အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ
Myanmar Now အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန် စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံလိုက်ရသည့် အရပ်ဘက်နိုင်ငံရေးသမား ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့၏ အဆောင်အယောင်များ ရုပ်သိမ်းခံလိုက်ရသည်။ ပြည်သူ့ဆန္ဒမဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD အစိုးရကို ၂၀၂၁ တွင် စစ်တပ်က ဖြုတ်ချပြီး စစ်ကောင်စီဖွဲ့ရာတွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ ယခုလဆန်းမှစ၍ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် အရာချခံလိုက်ရသည်။ ထို့အတူ ၎င်းတို့နှစ်ဦးအတွက် နေပြည်တော်တွင် ပေးထားသည့် နေအိမ်နှင့် ရုံးခန်းများကို ဖေဖော်ဝါရီ ၆ ရက်မှစ၍ စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်ပြီး တစ်ဆင့်နိမ့်နေရာများတွင် ပြန်လည်နေရာချထားပေးသည်ဟု စုံစမ်းသိရှိရသည်။ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ မူလက သမ္မတအိမ်တော်နှင့် လွှတ်တော်အနီးတွင် ရှိသည့် ဝန်ကြီးအိမ်တွင် နေထိုင်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် ရုံးတက်နေရာမှ ယခုအခါ နေပြည်တော်ကောင်စီဝင်းအတွင်း ဒုဝန်ကြီးအဆင့်များနေထိုင်သည့် အိမ်ရာသို့ ရွှေပေးလိုက်ရသည်ဟု အစိုးရအရာထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။ “( သမ္မတရုံးက ) ရုံးခန်းကတော့ မထိုင်တော့ဘူး။ အဖွဲ့ဝင်အသစ်တွေ ရောက်နေပြီ။ အိမ်ကလည်း ဝန်ကြီးအဆင့်တွေပေးတဲ့ နေအိမ်တွေကိုတော့ ဖယ်ခိုင်းပြီ။ ကောင်စီဝင်အသစ်တွေကို ထားမှာ ” ဟု ပထမသတင်းရင်းမြစ်က ပြောသည်။ ထို့အတူ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ လစာပါ လျှော့ချခံရမည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးမှာ မူလက စစ်ကောင်စီအဖွဲ့ဝင်လစာ တစ်လလျှင် ကျပ်သိန်း ၃၀ ရရှိခဲ့ခြင်းဖြစ်သည်။ ဗဟိုအကြံပေးလစာပမာဏကို အသေးစိတ်မသိရသေးသော်လည်း အစဉ်အလာအားဖြင့် အစိုးရအဖွဲ့ အကြံပေးတစ်ဦး၏ လစာမှာ ကျပ် ၁၅ သိန်းသာ ရှိသည်ဟု ဆိုသည်။ “ သူတို့နှစ်ယောက်က အရင်ကတည်းက ရုံးလည်း မလာဘူး။ လုံးဝကို မလာတာ။ သူတို့ကို ခိုင်းချင်ရင် ရုံးအဖွဲ့က အိမ်အထိ သွားလုပ်ပေးရတာ ” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ စီစဉ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD က ဝင်မပြိုင်ဘဲနေချိန်တွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့သည် ပါတီမှ နုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ထူထောင်ခဲ့ကြသည်။ ထိုရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး တစ်နှစ်ဝန်းကျင်အကြာ ၂၀၁၁ တွင် ဦးသိန်းညွန့်က NDF မှ ထပ်မံခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကို ထူထောင်ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ဦးခင်မောင်ဆွေကမူ NDF ဥက္ကဋ္ဌ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ် စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ဩဂုတ်လအတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ၃၄ ပါတီစာရင်းတွင် NDF နှင့် NNDP တို့လည်း ပါဝင်ပြီး ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့က ထိုအစည်းအဝေးတွင် သက်ဆိုင်ရာပါတီများကို ကိုယ်စားပြု၍ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ စစ်ခေါင်းဆောင်က မလုပ်ရဲတာမရှိဟု ပြောခဲ့သည့် ထိုတွေ့ဆုံပွဲတွင် ပါတီများဘက်က စစ်အာဏာသိမ်းရန် တိုက်တွန်းမှုများရှိခဲ့သည်။ ထိုတွေ့ဆုံပွဲအပြီး သုံးလအကြာတွင် NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကဲ့သို့ အရပ်ဘက်နိုင်ငံရေးသမားဟု လူသိများသူများထဲတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်၊ မွန်ညီညွတ်ရေးပါတီမှ ဗညားအောင်မိုးတို့လည်း ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။ စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့သို့ ပြောင်းလဲတာဝန်ပေးခံရသူများအနက် ဦးသန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန်တို့ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။ ဆန္ဒမပါဘဲ စာရင်းထဲထည့်၍ ကြေညာခံရသည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ပူဂင့်ကမ်းလျန်းမှအပ အသစ်ပြင်ဆင်ဖွဲ့စည်းသည့် စစ်ကောင်စီအဖွဲ့ဝင်များအားလုံး နေပြည်တော်တွင် ရုံးတက်နေကြပြီဟု စုံစမ်းသိရှိရသည်။
မျှဝေရန် —
Facebook ·
X ·
Telegram ·
🔗 လင့်ခ်ကူးရန်
မှတ်ချက်များ
Post a Comment