နောက်ဆုံးရ

မြန်မာအာဏာရှင် မင်းအောင်လှိုင်ရဲ့သမီး ခင်သီရိသက်မွန်

ခင်သီရိသက်မွန်ဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒေါ်ကြူကြူလှတို့ရဲ့ သမီးဖြစ်ပြီး၊ ၁၉၈၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
မောင်နှမဖြစ်သူကတော့ အောင်ပြည့်စုံ ဖြစ်ပါတယ်။

သူမကို အများစု စတင်သိရှိလာတာကတော့ ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ 7th Sense Film Production ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းကနေ ဖြစ်ပါတယ်။
အချိန်တိုအတွင်းမှာပဲ မြန်မာရုပ်ရှင်လောကရဲ့ အင်အားကြီး ထုတ်လုပ်ရေးတစ်ခုအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက မင်းအောင်လှိုင်ရဲ့ သားသမီးနှစ်ဦးဖြစ်တဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။
7th Sense အပါအဝင် သူတို့ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုလည်း ဒဏ်ခတ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ 7th Sense နာမည်နဲ့ ထုတ်လုပ်မှု လျော့နည်းသွားပေမယ့် V7 Entertainment၊ SM Winner Entertainment စတဲ့ နာမည်အသစ်တွေနဲ့ ရုပ်ရှင်တွေ ဆက်လက်ထုတ်လုပ်နေတယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Justice For Myanmar ရဲ့ စုံစမ်းဖော်ထုတ်ချက်အရ ခင်သီရိသက်မွန်ဟာ Pinnacle Asia ကုမ္ပဏီမှာ ရှယ်ယာပိုင်ဆိုင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။
Pinnacle Asia ဟာ စစ်တပ်နဲ့ ဆက်နွယ်တဲ့ Mytel ဆက်သွယ်ရေးကုမ္ပဏီအတွက် မိုဘိုင်းဖုန်းတာဝါတိုင်တွေ တည်ဆောက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဇူလိုင်လမှာ Justice For Myanmar က ထုတ်ပြန်ခဲ့တဲ့ စုံစမ်းဖော်ထုတ်မှုတစ်ခုမှာ ခင်သီရိသက်မွန် ကြိုးကိုင်ညှိနှိုင်းခဲ့တယ်လို့ ဆိုတဲ့ အမေရိကန်ဒေါ်လာ ၄၈ သန်းခန့် တန်ဖိုးရှိ ရွှေ ၈၀၀ ကီလိုဂရမ် ရောင်းချရေးအစီအစဉ်ကို ဖော်ထုတ်ခဲ့ပါတယ်။
ထိုင်း၊ လာအိုနဲ့ ဟောင်ကောင်တို့မှတဆင့် ရောင်းချဖို့ စီစဉ်ထားတဲ့ ဒီအစီအစဉ်ဟာ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းမှာ ပျက်ပြယ်သွားခဲ့တယ်လို့ JFM က ဆိုပါတယ်။

JFM ရဲ့ ဖော်ပြချက်အရ စစ်လက်နက်ပွဲစားလို့ ဆိုတဲ့ ထွန်းမင်းလတ်ဟာ မိသားစုနဲ့ နီးစပ်သူဖြစ်ပြီး သူမနဲ့ Star Thiri Investment ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ထွန်းမင်းလတ် ဘန်ကောက်မှာ ဖမ်းဆီးခံရစဉ်က သူမရဲ့ ဘဏ်စာအုပ်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ JFM က ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ သူမဟာ NPK Motor Company ကို တည်ထောင်ပြီး တရုတ်နိုင်ငံရဲ့ Leapmotor EV ကားများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ Leapmotor ကုမ္ပဏီက NPK Motor နဲ့ မြန်မာနိုင်ငံအတွင်း ကားတပ်ဆင်ထုတ်လုပ်ရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။

ကိုယ်ရေးကိုယ်တာအရ သူမဟာ ၂၀၁၀ ခုနှစ်မှာ DJ Lin Myint Phwel နဲ့ လက်ထပ်ခဲ့ပြီး သမီးနှစ်ဦး ထွန်းကားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် မေလမှာတော့ နှစ်ဦးသား ကွာရှင်းခဲ့ကြတယ်လို့ သိရပါတယ်။

Justice For Myanmar အပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ထုတ်ချက်အရ သူမရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးသြဇာကနေ အကျိုးခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် သူမဟာလည်း မမေ့သင့်တဲ့သူတွေထဲက တစ်ဦးပဲ ဖြစ်ပါတယ်။

ဒီဆောင်းပါးရဲ့ အချက်အလက်တွေကို မမေ့နဲ့ - Don't Forget page၊ Justice For Myanmar တို့ရဲ့ ဖော်ထုတ်ချက်တွေနဲ့ လူသိရှင်ကြား သတင်းတွေကနေ ရယူထားပါတယ်။

မျှဝေရန် — Facebook · X · Telegram ·

မှတ်ချက်များ

Post a Comment