နောက်ဆုံးရ
အိန္ဒိယနိုင်ငံနဲ့ စစ်ကောင်စီ ဆက်ဆံရေး ပိုနီးကပ်လာ

အိန္ဒိယနိုင်ငံနဲ့ စစ်ကောင်စီ ဆက်ဆံရေး ပိုနီးကပ်လာ

အိန္ဒိယဟာ စစ်ကောင်စီကို ရေဒါနည်းပညာ၊ အဝေးထိန်း လေကြောင်းရန်ကာကွယ်ရေးလက်နက်၊ မောင်းပြန်ရိုင်ဖယ်အပါအဝင် လက်နက်ပစ္စည်းတွေ ရောင်းချပေးခဲ့တယ်လို့ India For Myanmar အဖွဲ့က ပြောပါတယ်။

2023-02-16 RFA



အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် ဗနီမိုဟန်ကွာရာနှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Myanmar Military


မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း အင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့အာဏာသိမ်းမှုအတွက် တာဝန်ရှိနေတဲ့ စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံနေတယ်လို့အိန္ဒိယအခြေစိုက် မြန်မာ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။

အာဏာသိမ်း နှစ်နှစ်အတွင်းမှာ အိန္ဒိယနိုင်ငံဟာ စစ်ကောင်စီကို လက်နက်ထောက်ပံ့မှု လေးကြိမ်ရှိခဲ့ပြီး၊၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ကပြုလုပ်တဲ့ စစ်ကောင်စီရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာ (Shri Vinay Kumar) တက်ရောက်ခဲ့တယ်လို့ အိန္ဒိယရောက် မြန်မာနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်တဲ့ India for Myanmar အဖွဲ့က ပြောပါတယ်။

"ရုရှားတို့၊ တရုတ်တို့ကိုတောင် ကျော်လွန်ပြီးတော့မှ စကစကို အရမ်း နီးနီးကပ်ကပ်ဆက်ဆံတဲ့ ကမ္ဘာ့အကြီးဆုံးအိမ်နီးချင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်နေတဲ့ အနေအထားဖြစ်တယ်”

အိန္ဒိယနိုင်ငံက စစ်ကောင်စီကို အကျိုးစီးပွားအရ ဆက်ဆံနေပေမယ့် ကွန်မြူနစ်နိုင်ငံတွေ ဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့ထက် နီးကပ်မှုရှိနေတာ တွေ့ရတယ်လို့ India For Myanmar အဖွဲ့ရဲ့ တာဝန်ခံ ဆလိုင်းဒိုခါရ် က ပြောပါတယ်။

“အာဏာမသိမ်းခင် အိန္ဒိယ ဆက်ဆံရေးပုံစံမျိုးအတိုင်းပဲ စကစကိုလည်း တရားဝင်အစိုးရပုံစံမျိုးနဲ့တောက်လျှောက်ဆက်ဆံခဲ့တာကို တွေ့ရတာပေါ့လေ။ ပြောရမယ်ဆိုရင် ရုရှားတို့၊ တရုတ်တို့ကိုတောင် ကျော်လွန်ပြီးတော့မှ စကစ ကို အရမ်း နီးနီးကပ်ကပ်ဆက်ဆံတဲ့ ကမ္ဘာ့အကြီးဆုံး၊ အိမ်နီးချင်း၊ ဒီမိုကရေစီ နိုင်ငံဖြစ်နေတဲ့အနေအထားဖြစ်တယ်”

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အိန္ဒိယရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ကနေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့ အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဧပြီလနဲ့ ဇူလိုင်လမှာလည်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာ (Shri Vinay Kumar) က စစ်ကောင်စီ ဝန်ကြီးတွေဖြစ်တဲ့ ဦးကိုကိုလှိုင်၊ ဦးခင်ရီတို့နဲ့ တွေ့ဆုံပြီး ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရာမှာ ကူညီဖို့ ဆွေးနွေးခဲ့သလို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာလည်း အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန်ဗနီမိုဟန်ကွာရာ (Vinay Mohan Kwatra) က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ဒီမိုကရေစီအင်အားစုတွေကို အားပေးထောက်ခံမှု မလုပ်တာဟာ အာဏာရပါတီအပေါ် မူတည်နေတာလို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ရဲ့ သဘာပတိ ဆလိုင်းကျုံးဘိခ်ထောင်း(Salai Ceu Bik Thawng) က ပြောပါတယ်။


“BJP (Bharatiya Janata Party) ပါတီကသာ ဗဟိုမှာ အစိုးရမဖွဲ့ဘဲနဲ့ Congress (Indian National Congress) ပါတီလိုမျိုးသာ အစိုးရဖြစ်ခဲ့မယ်ဆိုရင် ဒီထက် အများကြီးတော့ ကွာခြားမှာပဲ။ သူတို့ရဲ့ Foreign policies (နိုင်ငံခြားရေး မူဝါဒ) တွေကလည်း မတူဘူးလေ။ ၈၈ အရေးအခင်းတုန်းကဆိုရင် တော်လှန်ရေး အုပ်စုတွေကိုတရားဝင် ရပ်တည်ပေးခဲ့တယ်။ အဲဒီတုန်းက Congress ပါတီ ဖြစ်တာကိုး။ BJP ပါတီနဲ့ အခု မိုဒီရဲ့ နိုင်ငံရေးရပ်တည်ချက်ပေါ်မှာလည်းပဲ အများကြီးမူတည်တယ်လို့ ကျနော် ကတော့ မြင်တယ်”

Bharatiya Janata Party ဟာ အမျိုးသားရေးနဲ့ ကွန်ဆာဗေးတစ် ပါတီတစ်ခုဖြစ်ပြီး Indian National Congress ပါတီကတော့ လစ်ဘရယ်ပါတီဖြစ်ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ စစ်ကောင်စီကို မလိုလားပေမယ့် တရုတ်နိုင်ငံဘက် ပါမသွားစေဖို့နဲ့ သူတို့အကျိုးစီးပွားအတွက် စစ်ကောင်စီနဲ့ ဆက်ဆံနေတာလို့လည်း ဆလိုင်းကျုံးဘိခ် ထောင်း (Salai Ceu Bik Thaw) က ပြောပါတယ်။

အိန္ဒိယအစိုးရနဲ့ အိန္ဒိယကုမ္ပဏီတွေဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ၂၀၂၁ ခုနှစ်အတွင်း ရေဒါ နည်းပညာ၊ အဝေးထိန်းလေကြောင်းရန် ကာကွယ်ရေးလက်နက်၊ ၂၀၂၂ ခုနှစ်အတွင်း မောင်းပြန် ရိုင်ဖယ်နဲ့ စနိုက်ပါမှာတပ်ဆင်ရတဲ့ အပူပုံရိပ်ပေါ်မြင်ကွင်း၊ ဗုံးနဲ့ လက်နက်ကြီးမှာ သုံးတဲ့ စနက်တံတွေကို ရောင်းချပေးပို့ ခဲ့တယ်လို့India For Myanmar အဖွဲ့က ပြောပါတယ်။

အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒနဲ့ လုပ်ဆောင်ထားတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်းဟာလည်းရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နှစ်နှစ်ဝန်းကျင် ရပ်တန့်နေခဲ့ပေမယ့် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့အပစ်ရပ်ခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလ ကုန်မှာ ပြန်လည်စတင်လာခဲ့ပါတယ်။

ဒီစီမံကိန်းမှာ စစ်တွေဆိပ်ကမ်းနဲ့ ကုလားတန်မြစ်ကြောင်းကို တိုးချဲ့ရေး၊ ချင်းပြည်နယ် ပလက်ဝကနေ အိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ကို ကားလမ်းဖောက်ရေးအစီအစဉ်တွေ ပါဝင်နေပြီး ဒီစီမံကိန်းကို လမ်းပန်း ဆက်သွယ်ရေး ခက်ခဲတဲ့ အိန္ဒိယအရှေ့မြောက် ဒေသအတွက် ရည်ရွယ်ပြီး ၂၀၀၉ ခုနှစ်ကတည်းက ဆောင်ရွက်နေတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က တော့ အိန္ဒိယအစိုးရကိုတော်လှန်ရေးအင်အားစုတွေကသာ အကျိုးစီးပွားအာမခံချက် ပေးနိုင်မယ်လို့ ပြောပါတယ်။



မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ရှရီဗီနီကူးမာနှင့် စစ်ကောင်စီအဖွဲ့ဝင်များ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ဆုံခဲ့စဉ်။ (Myanmar Military)


“NUG အစိုးရအနေနဲ့ ပြောချင်တာကတော့ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံး အခိုင်မာဆုံးအာမခံချက်ပေးနိုင်တာကတော့ ကျနော်တို့ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့ပါပဲ။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိဖို့ အတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူလူထုရဲ့ဆန္ဒ အကောင်အထည်ဖော်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအတွက်ကို အကောင်းဆုံးအာမခံပေးနိုင်မယ်ဆိုတာ ပြောကြားချင်ပါတယ်”

စစ်ကောင်စီရဲ့ လေတပ်ဟာ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ရာမှာ အိန္ဒိယနိုင်ငံ ဝေဟင်ပိုင်နက်ကို ဖြတ်ကျော်ခဲ့ပြီး မီဇိုရမ်ပြည်နယ်က ရွာတစ်ရွာမှာပါ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်အစိုးရကတော့ လက်နက်ကြီးကျရောက်တာ မရှိဘူးလို့ ငြင်းဆိုထားပြီး ဒီအတွက် တရားဝင်ကန့်ကွက်တာတွေ မရှိခဲ့ပါဘူး။

အခုလို အိန္ဒိယနိုင်ငံက စစ်ကောင်စီရဲ့ လုပ်ရက်ကို မျက်ကွယ်ပြုနေတာဟာ နှစ်နိုင်ငံ နယ်စပ်မှာရှိတဲ့ လက်နက်ကိုင်တပ်တွေကို ပူးပေါင်းချေမှုန်းဖို့ ဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“၁၉၉၀ နောက်ပိုင်းက စပြီးတော့ အိန္ဒိယက မြန်မာ ဗဟိုအစိုးရနဲ့ နယ်စပ်မှာရှိတဲ့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကို သူတို့နယ်စပ်လုံခြုံ‌ရေးဆိုပြီး အကြောင်းပြ ပြီးတော့မှ ပူးပေါင်းနှိမ်နင်းရေးဆိုတဲ့ ပေါ်လစီကအသက်ရှင်နေသေးတယ်ပေါ့။ ကျနော် တို့ ဌာနချုပ်ကို လေယာဉ်နဲ့ အဲဒီလိုမျိုး သူတို့နိုင်ငံမှာ လေယာဉ်နဲ့ ဗုံးချတာတွေကို ‌ငြိမ်နေတယ်ပေါ့။ ဒေသအတွင်းမှာ ဘယ်လောက်ပဲလုပ်လုပ် သူကတော့ ပေါ်တင်ကြီးကို လုပ်နေတာဖြစ်တယ်။ ကျနော်ကတော့ အဲဒီလိုပဲ မြင်ပါတယ်”

ဒီ CNF ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးပြီး လူနေအိမ်တွေနဲ့ အဆောက်အအုံတချို့ပျက်စီးခဲ့ပါတယ်။

CNF ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက်မှာ အိန္ဒိယနိုင်ငံက မြန်မာဘက်က စစ်ဘေး ဒုက္ခသည်တွေကို စစ်ဆေးမှုတင်းကျပ်လာတယ်လို့ မတူပီ ချင်းဒုက္ခသည်လူမှုအဖွဲ့အစည်း (Matupi Chin Refugee Community) ရဲ့ပြန်ကြားရေးတာဝန်ခံ အစ္စရေးထန်က ပြောပါ တယ်။

“အိန္ဒိယနဲ့ စစ်ကောင်စီ ဆွေးနွေးပြီးကတည်းက ဖြစ်တာ။ အထူးသဖြင့် ပြောရမယ်ဆို ဝိတိုရိယ စခန်း ကို ပစ်ပြီးတဲ့နောက်ပိုင်းဆို ပိုဆိုးလာတာ။ နယ်စပ်ဒေသမှာပေါ့ မြန်မာပြည်ဘက်ကနေ အိန္ဒိယဘက် ကူးတဲ့အခါမှာ အဆင်မပြေတာတွေ အများကြီး ရှိတာပေါ့။ အစစ်အဆေး က တော်တော် များနေတယ်။ အခုနောက်ပိုင်းဆိုရင် မှတ်ပုံတင်သိမ်းတာတွေပါ ရှိလာတာပေါ့။ အမျိုးသားတွေကို စစ်ဆေးရင် ပုံမှန်ပေါ့။ ဒါပေမဲ့ အမျိုးသမီးတွေအတွက်ဆို အဆင်မပြေဘူး။ သူတို့က အသေးစိတ်ကို အကုန် စစ်နေတော့။ ကျနော်တို့ကို ဒုက္ခသည်ဆိုတဲ့ သဘောနဲ့ ကြိုက်သလိုကိုနှိပ်ကွပ်တာပေါ့။ အဲဒီလိုမျိုးတော့ ကြုံနေရတယ်ပေါ့”



အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မြန်မာစစ်ဘေးဒုက္ခသည်ကလေးငယ်များအား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းကတွေ့ရစဥ်။ (Photo: RFA)


မြန်မာ - အိန္ဒိယ နယ်စပ်ဂိတ်တွေကို အိန္ဒိယ ဗဟိုအစိုးရက ထိန်းချုပ်ထားပြီး အမျိုးသမီးတွေကို တစ်ကိုယ်လုံးအသေးစိတ် စစ်ဆေးနေတာဟာ အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးတွေကိုလည်း ချိုးဖောက်ရာရောက် နေတယ်လို့ အစ္စရေးထန်က ပြောပါတယ်။

မြန်မာစစ်ဘေးဒုက္ခသည်တွေကို လူမျိုးတူတွေရှိရာ မီဇိုရမ်ပြည်နယ်အစိုးရက စောင့်ရှောက်ပေးထားပေမယ့်အိန္ဒိယဗဟိုအစိုးရက ကူညီတာမျိုး မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဆန်းပိုင်းက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ထဲမှာ မြန်မာလူမျိုး ၁၀၀ ခန့်ကို အထောက်ထားမဲ့ ဆိုပြီး နေထိုင်တဲ့ ရွာတွေထဲအထိ လာရောက်ဖမ်းဆီးတာတွေ လည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်ပြည့်နေ့မှာလည်း မီဇိုရမ်ပြည်နယ်ထဲ အသံတိတ်လှုပ်ရှားမှုလုပ်မှာကို အိန္ဒိယဗဟိုအစိုးရကပိတ်ပင်ခဲ့ပါတယ်။

မြန်မာပြည်က စစ်ဘေးဒုက္ခသည်တွေဟာ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်၊ မဏိပူရ်၊ နာဂလန်း စတဲ့ ပြည်နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး စုစုပေါင်း လူဦးရေ ငါးသောင်းကျော် ရှိနိုင်တယ်လို့ မတူပီ ချင်းဒုက္ခသည်လူမှုအဖွဲ့အစည်း (MCRC) ရဲ့ အချက်အလက်တွေမှာ တွေ့ရပါတယ်။

အခုလို စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အိန္ဒိယနိုင်ငံကို ဒီမိုကရေစီ အင်အားစုတွေဘက် ရပ်တည်လာစေဖို့အတွက် နိုင်ငံတကာက ဖိအားပေးမှသာ ရနိုင် မယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

ဆက်ဖတ်ရန် →
နေအိမ်တွင် နေထိုင်ခြင်း မရှိသူများ၏ အမည်စာရင်းများအား သီးသန့်ပြုစုကာ ပြန်လည်တင်ပြရန် စစ်ကောင်စီမှလျှို့ဝှက်ညွှန်ကြားထား

နေအိမ်တွင် နေထိုင်ခြင်း မရှိသူများ၏ အမည်စာရင်းများအား သီးသန့်ပြုစုကာ ပြန်လည်တင်ပြရန် စစ်ကောင်စီမှလျှို့ဝှက်ညွှန်ကြားထား



မြန်မာနိုင်ငံအတွင်းရှိ ဒေသအများစုတွင် စစ်ကောင်စီ၏ ညွှန်ကြားချက်ဖြင့် ဇန်နဝါရီလ ၉ရက်နေ့မှ ၃၁ရက်နေ့အထိ လူဦးရေစာရင်းများ ကောက်ယူခဲ့ပြီးနောက် နေအိမ်အချို့တွင် အိမ်ထောင်စုစာရင်းတွင် အမည်ပါဝင်ပြီးနေအိမ်တွင် နေထိုင်ခြင်း မရှိသူများ၏ အမည်စာရင်းများအား သီးသန့်ပြုစုကာ ပြန်လည်တင်ပြရန် စစ်ကောင်စီမှလျှို့ဝှက်ညွှန်ကြားထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမည်မဖော်လိုသူ မြို့နယ်အဆင့် အရာရှိတစ်ဦးက ပြောသည်။

အိမ်ထောင်စုစာရင်းတွင် အမည်ပါဝင်သော်လည်း လူဦးရေစာရင်း ကောက်ယူသည့်အချိန်တွင် နေအိမ်များတွင်နေထိုင်ခြင်း မရှိသူများအား သီးသန့်စာရင်းပြုစုကာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ သဘောထားမှတ်ချက်၊ လဝကဝန်ထမ်းများ၏ သဘောထားမှတ်ချက်များနှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် စစ်ကောင်စီ၏ ထောက်လှမ်းရေးအဖွဲ့များအား ပြန်လည် ပေးပို့ရန် ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

“စာရင်းကောက်ယူချိန်မှာ အိမ်မှာ မရှိတဲ့သူတွေကို အမည်၊မှတ်ပုံတင်၊မွေးသက္ကရာဇ်နဲ့ အဖအမည်တွေကို တွဲပြီးတော့ မှတ်တမ်းရေးရမယ် ပြီးရင် ဒါကို မြို့နယ်အလိုက် Excel ဖိုင်နဲ့ CDပါကူးယူပြီး ပြန်တင်ပြရမယ်လို့ ညွှန်ကြားထားတယ်” အမည်မဖော်လိုသူ မြို့နယ်အဆင့် လဝကအရာရှိတစ်ဦးက ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်း ဧည့်စာရင်းဖြင့် နေထိုင်သူများ၏ အချက်အလက်များကိုပါ သီးသန့်ပူးတွဲ တင်ပြရန်ကိုပါ ညွှန်ကြားထားကြောင်း သိရသည်။

“ရန်ကုန်တိုင်းကတော့ ဧည့်စာရင်းနဲ့နေသူတွေကို အမည်နဲ့တင်ပြခိုင်းတယ် အချို့ရပ်ကွက်တွေကတော့ ဓာတ်ပုံတွေပါရိုက်ယူပြီး မှတ်တမ်းထားနေတယ်၊ အခြားဒေသတွေမှာလဲ လုပ်ဆောင်လား မလုပ်ဆောင်ဘူးလားဆိုတာ မသိဘူး”ဟု အဆိုပါ အရာရှိမှ ဆက်လက်ပြောကြားသည်။

ယင်းသို့ လုပ်ဆောင်မှုမှာ စစ်ကောင်စီမှ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ၏ အချက်အလက်အသေးစိတ်များအား ရယူကာ မြို့နယ်အလိုက် စစ်ဆေးရေးဂိတ်များအား ဖြန့်ဝေကာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် ကြိုးပမ်းမှု တစ်ခုဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူများမှ သုံးသပ်ထားသည်။

“အရင်ထဲက သူတို့ ကွန်ပျူတာစနစ်နဲ့ မှတ်ပုံတင်တွေကို စစ်ဆေးဖို့ လုပ်ဆောင်နေတာကို ကြားထားတယ် ၊ ဒီကောင်တွေ နယ်မြေမစိုးမိုးနိုင်သေးလို့ အကုန်မလုပ်နိုင်သေးတာ၊ အခု နိုင်ငံကူးလက်မှတ်တွေကို ပိတ်ထားတာလဲဒါတွေကို ပြင်ဆင်ချင်လို့နေမယ်၊ CDMတွေကို နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးမိပြီး လေဆိပ်ရောက်မှ ဖမ်းတာတွေက သူတို့စနစ်မှာ လိုအပ်ချက်တွေရှိနေလို့ပဲ၊ နယ်စပ်ဂိတ်တွေကနေ တရားဝင်ထွက်ခွာသွားတာတွေကို သူတို့ပိတ်ချင်တာလဲ ပါမယ်”ဟု ရန်ကုန်မြို့တွင် တိမ်းရှောင်နေသူ CDM ဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုသည်။

လူဦးရေစာရင်းကောက်ယူရာတွင် တစ်နိုင်ငံလုံး ကောက်ယူရန် လျာထားသည့် အိမ်ထောင်စုများအနက် ၈၆ဒသမ၇ရာခိုင်နှုန်းအား ကောက်ယူနိုင်ခဲ့ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ပုံစာညွှန်း- စစ်ကောင်စီမှ လူဦးရေစာရင်းကောက်ယူခဲ့သည့် မြင်ကွင်း ပုံဟောင်း

cjplatform



ဆက်ဖတ်ရန် →
မြင့်မြတ် လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရ

မြင့်မြတ် လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရ

ဘီးလင်းမြို့ပေါ်၌ စတိုးဆိုင်ပိုင်ရှင် လုပ်ကြံခံရ 


YT 


မဇ္ဈိမ။     ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်၊ ကရင်စုလမ်းထိပ်နေ ဦးမြင့်မြတ်သည် ၎င်း​၏ဆိုင်အတွင်း သေနတ်ဖြင့် လုပ်ကြံခံရပြီး လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရကြောင်း သိရသည်။ 


" ဆိုင်ကယ်ပေါ်ကပစ်ရာကနေ ဆိုင်ထဲထိ လိုက်ပစ်တယ်ပြောတယ်။ ငါးချက်ပစ်ခံရတယ်ပြောပေမယ့် ငါးချက်လုံးတော့ မထိဘူး။ အဆုတ်ထဲမှာတော့ ကျည်ဒဏ်ရာတွေ့တယ်ပြောတယ်"  ဟု ဦးမြင့်မြတ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်း က မဇ္ဈိမကို ပြောသည်။ 


"ကျော်ကျော်" အမည်ဖြင့် စတိုးဆိုင်ဖွင့်ထားသော အသက် ၃၆ နှစ်အရွယ်ရှိ ဦးမြင့်မြတ်အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ ၄ နာရီအချိန်၎င်း​၏ ဆိုင်ရှေ့တွင် ဆိုင်ကယ်နှစ်စီးဖြင့် အင်္ကျီဆင်တူဝတ်ထားသော လူငယ် လေးယောက်ဝင်လာပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းခြစ်သည်။ 


သေနတ် ငါးချက်ပစ်ခံရပြီး လည်ပင်းတွင်တစ်ချက်၊ အဆုတ်အတွင်းတစ်ချက် သေနတ်ထိမှန်ဒဏ်ရာရကာတောင်စွန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ကုတင် ၃၀၀ ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ 


"သူက နဂိုကတည်းက ရဲတွေ စစ်သားတွေနဲ့ အရမ်းပေါင်းပြီး အသွားအလာအရမ်းလုပ်တာတော့ တွေ့ရတယ်၊ သူ့မိန်းမက ကျောင်းဆရာမပဲ၊ ဒီကာလမှာတော့ ကျောင်းသွားတာ မတွေ့ရဘူး" ဟု နီးစပ်ရာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 


ဦးမြင့်မြတ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ ရပ်၊ကျေး စည်းရုံးရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး ၎င်း​၏ အစ်ကိုသည် ယခုလက်ရှိနေပြည်တော်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်မှထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးထံမှ သိရသည်။ 


ဆိုင်ကယ်နှစ်စီးဖြင့် ပစ်ခတ်သွားသော လူငယ်လေးဦးသည် မည်သူမည်ဝါဖြစ်သည်ကို ယခုချိန်ထိ မသိရသေးချေ။ ဦးမြင့်မြတ် လုပ်ကြံခံရသော ကိစ္စနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တစ်စုံတစ်ရာထုတ်ပြန်၊ 

ပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။ 


ပြီခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ည ၁၀ နာရီတွင် ဘီးလင်းမြို့ (၃) ရပ်ကွက် (၁) လမ်းရှိ နေအိမ်တစ်လုံးရှေ့၌ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။ 


စာတည်း - သန့်ဇော်(သန်လျင်) 


#mizzima

#ဘီးလင်းမြို့

#စတိုးဆိုင်ပိုင်ရှင်

#လုပ်ကြံ

#ဒေသကာကွယ်ရေးတပ်ဖွဲ့




ဆက်ဖတ်ရန် →