ရဲရင့်ငယ် — ၃ နိုဝင်ဘာ ၂၀၂၆
မူရင်းမှတ်တမ်း: Network for Democracy and Development (NDD), Documentation and Research Department, Mae Sot, Thailand
အပိုင်း ၉: https://www.yeyintnge.net/2026/10/blog-post_390.html
အပိုင်း ၁၀ ကို ဆက်လက် တင်ပြပါမယ်။
တိုင်းမှူးသစ် ၁၂ ဦး — ခွဲခြမ်းစိတ်ဖြာချက်
အသစ်ခန့်အပ်ခံခဲ့ရတဲ့ စစ်တိုင်းမှူး (၁၂)ဦးကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် စစ်တက္ကသိုလ် (DSA) ကျောင်းဆင်းအရာရှိ (၈)ဦး၊ ဗိုလ်သင်တန်းကျောင်း (OTS) ကျောင်းဆင်းအရာရှိ (၃)ဦးနဲ့ အလုပ်သင်ဗိုလ်သင်တန်း (တေဇ) ကျောင်းဆင်းအရာရှိ(၁)ဦး၊ ရှိတာကို တွေ့ရသည်။ Batch အနေနဲ့ပြောမယ်ဆိုရင် DSA-13 က (၂)ဦး၊ DSA-15 က (၃)ဦး၊ DSA-17 က (၂)ဦး၊ DSA-18 က (၁)ဦး၊ OTS-43 က (၂)ဦး၊ OTS-47 က (၁)ဦး နဲ့ အလုပ်သင်−၁ က (၁)ဦးတို့ ဖြစ်သည်။ တပ်ရင်းတပ်ဖွဲ့ အနေနဲ့ ပြောမယ်ဆိုရင် တပ်မမှူးဘဝက လာသူ (၇)ဦး၊ စကခမှူးဘဝကလာသူ (၄)ဦးနဲ့ ဒကစမှူးဘဝကလာသူ (၁)ဦး၊ တို့ဖြစ်ကြောင်း တွေ့ရှိရသည်။ စစ်တိုင်းမှူးဖြစ်သင့်ပါလျက်နဲ့ ဖြစ်မလာသူတွေထဲမှာ DSA (13, 14, 15, 16) လို စီနီယာကျတဲ့ တပ်မမှူး၊ စကခမှူးတွေ အများအပြားကျန်ခဲ့တာကို တွေ့နိုင်သည်။ စစ်တိုင်းမှူးတစ်ဦးဖြစ်လာဖို့အတွက် စွမ်းရည်(၃)ရပ်၊ မြဲ(၃)မြဲ၊ မြင်(၄)မြင် ပြည်စုံရုံမျှနဲ့ မလုံလောက်ကြောင်း တွေ့ရသည်။ ထိပ်ပိုင်းရာထူးရဖို့ နောက်ထပ် ဘာတွေ လိုသနည်း ဆိုသည်ကို အောက်တွင် ဆက်လက် တင်ပြသွားမည်။
ထိပ်ပိုင်းရာထူးများ — လက်ရွေးစင်စနစ်
မြန်မာ့တပ်မတော်မှာ ကက/ထူး လို့ လူသိများတဲ့ စစ်ရာထူးခန့်ချုပ် (MAG/ Military Appointment General) နဲ့ စစ်ရာထူးခန့်ဘုတ်အဖွဲ့ (MS Board/ Military Service Board) ဆိုတာရှိပေမဲ့ ထိပ်ပိုင်း စစ်ဘက် ရာထူးကြီးတွေဖြစ်တဲ့ တိုင်းမှူး၊ တပ်မမှူး၊ စကခမှူးတွေနဲ့ စစ်ရုံးချုပ် လက်ရုံးအကူဝန်ထမ်းတပ်တွေရဲ့ ညွန်ကြားရေးမှူးအဆင့် တွေကို စစ်အာဏာရှင်ကြီးတွေကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ခန့်ထားလေ့ရှိတာ တွေ့ရသည်။
မဆလခေတ်မှာ စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်းက သူကိုယ်တိုင်ရွေးချယ်ထားတဲ့ တပ်မမှူးတွေကိုသာ စစ်တိုင်း မှူးတွေအဖြစ် တာဝန်ပေးလေ့ရှိသလို နအဖ စစ်အစိုးရခေတ်မှာလည်း စစ်အာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ တပ်မမှူးတွေ၊ စကခမှူးတွေနဲ့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတွေကိုသာ စစ်တိုင်းမှူးတွေအဖြစ်နဲ့ တာဝန်ပေးခန့်အပ်ခဲ့တာ တွေ့ရသည်။ နဝတ၊ နအဖ စစ်အစိုးရခေတ်မှာ စစ်အင်အားတွေကို အလွန်အကျွံ တိုးချဲ့ဖွဲ့စည်း ခဲ့တာကြောင့် တပ်မတွေအပြင် တပ်မတွေနဲ့ဖွဲ့စည်းပုံတူတဲ့ စကခ ခေါ် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေပါ ပေါ်ပေါက်လာခဲ့ပါ တယ်။ ဒါကြောင့် ၂၀၀၁ ခုနှစ်ကစပြီး စစ်တိုင်းမှူးတွေအဖြစ် တာဝန်ပေးခန့်အပ်ရာမှာလည်း တပ်မမှူးတွေထဲကသာမက စကခမှူးတွေထဲကပါ ရွေးချယ်လာရတာဖြစ်သည်။
၂၀၀၁ ခန့်အပ်မှုများ — တပ်မမှူးနှင့် စကခမှူးများ
၂၀၀၁ ခုနှစ်မှာ အသစ်ခန့်အပ်ခံရတဲ့ စစ်တိုင်းမှူးတွေအနက် ဗိုလ်မှူးချုပ်မြင့်ဆွေ၊ ဗိုလ်မှူးချုပ်အေးကြွေ၊ ဗိုလ်မှူးချုပ် မောင်မောင်ဆွေ၊ ဗိုလ်မှူးချုပ်သူရမြင့်အောင်၊ ဗိုလ်မှူးချုပ်ဌေးဦး၊ ဗိုလ်မှူးချုပ်အောင်မင်းနဲ့ ဗိုလ်မှူးချုပ်ရဲမြင့် တို့က တပ်မမှူး တွေဖြစ်ကြပြီး ဗိုလ်မှူးချုပ်မြင့်လှိုင်၊ ဗိုလ်မှူးချုပ်ခင်မောင်မြင့်၊ ဗိုလ်မှူးချုပ်မောင်ဦး၊ ဗိုလ်မှူးချုပ်စိုးနိုင်၊ ဗိုလ်မှူးချုပ်ချစ်သန်း တို့ က စကခမှူးတွေ ဖြစ်ကြသည်။
စည်းပျက်မှုနှင့် စစ်တက္ကသိုလ်ကျောင်းအုပ်သစ်များ
နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာ မြန်မာ့တပ်မတော်ဟာ အလွန်အကျွံ စည်းပျက်ကမ်းပျက် ဖြစ်လာခဲ့သည်။ စစ်တက္ကသိုလ်နဲ့ စစ်သင်တန်းကျောင်းကြီးတွေကို အရင်ကလို “မကောင်းကျောင်းပို့” ခံရတဲ့ ကျောင်းအုပ်ကြီးတွေ ရဲ့လက်ထဲ “ဝ” ကွက်မအပ်ရဲတော့ပဲ တပ်မမှူးတွေထဲက အုပ်ချုပ်ရေးနဲ့စည်းကမ်းပိုင်းမှာ ထူးချွန်သူတွေကိုရွေးချယ်ပြီး စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးတွေအဖြစ် ပြောင်းလဲခန့်အပ် တာဝန်ပေးတဲ့ပုံစံသစ်ကို တီထွင်သုံးစွဲလာခဲ့ရသည်။ ဒါကြောင့် ၂၀၀၃ ခုနှစ်က စပြီး စစ်တိုင်းမှူးတွေအဖြစ်ရွေးချယ်ရာမှာ တပ်မမှူး၊ စကခမှူးတွေထဲကသာ မကတော့ဘဲ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး တွေကိုပါ ထည့်သွင်းရွေးချယ်လာရတာ ဖြစ်သည်။
အုန်းမြင့်နှင့် မင်းအောင်လှိုင် — ကျောင်းအုပ်မှ တိုင်းမှူးသို့
အခု ကက/ကြည်းမှာ ကစထမှူး တာဝန်ကိုထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်အုန်းမြင့် ဆိုရင် တပ်မ(၈၈) တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေရာက ၂၀၀၂ခုနှစ် အောက်တိုဘာလမှာ မေမြို့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်နဲ့ ပြောင်းရွှေ့ခန့် အပ်ခံခဲ့ရပြီး ၂၀၀၃ ခုနှစ် ဩဂုတ်လကျမှ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်နဲ့ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရသူ ဖြစ်သည်။ အလားတူ အခု ကစထမှူးတာဝန်ကို ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် ဆိုရင်လည်း ယွင်က တပ်မ (၄၄)ရဲ့ တပ်မမှူး ဖြစ်ခဲ့သည်။ ၂၀၀၃ခုနှစ် ဩဂုတ်လမှာ မေမြို့ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်းရွှေ့ တာဝန်ပေး ခံရပြီး ၂၀၀၄ ခုနှစ် နိုဝင်ဘာလကျမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။
တိုင်းမှူးရာထူး မက်မောမှုနှင့် အဖားယှဉ်ပြိုင်မှု
တပ်မမှူး၊ စကခမှူးတွေဟာ စစ်တိုင်းမှူးရာထူးကို သိပ်မက်မောကြသည်။ စစ်တိုင်းမှူးဖြစ်လာခဲ့ရင် ကိုယ့်ဒေသ အတွင်း ဘုရင်ငယ်တစ်ဆူလို ဩဇာအာဏာတွေရရှိနိုင်တဲ့အပြင် ဒေသဆိုင်ရာဝန်ကြီးချုပ်တစ်ဦးရဲ့ လုပ်ပိုင်ခွင့်မျိုးတွေကိုလည်း ရရှိလာမှာမို့ ဖြစ်သည်။ စစ်တိုင်းမှူးကတဆင့် ကက/ကြည်းရဲ့ အဆင့်မြင့်ရာထူးတွေကို တဆင့်တက် မျှော်မှန်းနိုင်တဲ့အပြင် အခြေအနေမပေးလို့ ဒီရာထူးတွေကို မရခဲ့ရင်တောင်မှ ဝန်ကြီးအဖြစ်တော့ တာဝန်ပေးခံရဖို့ သေချာနေတာကြောင့် စစ်တိုင်း မှူးရာထူးကို မက်မောကြတာဖြစ်သည်။ ဒါကြောင့် ဒီရာထူးကိုရရှိနိုင်ဖို့အတွက် ဗိုလ်မှူးကြီးအဆင့်လောက်ကတည်းကအကျိတ်အနယ် ကြိုးစားယှဉ်ပြိုင်ကြရသည်ဟု သိရှိရသည်။ ယှဉ်ပြိုင်တယ်ဆိုတာက စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်(၃)ရပ်မှာ ယှဉ်ပြိုင်ကြရတာမဟုတ်ဘဲ ဒီရာထူးရရှိဖို့အတွက် စစ်အာဏာရှင်ကြီးတွေ နှစ် သက် သဘောကျလာအောင် အပြိုင်အဆိုင် ဖားကြရတာ ဖြစ်သည်။
အရာရှိအဆင့် ၃ ဆင့်နှင့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC)
မြန်မာ့တပ်မတော်ရဲ့အရာရှိတွေကို ဗိုလ်၊ မှူး၊ ချုပ် ဆိုပြီး အဆင့်(၃)ဆင့် ခွဲထားသည်။ (ဗိုလ်)အဆင့်မှာ ဒုဗိုလ် အဆင့်ကနေ ဗိုလ်ကြီးအထိပါဝင်ပြီး (မှူး)အဆင့်မှာတော့ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအထိ ပါဝင်ပါ တယ်။ (ချုပ်)အဆင့်မှာ တော့ ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ချုပ်မှူးကြီးအဆင့်အထိ ပါဝင်သည်။ (ဗိုလ်)အဆင့် အရာရှိအားလုံး တပ်မတော် (ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်းတွေကို တက်ရောက်ကြရသည်။ (မှူး)အဆင့် အရာရှိတွေကတော့ ဦးစီးတက္ကသိုလ် ကို တက်ရောက်ကြရသည်။ (မှူး)အဆင့်ကနေ (ချုပ်)အဆင့်ကို တက်လှမ်းမဲ့သူတွေအတွက်ကတော့ နိုင်ငံတော်ကာကွယ် ရေးတက္ကသိုလ် (NDC / National Defence College) ကို တက်ရောက်ကြရသည်။
ဒါကြောင့် စစ်အာဏာရှင်ကြီးတွေက တိုင်းမှူး၊ တပ်မမှူးနဲ့ စကခမှူးတွေအပါအဝင် ထိပ်ပိုင်းစစ်ဘက်ရာထူးကြီးတွေ မှာ တာဝန်ပေးဖို့ရည်မှန်းထားတဲ့ ဗိုလ်မှူးကြီးတွေကိုရွေးချယ်ပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ တက်ရောက်ခိုင်းလေ့ ရှိသည်။ မြန်မာ့တပ်မတော်တစ်ခုလုံးမှာ ယူနီဖေါင်းမချွတ်သေးတဲ့ ဝန်ကြီး၊ ဒုဝန်ကြီးတချို့နဲ့ နယ်ဘက်အရာရှိကြီးတချို့ အပါအဝင် ဗိုလ်မှူးကြီးအဆင့်အရာရှိ စုစုပေါင်း (၃၂၀)လောက်ရှိသည်။ ဒီအထဲက ယုံကြည်စိတ်ချရမဲ့ အသက်ငယ်ရွယ်သူ တွေနဲ့ လာဘ်များများထိုးနိုင်သူတွေကိုသာ ရွေးချယ်ပြီး တက်ခိုင်းလေ့ရှိကြောင်း သိရှိရသည်။
NDC မူဝါဒလမ်းညွှန်အဖွဲ့နှင့် လာဘ်စနစ်
လက်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့မှာ နယကကြီးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဥက္ကဌကြီးက ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး၊ အတွင်းရေးမှူးက ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ အဖွဲ့ဝင်(၈)ဦးက ညှိကွပ်(ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်၊ လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် တို့ ပါဝင်သည်။ ဒါကြောင့် ဒီတက္ကသိုလ်ကို တက်ရောက်ချင်တဲ့ ဗိုလ်မှူးကြီးတွေဟာ ဒီအဖွဲ့မှာပါဝင်တဲ့ ဗိုလ်ချုပ်ကြီးတွေကို သူတို့ရဲ့ ကတော် တွေ၊ မဟေသီတွေထံကတဆင့် လက်ဆောင်အမျိုးမျိုးနဲ့ ချဉ်းကပ်ကြရသည်ဟု သိရှိရသည်။ ဗိုလ်လောင်းတစ်ဦးဖြစ်ဖို့အတွက် တောင် တပ်မတော်ဗိုလ်ရွေးအဖွဲ့ကို သိန်းနဲ့ချီ လာဘ်ထိုးခဲ့ရတာမို့ တပ်မမှူး/စကခမှူးလောင်း၊ တိုင်းမှူးလောင်း၊ နိုင်ငံတော် အကြီးအကဲလောင်းဖြစ်မဲ့ ဒီတက္ကသိုလ်ကို တက်ရောက်ခွင့်ရရှိဖို့အရေးမှာလည်း မူဝါဒဆိုင်ရာလမ်းညွှန်အဖွဲ့ကို ကျပ်ငွေသန်းချီ လာဘ်ထိုးကြရတာဟာ မဆန်းလှဘူးလို့ ဆိုနိုင်သည်။ လာဘ်စားသူတွေဘက်က ကျားကြီးလို့ ခြေရာလည်းကြီးလာတဲ့ သဘော ဖြစ်သလို၊ လာဘ်ထိုးသူတွေဘက်ကလည်း ဘီလီယံမြင်လို့ မီလီယံစွန့်တဲ့သဘောလည်း ဖြစ်နိုင်သည်။
အမှတ်ကောင်းရဖို့ လာဘ်ထိုးမှု — ၂၀၀၆ ဖမ်းဆီးမှုများ
ကျောင်းတက်ခွင့်ရရှိပြန်တော့လည်း အမှတ်ကောင်းကောင်းရမှသာ တပ်မမှူး/စကခမှူးတွေ ဖြစ်မှာမို့ တက္ကသိုလ်က ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနဲ့ ဌာနမှူးတွေကို လာဘ်ထိုးကြရပြန်သည်။ တက္ကသိုလ်တက်ခွင့်ရဖို့အတွက် ကာ ကွယ်ရေးတက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာလမ်းညွှန်အဖွဲ့က သန်းနဲ့ချီလာဘ်စားနေတာကို ဖမ်းဆီးဖေါ်ထုတ် အရေးယူတာမျိုး မကြားခဲ့ဘူးပေမဲ့ သိန်းဂဏန်းအဆင့်လောက်သာ လာဘ်စားရတဲ့ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီးနဲ့ ဌာနမှူးတချို့က တော့ ၂၀၀၆ခုနှစ် နိုဝင်ဘာလမှာ ဖမ်းဆီးအရေးယူတာကို ခံခဲ့ကြရသည်။ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်မိုးဟိန်း၊ ဒုတိယကျောင်း အုပ်ကြီး ဗိုလ်မှူးချုပ်သန်းမောင်နဲ့ ဌာနမှူးတွေဖြစ်ကြတဲ့ ဗိုလ်မှူးကြီးရဲထွန်းဝင်း၊ ဗိုလ်မှူးကြီးဝင်းနိုင်နဲ့ ဗိုလ်မှူးကြီးညွန့်ဝေ တို့ကို လာဘ်စားမှုတွေနဲ့ ဖမ်းဆီးအရေးယူ ဖယ်ရှားပစ်ခဲ့တာ ဖြစ်သည်။
ဗိုလ်ချုပ်မိုးဟိန်းဟာ (DSA)အမှတ်စဉ်(၁၀)ကဖြစ်ပြီး စာအသင်အပြနဲ့ အုပ်ချုပ်မှုကောင်းမွန်တဲ့အတွက် ဗထူး တိုက်ခိုက်ရေးသင်တန်းကျောင်း ကျောင်းအုပ်အဖြစ်ကနေ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် ပြောင်း ရွှေ့ တာဝန်ပေးအပ်ခံခဲ့ရသူ ဖြစ်သည်။ ၁၉၉၄ ခုနှစ် စက်တင်္ဘာ(၁၈)ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ပေး ခံခဲ့ရတဲ့ ဒု-တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ဥာဏ်ဝင်း (DSA-18) ဆိုရင် လည်း လာဘ်စားရာမှာနံမည်ကြီးသူတဦးဖြစ်ပေမဲ့ အထက်ကိုအဖားကောင်းတဲ့အတွက် အရေးယူမခံရတဲ့အပြင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ရာထူးတိုးပေးခံခဲ့ရသည်ဟု သိရှိရသည်။
NDC ၏ ရည်ရွယ်ချက်နှင့် လက်တွေ့
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကို နိုင်ငံတော်က ချမှတ်ထားတဲ့ပေါ်လစီတွေနဲ့အညီ အဂ္ဂမဟာဗျူဟာရည်မှန်းချက် (Grand Strategy) တွေကို အကောင်အထည်ဖေါ်နိုင်ဖို့အတွက် အဆင့်မြင့်ခေါင်းဆောင်တွေ ပေါ်ထွန်းလာအောင် လေ့ ကျင့်ပေးဖို့ ဖွဲ့စည်းထူထောင်ခဲ့တာဆိုပေမဲ့ လက်တွေ့မှာတော့ စစ်အာဏာရှင်စနစ်ကို လက်ဆင့်ကမ်းသယ်ဆောင်ဖို့အတွက် စိတ်ချရတဲ့ လူယုံတပည်ရင်းတွေကို စီစစ်ရွေးချယ်လေ့ကျင့်ပေးတဲ့ကျောင်းသာ ဖြစ်သည်။
NDC အပတ်စဉ် ၁–၅ သင်တန်းဆင်းများ
ဒီနေ့ နိုင်ငံတော်အကြီးအကဲဆိုသူ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ ဒုတိယဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ သီဟသူရတင်အောင်မြင့်ဦး၊ မောင်ဘို၊ ကျော်ဝင်းနဲ့ အုန်းမြင့်တို့ဟာ ၁၉၉၄ ခုနှစ် မတ်လမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အပတ်စဉ်(၁)သင်တန်းဆင်းတွေဖြစ်ပြီး၊ ဒုဗိုလ်ချုပ်ကြီးမြင့်ဆွေ၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်ဌေးဦးနဲ့ ဗိုလ်မှူးချုပ်ကျော်ဆန်း တို့ က ၁၉၉၆ နိုဝင်ဘာလမှာ ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်(၂) သင်တန်းဆင်းတွေ ဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ ခင်မောင်သန်း၊ မြင့်လှိုင်နဲ့ ဗိုလ်ချုပ်တွေဖြစ်ကြတဲ မောင်မောင်ဆွေ၊ စိုးနိုင်၊ ခင်မောင်မြင့်၊ ခင်ဇော်၊ တို့က ၁၉၉၈ ဩဂုတ်လ မှာဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်(၃) သင်တန်းဆင်းတွေဖြစ်သည်။ ဒုဗိုလ်ချုပ်ကြီးတွေဖြစ်ကြတဲ့ သာအေး၊ မြတ်ဟိန်းနဲ့ ဗိုလ်ချုပ်/ ဗိုလ်မှူးချုပ်တွေ ဖြစ်ကြတဲ့ မင်းအောင်လှိုင်၊ ဉာဏ်ဝင်း၊ ဝေလွင်၊ တင်နိုင်သိန်း၊ ခင်ရီ တို့က ၂၀၀၀ ခုနှစ် ဖေဖေါ်ဝါရီလမှာ စတင် ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်(၄)သင်တန်းဆင်းတွေ ဖြစ်သည်။ ဗိုလ်ချုပ်/ဗိုလ်မှူးချုပ်တွေဖြစ်ကြတဲ့ သောင်းအေး၊ လှဌေးဝင်း၊ အောင်သန်းထွဋ် ၊ ခင်ဇော်ဦး၊ သက်နိုင်ဝင်း၊ လှမင်း တို့က ၂၀၀၂ ခုနှစ် ဩဂုတ်လမှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အပတ်စဉ်(၅) သင် တန်းဆင်းတွေ ဖြစ်တာကို တွေ့ရှိရသည်။
သင်တန်း ၇ ခု၊ အရာရှိ ၃၅၁ ဦး — ချောင်ထိုးခံရသူများ
နအဖစစ်အစိုးရဟာ ၁၉၉၄ ခုနှစ်ကစပြီး ၂၀၀၆ ခုနှစ်အတွင်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်း(၇)ခုကို ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ဗိုလ်မှူးကြီးအဆင့်အရာရှိ (၃၅၁)ဦးကို လေ့ကျင့်ပုံသွင်းပေးခဲ့ပြီး ဖြစ်သည်။ ဒါပေမဲ့ ဒီအရာရှိတွေ အားလုံး တပ်မှူး၊ စကခမှူး၊ တိုင်းမှူးနဲ့ နိုင်ငံတော်အကြီးအကဲတွေ ဖြစ်လာခြင်းတော့မရှိပါဘူး။ စစ်အာဏာရှင်ကြီးတွေ ယုံ ကြည်အားကိုးတဲ့ တချို့လောက်သာ တပ်မမှူး စကခမှူး၊ တိုင်းမှူးတွေဖြစ်လာကြပြီး အများစုကတော့ သံအမတ်တွေ၊ စစ်သံ မှူးတွေနဲ့ ညွှန်ကြားရေးမှူးတွေအဖြစ် ချောင်ထိုးခံရ၊ နယ်နှင်ခံခဲ့ကြရသည်။
"တော် (၃) တော်" — ပင်ကိုယ်တော်၊ ဆွေမျိုးတော်၊ အဖားတော်
မြန်မာ့တပ်မတော်မှာ ထိပ်တန်းရာထူးကြီးတွေကိုရရှိဖို့အတွက် စွမ်းရည်(၃)ရပ်ပြည့်စုံနေရုံနဲ့ မလုံလောက်ဘဲ၊ “တော် (၃)တော်”ထဲမှာ အပါအဝင်ဖြစ်တဲ့ “အဖားတော်”ဖို့၊ အကြီးအကဲဆိုသူတွေနဲ့ “ဆွေမျိုးတော်” ဖို့လည်း အရေးကြီးကြောင်း တွေ့ရသည်။
မြန်မာ့တပ်မတော်မှာ ထိပ်တန်းရာထူးကြီးတွေကိုရရှိဖို့အတွက် စွမ်းရည်(၃)ရပ် ပြည့်စုံနေရုံနဲ့ မလုံလောက်ဘဲ “တော် (၃) တော်” ဆိုတဲ့ “ပင်ကိုယ်တော်” ၊ “ဆွေမျိုးတော်”၊ “အဖားတော်” ဖို့လည်း လိုအပ်တယ်လို့ မြန်မာ့တပ်မတော်အတွင်းမှာ ပြော ဆိုနေကြသည်။
မြန်မာ့တပ်မတော်အတွင်းမှာ “ပင်ကိုယ်တော်” သူတွေ အများအပြား ရှိသည်။ ဒါပေမဲ့ ပင်ကိုယ်တော်သူ အများစုဟာ တပ်မတော်ရဲ့ ထိပ်ပိုင်းရာထူးကြီးတွေကို ရရှိလေ့မရှိဘဲ စစ်တက္ကသိုလ်၊ စစ်ကျောင်းတွေမှာ နောက်ဆုံးပိတ်အဆင့်က အောင်ခဲ့ကြသူ တွေကသာ တပ်မတော်ရဲ့ ထိပ်ဆုံးရာထူးကြီးတွေကို ရရှိလာကြတာ တွေ့ရသည်။ လက်ရှိ မြန်မာ့တပ်မတော်ရဲ့ ဦးစီးချုပ်နဲ့ ဒုဦးစီး ချုပ်တွေဆိုရင် ဗိုလ်သင်တန်းကျောင်းနဲ့ စစ်တက္ကသိုလ်တွေမှာ သင်တန်းဆင်းခဲ့စဉ်က သူတို့နောက်မှာ ဆိုင်းဘုတ်ပဲ ကျန်တော့ တယ်လို့ ဆိုစမှတ်ပြုခံခဲ့ရသူတွေ ဖြစ်သည်။
ဦးသောင်း — ပင်ကိုယ်တော်သူမှ အဖားတော်သူသို့
မြန်မာ့တပ်မတော်မှာ “ပင်ကိုယ်တော်” ဖို့ထက် “အဖားတော်” ဖို့နဲ့၊ “ဆွေမျိုးတော်” တတ်ဖို့က ပိုအရေးကြီးတယ် ဆို တာကို အခိုင်အမာသက်သေပြနိုင်တဲ့ သာဓကတွေ အများအပြားရှိသည်။ ဒီသာဓကတွေအနက် အများမြင်သာမဲ့ ဥပမာတစ်ခု အနေနဲ့ နအဖစစ်အစိုးရ သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနရဲ့ ဝန်ကြီးဦးသောင်းရဲ့ ဘဝဖြစ်စဉ်တချို့ကို ထုတ်နှုတ်နှိုင်းယှဉ် တင်ပြလိုပါ တယ်။ ဒီကနေ့ နိုင်ငံတော်အကြီးအကဲဆိုသူရဲ့ သက်တော်ရှည်ဝန်ကြီးတွေထဲမှာ တစ်ပါးအပါအဝင်ဖြစ်နေတဲ့ ဝန်ကြီး ဦးသောင်းဆို သူဟာ ဒုဗိုလ်မှူးကြီးဟောင်း တစ်ဦးဖြစ်သည်။ သူဟာ လက်ရှိ နအဖ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးအပြင် ၁၉၉၇ ခုနှစ် ဘလက်ခ်နိုဝင်ဘာမှာ ဖြုတ်၊ ထုတ်၊ ရှင်း ခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဒုဗိုလ်ချုပ်ကြီး ကျော်ဘ တို့နဲ့အတူ DSA အပတ်စဉ်(၁) ကျောင်းဆင်းအရာရှိတစ်ဦးလည်း ဖြစ်သည်။
ဗိုလ်လောင်းမောင်သောင်းဟာ ပင်ကိုယ်တော်သူတစ်ဦး ဖြစ်တဲ့အတွက် DSA အပတ်စဉ်(၁)မှာ အကောင်းဆုံးဗိုလ်လောင်း (Best Cadet) ဆုကို ရရှိခဲ့သူဖြစ်သည်။ ဒုဗိုလ်မောင်သောင်းရဲ့ ကိုယ်ပိုင်နံပါတ်က (ကြည်း/၇၈၅၆) ဖြစ်ပြီး၊ ဒုဗိုလ်ထွန်းကြည် ရဲ့ ကိုယ်ပိုင်နံပါတ်က (ကြည်း/၇၈၆၄)၊ ဒုဗိုလ်မောင်အေးရဲ့ ကိုယ်ပိုင်နံပါတ်က (ကြည်း/၇၈၇၅)၊ ဒုဗိုလ် ကျော်ဘရဲ့ ကိုယ်ပိုင်နံပါတ် က (ကြည်း/၇၉၂၄) ဖြစ်သည်။ ပင်ကိုယ်တော်တဲ့ ဗိုလ်မောင်သောင်းကို အဲဒီအချိန်က ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ် မှူးချုပ်အောင်ကြီးက သူ့ရဲ့ ကိုယ်ရေးအရာရှိ (PSO) အဖြစ် “တော်”ကောက်ခဲ့ပေမဲ့ ဗိုလ်မောင်သောင်း တစ်ယောက် “ကံ”မကောင်းခဲ့ပါဘူး။ စစ်အာ ဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့လက်ထောက် ဗိုလ်မှူးချုပ်အောင်ကြီးတို့ရဲ့ ၁၉၆၃ ခုနှစ် အာဏာလုပွဲမှာ ဗိုလ်မှူးချုပ်အောင်ကြီး က ဖြုတ်၊ ထုတ်၊ ရှင်း ခံရပြီး ဗိုလ်မောင်သောင်း က ချောင်ထိုးခံခဲ့ကြရသည်။
ဗိုလ်မောင်သောင်း ဟာ ပင်ကိုယ်တော်တာမှန်ပေမဲ့ အဲဒီအချိန်က ဖားတဲ့နေရာမှာတော့ “လျှော်” ခဲ့တယ်လို့ ဆိုနိုင်ပါ တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူအာဏာအရှိဆုံးလဲ၊ ဘယ်သူ့ကို ပိုဖားရမလဲ၊ ဆိုတာကို မရွေးချယ်နိုင်ခဲ့လို့ ဖြစ်သည်။ ဗိုလ်မောင်သောင်း ဟာ မဖားတတ်တဲ့သူတော့ ဟုတ်ဟန်မတူပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အရှင်သခင်ကို ဖားတဲ့အနေနဲ့ ၁၉၇၁ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ သူ့ရဲ့သားဦးကို အောင်ကြီး ခေါ် အောင်ကြည် လို့ အမည်ပေးခဲ့တာကြည့်ရင် သိနိုင်သည်။ ဒါကြောင့် လည်း သူ့ကို အာဏာရှင်ကြီးဦးနေဝင်းက တပ်ကထွက်ခိုင်းခဲ့ပြီး သတ္တုတွင်းဝန်ကြီးဌာနအောက်က “ဘဓရ” ခေါ် ဘူမိဗေဒနဲ့ ဓါတ်သတ္တုရှာဖွေရေးဦးစီးဌာနမှာ အထူးအရာရှိအဖြစ်ခန့်အပ်ကာ တောတောင်တွေထဲကို နယ်နှင်ဒဏ် ပေးခဲ့သည်။ ဒါပေမဲ့ ပင်ကိုယ်တော်တဲ့ ဦးသောင်းဟာ မဆလခေတ်ကုန်ကာနီးမှာ ဘဓရ ရဲ့ ညွန်ချုပ် ဖြစ်လာခဲ့သည်။
၁၉၈၈ ခုနှစ်မှာ မင်းပြောင်းမင်းလွှဲဖြစ်တော့ ဦးသောင်းအတွက် ကံဇာတာ တက်လာခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဦးသောင်းနဲ့ ကျောက်ဆည်တနယ်ထဲသား ရပ်ဆွေရပ်မျိုးတော်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ DSA အပတ်စဉ်(၁)မှာ အတူကျောင်း တက်ခဲ့ကြတဲ့ သူငယ်ချင်းတွေတပြုံတမကြီး အာဏာသိမ်းစစ်ကောင်စီမှာ ပါလာခဲ့တဲ့အတွက် ဖြစ်သည်။ အဲဒီ အချိန်ကစပြီး ဦးသောင်းဟာ “ပင်ကိုယ်တော်” ဖို့ထက် “အဖားတော်” ဖို့နဲ့ အကြီးအကဲဆိုသူတွေကို ကြံဖန်ပြီး “ဆွေမျိုးတော်” တတ်ဖို့ကပိုအရေးကြီးတယ်ဆိုတာကို ကောင်းကောင်း သဘောပေါက်လာခဲ့ပုံ ရသည်။ ဒါကြောင့် ဦးသောင်းဟာ နည်းဗျူဟာပြောင်းပြီး ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ တို့အိမ်တွေကို ချောင်းပေါက်မတတ် ဝင်ထွက် သွားလာမှုတွေ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။ သူ့ဇနီးဖြစ်တဲ့ ဒေါ်မေကြည်စိန် ကိုလည်း မယ်တော်ကြီး ဒေါ်ကြိုင်ကြိုင်နဲ့ သမီးတော် တွေထံ နေ့စဉ် အခစားဝင်ခိုင်းခဲ့သည်ဟု သိရှိရသည်။
အဲဒီလို အဖားတော်မှုတွေကြောင့် ဦးသောင်း ဟာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခံခဲ့ရသည်။ ၁၉၉၇ စစ်အုပ်စုတွင်း အာဏာလုပွဲတွေအပြီးမှာ စစ်အာဏာရှင်လက်သစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်မှူးကြီးသန်း ရွှေက “ကိုသောင်းရေ ဥသျှစ်သီး အရွယ်လောက်ပဲဖြစ်ဖြစ် အနုမြူဗုံးတစ်လုံးလောက်တော့ ရအောင်လုပ်ဗျာ” ဆိုတဲ့ တစ်ချက် လွှတ်အမိန့်နဲ့အတူ ၁၉၉၈ခုနှစ်မှာ အသစ်ပေါ်ပေါက်လာခဲ့တဲ့ “သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန”မှာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန် ပေးတာကို ခံခဲ့ရသည်။ အဲဒီအချိန်ကစပြီး ဦးသောင်းဟာ ဩဇာအရှိန်အဝါကြီးတဲ့ သက်တော်ရှည် အမတ်ကြီးတစ်ပါး ဖြစ်လာခဲ့ သည်။ သူရှာဖွေရရှိသမျှထဲက တပ်ချုပ်ကြီး(၂)ဦးကို ပုံမှန်ဆက်ကြေးပေးလေ့ရှိတဲ့ ဦးသောင်းကို တပ်ချုပ်ကြီး(၂)ဦးလုံးက သဘော ကျပြီး စားပေါက်ချောင်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) မှာပါ ဥက္ကဌအဖြစ်နဲ့ ပူးတွဲတာဝန်ပေးခဲ့သည်။ ဒါပေမဲ့ နအဖအဖွဲ့ထဲမှာလည်း ဒီနေရာကိုလိုချင်သူတွေ အများအပြားရှိနေတာကြောင့် သူ့ထက်ပိုပြီး လာဘ်ထိုးနိုင်တဲ့ မွေးမြူရေးနဲ့ရေလုပ် ငန်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးချုပ် မောင်မောင်သိမ်းကို ၁၉၉၇ ခုနှစ်မှာ ဒီတာဝန်ကို တပ်ချုပ်ကြီးက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မဖားတတ်သူများ — အုန်းကျော်မြင့်၊ ဝင်းထိန်၊ စိန်သောင်း
မြန်မာ့တပ်မတော်မှာ “ပင်ကိုယ်တော်”ပြီး စစ်အာဏာရှင်တွေကို “ဖား”ဖို့၊ “ဆွေမျိုးတော်”ဖို့၊ အလွန်ဝန်လေးတဲ့ မျိုးချစ် ပြည်ချစ် တပ်မတော်သားတွေလည်း အများအပြားရှိတာကို တွေ့ရသည်။ ၁၉၇၆ ခုနှစ်မှာ မဆလစစ်အာဏာရှင်ကြီး တွေကို သုတ်သင်ရှင်းလင်းပြီး တပ်မတော်နဲ့ ပြည်သူလူထုကို ကယ်တင်ဖို့ကြိုးစားရင်း သေဒဏ်ပေးခံခဲ့ရတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် ဆိုရင် OTS အပတ်စဉ်(၂၉)မှာ အကောင်းဆုံး ဗိုလ်လောင်း (Best Gadet) ဆုကို ရရှိခဲ့သူဖြစ်သည်။ ဗိုလ်ကြီးအုန်းကျော်မြင့် အမှုနဲ့ တပ်ထဲကထုတ်ပယ်ခံခဲ့ရပြီး ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ တက်ကြွစွာ ပါဝင်လှုပ်ရှားမှုတွေကြောင့် အခုအချိန်အထိ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ ဗိုလ်ကြီးဝင်းထိန် ဆိုရင်လည်း ၁၉၆၃ ခုနှစ် DSA အပတ် စဉ်(၅) သင်တန်းဆင်း (Best Gadet) တစ်ဦးဖြစ်သည်။ အဲဒီအမှုနဲ့ဆက်နွယ်ပြီး အရေးယူခံခဲ့ရတဲ့ ဗိုလ်ကြီးစိန်သောင်း ဆိုရင် လည်း OTS အပတ်စဉ်(၃၀)ရဲ့ (Best Gadet) တစ်ဦး ဖြစ်ခဲ့တာကို တွေ့နိုင်သည်။
လေးလပတ်အစည်းအဝေးနှင့် လက်ဆောင်စနစ်
မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင်ခေတ်တွေမှာ စစ်တိုင်းမှူးဖြစ်သင့်ပါလျက် မဖြစ်ဘဲ ချောင်ထိုး၊ ဖယ်ရှားခံလိုက် ရတဲ့ စီနီယာ တပ်မမှူးတွေ၊ စကခမှူးတွေလည်း အများအပြားရှိခဲ့တာကို တွေ့နိုင်သည်။ ဒီအရာရှိတွေဟာ စီနီယာ ကျရုံသာမက ပင်ကိုယ်အရည်အချင်းနဲ့ ကြိုးစားအားထုတ်မှုအပိုင်းမှာလည်း ထူးချွန်ထက်မြက်ကျပေမဲ့ စစ်အာဏာရှင်ကြီးတွေကို ဖားတဲ့နေရာမှာ ညံ့တဲ့အတွက် နယ်စားပယ်စား စစ်ဘုရင်ငယ်တွေလို အာဏာရှိတဲ့ စစ်တိုင်းမှူးတွေအဖြစ် နေရာပေး ခန့်အပ်မခံကြရတာဖြစ် ကြောင်း သိရှိရသည်။ တပ်မမှူး၊ စကခမှူးတွေဖြစ်လာကြပြီဆိုရင် တိုင်းမှူးဖြစ်လာဖို့အတွက် စစ်အာဏာရှင်ကြီးတွေကို သူ့ထက် ငါ အပြိုင်အဆိုင် ဖားကြရသည်ဟု သိရှိရသည်။ နအဖတပ်တွင်းက ဖြုတ်၊ ထုတ်၊ ပြောင်းရွှေ့ပွဲတွေကို လေးလပတ်အစည်းအဝေး ပွဲတွေအပြီးမှာ လုပ်လေ့ရှိတာကြောင့် စစ်တိုင်းမှူးရာထူးကို ငမ်းငမ်းတက် လိုချင်နေကြတဲ့ တပ်မမှူး နဲ့ စကခမှူးတွေဟာ တစ်နှစ်ကို (၃)ကြိမ်ကျင်းပတဲ့ လေးလပတ်အစည်းအဝေးတွေကို သွားတက်တဲ့အခါတိုင်းမှာ ကျပ်ငွေသန်းချီ တန်တဲ့ လက်ဆောင်ပစ္စည်းတွေကို ယူဆောင်သွားကြရသည်ဟု သိရှိရသည်။
၂၀၀၅ ခုနှစ် နှစ်ဆန်းပိုင်းမှာ ကျင်းပပြုလုပ်ခဲ့တဲ့ လေးလပတ်အစည်းအဝေးတွေကို ယူဆောင်သွားရတဲ့ ပဲခူးအခြေစိုက် တပ်မ (၇၇)ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်ရဲ့ လက်ဆောင်ပစ္စည်းစာရင်းကို လေ့လာကြည့်မယ်ဆိုရင် စစ်တိုင်းမှူးတဦးဖြစ်ဖို့ အတွက် အရင်းအနှီး ဘယ်လောက်ကြီးတယ်ဆိုတာကို ခန့်မှန်းသိရှိနိုင်ပါလိမ္မယ်။
၂၀၀၅ လက်ဆောင်စာရင်း — အဆင့်ဆင့်
တပ်ချုပ်ကြီးနဲ့ ဒုတပ်ချုပ်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး တို့အတွက် ကျပ် တစ် သိန်းစီတန်တဲ့ လက်ဆောင်ပစ္စည်း၊ ကြည်း၊ ရေ၊ လေ ညှိ/ကွပ် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ ဇနီး၊ လေကြောင်းရန်ကာကွယ် ရေးအရာရှိ ချုပ် ဒုဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ဇနီး၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန်နဲ့ဇနီး၊ တို့အတွက် ကျပ်လေးသောင်းစီတန် လက်ဆောင်ပစ္စည်း၊ ကစထမှူးတွေဖြစ်ကြတဲ့ ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ဇနီး၊ ဒုဗိုလ်ချုပ်ကြီးအောင်ထွေးနဲ့ ဇနီး၊ ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းနဲ့ဇနီး၊ ဒုဗိုလ်ချုပ် ကြီးမောင်ဘိုနဲ့ဇနီး၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင်ဦးနဲ့ဇနီး၊ ကက/ ထုတ် လို့ခေါ်တဲ့ ကာကွယ်ပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးတင်အေးနဲ့ ဇနီး၊ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးကျော်ဝင်းနဲ့ဇနီး တို့ အတွက် ကျပ်သုံးသောင်းစီတန် လက်ဆောင်ပစ္စည်းများ။
ကက/ရေ ဒုဗိုလ်ချုပ်ကြီးစိုးသိန်းနဲ့ဇနီး၊ ကက/လေ ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်းနဲ့ဇနီး၊ ရကတ တိုင်းမှူး ဗိုလ်ချုပ်မြင့်ဆွေနဲ့ဇနီး၊ (ကကရေး) ဗိုလ်ချုပ်လှရွှေနဲ့ဇနီး၊ (ကကထောက်) ဗိုလ်ချုပ်ထင်အောင်ကျော်နဲ့ဇနီး၊ (ကကည) ဗိုလ်ချုပ်စိုးမောင်နဲ့ဇနီး၊ (ကကစစ်) ဗိုလ်ချုပ်သိန်းထိုက်နဲ့ဇနီး၊ (ကကထူး) ဗိုလ်ချုပ်ဆန်းဆင့်နဲ့ဇနီး၊ (ကကယာ) ဗိုလ်ချုပ်ထင်ထွန်းနဲ့ဇနီး၊ စစ်ဘက် လက်ထောက် ဗိုလ်တပခ ချုပ်နေဝင်းနဲ့ဇနီး၊ (နကတ) ဗိုလ်ချုပ်မိုးဟိန်းနဲ့ဇနီး၊ တ ဗိုလ်ချုပ်ကို ကိုကိုနဲ့ဇနီး၊ လပခ ဗိုလ်ချုပ်ရဲမြင့်နဲ့ဇနီး၊ (ကကအင်) ဗိုလ်ချုပ် ငွေသိန်းနှင့်ဇနီး၊ စစ်ဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ်လှဌေးဝင်းနဲ့ ဇနီး၊ ကကထောက် ဗိုလ်မှူးချုပ် ခင်မောင်ထွန်းနှင့်ဇနီး၊ (ကကဆေး) ဗိုလ်မှူးချုပ်သန်းအောင်နှင့်ဇနီး၊ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီးစိုးရှိန် တို့အတွက် ကျပ်နှစ်သောင်းစီတန် လက်ဆောင်ပစ္စည်းများ။
ကရခတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်နဲ့ဇနီး၊ တသခတိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်နဲ့ဇနီး၊ ရပခတိုင်းမှူး ဗိုလ်ချုပ်ခင်မောင်မြင့်နဲ့ဇနီး၊ နတခတိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်နဲ့ဇနီး၊ နမခတိုင်းမှူး ဗိုလ်ချုပ်သာအေးနဲ့ဇနီး၊ ရမခတိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်နှင့်ဇနီး၊ မပခတိုင်းမှူး ဗိုလ် ချုပ်မောင်မောင်ဆွေနဲ့ဇနီး၊ ရတခတိုင်းမှူး ဗိုလ်ချုပ်သူရမြင့်အောင်နဲ့ဇနီး၊ နပခတိုင်းမှူး ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့ဇနီး၊ (ကကလျှပ်) ဗိုလ်ချုပ်အေးမြင့်နှင့်ဇနီး၊ (ကကဆက်) ဗိုလ်ချုပ်သိန်းထွန်းနှင့်ဇနီး။
ကကကြည်း(စဆရ) တွေဖြစ်ကြတဲ့ ဒုဗိုလ်မှူးကြီးမောင်မောင်သန်းနဲ့ ဒုဗိုလ်မှူးကြီး မောင်မောင်အေး၊ ကကထူး မှ ဒုဗိုလ်မှူး ကြီး ကျော်နိုင်ဦး၊ ကကကြည်း(တာဝန်)မှ ဒုဗိုလ်မှူးကြီးအောင်ဆန်းချစ်၊ ရကတမှ ဒုဗိုလ်မှူးကြီး ညိုစော၊ ရကတ (စစ်ဘက်ရေးရာ)မှ ဒုဗိုလ်မှူးကြီးတင်ဆန်း၊ ဒုတပ်ချုပ်ရုံးမှ ဗိုလ်မှူးကျော်စွာလင်း တို့အတွက် ကျပ်ငါးထောင်စီတန် လက်ဆောင်ပစ္စည်းများ။
ဒကစ(တနိုင်း) ဗိုလ်မှူးချုပ်ခင်မောင်အေး၊ ဒကစ(လောက်ကိုင်) ဗိုလ်မှူးကြီးထွန်းနေလင်း၊ ဒကစ(လွိုင်ကော်)ဗိုလ်မှူးကြီး လှမြင့်ရွှေ၊ ဒကစ(စစ်တွေ) ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ ဒကစ(ကလေး) ဗိုလ်မှူးချုပ်ကျော်ဦးလွင်၊ ဒကစ(ပြည်) ဗိုလ်မှူးချုပ်လှမင်း၊ တမခ(၂၂) ဗိုလ်မှူးကြီးကျော်ဆွေ၊ တမခ(၃၃) ဗိုလ်မှူးချုပ်တင်ထွန်းအောင်၊ တပ်မခ(၄၄) ဗိုလ်မှူးချုပ်သက်နိုင်ဝင်း၊ တမခ(၅၅) ဗိုလ် မှူးချုပ်သက်ဦး၊ တပ်မခ(၆၆) ဗိုလ်မှူးချုပ် ခင်ဇော်ဦး၊ တပ်မခ(၈၈) ဗိုလ်မှူးကြီး ထွန်းထွန်းဦး၊ တမခ(၉၉) (ပျက်ကွက်)၊ တပ်မခ(၁၀၁) ဗိုလ်မှူးကြီးမောင်မောင်အုန်း၊ စကခ(၁) ဗိုလ်မှူးကြီး စံမြင့်ဦး၊ စကခ(၂)မှူး ဗိုလ်မှူးချုပ်သောင်းအေး၊ စကခ(၃)မှူး ဗိုလ်မှူးချုပ်မြင့် ဟိန်း၊ ဗကခ(၄) ဗိုလ်မှူးကြီးမြင့်နောင်၊ စကခ(၅) ဗိုလ်မှူးချုပ်မြင့်စိုး၊ စကခ(၆) ဗိုလ်မှူးကြီး တင်ငွေ၊ စကခ(၇) ဗိုလ်မှူးကြီးမျိုးအေး၊ စကခ(၈) ဗိုလ်မှူးချုပ်ကျော်အောင်၊ စကခ(၉) ဗိုလ်မှူးကြီးရာပြည့်၊ စကခ(၁၀) ဗိုလ်မှူးကြီးစိုးဝင်း၊ စကခ(၁၂) ဗိုလ်မှူးချုပ်မောင်ရှိန်၊ စကခ(၁၃) ဗိုလ်မှူးချုပ်သက်ဦးမောင်၊ စကခ(၁၄) ဗိုလ်မှူးချုပ်တင်ယု၊ စကခ(၁၅) ဗိုလ်မှူးကြီးအောင်နိုင်၊ စကခ(၁၆) ဗိုလ်မှူးချုပ် စိုးဦး၊ စကခ(၁၇) ဗိုလ်မှူးချုပ်ညွန့်လှိုင်၊ စကခ(၁၈) ဗိုလ်မှူးချုပ် ဝင်း အောင်၊ စကခ(၁၉) ဗိုလ်မှူးချုပ်ချိုထွန်းအောင်၊ စကခ(၂၀) ဗိုလ်မှူးကြီးကျော်ဖြိုး၊ စကခ(၂၁) ဗိုလ်မှူးချုပ်စိုးနွယ် တို့ကို ကျပ် သုံးထောင်တန် လက်ဆောင်ပစ္စည်းများ။
ကကကြည်း (စဆရ)မှ ဗိုလ်မှူးကျော်ကျော်ဟန်၊ ဗိုလ်ကြီးသန်းထိုက်၊ ရကတ(စဆရ) ဗိုလ်မှူးအောင်ပိုင်ဦး၊ ဗိုလ်ကြီးအောင် ဇော်မင်း၊ ဗိုလ်ကြီးစိုးမြတ်ထွဋ် ၊ ဒုတပ်ချုပ်ရုံး ဗိုလ်ကြီးကိုကိုဦး တို့အတွက် ကျပ် တစ်ထောင်ငါးရာတန် လက်ဆောင် ပစ္စည်းများ။
လက်ဆောင်တန်ဖိုး တွက်ချက်ချက်
စသည်ဖြင့် ဗိုလ်ချုပ်မှူးကြီးကနေ စစ်ရုံးချုပ် အပေါက်စောင့်အရာရှိအဆင့်အထိ လက်ဆောင်ပစ္စည်းတွေ ပေးရတာကို တွေ့နိုင်တယ်။ တပ်မမှူးတစ်ဦးအတွက် လေးလပတ်အစည်းအဝေး တစ်ကြိမ်တက်တိုင်း လာဘ်ထိုးဖို့ ကျပ်(၁)သန်း(၂)သိန်း(၁) သောင်း(၅)ထောင်ဖိုးတန်တဲ့ လက်ဆောင်ပစ္စည်းတွေကို ကားအပြည့်တင်ပြီး ယူသွားရတာကို တွေ့နိုင်သည်။ လေးလပတ် အစည်းအဝေးကို တစ်နှစ်သုံးကြိမ် ပြုလုပ်လေ့ရှိတာကြောင့် တပ်မမှူးတစ်ဦးအတွက် တစ်နှစ်စာ လာဘ်ထိုးရတဲ့ငွေဟာ ကျပ်(၄) သန်းနီးပါးရှိတာကို တွေ့နိုင်သည်။ တပ်မမှူးတစ်ဦးရဲ့လစာဟာ ဒီလောက်ပေးကမ်းနိုင်အောင်လည်း မများတာကိုလည်း လူတိုင်း သိနိုင်သည်။ လေးလပတ်အစည်းအဝေး သွားတက်ကြရတဲ့ တိုင်းမှူးတွေ၊ တပ်မမှူးတွေ၊ စကခမှူးတွေ၊ ဒကစမှူး တွေအားလုံးက ဒီလို၊ ဒီထက်၊ များတဲ့လက်ဆောင်တွေကို ပုံမှန်ယူသွားပြီး လာဘ်ထိုးနေကျဆိုရင် ဗိုလ်ချုပ်မှူး၊ ဒုဗိုလ်ချုပ်မှူးကြီး၊ ဗိုလ်ချုပ်ကြီး ဆိုသူတွေအတွက် တစ်နှစ်မှာ တပ်ရင်းတပ်ဖွဲ့တွေကပေးတဲ့ လက်ဆောင်ဆိုတဲ့ လာဘ်ငွေတန်ဖိုးတွေကတင် နှစ်စဉ် ဘယ်လောက် အထိ ရှိနိုင်မလဲဆိုတာ သင်္ချာပေါင်းစက်နဲ့ ချတွက်ကြည့်နိုင်သည်။ တခြားနေရာအသီးသီးက ရတဲ့ လက်ဆောင်တွေနဲ့ပါပေါင်းရင် ရေတွက်လို့တောင် နိုင်မှာမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေဟာ ဘာကြောင့် အာဏာလက်လွှတ်ဖို့ ဝန်လေးနေကြသလဲဆိုတာ ဒီအချက်ကိုကြည့်ရုံနဲ့တင် ခန့်မှန်းလို့ရနိုင်သည်။
"(င)လေးလုံးရှောင်" နှင့် စံပြဖြစ်ဖို့ လိုအပ်ချက်
ဒါကြောင့် နိုင်ငံတော်အကြီးအကဲဆိုသူအနေနဲ့ “ငါ့အတွက်၊ ငါ့သားသမီးအတွက်၊ ငါ့မိန်းမအတွက်၊ ငါ့အမျိုးအတွက်” မပြုလုပ်ရ ဆိုတဲ့ “(င)လေးလုံးရှောင်” ဆောင်ပုတ်တွေကို လူကြားကောင်းရုံ နေရာတိုင်းမှာ ချိတ်ဆွဲခိုင်းနေမဲ့အစား၊ ညှိကွပ်၊ ဝန်ကြီးချုပ်နဲ့ တွင်း(၁) ဆိုသူတွေကလည်း “သန့်ရှင်းစင်ကြယ်တဲ့အစိုးရ” ဖြစ်အောင်လုပ်မယ်လို့ လူကြားကောင်းအောင် အော်ဟစ်ပြနေမဲ့ အစား၊ ကိုယ်တိုင်က “စံပြ” အဖြစ် လုပ်ပြကြဖို့လိုအပ်နေပြီ ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရသည်။ ။
နောက်အပိုင်း (အပိုင်း ၁၁) တွင် သက်တော်ရှည်အမတ်ကြီးများ ဖြစ်သော ဦးသောင်း နှင့် ဦးအောင်သောင်း တို့၏ အကြောင်းများကို ဆက်လက် တင်ပြပါမည်။