး။ လုံခြုံရေး၊ စစ်ရေး၊ ပြည်ထဲရေး အစည်းအဝေးတွေမှာ သူက လုပ်ပစ်လိုက်( သတ်ပစ်လိုက်)၊ မှတ်လောက်သားလောက် ဆုံးမရမယ်၊ လုပ်ပြရမယ်( သတ် ဖြတ်ပြရမယ်) ဆိုတာမျိုးတွေ အမြဲတမ်း ပြောပါတယ်။ မင်းတို့ကို ငါအမိန့်ပေးတယ်။ ငါ ညွှန်ကြားတယ် ဆိုတာမျိုး အမြဲပြောတဲ့သူပဲ" လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
မင်းအောင်လှိုင်ကို နိုင်ငံတော် အကြီးအကဲလို့ ခေါ်လေ့ရှိသူ
=================================
စိုးထွဋ်ဟာ မင်းအောင်လှိုင်ကို နိုင်ငံတော်အကြီးအကဲ၊ အကြီးအကဲလို့ အစည်း အဝေးတိုင်းမှာ ခေါ်ဝေါ် သုံးနှုန်းပြောဆိုပါတယ်။ မင်းအောင်လှိုင်ရှေ့ရောက်သွားရင် စိုးထွဋ်ဟာ တကယ့်ကို အရိုက်ကြမ်းတဲ့ ဘုန်းကြီးရှေ့ ရောက်သွားတဲ့ ဘုန်းကြီးကျောင်းသားလို အလွန် ရိုကျိုးတယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ဟာ သူ့ကို လေးစား ရိုကျိုးမှု ပြသူတွေကို အင်မတန် သဘော ကျပါတယ်။ စိုးထွဋ်ရဲ့ ကျိုးနွံ့တဲ့ အမူအရာနဲ့ အပြောအဆိုတွေကြောင့် မင်းအောင်လှိုင်ဟာ နှစ်ထောင်း အားရသလို သူ့မှာ စိုးထွဋ်လို လက်မရွံ့ အာဏာပါးကွက်သားတွေရှိတယ်ဆိုပြီး မာန်တင်းနိုင်တာဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူပိုင်ပစ္စည်းများကို ချိတ်ပိတ်ခြင်းနဲ့စီးပွားဖျက်ခြင်း
================================
စစ်အာဏာရှင် ဆန့်ကျင်တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေကို ချိတ်ပိတ်တာ၊ ဖျက်ဆီးတာ၊ စစ်တပ်ပိုင် အဖြစ် သိမ်းယူတာတွေက စိုးထွဋ်ရဲ့ လက်ချက်ဖြစ်ပါတယ်။ စစ်တပ်က ရေးဆွဲပြဋ္ဌာန်းထားခဲ့တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ဒီလို အိုးအိမ် ဥစ္စာ ပစ္စည်းတွေ ချိတ်ပိတ်၊ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသွားမှ စစ်တပ်ကို မထီမဲ့မြင် မပြုရဲမှာ၊ နားရွက် တွံ့တွေး မဆွတ်ရဲမှာလို့ စိုးထွဋ်က မင်းအောင်လှိုင်က တင်ပြပြီး ပြည်သူ့အိုးအိမ် ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ စစ်ကောင်စီရဲ့ လျှို့ဝှက်အစည်းအဝေးမှာ စိုးထွဋ်က စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်မှာ ပါဝင်သူမှန်သမျှကို စီးပွားပျက်အောင် ဖျက်ဆီးရမယ်လို့ စစ်တပ်နဲ့ရဲကို ညွှန်ကြားခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ စိုးထွဋ် ပြောခဲ့တာကို ပြန်ကြည့်ရအောင်ပါ။
"ငါတို့ရဲ့လုပ်ဆောင်မှုကို ပျက်ရယ်ပြုတာ မလေးမစား လုပ်တာဒါကို လက်ခံလို့မရဘူး။ ပြတ်ပြတ်သားသားဆောင် ရွက်ကြဖို့ ဖြစ်ပါတယ်။ အရေးယူတဲ့အခါ ပြတ်ပြတ်သားသား အရေးယူရမယ်။ ကြီးသောအမှုကို ငယ်စေ ငယ်သောအမှုကို ပပျောက် စေဆိုတာက ဒါက ဒါနဲ့ မဆိုင်ဘူး။ အဲဒါကို မင်းတို့ နားလည်ဖို့လိုတယ်။ မင်းတို့ အမှုဖွင့်တာတွေ အရေးယူတာတွေနဲ့ပတ်သက်ရင် ထိထိရောက်ရောက် လုပ်ပါ။ ချက်ချင်းအရေးယူ။ ချက်ချင်း ပိတ်ပစ်လိုက်။ စီးပွားပျက်သွားအောင် လုပ်ပစ်လိုက်။ အဲဒီလို အထိ လုပ်မှ ရမယ်။ ငါတို့ ပြောရမယ်ဆိုရင် ခပ်ရိုင်းရိုင်းပြောရမယ်ဆိုရင် နားရွက်ကို တံတွေးလာစွတ်နေတာ ဒါ လက်ခံလို့မရဘူး။ တို့တွေ လုပ်ဆောင်ချက်ကို ပျက်ပြားသွားအောင် မထီမဲ့မြင်ပြုလုပ်တာ။ ဒါကို ဒီအတိုင်း ကြည့်နေလို့မရဘူး" လို့ စိုးထွဋ်က ပြောခဲ့ပါတယ်။
သူရဲ့ ပြောဆိုချက် အသံဖိုင်ကိုလည်း ရန်ကုန်ခေတ်သစ်က ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
တကယ်တော့ စိုးထွဋ်ဟာ NLD အစိုးရ၊ NLD သမ္မတလက်အောက်မှာ ပြည်ထဲ ရေးဝန်ကြီး ဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်ကတည်းက မင်းအောင်လှိုင် အမိန့်ပဲ သူက နာခံပြီး သမ္မတဦးဝင်းမြင့်ရဲ့ အမိန့်ကို လျစ်လျူရှု မလိုက်နာခဲ့တာတွေ လည်း ရှိခဲ့တယ်လို့ စစ်ဘက်သတင်းရင်းမြစ်က ပြောပါတယ်။
လက်ရှိမှာတော့ မင်းအောင်လှိုင်အတွက် စိုးထွဋ်ဟာ အကြမ်းဆုံး အရမ်းဆုံး အရက်စက်ဆုံး သားသတ် သမားအဖြစ် လုပ်ဆောင်ပေးနေသလို အခြားတစ်ဖက်မှာလည်း စိုးထွဋ်၊ မိန်းမနဲ့သားတွေက သူရဲ့ အာဏာနဲ့ပါဝါကို သုံးလို့ မိသားစု စီးပွား ရေး၊ အာဏာပြမှုတွေ၊ အနိုင်ကျင့် ဖိနှိပ်မှုတွေ ၊ အခြားစစ်ဗိုလ်ချုပ်တွေရဲ့ သားတွေကို သတ်ဖို့ ကြိုးစားလာတဲ့အထိ ရဲရဲတင်းတင်းပြုမူမှုတွေ ရှိလာနေပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
ဒေါ်လာလေးသန်းတန် မိုးကုတ်ကျောက်မျက်တွင်းတစ်တွင်းကိုလုပ်ငန်းရှင်တစ်ဦးစတင်ဝယ်ယူဟု NUG ကြေညာ
စောနွေဦး/People's Spring
ဒေါ်လာလေးသန်းတန်မိုးကုတ်ရှိကျောက်မျက်တူးဖော်ရေးတွင်းတစ်ခုကိုလုပ်ငန်းရှင်တစ်ဦးကဝယ်ယူသွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ ကျောက်မျက်ရောင်းချရေးဖြစ်သည့် Early Partnership Programက ယနေ့ ထုတ်ပြန်ကြေညာသည်။ လုပ်ငန်းရှင် ဝယ်ယူသွားသောကျောက်မျက်တွင်းမှာ မိုးကုတ်မြို့ရှိ ကင်း-၂ အမည်ဖြင့် ကျောက်မျက်တူးဖော်ရေးတွင်း နံပတ် -၁၇ ဖြစ်သည်။အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် မိုးကုတ်မြို့ရှိ ကျောက်မျက်တွင်း ၄၅ခုကို ရောင်းချနေခြင်းဖြစ်သည်။
ယခု ကင်း-၂ ကျောက်မျက်တွင်းကို လုပ်ငန်းရှင်တစ်ဦးက ဝယ်ယူခွင့်ရရှိခဲ့ပြီး ကျန် ၄၄ တွင်းအတွက်လည်း ဝယ်ယူရန်ကမ်းလှမ်းမှုအမြောက်အမြားရှိနေသည်ဟု NUGက ဆိုသည်။ ထိုကျောက်မျက်တွင်း ၄၅ တွင်းစုစုပေါင်းမှာ ဒေါ်လာသန်း ၄၈၀ ကျော်ရှိပြီး၎င်းတို့ကို ဒေါ်လာ ၁၄၄ ဒသမ ၆ သန်းဖြင့် ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။
မိုးကုတ်ကျောက်မျက်တွင်းများအတွက် အလောတကြီး ဝယ်ယူရန် စိတ်ဝင်စားသည့် လုပ်ငန်းရှင် ၁၄ဦးရှိသည်ဟုလည်း အရောင်းကိုယ်စားလှယ်အချို့ကပြောသည်။ ယခုရောင်းထွက်ခဲ့သည့် ကျောက်မျက်တွင်းသည် အပြာရောင်နီလာ၊ ပတ္တမြား၊ မြ၊ သလင်းကျောက် စသည့် အဖိုးတန် ကျောက်မျက်များထွက်ရှိသည် နေရာဖြစ်သည်ဟု NUG၊ သယံဇာတနှင့်သ ဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာက အသိပေးထားသည်။
ထိုလုပ်ကွက်သည် မြေဧက ၃၀ခန့်ကျယ်ဝန်းပြီး ဈေးကွက်ပေါက်ဈေး ဒေါ်လာ ၄ သန်းရှိသည်။ ၎င်းလုပ်ကွက်ကို ဒေါ်လာ ၁ ဒသမ၂ သန်းဖြင့်ရောင်းချမည်ဖြစ်ပြီးတော်လှန်ရေးကာလအတွင်း ဒေါ်လာ ၄၈၀,၀၀၀ ပေးသွင်းရမည်ဖြစ်သည်။
စစ်အာဏာရှင်ပြုတ်ကျရေး ပိုမိုအရှိန်မြှင့် လုပ်ဆောင်ပေးကြပါရန် အကျဉ်း ထောင် အတွင်းမှ နိုင်ငံရေး အကျဉ်းသားများက မေတ္တာရပ်ခံ
ရန်ကုန် ၊ဖေဖော်ဝါရီ ၂၂ ခေတ်သစ်
မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေ ဖြင့် စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ယခုထက်ပိုမိုအရှိန် မြှင့်လုပ်ဆောင်ပေးကြပါရန် မြေလတ်ထောင်တွင်း နိုင်ငံရေး ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အင်အားစုများက မေတ္တာရပ်ခံလိုက်သည်။
ယနေ့ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကျရောက်သော ၂ ငါးလုံး နွေဦးတော်လှန် ရေး ၂ နှစ်ပြည့်အထိမ်းအ မှတ် သဘောထားထုတ်ပြန်ရာတွင် ထည့်သွင်းထားခြင်းဖြစ်ကြောင်း သိရသည်။
မြေလတ်နိုင်ငံရေးအကျဉ်းသား အင်အားစုများ အနေဖြင့် ပြည်သူနှင့်အတူ ပခုံးပေါ်ကျရောက်လာသည့် အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး လက်ဆင့်ကမ်းသမိုင်းအမွေကို နွေဦးတော်လှန်ရေး အဖြစ်ခံယူ တည်ဆောက်ကာ ကြံ့ကြံ့ခံတော်လှန်ရေး အောင်ပွဲဆင်နွှဲခဲ့သည်မှာ ယနေ့ဆိုလျှင် ၂ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း၊ အာဏာရှင်တို့အနေဖြင့် ရုပ်ခန္ဓာကိုသာ ထိန်းချုပ် အကျဉ်းချ၍ ဖျက်ဆီးနိုင်မည်ဖြစ်ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်အရေးတို့ အပေါ်ထားရှိသည့် ရည်မှန်းချက်ပန်းတိုင်ကို မည်သို့ မျှ နှောင့်ယှက်ဟန့်တား၍ မရသည်ဆိုသည်မှာ ယခုအခါ ပိုမိုပေါ်လွင်လာပြီဖြစ်ကြောင်း မြေလတ် ထောင်တွင်း နိုင်ငံရေး ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အင်အားစုများက ပြောကြားသည်။
အာဏာရှင်တို့၏ လူမျိုးတုန်းသတ်ဖြတ်မှုများ ၊ စစ်ရာဇဝတ်မှုများ၊ လူသားဆန့်ကျင်ရာဇဝတ်မှုများ၊ ရွာ လုံးကျွတ် မီးရှို့မှုများကို ကြံ့ကြံ့ခံရပ်တည်၍ ဆက်လက်တော်လှန် ပုန်ကန်နေသော CDM ဝန်ထမ်းများ၊ ပြည်သူလူထု၏ လိုလားချက်၊ ဖက်ဒ ရယ် ဒီမိုကရေစီ ပန်းတိုင်အတွက် ကမ္ဘာနိုင်ငံအချို့၏ မျက် ကွယ် ပြုမှုအောက်တွင် ရရာလက်နက်စွဲ ကိုင် ရင်း တိုက်ပွဲဝင်နေသော ရဲဘော်အပေါင်း၊ မြန်မာနိုင်ငံ၏ သမိုင်း တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပြီးလျှင် ညီညွတ်မှုအရှိဆုံးသော စည်းလုံးမှုကို ပြသနိုင်သည့် NUG အစိုးရနှင့် EAO တိုင်းရင်းသားလက်နက်ကိုင်များအားလုံးကို လေးစားစွာ ဦးညွတ်ပါသည်ဟု ဆိုသည်။
အခြေအနေအရ နိုင်ငံတကာအသီးသီးသို့ ရောက်ရှိနေကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမအနေ ဖြင့်လည်း တရားမဝင် စစ်ကောင်စီ ပြုတ်ကျရေးအတွက် လက်ရှိအဟုန်ထက်ပို အရှိန်မြင့်လုပ်ဆောင် ပေးပါရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း၊ ခေတ်အဆက်ဆက် မြန်မာပြည်သူလူထု၏ လူ့အခွင့် အရေး၊ ဒီမိုကရေစီရရှိရေး၊ တရားမျှတမှုရရှိရေး တို့အတွက် စွန့်လွှတ် ပေးလှူခဲ့ရသည့် အသက်များ၊ ဘဝများအပေါ် စာနားလည်ထောက်ခံပေးခဲ့သော သူများသည် ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်လိမ့် မည်ဖြစ်ကြောင်း မြေလတ်ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ အင်အားစုများက သဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်ကြောင်း သိရသည်။
မြေလတ်ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများ အင်အားစုများ အနေဖြင့် လူ့အခွင့်အရေး နှင့်ဖက်ဒရယ် ဒီမိုကရေစီ အရေးအပေါ် တန်ဖိုးထားပြီး ပြည်သူလူထု ပြည်သူလူထုလိုလားသော လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်သည်အထိ သက်ဆုံးတိုင်ကြိုးပမ်းဆောင်ရွက်သွား မည် ဖြစ်ကြောင်း ကတိသစ္စာပြုကြောင်း မြေလတ်ထောင်တွင်း နိုင်ငံရေး ထောင်တွင်းနိုင်ငံရေးအကျဉ်းသား အင်အားစုများက ပြောဆိုလိုက်သည်။
FOEIM ကျောင်းသား ၃၀၀ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု
စစ်တပ်ထံ FOEIM ကျောင်းသား ၃၀၀ ၏ အမည်၊ဖုန်းနံပါတ်၊ ဖခင်အမည် များ ပေါက်ကြားမှု မိဘများ ခြိမ်းခြောက် ငွေညှစ်ခံရမှုတချို့ ဖြစ်ပေါ်နေ၊ ကျောင်း သားမိဘများ လိုအပ်ပါက အရေးပေါ် နေရာ ပြောင်းရွှေ့ရန် အကြံပြု
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ခေတ်သစ်
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်လော်ဘီများက FOEIM ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တယ်လီဂရမ် နံပါတ်၊ ဖခင်ဖြစ်သူအမည် ဆိုင်ရာ အချက်အလက်များ ၎င်းတို့ထံ ပေါက် ကြား လာကြောင်း ဖော်ပြပြီးနောက် ဖုန်းဆက်၍ ခြိမ်းခြောက် ငွေညှစ်ခံရမှုများရှိနေကြောင်း ကျောင်းသား မိဘတချို့ထံမှ သိရှိရသည်။
"မနေ့ညက ၁၂ နာရီလောက်ထင်တယ်။ ထောင်မကျချင်ရင်၊ အကြမ်းဖက်မှု ဥပဒေနဲ့ ပိုင်ဆိုင်မှုတွေ ချိတ် ပိတ်မခံချင်ရင် ငွေ သိန်း ၁၀၀ ပေးရမယ်။ Wave သို့မဟုတ် K-pay ကနေ လွှဲပေးရမယ်။ နို့မဟုတ်ရင် ဖုန်းနံပါတ်ကို Register လုပ်ထားတဲ့လိပ်စာကနေ လိုက်ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒါနဲ့ ဖုန်းချပစ်လိုက်တယ်။ အဲဒီဖုန်းကတ်ကို ထုတ်လိုက်တယ်။ ဖုန်းနံပါတ်ကို မှတ်ပုံ တင်ထားတဲ့ လိပ်စာကနေ ညတွင်းချင်း ရပ်ကွက်ထဲ အခြားနေရာတစ်ခုကို မိသားစုလိုက် ရွှေ့လိုက်တယ်။ ဒီနေ့တော့ အခြားမြို့နယ် ပြောင်းနေမယ်" ဟု FOEIM ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးကလည်း စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများက FOEIM တွင် တက်ရောက်သည့် ကျောင်း သား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ ဖခင်အမည်၊ အီးမေးလ်နှင့် တယ်လီဂရမ်နံပါတ်များကို ဖော်ပြထားသော အချက်အလက်များ ပေါက်ကြားသွားသဖြင့် သတိပြုကြရန် တိုက်တွန်းထားပြီး အရေးပေါ် လုပ်ဆောင်ရန် အချက် ၄ ချက်ကို ထုတ်ပြန်သည်။
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက တိုက်တွန်းရန် လုပ် ဆောင် ထားသည့် အရေးပေါ် အချက် ၄ ချက်မှာ
၁။ Data ပေးစဥ်တွင်ဖော်ပြခဲ့သော Sim Card ဖုန်းနံပါတ်များအား အသုံးပြုမှုယာယီရပ်နားထားခြင်း၊
၂။ မိမိ၏ Device များအတွင်းရှိသော တော်လှန်ရေးဆိုင်ရာ Data အချက်အလက်များအားဖျက်ထားခြင်း၊
၃။ မိမိ၏အိမ်နေရာဌာနတွင် သတိနှင့်နေထိုင်ခြင်း၊
၄။ မိမိ၏ ဖုန်းSim Cardများအသုံးပြု၍ဖုန်းပြောရာတွင် တော်လှန်ရာဆိုင်ရာစကားလုံးများအားထည့်သွင်း ဖော်ပြမှုမပြုခြင်း တို့ပြုလုပ်ကြပါရန် အထူးတိုက်တွန်းနှိုးဆော်ထားသည်။
အချက်အလက်ပေါက်ကြားမှုနှင့်ပတ်သက်၍ FOEIM၏ တာဝန်ရှိပုဂ္ဂိုလ်များမှ တာဝန်ခံစေရန်၊ သတင်းပေးဒလန်အားအမြန်ဆုံးဖော်ထုတ်ပေးရန် တိုက်တွန်းနှိုးဆော်အပ်ကြောင်း အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးက ထုတ်ပြန်ထားသည်။
"ပေါက်ကြားသွားတဲ့ အချက်အလက်တွေမှာ မှတ်ပုံတင်နံပါတ်တို့ လိပ်စာတို့ တိုက်ရိုက် ပါသွားတာတော့ မရှိဘူး။ ဒါပေမယ့် ဖုန်းနံပါတ်နဲ့ ကျောင်းသားနာမည်။ ဖခင်နာမည်တွေပါနေတော့ နာမည်အရင်း မပေးထား ရင်တော့ ကောင်းတယ်။ နာမည်အရင်း ပေးထားရင် ဖုန်းကို Register လုပ်ထားတဲ့ မှတ်ပုံတင်နံပါတ်၊ လိပ်စာကနေ လိုက်လာနိုင်တယ်။ အဲဒီတော့ အချိန်ရပါတယ်။ ချက်ချင်းကြီး သူတို့ လာမဖမ်းနိုင်ဘူး။ အဓိက လုပ်သင့်တာက အချက်အလက်ထဲမှာ ပေးထားတဲ့ ဖုန်းနံပါတ်၊ အီးမေးလ်၊ တယ်လီဂရမ်ကို မသုံးနဲ့တော့။ ဖြစ်နိုင်ရင်တော့ နေရာပြောင်းရွှေ့နေပါလို့ အကြံပြုချင်ပါတယ်" ဟု ရန်ကုန်မှ နည်းပညာကျွမ်းကျင်သူတစ်ဦးက အကြံပြု ပြောဆိုသည်။
Free Online Educational Institution Myanmar- FOEIM သည် ကြားကာလတွင် ပြည်သူ့ပညာရေးတည်ဆောက်ခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးကို စဉ်ဆက်မပြတ်ရရှိစေခြင်း စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကြားကာလပညာရေးကျောင်းဖြစ်ကြောင်း၊ NUG ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်လျက်ရှိသော ကျောင်းဖြစ်ကြောင်း အဆိုပါကျောင်းက ထုတ်ပြန် ကြေညာထားသည်။
စကော့ မာစီရယ် -အာဆီယံ အလုပ်မဖြစ်တော့၍ အမေရိကန် ဦးဆောင်ရဖို့ ဖြစ်လာ
အာဆီယံဖြေရှင်းဖို့ခက်နေတဲ့ မြန်မာ့အရေး အမေရိကန်ဦးဆောင်သင့်ပြီလို့ သံအမတ်ဟောင်းပြော
အမေရိကန်အစိုးရအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပြီး မကြာသေးခင်က အတည်ပြုလိုက်တဲ့ ဥပဒေအရ NUG အစိုးရနဲ့ သူ့မဟာမိတ်တွေကို ရန်ပုံငွေ ပိုပြီးထောက်ပံ့သင့်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း စကော့မာစီရယ်က ဆိုပါတယ်။
နေရိန်ကျော် (ဝါရှင်တန်ဒီစီ) RFA
2023-02-21
အမေရိကန်ပြည်ထောင်စု မင်နီဆိုတားပြည်နယ်တွင် ၂ဝ၂၁ ခုနှစ် မတ်လ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုအတွင်း ပူးပေါင်းပါဝင်နေကြသည့် ပြည်ပရောက် တိုင်းရင်းသားတချို့။ AFP
စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေရဲ့အုံကြွတော်လှန်မှုဟာ အဖြေမတွေ့သေးဘဲတတိယမြောက်နှစ်ထဲ ရောက်လာသလို နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း ဒီအကျပ်အတည်းပြီးဆုံးအောင်ကူညီရာရောက်မယ့် အလားအလာကောင်းတဲ့ နည်းဗျူဟာမပေးနိုင်သေးတာ တွေ့ရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က Nikkei Asia (နီကေးအေးရှား) စာစောင်မှာ မနေ့ကရေးသားလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာ အရှေ့တောင်အာရှနိုင်ငံများရဲ့ခေါင်းဆောင်တွေဟာ မြန်မာပြည်မှာ အကြမ်းဖက်မှုတွေ ရပ်ပြီး စေ့စပ်ညှိနှိုင်းအဖြေရှာရေးနဲ့ ပြေလည်ဖို့ ဘုံသဘောတူညီချက် ငါးရပ်ကို ချမှတ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီရဲ့ ခေါင်းမာတဲ့ ရပ်တည်ချက်ကြောင့်ရော၊ ဘယ်လိုဆွေးနွေးပွဲကမှ ညှိနှိုင်းလို့ရမှာ မဟုတ်ဘူးဆိုတဲ့သံသယတွေကြောင့်ပါ အာဆီယံဘုံသဘောတူချက်တွေဟာ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒီလထဲ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ဘုံသဘောတူညီချက် အကောင်အထည်ပေါ်လာအောင် ဆက်ပြီးဆောင်ရွက်ကြမယ်လို့ ပြောဆိုကြပေမယ့်၊တိုးတက်မှု မရှိခဲ့တာကို စိတ်ပျက်လက်ပျက် ဖြစ်ရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာ လူတော်တွေဖြစ်တယ်လို့ဆိုပါတယ်။ ဘာလို့လဲဆိုရင် အာဆီယံအသင်းဝင် နိုင်ငံတွေကြားမှာအမြင်မတူတာတွေ ရှိခဲ့သလို အဖွဲ့ဝင်အားလုံး သဘောတူနိုင်တဲ့ ပိုကောင်းတဲ့အဆင့်ကို ချဉ်းကပ်ဖို့မဖြစ်နိုင်တာသိနားလည်တဲ့အတွက် ဒီလမ်းကြောင်းကို ဆက်လျှောက်ဖို့က လွဲပြီး တခြားမရှိကြဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
ဒီလိုလမ်းပိတ်နေတဲ့အခြေအနေက အမေရိကန်ကို ပတ်သက်စေခဲ့ပါတယ်။ သက္ကရာဇ် ၂ဝဝဝ ပြည့်လွန်နှစ်တွေကအခြေအနေကို ပြန်ကြည့်ရင် အဲဒီအချိန်မှာ အမေရိကန်က မြန်မာစစ်အစိုးရကို အရေးယူပိတ်ဆို့ပြီး အထီးကျန်အဖြစ်ထားမယ့် မူဝါဒအတွက် စည်းရုံးနေတဲ့အချိန်မှာ အာဆီယံအသင်းက မြန်မာစစ်အစိုးရနဲ့စေ့စပ်ဆက်ဆံခဲ့ပါတယ်။
အဲဒီအချက်က အမေရိကန်အစိုးရနဲ့ အာဆီယံဆက်ဆံရေးကို အနှောင့်အယှက် ဖြစ်စေခဲ့သလို နှစ်ဖက်စလုံးအတွက် စိတ်မသက်မသာ ဖြစ်စေခဲ့ပါတယ်။
၂ဝ၂၂ ခုနှစ် မေလ ၁၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံမြင်ကွင်းတစ်ခု။ (Photo: Reuters)
လက်ရှိအကျပ်အတည်းမှာတော့ အမေရိကန်က အာဆီယံရဲ့ကြိုးစားမှုကို ပိုပြီးအလေးထားပေးခဲ့ပါတယ်။ ဒီလိုချဉ်းကပ်မှုက အကြမ်းအားဖြင့် လက်ခံလို့ရသဖွယ်ဖြစ်ခဲ့ပြီး အမေရိကန်က အာဆီယံရဲ့ အရေးပါမှုကို ပံ့ပိုးခဲ့ပါတယ်။ အဲဒီအပြင် အမေရိကန်အစိုးရမှာ ပိုကောင်းတဲ့ အကြံဉာဏ်သစ် မရှိတဲ့အချက်ကိုလည်း ဖုံးကွယ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်တဲ့ အာဆီယံရဲ့ ကြိုးပမ်းချက်ကို ကျော်လွှားနိုင်ဖို့ မြန်မာ့အရေးကို သမ္မတ ဘိုင်ဒင်အစိုးရအဖွဲ့အနေနဲ့ ဝင်ရောက်ဆောင်ရွက်အောင် တောင်းဆိုဖို့ပဲ ဖြစ်သင့်တယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်းစကော့မာစီရယ်က ထောက်ပြပါတယ်။
အာဆီယံရဲ့ မအောင်မြင်တဲ့ချဉ်းကပ်မှုကိုလည်း အမေရိကန်က ဆက်ပြီး ထောက်ခံပေးနေသလို၊ တစ်ဖက်မှာလည်း အမှောင်ထဲက လူတွေကို အလင်းပိုပြနိုင်ဖို့ မြန်မာပြည်သူတွေနဲ့အတူ ဆက်ပြီးရပ်တည်နေတယ်ဆိုတာသန္နိဋ္ဌာန်ချပါ၊ ပြီးတော့ အမေရိကန်အစိုးရ ရပ်တည်ပြောဆိုနေတဲ့ ငြိမ်းချမ်းစွာ အဖြေရှာရေးဆိုတာ တကယ်တော့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရစရာ မရှိတော့ဘူးလို့ ဆောင်းပါးရှင်က ဆိုပါတယ်။ အမေရိကန်က ပါဝင်ဆောင်ရွက်ဖို့ ကြာလေ၊ ယုံကြည်လေးစားမှု ပိုဆုံးရှုံးလေ ဖြစ်မယ်လို့လည်း ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ ခုခံတော်လှန်မှုကို အပြည့်အဝထောက်ပံ့မယ့် မူဝါဒတစ်ခု ချမှတ်ဆောင်ရွက်ဖို့အတွက် အမေရိကန်အစိုးရအဖွဲ့ဝင်တွေ မစွန့်စားရဲတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလိုစွန့်စားလုပ်ကိုင်ဖို့ စိုးရွံ့နေရင် အကြမ်းဖက်မှုတွေပဲ ပိုဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ဒါမှမဟုတ်လည်း မတူကွဲပြားနေတဲ့အဖွဲ့တွေအနေနဲ့ စစ်တပ်ကို တကယ် တိုက်ထုတ်နိုင်မလား၊ တိုက်ထုတ်ပြီးရင်ရော တိုင်းပြည်ကို အတူလက်တွဲနိုင်မလားဆိုတာ မေးမြန်းစုံစမ်းသင့်တယ်လို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီကိုတရုတ်က ပိုပြီးထောက်ပံ့လာမယ့် ကိစ္စကိုလည်း အမေရိကန်အာဏာပိုင်တွေ စိုးရိမ်နေတာလည်း ဖြစ်ကောင်းဖြစ်မယ်လို့ ဆိုပါတယ်။
၂ဝ၂၂ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု လွှတ်တော်အဆောက်အဦ (Capitol Hill) ရှေ့တွင်NUG အစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပေးရန် မြန်မာပြည်ဖွားများ တောင်းဆိုဆန္ဒပြကြစဉ်။(Photo: U Aung Myo Min/Facebook)
ဒါမှမဟုတ်လည်း မပြီးမြောက်သေးတဲ့ ယူကရိန်းကိစ္စ ရှိနေသေးလို့လည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဘယ်လိုအကြောင်းပြချက်ပဲ ရှိနေပါစေ၊ အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုမှာ တော်လှန်ရေးအင်အားစုတွေဘက်မှာရပ်တည်ဖို့ သီအိုရီအရ ရှိနေပါတယ်။ ဒါပေမဲ့ အနိုင်ရအောင် ကူညီဖို့ ပါဝင်ပတ်သက်မှုနဲ့ လိုအပ်ချက်တွေ မပေးသေးပါဘူး။
အကျပ်အတည်းကနေ ထွက်ပေါက်ရမယ့်တစ်ခုတည်းသော နည်းလမ်းက မြန်မာစစ်ကောင်စီကို အောင်မြင်အောင်ဖြုတ်ချမယ့် တော်လှန်ရေးအတွက် ဖြစ်တယ်ဆိုတာ မူဝါဒချမှတ်သူတွေအနေနဲ့ သတိချပ်သင့်တယ်လို့ ဆိုပါတယ်။
ခုခံတွန်းလှန်မှုကို ထောက်ပံ့တာဟာ ပိုပြီးစွန့်စားရပါတယ်။ ဒါဆို အမေရိကန်အနေနဲ့ ဘာလုပ်သင့်သလဲ။ ပထမဦးဆုံးအနေနဲ့ကတော့ အာဆီယံကို ထပ်ခါတလဲလဲ တိုက်တွန်းဖိအားပေးတာ မလုပ်သင့်တော့ပါဘူး။ အဲဒီလိုလုပ်တာဟာ ခုတ်ရာတစ်လွဲ ရှရာတခြား ဖြစ်သွားနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုံသဘောတူညီချက်ငါးရပ်ကိုထွက်ပေါက်တစ်ခုလို ကြိုးစားနေတာရပ်သင့်ပါပြီလို့ ဆောင်းပါးရှင်က ဆိုပါတယ်။
၂ဝ၂၃ မှာ အာဆီယံဥက္ကဋ္ဌတာဝန်ရှိလာတဲ့ အင်ဒိုနီးရှားရဲ့ချဉ်းကပ်မှုကို အမေရိကန်အနေနဲ့ ထောက်ပံ့သင့်သလို၊အာဆီယံရဲ့ ကြိုးပမ်းချက်ကိုလည်း လက်လွှတ်ဖို့မလိုအပ်ဘူး၊ ဒါပေမဲ့ အာဆီယံရဲ့ဆောင်ရွက်ချက်နဲ့လည်း တုတ်နှောင်မနေသင့်ဘူးလို့ ဆိုပါတယ်။
တစ်ဖက်ကလည်း အာဆီယံရဲ့ဗျူဟာကို အသာထားပြီး၊ တော်လှန်ရေးအင်အားစုကို ပိုထောက်ပံ့ဖို့၊ ဒါမှမဟုတ် စစ်ကောင်စီကို ပိုပြီးချိနဲ့အောင်လုပ်ဖို့ သင့်ပါတယ်လို့ ဆိုပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ NUG အစိုးရရောတခြားတော်လှန်ရေး အဖွဲ့တွေနဲ့ပါ တစ်ပြိုင်နက်တည်း ပိုပြီးအဆင့်မြှင့်ပူးပေါင်းဆောင်ရွက်ဖို့ သင့်တယ်လို့ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အဆင့်မြင့်အရာရှိချင်း လက်ခံတွေ့ဆုံတာဟာ အကောင်းဘက်ကို ဦးတည်သလို ဒီထက်ပိုပြီးတော့လည်း နိုင်ငံတော်အဆင့်ဝန်ကြီးအပါအဝင် ပုံမှန်ဆက်လက်ဆွေးနွေးသင့်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့လည်း မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ခန့်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးဖို့၊ ပိတ်ဆို့အရေးယူမှုမှာ အရေးပါအရာရောက်တဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ သံအမတ်ဟောင်း စကော့မာစီရယ်က တိုက်တွန်းရေးသားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ချပြီး မကြာသေးခင်က အတည်ပြုလိုက်တဲ့ ဥပဒေအရ NUG အစိုးရနဲ့ သူ့မဟာမိတ်တွေကို ရန်ပုံငွေ ပိုပြီးထောက်ပံ့သင့်တယ်လို့ ဆိုပါတယ်။
ထောက်ပံ့ပေးတဲ့ ရန်ပုံငွေတွေကို တော်လှန်ရေးအင်အားစုတွေ တာဝန်ခံမှု ရှိနိုင်ပါ့မလားဆိုတာ အမေရိကန်အစိုးရအနေနဲ့ စိုးရိမ်စရာရှိနိုင်ပါတယ်။ အမေရိကန် အစိုးရအဖွဲ့တွေအနေနဲ့ ဒါကြောင့် အကူအညီပေးဖို့စိုးရိမ်နေတာ လို့ဆိုမယ့်အစား သူတို့ကို သင်တန်းတွေ ပေးသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဆီ လက်နက်တွေ တိုက်ရိုက်ပို့ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေး အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ NUG အစိုးရအနေနဲ့ လက်နက်ဝယ်ဖို့ ဒီငွေတွေကိုအသုံးပြုနိုင်ပါလိမ့်မယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တော်လှန်ရေးအင်အားစုတွေကြားမှာ ဆက်သွယ်ရေးကောင်းအောင် လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ဖို့နဲ့ပြည်သူတွေ အင်တာနက်သုံးနိုင်အောင် ကြိုးစားပေးဖို့ အမေရိကန်အစိုးရအနေနဲ့ စဉ်းစားသင့်တယ်လို့ ထောက်ပြပါတယ်။
စစ်ကောင်စီရဲ့လေကြောင်းကနေ တိုက်ခိုက်နိုင်မယ့်စွမ်းရည်ကို ဘယ်လိုခုခံကာကွယ်မလဲ ဆိုတာ ကူညီစဉ်းစားအကြံဉာဏ်ပေးနိုင်မယ့် စစ်ရေးကျွမ်းကျင်သူတွေကို အမေရိကန် အစိုးရအနေနဲ့ စုပေးနိုင်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်ဟာ မြန်မာပြည်မှာ ဒီမိုကရေစီနည်းနဲ့အရပ်သားအစိုးရ အုပ်ချုပ်ရေးစနစ် ဖြစ်လာအောင် ဆယ်စုနှစ်နဲ့ချီ ကူညီပံ့ပိုးခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအကျပ်အတည်းက အဲဒီကြိုးပမ်းချက်ကို အရှိုက်ထိုးခံရသလိုဖြစ်သွားပါတယ်။
ဒါကြောင့် မြန်မာပြည်ဒီမိုကရေစီနိုင်ငံပြန်ဖြစ်ဖို့ လက်ရှိအာဆီယံရဲ့နည်းလမ်းဟာ အလုပ်မဖြစ်ဘူးဆိုတာ သတိမူရင်း၊ မဟာမိတ် အာဆီယံကိုလည်း ဆက်လက် ထောက်ခံရင်း၊ တစ်ဖက်မှာလည်း လိုအပ်နေတဲ့ ခေါင်းဆောင်မှုနေရာကနေ ထောက်ပံ့သင့်၊ ထောက်ပံ့နိုင်ပါတယ်လို့ ဆောင်းပါးရှင် သံအမတ်ဟောင်း စကော့မာစီရယ်က ရေးသားလိုက်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။











