နောက်ဆုံးရ
တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

By လမ်းသစ်


“စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး” ....

-------------------


ဒါကတော့ ကုလသမဂ္ဂရဲ့  မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) က ပြီးခဲ့တဲ့လအတွင်းမှာ ကျင်းပခဲ့တဲ့ လူ့အခွင့်ရေးကောင်စီ Conference Room Paper ကိုမိတ်ဆက်တဲ့ ကုလသမဂ္ဂ အခမ်းအနားတခုအတွင်းမှာ ပြောကြားခဲ့တာပါ။ 



အကြမ်းဖက် စစ်ကောင်စီဟာ ကိုယ့်ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေပြီး၊မြန်မာပြည်သူတွေကလည်း စစ်ကောင်စီကို အစိုးရအဖြစ် ဘယ်တုန်းအခါကမှ သတ်မှတ်ခဲ့တာ မရှိကြောင်းကိုလည်း ၄င်းကထည့်သွင်း ပြောဆိုခဲ့ပါတယ်။ 


နိုင်ငံတကာအစိုးရများအနေနဲ့ စစ်ကောင်စီရဲ့ တရားဝင်မှု ရရှိအောင် လီဆယ်ကြိုးပမ်းမှု မှန်သမျှကို သတိရှိကြဖို့နဲ့စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုရာ ရောက်တဲ့ ဘယ်ပူးပေါင်းဆောင်ရွက်တာမျိုးကိုမဆို မလုပ်ဆောင်ဖို့ တို့ကို တိုက်တွန်းကြောင်းကိုလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါတယ်။


အထူးသဖြင့် စစ်ကောင်စီဟာ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုတခုကို လုပ်ဆောင်နေတဲ့ တရားမဝင် စစ်အုပ်စုတခုသာဖြစ်ကြောင်း နိုင်ငံတကာကို တင်ပြဆွေးနွေးသွားခဲ့ပြီး၊ စစ်‌ကောင်စီအား မည်သည့်နည်းလမ်းနှင့် ချိန်ထိုးကြည့်သည်ဖြစ်စေ တရားဝင်မှု မရှိသည့် အဖွဲ့အစည်းသာ ဖြစ်ကြောင်းကို အထောက်အထားများနဲ့တကွထောက်ပြဆွေးနွေးသွားခဲ့အတွက် အဆိုပါဆွေးနွေးခဲ့မှုများကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါတယ်။

--------------------


ဒီကနေ့မှာတော့ (မြန်မာစစ်အုပ်စု) တရားဝင်မှုနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဖတ်ကြားသွားပါ့မယ်။    

  

“ဥပဒေချိုးဖောက်မှုနဲ့ တရားမဝင်မှု : မြန်မာစစ်အုပ်စု က ၎င်းတို့သာ တရားဝင် အစိုးရဖြစ်ကြောင်း ကြွေးကြော်မှုနဲ့နိုင်ငံတကာတုန့်ပြန်မှုတွေကို ဆန်းစစ်လေ့လာခြင်း” လို့ အမည်ပေးထားပါတယ်။    

     

ဒါကြောင့်မို့ ဒီမှာရှိနေတဲ့ လေ့လာသူအားလုံးကို တိုက်တွန်းချင်တာကတော့ ခင်ဗျားတို့အနေနဲ့ “တရားဝင်မှု” နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အသားပေး လေ့လာချင်တာပဲ ဖြစ်ဖြစ် သာမန်ကာလျှံကာ နားလည်ချင်တာပဲ ဖြစ်ဖြစ်ရှုထောင့်အစုံကနေ ကြည့်သင့်ပါတယ် ဆိုတာပါပဲ။


တရားဝင်မှုလို့ ပြောတဲ့အခါ စစ်အုပ်စုရဲ့ သူတို့ဘာသာ ချမှတ်ထားတဲ့ တရားဝင်မှုဆိုင်ရာ စံချိန်စံညွှန်းတွေကိုလေ့လာဖို့ လိုအပ်သလို ကျွန်တော်တို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားဝင်မှုနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေကိုပါ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။    

                                                                                                                                                                                                        

ကျွန်တော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားဝင် ဖြစ်မှု၊ မဖြစ်မှုကို ဘယ်လိုစံချိန်စံညွှန်းတွေနဲ့ ချိန်ညှိ ထောက်ခံလေ့ရှိသလဲ ဆိုတာကိုပါ ထည့်သွင်း စဥ်းစားရမှာပါ။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို တရားဝင်မှု ရှုထောင့်ကနေ စစ်ဆေးအကဲဖြတ်ချင်ပါတယ်။ 


ဒါကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာစစ်အုပ်စုရဲ့ တရားဝင်မှု ရှိသယောင် ဟန်ဆောင် သရုပ်ပြနေမှုတွေကို  ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ မတော်တဆ ဖြစ်စေ ပံ့ပိုးကူညီနေကြသလား ဆိုတဲ့‌ မေးခွန်းကို အဖြေရှာချင်တာဖြစ်ပါတယ်။


မြန်မာစစ်တပ်က အခုလို သူတို့ကိုယ် သူတို့ တရားဝင်အစိုးရ ဖြစ်တယ်လို့ လိမ်ညာကြွေးကြော်နေတာဟာပြည်သူလူထုကို မတရားဖိနှိပ်ဖို့ အသုံးချနေတဲ့ ဝါဒဖြန့်ချိရေး လက်နက်တစ်ခုသာ ဖြစ်ပါတယ်။ 


သူတို့ဟာ ပြည်သူတွေအတွက် ဘယ်လောက်အရေးပါကြောင်းနဲ့  သူတို့ကို ဆန့်ကျင်နေသူတွေဟာ ဘယ်လိုပြစ်ဒဏ်ခံရမယ် ဆိုတာမျိုး  ဝါဒမှိုင်းတိုက်ဖို့ အတွက် အခုလို တရားဝင်ကြောင်း ကြွေးကြော်နေကြတာ ဖြစ်တယ်။


ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နားလည်ထားရမှာက မြန်မာစစ်အုပ်စုကို တရားဝင်မှု ရှိတယ်၊ မရှိဘူး ဆုံးဖြတ်ပေးဖို့က သိပ်ကို အရေးကြီးတဲ့ သတိကြီးကြီးထား ကိုင်တွယ်ရမယ့် အရေးကိစ္စပဲ ဖြစ်တယ်။


ဒီအစီရင်ခံစာက အဲဒီ့အကြောင်းအရာတွေကို လေ့လာဖော်ပြထားတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး တရားဝင်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို တင်ပြပါ့မယ်။ 


စစ်အုပ်စုအပေါ် တရားဝင်မှု ရှိ/ မရှိ ဆုံးဖြတ်တဲ့နေရာမှာ ဘယ်စံချိန်စံညွှန်းနဲ့ပဲ ချိန်ညှိကြည့်ပါ‌စေ အာဏာသိမ်းတဲ့လုပ်ရပ်ဟာ သူတို့ကိုယ်တိုင် စိတ်ကြိုက်ပြဌာန်းထားတဲ့  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေကိုတောင်ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရာ ရောက်တယ်ဆိုတာ အထင်အရှား မြင်တွေ့ရမှာပါ။


ဒီနေရာမှာ ပြည်တွင်းဖွဲ့စည်းပုံ အခြေခံဥပ‌ဒေဆိုင်ရာ ကိစ္စရပ်တွေကို ဆန်းစစ်ခြင်းအပြင် နိုင်ငံတကာ တရားဝင်မှုနဲ့ပတ်သက်ပြီး အဓိက အချက် ၃ ချက်နဲ့ တိုက်ဆိုင် စစ်ဆေးပါတယ်။ 


ကျွန်တော်အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို မေးခွန်း (၃) ခု မေးပါတယ်။


နံပါတ် ၁။ သူတို့မှာ (မြန်မာစစ်အုပ်စုမှာ) လက်ရှိနိုင်ငံကို ထိထိရောက်ရောက်ရောက် ထိန်းချုပ်နိုင်စွမ်း ရှိသလား။


နံပါတ် ၂။ သူတို့မှာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥ‌ပဒေ ဆိုင်ရာ တရားဝင်မှုရှိသလား။


နံပါတ် ၃။ သူတို့ဟာ ပြည်သူလူထုကို တရားဝင် ကိုယ်စားပြုနိုင်သူတွေလား။


ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှုကို စကြည့်လိုက်ရအောင်...

ဒီအချက်ဟာ သူတို့အနေနဲ့ တရားဝင်မှု ရှိ၊ မရှိ အဆိုပြုရာမှာ မင်းအောင်လှိုင် စွဲကိုင်ပြလေ့ရှိတဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီနေမှသာ အစိုးရတစ်ရပ်ကို အာဏာအပ်နှင်းသင့်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှု ကဏ္ဍမှာ အတိအလင်း ဖော်ပြထားပါတယ်။ 


တကယ်တမ်းတော့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ခေါ် စစ်ကောင်စီဟာ အခုဆက်လက်ဖော်ပြမယ့် အမူအကျင့်တွေကို ထပ်တလဲလဲ ပြုလုပ်နေတာပါ။ စစ်အုပ်စုရဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ သူတို့လေသံအတိုင်းပြန်ပြောရရင်


“စစ်ကောင်စီဟာ (၂၀၀၈) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စည်းမျဥ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ တရားဝင်မှုကို သံသယဖြစ်စရာ မလိုပါဘူး” လို့ အမြဲပြောပါတယ်။


တကယ့်လက်တွေ့မှာတော့ မြန်မာစစ်တပ်ဟာ (သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကိုလုံးဝ လေးစား လိုက်နာခြင်း မရှိခဲ့ပါဘူး။ 


ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုဟာ အခြေခံဥပ‌ဒေကို ဖောက်ဖျက်ပြီး သမ္မတ ဦးဝင်းမြင့်ကို ရာထူးက ဖယ်ရှားခဲ့သလို ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ ဒု-သမ္မတကို သမ္မတတာဝန် ပေးအပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲထား တဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေရဲ့ ပုဒ်မ ၄၁၇ အရ 


၁။ သမ္မတ တစ်ဦးတည်းကသာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာပိုင်ခွင့်ရှိရမယ် 


၂။ ဒီလိုကြေညာချက်မျိုးကို နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးမှသာ ထုတ်ပြန်ရမယ်


၃။ ပြည်ထောင်စု လွှတ်တော်ကို အကြောင်းကြားပြီးမှသာ ကြေညာခွင့်ရှိရမယ် 


လက်တွေ့မှာလည်း အထက်ပါအချက် ၃ ချက်စလုံးနဲ့ လုံးဝ ကိုက်ညီမှုမရှိခဲ့ဘူး။ (၄င်းတို့ကိုယ်တိုင် စိတ်တိုင်းကျရေးဆွဲခဲ့သော ဥပဒေကို ၄င်းတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး၊ အရေးပေါ်အခြေအနေ ကြေငြာကာ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်)။ 


ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားတဲ့နေ့မှာ စစ်တပ်အရာရှိနှစ်ဦးက သမ္မတ ဦးဝင်းမြင့်ကို နှုတ်ထွက်ဖို့ လာပြောခဲ့ပါတယ်။


ဘာလို့လဲဆိုတော့ သူ့ထွက်ဆိုချက်အတိုင်း ပြန်ပြောရရင် စစ်အရာရှိတွေက သူ့(သမ္မတ)ကျန်းမာရေး အခြေအနေဆိုးရွားနေတယ်လို့ အကြောင်းပြကာ နှုတ်ထွက်ပေးဖို့ သူ့ကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တယ်။


ဒါပေမဲ့ တကယ်တမ်းမှာ သမ္မတရဲ့ ကျန်းမာရေးက အကောင်းကြီး ရှိသေးတယ်။ ဒါ့ကြောင့် သေချင်သေပါစေ သူတို့တောင်းဆိုတာကို မလုပ်နိုင်ဘူးလို့  သူငြင်းခဲ့တယ်လို့ ဆိုပါတယ်။


အဲသလို ငြင်းဆန်တာကြောင့်ပဲ မြန်မာစစ်တပ်ဟာ သူ့ကို ဖမ်းဆီးခဲ့တယ်။ ပြီးတာနဲ့ သူတို့အလိုကျ လုပ်ကိုင်ပေးနိုင်မယ့်သူဖြစ်တဲ့ စစ်တပ်ခန့် ဒုသမ္မတတစ်ဦးကို သမ္မတနေရာမှာ ခန့်လိုက်တာပဲ ဖြစ်တယ်။


ဒီတော့ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ပြန်ကြည့်လိုက်ရင် ပြည်ထောင်စု လွှတ်တော်တစ်ခုတည်းကသာ လက်ရှိသမ္မတကို ဖယ်ရှားရေးအတွက် စွဲချက်တင်နိုင်ပြီး နောက်ဆုံးမှာ (သမ္မတနဲ့ ပတ်သက်တဲ့) ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ အဆုံးအဖြတ်ကိုလည်း လွှတ်တော်ကပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ 


ဒါပေမဲ့ တကယ်တမ်းမှာတော့ (သမ္မတဦးဝင်းမြင့်ကို တရားမဝင် ဖယ်ရှားခဲ့စဥ်က) ဒီအချက်တွေအတိုင်းကျင့်သုံးဖို့ နေနေသာသာ လွှတ်တော်ကျင်းပခွင့်တောင် မပြုခဲ့ပါဘူး။ 


ဒါနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ကျွန်တော့် အစီရင်ခံစာမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသားထားပါတယ်။


ဒါပေမဲ့ သေချာတာကတော့ စစ်အုပ်စုဟာ မတရား အာဏာသိမ်းဖို့အတွက် သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့မြန်မာနိုင်ငံရဲ့ သမ္မတကို ဖယ်ရှားခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုတောင် လိုက်နာ ဆောင်ရွက်ခြင်း အလျဥ်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ကောက်ချက်ချပါတယ်။ 


ဒါတွေအပြင် စစ်ကောင်စီ (SAC) ဟာ ဥပေဒအရ တရားဝင် မှန်မှန်ကန်ကန် ရွေးကောက်ထားတဲ့ အမတ်လောင်းတွေနဲ့ ဥပဒေပြုလွှတ်တော်ကိုလည်း ထပ်မံအပြစ်ဖို့ခဲ့ပါတယ်။


ဆိုလိုတာက တကယ့်ကို မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုတောင် သူတို့စကားအတိုင်းပြန်ပြောရရင် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆုံးရှုံးစေတယ်” လို့ သုံးနှုန်းကာ စစ်ကောင်စီက အပြစ်တင်ခဲ့တာပါ။ 


ပြည်သူတွေက ရွေးချယ်တင်မြောက်ခဲ့တဲံ့ NLD အစိုးရကို မြန်မာ့အချုပ်အခြာ အာဏာကွယ်ပျောက်စေခဲ့သူလို့ လို့စွပ်စွဲခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်မခံလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။  ဒီစွပ်စွဲချက်တွေက မှားယွင်းပြီး လုံးဝအခြေအမြစ်မရှိတဲ့ ထင်ကြေးတွေပဲ ဖြစ်တယ်။


အခုအခါမှာတော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ အခြားပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်များနဲ့ ပူးပေါင်းကာ ရွေးကောက်ပွဲအတွင်း  မမှန်ကန်တဲ့ လုပ်ရပ်တွေကို စီစစ်အကဲဖြတ်ဖို့ ဗလိုအလုပ် အမှုဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။


ဒီအဖွဲ့က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြဿနာတွေအပေါ် မကျေမလည် ဖြစ်မှုတွေကို ဆန်းစစ်အဖြေရှာကြတာပါ။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအပေါ် တုံ့ပြန်ပုံတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီ့ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျခဲ့တယ်လို့ သူတို့ ကောက်ချက်ချခဲ့ပါတယ်။


ဒါ့ကြောင့်မို့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေမှာ မဖော်ပြထားတဲ့ အာဏာသိမ်းမှု ပုံစံမျိုးနဲ့ နှောင့်ယှက်ဖျက်ဆီးကာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ တရားမဝင် ရယူလိုက်တာပဲဖြစ်တယ်။ ဒီ (စစ်ကောင်စီ)လုပ်ရပ်မျိုးဟာ ဒီမိုကရေစီနည်းအရသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်အနေနဲ့ပါ တရားဝင်မှု လုံးဝ လုံးဝ မရှိပါဘူး။ 


ဒီနေရာမှာ သေချာပေါက် ပြောနိုင်တာတစ်ခုကတော့ အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီ (SAC) ဟာအကြမ်းဖက် သတ်ဖြတ်မှုတွေကို မဆင်မခြင် လုပ်ဆောင်နေခဲ့တာတောင် နိုင်ငံကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘဲ အစိုးရတစ်ရပ် ဖြည့်ဆည်းပေးရမယ့် အခြေခံအကျဆုံး လုပ်ငန်းဆောင်တာတွေကိုတောင် ပိုင်ပိုင်နိုင်နိုင် မဖြည့်ဆည်း နိုင်ပါဘူး။ 


ဒါကြောင့် စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး ဆိုတာကို တင်ပြလိုပါတယ်။


(ဆက်လက်ဖော်ပြပါမည်)


Conference Room Paper အားမိတ်ဆက်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အခမ်းအနားတခုအတွင်းစစ်ကောင်စီ၏ တရားမဝင်မှုကို ရှင်းလင်းထောက်ပြ ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) ၏ဆွေးနွေးတင်ပြချက်များကို ဒုတိယအပိုင်းအနေနှင့်ဆက်လက်တင်ဆက်လိုက်ပါသည်။

--------------


ဆက်လက်ပြီး တရားဝင်မှု၊ အထူးသဖြင့် ဒီမိုကရေစီနည်းကျ တရားဝင်မှုဆိုင်ရာ စံနှုန်းတွေနဲ့ ပတ်သက်ပြီးဆက်လက်ဆွေးနွေးသွားပါမယ်။


ဒီနေရာမှာ သေချာတာ တခုကတော့  စစ်ကောင်စီဟာ ဒီမိုကရေစီနည်းကျ တရားဝင်မှုရှိတယ်လို့ ဘယ်တော့မှ ပြောနိုင်မှာ မဟုတ်ဘူး။ 


နောက်တစ်နည်းပြောရရင်.. ရွေးကောက်ပွဲတွေကတဆင့် ပြည်သူလူထုရဲ့ ထောက်ခံရွေးချယ်မှုနဲ့ ကိုယ်စားပြုနိုင်စွမ်း စစ်ကောင်စီမှာ လုံးဝမရှိပါဘူး။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အစိုးရခေါင်းဆောင်အဖြစ် ပြည်သူလူထုက ဘယ်တုန်းကမှ မသတ်မှတ်ခဲ့သလို၊ မြန်မာပြည်သူတွေက မြန်မာစစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာ ဘယ်တုန်းကမှ  မပေးအပ်ခဲ့ဖူးပါဘူး။ 


တနည်းပြောရရင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေက မဲဆန္ဒရလဒ်တွေကို ကြည့်ရင် စစ်ကောင်စီ ဒါမှမဟုတ် စစ်ကောင်စီရဲ့ ကိုယ်ခွဲပါတီတွေကို တိုင်းပြည်အုပ်ချုပ်ဖို့ ပြည်သူတွေက ဘယ်တုန်းကမှ အဆိုမပြုခဲ့ပါဘူး။ 


ဒါကို မြန်မာစစ်တပ်ရဲ့ ကိုယ်ခွဲ နိုင်ငံရေးပါတီ တနည်းအားဖြင့် စစ်တပ် ကျောထောက်နောက်ခံပြု ပါတီဖြစ်တဲ့ကြံ့ခိုင်ရေးပါတီအနေနဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၄၇၆ နေရာမှာ ၃၃ နေရာသာ ရရှိခဲ့တာကို ကြည့်ရင်တွေ့မြင်နိုင်မှာပါ။။


ပြီးခဲ့တဲ့ ၁၂ နှစ်ကျော် ကာလတွေတုန်းကမှ မြန်မာနိုင်ငံမှာ အတိုက်အခံပါတီတွေကို ပြည်သူလူထုရဲ့ တရားဝင်ကိုယ်စားပြုသူတွေအဖြစ် စတင် အသိအမှတ်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး နိုင်ငံတစ်ဝှမ်းက အခြေအနေတွေကို စတင်လေ့လာသုံးသပ်ခဲ့ကြပြီး အတိုက်အခံအုပ်စုတွေကို တရားဝင် ကိုယ်စားလှယ်တွေအဖြစ် စတင်အသိအမှတ်ပြုပေးခဲ့ကြတာပါ။


အချုပ်ပြောရရင် (တရားဝင်မှု ရရှိဖို့) အချက် ၄ ချက် နဲ့ ကိုက်ညီဖို့ လိုပါတယ်။ ဒါတွေကတော့ 


၁။ လက်ရှိအစိုးရ (တာဝန်ထမ်းဆောင်ဆဲအစိုးရ) မှာ တရားဝင်မှု မရှိတော့ဘူး။ (ဒါကတော့ အားလုံးနားလည်ထားတဲ့ အချက်ပါပဲ)


၂။ အတိုက်အခံအဖွဲ့တွေကလည်း ပြည်သူတွေကို ကိုယ်စားပြုနိုင်သူတွေ ဖြစ်ရမယ်။


၃။ ပြည်သူအများကို လွှမ်းခြုံ ကိုယ်စားပြုနိုင်ခွင့် ရှိရမယ်။ 


၄။ သူ့မှာ ရေရှည် တည်တံ့နိုင်ခြေ ခိုင်ခိုင်လုံလုံ ရှိရမယ်။  


စစ်ကောင်စီမှာ ဒီအချက် ၄ ချက်လုံး မရှိပါဘူး။ တာဝန်ထမ်းဆောင်ဆဲ NLD ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချလိုက်ပေမဲ့ ပြည်သူတွေရဲ့ အမြင်မှာ သူတို့ကို(NLD) တရားဝင်အစိုးရအနေနဲ့ မှတ်ယူထားဆဲပါ။  

တကယ်တမ်းမှာလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းမှုကို NLD အစိုးရက၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် အများကြီး ပိုရခဲ့တာပါ။ 


အခြေခံအားဖြင့် စစ်ကောင်စီဟာ ပြည်သူအများစုကို ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားမပြုနိုင်ခဲ့သလို  အားလုံးပါဝင်ကိုယ်စားပြုနိုင်တဲ့ အဖွဲ့အစည်းတခုလည်း မဟုတ်ပါဘူး။  ဒါကြောင့် သူတို့မှာ မြန်မာပြည်သူလူထုကို ကိုယ်စားပြုနိုင်စွမ်း လုံးဝ လုံးဝ မရှိပါဘူး။


စစ်ကောင်စီရဲ့ အဓိက ရည်မှန်းချက်က နိုင်ငံအတွင်းမှာ စစ်တပ်ကသာ အာဏာအရှိဆုံး အဖွဲ့အစည်းတစ်ခုအဖြစ်ထာဝစဥ် ရပ်တည်ရေးအတွက် အများအမြင်မှာ ဗုဒ္ဓဘာသာကို ထိန်းသိမ်းစောင့်ရှောက်တဲ့အသွင်အနေနဲ့  ဗမာလူမျိုးကြီးဝါဒ ခိုင်မာအမြစ်တွယ် သွတ်သွင်းရေး တို့ပဲ ဖြစ်ပါတယ်။ 


သူတို့ကို (စစ်ကောင်စီ) နောက်ထပ်စံနှုန်းတစ်ခုဖြစ်တဲ့ တိုင်းပြည်ကို ထိထိရောက်ရောကိ ထိန်းချုပ်နိုင်စွမ်း(effective control) ရှိသလား ဆိုတာနဲ့ ချိန်ထိုး ဆန်းစစ်ကြည့်ရအောင်...


ဒီစံနှုန်းအရ

၁။ အစိုးရတစ်ရပ်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ နယ်မြေအားလုံးနီးပါးကို ထိရောက်တဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့အခါ 


၂။ အဲဒီနယ်မြေတွေရဲ့ ဒေသခံအများစုက ဒီအစိုးရရဲ့ ဦးဆောင်မှုကို ပုံမှန်လိုက်နာဆောင်ရွက်တဲ့အခါ


၃။ သူ့မှာ ရေရှည် တည်တံ့နိုင်တဲ့ အလားအလာ အခိုင်အမာ ရှိတဲ့အခါ….. 


အဲ့ဒီအစိုးရကို တရားဝင် အသိအမှတ်ပြုသင့်ပါတယ်။ ဒီအချက် ၃ ချက်နဲ့ တိုင်းတာ စစ်ဆေးလို့ ရပါတယ်။


နယ်မြေစိုးမိုးနိုင်မှု.... စစ်ကောင်စီဟာ မြန်မာနိုင်ငံအတွင်းက နယ်မြေအများစုကို စိုးမိုးထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။တနည်းပြောရရင် လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို စီမံအုပ်ချုပ်နိုင်တဲ့ တစ်ဦးတည်းသော အဖွဲ့အစည်းလည်းမဟုတ်ပါဘူး။


တကယ်တော့ မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ NUG ရဲ့ ထိန်းချုပ်မှုအောက်မှာ အများစုရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- PDF တွေနဲ့ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ERO တွေဟာ  မြန်မာစစ်တပ်ကို အားကြိုးမာန်တက် တော်လှန်နေကြသလို တချိန်တည်းမှာပဲ သူတို့ရဲ့ ခြေကုပ်နယ်မြေတွေကို အဆက်မပြတ် တိုးချဲ့နေကြတာပါ။


ဒီကနေ့မှာ စစ်ကောင်စီဟာ အရင် ရန်ကုန် နဲ့ နေပြည်တော် အခြေစိုက်အစိုးရ တွေထက် နယ်မြေစိုးမိုးနိုင်မှု သိသိသာသာ ကျဆင်းလာပါတယ်။ 


လက်ရှိမြန်မာ့နယ်မြေ အများစုကို ထိန်းချုပ်ထားတဲ့ အဖွဲ့တွေကို အုပ်စုခွဲကြည့်မယ်ဆိုရင်


၁။ SAC ကို ဆန့်ကျင်တော်လှန်နေတဲ့ ERO အဖွဲ့တွေနဲ့ ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားနေကြတဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေ ထိန်းချူပ်ရာဒေသ


၂။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အုပ်ချုပ်ရာဒေသ


၃။ SAC နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ ERO အဖွဲ့တွေနဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ စိုးမိုးရာဒေသ


၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDF တွေ ခြေကုပ်ယူထားတဲ့နေရာ


၅။ တိုက်ပွဲပြင်းထန်တဲ့ ‌ဒေသတွေ.....စသဖြင့် အုပ်စုတွေ ထွက်ပေါ်လာပါတယ်။


ERO အခြေစိုက်နေရာဌာနတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခလေ့လာချက်တွေအရ အာဏာသိမ်းပြီးကတည်းက ERO အများအပြားဟာ သူတို့ရဲ့ စစ်ဆင်ရေးနယ်ပယ်တွေကို ချဲ့ထွင်နိုင်ခဲ့တယ်လို့ အခိုင်အမာ ဖော်ပြကြပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မကြာသေးမီက ပေါက်ကြားလာတဲ့ မှတ်တမ်းတစ်ခုဖြစ်တဲ့ စစ်ကောင်စီရဲ့  အရာရှိကြီးများသာ တက်ရောက်နိုင်တဲ့ (တံခါးပိတ်) လုံခြုံရေး အစည်းအဝေးမှတ်တမ်းမှာ သူတို့ကိုယ်တိုင် ဝန်ခံထားပြီးသား ဖြစ်ပါတယ်။


တံခါးပိတ်အစည်းအဝေး ဆိုတာကတော့ စစ်ကောင်စီ အရာရှိတွေချည်း သီးသီးသန့်သန့် ပြုလုပ်တဲ့ နိုင်ငံတော်အဆင့် အခမ်းအနားမျိုး ဖြစ်ပါတယ်။


အဲဒီ့မှာ သူတို့ရဲ့ နယ်မြေအုပ်စိုးမှု ယိုယွင်းပျက်ပြားလာရုံတင်မကဘဲ တော်လှန်ရေး အင်အားစုတွေရဲ့ အောင်မြင်မှုတွေကြောင့်ပါ စိုးရိမ်သောကရောက်နေကြပြီး ပိုမိုထိတ်လန့်လာတယ်လို့ ဖော်ပြထားပါတယ်။


ဒါ့အပြင် သူတို့တွေက (စစ်ကောင်စီ) PDF တွေရဲ့ လုပ်နိုင်စွမ်းအားတွေ နဲ့ စစ်ဆင်ရေးမှာ ထိန်းချုပ်နိုင်စွမ်းအားကောင်းလာတာနဲ့အမျှ ၂၀၂၃ မှာလည်း PDF တွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ အရှိန်မလျှော့ဘဲ ဒီနှုန်းအတိုင်း ဆက်လက်သွားနေအုန်းမယ်လို့ ခန့်မှန်းကြတယ်လို့လည်း သိရပါတယ်။  


တဖက်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်း၊ လက်နက်စွဲကိုင် တော်လှန်ခြင်း စတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ အာဏာဖီဆန်မှုကို ခံနေရတဲ့ စစ်ကောင်စီဟာ အစိုးရတစ်ရပ်မှာ ရှိရမယ့် ပြည်သူလူထုရဲ့နာခံမှု ဆိုင်ရာ စံချိန်စံညွှန်းတွေနဲ့လည်း လုံးဝ မကိုက်ညီပါဘူး။


အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်ကြတဲ့ တိုက်ပွဲပေါင်း တစ်သောင်းနီးပါး ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အရှိန်ကောင်းနေဆဲ ဖြစ်ပါတယ်။


စစ်ပွဲတွေနဲ့ ဆန္ဒပြပွဲတွေကလည်း  စစ်ကောင်စီရဲ့ ကြောက်မက်ဖွယ် ဖိနှိပ်မှုအောက်မှာ တိုက်ရိုက်အချိုးကျစွာ အားအကောင်းဆုံး အနေအထားနဲ့ ဆက်တိုက် ပြောင်းလဲဖြစ်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ ၆ လတာ ကာလအတွင်းမှာတောင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ၁,၄၀၀ ထက်မနည်း ပေါ်ပေါက်ခဲ့ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကိုအန္တရာယ်တွေကြားကပဲ မရမက လုပ်ဆောင်နေတာပါ။ 


ဒီအချက်အလက်တွေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီ ရဲ့ ရေရှည်တည်မြဲနိုင်ခြေဟာ အတော်လေး မသေချာတဲ့အနေအထားမှာ ရှိနေပြီး သူ့ရဲ့ တိုင်းပြည်ကို ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်စွမ်းကိုလည်း သူ့ဘာသာ သံသယဝင်စ ပြုလာတယ်လို့ သုံးသပ်ချင်ပါတယ်။


ဆက်လက်ပြီး စိတ်ဝင်စားဖွယ် အဖြစ်သနစ်တချို့ကို  အချက်အလက်နဲ့တကွ တင်ပြပါရစေ...


မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းနေအရွယ် ကလေး တစ်ဝက်တိတိဟာ သမားရိုးကျ ပညာသင်ကြားခွင့်ကိုငြင်းပယ်ခဲ့တာ နှစ်နှစ်ပြည့်ပါပြီ။ .


ပြည်သူ ၁ ဒဿမ ၂ သန်းဟာ အာဏာသိမ်းမှုကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခုအချိန်မှာဆိုရင် မြန်မာမှာ စစ်ဘေးရှောင် လူဦးရေဟာ ၁ ဒဿမ ၅ သန်း အထိ ရှိနေပါပြီ။ မြန်မာ့လူဦးရေရဲ့ တစ်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှု အခြေပြမျဥ်းရဲ့ ‌အောက်ကို ရောက်နေပါတယ် (ဆင်းရဲမွဲတေနေကြပါတယ်)။ 


၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီလိုအပ်သူ ဦးရေ ၁၇ ဒဿမ ၆သန်း အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြည်သူ ၁၇ ဒဿမ ၆ သန်း ပါ။


ဒီပမာဏဟာ သိပ်ကို များပြားပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်သူ ၁ သန်းသာရှိခဲ့ပြီး အခုအချိန်မှာတော့ အဆမတန်  ခုန်တက်သွားပါတယ်။

တစ်သန်းသာ ရှိခဲ့ရာက အာဏာသိမ်းမှုကြောင့် ပြည်သူ ၁၇ ဒဿမ ၆ သန်း အရေးပေါ် အကူအညီ လိုအပ်သွားတာပါ။ 


အချုပ်ဆိုရရင် စစ်ကောင်စီဟာ ကျွန်‌တော်တို့ မြင်ချင်တဲ့ အစိုးရတစ်ရပ်အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ ဘယ်လို စံချိန်စံညွှန်းမျိုးမှ မရှိတဲ့အပြင် မြန်မာနိုင်ငံရဲ့  နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို  အထင်အရှား မျက်ကွယ်ပြုထားတာဖြစ်ပါတယ်။ 


ဒါပေမဲ့ သူတို့ကို အာဏာသိမ်းပြီးကတည်းက ပေးအပ်ထားတဲ့ ကတိကဝတ်တွေအတိုင်း လိုက်နာမယ်လို့ မျှော်လင့်ကောင်း မျှော်လင့်နေသူတွေ ရှိနိုင်ပါတယ်။


ဆိုလိုတာက အကောင်းဆုံး ဥပမာတစ်ခုအနေနဲ့ အာဏာသိမ်းမှု စတင်ချိန်က အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ခေါင်းဆောင်အသီးသီးက အတူတကွ စုဝေးပြီး ဒီအကျပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းတစ်ချို့ ဖော်ထုတ်ခဲ့တာရှိပါတယ်။


ဒါကို အာဆီယံ ဘုံသဘောတူညီမှု မူ ၅ ရပ် လို့ အားလုံးသိကြပြီး ဖြစ်မှာပါ။


ဒီထဲက အရေးအကြီးဆုံးလည်းဖြစ်တဲ့ ပထမဆုံး အချက်ကတော့ မင်းအောင်လှိုင်အနေနဲ့ အကြမ်းဖက်မှု အားလုံးကို ရပ်တန့်လိုက်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ့အာဆီယံအစည်းအဝေးမှာ မင်းအောင်လှိုင်ကိုယ်တိုင်က ဒီအချက်အားလုံးကို လိုက်နာမယ်လို့ သဘောတူ လက်ခံခဲ့ပါတယ်။


ဒါပေမဲ့ ဒီအစည်းအဝေးကနေ မြန်မာပြည်ကို ပြန်ရောက်လာတဲ့အခါ မင်းအောင်လှိုင်က ဒီမူ ၅ ရပ်ဟာ ကတိကဝတ်တွေ မဟုတ်ဘဲ အကြံပြုချက် သတ်သတ်သာ ဖြစ်တယ်လို့ (မျက်နှာပြောင်တိုက်) ပြန်လည် ပြောကြားခဲ့ပါတယ်။


ပြီးတော့လည်း သူ့အနေနဲ့ တိုင်းပြည် တည်ငြိမ်မှု ရရှိပြီးမှသာ ဒီအချက်အလက်တွေအတိုင်း လိုက်နာနိုင်မယ်လို့လည်း ခပ်တည်တည် ကြေညာခဲ့ပါတယ်။


(ဆက်လက်ဖော်ပြပါမည်)

ရန်ကုန်ခေတ်သစ်



ဆက်ဖတ်ရန် →
ဧရာ၀တီတိုင်းက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို ရခိုင်နဲ့ စစ်ကိုင်းကို ရွှေ့ပြောင်း

ဧရာ၀တီတိုင်းက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို ရခိုင်နဲ့ စစ်ကိုင်းကို ရွှေ့ပြောင်း

ဧရာဝတီတိုင်းမ် မတ်လ ၂၂ ရက် 
 ဧရာ၀တီတိုင်းအတွင်းက မြို့နယ်ရဲစခန်းတွေက ရဲတပ်ဖွဲ့၀င် ၄၀ ဦးကို မတ်လ (၁၈)ရက်နေ့က ရခိုင်ပြည်နယ် နယ်ခြားစောင့်ရဲတပ်ရင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို ပြောင်းရွှေ့လိုက်တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ အသိုင်းအ၀န်းကသိရပါတယ်။ ခုလိုမျိုး တစ်တိုင်းလုံးမှာ ပြောင်းရွှေ့ရတဲ့ ရဲ ၄၀ ဦးဟာ ပြောင်းရွှေ့စာရင်းမှာမပါဝင်ဘဲ ငွေကြေးမပေး နိုင်လို့ ငွေပေးနိုင်တဲ့သာတွေအစား ရွှေ့ပြောင်းခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။ "တစ်တိုင်းလုံးအယောက် ၄၀ မြို့နယ်စခန်းတွေက နာမည်နဲ့ စာရင်းထွက်တာတစ်ချို့ကြတော့ ပိုက်ဆံပေးပြီး လူချိန်းလိုက်တာတွေ ရှိတယ် အရင်ကတိုင်းမှာ အနေကြာသူတွေချိန်းတာ၊ ခုကငွေမပေးနိုင်ရင် နာမည်ပါမှာပဲ"လို့ တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ​ဧရာ၀တီတိုင်းကနေ အခြားဒေသတွေကိုမပြောင်းရရေးအတွက် ငွေကြေးလာဘ်ထိုးရပြီး တော်လှန်ရေးအင်အားစုများနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသများကိုမပါစေရေးအတွက် ငွေကျပ်သိန်း ၅၀ နီးပါး လာဘ်ငွေပေးရတယ်လို့ ဆိုပါတယ်။ ယခုပြောင်းရွှေ့ခံရသူ အများစုဟာမြို့နယ်တွေမှာ စစ်ကောင်စီကို အဓိက ငွေရှာပေးနေတဲ့ နယ်ထိန်း၊ ဒန စတဲ့ရဲတပ်ဖွဲ့၀င်အများစုပါ၀င်သွားပြီး ယခင် ခေတ်အဆက်ဆက် မပြောင်းရွှေ့ရသူများဖြစ်ပြီး ယခုအကြိမ်မှာ ပါ၀င်သွားခဲ့တာလို့ သိရပါတယ်။ " အဓိကကတော့ လိုင်းကြေးရှာမပေးနိုင်တော့ အရင်က ဘယ်လို မပြောင်းခဲ့ရပေမယ့် ခုတော့ပါသွားတာပဲ ရဲထဲမှာလဲ အပြောင်းအရွှေ့မှာခုလို ငွေစားပြီးလုပ်ခြင်တာလုပ်နေလို့ ရဲတပ်ဖွဲ့ခြင်းလဲစိတ်၀မ်းကွဲကုန်တာ"လို့ ပုသိမ်မြို့ကရဲတပ်ဖွဲ့ ၀င်အငြိမ်းစားတစ်ဦးကပြေပါတယ်။ ဧရာ၀တီတိုင်းမှာရဲတပ်ဖွဲ့၀င်တွေဟာ တော်လှန် ရေးအင်အားစုတွေနဲ့ထိတွေ့မှုနည်းတာကြောင့် လောင်းကစားနဲ့ မူးယစ်ဆေးရောင်း၀ယ်သူများထဲကလိုင်းကြေးကောက်ခြင်း ၊လူငယ်တွေကိုPDFလို့စွပ်စွဲပြီးခြိမ်းခြောက်ငွေညှစ်ခြင်းများနဲ့ ငွေရရှိနေတာကြောင့် အခြားဒေသ တွေကိုမပြောင်းရွှေ့ရဖို့ လဘ်ငွေပေးနေရတယ်လို့သိရပါတယ်။ 


ဆက်ဖတ်ရန် →
စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကားအထင်နဲ့ ဆွဲလိုက်တဲ့မိုင်းကြောင့် ရဲမှူးချုပ်အပါ ၄ ဦးသေဆုံး

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကားအထင်နဲ့ ဆွဲလိုက်တဲ့မိုင်းကြောင့် ရဲမှူးချုပ်အပါ ၄ ဦးသေဆုံး

မုံရွာ၊ မတ် ၂၁၊ ၂၀၂၃။ 
 စစ်ကိုင်းတိုင်း မုံရွာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် လိုက်လာတဲ့ကားလို့ သတင်းအတိအကျရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပေမယ့် ရဲမှူးချုပ်ပါတဲ့ကား ဖြစ်နေခဲ့လို့ ရဲမှူးချုပ်အပါ ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၀ ရက် မနေ့ကမနက် ၁၁ နာရီဝန်းကျင်လောက်မှာ မုံရွာမြို့ရန်ကင်းကျောင်းကထွက်လာတဲ့ ယာဥ်တန်းကို PDF ၂ ဖွဲ့ပူးပေါင်းပြီး ပဒေသာမိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ Youth Revolution Attack Force အဖွဲ့တာဝန်ခံက ပြောပါတယ်။ "Alphard အနက်ရောင်ကားကို ထိသွားတယ်။ ကားကတော့ မှောက်သွားတယ်။ မှန်တွေလည်း ကွဲထွက်သွားတာ။ ပွိုင့်ကားနဲ့ အိမ်စီးကားတွေနဲ့ လာကြတာ။ ကား ၁ စီးထဲ မိုင်းမိတာ။ ကားလည်း စုတ်ပြတ်သတ်သွားတယ်" လို့ ပြောပါတယ်။ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကို လာမယ်ဆိုတဲ့ သတင်းရထားလို့ ဇောတိကကျောင်းနဲ့ ရန်ကင်းကျောင်းနားမှာ မနက် အစောပိုင်းမှာကတည်းက မိုင်းထောင်ခဲ့တာ ဖြစ်တယ်လို့ တိုက်ခိုက်မှုပါတဲ့ ဒဿ Monywa ပြောက်ကျားတပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။ "ပထမဦးဆုံး မင်းအောင်လှိုင် လိုက်ပါလာတဲ့ကားက ရန်ကင်းကျောင်းထဲကို ဝင်တယ်။ နေ့လယ် ၁၀ နာရီဝန်းကျင်လောက် ဝင်သွားတာ။ ၁၁ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ မိုင်းထောင်ထားတဲ့ ဇောတိကနဲ့ရန်ကင်းကျောင်းအနီးအနားကို ရောက်လာတဲ့အချိန် Alphard အနက်ရောင်ကားကို မိုင်းဆွဲလိုက်တဲ့အချိန်မှာ မင်းအောင်လှိုင်နဲ့ စိုးဝင်းက ပါမလာဘူး။ ရဲမှူးချုပ်နဲ့ ကားအလဲအပြောင်း စီးခဲ့တယ်လို့ သိရတယ်။" လို့ ဆိုပါတယ်။ မိုင်းဆွဲခံရလို့ ရဲမှူးချုပ်အပါအဝင် စစ်သား ၄ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ အတွင်းသတင်းတွေအရ သိရတယ်လို့ ဆိုပါတယ်။ စစ်တပ်ပိုင် မြဝတီမီဒီယာမှာလည်း မုံရွာမြို့ကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၂၀ ရက် မနေ့ မနက်ပိုင်းက မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံမှာ သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့ ဝတ္တုငွေတွေ သွားရောက်လှူဒါန်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ ပုံစာ - မတ်လ ၂၀ ရက် မနက်ပိုင်းက မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်ဓမ္မာရုံကို သွားနေတဲ့ ယာဥ်တန်းကို လမ်းကြောင်းရှင်းနေစဥ် 
 သတင်း - ဒိန်းဂျား၊ စာတည်း - ဇို #မြေလတ်အသံ


ဆက်ဖတ်ရန် →
မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်

မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော်

By Yangon Khit Thit News Agency March 21, 2023 0 12 
 မင်းအောင်လှိုင် မြှောက်စားမှုနဲ့ အချမ်းသာဆုံး ထိပ်တန်း ခရိုနီဖြစ်လာတဲ့ 24 hours ကုမ္ပဏီ ပိုင်ရှင် အောင်အောင်ဇော် ■ 


MAI နှင့် KBZ လေကြောင်းလိုင်း ရှယ်ယာအများစုကို အောင်အောင်ဇော်က ပိုင်ဆိုင်ပြီး ပိုင်ရှင်သစ်ဖြစ်လာခဲ့ပြီဖြစ် By ရန်ကုန်ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင် အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော်ကာလအတွင်းမှာ မြန်မာ့စီးပွားရေး လုပ်ပိုင်ခွင့်တွေဟာ စစ်တပ်နဲ့ ကြည်ဖြူ အဆင်ပြေသူတွေ လက်ထဲကို အလုံးအရင်းနဲ့ကို ရောက်ရှိနေပါတယ်။ ထိပ်တန်း အချမ်းသာဆုံးပုဂ္ဂိုလ်က မင်းအောင်လှိုင်နဲ့ အောင်ပြည့်စုံတို့ သားအဖ ဖြစ်ပြီး အဲဒီနောက်မှာတော့ ခရိုနီလက်သစ်တွေ တဖြည်းဖြည်း ပေါ်လာနေပါတယ်။ ဒီအထဲမှာ 24 Hours ကုမ္ပဏီပိုင်ရှင်ဖြစ်လာတဲ့ အောင်အောင်ဇော် လည်း အပါအဝင်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်မှာ 24 Hours ကုမ္ပဏီကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်က အာဏာရှင် သန်းရွှေ စစ်တပ်ကြီးစိုးနေတဲ့ ကာလဖြစ်ပြီး စစ်တပ်နဲ့နီးစပ်သူတွေ အကူအညီနဲ့ပဲ အိမ်ခြံမြေလုပ်ငန်း၊ သတ္တုမိုင်းတူးဖော်ရေးအတွက် သုတေသနနဲ့စစ်တမ်း လုပ်ပေးခြင်း ဝန်ဆောင်မှုတွေနဲ့ လုပ်ငန်းစတင်ခဲ့တာပါ။ စတင်လုပ်ကိုင်ချိန်ကတည်းက သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ပိုင်ခွင့်တွေ အဓိက အကြီးအကျယ်လုပ်ကိုင်ခဲ့တာမို့ စစ်တပ်ရဲ့ ပံ့ပိုးမှု လုပ်ခွင့်ပေးမှုတွေကြောင့် ဒီလုပ်ငန်းတွေရရှိခဲ့တာဖြစ်ပါတယ်။ သူကုမ္ပဏီရဲ့မှတ်တမ်းတွေနဲ့ ထင်သာမြင်သာ ဖြစ်မှုတွေကို ကြည့်ရင် အချိန်တိုကာလတစ်ခုအတွင်းမှာ လုပ်ငန်းတွေဟာ တရှိန်ထိုးကြီးပွားနေတာ မြင်ရပါတယ်။ ၂၀၀၅ ခုနှစ် ကျောက်မီးသွေး၊ ရွှေနဲ့ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေး လုပ်ငန်းတွေ အများအပြား လုပ်ပိုင်ခွင့်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ဆီအုန်းစိုက်ပျိုးဧက ၅၀၀၀ နဲ့ တနင်္သာရီ တိုင်းမှာ ဆီအုန်းစိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၆၀ ထုတ်လုပ်မယ့် လျှပ်စစ်ထုတ်လုပ်ရေး ပရောဂျက်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ စစ်တွေမှာ ကစ္စပနဒီကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်း၊ ဘိလပ်မြေစီမံစက်ရုံစီမံကိန်း ၊ ဟဲဟိုး အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိပါတယ်။ သူလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို တစ်ခုချင်းစီအလိုက် ခွဲခြမ်းကြည့်ရအောင်ပါ။ 

 လောင်စာဆီနှင့်စွမ်းအင်ကဏ္ဍ
 ==================
 
 မင်းအောင်လှိုင် အာဏာသိမ်းယူပြီးချိန်မှာတော့ အောင်အောင်ဇော်က 24 နာရီ လေယာဉ်ဆီ၊ စက်သုံးဆီ၊ ဒီဇယ်ဆီ ဖြန့်ဖြူးရောင်းချရေး ကုမ္ပဏီ( 24 Petroleum Limited)ကို ထူထောင်ခဲ့ပြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်တွေမှာ အမြဲလိုလို လိုက်ပါသွားလေ့ရှိတယ်လို့ ပြောခဲ့ပြီးပါပြီ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့မှာ အောင်အော်ဇော်ဟာ ရုရှားနိုင်ငံကို စစ်ကောင်စီ စွမ်းအင်ဝန်ကြီးနဲ့အတူ သွားရောက်ခဲ့ပြီး နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ရုရှားနိုင်ငံ ROSGEO ရဲ့ CEO နဲ့ ဥက္ကဋ္ဌ Mr Sergey N. Gorkov တွေ့ဆုံပါတယ်။ ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းတွေနဲ့အခြားနည်းပညာနဲ့ လျှပ်စစ်ထုတ်လုပ်မယ့် စီမံကိန်းတွေကို အဲဒီရုရှားခရီးစဉ်အတွင်းမှာ ဆွေးနွေးခဲ့ပါတယ်။ ရုရှားသမ္မတပူတင်ကိုယ်တိုင် တက်မိန့်ခွန်းပြောခဲ့တဲ့ နိုင်ငံတကာ ရုရှားစွမ်းအင်ဖိုရိမ် REW 2021 ကို တက်ရောက်ဖို့ မင်းအောင်လှိုင်က အောင်အောင်ဇော်ကို လွှတ်ခဲ့တယ်လို့ဆိုပါတယ်။ ရုရှားစက်သုံးဆီ တင်သွင်းဖြန့်ဖြူရောင်းချရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ အောင်အောင်ဇော်ကဟာ ဆက်လက် ပါဝင်လျက်ရှိနေပါတယ်။ု ဒီလုပ်ငန်းတွေကို အောင်အောင်ဇော်ဟာ မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံရဲ့ ရဲတံခွန်စွမ်းအင်ကုမ္ပဏီနဲ့ပူးပေါင်းလုပ်ကိုင်မယ့် အလားအလာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း တနင်္သာရီတိုင်းမှာ ကျောက်မီးသွေးသုံး မဂ္ဂါဝပ် ၆၆၀ လျှပ်စစ်ဓာတ်အားထုတ်စက်ရုံကိုလည်း ဆက်လက် လုပ်ကိုင်လျက်ရှိနေပါတယ်။ 

 သတ္တူတူးဖော်ရေးလုပ်ငန်း 
 ======================= 
 ၂၀၀၅ ခုနှစ်မှာ အောင်အောင်ဇော်ရဲ့ ကုမ္ပဏီဟာ ရွှေ၊ ကျောက်မီးသွေး၊ ခဲမဖြူ အဖြိုက်နက် တူးဖော်ရေးတွေကို စစ်ကိုင်း၊ တနင်္သာရီတိုင်းတွေမှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ အခုမှာတော့ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းမှာ တစ်နေ့ကို တန် ၁၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆက်လက်လုပ်ကိုင်နေပါတယ်။ ကျောက်မီးသွေးတွေ တူးဖော်ဖို့၊ တင်သွင်းဖို့လည်း အမြဲလိုလို ကြိုးစားနေပြီး ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်စက်ရုံတွေ မြောက်မြားစွာ ဆက်လက်ထူထောင်ဖို့လည်း စီမံကိန်းတွေ သူလုပ်ကိုင်နေပါတယ်။ 

 ဆောက်လုပ်ရေးကဏ္ဍ 
 ================== 
 လမ်းတံတားဖောက်လုပ်ရေး အကုန် သူလုပ်ကိုင်ပါတယ်။ ဆောက်လုပ်ရေးကဏ္ဍမှာတော့ ရှမ်းပြည် နယ်၊ ဟဲဟိုးလေဆိပ်ကို အပြည်ပြည်ဆိုင်ရာလေဆိပ်အဖြစ် အဆင့်မြှင့်တင်နေတာရှိပါတယ်။ နောက်တစ်ခါ စစ်တွေမှာ ကမ်းခြေအိမ်ရာစီမံကိန်း၊ လမ်းစီမံကိန်းတွေကိုလည်း လုပ်ကိုင်နေပါတယ်။ မြို့ပြစီမံကိန်း ဖွံဖြိုးရေးနဲ့ ဟိုတယ်တည်ဆောက်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ကိုင်နေပါတယ်။

 စိုက်ပျိုးရေး 
 =========== 
 ဆီအုန်းနဲ့ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းတွေကို အကြီးအကျယ်လုပ်ကိုင်နေပြီး တနင်္သာရီတိုင်းမှာ မြေဧက ၅၀၀၀ နဲ့ ဆီအုန်းထုတ်လုပ်ရေး စက်ရုံပါ တည်ဆောက်နေပါတယ်။ ပဲခူးတိုင်းဖြူးမြို့ နယ်မှာလည်း ဧက ၅၀၀ ကျွန်းပင်စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပါတယ်။ 

 MAI နဲ့ KBZ ပိုင်ရှင်အသစ် 
 ================ 
 အောင်အောင်ဇော်ဟာ ၂၀၁၈ ခုနှစ်မှာတော့ MAIနဲ့ KBZ လုပ်ငန်းထဲ ရှယ်ယာတွေ ဝယ်ယူပြီး ဝင်ရောက် ရင်းနှီးမြှုပ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်လောက်ကတည်းက Air KBZ နဲ့ MAI မှာ ရှယ်ယာ အများဆုံး အောင်အောင်ဇော်က ပိုင်ဆိုင်ထားတယ်လို့ စီးပွားရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။ Air KBZ က ကုမ္ပဏီက Air KBZ လေကြောင်းလိုင်း နဲ့ပတ်သက်တဲ့ ငွေကြေးတွေ အားလုံးကို KBZ ဘဏ်အသုံးမပြုတော့ဘဲ UAB ဘဏ်၊ ဧရာ၀တီဘဏ်၊ ရိုးမဘဏ်၊ CB ဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် တွေမှာ ပေးသွင်းရမယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့ကနေ Air KBZ နဲ့ဆိုင်တဲ့ ငွေကြေးတွေကို KBZ ဘဏ် တွေ မှာ အသုံးမပြုတော့ဘူးလို့ တရားဝင် အကြောင်းကြားခဲ့ပါတယ်။ အောင်အောင်ဇော်ဟာ MAIနဲ့ Air KBZ ပိုင်ရှင်သစ် ဖြစ်သွားခဲ့တာ အချိန်အတော်ကြာ ခဲ့ပြီ ဖြစ်ပါတယ်။ 

 စီးပွားရေးအင်ပါယာချဲ့ထွင်ခြင်း 
 ================= 
 အောင်အောင်ဇော်ဟာ သူရဲ့ စီးပွားရေးအင်ပါယာကို စစ်တပ်နဲ့ ပူးပေါင်းပြီး ချဲ့ထွင်နေတာကိုတော့ အာဏာသိမ်းမှု နောက်ပိုင်းမှာ ခပ်စိတ်စိတ်မြင်တွေ့လာရပါတယ်။ သူကိုယ်တိုင်ကလည်း သိုသို သိပ် သိပ် နေထိုင်တာမို့ သူ့အကြောင်း သိသူနည်းပါးလှပါတယ်။ အောင်အောင်ဇော်ဟာ စစ်တပ်နဲ့ စစ်အာဏာရှင်ကို အဓိက ပံ့ပိုးနေတဲ့ ဒေါက်တိုင် ခရိုနီ စီးပွားရေး သမားဖြစ်ပါတယ်။ စစ်တပ်ကြောင့် ချမ်းသာလာသူဖြစ်တာမို့ စစ်တပ်ကိုပဲ အာဏာရ စေချင်တဲ့ ခေတ်ပျက် ခရိုနီတစ်ဦးဆိုရင် လည်းမမှားနိုင်ပါဘူး။ အောင်အောင်ဇော်ဟာ မင်းအောင် လှိုင် လက် ထက်မှာ ထိပ်တန်း ခရိုနီစီးပွားရေးသမား စာရင်းဝင်လာဖို့ တာစူနေပြီဆိုတာက မလွဲ အသေ အချာပဲဖြစ်ပါတယ်။ 
 ဓာတ်ပုံ- အောင်အောင်ဇော်ပုံနှင့် ရုရှားတွင် ရုရှားစွမ်းအင်တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲ တက်နေသည့် အောင်အောင်ဇော်





 
ဆက်ဖတ်ရန် →
စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက် NLD ဗဟိုကော်မတီ အတည်ပြု

စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက် NLD ဗဟိုကော်မတီ အတည်ပြု

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို (NLD) ပါတီရဲ့ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။ 

 RFA Burmese 2023-03-21 


 ရွေးကောက်ပွဲ မဲရလဒ်ရေတွက်နေချိန် ၂ဝ၂ဝ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် စောင့်ဆိုင်းနေသူတချို့အား တွေ့ရစဉ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို မတ်လ ၂၁ ရက် ဒီနေ့ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ ပုံမှန်အစည်းအဝေးကနေ အတည်ပြုလိုက်ပါတယ်။ အစည်းအဝေးမှာ အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ ဗဟိုအလုပ်ကော်မတီ (CWC) ရဲ့ ဆောင်ရွက်ချက်တွေကို တင်ပြအတည်ပြုခဲ့ပြီး ဒီအထဲမှာ မှတ်ပုံပြန်မတင်တဲ့အချက်လည်း ပါဝင်တယ်လို့ NLD ပါတီရဲ့ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက RFA ကို ပြောပါတယ်။ “CWC စပြီးတာဝန်ယူကတည်းက လုပ်ထားတဲ့ဟာတွေအားလုံးကို အစီအရင်ခံစာ ထဲမှာထည့်ပြီး တင်ပြတယ်။ အတည်ပြုပေးဖို့အတွက်ကို တင်တယ်။ ဗဟို ကော်မတီဝင်အားလုံးက တညီတညွတ်တည်း ထောက်ခံပြီး အတည်ပြုလိုက်တယ်။ အဲဒီအတွက် ပါတီကို မှတ်ပုံမတင်ဘူးဆိုတဲ့ကိစ္စရော၊ ရွေးကောက်ပွဲကို ပယ်တဲ့ ကိစ္စရပ်ရော၊ နောက်ပြီးတော့ ဗဟိုကော်မတီဝင် ခြောက်ဦးကို ထုတ်ပစ်တဲ့ကိစ္စရော ပေါ့နော်။ အားလုံးကို အတည်ပြုလိုက်ပါပြီ” စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်မှာတော့ ပါတီအဖြစ် ဆက်လက်ရပ်တည်ဖို့ နှစ်လအတွင်း မှတ်ပုံတင်ရမှာဖြစ်ပြီး မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကတော့ ဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဖော်ပြထားပါတယ်။ ဦးဘိုဘိုဦးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှ အသိအမှတ်မပြုကြောင်းနဲ့ NLD ပါတီဟာ ပြည်သူတွေရှိနေသရွေ့ ဆက်ရှိနေမယ်လို့ ဆိုပါတယ်။ ဒီနေ့အစည်းအဝေးမှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောဆန္ဒကို အလေးထားဆောင်ရွက်ဖို့ အပါအဝင် ဆုံးဖြတ်ချက် ၁၁ ချက်ကို အတည်ပြု နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအစည်းအဝေးကို ဗဟိုကော်မတီဝင် ၄၀ ဦး၊ အရံဗဟိုကော်မတီဝင် ၁၃ ဦး၊ တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင် ၂၁ ဦး၊ ဗဟိုရေးရာကော်မတီတွေက ၁၆ ဦး စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြောင်း ဗဟိုအလုပ်ကော်မတီ CWC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ NLD ပါတီက ဖွဲ့စည်းထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု မှတ်တမ်းများ ကောက်ယူရေး အဖွဲ့ (NLD-HRDT) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦးအပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပြီး ၁၂၃၂ ဦး အဖမ်းခံထားရပါတယ်။ NLD ပါတီဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၉၂၀ မှာ အနိုင်ရခဲ့ပြီး ထောက်ခံမှု ၈၂.၄ ရာခိုင်နှုန်း ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မဲမသမာမှုတွေရှိခဲ့တယ်လို့ စစ်တပ်ကစွပ်စွဲပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့သလို ရွေးကောက်ပွဲအသစ် ထပ်လုပ်ဖို့လည်း ကြိုးစားနေပါတယ်။
ဆက်ဖတ်ရန် →
စစ်ခေါင်းဆောင်ကို တရားစွဲနိုင်တော့မယ်လို့ NUG ယာယီသမ္မတပြော

စစ်ခေါင်းဆောင်ကို တရားစွဲနိုင်တော့မယ်လို့ NUG ယာယီသမ္မတပြော

RFA
~~~
■ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ကိုင်နေတာတွေကြောင့် မကြာခင်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေကတစ်ဆင့် တရားစွဲ အပြစ်ပေးနိုင်တော့မယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကပြောလိုက်ပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ အွန်လိုင်းဗီဒီယိုစနစ်နဲ့ ကျင်းပတဲ့ NUG အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ပြောလိုက်တာပါ။

"ပြည်တွင်း၊ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မဝေးတော့တဲ့အနာဂတ်မှာ အကြမ်းဖက်စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားရေးရာအဖွဲ့တွေနဲ့ တရားစွဲဆို အပြစ်ပေးမှုတွေ လုပ်ဆောင်တော့မှာလည်း ဖြစ်ပါတယ်"

NUG အနေနဲ့  ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းမျိုးစုံနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာမျက်နှာစာကို ချပြနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးပိတ်ဆွေးနွေးပွဲမတိုင်ခင် မြန်မာအမျိုးသမီးလူ့အခွင့်အရေးလှုပ်ရှားသူတွေ က စစ်ကောင်စီကို ခုံရုံးတင်အရေးယူနိုင်ဖို့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး တိုက်တွန်းခဲ့တဲ့အပေါ် အားရကြောင်းလည်း  ဒူဝါလရှီးလ ကပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီဝင် ဒေါက်တာဝင်းမြတ်အေးကလည်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို  ဖမ်းဆီးသတ်ဖြတ်နေတဲ့အကြောင်း ဘာရိန်းနိုင်ငံ၊ မနားမားမြို့တော်မှာ ကျင်းပခဲ့တဲ့ လွှတ်တော်အမတ်များသမဂ္ဂညီလာခံမှာ တင်ပြနိုင်တယ်လို့လည်း သူကထောက်ပြပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာကလည်း… စစ်ကောင်စီဟာ အခုနှစ် ဖေဖော်ဝါရီလက အရေးပေါ်ကြေညာပြီးနောက် တိုက်ပွဲတွေအရှိန်မြှင့်လာပြီး၊ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်တာတွေကို တိုးလုပ်နေတယ်လို့ မတ်လ ၁၆ ရက်နေ့က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောခဲ့ပါတယ်။
----
၂၀၂၀ ခုနှစ်က တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo:AFP)



ဆက်ဖတ်ရန် →
မအလကို ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး

မအလကို ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး

" စစ်အာဏာရှင်တွေကို လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်နိုင်ဖို့ ဆုံးဖြတ်ချက် ချခိုင်းလိုက်တဲ့ တွမ်အင်ဒရူး " 

 စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံဟာ ဗရမ်းဗတာ ဖြစ်နေပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ အဆိုတစ်ရပ်ကို တောင်းဆိုလိုက်ပါတယ် ။ အားလုံးသိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိဖို့ စီစစ်လေ့လာရေးအဖွဲ့ကို ဦးဆောင်ခဲ့သူပါ ။ နွေဦးတော်လှန်ရေးအချိန်မှာလည်း လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ တာဝန်ပေးချက်အရ မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ်နဲ့ တာဝန်ယူထားပါတယ် ။ ကမ္ဘောဒီးယားနိုင်ငံက ပိုပေါ့အစိုးရကို နိုင်ငံတကာ ခုံရုံးတင်နိုင်အောင် ကြိူးပမ်းခဲ့တာကလည်း တွမ်အင်ဒရူးပါဘဲ ။ တွမ်အင်ဒရူးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်က တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးသံတမန် နိုလန်ဟေဇာရဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက တင်ပြချက်တွေကို ကိုးကားပြီး မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်ပေးဖို့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တောင်းဆိုလိုက်တာပါ ။ အင်ဒရူးရဲ့ တင်ပြချက်ကတော့ " မြန်မာနိုင်ငံ အခြေအနေကို ရာဇဝတ်ခုံရုံးဆီ လွဲပြောင်းပေးဖို့ အဆိုတစ်ရပ်ကို ချမှတ်ပေးဖို့အတွက် တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ် ။ မြန်မာနိုင်ငံဟာ အလွန်အရေးပါတဲ့ နိုင်ငံတစ်နိုင်ငံပါ ။ လူဦးရေ ၅၄ သန်း ရှိပါတယ် ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံကြားက အရေးပါတဲ့ အစိတ်အပိုင်း နယ်မြေပါ ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ မတည်ငြိမ်မှု့တွေ ၊ ရာဇဝတ်မှု့တွေကို သင် မြင်တွေ့နေပါပြီ ။ ဒါဟာ သင်တို့ရဲ့ အရှေ့မှာ ဖြစ်ပျက်နေတာပါ ။ မြန်မာပြည်သူအချို့ဟာ နယ်စပ်ဖြတ်ကျော်ပြီး ပြေးလွှားနေကြရပါတယ် ။ " " ယူကရိန်းနိုင်ငံသားတွေ သတ်နေတဲ့ လက်နက်တွေဟာ ရုရှားက လာသလို ၊ မြန်မာပြည်သူတွေကို သတ်နေတဲ့ လက်နက်တွေကိုလည်း ရုရှားကနေ တင်ပို့နေပါတယ် ။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ဟာ တရုတ်နဲ့ ရုရှားဆီကနေ လေယာဉ်တွေရပါတယ် ။ ခုခံစစ်ဆင်နွဲနေတဲ့ မြန်မာပြည်သူတွေကို ဒီလေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်နေပါတယ် ။ ရုရှားနဲ့ ဆားဘီးယားကနေ လက်နက်တွေ ရနေပါတယ် ။ မြန်မာစစ်တပ်ဟာ ခုခံစစ်ဆင်နွဲနေတဲ့ ပြည်သူတွေကို နှိမ်နင်းဖို့အတွက် ရုရှားနဲ့ တရုတ်ရဲ့ လေကြောင်းပိုင်ဆိုင်မှု့တွေအပေါ်မှာ မှီခိုနေပါတယ် ။ မြန်မာစစ်အာဏာရှင်တွေဟာ အကူအညီရဖို့အတွက် ရုရှားနဲ့ တရုတ်ကို လူသိရှင်ကြား ပေါင်းစည်းနိုင်ဖို့ ကြိူးပမ်းနေပါတယ် ။ အာဏာသိမ်းပြီးတဲ့နောက်မှာ အာဏာသိမ်းခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ဗလာဒီမာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ် ။ ဗလာဒီမာပူတင်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ် ။ ရာဇဝတ်မှု့တွေ ကျူးလွန်ရာမှာ အသုံးပြုဖို့အတွက် ပုတင်ဆီကနေ လက်နက်တွေ ရှာဖွေခဲ့ပါတယ် ။" " မြန်မာနိုင်ငံဟာ ဖြစ်ပျက်နေတာတွေက ပြောမပြနိုင်လောက်အောင်ကို စိတ်ပျက်စရာကောင်းပါတယ် ။ ဒါဟာ ကျွန်တော်တို့ မျက်စီရှေ့မှာ ဖြစ်နေတာပါ ။ အချို့သော နိုင်ငံတွေဟာ မြန်မာပြည်သူတွေကို တွေ့ကြုံနေရတဲ့ ရာဇဝတ်မှု့တွေကို မျက်နှာလွှဲနေတာဟာ အံ့သြစရာကောင်းပါတယ် ။ နိုင်ငံတကာရဲ့ ပါဝင်ပတ်သက်မှု့နဲ့ တုံ့ပြန်မှု့တွေက မလုံလောက်သေးပါဘူး ။ ကမ္ဘာတစ်ဝှမ်းလုံးက မြန်မာအတွက် စိတ်မကောင်းပေး ၊ စိုးရိမ်ပေးနေရုံနဲ့တော့ ရာဇဝတ်မှု့တွေဟာ ဆိုးသထက် ဆိုးလာမှာပါ ။ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှု့ လိုပါတယ် ။ " " တာဝန်ရှိတဲ့ လုံခြုံရေးကောင်စီဟာ မြန်မာစစ်အာဏာရှင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို တင်နိုင်ဖို့ ဆုံးဖြတ်ချက်ချဖို စီစဉ်နိုင်ဖို့ တောင်းဆိုပါတယ် ။ " ဒါကတော့ မြန်မာ့အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက လုံခြုံရေးကောင်စီကို တောင်းဆိုထားတာတွေပါ ။ ရှင်းပြရမယ်ဆိုရင် ၊ တွမ်အင်ဒရူးဟာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံထားရသူဖြစ်ပြီး ၊ လူ့အခွင့်အရေးအဖွဲ့ကို ကိုယ်စားပြုပါတယ် ။ နိုလန်ဟေဇာကတော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးကနေ တာဝန်ပေးထားတဲ့ မြန်မာ့အရေး အထူးကိုယ်စားလှယ်ပါ ။ နှစ်ဦးစလုံးဟာ မြန်မာ့အရေး အထူးကိုယ်စားလှယ်တွေဖြစ်ပြီး မြန်မာပြည်သူတွေဘက်ကနေ အပြည့်အဝ ရပ်တည်နေကြတဲ့အတွက် စစ်အာဏာရှင်တွေ မျှော်မှန်းထားသလို ရွေးကောက်ပွဲလည်း မလုပ်နိုင်သလို ၊ စစ်အုပ်ချုပ်ရေးအတွက်လည်း လုံးဝ မဖြစ်နိုင်တော့ဘူးလို့ပဲ သုံးသပ်ချင်ပါတယ် ။
ဘကြီးအောင် LA 
17 March, 2023 


ဆက်ဖတ်ရန် →