နောက်ဆုံးရ
ပို့ကုန်သွင်းကုန်သမားများနှင့် ဘဏ်များကို တင်းကျပ်ရန် ဗဟိုဘဏ်စိုင်းပြင်း

ပို့ကုန်သွင်းကုန်သမားများနှင့် ဘဏ်များကို တင်းကျပ်ရန် ဗဟိုဘဏ်စိုင်းပြင်း


ကောလာဟလသတင်းတွေကြောင့် ပို့ကုန်၊ သွင်းကုန်သမားတွေနဲ့ ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြား ငွေလဲလှယ်နှုန်းမြင့်တက်လာအောင် ဆောင်ရွက်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

DVB

ဒီလိုလုပ်ဆောင်နေတာကို ဘဏ်တွေက ဝင်ရောက် ထိန်းကျောင်းပေးဖို့နဲ့ ဒေါ်လာစျေး ဆွဲတင်နေတဲ့ ပို့ကုန်၊သွင်းကုန်သမားတွေကို ဖော်ထုတ်ပေးဖို့ကိုလည်း စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေကို ညွှန်ကြားထားတာပါ။

ဝင်ရောက် ထိန်းကျောင်းပေးတာမရှိတဲ့ ဘဏ်တွေကို အရေးယူသွားမယ်လို့ ဗဟိုဘဏ်က သတိပေးထားပြီး ဒေါ်လာစျေး ဆွဲတင်နေတယ်လို့ ဖော်ထုတ်ရရှိတဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေကို လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။


မြန်မာပြည်တွင်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှန်းဟာ ၂၀၂၃ နှစ်စပိုင်းက စပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့တာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တစ်ဒေါ်လာကို ၂၈၄၀ ကျပ် ဝန်းကျင်မှာရှိခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ဒေါ်လာစျေးဟာ ၂,၈၈၀ ကျပ် ထိ မြင့်တက်ခဲ့ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာတော့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက ပြင်ပစျေးကွက်နဲ့အပြိုင် ဈေးပေး ဝယ်ယူနေတာကြောင့် ဒေါ်လာဈေး ပြန်တက်လာတာလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အခုလ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ပြင်ပဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးက တစ်ဒေါ်လာကို ၂၈၆၅ ကျပ်ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတာပါ။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း ၂၁၀၀ ကျပ်နဲ့ ကျပ်ငွေ မဖြစ်မနေ လဲစေပြီး ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ လွှဲပြောင်း ရောင်းချခွင့်ရှိတယ်လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

အဲဒီ ပို့ကုန်ရငွေ မူဝါဒကြောင့် ပြည်ပပို့ကုန်တွေ နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ် ပို့ကုန်လုပ်ငန်းရှင်တွေက ထောက်ပြနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပို့ကုန်ရငွေနဲ့သာ သွင်းကုန်တင်သွင်းတဲ့စနစ်ကို ချမှတ်ထားပြီး သွင်းကုန်တွေကို ရနိုင်သမျှ ပိတ်ဆို့ကန့်သတ်ထားပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “သွင်းကုန်လိုင်စင်ရဖို့ တော်တော်ကြာတယ်။ ပို့ကုန်၊ သွင်းကုန် မျှအောင် ချမပေးတာလားတော့ မသိဘူး။ ကုန်ပစ္စည်းပြတ်တော့ စားသုံးသူပဲ နစ်နာတယ်။ ရေရှည်မှာ အခုလို တင်းကျပ်ထားတာအလုပ်မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။ 

ဆက်ဖတ်ရန် →
ရုရှားနဲ့ပေါင်းပြီး အသေးစားနျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ ပြင်ဆင်နေ

ရုရှားနဲ့ပေါင်းပြီး အသေးစားနျူကလီးယားဓါတ်ပေါင်းဖိုတည်ဆောက်ဖို့ ပြင်ဆင်နေ

VOA

စစ်ကောင်စီနဲ့ ရုရှာပူးပေါင်းပြီး အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့အတွက် နိုင်ငံရဲ့နေရာ တော်တော်များများမှာ ဖြစ်နိုင်ခြေ အလားအလာတွေဆန်းစစ်ဖို့ ပြင်ဆင်နေပြီလို့ စစ်ကောင်စီပြောခွင့်ရက ဗွီအိုအေကို ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးသုံးသပ်သူကတော့ နျူကလီယား လက်နက်ပိုင်ဆိုင်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်လိုက်ပါတယ်။ မမေခ ကပြောပြပေးမှာပါ၊

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom တို့ ပူးပါင်းပြီး နျူကလီးယားနည်းပညာသတင်းအချက်အလက်ဌာနကို ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့ပေါင်းပြီး မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ဖို့လည်းသဘောတူထားပါတယ်။ ဒီလိုတည်ဆောက်ဖို့နဲ့ပတ်သက်လို့ သင့်တော်တဲ့ နေရာရဖို့ နိုင်ငံရဲ့ နေရာတော်တော်များများမှာ လေ့လာဆန်းစစ်တာတွေလုပ်မယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။ ဘယ်နေရာတွေမှာ စစ်ဆေးမှုလုပ်မလဲဆိုတာကိုတော့ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး။

"ရွေးချယ်မယ့်နေရာမရှိသေးပါဘူး။ ဒါတွေလုပ်ဆောင်ဖို့အတွက်က ကျနော်တို့အနေနဲ့ ဆက်ပြီးသုတေသနပြုရ မှာဖြစ်ပါတယ်။ ပြီးရင်လက်တွေ့မြေပြင်ကွင်းဆင်း လေ့လာမှုတွေလုပ်ဆောင်ပြီးမှ အချိန်ယူလုပ်ဆောင်တာ၊ နေရာတော်တော်များများမှာလုပ်ဆောင်မှာတွေရှိတယ်။ အဲလိုပြီးမှ အကောင်းဆုံးအခြေအနေနဲ့လက်တွေ့အကျဆုံးအခြေအနေ ပြီးရင်ဘေးအန္တရာယ် အကင်းဆုံး အမြင့်မားဆုံးအခြေအနေရှိတဲ့ နေရာတွေမှာဘဲကျနော်တို့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာနကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့Rosatom ရဲ့ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Likhachev (အယ်လက်စီ လီခါချော့ဗ်) တို့ တက်ရောက်ဖွင့်လှစ်ခဲ့တာပါ။ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် ဘာတွေဆောင်ရွက်မလဲ ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာကို ချပြဖို့ နျူကလီးယားနည်းပညာ သတင်းအချက်အလက်ဌာန ဖွင့်လှစ်တာ ဖြစ်ပေမဲ့လို့ အသေးစိတ်အစီအစဉ်ကိုတော့ ပြောဆိုဖို့မရှိသလို ထုတ်ပြန်မှာလည်းမဟုတ်ဘူးလို့ပြောပါတယ်။



အရင်က နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ သိပ္ပံသုတေသန၊ ဆေးဝါး ထုတ်လုပ်ရေးနဲ့စက်မှုလုပ်ငန်းတွေအတွက် အသုံးပြုမှာလို့လည်း စစ်ကောင်စီက ပြောဆိုထားပြီးခုတကြိမ်မှာတော့ စိုက်ပျိုးရေးမှာပါသုံးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကိုပြောပါတယ်။

" ၂ နိုင်ငံလုံးဟာ နျူကလီးယားလက်နက်မပြန့်ပွားရေးကိုလက်မှတ်ထိုးထားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ ၂ နိုင်ငံလုံးရ ည်ရွယ်ချက်က ငြိမ်းချမ်းစွာအသုံးပြုရေးကို လုပ်မှာဖြစ်တယ်။ အဓိက ကျနော်တို့အသုံးပြုမယ့်နယ်ပယ်ဟာလျှပ်စစ်စွမ်းအားနဲ့ပတ်သတ်တဲ့ နယ်ပယ်မှာ သုံးသွားမယ်။ ပြီးတော့စက်မှုစီးပွားနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာနျူကလီးယားကိုအသုံးပြုပြီး နျူကလီးယားဓါတ်ရောင်ခြည်နဲ့ ဆောင်ရွက်တဲ့ နည်းပညာတွေမှာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

စစ်ကောင်စီကတော့ နျူကလီးယား အခြေခံအဆောက်အအုံတွေ တည်ဆောက်တဲ့အခါမှတော့ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနဲ့ အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကို လေ့လာဆန်းစစ်ပြီး(IAEA) နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ ရဲ့ သတ်မှတ်ချက်တွေအတိုင်း အကောင်အထည် ဖော်မယ်လို့ ပြောသလို အကောင်အထည်ဖော်ဖို့အတွက် စစ်တပ်နဲ့ပြင်ပ ပညာရှင်တွေကိုခေါ်ယူကြီး လေ့လာဆန်းစစ်တာတွေသေချာမှ အကောင်အထည်ဖေါ်မယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်ဟာ နျူကလီယား လက်နက် ပိုင်ဆိုင်နိုင်ဖို့အိပ်မက်ကို စတင်အကောင်အထည်ဖော်လာတာလို့ သုံးသပ်မှုတွေရှိနေကြပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ နျူးကလီးယားအိပ်မက်အပေါ်အခုလိုဝေဖန် ပြောဆိုလိုက်ပါတယ်။

"နျူးကလီးယားနဲ့ပတ်သက်လို့ပြောဆိုနေတဲ့ကိစ္စတွေကို ကျနော်တို့ကတော့အရူးအိပ်မက်မက်တယ်ဘဲသဘောထားပါတယ်ဗျ။ ရုရှားကသူ့ပစ္စည်းတွေပေးတယ်လေယာဉ်တွေပေးတယ်ဆိုတာ အလကားပေးတာ မဟုတ်ပါဘူးပိုက်ဆံပေးမှရတာပါ။ အခုကဘက်အသီးသီးကအဆုံးအရှုံးတွေရင်ဆိုင်နေရတဲ့စစ်တပ်ကို အားရှိအောင်တွန်းတင်ပေးဖို့အတွက်ဟန်ပြ လုပ်ဆောင်ပြောဆိုနေတာဖြစ်ပါတယ်။"

မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေး စာချုပ်ကို ၂၀၁၆ ခုနှစ်မှာ လက်မှတ်ရေးထိုးထားသလို နျူကလီးယားလက်နက် ပိတ်ပင်တားဆီးရေး စာချုပ်ကိုလည်း ၂၀၁၈ ခုနှစ်မှာလက်မှတ်ရေးထိုးထားပါတယ်။ LDC ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင် မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခုတည်ဆောက်ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ IAEA နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီအနေနဲ့ မှတ်ချက်ပေးရန်ရှိမရှိ ဗွီအိုအေကမေးမြန်းထားဆဲ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
မင်းအုပ်စိုး နေအိမ်ကို စစ်တပ်က ချိတ်ပိတ်

မင်းအုပ်စိုး နေအိမ်ကို စစ်တပ်က ချိတ်ပိတ်

စစ်အာဏာသိမ်းမှု ထောက်ခံသူ သရုပ်ဆောင် မင်းအုပ်စိုး ဓားပြမှု၊ ခြိမ်းခြောက်မှု၊ ပိုင်နက်ကျူးလွန်မှုများဖြင့် အမှုဖွင့်ခံရပြီး ထွက်ပြေးနေ၍ နေအိမ်ကို စစ်တပ်က ချိတ်ပိတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ခေတ်သစ်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဖိုးစိန်လမ်းတွင် နေထိုင်သော သရုပ်ဆောင် မင်းအုပ်စိုးကို ဓားပြမှု၊ ခြိမ်းခြောက်မှု၊ပိုင်နက် ကျူးလွန်မှုများဖြင့် စစ်ကောင်စီက အမှုဖွင့်ထားပြီး ထွက်ပြေးနေ၍ ၎င်း၏ ဖိုးစိန်လမ်း နေအိမ်ကို ချိတ်ပိတ် လိုက်ကြောင်း သိရှိရသည်။



သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ သူထုတ်ဝေသော သရပါ မဂ္ဂဇင်းမှအယ်ဒီ တာ မတေးနုယဥ်ကို သတ်ဖြတ်ခဲ့ပြီး လူသတ်မှုဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ထောင်ဒဏ်တစ်သက် တစ်ကျွန်းချမှတ်ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်စစ်တပ်က အာဏာသိမ်းချိန်တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာခဲ့ပြီး ထောင်မှ လွတ်လာပြီးနောက် ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် OASIS တည်းခိုးခန်းကို မင်းအုပ်စိုးနှင့်အဖွဲ့က ဝင်ရောက် ရမ်းကားပြီး ရိုက်နှက် ဓားပြတိုက်ကြောင်း သိရှိရသည်။

ယင်းနောက် အရိုက်နှက်ခံရသူများက အမှုဖွင့်သဖြင့် မင်းအုပ်စိုးကို ဓားပြမှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု၊ခြိမ်းခြောက်မှုများဖြင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး တရားရုံးက ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊သို့ရာတွင် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဗဟန်းမြို့နယ်၊ ဖိုးစိန်နေအိမ်ကို ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က ချိတ် ပိတ်လိုက်ကြောင်း သိရှိရသည်။



“သူ့အိမ်မှာ ကပ်ထားတဲ့ ဝရမ်းတွေ ကပ်ထားတာ ၁၀ စောင်ကျော်တယ်။ မင်းအုပ်စိုးက သူ့အိမ်တခြမ်းကို Oasis တည်းခိုခန်းကိုငှားထားတယ်။ အဲဒါ တည်းခိုးခန်းကို မင်းအုပ်စိုးနဲ့အဖွဲ့က ဓားတွေကိုင်ပြီး လူတွေကို ရိုက်နှက်သောင်း ကျန်းတယ်” ဟု ဗဟန်းမြို့နယ်မှ သတင်းရင်းမြစ်တစ်ခုက ပြောသည်။

မင်းအုပ်စိုးသည် စစ်အာဏာသိမ်းပြီးနောက် ထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဆဲဆို ဝေဖန်ပြီး စစ်တပ်ထောက်ခံသူ ဖြစ်လာကြောင်း၊ စစ်ကောင်စီက ကျင်းပသည့် နေပြည်တော် အခမ်းအနားကို ဖိတ်ကြားခံခဲ့ရကြောင်းသိရှိရသည်။


ဆက်ဖတ်ရန် →
လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြည်သူများအား NUG ဖိတ်ခေါ်

လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်လိုသည့် ပြည်သူများအား NUG ဖိတ်ခေါ်

DVB | 16 February, 2023

အာဏာသိမ်းအကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကြိုတင်သတိပေး ကာကွယ်နိုင်ရေးအတွက် လေကြောင်းကင်းထောက်တွေအဖြစ် တာဝန်ထမ်းဆောင်နိုင်မယ့် ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖိတ်ခေါ်အပ်နေပါတယ်။

ဒီဖိတ်ခေါ်မှုမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သိရှိနိုင်စေဖို့အတွက် လေတပ်စခန်းတွေအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့် သတင်းပေးပို့တာ၊ လေကြောင်းသွားလာမှု လမ်းကြောင်းတလျှောက် သတင်းပေးပို့တာတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

ဒါကြောင့်မို့ ပြည်သူ့အသက်အိုးအိမ်ကို ပြည်သူ့အားနဲ့ ကာကွယ်ဖို့ လေကြောင်းကင်းထောက်အဖြစ် ဆောင်ရွက်လိုတဲ့ တာဝန်သိပြည်သူတွေအနေနဲ့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်တဲ့ ဖော်ပြပါtelegram - https://t.me/MASurveillance24  ကို ဆက်သွယ် သတင်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။



မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ၊အင်အားစုတွေအပြင် အပြစ်မဲ့ ပြည်သူတွေ နေထိုင်ရာ မြို့ရွာတွေကိုပါ မြေပြင်ကရော လေကြောင်းကနေပါတိုက်ခိုက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်ဖတ်ရန် →