နောက်ဆုံးရ
ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ်

ရုန်းကန်ရဦးမည့် စစ်ကောင်စီ၏ အသက် ၇၀ အရွယ် နိုင်ငံခြားရေးဝန်ကြီးသစ်

Published on Feb 17, 2023

Myanmar Now

ကာလတိုအတွင်း ထိပ်တန်းနေရာ ၂ ခုကို ပြောင်းရွှေ့

ကိုင်တွယ်ခဲ့ရသည့် စစ်အရာရှိဟောင်း၊ သံအမတ်

ဟောင်း ဦးသန်းဆွေသည် ပြည်ပကို ရင်ဆိုင် စည်းရုံးရသည့်နေရာသစ်သို့ ရောက်လာသည်။

မကြာမီသေးက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်ကောင်စီအဖွဲ့နှင့် ၎င်း၏ ဝန်ကြီးအဖွဲ့ကိုအပြောင်းအလဲပြုလုပ်လိုက်ရာ နိုင်ငံတကာသံခင်းတမန်ခင်း၌ အလွန်အရေး ပါသည့် နိုင်ငံခြားရေးဝန်ကြီးနေရာလည်း ပါဝင်ခဲ့သည်။

ယခင် သမ္မတဦးသိန်းစိန်လက်ထက်နှင့် မင်းအောင်လှိုင်၏ နှစ်နှစ်တာစစ်အုပ်ချုပ်ရေးလက် ထက်တွင်နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သော စစ်အရာရှိဟောင်း ဦးဝဏ္ဏမောင်လွင်၏နေရာတွင် အစားထိုး ခန့်အပ်ခံရသူမှာအသက် ၇၀ အရွယ်ရှိပြီဖြစ်သော စစ်တပ်အရာရှိဟောင်း ဦးသန်းဆွေဖြစ်သည်။ ၎င်းသည် အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂတွင်လည်း မြန်မာကိုယ်စားပြု သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားခံရသူ ဦးဝဏ္ဏမောင်လွင် မူကား အဖွဲ့ဝင် ၂၀ ဦးရှိ စစ်ကောင်စီအဖွဲ့အတွင်းရောက်ရှိသွားသည်။ ဦးဝဏ္ဏမောင်လွင်ကို ဖယ်ရှားလိုက်သည့် အကြောင်းရင်းကို သေသေ ချာချာ မသိရသော်လည်း သဘောထားတင်းမာသူ ဖြစ်သော ကြောင့် အပြောင်းအလဲလုပ်ခြင်းဖြစ်နိုင်ကြောင်း နေပြည်တော်နှင့်နီးစပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

“ကြားရသလောက်တော့ ဦးဝဏ္ဏမောင်လွင်က သဘောထားတင်းမာတယ်။ နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှာသိပ်အဆင်မပြေဘူး၊ အထူးသဖြင့် အာဆီယံနဲ့။ ငါ့ကိုမဖိတ်ရင် တခြားလူလည်း မတက်နဲ့ဆိုတာမျိုး။ အဲဒါကို သိပ်သဘောမတွေ့ကြဘူးလို့ သိရတယ်”

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှု၊ နိုင်ငံတကာ အသိုင်းအဝိုင်း ၏ ဘက်ပေါင်းစုံဖိအားများအောက်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အနေဖြင့် မလူးသာမလှုပ်သာဖြစ်ခဲ့သည်။

အထူးသဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံမှတဆင့် ချဉ်းကပ်မှုများတွင် ဦးဝဏ္ဏမောင်လွင်အနေဖြင့်ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည်။ အာဆီယံဘက်မှနေ၍ အလှည့်ကျဥက္ကဋ္ဌများဖြစ်သော ဘရူ နိုင်းနှင့် ကမ္ဘောဒီးယားတို့က အထူးကိုယ် စားလှယ်များခန့်အပ်ကာ နေပြည်တော်သို့ အကြိမ်ကြိမ် စေလွှတ်ခဲ့သော်လည်း တစ်စုံတစ်ရာတိုးတက်ပြောင်းလဲမှု မရှိခဲ့ပေ။

ဦးဝဏ္ဏမောင်လွင်အနေဖြင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်နေစဉ် အတွင်း အများဆုံးလုပ်ဆောင်ခဲ့ရသည်မှာ ကုလအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ မြန်မာ့အရေးပြောဆိုချက်များကို စစ်ကောင်စီအလိုကျ ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်ခြင်းသာဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးအရာ ရခဲ့သော်လည်း နိုင်ငံတကာ သံခင်းတမန်ခင်း အခမ်းအနားများ တွင် ပါဝင်ခွင့် မရခဲ့ပေ။

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာ့အရေးတွင် ပါဝင်ပတ်သက်သူ အားလုံးနှင့် တွေ့ဆုံခွင့်ရရေး အစရှိသည့် အာဆီယံ၏ ၂၀၂၁ ဘုံသဘောတူညီချက် မူဝါဒများ ကို မြန်မာစစ်ကောင်စီက မလိုက်နာသဖြင့် အာဆီယံအစည်းအဝေးများကို မင်းအောင်လှိုင်နှင့် ၎င်းစိတ်တိုင်းကျ ဖွဲ့ထားသည့် ဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခွင့် မရှိသည်မှာ ယခုတိုင်ဖြစ်သည်။ သမားရိုးကျ နိုင်ငံဝန် ထမ်း အရာရှိများကိုသာ အာဆီယံက တက်ခွင့်ပြုခဲ့သည်။

စစ်ကောင်စီအတွက် ဦးဝဏ္ဏမောင်လွင် ဆောင်ကြဉ်းခဲ့ရသည်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသို့တိတ်တခိုးသွားရောက်ခြင်း၊ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သွားရောက်ကာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအချို့ကိုတိတ်တဆိတ်တွေ့ရခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ ဘန်ကောက်ကို နှစ်ကြိမ်တိုင်သွားရောက်ခဲ့သည်။ ပထမတစ်ကြိမ်မှာ အာဏာသိမ်း ပြီးစ၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ စေ့စပ်မှုဖြင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း လေဆိပ်တွင် တွေ့ရခြင်းပင်။နောက်တစ်ကြိမ်သည်လည်း ထိုင်း၏ကြားဝင်မှုဖြင့်ပင် ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအိုတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အလွတ်သဘော တွေ့ရခြင်းပင်။

ဦးဝဏ္ဏမောင်လွင်အနေဖြင့် သံတမန်အသိုင်းအဝိုင်းတွင် မျက်နှာပန်းမလှခဲ့သည့်နည်းတူ စစ်ခေါင်းဆောင်အတွက်လည်း ဦးဝဏ္ဏမောင်လွင် ရှိနေခြင်းအတွက် တစ်စုံတစ်ရာ အကျိုးထူးမရခဲ့ဟု သာ ဆိုရပေမည်။

သူ့နေရာသို့ ရောက်လာသူ ဦးသန်းဆွေမှာ သူ့နည်းတူ စစ်တက္ကသိုလ်အပတ်စဉ် ၁၆ တက်ရောက်ခဲ့သူဖြစ်သည်။နိုင်ငံတကာသံတမန်ဆက်ဆံရေးတွင် အရေးပါသောဝန်ကြီးနေရာအတွက် လူဟောင်းထဲမှ တစ်ယောက်ကိုရွေးထုတ်ရသည်ကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းခေါင်း ဆောင်အတွက် ရွေးချယ်စရာနည်းပါးနေသည်ကို ပြဆိုလျက်ရှိသည်။

ဦးဝဏ္ဏမောင်လွင်နည်းတူ ဦးသန်းဆွေသည်လည်း ထွေထွေထူးထူး လုပ်ပြစရာရှိမည် မထင်ပေ။ နေပြည်တော်ရောက်လာတတ်သည့် နိုင်ငံတကာဧည့်သည်  တစ်ဦးစနှစ်ဦးစကို လက်ခံတွေ့ဆုံခြင်းနှင့် အခါအားလျော်စွာကြေညာချက်များထုတ်ပြန်ခြင်းသာ ဖြစ်ပေလိမ့်မည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ထမ်းဆောင်နေပြီဖြစ်သော ဦးသန်းဆွေက စစ်ကောင်စီကိုယ်စားပြုသံအမတ်များ၊ ကောင်စီဝန်များကို အွန်လိုင်းမှတဆင့် စကားပြောဆိုခဲ့သည်။ စစ်ကောင်စီအားထားသည့် ဦးစီးဦးဆောင်ဝန်ကြီးတစ်ပါးဖြစ်သူ အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့်အတူ ယခုလ ၁၅ ရက်က ပြည်ပရောက် သံအရာရှိ များကို ဦးသန်းဆွေက အမှာစကားခြွေသည်။

အွန်လိုင်းမှဆင့် ဦးသန်းဆွေတွေ့ဆုံသူများမှာ အာရှဒေသရှိ မြန်မာသံရုံးများမှ သံအမတ်များနှင့် ကောင်စစ်ဝန်ရုံးတာဝန်ရှိသူများဖြစ်သည်။ ထိုတွေ့ဆုံပွဲအကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး ပါဝင်သော်လည်း နယူးယောက် မြို့ရှိ မြန်မာသံရုံး မပါသည်ကို တွေ့ရသည်။

ထို့အတူ ဥရောပနှင့် အခြားဒေသများရှိ မြန်မာသံရုံးများ ပါဝင်ခြင်း မရှိသည်ကို တွေ့ရသည်။

ရှေ့တန်းခံစစ်တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကိုအိမ်ရှင်အစိုးရများ သိရှိစေရေးဆောင်ရွက်ကြရန် ဦးသန်းဆွေက ပြည်ပရောက် စစ်ကောင်စီလက်အောက်ခံသံတမန်များကို မှာကြားသည်။

စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးသစ်ဖြစ်လာသူ ဦးသန်းဆွေမှာ ဦးသိန်းစိန်လက်ထက်တွင် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ရွေးချယ်ခံရသူဖြစ်သည်။ အမေရိကန်နှင့် မြန်မာ အကြား သံအမတ်ကြီးအဆင့်ပြန်လည်ထားရှိရန် သဘောတူခဲ့ကြပြီးနောက် ဦးသန်းဆွေကို သံအမတ်အဖြစ် အဆိုပြုမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ်က အမေရိကန်ခရီးစဉ်အတွင်း ဦးဝဏ္ဏမောင်လွင်ကပင် ကြေညာခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ဖြင့် အုပ်စိုးပြီးနောက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင် ရာတွင်နိုင်ငံတကာအသိုင်းအဝိုင်းက ချီးကျူးထောပနာပြုခဲ့ကြသည့်နည်းတူ အမေရိကန်နှင့် မြန်မာ တို့ရွှေလမ်းငွေလမ်းဖောက်ခဲ့ကြသည်။ ပထမဆုံးအကြိမ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့်သမ္မတအိုဘားမားတို့ မြန်မာနိုင်ငံရောက်ရှိခဲ့သည်။

အမေရိကန်နှင့် မြန်မာအကြား သံတမန်ဆက်ဆံရေး အပြည့်အဝအသက်ပြန်ဝင်လာပြီး နှစ်နိုင်ငံ သံအမတ်အကြီးအဆင့် အပြန်အလှန်ခန့်အပ်ခဲ့ကြရာ ဦးသန်းဆွေသည်လည်း အိမ်ဖြူတော်သို့ သွားရောက်ကာ သမ္မတအိုဘားမားထံ သံအမတ်ခန့်အပ်လွှာ ပေးအပ် နိုင်ခဲ့သည်။

မြန်မာဆိုင်ရာ ကန်သံအမတ်မဖြစ်မီက ဦးသန်းဆွေမှာ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၎င်းသည် ကုလဆိုင်ရာ ဒုသံအမတ်အဖြစ် ၂၀၀၈ မှ ၂၀၀၉ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး ထို့နောက် သံအမတ်ကြီးဖြစ်လာခဲ့သည်။

ယင်းမတိုင်မီက ဦးသန်းဆွေမှာ ဦးသန်းရွှေလက်ထက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်း ဆောင်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၆) တက်ရောက်ခဲ့သူ ဦးသန်းဆွေမှာ ၂၀၀၀ ပြည့်နှစ်တွင်ဗိုလ်မှူးကြီးအဆင့်ဖြင့် အရပ်ဘက်ပြောင်းခဲ့သူ မိုးကျရွှေကိုယ် တစ်ဦးဖြစ်သည်။ စစ် ကျောင်းဆင်းပြီးနောက် ဦးသန်းဆွေ၏ မိခင်တပ်ရင်းမှာ ကချင်ပြည်နယ် ဟိုပင်အခြေစိုက် ခလရ-၄၀ ဖြစ်သည်။ ကရင်ပြည်နယ်တွင်လည်းစစ်ဆင်ရေးတာဝန် ထမ်းဆောင်ဖူးသည့် ဦးသန်းဆွေမှာ စစ်တပ်တွင်း၌ ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်ရင်းမှူး တာဝန်အထိ ထမ်းဆောင်ဖူးသည်။

ဦးသန်းဆွေနှင့် စစ်တက္ကသိုလ်တစ်ပတ်စဉ် တည်းတက်ရောက်ခဲ့သူများအနက် ထင်ရှား သူများ ဦးဝဏ္ဏမောင်လွင်၊လက်ရှိ စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒုသမ္မတဖြစ်ခဲ့သူ ရေတပ်ဗိုလ်ချုပ်ကြီးဟောင်း ဦးဉာဏ်ထွန်း၊ ဦးသန်းရွှေလက်ထက် စစ်ကိုင်းတိုင်းမှူးဖြစ်ခဲ့သူ ဒုဗိုလ်ချုပ်ကြီးသာအေးတို့ဖြစ်သည်။

ဦးသန်းဆွေ၏ဇနီးမှာ ဒေါ်ခင်ဝင်းရီဖြစ်ပြီး ၎င်းတို့တွင် သမီးနှစ်ဦးရှိသည်။ ဦးသန်းဆွေ၏ သားမက်သည်လည်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တစ်ဦးဖြစ်သည်။ ဦးသန်းဆွေသမက် နိုင်ငံရေးရာဦးစီးဌာန ညွှန်ချုပ် ဦးအောင်ကိုမှာ သမ္မတဦးသိန်းစိန်၏ လက်စွဲတော်စကားပြန်ဖြစ်ခဲ့သည်။ 

နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အမေရိ ကန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသော ဦးသန်းဆွေကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခြင်းမှာ ကျရှုံးနေသော အနောက်အုပ်စုနိုင် ငံများနှင့် သံတမန်ဆက် ဆံရေးကို အဖတ်ဆည်ရန် ကြိုးပမ်းခြင်းဖြစ်နိုင်သည်ဟုလည်း ယူဆသူများရှိသည်။

စစ်တပ်က အာဏာမသိမ်းအချိန်ထိ ဦးသန်းဆွေသည် စစ်တက္ကသိုလ်အတူတက်ရောက်ခဲ့ သော သူငယ်ချင်းများနှင့် ဂေါက်ရိုက်ခြင်း၊ ပြည်တွင်းပြည်ပ ခရီးထွက်ခြင်းများဖြင့် အငြိမ်းစားသံအ မတ်ဘဝတွင် နှစ်နှစ်ခြိုက်ခြိုက်ပျော်မွေ့နေသည်ကို ၎င်း၏ Facebook စာမျက်နှာရှိ မရေမတွက်နိုင်သော ဓာတ်ပုံမှတ်တမ်းများက ဖော်ပြနေသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းယူလိုက်ချိန်တွင် ဦးသန်းဆွေပြန်ပေါ်လာသည်။ အာဏာသိမ်း စစ်ကောင်စီ၏ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဖြစ်လာခြင်းပင်။ ဦးသန်းရွှေလက်ထက်က ဝန် ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံထားသည့် ထိုရာထူးဝန်အဖွဲ့တွင် ဦးသန်းဆွေ က ဥက္ကဋ္ဌအဖြစ် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့အထိ တစ်နှစ်ကျော် တာဝန်ယူခဲ့သည်။

ဦးသန်းဆွေလက်ထက် ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်များတွင် ယခင်ဦးသန်းရွှေ စစ်အာဏာရှင်လက်ထက်ကမူဝါဒများကို ပြန်လည်အသက်သွင်းခဲ့သည်။ ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းနောက် ထိုတက္ကသိုလ်များတွင်ဝန်ထမ်းများသည် စစ်ယူနီဖောင်းပုံစံကဲ့သို့ ဝတ်ဆင်ရခြင်းကို ဖျက်သိမ်းခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် ကိုယ်စားပြုသည့် တူညီဝတ်စုံများ ဝတ်ဆင်ခွင့်ရခဲ့သည်။

ထို့ပြင် အရပ်ဖက်ဝန်ထမ်းများနှင့် သက်ဆိုင်ခြင်းမရှိသော စစ်ရေးလေ့ကျင့်ခြင်း၊ သေနတ်ပစ် လေ့ကျင့်ခြင်းများကိုလည်း ဖျက်သိမ်းခဲ့သည်။ ထိုသို့ဖျက်သိမ်းခဲ့သည်များကို ဦးသန်းဆွေက ဝန်ထမ်းလေ့ကျင့်ရေးတက္ကသိုလ်များတွင် လွန်ခဲ့သည့်နှစ်နှစ်တာအတွင်း ပြန်လည် အသက်သွင်းခဲ့သည်။

ပြီးခဲ့သည့်နှစ်အတွင်း မင်းအောင်လှိုင်က ရာထူးအပြောင်းအလဲတချို့ပြုလုပ်ခဲ့ရာ၌ ဦးသန်းဆွေကို ရာထူးဝန်အဖွဲ့မှအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ ခန့်အပ်ခဲ့သည်။

အဂတိကော်မရှင် ဥက္ကဋ္ဌအနေဖြင့် ဦးသန်းဆွေသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာအတွင်း ကမ္ဘော ဒီးယားနိုင်ငံတွင်ကျင်းပသည့် အာဆီယံဒေသေဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (ASEAN-PAC) ၏ ၁၈ ကြိမ်မြောက်အစည်းအဝေးကို စစ်ကောင်စီကိုယ်စားပြု တက်ရောက် ခဲ့သည်။

ယခုအခါ ဦးသန်းဆွေမှာ စစ်ကောင်စီ၏ ဒုတိယမြောက်နိုင်ငံခြားရေးဝန်ကြီးဖြစ်လာသည်။ နှစ်နှစ် တာကာလအတွင်း ပြည်ထောင်စုအဆင့် ဌာနသုံးခုတွင် အကြီးအကဲလာဖြစ်လာသူ ဦးသန်းဆွေ အနေဖြင့် အာဏာလက်မလွှတ်လိုသူ စစ်ဗိုလ်ချုပ်များအတွက် မည်သို့ ဆက်လက် အသုံးတော်ခံမည်ကို စောင့်ကြည့်ရပေမည်။






ဆက်ဖတ်ရန် →
စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်

17 February 2023

ဧရာဝတီ

ရန်ကုန်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအခမ်း

အနားသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်စဉ် / Cincds


မြန်မာစစ်ကောင်စီနှင့် ရုရှားတို့ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းအတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခုအပတ်အတွင်း ပြောသည်။


“မြန်မာက ဖိနှိပ်တဲ့ စစ်ကောင်စီကို နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထောက်ခံမှုတိုးချဲ့ဖို့ ရုရှားက စိတ်အားထက်သန်နေတာကို ကျနော်တို့ အလေးအနက် စိုးရိမ်ပူပန်ပေမယ့် မအံ့သြဘူး” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက VOA သို့ ပေးပို့သည့် ဖေဖော်ဝါရီလ ၁၄ နေ့ အီးမေးလ်တွင် ဖော်ပြထားသည်။“ရုရှား၏ လုပ်ရပ်သည် အင်ဒို-ပစိဖိတ်ဒေသတွင် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များ၊ မဟာမိတ်များနှင့်အတူငြိမ်းချမ်းရေးနှင့် ချမ်းသာကြွယ်ဝရေးကို အားပေးရန် မိမိတို့၏ လုပ်ဆောင်မှုများကို ခြိမ်းခြောက်နေသည့်အကျပ်အတည်းတခုကို ပိုမိုရှည်ကြာစေသည်” ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံပိုင် အနုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM နှင့် စစ်ကောင်စီတို့သည် နျူကလီးယား စွမ်းအင်အသုံးပြုရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး အစိုးရချင်း သဘောတူညီချက်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။

“ဒီသဘောတူညီချက်ဟာ နျူကလီးယား ဓာတ်အားပေးစက်ရုံ အသေးစားအတွက်သာမက နျူကလီးယား နည်းပညာကို နယ်ပယ်စုံမှာ အသုံးပြုဖို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး နိုင်ငံရဲ့ လူမှုစီးပွားတိုးတက်မှုကိုအထောက်အကူပြုမှာ ဖြစ်တယ်” ဟု စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်တွင် ဖေဖော်ဝါရီလ ၆ရက်နေ့က အသစ်ဖွင့်လှစ်လိုက်သည့် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာတွင် ပြုလုပ်သည့်အခမ်းအနားတွင် ပြောသည်။

“နှစ်နိုင်ငံ နျူကလီးယား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဟာ ရုရှား-မြန်မာဆက်ဆံရေး သမိုင်းကြောင်းမှာ အခန်းကဏ္ဍသစ်တခုကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်တယ်” ဟု ROSATOM ညွှန်ကြားရေးမှူးချုပ် အလက်ဆီ လီခါချက်ဗ်က ထိုလက်မှတ်ရေးထိုးပွဲတွင် ပြောသည်။ “နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာ နိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနဲ့ စီးပွားရေးတို့တွင် များစွာ အကျိုး ဖြစ်ထွန်း စေမယ်” ဟုလည်း သူကပြော

သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနှင့် နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုကို အလျင်အမြန် တိုးချဲ့လုပ်ကိုင်သည်။ ရုရှား၏ အကူအညီဖြင့် မြန်မာသည် နျူကလီးယား ဓာတ်ပေါင်းဖို အသေးစားတခု တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA သို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောသည်။

ရုရှားနျူကလီးယား ကျွမ်းကျင်သူများ၏ အကူအညီဖြင့် အသေးစား ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်သင့်တော်သည့် နေရာများကို မြန်မာနျူကလီးယား ကျွမ်းကျင်သူ

များ ရှာဖွေနေကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းကVOA မြန်မာပိုင်းသို့ ပြောသည်။

“နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ဖို့ တနိုင်ငံလုံးက နေရာအများအပြားမှာ ဖြစ်နိုင်ခြေဆန်းစစ်မှုတွေလုပ်မယ်။ အခုလောလောဆယ်တော့ နေရာမရွေးရသေးဘူး။ အန္တရာယ်ကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်ဖို့အ

ကောင်းဆုံး အလုံခြုံဆုံး ပတ်ဝန်းကျင်နဲ့ အကောင်းဆုံးနေရာမှ လုပ်မှာဖြစ်တယ်” ဟုလည်း ၎င်းကပြောသည်။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အရှေ့ဖျား စီးပွားရေးဖိုရမ် တက်ရောက်ရန်အတွက် ယမန်နှစ်စက်တင်ဘာလက ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာတွင် မိုဂျူလာ ဓာတ်ပေါင်းဖို အသေးစားတခုအကောင်အ

ထည်ဖော်ရန် ဖြစ်နိုင်ခြေအပါအဝင် နျူးကလီးယား ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကိုသဘောတူခဲ့သည်။

ထိုလမ်းပြမြေပုံသည် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ခြင်းကို လမ်းညွှန်ပေးမည်ဖြစ်ကြောင်း ROSATOM က ထုတ်ပြန်သည့် ကြေ

ညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် နှစ်နိုင်ငံလုံးမှ ကျွမ်းကျင်သူများသည် မြန်မာတွင် ရေသွက်အသုံးပြု နျူကလီးယားဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန်ဖြစ်နိုင်ခြေများကို လေ့လာကြမည်ဟုလည်း ဖော်ပြထား

သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ယခင်စစ်အုပ်စုသည် နျူးကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းအတွက် ရုရှားနှင့် ညှိနှိုင်းမှုများ စတင်ခဲ့ပြီး ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတခု တည်ဆောက်မည့် ၎င်းတို့၏ စီမံချက်များကို ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် အတည်ပြုခဲ့သည်။


အတိတ်က နျူကလီးယား အားထုတ်မှုများ


မြန်မာသည် နျူကလီးယား လက်နက်များရရှိရေးကို အတိတ်က လုပ်ဆောင်ခဲ့ဖူးသည်ဟု သံသယ ရှိခံရသည်။

မြန်မာစစ်ကောင်စီ၏ နျူကလီးယား ဓာတ်ပေါင်းဖို စီမံကိန်းသည် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နောက်ဆက်တွဲ စည်းကမ်းချက်များနှင့် ညီ မညီ IAEA သို့ VOA က မေးမြန်းခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

မြန်မာနိုင်ငံသည် အဓိကကျသည့် နျူကလီးယား မပြန့်ပွားရေး သဘောတူစာချုပ်တစောင်ဖြစ်သည့်နောက်ဆက်တွဲ စည်းကမ်းချက်များကို ၂၀၁၃ ခုနှစ်တွင် IAEA နှင့် လက်မှတ်ရေးထိုးထားသည်။ ထိုသဘောတူညီချက်အရ IAEA သည် မြန်မာမှ နျူကလီးယားလုပ်ငန်းများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နေရာများကို သိရှိ၊ သွားရောက်ခွင့်ရှိသည်။

သို့သော် မြန်မာတွင် နျူကလီးယားဓာတ်အားပေး စက်ရုံတရုံကို ဘေးကင်းစွာ လည်ပတ်ရန် လိုအပ်သောလုပ်ထုံး

လုပ်နည်းနှင့် စီမံခန့်ခွဲမှုစနစ်များ မရှိသောကြောင့် နိုင်ငံ

တကာ သုတေသီများ စိုးရိမ်ကြသည်။

“ဒီလို (ရေသွက်သုံး နျူကလီးယား) ဓာတ်ပေါင်းဖိုတွေဟာ စနစ်တကျ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းစောင့်ရှောက်မှု မလုပ်နိုင်ရန် အချိန်တခုကြာတဲ့အခါ ယိုစိမ့်မှုဖြစ်စေနိုင်တယ်” ဟု မစ္စစ္စပီတောင်ပိုင်းတက္ကသိုလ်မှ မြန်မာသိပ္ပံ

ပညာရှင် ရူပဗေဒ ပါမောက္ခ ဦးခင်မောင်မောင်က VOA သို့ ပြောသည်။ “စနစ်တကျ ထိန်းသိမ်းမှုကအရေးအကြီးဆုံးပဲ။ ကျနော်သိသလောက်တော့ မြန်မာမှာ ဘယ်စက်ရုံကိုမှ စနစ်တကျ မထိန်းသိမ်းနိုင်သေးဘူး” ဟုလည်း ၎င်းကပြောသည်။

“စစ်ခေါင်းဆောင်တွေက နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ရည်မှန်းချက်နဲ့ ဆန္ဒရှိတယ်ဆိုတာ သံသယ ဖြစ်စရာမလိုဘူး။ ဘယ်လောက်ပဲသေးတဲ့ ဓာတ်ပေါင်းဖိုဖြစ်ဖြစ် ရရှိဖို့က အဲဒီဘက်ကိုသွားမယ့် ခြေလှမ်းတခုပဲ” ဟုပါမောက္ခ ဦးခင်မောင်မောင်က ပြောသည်။



ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ

၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / RFM


ROSATOM က ၎င်းတို့သည် မြန်မာသို့ သန့်စင်ပြီး ယူရေနီယမ် ၁၀ တန်ပေးမည်ဟု ပြောကြားခဲ့ပြီး ထိုပမာဏသည်နျူကလီးယားလက်နက်တခု ထုတ်လုပ်ရန် လုံလောက်သော ပမာဏာဖြစ်ကြောင်း ပါမောက္ခ ဦးခင်မောင်မောင်ကပြောသည်။ မြန်မာသည် ယူရေနီယံကို လက်နက်အဆင့် ပစ္စည်းထုတ်လုပ်ရန် နည်းပညာအဆင့် မရှိသေးသော်လည်း ဓာတ်ရောင်ခြည်ကြွဗုံး ပုံစံမျိုး ထုတ်လုပ်နိုင်ဖွယ်ရှိနေသည်။


“ဒီလောက်များတဲ့ နျူကလီးယားလောင်စာတွေ ရသွားရင် သန့်စင်ပြီး လက်နက်ထုတ်ဖို့တောင် မလိုတော့ဘူး။မြန်မာစစ်တပ်နဲ့ ပတ်သက်လာရင် ဖြစ်နိုင်ခြေအားလုံးကို ဂရုတ

စိုက် စဉ်းစားသုံးသပ်ဖို့လိုတယ်” ဟုလည်း သူကပြောသည်။


ရုရှားများ မြန်မာသို့လာရောက်


လွန်ခဲ့သော ဒီဇင်ဘာလတွင် ဗိုလ်မှူးကြီးချုပ် ကင် အလက်ဆီ ရိုစတီဆလာဗိုဗစ် ဦးဆောင်ပြီး အဆင့်မြင့် စစ်အရာရှိ တဒါဇင်ခန့်ပါသော ရုရှားကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ လာရောက်ခဲ့သည်။ မြန်မာနိုင်ငံပိုင် သတင်းမီဒီယာက ထိုကိုယ်စားလှယ်များနှင့် စစ်ကောင်စီသည် စစ်တပ် နှစ်ခုအကြား ကာကွယ်ရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြီး ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်အကျိုးပြုမည်ဖြစ်ကြောင်း ဖော်ပြသည်။

သို့သော် ရုရှားသည် ယူကရိန်းကို ကျူးကျော်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေပြီး မြန်မာစစ်တပ်သည် အာဏာသိမ်းခြင်းနှင့် အရပ်သားများကို သွေးချောင်းစီး နှိမ်နင်းခြင်းဖြင့် နိုင်ငံမှ ဒီမိုကရေစီစနစ်ကို ဖယ်ရှားပစ်ခဲ့သည်။

“မြန်မာပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမြန်မာစစ်ကောင်စီက ကျူးလွန်နိုင်စေမည့်” လက်နက်များကို ရုရှားက မြန်မာစစ်ကောင်စီကို ထောက်ပံ့နေသည် ဆိုသည့် ခိုင်လုံသော သတင်းများရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။

“ရုရှားက စစ်ကောင်စီကို ထောက်ခံနေခြင်းသည် ပိုမိုကျယ်ပြန့်သော ဒေသတွင်းတွင်ပါ တည်ငြိမ်မှုကိုထိ

ခိုက်စေသည်” ဟုလည်း VOA သို့ နိုင်ငံခြားရေးဝန်ကြီး

ဌာနက ပေးပို့သည့် အီးလ်မေးတွင် ဖော်ပြထားသည်။“စစ်အာဏာသိမ်းမှုနှင့် မြန်မာစစ်ကောင်စီကို ထောက်ခံ လက်နက်ထောက်ပံ့နေသူများ အပါအဝင် စက်ဆုတ်ဖွယ်အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို အရေးယူရန် အမေရိကန် ပြည်ထောင်စုသည် နိုင်ငံတကာအသိုက်အဝန်းနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်” ဟုလည်း ထိုအီးမေးလ်တွင် ဖော်ပြထားသည်။

(VOA သတင်း US Worried by Myanmar Junta, Russia Expanding Nuclear Cooperation ကိုဘာသာပြန်သည်။)

ဆက်ဖတ်ရန် →