နောက်ဆုံးရ

လုပ်ပိုင်ခွင့်တွေကို မိသားစု သားသမီးတွေ နာမည်နဲ့ လွှဲပြောင်းထားတဲ့အောင်လင်းဒွေး

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ဗိုလ်ချုပ်ကြီးတွေကြားမှာ ပုံစံတစ်ခု ထင်ရှားလာပါတယ်။ ကိုယ့်လက်ထဲက လုပ်ပိုင်ခွင့်၊ တင်ဒါ၊ စီးပွားရေးအခွင့်အလမ်းတွေကို ကိုယ့်နာမည်နဲ့ မဟုတ်ဘဲ မိသားစု၊ သားသမီးတွေရဲ့ နာမည်နဲ့ လွှဲပြောင်းထားတဲ့ ပုံစံပါ။ အနာဂတ်မှာ ကိုယ့်ချမ်းသာမှုကို စုံစမ်းစစ်ဆေးခံရမယ့်အရေးကို ကြိုတင်ကာကွယ်တဲ့သဘော၊ ဒါမှမဟုတ် ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲတဲ့သဘောလို့ သုံးသပ်သူတွေက ဆိုပါတယ်။ ဒီပုံစံရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ဗိုလ်ချုပ်ကြီး (ငြိမ်း) အောင်လင်းဒွေးပဲ ဖြစ်ပါတယ်။
အောင်လင်းဒွေးဟာ ၁၉၆၂ ခုနှစ် မေလ ၃၁ ရက်မှာ မွေးဖွားပြီး စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်းပါ။ စစ်ဥပဒေချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (စစ်ကောင်စီ) ရဲ့ အတွင်းရေးမှူး ဖြစ်လာခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်အထိ အဲဒီတာဝန်ကို ထမ်းဆောင်ခဲ့ပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကနေဒါတို့ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ခံထားရသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ သားသမီး ၃ ဦးဖြစ်တဲ့ သမီး ရွှေရည်ဖူးအောင်၊ သား လှိုင်ဘွားအောင်၊ သား ဖြိုးအာကာအောင်တို့ဟာ အောင်မြင့်မိုးလင်း၊ မင်္ဂလာအောင်မြေ ဆောက်လုပ်ရေးကုမ္ပဏီ ၂ ခုနဲ့ ရွှေရည်ဖြိုးပြည့် ထုတ်လုပ်ရေးကုမ္ပဏီကို ပိုင်ဆိုင်ထားပြီး၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အစိုးရတင်ဒါကြီးတွေ အများအပြား ရရှိခဲ့တယ်လို့ Myanmar Now သတင်းဌာနက ၂၀၂၂ ခုနှစ်မှာ ဖော်ပြခဲ့ပါတယ်။
ဖော်ပြထားတဲ့ သတင်းတွေအရ မင်္ဂလာအောင်မြေ ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် မတ်လအတွင်း ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အကျဉ်းဦးစီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ပညာရေးနဲ့ လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေက တင်ဒါတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ရန်ကုန်က လမ်းလုပ်ငန်းရှင်တစ်ဦးရဲ့ ပြောကြားချက်အရ တင်ဒါတချို့ဟာ အောင်လင်းဒွေးရဲ့ သားသမီးတွေရဲ့ ကုမ္ပဏီတွေကို အရင်ပေးပြီး၊ ပြီးမှ တခြားလုပ်ငန်းရှင်တွေကို ပြန်အပ်တဲ့ပုံစံမျိုးလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အောင်မြင့်မိုးလင်း ကုမ္ပဏီကတော့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသုံးဘောပင်နဲ့ ခဲတံတွေ ထောက်ပံ့တင်ဒါကို ဈေးကွက်ပေါက်ဈေးထက် မြင့်တဲ့ဈေးနဲ့ ရရှိခဲ့ပြီး သိန်းသောင်းချီ အမြတ်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် သား ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုးလင်း ကုမ္ပဏီဟာ ကျောက်မီးသွေးတူးဖော်ခွင့်လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
နေပြည်တော်မှာလည်း သိုက်ချောင်းလမ်းဆုံကနေ ဆေးရုံအထိ လမ်းဖောက်လုပ်ငန်း၊ မင်းအောင်လှိုင်ရဲ့ ရုံးသွားလမ်းကြောင်းပေါ်က လမ်း နဲ့ တံတား အဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို သားသမီး ၃ ဦးနဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေက ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ သိုက်ချောင်းလမ်းဆုံအနီး ၄ ဧကလောက် ကျယ်ဝန်းတဲ့ ကွန်ကရစ်လုပ်ငန်းဟာလည်း အောင်လင်းဒွေး မိသားစုပိုင်ဖြစ်တယ်လို့ ဒေသခံသတင်းတွေအရ သိရပါတယ်။
ကုမ္ပဏီမှတ်တမ်းတွေအရ မင်္ဂလာအောင်မြေ ကုမ္ပဏီရဲ့ ဒါရိုက်တာအဖြစ် ဇနီးဖြစ်သူ ဒေါ်ဥမ္မာမြင့်ရဲ့ နာမည် ပါဝင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အောင်လင်းဒွေးရဲ့ တူမဖြစ်သူ ဆုမြတ်နန္ဒာအောင် (ခေါ်) စုလင်ရှိန်ဟာ MRTV-4 ရဲ့ မင်းသမီးတစ်လက်ဖြစ်နေတယ်လို့လည်း သိရပါတယ်။
သုံးသပ်သူတွေရဲ့ အဆိုအရ တင်ဒါတန်ဖိုး သိန်း ၅၀၀ ကျော်တဲ့ လုပ်ငန်းတွေမှာ ပုဂ္ဂလိကကုမ္ပဏီတွေထက် မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီးတွေရဲ့ ကုမ္ပဏီတွေကို ဦးစားပေးအပ်နှံလေ့ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သား ဖြစ်နေရုံနဲ့တင် တင်ဒါရဖို့ လုံလောက်တယ်ဆိုတဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီပုံစံဟာ အောင်လင်းဒွေးတစ်ဦးတည်းရဲ့ ကိစ္စ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် မတ်လမှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနဟာ မင်းအောင်လှိုင်ရဲ့ သားနဲ့သမီး ၂ ဦးနဲ့ သူတို့ရဲ့ ကုမ္ပဏီ ၆ ခုကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ ဖခင်ရဲ့ ရာထူးနဲ့ လွှမ်းမိုးမှုကနေ တိုက်ရိုက်အကျိုးခံစားခဲ့ရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။
နိုင်ငံရေးအကဲခတ်တွေကတော့ ဒါဟာ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွှဲဖို့၊ ကိုယ့်လက်ထဲက လုပ်ပိုင်ခွင့်တွေကို မိသားစုနာမည်ခံနဲ့ ဆက်ထိန်းထားဖို့ နည်းလမ်းတစ်ခုလို့ သုံးသပ်ကြပါတယ်။ တော်လှန်ရေးအောင်မြင်ပြီးတဲ့အခါ ဘယ်ကုမ္ပဏီရဲ့ ဒါရိုက်တာ၊ ရှယ်ယာရှင် ဘယ်သူလဲ၊ ဘယ်ဝန်ကြီးဌာနက တင်ဒါရခဲ့လဲ၊ ဘယ်သူ့ကို ပြန်အပ်ခဲ့လဲဆိုတာတွေကို စနစ်တကျ စိစစ်ဖို့ လိုတယ်လို့ တိုက်တွန်းနေကြပါတယ်။
အာဏာရှိတုန်းက လုပ်ပိုင်ခွင့်တွေ၊ တင်ဒါတွေ၊ စီးပွားရေးအခွင့်အလမ်းတွေကို မိသားစု သားသမီးတွေရဲ့ နာမည်နဲ့ လွှဲပြောင်းထားခဲ့တဲ့ မှတ်တမ်းဟာ သမိုင်းမှာ ကျန်ရစ်နေပါပြီ။ ပြည်သူတွေရဲ့ ချွေးနည်းစာနဲ့ တည်ဆောက်ထားတဲ့ တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို မိသားစုစီးပွားရေးအဖြစ် ပြောင်းလဲယူသွားတဲ့ ဒီပုံစံကို နောင်လာနောက်သားတွေ မေ့သွားမှာ မဟုတ်ပါဘူး။

Credit-Don’t forget. ဒီလူတွေကိုမမေ့နဲ့

ဆက်ဖတ်ရန် →

မင်းအောင်လှိုင်သမ္မတလုပ်ခါနီးမှာ ရုတ်တရက် ရှင်းလင်းခံလိုက်ရတဲ့ မြင့်ဆွေ


၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်မှာ ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ နေပြည်တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ အသက် ၇၄ နှစ် ရှိပါပြီ။ စစ်ကောင်စီက နိုင်ငံတော်ဈာပနနဲ့ မြှုပ်နှံပြီး ဩဂုတ်လ ၇ ရက်ကနေ ၁၁ ရက်အထိ ၅ ရက် ဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တကယ့်ဇာတ်လမ်းက ကွယ်လွန်ခြင်းမှာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်၊ ယာယီသမ္မတတာဝန်ကနေ ရုတ်တရက် ဖယ်ရှားခံလိုက်ရတဲ့နေ့မှာ ဖြစ်ပါတယ်။

၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက် မန္တလေးမြို့မှာ မွေးဖွားတဲ့ မြင့်ဆွေဟာ မွန်လူမျိုး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်းပါ။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားရာမှာ သန်းရွှေရဲ့ အမိန့်နဲ့ ဦးဆောင်ခဲ့သူ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကို ဖြိုခွင်းရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၁၁ ကနေ ၂၀၁၆ အထိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ၂၀၁၆ ကနေ ဒုတိယသမ္မတ (၁) — စစ်အုပ်စုရဲ့ သစ္စာရှိလက်ရွေးစင် တစ်ဦးဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ သူဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာ အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖုံးအုပ်ပေးတဲ့ တရားဝင်မှုတံဆိပ်ပေါ့။

သုံးနှစ်ခွဲကြာ သူဟာ ယာယီသမ္မတအဖြစ် ဆက်နေခဲ့ပါတယ်။ ၆ လတစ်ကြိမ် အရေးပေါ်အခြေအနေ သက်တမ်းတိုးတဲ့ အမိန့်တွေမှာ လက်မှတ်ထိုးပေးရုံ၊ စစ်ကောင်စီလိုအပ်တဲ့ စာရွက်စာတမ်းမှန်သမျှကို လက်မှတ်ထိုးပေးတဲ့ ရာဘာတံဆိပ်ပါပဲ။ နိုင်ငံရေးအကဲခတ်တွေက သူ့ကို သန်းရွှေနဲ့ မင်းအောင်လှိုင်တို့ရဲ့ ရုပ်သေးအဖြစ် သုံးသပ်ခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ သူ့မှာ အာရုံကြောနှေးကွေးတုန့်ဆိုင်းရောဂါ၊ ပါကင်ဆန်ရောဂါ စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှာ ကုသခဲ့ပြီး၊ မေလ ၂၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံကြီးမှာ ဆက်လက်ကုသခဲ့ပါတယ်။

ပြီးတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်။ ရုတ်တရက်ပဲ သူ့ရဲ့ ယာယီသမ္မတတာဝန်တွေကို ကျန်းမာရေးမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနေ့ကစပြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတ တာဝန်ကို ယူသွားခဲ့ပါတယ်။ ဝေဖန်သူတွေက ဒီလွှဲပြောင်းမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြခဲ့ကြပေမဲ့၊ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေနဲ့ ညီတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာလို့ အဲဒီအချိန်ကျမှာလဲ။ မြင့်ဆွေဟာ တစ်နှစ်ခွဲကျော်ကြာ နေမကောင်းဖြစ်နေတာပါ။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ယာယီသမ္မတဖြစ်ဖို့ လိုအပ်လာတဲ့ အချိန်ကျမှ၊ အရေးပေါ်အခြေအနေကို ကိုယ်တိုင်သက်တမ်းတိုးပြီး အာဏာကို ကိုယ်တိုင်စုစည်းဖို့ လိုလာတဲ့အချိန်ကျမှ မြင့်ဆွေကို ဖယ်ရှားခဲ့တာပါ။ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်ကတော့ ရှင်းပါတယ်။ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ လမ်းမှာ ဆီးနေတဲ့ အတားအဆီးကို ရှင်းလင်းလိုက်တာပဲ ဖြစ်ပါတယ်။

တာဝန်လွှဲပြောင်းပြီးတဲ့နောက်မှာ မြင့်ဆွေဟာ လူမြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ သူ့ရဲ့ သတင်း၊ သူ့ရဲ့ ပုံရိပ် ဘာတစ်ခုမှ မထွက်ပေါ်လာတော့ပါဘူး။ အသက်ရှင်နေသေးလား၊ ဘယ်မှာလဲဆိုတာတောင် လူအများ မသိခဲ့ကြပါဘူး။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ သူဟာ စစ်ဆေးရုံကို ပြန်လည်တက်ရောက် ကုသခဲ့ရပါတယ်။ ဩဂုတ်လ ၅ ရက်မှာ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာလုံက သတင်းထုတ်ပြန်ခဲ့ပြီး၊ ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဩဂုတ်လ ၁၁ ရက်မှာ နိုင်ငံတော်ဈာပန အခမ်းအနားနဲ့ နေပြည်တော် တပ်မတော်စစ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။

ပြီးတော့ ၂၀၂၆ ခုနှစ် ဧပြီလမှာ မင်းအောင်လှိုင်ဟာ ထောက်ခံမဲ ၄၂၉ မဲနဲ့ ၁၁ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ လမ်းရှင်းသွားပါပြီ။ ရှေ့မှာ ဆီးနေသူ မရှိတော့ပါဘူး။

မြင့်ဆွေရဲ့ ဘဝက စစ်အုပ်စုကို သစ္စာခံသူတွေရဲ့ အဆုံးသတ်ကို ပြသနေပါတယ်။ လိုအပ်တဲ့အချိန်မှာ သုံးတယ်၊ မလိုအပ်တော့တဲ့အချိန်မှာ ဖယ်ရှားတယ်။ အာဏာသိမ်းမှုကို တရားဝင်အောင် လက်မှတ်ထိုးပေးခဲ့သူကို နောက်ဆုံးမှာ ကျန်းမာရေးဆိုတဲ့ စကားလုံးတစ်လုံးနဲ့ သမိုင်းစာမျက်နှာကနေ ဖယ်ထုတ်လိုက်တာပါပဲ။
credit-မေမ့နဲ့(Do not forget)

ဆက်ဖတ်ရန် →
OpenAI ၏ AI မော်ဒယ်များက ဩစတြေးလျနှင့် အမေရိကန်အစိုးရ ဝက်ဘ်ဆိုက်များကို ဖောက်ထွင်းဝင်ရောက်

OpenAI ၏ AI မော်ဒယ်များက ဩစတြေးလျနှင့် အမေရိကန်အစိုးရ ဝက်ဘ်ဆိုက်များကို ဖောက်ထွင်းဝင်ရောက်


OpenAI ၏ ဉာဏ်ရည်တု (AI) မော်ဒယ်များက ယခုနှစ် နွေရာသီအတွင်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် စတော့ဈေးကွက်ဆိုင်ရာ ကြီးကြပ်ရေးကော်မရှင် (SEC) တို့၏ ဝက်ဘ်ဆိုက်များကို ထိုးဖောက်ခဲ့ပြီး ပညာရေးဌာန၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။ ယင်းလုပ်ဆောင်မှုများကို OpenAI ကုမ္ပဏီကိုယ်တိုင်က မသိရှိခဲ့ဘဲ စက်တင်ဘာ ၂၅ ရက်ကမှ ယင်းဖြစ်စဉ်များကို အတည်ပြုပြောကြားခဲ့သည်။

ကုမ္ပဏီ၏ နည်းပညာသည် အများပြည်သူသိရှိပြီးသား အချက်အလက်များမှအပ အခြားအချက်အလက်များကို ဝင်ရောက်ရယူနိုင်ခြင်း မရှိဘဲ အစိုးရ၏ ဒေတာများနှင့် စနစ်များကိုလည်း ပြောင်းလဲခဲ့ခြင်းမရှိကြောင်း OpenAI ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမေရိကန်အစိုးရ၏ အကြီးတန်း IT အရာရှိတစ်ဦးက ဌာနသုံးခုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အမှန်တကယ် ဖြစ်ပွားခဲ့သည်များကို ရှင်းရှင်းလင်းလင်း နားလည်ခြင်းမရှိသေးဟု ထုတ်ပြန်ထားသည်။

ယခုသတင်း ထွက်မလာမီ နှစ်ရက်ကလည်း OpenAI ၏ AI မော်ဒယ်တစ်ခုက ဇွန်လအတွင်း ဩစတြေးလျအစိုးရ၏ ဝက်ဘ်ဆိုက်တစ်ခုကို ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး သီးသန့်အချက်အလက်များကို ရယူခဲ့ကြောင်း ဩစတြေးလျဝန်ကြီးချုပ် အန်သနီ အယ်လ်ဘန်နိဇ်က ကြေညာခဲ့သည်။

အဆိုပါ AI မော်ဒယ်က ဩစတြေးလျ၏ အများပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှုစနစ် Medicare နှင့်ပတ်သက်သည့် စာရင်းအင်းအချက်အလက်များကို ဖော်ပြထားသော Medicare Statistics Reporting Service Portal အတွင်းသို့ ဖောက်ဝင်ခဲ့ခြင်းဖြစ်သည်။

ဩစတြေးလျဝန်ကြီးချုပ်က ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး OpenAI အမှုဆောင်အရာရှိချုပ် ဆမ် အယ်လ်မန်နှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပြီးဖြစ်သည်။ ဩစတြေးလျအစိုးရထံ OpenAI ဘက်က အချိန်ကြာမြင့်ပြီးမှ အသိပေးခဲ့သည့်အပေါ် စိတ်ပျက်မိကြောင်းနှင့် ဥပဒေအရ အရေးယူမှုများ မလွဲမသွေရှိလာမည်ဖြစ်ကြောင်းလည်း ဩစတြေးလျဝန်ကြီးချုပ်က သတိပေးခဲ့သည်။

OpenAI ၏ ထုတ်ပြန်ချက်တွင် ဩစတြေးလျနိုင်ငံနှင့်ပတ်သက်သည့် မေးခွန်းများကို ဖြေဆိုနိုင်ရန် AI မော်ဒယ်များက စမ်းသပ်ရှာဖွေနေစဉ် ဩစတြေးလျအစိုးရ၏ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်းဝန်ဆောင်မှုအချို့ကို ဝင်ရောက်အသုံးပြုခဲ့ကြောင်း၊ ထိုလုပ်ငန်းစဉ်အတွင်း AI မော်ဒယ်များက ရည်ရွယ်ထားခြင်းမရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြခဲ့သည်။

OpenAI က ယင်းဖြစ်ရပ်ကို ဩဂုတ်လအတွင်းမှသာ သိရှိခဲ့ပြီး ဩစတြေးလျအစိုးရ ဌာနတစ်ခု၏ အီးမေးလ်လိပ်စာသို့ စက်တင်ဘာ ၁၀ ရက်တွင် အကြောင်းကြားခဲ့သည်။ ဝန်ကြီးချုပ်က လက်ရှိအချိန်အထိ ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခံရသည်ဟု မယူဆရသော်လည်း ဆက်လက်စုံစမ်းစစ်ဆေးနေသည်ဟု ပြောကြားသည်။

Ref: Politico / BBC
ဆက်ဖတ်ရန် →
ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ "A Night in Bangkok" ရှိုးပွဲ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါ

ဒီကနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ "A Night in Bangkok" ရှိုးပွဲ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါ


စိုင်းစိုင်းရှိုးပွဲလုပ်မယ့် နေ့မှ ဘန်ကောက်တမြို့လုံး အနီရောင်အဆင့် ရေကြီးကာ အရေးပေါ်အခြေအနေတွေ့ကြုံနေရပါပြီ
 ဒီနေ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ ရဲလေး၊ ဘော့ဘီဆောက်ဆာတို့ရဲ့ "A Night in Bangkok" ရှိုးပွဲကြီးကတော့ ပရိသတ်တွေ မျှော်လင့်ထားသလို ဖြစ်မလာတော့ပါဘူး။ မနေ့ စက်တင်ဘာ ၂၅ ရက်ကတည်းက ဘန်ကောက်မြို့တမြို့လုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းမတွေ၊ အိမ်တွေရေမြုပ်ပြီး တမြို့လုံး ရေဘေးဒုက္ခရောက်နေရပါပြီ။  လက်ရှိ မြေပြင်အခြေအနေများ : ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေအပြင် လူတွေပါ အပြင်ထွက်လို့ မရတော့ပါဘူး။ 7/11 တွေနဲ့ စားသောက်ကုန်ပစ္စည်းတွေ အကုန်ပြတ်လပ်နေပြီး Delivery ဝန်ဆောင်မှုတွေလည်း အကုန်ရပ်နားထားရပါတယ်။ ထိုင်းအစိုးရဘက်ကလည်း နောက်ထပ် ၃-၄ ရက် မိုးဆက်တိုက်ရွာနိုင်လို့ အရေးပေါ်အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။  ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပရိသတ်တဦးကတော့ — "စိုင်းစိုင်းရှိုးပွဲကြည့်ချင်လို့ လက်မှတ်ဝယ်ထားတာ ... အခုတော့ ထမင်းစားဖို့တောင် အပြင်ထွက်မရတော့ဘူး၊ ပွဲက ပျက်ပြီထင်တယ်။ စိုင်းစိုင်းကိုက ဒီလို ကံပါတာထင်တယ်၊ သူ ဘာပဲလုပ်လုပ် ဒီလိုအမြဲကြုံရတတ်တယ်။ အခု တခါမှ မဖြစ်ဖူးတဲ့ ဘန်ကောက်တောင် သူရှိုးပွဲလုပ်မှ ရေကြီးပြီး ဒုက္ခရောက်ရပြီ" လို့ ညည်းတွားဝေမျှထားပါတယ်။ ပွဲကို သွားရောက်ဖို့ လက်မှတ်ဝယ်ထားပြီးသား ပရိသတ်တွေနဲ့ ဘန်ကောက်ရောက် မြန်မာညီအစ်ကိုတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ နေထိုင်ကြဖို့ သတိထားကြပါနော်။ 
 #SaiSaiKhamHlaing #ANightInBangkok 
#BangkokFlood #MyanmarCelebrity
ဆက်ဖတ်ရန် →