နောက်ဆုံးရ
မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံး





ရန်ကုန်၊ ဇွန် ၁၄  ခေတ်သစ်

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်ရင်းစခန်း ၄ ခုကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး မောရ၀တီဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါ အဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်သေဆုံးကြောင်း AA က သတင်းထုတ်ပြန်သည်။ 

AA က ဘူးသီးတောင်မြိုနယ်အတွင်းရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ပြီးသည့်အချိန်တွင် ရက္ခိုင်-ဘင်္ဂလာနယ်စပ်၊ မောင်တောမြိုရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများအားလုံးကို  အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း၌ မောင်တောမြိုရှိ တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း (သို) နခခ  ၆ စခန်း နှင့် နခခ ၉ စခန်းတို့ကို  အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ 

ဇွန်လ ဒုတိယပတ်အတွင်းတွင် မောင်တောမြို့နယ်ရှိ “နခခ (၄) တပ်ရင်းဌာန ချုပ်” ကို ဇွန်လ ၁၀ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “အလယ်သံကျော်စခန်း” ကို  ဇွန်လ ၁၀ ရက်၊ နံနက် ၇ နာရီ ၄၆ မိနစ် အချိန်တွင်လည်း ကောင်း၊  “မောရဝတီဗျူဟာ” ကို ဇွန်လ ၁၃ ရက်၊ နံနက်  ၇ နာရီအချိန်တွင်လည်းကောင်း၊ “နခေါင်းတိုစခန်း” ကို  ဇွန်လ  ၁၃  ရက်၊ ညနေ  ၆  နာရီအချိန်တွင်လည်းကောင်း အသီးသီး ထပ်မံသိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်း မောရဝတီဗျူဟာမှူး ဗိုလ်မှူးကြီး- တေဇာဌေးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင်  ၂၀၀ ကျော်အား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း၊  တစ်ပြိုင်နက်တည်းတွင် မောင်တော၊ အမ်း၊ သံတွဲ မြို့များတွင် ရှိသော စစ်ကောင်စီ၏ အခြားသော စခန်းများကိုလည်း AA က  ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။ 

တိုက်ပွဲများအတွင်း စစ်တပ်၏ လက်နက်ခဲယမ်း၊ စစ်လက်နက်အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိသကဲ့သို စစ်သုံပန်းအချိုကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊  လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလျက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း လိုက်လံရှာဖွေကာ ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။ 

ထို့ပြင်  ဇွန်လ  ၁၃  ရက်နေ့တွင် တောင်ကုတ်မြိုနှင့် (၈) မိုင်ခန့်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်ရှိ “ရွှေကွမ်းစမ်း တံတား” အား စစ်ကောင်စီမှ မိုင်းခွဲဖျက်ဆီးထားခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။




ဆက်ဖတ်ရန် →
စစ်ကောင်စီက ၄ လအတွင်း  အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့

စစ်ကောင်စီက ၄ လအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၄၆ ကြိမ်ကျူးလွန်ခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦးအထိ သေဆုံးခဲ့



 ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ်


အကြမ်းဖက်စစ်တပ်က  ၄ လတာကလအတွင်း ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၄၆ ကြိမ်ရှိခဲ့ကာ ပြည်သူပေါင်း ၃၆၉ ဦး သေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်ပြောဆိုသည်။ 


၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအထိ ၄ လတာကာလအတွင်း အကြမ်းဖက်စစ်တပ်က ပြည်သူများကို ၅ ဦးနှင့် ၅ ဦးအထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များကို လေ့လာဆန်းစစ်ထားကြောင်း၊  လေကြောင်းအသုံးပြုမှုကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုသည် ၁၆၈ ဦးခန့်ရှိကြောင်း၊ ၄ လတာကာလအတွင်း လေကြောင်းအသုံးပြု၍ သတ်ဖြတ်မှုကြောင့် ပြည်သူ သေဆုံးမှုသည် ၄၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


 လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူများ အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်သည် အများဆုံးဖြစ်ပြီး သေဆုံးသူဦးရေသည်လည်း အများဆုံးဖြစ်ခဲ့ကြောင်း၊ လေကြောင်းအသုံးပြု တိုက် ခိုက်ခံရမှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့် ဖြစ်စဉ် အနည်းဆုံး ၂၃ ခုရှိခဲ့ပြီး ရှမ်းမြောက်ပိုင်းတွင် ၆ ခု၊ ရခိုင်တွင် ၄ ခု၊ စစ်ကိုင်းတွင် ၄ ခု၊ ကချင်တွင် ၂ ခု၊ ကရင်တွင် ၂ ခု၊ ကရင်နီတွင် ၂ ခု ၊ ချင်းပြည်တွင် ၂ ခု နှင့် ပဲခူးတွင် ၁ ခုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။


 လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရမှုတွင် ရခိုင်တွင် ၄၀ ဦး၊ ရှမ်းမြောက်တွင် ၃၄ ဦး၊ စစ်ကိုင်းတွင် ၃၂ ဦး၊ ကရင်တွင် ၁၈ ဦး၊ ချင်းတွင် ၁၂ ဦး၊ ကချင်တွင် ၁၁ ဦး၊ ကရင်နီတွင် ၁၁ ဦးနှင့် ပဲခူးတွင် ၁၀ ဦးဖြစ်ကြောင်း၊ ထိုအထဲတွင် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့ ရခိုင်၊ မင်းပြားမြို့နယ်၊ သာဒါကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်တပ်၏ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ သေဆုံးရမှုသည် အများအပြားဖြစ်ပြီး ကလေးငယ် ၉ ဦးအပါအဝင် ၂၂ ဦးအထိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


 ထို့ပြင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ၏ စစ်ကြောင်းထိုးကာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် အနည်းဆုံး ၁၁ ခုရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၉၁ ဦးအထိရှိခဲ့ကြောင်း ၊ အဆိုပါ ဖြစ်စဉ်များတွင် စစ်ကိုင်းတွ၍် ၅ ခု၊ ကရင်နီတွင် ၂ ခု၊ မကွေးတွင် ၁ ခု၊ ပဲခူးတွင် ၁ ခု၊ မန္တလေးတွင် ၁ ခုနှင့် ရှမ်းပြည်တောင်ပိုင်းတွင်းတွင် ၁ ခု ဖြစ်ပွားခဲ့ကာ စစ်ကိုင်းတွ၍် ၅၂ ဦး၊ က ရင် နီတွင် ၁၃ ဦး၊ မကွေးတွင် ၁၀ ဦး၊ ပဲခူးတွင် ၆ ဦး၊ မန္တလေးတွင် ၅ ဦးနှင့် ရှမ်းပြည်တောင်ပိုင်းတွင် ၅ ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများကို သတ်ဖြတ်ခဲ့မှုတွင် စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ်တွင် ပြည်သူ ၁၉ ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်မှာ သေဆုံးမှုအများဆုံးဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်ကျေးရွာ၊ အဘူဂျာကျေးရွာမှာ ရိုဟင်ဂျာ ၅ ဦးသည်လည်း ဧပြီလ ၇ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


အကြမ်းဖက်စစ်တပ်ကြောင့် ပြည်သူများအစုလိုက် အပြုံလိုက်သေဆုံးရမှုတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုလည်း ပါဝင်ပြီး ၄ လတာ ကာလအတွင်း စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးရသည့် ဖြစ်စဉ် အနည်းဆုံး ၆ ခုရှိကာ ၅၂ ဦးသေဆုံးခဲ့ကြောင်း၊ လက် နက်ကြီးကြောင့် ရခိုင်တွင် ၃၀ ဦး၊ ကချင်တွင် ၁၀ ဦး၊ ရှမ်းတောင်ပိုင်းတွင် ၇ ဦး၊ ကရင်တွင် ၅ ဦး သေဆုံးခဲ့ရကြောင်း ၊ ရခိုင် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းရှိ ဈေးကို ဖေဖော်ဝါရီ ၁၉ ရက်နေတွင် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ သေဆုံးမှု ၂၂ ဦးအထိရှိခဲ့ကြောင်း သိရှိရသည်။


 ထို့အတူ အကြမ်းဖက်စစ်တပ်၏ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အခြားပုံစံများဖြင့်လည်း ကျူးလွန်ခဲ့မှုများ ရှိကာ ၄ လတာ ကာလအတွင်း ဖြစ်စဉ် ၃ ခုအထိရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်မှ ဒေသပြည်သူ ၆ ဦးသည် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးစဉ် မြေပြင်ရှိ အကြမ်းဖက်စစ်သားများ၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင်း ၅ ဦး သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ ၂၇ ရက်နေ့တွင်လည်း ညပိုင်းတွ၍် မြင်းခြံမြို့သို့ သွားရောက်သည့် တောင်သာမြို့နယ်မှ လူငယ် ၅ ဦး ကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင်လည်း ရှမ်းပြည်ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းအမျိုးသား ၁၂ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။



ဆက်ဖတ်ရန် →
မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် ရေးသင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေးကုမ္ပဏီများကို JMF က ဖော်ထုတ်

မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် ရေးသင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေးကုမ္ပဏီများကို JMF က ဖော်ထုတ်


ရန်ကုန်၊ ဇွန် ၁၄ ခေတ်သစ်


အကြမ်းဖက် မြန်မာ စစ်အုပ်စုကို စစ်လက်နက်နှင့် လေ့ကျင့် သင်တန်းများ ပံ့ပိုးပြီး စစ်ရာဇ၀တ်မှု ကျူးလွန်မှုများကို အားပေးနေသည့် အိန္ဒိယ စီးပွားရေး လုပ်ငန်းများကို Justice for Myanmar က ဖော်ထုတ်လိုက်သည်။


အိန္ဒိယ ပြည်သူ့ကဏ္ဍစီးပွားရေးလုပ်ငန်းများ (PSUs) သည် တရားမဝင် မြန်မာစစ်အုပ်စုကို စစ် လက်နက်ပစ္စည်း၊ အခြေခံအဆောက်အအုံနှင့် လေ့ကျင့်သင်တန်းများ ပံ့ပိုးပေးအပ်နေပြီး လက်ရှိဖြစ်ပွား နေသည့် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို အားပေး ကူညီလျက် ရှိကြောင်း JMF ကပြောဆိုသည်။


PSU များသည် အိန္ဒိယအစိုးရ၏ အများစု ပိုင်ဆိုင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်ပြီး PSU များသည် ကာကွယ်ရေး ကဏ္ဍအပါအဝင် အိန္ဒိယ စီးပွားရေးနယ်ပယ်တစ်ဝန်းရှိ ကဏ္ဍများစွာတွင် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနမှ စီမံဆောင်ရွက်နေသည့် PSU ပေါင်း ၁၆ ခု ထိရှိကြောင်း သိရသည်။


ရိုဟင်ဂျာများအပေါ်  မြန်မာစစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုနောက်ပိုင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနှင့် မြန်မာတို့သည် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ Stockholm International Peace Research Institute ၏ အချက်အလက်များအရ ၂၀၁၇-၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံသို့ တတိယမြောက် လက်နက်အများဆုံး တင်သွင်းသည့်နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


အိန္ဒိယ မူဝါဒရေးရာသုတေသနအဖွဲ့ Vivekananda International Foundation ၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ အစီရင်ခံစာအရ အိန္ဒိယ စုစုပေါင်းလက်နက်တင်ပို့မှု၏ ၅၀ ရာခိုင်နှုန်းကျော်သည် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း အတည်ပြုထားသည်။


 အဆိုပါအစီရင်ခံစာတွင် မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးပို့ခဲ့သော စစ်လက်နက်များနှင့် ဆက်စပ်ပစ္စည်းစာရင်းများကို ဖော်ပြထားပြီး ယင်းတွင် အမြောက်သေနတ်များ၊ ကျည်ကာအကျီနှင့် ဦးထုတ်များ၊ စစ်သင်္ဘောများနှင့် ပြန်လည်ပြုပြင် မွမ်းမံထားသော ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ရေငုပ်သင်္ဘောတို့ ပါဝင်ကြောင်း သိရသည်။


BrahMos Aerospace Private Limited

===========================

BrahMos Aerospace Private Limited (BrahMos Aerospace) သည် အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာန၏ ကာကွယ်ရေးသုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) နှင့် ရုရှားနိုင်ငံ၏ ပူးတွဲစတော့ ရှယ်ယာကုမ္ပဏီ “Military Industrial Consortium” “NPO Mashinostroyenia” တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပြီး BrahMos Aerospace သည် ဒုံးကျည်များ ထောက်ပံ့ရေးအတွက် မြန်မာ စစ်အုပ်စုနှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။


BrahMos Aerospace ကို အသံထက် မြန်သောခရုဇ်ဒုံးပျံများ ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်း အတွက် တည်ထောင်ထားပြီး ကုမ္ပဏီသည် အိန္ဒိယ ရေတပ်၊ ကြည်းတပ်နှင့် လေတပ်၏ လက်နက်တိုက်များတွင် ထည့်သွင်းထားသည့် သင်္ဘောအခြေစိုက်၊ မြေပြင်နှင့် ဝေဟင်အခြေစိုက် ခရုဇ်ဒုံးပျံများကို တီထွင်ထုတ်လုပ်နေကာ BrahMos ဒုံးကျည်သည် ပျံသန်းမှု တလျောက်လုံး အသံထက်မြန်သော အမြန်နှုန်းနှင့်အတူ ၂၉၀ ကီလိုမီတာအကွာအဝေးရှိ ပစ်မှတ်ကို ကိုယ်တိုင်ပဲ့ထိန်းစနစ်ဖြင့် တိကျစွာ ပစ်ခတ်နိုင်ပြီး ၎င်းကို ပစ်လွှတ်ပြီးသည်နှင့်တပြိုင်နက် "ပစ်မှတ်ကို မှန်မမှန် လှည့်ကြည့်စရာမလိုတော့ဘဲ မေ့ပစ်လိုက်လို့ ရသည်" ဟု အဓိပ္ပယ်ဆောင်သော (fire and forget) နည်းပညာဖြင့် ထိန်းချုပ်ပစ်ခတ်နိုင်ကြောင်း သိရသည်။


ဝေဟင်ပစ်လွှတ်သည့် BrahMos ဒုံးပျံဗားရှင်းကို မြန်မာ့လေတပ်အုပ်စုရှိ ရုရှားထုတ် တိုက် လေယာဉ်မျိုးကွဲတစ်ခုဖြစ်သည့် Su-30MKI တွင် ပေါင်းစပ်တပ်ဆင်ထားပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ရုရှားနိုင်ငံပိုင် မီဒီယာအေဂျင်စီ TASS နှင့် တွေ့ဆုံမေးမြန်းခန်းတွင် BrahMos Aerospace ၏ စီအီးအို Atul Rane က မြန်မာစစ်အုပ်စုသည် BrahMos ဒုံးကျည်များကို ဝယ်ယူလိုကြောင်းကို ထုတ်ဖော်ပြသခဲ့သည်ဟု ပြောကြားခဲ့ကြောင်း၊ အဆိုပါရောင်းဝယ်မှုကို ဆက်လက် လုပ်ဆောင်ရန်အတွက် BrahMos အနေဖြင့် အိန္ဒိယခရက်ဒစ်လိုင်းမှ တစ်ဆင့် ငွေးကြေးထောက်ပံ့မှု အစီအစဥ်တစ်ခု လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း Rane က ရှင်းပြခဲ့ကြောင်း သိရှိရသည်။


မြန်မာစစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များကို Brahmos Aerospace ကိုယ်စားလှယ်များမှ အနည်းဆုံး ၂ ကြိမ် တိုင်တိုင် အကျဉ်းချုံး ရှင်းလင်းတင်ပြခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အိန္ဒိယစစ်လက် နက်ပြပွဲ DefExpo တွင် ခရုဇ်ဒုံးကျည်အကြောင်း မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရှင်းလင်းပြော ကြားခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာစစ်အုပ်စု၏ အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံရှိ BrahMos Aerospace Complex သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။


Garden Reach Shipbuilders and Engineers Limited

=========================================

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ PSU ဖြစ်သည့် Garden Reach Shipbuilders & Engineers Limited (GRSE) သည် အာဏာသိမ်း ကြိုးပမ်းမှု မတိုင်မီ မြန်မာစစ်အုပ်စုအတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ခဲ့ပြီး အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်းတွင်လည်း စီးပွားရေးများ ဆက်လက်လုပ်ဆောင်နေပုံရကာ GRSE သည် ကာလကတ္တားတွင်တည်ရှိပြီး အိန္ဒိယနိုင်ငံ၏ ထိပ်တန်းသင်္ဘောကျင်းများထဲမှ တစ်ခုဖြစ်ကြောင်း သိရှိရသည်။


GRSE သည် မြန်မာ့စစ်တပ်အတွက် ဘေလီသံမဏိတံတားများ ထောက်ပံ့ပေးရန် အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်အမှာစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ကုမ္ပဏီ၏ ၂၀၁၈-၁၉ နှစ်ပတ်လည်အစီရင်ခံစာတွင် GRSE မှ "ရွှေ့ပြောင်းတပ်ဆင်နိုင်သော သံမဏိတံတားများတင်ပို့နိုင်ရေး ဘူတန်၊ မြန်မာ၊ နီပေါတို့ကဲ့သို့ အိမ်နီးချင်းနိုင်ငံများထံ စျေးကွက်ချဲ့ထွင်မှုကို အားကျိုးမာန်တက် လုပ်ဆောင်ခဲ့ကြောင်း" ဖော်ပြထားကြောင်း သိရသည်။


GRSE ၏ ၂၀၂၁-၂၀၂၂ နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနိုင်ငံ အပါအဝင် “မိတ်ဆွေ နိုင်ငံခြားတိုင်း ပြည်များ” ထံ ရေတပ်သင်္ဘောများ တင်ပို့ရန် အစပျိုးလုပ်ဆောင်မှုများ ဆောင်ရွက်နေကြောင်း ထုတ်ဖော်ရေးသားခဲ့ပြီး အိန္ဒိယအောက်လွှတ်တော် (Lok Sabha)၊ ကာကွယ်ရေးဆိုင်ရာအမြဲတမ်းကော်မတီသို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အစီရင်ခံစာအရ GRSE သည် မြန်မာနိုင်ငံအတွက် စျေးကွက်ရှာဖွေရေး ကိုယ်စားလှယ် ၁ ဦးကို ခန့်အပ်ခဲ့ပြီးကာ “အပူတပြင်း စျေးကွက်ရှာဖွေရေး လုပ်ငန်းများ”  လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။


ကုမ္ပဏီသည် ၂၀၁၈ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်များတွင် မြန်မာစစ်အုပ်စု၏ အမျိုးသားကာကွယ်ရေး ကောလိပ်မှ လာရောက်လည်ပတ်မှုများကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး အလည်အပတ်ခရီး စဉ်များ၏ အသေးစိတ်အချက်အလက်များကို မသိရှိရသော်လည်း စစ်ရေး လေ့ကျင့်မှုသင်တန်းများတွင် GRSE ၏ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ် ဖြစ်နိုင်ချေရှိသည်ဟု ခန့်မှန်းရကြောင်း၊ GRSE သည် အိန္ဒိယနိုင်ငံအဆင့်စတော့အိတ်ချိန်းတွင် စာရင်းဝင်ဖြစ်ပြီး၊ ၇၅ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဖြစ်ကာ အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ SBI Funds Management၊ Sanlam Investment Management၊ Dimensional Fund Advisors နှင့် DFA Australia တို့ ပါဝင်ကြောင်း သိရသည်။


BEML Limited

============

BEML သည် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PSU တစ်ခုဖြစ်ပြီး မြန်မာစစ်အုပ်စု အတွက် စစ်ဘက်ဆိုင်ရာပစ္စည်းများ ရောင်းချထောက်ပံ့ပေးထားကာ ယခင်က Bharat Earth Movers Limited ဟု လူသိများသော BEML သည် မီးရထားလမ်းနှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် အကြီးစား စက်ကိရိယာမျိုးစုံကို ထုတ်လုပ်ကာ ကာကွယ်ရေးကဏ္ဍတွင် BEML သည် အိန္ဒိယ၏ အဆင့်မြင့် ပဲ့ထိန်းဒုံးကျည် ဖော်ဆောင်ထုတ်လုပ်ရေး စီမံကိန်းအတွက် မြေပြင်အထောက်ကူပြုယာဉ်များကို ထောက်ပံ့ပေးကြောင်း သိရှိရသည်။


၎င်း၏ လေယာဉ်တည်ဆောက်ရေးဌာနခွဲမှ တစ်ဆင့် ကုမ္ပဏီသည် လေယာဉ်လက်နက်သယ် တွန်းလှည်းများနှင့် ဘက်စုံသုံးလက်နက်တင် ကိရိယာများ အပါအဝင် မြေပြင်အထိုင် အကူကိရိယာများကို ထုတ်လုပ်ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် စစ်အုပ်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် BEML ၏ ရထားထုတ်လုပ်မှု စက်ရုံသို့ သွားရောက် လေ့လာခဲ့ပြီး စစ်အုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို တရားမဝင် ထိန်းချုပ် ထားကာ ၎င်း၏ တပ်ဖွဲ့ဝင်များ၊ လက်နက်များနှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ရန်အတွက် ရထားများကို အသုံးပြုခဲ့သည်။


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ နားလည်မှုစာချွန်လွှာတွင် ကုမ္ပဏီသည် စက်ပစ္စည်းများ၊ အပိုပစ္စည်းများနှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံများကို တင်ပို့ခဲ့ကြောင်း အတည်ပြုခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် BEML Limited သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများကို ကာကွယ်ရေး ပစ္စည်းကိရိယာများ တင်ပို့ရောင်းချနိုင်ရေး အာရုံစိုက်လုပ်ဆောင်နေပြီး တင်ပို့ရောင်းချမှုကို တိုးမြှင့်ကာ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။


ယင်းထုတ်ပြန်ချက်တွင် BEML သည် မြန်မာနိုင်ငံတွင် “ဖြန့်ဖြူးရောင်းချမှုကွန်ရက်ကို မြှင့်တင်နေကြောင်း” နှင့် မြန်မာနိုင်ငံတွင် ဖြန့်ချီရေး ကိုယ်စားလှယ်ကို ခန့်အပ်ထားကြောင်း ထုတ်ဖော်ပြောကြားထားပြီး ကုမ္ပဏီအနေဖြင့် ၎င်းဖြန့်ချီရေး ကိုယ်စားလှယ်အမည်ကို Justice For Myanmar သို့ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း၊ BEML သည် ဘုံဘေစတော့ အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထားပြီး ၅၄ ရာခိုင်နှုန်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ဖြစ်ကာ အခြားအစုရှယ်ယာရှင်များတွင် HDFC Asset Management၊ Nippon Life India Asset Management၊ Kotak Mahindra Asset Management၊ Carne Global Fund Managers (Ireland) နှင့် White Oak Capital Partners တို့ ပါဝင်ကြောင်း သိရသည်။


Hindustan Shipyards Limited

======================

၂၀၁၈ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ PSU တစ်ခုဖြစ်သည့် Hindustan Shipyards Limited (HSL) သည် မြန်မာနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ပို့ကုန်အမှာစာများကို ဆောင်ရွက်နေကြောင်း ကြေညာခဲ့သည်။ အိန္ဒိယနိုင်ငံ၊ ဗီဆာကာပါနန်မြို့တွင် တည်ရှိပြီး၊ ကုမ္ပဏီသည် ကမ်းလွန်ကင်းလှည့် သင်္ဘောများနှင့် တိုင်းတာရေး သင်္ဘောများ တည်ဆောက်ကာ ရေငုပ်သင်္ဘောများကို ပြုပြင်မွမ်းမံမှု များလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


၂၀၂၂ ခုနှစ်၊ HSL ဥက္ကဋ္ဌ၏ ကြေငြာချက်တွင် ကုမ္ပဏီအနေဖြင့် ပို့ကုန်များ တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံအပါအဝင် ကာကွယ်ရေး စစ်သံမှူးများ/သံရုံးများနှင့် ထိတွေ့ဆက်ဆံနိုင်ခဲ့ခြင်းအပေါ် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း၊ ၂၀၂၀ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် INS Sindhuvir အဖြစ် အိန္ဒိယရေတပ်တွင် အသုံးပြုနေသည့် ရုရှားနိုင်ငံထုတ် ကီလိုအတန်းအစား ဒီဇယ်လျှပ်စစ် ရေငုပ်သင်္ဘောအား မြန်မာရေတပ်ထံ ရောင်းချ ပေးခဲ့ပြီး လွှဲပြောင်းရောင်းချရာတွင် မြန်မာ့ရေတပ်အတွက် မောင်းနှင်အသုံးပြုရေးနှင့် ပြုပြင် ထိန်းသိမ်းရေး သင်တန်းများ ပါဝင်ပြီး မြန်မာနိုင်ငံသို့ မလွှဲပြောင်းမီ ရေငုပ်သင်္ဘောကို HSL တွင် ပြန်လည်ပြုပြင်ခဲ့ကာ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် HSL သည် မင်းအောင်လှိုင်ကို တရားဝင်အလည်အပတ်ခရီးစဉ်အဖြစ် ကြိုဆိုလက်ခံခဲ့ကြောင်း သိရှိရသည်။


Yantra India Limited

================

အိန္ဒိယ ကာကွယ်ရေးကဏ္ဍ PSU တစ်ခုဖြစ်သည့် Yantra India Ltd သည် မြန်မာစစ်အုပ်စု၏ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှု စတင်ခဲ့ပြီး ၂ နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် မြန်မာစစ်အုပ်စုထံ ၁၂၂ မီလီမီတာ အမြောက်ပြောင်း အများအပြား တင်ပို့ခဲ့ကြောင်း အိန္ဒိယပို့ကုန် မှတ်တမ်းများက အတည်ပြုထားသည်။


ယင်း ၁၂၂ မီလီမီတာ အမြောက်ပြောင်းများသည် အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်တပ်ဌာန တစ်ခုဖြစ်သော ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားမှုးရုံးဟုလည်း သိကြသည့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးအရာရှိချုပ်ရုံး (OCDI) ၏ မြန်မာနိုင်ငံတွင် ထုတ်လုပ်သည့် ဟောင်ဝှစ်ဇာများအတွက် အသုံးပြုရန် ဖြစ်နိုင်ခြေ များပြားပြီး မြန်မာစစ်လက်နက်ထုတ်လုပ်ရေးနယ်ပယ်ရှိ လက်တွေ့အသုံးပြုမှုတွင် အတွေ့အကြုံရှိသည့် သတင်းရင်းမြစ်များက OCDI အနေဖြင့် ကောင်းမွန်သည့်နည်းပညာမရှိမှု ပြည်တွင်းမှ ရရှိနိုင်သည့် ကုန်ကြမ်းများ အရည်အသွေးညံ့ဖျင်းမှုတို့ကြောင့် ကလီဘာသေနတ်အမြောက်ပြောင်းကြီးများကို ရရှိနိုင်သည့် နေရာများမှ ဝယ်ယူနိုင်ရေးကိုသာ အဓိကမှီခိုလုပ်ဆောင်နေရကြောင်း မှတ်ချက်ပေး ပြောကြားထားသည်။


Mazagon Dock Shipbuilders Limited

===========================

Mazagon Dock Shipbuilders Limited (MDL) သည် စစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများအပြင် အရပ်ဘက်ရေယာဉ်များပါ တည်ဆောက်သည့် မွမ်ဘိုင်းအခြေစိုက် အိန္ဒိယကာကွယ်ရေး PSU ကုမ္ပဏီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အိန္ဒိယအောက်လွှတ်တော်၊ ကာကွယ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီထံသို့ ပေးပို့သော အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ MDL သည် မြန်မာနိုင်ငံသို့ ပေးပို့မည့် ပို့ကုန်များအတွက် အေဂျင်စီ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။


စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း MDL သည် မြန်မာနိုင်ငံမှ ကျွန်းသစ်များ ဝယ်ယူရန် တင်ဒါများ ထုတ်ပြန်ခဲ့ပြီး ယင်းတင်ဒါများတွင် အိန္ဒိယ၏ အနောက်နိုင်ငံမဟာမိတ်များက စစ်အုပ်စု ထိန်းချုပ်ထားသည့် မြန်မာ့သစ်လုပ်ငန်း (MTE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ပြီးနောက် အချိန်အတန်ကြာဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်းတွင် ထုတ်ပြန်ခဲ့သော တင်ဒါများလည်း ပါဝင်ကြောင်း သိရှိရသည်။ မြန်မာ့သစ်လုပ်ငန်း (MTE) သည် မြန်မာ့ကျွန်းသစ်ရောင်းဝယ်ရေးကို ထိန်းချုပ်ကာ စစ်အုပ်စုထံ အမြတ်အစွန်းများ စီးဆင်းစေပြီး စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးလျက် ရှိကြောင်း၊ MDL သည် ဘုံဘေစတော့အိတ်ချိန်းနှင့် အိန္ဒိယနိုင်ငံအဆင့် စတော့အိတ်ချိန်းများတွင် စာရင်းဝင်ထား ပြီး ၈၅ ရာခိုင်နှုန်း နိုင်ငံပိုင် ဖြစ်ကာ အခြားအစုရှယ်ယာရှင်များမှာ Edelweiss Asset Management၊ Aditya Biria Sun Life Amc၊ Tata AIA Life Insurance၊ Capital Investment Trust၊ ITI Asset Management နှင့် Russel Investments တို့ ပါဝင်ကြောင်း သိရသည်။


အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာစစ်အုပ်စုထံ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၊ နည်းပညာနှင့် လောင်စာဆီ ရောင်းချလွှဲပြောင်းမှုများ အားလုံးချက်ချင်းပိတ်ပင်ရန်နှင့် စစ်ဘက်လေ့ကျင့်ရေး သင်တန်းအားလုံး ချက်ချင်းရပ်ဆိုင်းရန် Justice For Myanmar က တောင်းဆိုထားသည်။


အိန္ဒိယ စစ်တပ်၊ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကဏ္ဍတို့နှင့် စီးပွားရေး ပတ်သက်ဆက်နွယ်မှုရှိကြ သည့် အစိုးရများနှင့် ကုမ္ပဏီများအနေဖြင့် မြန်မာစစ်အုပ်စုထံ ပံ့ပိုးထောက်ပံ့နေမှုအားလုံး ပိတ်ပင်ရေး တိုက်တွန်းရန် မိမိတို့၏ ဩဇာအရှိန်အဝါကို အသုံးပြုသင့်ကြောင်း Justice For Myanmar က ဆက်လက် တောင်းဆိုထားသည်။ 




ဓာတ်ပုံ - အကြမ်းဖက်မင်းအောင်လှိုင်၏ ၂၀၁၉ ခုနှစ် အိန္ဒိယခရီးစဉ်။




ဆက်ဖတ်ရန် →
လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်

လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်



မဲခေါင် ဇွန် ၁၄

ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ဇွန်လ ၁၁ ရက်နေ့က စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ စစ်ကောင်စီတပ်က ထောက်ပံ့ပြီး ဝါဒဖြန့်နေတယ်လို့ နေရပ်ပြန်ရောက်နေသူတွေက ပြောပါတယ်။

အဲ့ဒီပွဲကို ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဇော်မင်းလတ် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ အသီးသီး တက်ရောက်ခဲ့ကြပြီး စစ်ဘေးရှောင်တွေအစား စစ်တပ်၊ စစ်မှုထမ်းဟောင်းနဲ့ Non-CDM မိသားစုဝင် တို့ကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

“လွိုင်ကော်မြို့အတွင်း ဒီလူလိမ် (စစ်ကောင်စီတပ်) တွေကို အထူးသတိထားစေချင်တယ်။ ပြန်ရောက်လို့ သူတို့စကားနားမထောင်ရင် ဘာလုပ်မလဲဆိုတာ သိတယ်မလား။ ဝင်လာကတည်းက ဝိုင်းပြီး သေနတ်တွေနဲ့ ချိန်ထားတာ။ ဘာမှ‌ထောက်ပံ့စရာ မလိုဘူး။ အင်တာနက်နဲ့ ဖုန်းလိုင်းသာ ဖွင့်ပေးလိုက်။ အကုန်စီးပွားရေး အဆင်ပြေတယ်” လို့ နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ကို မေလ နောက်ဆုံးပတ်လောက်က ပြန်ကြတဲ့သူတွေရှိပေမယ့် လူနည်းစုလောက်သာဖြစ်တဲ့အပြင် အများစုကလည်း ပစ္စည်းပြန်ယူသူတွေ ဖြစ်ပြီး တချို့ကလည်း ပြန်စရာအိမ် မရှိတော့တာကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဝါဒဖြန့်ကြောင်း ထင်ရှားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အိမ်ထောင်စု ၁၅၃ စုအတွက် ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေ သိန်းပေါင်း ၁၅၀၀ ကျော် ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပေမယ့် မြေပြင်အချက်အလက်နဲ့ ကွဲလွဲနေတယ်လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တစ်ယောက်ကို ၂ သောင်းကျပ်နဲ့ ခရမ်းချဥ်သီးတွေ အာလူးတွေရတယ်လို့ ကြားတယ်။ ဒါပေမဲ့ တစ်ယောက်ကို ၂ သောင်းပဲ ရတယ်ဆိုတော့ အိမ်ထောင်စုစာရင်းနဲ့ တိုက်ကြည့်လို့ရှိရင် စာရင်းက အများကြီး ဟနေတယ်။ CP ကြက်တစ်ပိဿာက ၃ သောင်းရှိနေပြီ။ ဆန် ၂ ပြည်က ၁ လပြတ်စားဖို့ ခွဲတမ်းလား။ အဲ့ဒါနဲ့များ ဒကာကြီး လုပ်ချင်သေးတယ်” 

စစ်ကောင်စီဟာ လွိုင်ကော်မြို့ကို ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်ထားပြီး စစ်ဆေးရေဂိတ်တွေမှာ ကုန်စည်တွေကို တင်းကြပ်ထားတာကြောင့် နေရပ်ပြန် စစ်‌ဘေးရှောင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အဆင်မပြေနိုင်သေးဘူးလို့ သိရပါတယ်။

မေလနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီဘက်က အကြမ်းဖက်လုပ်ရက်တွေအစား ဝါဒဖြန့်မှုတွေကို တိုးချဲ့လုပ်ဆောင်နေတာကြောင့် မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်နေတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

MK-014
#MeKongNews
#ရိက္ခာထောက်ပံ့
#စစ်ကောင်စီ
#လွိုင်ကော်
#ကရင်နီ






ဆက်ဖတ်ရန် →
လားရှိုးဝန်းကျင် မြို့အဝင်လမ်းတွေ ဖြတ်တောက်ထားလို့ ခရီးသွား ကား၊ ပြည်သူတွေ အခက်ကြုံ

လားရှိုးဝန်းကျင် မြို့အဝင်လမ်းတွေ ဖြတ်တောက်ထားလို့ ခရီးသွား ကား၊ ပြည်သူတွေ အခက်ကြုံ

ဇွန် ၁၄-၆ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည် မြို့ အဝင်လမ်းတွေ  ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဖြတ်တောက်ထားလို့ လားရှိုးကိုလာတဲ့ ခရီးသွား ကား၊ ပြည်သူတွေ ခက်ခဲ ဒုက္ခရောက်ကြောင်း ခရီးသွားတွေဆီက သိရပါတယ်။ 

"တနေကုန် လမ်းလိုက်ရှာတာ မိုင်းယော်ကနေ ဆင်းလာတဲ့ လမ်းလည်း မြေကော် စက်နဲ့ တူးပြီး လမ်းဖြတ်လိုက်ပြီ။ နမ္မတူ လမ်းဘက်လည်း ဖြတ်လိုက်ပြီလို့ ပြောတယ်။ အီနိုင်းလမ်းလည်း သွားလို့ မရဘူး။ ဟိုပိတ် ဘက်လည်း လမ်းပိတ်လိုက်ပြီ။ နမ့်ပေါင်လမ်းလည်း ပိတ်လိုက်ပြီ" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ 

တောင်ပေါ်လမ်း၊ ရွာလမ်းတွေကနေ လမ်းတွေမှာ ပိတ်မိနေတာကြောင့် ခရီးသွား ပြည်သူတွေနဲ့ ကားသမားတွေ နောက်ကြောင်း ပြန်လှည့်ဖို့လည်း ကား ဆီကုန်တဲ့ သူကုန် ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။ 

ပိတ်မိသောင်တင်နေတဲ့ သူတွေကလည်း ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က မိုးကြီး ရေလျှံလို့ မိုင်းလီလမ်းမှာ ပိတ်မိသောင်တင်နေတဲ့ ကားတွေနဲ့ ခရီးသွားတွေ ဖြစ်တယ်လို့ ခရီးသွားပြည်သူ တယောက်က ပြောပါတယ်။ 

"မူဆယ်ဘက်နေ အဆင်းကျရင် လားရှိုး မြို့ အဝင် ၆၈ ဂိတ်ကို မနေ့ညနေ ၄ နာရီလောက် က ပိတ်လိုက်ပါတယ်။ ဈေးသည်တွေကိုတော့ ပစ်ခတ်သံကြားရင် ဈေးရောင်း မသွားကြဖို့ မှာလိုက်တယ်ပြောတယ်။ မနေ့ နေ့လယ်က သိန္နီ - မိုင်းလီ - လားရှိုးလမ်းက မိုးသည်းရေကြီး လို့ လမ်းရေကျော်ပြီး အတက်အဆင်း ကားတွေ ပိတ်မိနေတာ။" လို့ သူက ပြောပါတယ်။ 

ဒါအပြင် နမ္မတူနဲ့ သီပေါလမ်းမကြီးပေါ်  သီပေါကြားမှာလည်း စစ်တပ်ဘက်က မြေကော် စက်နဲ့ လမ်းဖျက်လိုက်တယ်လို့ သီပေါ ဒေသခံ တယောက်က ပြောပြပါတယ်။ 

လားရှိုးမြို့ပြင်ဝန်းကျင်ဘက်မှာလည်း စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ 

"အရမ်းရှုပ်နေတယ်။ ဆီဆိုင်တောင် ခုညနေ ၅ ခွဲပိတ်ခိုင်းနေတာ။ တလမ်းလုံး စစ်သားတွေချည်းပဲ။" လို့ သူက ပြောပါတယ်။

လားရှိုးမြို့ဘက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်တပ်ဘက် UWSA, MNDAA တွေ စစ်ကြောင်းထိုး အင်အားဖြည့်လာသလို သီပေါဘက်မှာလည်း MNDAA နဲ့ TNLA တွေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ ကြားရတဲ့နောက် လားရှိုးမြို့ ပတ်ပတ်လည် လမ်းတွေ ဖြတ်တောက်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

Photo Crd# ခရီးသွားပြည်သူများ




ဆက်ဖတ်ရန် →
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ

မောင်တော၊ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က သိမ်းပိုက်ရရှိထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ 

ရန်ကုန်၊ ဇွန် ၁၄ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က သိမ်းပိုက်သွားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀၀ နီးပါး AA ၏ လက်ထဲတွင် ဖမ်းဆီးခံထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ 

မောင်တောမြို့နယ်ရှိ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က ဇွန်လ ၉ ရက်နေ့ ဝန်းကျင်မှစတင်၍ တိုက်ခိုက်မှုများရှိနေကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ မိသားစုများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနထံသို့ သတင်းပေးပို့ခဲ့ကြကြောင်း၊ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းမှစတင်၍ အလယ်သံကျော်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင်မူ မည်သည့် ဆက်သွယ်မှုမှ လုပ်ဆောင်မရတော့ကြောင်း ၊ ထို့ကြောင့် အလယ်သံကျော်နယ်ခြားစောင့်စခန်းတစ်ခုလုံး AA ၏ လက်အောက်သို့ ကျရောက်သွားပြီဟု ဆိုနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုသည်။ 

ထို့ပြင်အဆက်သွယ်ပြတ်တောက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင် ရာပေါင်းများစွာ ရှိသည့်အနက်မှ ၄၀၀ နီးပါးမှာ  AA ၏ လက်အောက်တွင် စစ်သုံ့ပန်းများအဖြစ် ထိန်းသိမ်းခံထားရကြောင်း၊ စစ်သုံ့ပန်းဖြစ်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့က ကျန်ရစ်သော မိသားစုဝင်များကို AA ရဲဘော်များ၏ ခွင့်ပြုချက်ဖြင့် ဆက်သွယ်အကြောင်းကြားလာမှုများရှိနေကြောင်း သိရှိရသည်။ 

"နခခ ၆ ၊ နခခ ၉ ၊ နခခ ၇ စခန်း အပါအဝင် နခခ စခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ၄၀၀ နီးပါးလောက် စစ်သုံ့ပန်းဖြစ်နေတာရှိပါတယ်။ တချို့ ပြန်လည်ပြီးတော့ ဆက်သွယ်လာတယ်။ ပြန်လည် ဆက်သွယ် သတင်းပို့တာရှိတယ်။ နောက်တစ်ခါ အဆက်အသွယ် ပြတ်တောက် ပျောက် ဆုံးစာရင်းအဖြစ် သက်ဆိုင်ရာရဲဌာနတွေဆီမှာ စာရင်းပေးထားတာလည်း ရာချီရှိတယ်။ ပျောက်ဆုံးနဲ့ အဆက်အသွယ်မရတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် ကိန်းဂဏန်းအတိအကျကတော့ လူကြီး တွေလောက်ပဲ သိမယ်" ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုသည်။ 

AA က မူ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ပြီး နခခ ၄ ၊ မောရဝတီ ၊  “နားခေါင်းတိုစခန်း” များအပါအဝင် တပ်စခန်းများကို ဆက်လက် တိုက် ခိုက်သိမ်းပိုက်မည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


Photo- EPA။

Khit Thit Media
ဆက်ဖတ်ရန် →
မန္တလေး စျေးချိုအနီး စစ်အုပ်စု အရာရှိရဲ့ တူမ ကားတိုက်သေပြီးနောက် စျေးသည်တွေ ရိုက်နှက်ခံရ၊

မန္တလေး စျေးချိုအနီး စစ်အုပ်စု အရာရှိရဲ့ တူမ ကားတိုက်သေပြီးနောက် စျေးသည်တွေ ရိုက်နှက်ခံရ၊


စစ်အုပ်စုက မနက်မိုးမလင်းခင် ​စျေးချိုအနီးက စျေးသည်တွေကို လာရောက်ရိုက်နှက်လို့ ဝရုန်းသုန်းကား ထွက်ပြေးရ၊

AN/MFP ၊ ဇွန်-၁၃

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စျေးချိုတော် အနီး (၈၄)လမ်း၊ (၂၆)လမ်းနဲ့ (၂၈)လမ်းကြားမှာ ယမန်နေ့က စစ်အုပ်စု အရာရှိ တစ်ဦးရဲ့ တူမဆိုသူ ကားတိုက် သေပြီးနောက် ဒီမနက်ပိုင်း စစ်အုပ်စုက အဲ့ဒီ ယာဉ်တိုက်မှု ဖြစ်ပွားရာ အနီးက စျေးသည်တွေကို လာရောက် ရန်ပြု ရိုက်နှက်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စု သစ္စာခံ အရာရှိရဲ့ တူမဟာ ဇွန်(၁၂)ရက် မနေ့ကက စျေးချိုတော် အနောက်ဘက်က စျေးမှာ ကားတိုက်ခံရကာ သေဆုံးခဲ့ပြီး တိုက်တဲ့ကားဟာ ပန်းတွေ တင်ဆောင်လာတဲ့ ကားဖြစ်တယ်လို့ အရပ်စကား ပြန့်နှံ့ ခဲ့ပြီးနောက် စစ်အုပ်စုက ပန်းသည်တွေကို အငြိုးထားကာ အထက်ပါအတိုင်း စျေးသည်တွေကို လာရောက် ရိုက်နှက်တာလို့ ဆိုပါတယ်။

ဇွန်(၁၃)ရက် ဒီမနက်(၃)နာရီကျော်အချိန် စျေးချိုတော်အနီးက ပန်းသည်တွေ စျေးရောင်းရာ နေရာကို စစ်အုပ်စု ရောက်လာပြီး စျေးသည်တွေကို အော်ဟစ်ဆဲဆို ရန်ပြု ရိုက်နှက်တာ၊ စျေးပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ ဆွဲရမ်း လွင့်ပစ်ပြီး ထင်တိုင်းကျဲ သောင်းကျန်း ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

"ရိုက်တာရိုက်တာ။ ပန်းသည်တွေချည်းကို ရွေးရိုက်တာ။ ပစ္စည်းတွေလည်း ဆွဲလွင့်ပစ်တယ်။ ပန်းသည်အကုန်လုံး အရိုက်ခံရတယ်။ တခြားစျေးသည်တွေလည်း အကုန်ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့သူတွေကို ကားတွေနဲ့ ပိတ်ပြီးကို လိုက်ရိုက်ကြတာ" လို့ မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

နံပတ်တုတ်တွေနဲ့ ရောက်လာတဲ့ ရဲတွေက စျေးသည်တွေကို ရုတ်တရက် ဝင်ရောက် ရိုက်နှက်လို့ ဝရုန်းသုန်းကား ထွက်ပြေး ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံရသူက ပြောပါတယ်။

"ဘာဖြစ်လို့ လိုက်ရိုက်လဲ ဆိုတာ ဘယ်သူမှ မသိဘူး။ အကုန် ကြောက်လန့်တကြား ထွက်ပြေးရတာ" 

ဒီယာဥ်တိုက်မှု ဖြစ်ထားမှန်းကိုပင် မသိတဲ့ စျေးသည်တွေပါ အားလုံး အရိုက်ခံရတာ ဖြစ်ပြီး လာရောက် ရိုက်နှက် သူတွေဟာလည်း ဘာကြောင့် ရိုက်တယ်ဆိုတာကို မပြောဘဲ မြင်သမျှကို ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသူဟာ အရာရှိတစ်ဦးရဲ့ တူမလို့သာ သိရပြီး ဘယ်ဌာနကလဲ ဆိုတာတော့ MFP အနေနဲ့ အတိအကျ မသိရပါဘူး။

ဒီမနက် စျေးသည်တွေကို အကြောင်းမဲ့ ရန်ပြု ရိုက်နှက်ပြီး သောင်းကျန်းသူတွေဟာ ရဲနဲ့ ပြည်သူ့စစ် ယူနီဖောင်းဝတ် ပျူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ လမ်းတွေ၊ ရပ်ကွက်တွေကို ပိတ်ဆို့ပြီး လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီး ငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေလည်း မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ



ကျော်ဇော/People's Spring


ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်ကိုင်ဖုန်းများ၌ VPN ဆော့ဝဲလ် ထည့်သွင်းထားခြင်းရှိ၊မရှိ စစ်ဆေးပြီး ဖုန်းများကိုသိမ်းယူကာ ငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။


စစ်ကောင်စီက လမ်းသွား၊လမ်းလာများကို တားဆီး၍ လက်ကိုင်ဖုန်းများ၌ VPN ပါ၊မပါ စစ်ဆေးမှုများကို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည် စသည့်မြို့များနှင့် အရှေ့ခြမ်းတွင် ပဲခူးမြို့ပေါ်တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။


"ဇွန်လ ၁၁ ရက်နေ့ကတည်းက ပြည်အမှတ် (၂)စခန်းရှေ့၊ ကိုးသောင်းစျေးနားနဲ့ နဝဒေးတံတားထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်နေတာ။ ဖုန်းတွေကို VPN ပါ၊မပါစစ်တယ်။ VPN ပါတဲ့ဖုန်းတွေ့ရင် သိမ်းခံရတယ်"ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။


စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။


အလားတူ ပြည်ခရိုင် ပေါင်းတည်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယမန်နေ့(ဇွန်လ ၁၂ ရက်)က မြို့ပေါ် နေရာများတွင် ခရီးသွားပြည်သူများ၏ ယာဥ်များကိုတားဆီးကာ VPN စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။


"ပေါင်းတည်မြို့ပေါ်မှာ နေရာအတည်တကျမရှိဘူး။ mobile ပုံစံစစ်တာ။ ဆိုင်ကယ်လိုင်စင်နဲ့ ဖုန်းတွေကို VPN စစ်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။


ထို့အပြင် ယနေ့(ဇွန်လ ၁၃ ရက်)နံနက်ပိုင်းမှစတင်ပြီး ပဲခူးအရှေ့ခြမ်းရှိ ပဲခူးမြို့တွင်လည်း နံနက်အစောပိုင်း၌ ငါးပိပွဲရုံတန်းအနီး VPN စစ်ဆေးမှုများရှိခဲ့ကာ မြို့တွင်းရှိ နာရီစဥ်၊ မဟာမြိုင်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းအနီးဝန်းကျင်နေရာများ၌ စစ်ဆေးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။


"VPN ထည့်ထားလို့ တချို့ဖုန်းသိမ်းခံရတဲ့သူတွေဆိုရင် ငွေနှစ်သိန်း၊ သုံးသိန်းပေးပြီး ပြန်ရွေးရတာတွေရှိတယ်"ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။


ထို့အပြင် ရန်ကုန်မြို့တွင်လည်း စစ်ကောင်စီက ဖုန်းများအတွင်း VPN စစ်ဆေးမှုများရှိသည်ဟု လူမှုကွန်ရက်တွင် ရေးသားနေသည်။


အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက်ကွန်ရက်အသုံးပြုမှုများနှင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုမှုများကို အလုံးစုဲထိန်းချုပ်လိုက်သောကြောင့် နိုင်ငံတဝှမ်းဖုန်းလိုင်းများပြတ်တောက်ခြင်း၊ အင်တာနက်ကွန်ရက်ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 



သို့ဖြစ်ရာ အင်တာနက်လိုင်းများကို ပုံမှန်နီးပါးအသုံးပြုနိုင်ရန် ပြည်သူများက ကြားခံ VPN ဆော့ဝဲလ်များဖြင့် အသုံးပြုလာရပြီး ယခုဇွန်လတွင်မူ စစ်ကောင်စီက လူသုံးများသည့် VPN ဆော့ဝဲလ်များကို ပြည်တွင်း၌ အသုံးပြုမရအောင် ထပ်မံပိတ်ပင်ခဲ့သည်။( ပုံအဟောင်း)

ဆက်ဖတ်ရန် →