နောက်ဆုံးရ

အာဏာမသိမ်းခင်ကတည်းက လူသတ်စစ်ဗိုလ်ချုပ်ဖြစ်ခဲ့တဲ့ "သက်ပုံ" အကြောင်း

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သက်ပုံဟာ မိုးကုတ်မြို့မှာ ၁၉၆၇ ခုနှစ်က မွေးခဲ့ပါတယ်။ သူ့ဖခင် ဦးတောင်ကျော်က တရားရေးဝန်ထမ်းတစ်ဦးဖြစ်ပြီး၊ မိခင် ဒေါ်အုံးခင်ကတော့ အထက်တန်းပြဆရာမ၊ ပညာရေးဝန်ထမ်းတစ်ဦး ဖြစ်ပါတယ်။ မိခင်ဘက်က အဘိုးအဘွားတွေက ကိုလိုနီခေတ် သစ်တောနယ်ပိုင်ဝန်ထောက်ကြီး ဦးဖထော်နဲ့ ဒေါ်ရွှေသင်တို့ ဖြစ်ကြပါတယ်။

သူဟာ ငယ်စဉ်က မူလတန်းပညာရေးကို မိုးကုတ်မြို့မှာ သင်ယူခဲ့ပါတယ်။ နောက်ပိုင်းမှာ သူ့မိဘတွေဟာ တာဝန်နဲ့ စစ်ကိုင်းမြို့ကို ပြောင်းရွှေ့ခဲ့ကြတဲ့အတွက် သက်ပုံလည်း စစ်ကိုင်းမြို့ကို လိုက်ပါလာပြီး အလယ်တန်းနဲ့ အထက်တန်းပညာတွေကို ဆက်လက်သင်ယူခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ စစ်ကိုင်း အထက (၁) ကနေ တက္ကသိုလ်ဝင်တန်း (၁၀) တန်းကို အောင်မြင်ခဲ့ပါတယ်။ အဲဒီနောက် မန္တလေးတက္ကသိုလ်မှာ သင်္ချာဘာသာရပ်ကို အထူးပြုလေ့လာခဲ့ပါတယ်။ တက္ကသိုလ်ပထမနှစ် တက်နေစဉ်မှာပဲ စစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့တာကြောင့် စစ်တက္ကသိုလ် အပတ်စဉ် ၂၉ ကို ပြောင်းရွှေ့တက်ရောက်ခဲ့ပါတယ်။

စစ်တက္ကသိုလ်ကနေ ကျောင်းဆင်းပြီးနောက် သက်ပုံဟာ ၁၉၈၇ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ စစ်တပ်အတွင်း အဆင့်ဆင့် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရာထူးတွေထဲမှာ အမှတ် (၄၄) တပ်မဌာနချုပ် (ကျိုက်ထို)၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဖာပွန်အခြေချစစ်ဗျူဟာရဲ့ စစ်ဗျူဟာမှူး၊ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး စတဲ့ရာထူးတွေ ပါဝင်ပါတယ်။

စစ်အာဏာမသိမ်းခင်အချိန်မှာတောင် သက်ပုံရဲ့ စစ်မှုထမ်းကာလထဲ အမည်းစက်တွေ ရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက အလွတ်တန်းသတင်းထောက် ကိုပါကြီး (ကိုအောင်ကျော်နိုင်) သေဆုံးခဲ့တဲ့ဖြစ်ရပ် ရှိခဲ့ဘူးပါတယ်။ အဲဒီအချိန်က သက်ပုံဟာ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ်ရဲ့ တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ကိုပါကြီးဟာ ၂၀၁၄ ခုနှစ် စက်တင်ဘာလကုန်ပိုင်းက ကရင်ပြည်နယ်ထဲ တိုက်ပွဲသတင်းတွေ သွားယူခဲ့ပါတယ်။ ဒီချိန်မှာ မြန်မာ့စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီး အောက်တိုဘာလ ၄ ရက်နေ့မှာတော့ စစ်ဆေးနေချိန် ထွက်ပြေးလို့ဆိုပြီး တပ်ကနေ ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီကာလက တပ်မ ၂၂ ရဲ့ တပ်မမှူးဖြစ်သူ သက်ပုံဟာ အဓိကတာဝန်ရှိသူ ဖြစ်ပါတယ်။ ကိုပါကြီးရဲ့ အလောင်းကို တူးဖော်စစ်ဆေးရာမှာ အမှုမှန်ပေါ်ပေါက်ခဲ့ပေမယ့် သက်ပုံက တာဝန်မယူဘဲ သူ့လက်အောက်က ခေတ္တတပ်ရင်းမှူးတစ်ယောက်ကို အပြစ်ပုံချခဲ့တယ်လို့ အဲဒီအခြေအနေကို သိရှိတဲ့ တပ်အရာရှိဟောင်းတစ်ဦးက Myanmar Now မီဒီယာကနေ ဖော်ထုတ်ခဲ့ဘူးပါတယ်။ ဒါ့ကြောင့် နစ်နာသူမိသားစုအနေနဲ့ ဒီနေ့အထိ တရားမျှတမှုမရရှိခဲ့ပါဘူး။

ဒါ့အပြင် ၂၀၁၉ ခုနှစ်ကလည်း အမျိုးသားရေးအမည်ခံတွေနဲ့ဖွဲ့ထားတဲ့ (မဘသ) အဖွဲ့အမည်ပြောင်း ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်းညီလာခံကို ရန်ကုန်တိုင်းရဲ့ စစ်တိုင်းမှူးတာဝန်ယူချိန် သူကိုယ်တိုင်တက်ရောက်ပြီး ငွေကျပ်သိန်း ၃၀၀ လှူဒါန်းခဲ့ပါတယ်။

နောက်ထပ်လည်း ၂၀၂၀ ပြည့်နှစ် ဇွန်လမှာတော့ အထွေထွေရွေးကောက်ပွဲ မကျင်းပမီ သက်ပုံကို အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဆိုတော့ သူဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ်နဲ့ ကစထ (၅) မှူးအဖြစ် တာဝန်ယူပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ရန်ကုန်တိုင်းရဲ့ လုံခြုံရေးတာဝန်တွေကို အချိန်ကာလရှည်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်လာတဲ့အခါမှာတော့ သက်ပုံဟာ ရန်ကုန်တိုင်းရဲ့ လုံခြုံရေးကို အဓိကကိုင်တွယ်ရတဲ့ ကစထ (၅) မှူး ဖြစ်နေပါပြီ။ ရန်ကုန်လမ်းမတွေအထက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို အင်အားသုံးဖြိုခွင်းဖို့၊ ပစ်ခတ်သတ်ဖြတ်ဖို့ တိုက်ရိုက်အမိန့်ပေးခဲ့သူဟာ သူပါပဲ။

ဒီလိုသွေးစွန်းခဲ့တဲ့လုပ်ရပ်တွေကြောင့်ပဲ ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နဲ့ ကနေဒါတို့က သူ့ကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် Fortify Rights နဲ့ Yale Law School တို့ ပူးပေါင်းရေးသားတဲ့ "Nowhere is Safe" အစီရင်ခံစာမှာလည်း သက်ပုံအပါအဝင် စစ်ဘက်အရာရှိ ၆၁ ဦးကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးသင့်တယ်လို့ အမည်စာရင်းဖော်ပြခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ သက်ပုံဟာ ကစထ (၅) မှူးရာထူးကနေ နေပြည်တော်အခြေစိုက် ကစထ (၆) မှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၅ ခုနှစ် မတ်လမှာတော့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ်အဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ပေးခံခဲ့ပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းကို အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းမြို့ဟာလည်း အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ သက်ပုံကို စစ်ကိုင်းမြို့ ငလျင်ဘေး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ တာဝန်ယူဖို့ တာဝန်ပေးခဲ့ပါတယ်။

ဒါပေမယ့် သက်ပုံဟာ စစ်ကိုင်းတိုင်းအတွင်းကို လာမယ့် ပြင်ပကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အလှူရှင်တွေ ဝင်ရောက်ခွင့်အပေါ် စစ်ဆေးတားဆီးမှုတွေ လုပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ဒီလုပ်ရပ်ကြောင့် ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုနဲ့ သေဆုံးမှုတွေဟာ မဖြစ်သင့်ပဲ ပိုမိုများပြားခဲ့ရတယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

၂၀၂၅ ခုနှစ် စက်တင်ဘာလမှာတော့ သက်ပုံတစ်ယောက် စစ်ယူနီဖောင်းကနေ ပုဆိုးဝတ်လဲခဲ့ပါတယ်။ အကြောင်းကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှာ ဝင်ရောက်ပြီး နိုင်ငံရေးအာဏာထပ်ယူဖို့ ဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲရဲ့ အပိုင်း (၁) မှာ သက်ပုံဟာ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် USDP ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ကျင်းပခဲ့တဲ့ အပိုင်း (၁) ရွေးကောက်ပွဲမှာ စုစုပေါင်းမဲပေးသူ ၄၆,၅၆၅ ဦးရှိပြီး သက်ပုံက ၂၃,၈၇၄ မဲ (၅၁ ဒသမ ၂၇ ရာခိုင်နှုန်း) ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သက်ပုံကို စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပြောရရင် အခုလို စစ်တပ်ရော နိုင်ငံရေးလောကမှာပါ ရာထူးကြီး၊ နေရာကြီးတွေ ရရှိလာတဲ့ သက်ပုံအတွက်တော့ ဒါဟာ မင်းအောင်လှိုင်ကြောင့်ဆိုရင် မမှားပါဘူး။ သက်ပုံနဲ့ မင်းအောင်လှိုင်တို့ဟာ စစ်တပ်ထဲမှာ အရင်က အတူတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါ့အပြင် သက်ပုံရဲ့ ဇနီး ဒေါ်နှင်းနှင်းအိရဲ့ ဖခင်ဖြစ်သူ ဗိုလ်မှူးကြီး အောင်နိုင်ဟာ စစ်တက္ကသိုလ်ရဲ့ (၁၁) ဆက်မြောက် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ စစ်တက္ကသိုလ်ကာလ ဆရာတစ်ဦးဖြစ်ခဲ့တယ်လို့လည်း သိထားရပါတယ်။ ဒီအချက်တွေကြောင့် သက်ပုံဟာ ရာထူးအဆင့်ဆင့်ကို အေးအေးဆေးဆေး ဖြတ်ကျော်လာနိုင်ခဲ့တာဖြစ်တယ်။

ပြောရရင် သက်ပုံရဲ့ဘဝဟာ မင်းအောင်လှိုင်ကြောင့်၊ သူ့ယောက္ခမကြောင့် ကြီးမားတဲ့ ရာထူးအာဏာအားလုံးကို အေးအေးဆေးဆေး ရရှိခဲ့သူပါ။ ခုထိလည်း နိုင်ငံရေးသမားယောင်ယောင်၊ ဘာယောင်ယောင်နဲ့ လူမှုကွန်ယက်မှာ သက်ပုံ ဆိုတဲ့နာမည်နဲ့ ရှိနေဆဲပါ။

ဒီလိုမျိုး နိုင်ငံရေးအာဏာရယူထားပေမယ့် အာဏာမသိမ်းခင် ကိုပါကြီး သတ်ခံရမှု၊ အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အကြမ်းဖက်သတ်ဖြတ်မှု စတာတွေအပြင် ရာထူးအာဏာတလွဲအသုံးချခဲ့တဲ့ စစ်ကိုင်းငလျင်ဘေး စတဲ့အရာတွေအတွက် သူဟာ တချိန်မှာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကို ခံယူထိုက်သူသာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို လူယုတ်မာမျိုးကို မေ့ဖျောက် မထားသင့်တဲ့အတွက် အခုလို မှတ်တမ်းတင်ထားရှိရတာပဲ ဖြစ်တယ်။


မျှဝေရန် — Facebook · X · Telegram ·

မှတ်ချက်များ

Post a Comment