နောက်ဆုံးရ
“မင်းအောင်လှိုင်ရဲ့ သဒ္ဓါကရေစီကို မျှော်နေကြသေးတာလား”

“မင်းအောင်လှိုင်ရဲ့ သဒ္ဓါကရေစီကို မျှော်နေကြသေးတာလား”



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ် မ ၄၂၅ အရ စစ်ကောင်စီထံသို့ အာဏာ ခြောက်လ ထပ်မံ ပေးကြောင်း စစ်တပ်ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မီဒီယာများကထုတ်ပြန်ကြေညာလာသည်။

အဆိုပါ ပုဒ်မ၌ “ အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီသည် ပြည်ထောင်စု လွှတ်တော် သက်တမ်း ကုန်ဆုံးသွားချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ၎င်းအား ပေးအပ်ထားသည့် တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း မပြုနိုင်သေးသဖြင့် သတ်မှတ် အချိန်ကာလ တိုးမြှင့် ပေးရန် အကျိုးအကြောင်း ဖော်ပြလျက် တင်ပြလာပါက သာမာန်အားဖြင့် တစ်ကြိမ်လျင် ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့် ပေးနိုင်သည်” ဟု ဖော်ပြထားသည်။

ယမန်နေ့က စစ်ကောင်စီတို့ ဘက်မှ ကာလုံခေါ်ခဲ့ပြီး NLD ၏ တိုင်းရင်းသား အမတ် ဖြစ်ခဲ့သူ ဦးဟင်နရီ ဘန်ထီးယူက အစည်းအဝေး မတိုင်မီလေး နေအိမ်တွင် ချော်လဲပြီး ဆေးရုံရောက်သွားသဖြင့် ခွင့်တိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလုံ ဟု ခေါ်သည့် အစည်းအဝေးသည် ခြေဥ အရ ဆိုကာ သက်တမ်း အကြိမ်ကြိမ် တိုးခဲ့ပြီး ဖြစ်သည့် စစ်ကောင်စီ၏ အာဏာသိမ်း သက်တမ်း သက်တမ်းနှစ်နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်သည့် အစည်းအဝေးတစ်ခု လည်း ဖြစ်သည်။

သို့သော် ယခု သက်တမ်းတိုးခြင်းသည်ကား ၂၀၀၈ ခြေဥသည် စစ်ခေါင်းဆောင်များ လက်ထဲမှ ပေးသမျှ ကိုသာ ရနိုင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုသာ ဖြစ်ကြောင်း ခိုင်မာသည့် သမိုင်း သက်သေပြချက် တစ်ခုတော့ ဖြစ်လာခဲ့ပြီ ဖြစ်သည်။

“သာမာန်” ဟူသော စကားလုံးသည် မြန်မာ စကားတွင် မည်သို့မျှ မထူးဆန်းသည့်အရာ ဖြစ်ရိုးဖြစ်စဉ် အကြောင်းအရာများကို ရည်ညွှန်းသည့် အခါတွင် သုံးသည့် သာမာန် စကားလုံးလေး တစ်လုံးမျှသာ ဖြစ်သော်လည်း ၂၀၀၈ ခြေဥတွင် စစ်ခေါင်းဆောင်များအတွက် တရားဝင်ဟု အကြောင်းပြပြီး အာဏာကို လက်ကိုင်ထားနိုင်ရန် အကူအညီ ပေးသည့် စကားလုံး တစ်လုံး အဖြစ် ပြောင်းသွားခဲ့သည်။

ယမန်နေ့က စစ်ခေါင်းဆောင်များ၏ အာဏာသိမ်း ကာလုံ၌ ငူတူတူ ငေါင်တောင်တောင်ဖြင့် အိပ်မှုံစုံမွှားရုပ်ဖြင့် ဦးမြင့်ဆွေက ယာယီ သမ္မတအဖြစ် စားပွဲထိပ်တွင် ထိုင်ခဲ့ရပြီး ပြီးခဲ့သည့် နှစ်နှစ်ကကဲ့သို့ အခန်းကျဉ်းလေးတစ်ခုထဲ မသေမသပ် ဝတ်ဆင်ထားသည့် ပုံစံများတော့ မဟုတ်တော့ပေ။

စစ်ကောင်စီ လုပ်သမျှ တရားဝင်ကြောင်း သတင်းစာရှင်းလင်းပွဲများ အကြိမ်ကြိမ် ဦးဆောင်ပြုလုပ်ခဲ့သူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အစည်းအဝေး စားပွဲဝိုင်း၏ အနောက်ပိုင်း ခပ်ကျကျ၌ ထိုင်နေခဲ့သည်။

ယခင် နှစ်နှစ် အတွင်း သက်တမ်း တစ်နှစ်ပြည့်၊ ယင်းနောက် ခြောက်လ နှစ်ကြိမ် သက်တမ်း တိုးပွဲများ ပြုလုပ်ခဲ့ပြီး ဖြစ်သည့် စစ်ကောင်စီသည် ယခု နှစ်နှစ်ပြည့် ချိန်တွင်တော့ ၂၀၀၈ ခြေဥ အရပင် အာဏာ ဆက်ကိုင်၍ မရတော့သည့် သဖွယ် ယုံကြည်မှုများလည်း ကွယ်ပျောက်ခဲ့ပြီ ဖြစ်သည်။

သာမာန် အခြေအနေ မရောက်သေးသဖြင့် ဟု ဆိုသဖြင့် တာဝန်ပြီးစီးအောင် မဆောင်ရွက်နိုင်သေးဟု အဓိပ္ပာယ် ကောက်သွားခဲ့ပြန်ခဲ့ပြီး ထို့အတွက် သာမာန်အားဖြင့် ခြောက်လတစ်ကြိမ်စီ နှစ်ကြိမ် ထပ်မံ တိုးမြှင့်၍ ရသေးသည့် သဘော ဖြစ်သည်။

နောက်ထပ် ခြောက်လပြည့်ချိန်တွင်လည်း သာမာန် အခြေအနေမဟုတ်ဟု ဆက်တင်ပြပါက သာမာန်အားဖြင့် သက်တမ်းတိုး၍ ရသည်ဟု ဆိုဦးမည်သာ ဖြစ်သည်။ စစ်ကောင်စီ တင်ပြသည့် အချက်များထဲတွင် သာမာန် အခြေအနေမဟုတ်သေး ဆိုသည့် အချက်တစ်ခုကတော့ အရှိတရား ဖြစ်သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီ ခေတ် တစ်လျှောက် သာမာန် မဟုတ်သည့် ဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့သည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်၌ ဆန္ဒပြပွဲအနီး ဘတ်စ်ကားမှတ်တိုင်၌ ရပ်နေသည့် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို စစ်ကောင်စီ တပ်ဖွဲ့များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျဆုံးခဲ့ရသည်။ ထိုမှ စခဲ့သည့် ကျဆုံးမှုများသည် နှစ်နှစ်အတွင်း ၂၉၀၀ ဦး နီးပါးရှိလာခဲ့ပြီ ဖြစ်သည်။

အာဏာသိမ်း ကနဦး လများက တစ်နိုင်ငံလုံးမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပွဲများကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ခြင်းကြောင့် ရာနှင့်ချီသည့် အရပ်သားများ သေဆုံးခဲ့ရသည်။ စစ်ကောင်စီ၏ ရက်စက်မှုများကြောင့် လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး ၎င်းတို့က လည်း အပြင်းအထန်ပင် နှိမ်နင်းသတ်ဖြတ်လျက် ရှိသည်။

PDF များ ရှိသည်ဟု အကြောင်းပြပြီး ကျေးရွာများထဲ ဝင်ရောက်ကာ မီးရှို့ခြင်း၊ ပစ်ခတ်ခြင်း၊ ဖမ်ဆီးနှိပ်စက်ခြင်း၊ ရက်စက်စွာ သတ်ဖြတ်ခြင်းများ အကြားတွင်လည်း အညာဒေသ၌ အရပ်သားများ နေ့စဉ် လိုလို သေဆုံးမှုများ ရှိနေသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်အတွင်း တွင်လည်း လေကြောင်း အင်အား အဆမတန် သုံးခြင်း၊ လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်ခြင်းများကြောင့်လည်း ကလေးငယ်များ အပါအဝင် အရပ်သား ရာနှင့် ချီသေဆုံးခဲ့ရသေးသည်။

Burma Associated Press( BAP) ၏ စာရင်းများအရ စစ်ကောင်စီ အာဏာသိမ်းကာလ နှစ်နှစ်အတွင်း အရပ်သား ၂၈၅၄ ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

ကချင်၊ ချင်း၊ ကရင်နီ၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ ဒေသများ၌ လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲများ ပြင်းထန်နေခဲ့ပြီး စစ်ကောင်စီ တပ်များက တော်လှန်ရေး တပ်ဖွဲ့များကို တိုက်ခိုက်ရာတွင် အရပ်သား ပစ်မှတ်များကိုလည်း ဆက်တိုက် ဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည်။

ISP Myanmar ၏ စစ်တမ်းအရ တစ်နိုင်ငံလုံး၌ ပြီးခဲ့သည့် နှစ်နှစ်အတွင်း စစ်ကောင်စီ တပ်များ၏ မီးရှို့ဖျက်ဆီးမှုများကြောင့် အရပ်သား နေအိမ်အဆောက်အအုံ လေးသောင်းကျော် မီးလောင်ပျက်ဆီးခဲ့ရသည်။ မီးရှို့ဖျက်ဆီးခံရမှု အများဆုံး ဖြစ်ရာ ဒေသမှာ အညာဒေသဖြစ်ပြီး ကျေးရွာများထဲ စစ်ကြောင်းဝင်တိုင်း မီးရှို့ဖျက်ဆီးမှုများက ရှိစမြဲ အခြေအနေမျိုး ဖြစ်သည်။

အညာဒေသ၌ မီးဘေးသင့်၊ စစ်ဘေးရှောင် ပြည်သူ ရှစ်သိန်းခွဲကျော် ရှိနေပြီး ပြီးခဲ့သည့် လများအတွင်း စစ်ကောင်စီ တပ်များ၏ စစ်ကြောင်းထိုးမှုများ ပိုမိုများပြားလာသည့်နှင့်အမျှ မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွားများ ပိုတိုးလာကာ နေရပ်စွန့်ခွာရသူ သောင်းနှင့်ချီ၍ ထပ်မံ တိုးလာဖွယ် ရှိနေသည်။

ဒီပဲယင်းမြို့နယ်တစ်ခုတွင်ပင် ပြီးခဲ့သည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများက စစ်ကောင်စီ တပ်များ စစ်ကြောင်းများစွာ ခွဲ၍ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် သုံးထောင်ကျော် မီးလောင်ပျက်ဆီးခဲ့ရသည်။

ထိုသို့သော ဖြစ်စဉ်များကို စစ်ကောင်စီတပ်များက နေ့စဉ်နှင့်အမျှ အညာဒေသတစ်ခွင်တွင် ကျူးလွန်နေဆဲပင် ဖြစ်သည်။

ဒေသခံ စစ်ဘေးရှောင်များသည် တိုက်ပွဲ သက်တမ်းကြာမြင့်လာခြင်း၊ ဖျက်ဆီးခံရသည့် ကျေးရွာ အရေအတွက် အဆမတန် တိုးလာခြင်း၊ လယ်ယာစိုက်ပျိုးရေးများ မပြုလုပ်နိုင်ခြင်း စသည့် အခြေအနေများ ကြုံနေရပြီး စားနပ်ရိက္ခာများလည်း ပြတ်လပ်စပြုလာပြီ ဖြစ်သည်။

ဖျက်ဆီးမှုမခံရသည့် ကျေးရွာများက ဖျက်ဆီးခံရသည့် ကျေးရွာများမှ ပြည်သူများကို စောင့်ရှောက်ပေးသည့် ပုံစံဖြင့် ရိုင်းပင်ကူညီရင်း ကျားကန် ရပ်တည်ခဲ့သော်လည်း အခြေအနေများက ပို၍ ဆိုးရွားလာနေခဲ့ပြီး စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ဖျက်ဆီးမှုများက လျော့ကျသွားဖွယ် မရှိသေးပေ။

ဆောင်းရာသီ ဝင်စကပင် ရေပြတ်လပ်မှုများ ကြုံနေရပြီ ဖြစ်သည့် ကရင်နီပြည်တွင်လည်း ယခုအခါ ရေ အခက်အခဲက အချိန်နှင့် အမျှ လိုအပ်ချက် ပိုမိုမြင့်မားလာနေသည်။

ဒေသတွင်း လူဦးရေ၏ သုံးပုံနှစ်ပုံကျော် စစ်ဘေးရှောင်နေရပြီး အများစုမှာ ခေါင်ဖျားသည့် ကျေးရွာများနှင့် တောတောင်များထဲတွင် အမှီပြု နေထိုင်နေရသည်။

၎င်းတို့သည် စားနပ်ရိက္ခာ ရှားပါးနေခဲ့သည်မှာ တစ်နှစ်ခွဲကျော်ခဲ့ပြီ ဖြစ်ပြီး စစ်ဘေးရှောင် စခန်းများပေါ်သို့ စစ်ကောင်စီ တပ်များက လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိသဖြင့် သေဆုံးရသူ အများအပြား လည်း ရှိသည်။

ကရင်နီဒေသအား စစ်ကောင်စီတပ်များက ဖြတ်လေးဖြတ် ပြုလုပ်ထားပြီး ဆေးဝါးတင်သွင်းခွင့်များကို ပြီးခဲ့သည့် နှစ်စကပင် ထိန်းချုပ် တင်းကြပ်ထားသဖြင့် စစ်ဘေးရှောင်များ အတွက် သက်တမ်းလွန် ဆေးဝါးများကိုသာ အမှီပြုနေထိုင်ခဲ့ရသည်။

လေကြောင်း တိုက်ခိုက်မှုများကြောင့် ကလေးငယ်များ၏ စိတ်ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်ထားဖွယ် ရှိသည်ကိုလည်း ကရင်နီပြည်၌ မြင်တွေ့ရပြီး ကလေးငယ်များသည် စစ်ကောင်စီ တပ်များ၏ တပ်အပြောင်းအရွှေ့ ရဟတ်ယာဉ် သံများကြားလျင်ပင် ကြောက်ရွံ့ နေကြပြီ ဖြစ်ကြောင်း သိရသည်။

ကရင်ပြည်နယ်သည်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်းက တိုက်ပွဲများ အများဆုံး ဖြစ်ပွားရာ ဒေသတစ်ခုဖြစ်သည်။ ဒီမိုကရေစီ၊ ဖက်ဒရယ် အရေး တိုက်ပွဲဝင်မည့် လူငယ်အများအပြား တော်လှန်ရေးပညာများ ခံယူခဲ့ရာ KNU နယ်မြေသည် စစ်ကောင်စီ တပ်များ၏ ကျူးကျော်မှုကို အရှိန်မြှင့် ခုခံနေခဲ့ရသည်။

ငြိမ်းချမ်းရေးမြို့တော်ဟု သတ်မှတ်ပြီး ဦးသိန်းစိန် လက်ထက်က တည်ဆောက်ခဲ့သည့် လေးကေ့ကော်မြို့သစ်ကိုပင် စစ်ကောင်စီက ဗုံးကြဲဖျက်ဆီး ပစ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်နှစ်အတွင်း လေကြောင်း တိုက်ခိုက်မှု အကြိမ် ရာနှင့်ချီပြီး စစ်ကောင်စီ တပ်များက အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း ကရင်တပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့များ၏ က အရှိန်မြှင့် ခုခံတော်လှန်နေဆဲ ဖြစ်သည်။

KNU နယ်မြေ အတွင်း အဆိုပါ တိုက်ပွဲများအကြား ဒေသခံ ငါးသိန်းဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး ထိုင်းနယ်စပ် တစ်လျှောက်တွင် ခုံလှုံနေရသည့် မြန်မာဒုက္ခသည် တစ်သိန်းနီးပါးလည်း ရှိနေသေးသည်။
ပြီးခဲ့သည့်နှစ်တွင် KNU နယ်မြေအတွင်း ပြည်တွင်းစစ်မီးပွားက ရခိုင်ပြည်နယ်သို့ ကူးစက်ခဲ့သေးပြီး ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများ လပိုင်းခန့် ဖြစ်ပွားခဲ့သည်။

ယခု လတ်တလောတွင်တော့ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ယာယီ အပစ်အခတ်ရပ်စဲ ထားသဖြင့် တိုက်ပွဲများ ငြိမ်သက်လျက် ရှိနေသေးသည်။

ထို့အတူ ချင်းတော်လှန်ရေး တပ်ဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသည့် ချင်းပြည်နယ်သည် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်ကျူးကျော်မှုများကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရသည်။

၂၀၂၁ခုနှစ် နှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့ မြို့လုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခံရသည့် ဖြစ်စဉ်သည် စစ်ကောင်စီ တပ်များ၏ ချင်းပြည်နယ်အတွင်း ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုများထဲမှ တစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ဘက်ဖျားမှ အင်အားကောင်းသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည်လည်း စစ်ကောင်စီ တပ်များကို အရှိန်မြှင့်တော်လှန်နေပြီး နွေဦးတော်လှန်ရေး၌ NUG နှင့်လည်း လက်တွဲလုပ်ဆောင်မှုများစွာ ရှိထားသည့် တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့ တစ်ခုဖြစ်သည်။

PDF တပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးသည်ဟု ယူဆခြင်း တို့ကြောင့် စစ်ကောင်စီဘက်က ၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲ အတော်များများတွင် KIA အား အပုတ်ချ ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

မြေပြင် အခြေအနေတွင်လည်း အရပ်သား ရာနှင့်ချီ ရှိနေသည့် အနန့်ပါ ပွဲ ပြုလုပ်နေစဉ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲချခြင်း ကဲ့သို့ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့သည်။

ရှမ်းပြည်နယ် အတွင်းတွင်လည်း SSPP/SSA၊ MNDAA၊ TNLA တို့၏ ထိန်းချုပ်နယ်မြေများသို့ စစ်ကောင်စီ တပ်များ ကျူးကျော် ဝင်ရောက်မှုများကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများ ဖြစ်ပွားရာတွင် စစ်ကောင်စီတပ်များ အရေးမသာမှုများ ကြုံတွေ့ခဲ့ရပြီး လေကြောင်းအင်အားသုံးခဲ့သည့်တိုင် အကျအဆုံး အထိအခိုက်များခဲ့သည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း စစ်ကောင်စီ တပ်များကို တွန်းလှန်နေသည့် တော်လှန်ရေးတိုက်ပွဲများ ပိုမိုအားကောင်းလာပြီး ပြည်တွင်းစစ်ကလည်း အရှိန်မြှင့်တောက်လောင်လျက် ရှိနေသည်။

တိုက်ပွဲများနှင့် ဝေးကွားနေဆဲ ဖြစ်သည့် ရန်ကုန်၊ မန္တလေး တို့ကဲ့သို့ မြို့ကြီးများသည် စစ်ဘေးသင့် မနေခဲ့သော်လည်း စစ်အာဏာသိမ်း ကပ်ဘေးတွင်တော့ မလွတ်မြောက်နိုင်ခဲ့ပေ။

အာဏာသိမ်းအပြီး ခြောက်လကျော်အကြာ ကိုဗစ် တတိယလှိုင်းအတွင်း စစ်ကောင်စီ အာဏာသိမ်းထားမှုက မြို့ကြီးများ၌ သောင်းနှင့်ချီပြီး ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးခဲ့ရသည်။

သုဿာန်များ၌ သေဆုံးသူများ၏ အလောင်းများ တန်းစီနေခဲ့ပြီး ပရဟိတအဖွဲ့များ လက်ပန်းကျသည်ထိ ဖြစ်ခဲ့ရသည်။ မိသားစုလိုက် သေဆုံးမှုများ၊ မိဘနှစ်ပါးသေဆုံးခဲ့ရ၍ မိဘမဲ့ ဖြစ်ခဲ့ရသည့် ကလေးငယ်များက စစ်ကောင်စီ အာဏာသိမ်းမှု၏ အကျိုးဆက်များ ပင်ဖြစ်သည်။

ထို့ပြင် ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကလည်း မြို့ပြ များကို ကျပ်တည်းစေခဲ့သည်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုများ ထွက်ခွာကုန်သဖြင့် ၎င်းတို့ကို အမှီသဟဲပြုနေရသည့် အလုပ်အကိုင်များလည်း ရပ်ဆိုင်းကုန်သည်။

အလုပ်လက်မဲ့ ဦးရေ တိုးမြှင့်လာပြီး အလုပ်အကိုင်များ ရှားပါးလာသည်။ ဆီဈေး၊ ဆန်ဈေးများ နှစ်ဆ သုံးဆ ထိုးတက်ခဲ့သည်။ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ စားအုန်းဆီ တစ်ပိဿ ကျပ်ခြောက်ထောင်၊ ဆန်တစ်ပြည် သုံးထောင် ဝန်းကျင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ခေါက်ဆွဲ ခြောက်ထုတ် တစ်ထုပ် ပင်လျင် ယခင်က ကျပ် နှစ်ရာ ဝန်းကျင်သာ ရှိရာမှ ယခုအခါ ကျပ် လေးရာ ကျော်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

စက်သုံးဆီ ဈေးနှုန်း၊ ဒေါ်လာဈေးနှုန်းများကလည်း စစ်ကောင်စီ သက်တမ်းအတွင်း တည်ငြိမ်သည့်ကာလ နည်းပါးခဲ့သည်။ စက်သုံးဆီ တစ်လီတာလျင် ကျပ်နှစ်ထောင်ကျော်လိုက် ကျလိုက်ဖြင့် ရစ်ဝဲ နေဆဲ ဖြစ်ပြီး အမေရိကန် ဒေါ်လာ တစ်ဒေါ်လာလျင် ကျပ်နှစ်ထောင်ကျော် ပေါက်ဈေး ဖြစ်နေဆဲ ဖြစ်သည်။

ဖေ့စ်ဘွတ် ပို့စ်တစ်ခုဖြင့် နေအိမ်ကို ချိတ်ပိတ်သည်အထိ တင်းကျပ်စွာ ဖိနှိပ်ထားသဖြင့် မြို့နေလူထုမှာ အုံကြွရန် လမ်းစ ရှာမရသေး၍ စစ်ကောင်စီ ပေးသည့် ဒုက္ခကို ခါးဆည်း ခံနေရဆဲ ဖြစ်သည်။

အဆိုပါ အခြေအနေများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် နိုင်ငံပိုင် မီဒီယာများသည် မည်သည့် ပွဲတော်ကာလ ရောက်ရောက် နိုင်ငံအတွင်း သာယာစည်ပင်နေသည်ဟုသာ ဦးစားပေးဖော်ပြခဲ့ကြသည်။

နှစ်သစ်ကူးပွဲများလည်း စည်ကား သင်္ကြန်လည်း စည်ကား နေသည်ကို စစ်ကောင်စီ သတင်းစာ ရုပ်သံများတွင် မြင်တွေ့နေကြဖြစ်သည်။

သို့သော် ယခု ကာလုံတွင်တော့ အဆိုပါ သာယာစည်ပင်မှုများ ကို စစ်ကောင်စီ အကြောင်းမပြတော့ပေ။

သာမာန် မဟုတ်သည့် အခြေအနေများ ဖြစ်နေဆဲ ဟု ဆိုပြီး ဖွဲ့စည်းပုံအရ ဆိုကာ သက်တမ်းတိုးလိုက်ပြန်ခြင်း ဖြစ်သည်။

တော်လှန်မှုများကို အကြမ်းဖက် နှိမ်နင်းနေသော်လည်း ထိန်းချုပ်မရသဖြင့် အကျပ်ရိုက်နေသည့် စစ်ကောင်စီသည် တိုက်ပွဲမဖြစ်သည့် မြို့ပြအချို့၌ ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေခဲ့ပြန်သည်။

တစ်ဖက်တွင်လည်း ခြေဥမှ သာမာန် ဆိုသည့် စကားလုံးကို အသုံးပြုပြီး ထောက်ခံသူများကို တရားဝင်ကြောင်း အကြောင်းပြကာ စစ်ကောင်စီက အာဏာ ဆက်ယူထားဦးမည် ဖြစ်သည်။

စစ်ကောင်စီ အကြောင်းပြသည့် ပုဒ်မ ၄၂၅ တွင် ပြည်ထောင်စုလွှတ်တော်သက်တမ်း ကုန်ဆုံးသွားချိန် ဖြစ်နေသဖြင့် ယခုကဲ့သို့ ကာလုံက သက်တမ်းထပ်တိုးပေး၍ ရသည့် ပုံစံမျိုး ဖြစ်နေရာ စစ်ကောင်စီသည် ၎င်းတို့ စိတ်တိုင်းကျ ပြုလုပ်မည့် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာမည့် လွှတ်တော်ဖြစ်လာမှသာလျင် အာဏာသိမ်းသည့် ပုံစံကို ဖယ်ရှားပြီး သဒ္ဓါကရေစီ ပြန်ပေးမည့် ပုံစံမျိုးပင် ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နိုင်ငံရေး ပါတီ များ မှတ်ပုံတင်ခြင်း ဥပဒေ သစ်ဟု ဆိုကာ ၎င်းတို့၏ ရွေးကောက်ပွဲ ဝင်လိုသည့် နိုင်ငံရေး ပါတီများကိုပါ ထိန်းချုပ် ဖိနှိပ် လိုက်သည် ။ မဖြစ်မနေ စည်းရုံးရမည့် ပါတီဝင် အင်အား၊ထားရှိရမည့် ဘက်ဂျက် ပမာဏ များက လူထု ထောက်ခံမှု နည်းပါးလွန်းသည့် အဆိုပါ ပါတီများအတွက် ဖျက်သိမ်းခံရမည့် အရေးကလည်း ရှိနေသည်။

အဆိုပါ ဥပဒေကို ကြံ့ကြံ့ခိုင်နိုင်မည့် ပါတီဟူ၍ ကြံ့ခိုင်ရေး ပါတီ တစ်ခုသာ ရှိနေဖွယ် ရှိပြီး NLD ပါတီကလည်း စစ်ကောင်စီ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ကြေညာချက် ပူပူနွေးနွေး ထုတ်ပြန်ထားသေးသည်။

အဆိုပါ အခြေအနေမှာ ကြံ့ခိုင်ရေး ပါတီ တစ်ခုတည်းဖြင့် PR စနစ် သုံးကာ ရွေးကောက်ပွဲ ပြုလုပ်ရန် ကြံစည်နေသည့် သဖွယ် ဖြစ်နေခြင်း ဖြစ်သည်။

၎င်းတို့၏ ရွေးကောင်ပွဲ ဝင်ပြီး ၂၀၀၈ ခြေဥ အောက်မှ လွှတ်တော်အခင်းအကျင်းကို ပြန်သွားလိုသူ နိုင်ငံရေး သမားအချို့မှာလည်း စစ်ကောင်စီ၏ နိုင်ငံရေး ပါတီများကို ထပ်မံ ဖိနှိပ်လိုက်မှုကို စိတ်ပျက်လာသည့် ပုံစံများ ပြသလာခဲ့သည်။

ထိုသူများအတွက် ရည်ညွှန်းသည်ဟု မဆိုထားသော်လည်း စစ်ကောင်စီ မတရားဖမ်းဆီးထားမှုမှ ပြန်လည် လွတ်မြောက်လာသည်မှာ မကြာသေးသည့် ဝါရင့်နိုင်ငံရေး သမားကြီး ကိုမြအေးက

“ ကျားကိုခံရတဲ့ ဒဏ်ရာကို ကျားလျှာနဲ့သပ်မှ ပျောက်မယ်လို့ ယူဆပြီး ကျားနားမှာ ရစ်သီ ရစ်သီ လုပ်နေရင် အစားခံရမှာပဲ စဉ်းစားပေါ့” ဟု ဆိုထားလေသည်။



ဆက်ဖတ်ရန် →
ဝါရှင်တန် ဒီစီ NUG အစိုးရရုံးမှာ နည်းပညာဝန်ကြီး နှင့်အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပြီးအချက်၃ချက်အကူအညီပေးမည်

ဝါရှင်တန် ဒီစီ NUG အစိုးရရုံးမှာ နည်းပညာဝန်ကြီး နှင့်အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံပြီးအချက်၃ချက်အကူအညီပေးမည်

“မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဒုတိယနှစ်မြောက်မှာDAS Melissa Brown နဲ့ ကျနော်ဟာ DC ရှိ NUG Myanmar ရုံးခန်းသစ်ကို ဒီမိုကရေစီလိုလားတဲ့လှုပ်ရှားမှုကို ထောက်ခံအားပေးပြီး မြန်မာပြည်မှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ ထွန်းကားရေးဆိုင်ရာ မတူကွဲ
ပြားတဲ့ သက်ဆိုင်သူတွေနဲ့ အကျိုးရှိရှိ ဆွေးနွေးဖို့ လာရောက်ခဲ့ပါတယ်။
 -DJK”

မြန်မာစစ်ခေါင်းဆောင်တွေ ဖယ်ရှားရေး NUG ဆွေးနွေးချက် ၃ ချက်ကို      ဒီနေ့ ဝါရှင်တန် ဒီစီ NUG
 အစိုးရရုံးမှာ အမေရိကန်အစိုးရ ဒုတိယနိုင်ငံခြားရေး
ဝန်ကြီး Mr. Daniel Kritenbrink နှင့် လက်ထောက်ဒု
ဝန်ကြီး Mrs. Melissa Brown တို့ပါဝင်သောအဖွဲ့နှင့်
 NUG အစိုးရမှ ဆက်သွယ်ရေး၊ သတင်းအချက်အ
လက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ ဒု
နိုင်ငံခြားရေးဝန်ကြီး ဦး​မိုးဇော်ဦးနှင် တိုင်းရင်းသား
ကိုယ်စားလှယ်အချို့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်​ကောင်စီ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုး
ဖောက်မှုတွေ စစ်ရာဇဝတ်မှုတွေ အပြစ်မဲ့ ပြည်သူတွေ
နဲ့ ကလေးသူငယ်တွေကိုသတ်ဖြတ်နေမှုတွေ ရွာတွေကို
မီးရှို့ ဖျက်ဆီးမှုတွေကို ရပ်တန့်ဖို့ဟာ အရေးအကြီး
ဆုံးနဲ့  စစ်ခေါင်းဆောင်တွေကို ဖယ်ရှားဖို့လိုမယ်။ အဲဒီ
လိုဖယ်ရှားဖို့ ဘယ်လိုကူညီရမလဲလို့မေးလာလို့အချက်
 ၃ ချက်ကိုအဓိကထား ဆွေးနွေးလိုက်တဲ့အခါ သိပ်ကို 
လက်တွေ့ကျတယ်လီု့ မှတ်ချက်ပြုပြီး မကြာခင်မှာ 
အသေးစိတ်ထပ်မံဆွေးနွေးဖို့ စီစဉ်မယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ အဲဒီအချက် ၃ ချက်ထဲက တ
ချက်ကတော့ နည်းပညာကိုသေသေချာချာအသုံးချရ
မယ်ဆိုတဲ့အချက်ပါမယ်။ ကျန် ၂ ချက်ကတော့ 
အချိန်တန်ရင် အသိပေးပါမယ်။







ဆက်ဖတ်ရန် →
*ပြည်သူတို့၏ အသံတိတ် သပိတ် အောင်မြင်ဟု ပြည်ပ မီဒီယာ များ မှတ်ချက်ပေး

*ပြည်သူတို့၏ အသံတိတ် သပိတ် အောင်မြင်ဟု ပြည်ပ မီဒီယာ များ မှတ်ချက်ပေး

ဦးကျော်မိုး ထွန်း နိုဘဲလ် ငြိမ်းချမ်းရေး ဆု စကာတင် စာရင်းတွင် ပါဝင်လာ။
*အမေရိကန် မှ ရုရှား လက်နက် လမ်းကြောင်းကို ဖြတ်တောက်မည်ဟု ဆို
******************

ရန်ကုန် နှင့် မန္တလေး မြိုကြီးများ ရှိ လမ်းမကြီးများ ပေါ်တွင် လူသူ ကင်းမဲ့လျက် ရှိနေသည်ကို တွေ့လာရသဖြင် ပြည်သူတရပ်လုံးက အသံတိတ် သပိတ်တိုက်ပွဲကြီးကို အောင်မြင်စွာ ဖေါ်ထုတ် နိုင်ခဲ့ပြီ ဖြစ်သည်ဟု ရိုက်တာ သတင်းဌာနကြီးအား ကိုးကား၍ ကမ္ဘာမီဒီယာများ တွင် ဖေါ်ပြလာခဲ့ကြသည်။

သို့သော်လည်း  အာဏာသိမ်း အဖွဲ့အား ထောက်ခံကြောင်း ဆန္ဒပြပွဲ အတွက် ဘုရားသားတော်ဆိုး များ ဦးဆောင်ပြီး စစ်သားများ ခြံရံကာလူ ၁၀၀ ခန့် လမ်းပေါ် ထွက်လာခဲ့ကြသည်ဟု ရိုက်တာ သတင်းက ဆိုသည်။

ရှင်လောင်း လှည့်ပွဲကပင် ၎င်းတို့ထက် လူအင်အား များပေဦးမည်။

ပြည်သူတို့၏ နောက်ထပ် အောင်ပွဲ တခု အဖြစ် ကုလသမဂ္ဂ ၏ NUG အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း နှင့် အမျိုးသား အတိုင်ပင်ခံ ကောင်စီ NUCC အား ၂၀၂၃ နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် စကာတင် စာရင်းတွင် ထည့်သွင်းထားသည် ကို ‌နော်ဝေး နိုင်ငံ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု Peace Research Institute Oslo (PRIO) ၏ ဒါရိုက်တာ ဟင်းနရစ် အာဒယ် ၏ ကျေညာချက် တွင် ပါရှိလာသည်။

နိုဘဲလ် ဆု ရွေးချယ်ရေး အဖွဲ့သည် ၎င်း၏ တင်ပြချက်အား အမြဲလို တလေးတစား ထည့်သွင်းစဉ်းစား ခဲ့သည်မှာ ခြောက်နှစ် ဆက်တိုက်ပင် ဖြစ်သည်ဟု သိရသည်။

ဦးကျော်မိုးထွန်း၊ NUCC နှင့် ပတ်သက်၍ သူ၏ သဘောထား ကို ဖေါ်ပြရာတွင် ကုလသမဂ္ဂတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေး တို့ အတွက် ဦးတည် ဆောင်ရွက်ခဲ့သည့်အပြင် လုံခြုံရေး တပ်ဖွဲ့များ၏ အကြမ်းဖက် လုပ်ရပ် အဆုံးသတ်ရန် ဦးတည် ကြိုးပမ်းနေကြ၍ ဦးကျော်မိုးထွန်း နှင့် NUCC သည် ငြိမ်းချမ်းရေး နိူဘဲလ် ဆု ရသင့်ကြောင်း။

ဦးကျော်မိုးထွန်းသည် စစ်အာဏာသိမ်း လုပ်ရပ်အား ရှုတ်ချပြီး ၎င်းတို့အား အသိအမှတ် မပြုရန် နိုင်ငံများအား လှုံ့ဆော် တိုက်တွန်းခဲ့သည်။ ထိုအချိန်မှစ၍ ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အဖွဲ့အသီးသီး မှ ကိုယ်စားလှယ်များ၊ အရပ်ဖက် အဖွဲ့အစည်းမှ ခေါင်းဆောင်များ နှင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေး အစိုးရ ကို တောက်လျှောက် ကိုယ်စားပြုလာခဲ့သူ ဖြစ်သည်။
သူသည် ကုလ အမြဲတမ်းကိုယ်စားလှယ် အဖြစ် မြန်မာ ပြည်သူတို့၏ အသံကို နိုင်ငံတကာ က သိရှိလာအောင် ဆောင်ကျဉ်းပေးနိုင်ခဲ့သူ ဖြစ်‌‌ ကြောင်း အစရှိသဖြင့်  ပါရှိခဲ့သည်။

ဦးကျော်မိုးထွန်း နှင့် အတူ အီရန် ရှိ လူ့အခွင့်အရေး တိုက်ပွဲဝင်နေသူတဦး၊ အမျိုးသမီးများ အခွင့်အ‌
ရေး အတွက် တက်ကြွ လှုပ်ရှားသူ အာဖဂန် သတင်းစာဆရာ အမျိုးသမီးတဦး၊ နိုင်ငံတကာ တရားရုံး အိုင်စီဂျေ၊ ဒေသခံ ဌာနေ တိုင်းရင်းသား တို့၏ အခွင့်အရေး လှုပ်ရှားသူ နှစ်ဦး နှင့် လူ့အခွင့်အရေး ဆိုင်ရာ အချက်အလက်များ ကောက်ယူ စုဆောင်းပေးသည့် အဖွဲ့များ လည်း ပါဝင်သည်။

ထိုသို့ သော သတင်းများ နှင့် အတူ တနိုင်ငံလုံးက 
မနှစ်မြိုရွံရှာ မုန်းတီးနေကြသည့် အဖြစ်ကို တော်ရုံတန်ရုံ အရှက်ရှိသူဆိုက လဲသေ သွားနိုင်လောက်သော်လည်း ၎င်းတို့ကမူ အာဏာ ကို မည်သို့ မည်ပုံ နှစ်ပေါက် တပေါက် ရိုက်ပြီး ဆက်လက် ဆွဲကိုင်ထားရမည် ကို ခေါင်းချင်းရိုက်နေကြရသဖြင့် ကျေညာချက်ကိုပင် ညနေစောင်းမှ ထုတ်ပြန်နိုင်ခဲ့သည်။

ဖြစ်ပုံ မှာ မြင့်ဆွေ ခေါင်းဆောင်သော ကာလုံ အဖွဲ့က တိုင်းပြည်သည် အထူး အခြေအနေ တရပ် နှင့် ကြုံနေရပြီ ဆိုကာ သူ့လက်ထဲ အပ်လာသော အာဏာကို ဖွဲ့စည်းပုံ ပုဒ်မ ၄၂၅ အရ ဆိုကာ မင်းအောင်လှိုင်အား အသစ်က ပြန်စ၍ ခြောက်လ တကြိမ် အပ်နှံသွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ နှင့် ပတ်သက်၍မူ "ပြည်သူတို့၏ ဆန္ဒနှင့် အညီ" ကျင်းပမည်ဟု အချိန် အတိအကျ မဟုတ်တော့ပဲ မရေမရာ ပြောလာသည်၊ ၎င်းတို့အား ထောက်ခံ နေကြသည့် ရှင်လောင်းလှည့်ပွဲလောက်ပင် အင်အား မရှိသူများ ကို  အတင်း ပင် ပြည်သူဟုမှတ်ယူနေကြသည်။

ကာလုံ အစည်းအဝေး လာတက်သူများသည် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ သံတမန် ရေးဖက်တွင် ဘာတခုမျှ မယ်မယ်ရရ စွမ်းဆောင်နိုင်ခြင်း မရှိသူကို နောက်ထပ် အာဏာအပ်နှင်းရန် သဘောတူ လိုက်ခြင်းဖြင့် အမျိုးသား သစ္စာဖေါက် များ အဖြစ် အတိအကျ သမိုင်း မှတ်တမ်း တင်ကျန်သွားခဲ့ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် သံတမန်ရေး အရ နာလံ မထူနိုင် ဖြစ်လာနေမှု ကို တရားခံ ရှာသည့် အနေဖြင့် နိုင်ငံခြားရေး ဝန်ကြီး ‌နေရာတွင် ဝဏ္ဏမောင်လွင်အား ဖယ်ရှားပြီး ဦးသန်းဆွေ ဆိုသူအား ခန့်အပ်လာခဲ့သည်။ ဝဏ္ဏ မောင်လွင်လည်း သူ့ကြောင့် ဆက်၍ သိက္ခာကျရရှာမည့် အဖြစ်မှ ကင်းလွတ်သွားခဲ့ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် နိုင်ငံရေး၊ စီးပွားရေးတွင် အလဲလဲ အပြိုပြို ဖြစ်အောင် လုပ်ပြနိုင်ခဲ့ပြီး စစ်ရေး တွင်လည်း ရွာမီးရှို့သည့် ဗျူဟာ မှ လွဲ၍ အခြား ဘာတခုမျှ စွမ်းဆောင်နိုင်ခြင်း မရှိပဲ နှစ် နှစ် အတွင်းမှာပင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် တူမီး ဘဝ မှ ဒရုန်းများ၊ လက်နက်‌ ကောင်းများ ကိုင်တွယ် လာနိုင်ပြီး အင်အား ကောင်းသည်ထက် ကောင်းလာနေသည်။

သံတမန်ရေး ဖက်တွင်လည်း လူလူသူသူ ဖိတ်ခေါ်ခံရသည့် ဂျကာတာတွင် ပြုလုပ်သည့် အာဆီယံ ထိပ်သီး ‌‌ ဆွေးနွေးပွဲ တွင် ၎င်းအား အမြဲလို ချောက်လှန်ခံနေရသည့် အချက် ငါးချက် ကို မလုပ်နိုင်မှန်း သိလည်း သဘောတူ ပြန်လာခဲ့သည်အထိ တခါတည်း နှင့် တပ်လန်သွားအောင် စွမ်းဆောင်နိုင်ခဲ့ပြန်သည်။

တိုင်းပြည်၏ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံတကာ နှင့် ဆက်ဆံရေး များ အားလုံး ရပ်တန့်သွားခဲ့ပြီး လူပေါင်း သန်းနှင့် ချီကာ ဒုက္ခပင်လယ်ဝေခဲ့ရသည်ဟု ရိုက်တာ သတင်းတွင် ရေးသားလာခဲ့သည်။

ထိုသို့သော အခြေအနေမျိုး မှာပင် ၎င်းအား တာဝန်ပြန်ပေးသည် အဖြစ်ကို ကြည့်မည်ဆိုက စစ်တပ်ထဲတွင် အနူတောတွင်မို့ လူချော ဖြစ်ခွင့်ရရှာသူ ဟု နိုင်ငံတကာ ကလည်း ကောက်ချက် ချမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

အာဆီယံ ဥက္ကဌ ဖြစ်လာသူ အင်ဒိုနီရှား သမ္မတ ဂျိုကိုဝီ မှ စစ်ဗိုလ်ချုပ်ဟောင်းတဦး အား နေပြည်တော်သို့ စေလွှတ်၍ အင်ဒိုနီရှားသည် စစ်အုပ်ချုပ်‌ ရေး မှ ဒီမိုက‌ရေစီသို့ အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပုံများကို ပြော၍ ဖျောင်းဖျ နားချဖို့ ကြိုးပမ်းမည်ဟု သိရသည်။

ဤသည်ကလည်း ၎င်းတို့ အဆို အရည်အချင်း မရှိသူများပင် ဆက်၍ အုပ်ချုပ်တော့မည့် အရေးကို သိမြင်လာ၍လည်း ဖြစ်ပေမည်။

ဖီလစ်ပိုင်၊ ထိုင်းနိုင်ငံများ တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည်၊ ဩစတေးလျှ တွင် မြန်မာ သံရုံး ဝင်းတံခါးအား သံကြိုး နှင့် ပိတ်ပြီး ဆန္ဒပြမှု ကြောင့် ရဲများပင် ရောက်လာခဲ့ရသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ အထူး အကြံပေး ဒဲရက် ရှိူလက် မှ အကြမ်းဖက် စစ်တပ်အား ရုရှားမှ လက်နက် ထောက်ပံ့ပေးလာနေမှုသည် လွန်စွာ စိုးရိမ်မကင်း ဖြစ်လာရ၍ ထိုသို့ ပူးပေါင်း ဆောင်ရွက်နေသည့် လမ်းကြောင်းကို ဖြတ်တောက် ပစ်ရန် နည်းလမ်းရှာနေသည်ဟု အာဏာသိမ်း နှစ်နှစ် ပြည့် အဖြစ် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

အမျိုးသား ညီညွတ်ရေး အဖွဲ့နှင့် ပြည်သူတရပ်လုံးကမူ  ၂၀၂‌၃ အား စစ်အာဏာရှင် ပြတ်ပြတ်သားသား နိဂုံးချုပ်ရမည့် နှစ်အဖြစ် ရည်မှန်းချက်ထား အရှိန်မြင့် လှုပ်ရှားနေကြပြီ ဆိုသည်ကို အသံတိတ် သပိတ် အောင်မြင်ခဲ့မှု က သက်သေခံနေ‌ပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

လှစိုးဝေ
ဓါတ်ပုံ - ဧရာဝတီ


ဆက်ဖတ်ရန် →

စစ်ကောင်စီကို ရုရှားလက်နက်တင်ပို့တာ ကန့်သတ်နိုင်ဖို့ အမေရိကန်နည်းလမ်းရှာမည်

မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet ကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အမေရိကန်သံမတ်၏ နေအိမ်မှာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။ AFP

မြန်မာစစ်ကောင်စီ လက်နက်ရရှိနေတာ ပိုပြီးခက်ခဲလာအောင် ပိုမိုတင်းတင်းကျပ်ကျပ် အရေးယူဒဏ်ခတ်ပိတ်ဆို့နိုင်အောင် ဆက်လက်နည်းလမ်းရှာမယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးအရာရှိ Derek Chollet က ပြောကြားလိုက်ပါတယ်။

မြန်မာစစ်ကောင်စီကို ရုရှားက လက်နက်တွေပေးပို့နေတာ အမေရိကန်ပြည်ထောင်စုက အထူးစိုးရိမ်မကင်းဖြစ်ရပြီး ဒီလို ပူးပေါင်းဆောင်ရွက်နေတာ ကန့်သတ်နိုင်ဖို့ ဆက်လက်ကြိုးစားမယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှု အသစ်တွေချမှတ်တာ အပါအဝင် စစ်ကောင်စီကို ဆက်လက်ဖိအားပေးမယ်လို့လည်း Derek Chollet က သူ့လူမှုကွန်ရက် twitter မှာရေးသားထားပါတယ်။

အရေးပေါ်ကာလကို ဖေဖော်ဝါရီ ၁ ရက်မှာ နောက်ထပ်ခြောက်လ သက်တမ်းတိုးလိုက်တယ်လို့ သိရပါတယ်လို့လည်း ပြောပြီး စစ်ကောင်စီက ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမဆို လွတ်လပ်ပြီး တရားမျှတမဟုတ်ဘူးလို့ Derek Chollet က သုံးသပ်ပါတယ်။

ဒါဟာ ရွေးကောက်ပွဲမှာ ပြိုင်ဖက်အဖြစ် အလားအလာရှိသူအားလုံးကို အကျဉ်းချဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ဖြစ်တယ်လို့ ပြောပါတယ်။ တကယ်တော့ စစ်ကောင်စီဟာ မြန်မာ့ပိုင်နက် ၅၀ % နီးပါး ထိန်းချုပ်ထားနိုင်တာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ဆက်ဖတ်ရန် →
စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်စွဲကိုင် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်၊ နိုင်ငံ ၏  မြို့နယ် ၁၃၂ ခု တွင် လုံခြုံရေး မထိန်းချုပ်နိုင်တော့ဟု ဝန်ခံ

စစ်တပ်ကို တခဲနက် ဆန့်ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက်နှင့်ရင်း၍ ထုတ်ပြန်သဖြင့် လက်နက်စွဲကိုင် တော်လှန် ရေး ဖြစ်ပေါ်လာဟု မင်းအောင်လှိုင်က အပြစ်တင်၊ နိုင်ငံ ၏ မြို့နယ် ၁၃၂ ခု တွင် လုံခြုံရေး မထိန်းချုပ်နိုင်တော့ဟု ဝန်ခံ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ခေတ်သစ်

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်တပ်ကို တခဲနက် ဆန့် ကျင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပန်ကြားချက်ကို ဦးဝင်းထိန်က အသက် နှင့် ရင်း၍ ထုတ်ပြန်သဖြင့် လက်နက် စွဲကိုင် တော်လှန်ရေး ဖြစ်ပေါ်လာဟု မင်း အောင်လှိုင်က အပြစ်တင်ပြော ဆို ကြောင်း စစ်တပ်က ယနေ့ ညပိုင်း သတင်း ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသော စစ်ကောင်စီ၏ ကာ/လုံအစည်း အဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ် တင် ပြောဆိုခြင်းဖြစ်သည်။ 

အကြမ်းဖက် မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့ ပန်ကြား ချက်သည် ဒီမိုကရေစီကို ဖျက်ဆီးခြင်းဖြစ်ပြီး ဦးဝင်းထိန်၏ အသက်နှင့်ရင်း၍ အာမခံ သည် ဆိုသော ထုတ်ပြန်ချက်ကြောင့် လက်နက်စွဲကိုင် တော်လှန်မှုများ ဖြစ် ပေါ် လာ ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို ထိရောက်စွာ အရေး ယူ ထားကြောင်း ပြောဆိုသည်။ 

လက်ရှိတွင် မြို့နယ်ပေါင်း ၁၉၈ ခုတွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ် တွင် လုံခြုံရေး ထိရောက်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ 

မြန်မာနိုင်ငံတွင် မြို့နယ် ၃၃၀ ခု ရှိသည့်အနက် ၁၉၈ မြို့နယ်တွင်သာ လုံခြုံရေး ထိန်းနိုင်ပြီး ၁၃၂ မြို့နယ်တွင် မထိန်းနိုင်တော့ကြောင်း မင်းအောင်လှိုင်က ဝန်ခံ ထားပြီး  လုံခြုံရေး အလေးထား ဆောင်ရွက်ရမည့်  မြို့နယ် ၆၇ မြို့နယ်နှင့် လုံ ခြုံ ရေး ထိထိရောက်ရောက် ဆောင် ရွက်ပေးရန် လိုအပ်သည့်  မြို့နယ် ၆၅  မြို့ နယ်ရှိကြောင်း စစ်ကောင်စီ က ထုတ်ပြန်ခဲ့သည်။




ဆက်ဖတ်ရန် →

ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီNUCCငြိမ်းချမ်းရေးနိုဘယ်ဆုဇကာတင်၅ဦးထဲပါဝင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်က လူပေါင်း ၂၈၀၀ ကျော် သေဆုံးပြီး ၁၇,၄၀၀ ကျော် ထိန်းသိမ်းထားကြောင်း သိရသည်။ လူဦးရေအပေါ် စစ်ရေးအရ ရက်စက်ကြမ်းကြုတ်မှုသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးအတွက် လုံးလုံးလျားလျား ကြိုးပမ်းအားထုတ်မှုတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့ဟာ 2023 ခုနှစ် ငြိမ်းချမ်းရေးဆု နိုဘယ်လ်ဆု လက်ခံရယူဖို့ ထိုက်တန်ပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး မကြာမီတွင် ရှုတ်ချခဲ့ပြီး နိုင်ငံများအနေဖြင့် စစ်အစိုးရကို အသိအမှတ်မပြုရန် သို့မဟုတ် တရားဝင်မှုမပြုရန် တောင်းဆိုခဲ့သည်။ ထိုအချိန်မှစ၍ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အစိုးရကိုယ်စား ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ ပြည်သူများကို ကိုယ်စားပြုခဲ့သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ အသံများကို နိုင်ငံတကာ အသိုက်အဝန်းသို့ တင်ပြရန် ၎င်း၏ ရာထူးကို အသုံးပြုခဲ့သည်။

NUCC သည် မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ပုံစံအားလုံးကို အဆုံးသတ်ရန်နှင့် ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝအာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန် ရည်ရွယ်သည်။ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် သပိတ်အဖွဲ့များမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဖြစ်သည်။

ဆက်ဖတ်ရန် →
မနီလာရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ ဆန္ဒပြရွေးကောက်ခံအရပ်သားအစိုးရကို အာဏာလွှဲပေးရန်တောင်းဆို

မနီလာရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများ ဆန္ဒပြရွေးကောက်ခံအရပ်သားအစိုးရကို အာဏာလွှဲပေးရန်တောင်းဆို

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့်မြောက်သည့် ယနေ့ (ဖေဖော်ဝါရီ ၁) တွင် မြန်မာနိုင်ငံတဝန်း၌ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း အသံတိတ်သပိတ် ဆင်နွှဲနေသည့်နည်းတူ အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လည်း မြန်မာသံရုံးရှေ့၌ ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက ဆန္ဒပြခဲ့ကြသည်။ 

မနီလာမြို့တော်ရှိ မြန်မာသံရုံးရှေ့တွင် ဖိလစ်ပိုင်တက်ကြွလှုပ်ရှားသူများက ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒပြကာ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန် တောင်းဆိုကြသည်။

ဓာတ်ပုံများ -  EPA/EFE
Myanmar now






ဆက်ဖတ်ရန် →
စစ်တပ်မှ လူဦးရေစာရင်းကောက်ယူရာ၌ တိမ်းရှောင်နေရသူများ၏ နေရာများကိုပါ ဖိအားပေးမေးမြန်းမှုများရှိခဲ့

စစ်တပ်မှ လူဦးရေစာရင်းကောက်ယူရာ၌ တိမ်းရှောင်နေရသူများ၏ နေရာများကိုပါ ဖိအားပေးမေးမြန်းမှုများရှိခဲ့


စစ်ကောင်စီသည် ဇန်နဝါရီ ဒုတိယပတ်မှ စတင်ပြီး ယင်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်း ကောက်ခံရာတွင် တိမ်းရှောင်နေသည့် သူများ၏ နေရာများကိုပါ မေးမြန်းမှုများရှိနေကြောင်း ပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီ ၂၇ ရက်က စစ်ကောင်စီ၏ လူဦးရေစာရင်း ကောက်ခံသည့် အဖွဲ့သည် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ (မြို့နယ်လွှဲ) နေအိမ်တစ်ခုအား လူဦရေစာရင်းကောက်ယူရာတွင် ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ တိမ်းရှောင်နေသည့် နေရာများကိုပါ မိဘများထံ မေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“စာရင်း လာကောက်တဲ့နေ့က ရဲတွေကော၊ စစ်သားတွေကော ပါလာတယ်။ ကိုယ်တွေအိမ်မှထူးပြီး ခင်ဗျားသားကော ဘယ်ရောက်နေလဲမေးတာ၊ ကိုယ့်သား ဘယ်မှာနေမှန်းတောင် ကိုယ်က မသိဘူး၊ အဲ့ဒါကို အတင်းအကျပ်တွေမေးတာ၊ အတော်ကိုဆိုးတယ်။ လူဦးရေစာရင်းကောက်ရင် လူဦးရေစာရင်းပဲကောက်ပေါ့၊ အခုက ပြသနာပါရှာတယ်” ဟု ကြည့်မြင်တိုင်မြို့နယ်( မြို့နယ်လွှဲ) တွင် နေထိုင်သည့် အသက် ခြောက်ဆယ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

လူဦးရေစာရင်း ကောက်ယူရာ၌ တိမ်းရှောင်နေသူများ၏ မိဘဖြစ်သူများကို စစ်ကောင်စီက အတင်းအကျပ် ဖိအားပေး မေးမြန်းမှုများသည် ရန်ကုန်တိုင်းတွင်သာမကပဲ ဧရာဝတီတိုင်းတွင်လည်း လုပ်ဆောင်မေးမြန်းခြင်းများ ရှိခဲ့သည်။

“ကျွန်တော်က တိမ်းရှောင်နေရတာ ၂၀၂၁ ထဲက အရင်တုန်းကလဲ အိမ်ကို စစ်တပ်က ခဏခဏလာမေးတယ်။ မိဘတွေတော့ ကျွန်တော် ဘယ်မှာ နေတယ်ဆိုတာ မသိကြဘူး။ ပြန်ပြီး သတင်းကြားရတာ အဲ့ကောင်တွေ အိမ်ကို လူဦးရေစာရင်း လာကောက်တော့ ကျွန်တော်နေတဲ့ အိမ်သိတယ်မလား။ ပြောဆိုပြီးတော့ အတင်းမေးတယ်။ အိမ်ကလဲ ကျွန်တော် ဘယ်မှာနေတယ်ဆိုတာ မသိတော့ တော်သေးတယ်” ဟု ဧရာဝတီတိုင်းအတွင်း နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီက လူဦးရေစာရင်းကောက်ယူရာ၌ ရန်ကုန်မြို့တွင်းမြို့များ၌ အိမ်တိုင်ရာရောက် ကောက်ခံမှုများရှိသကဲ့သို့၊ တိုက်ခန်းများတွင် တိုက်အောက်မှ နေကာ ကောက်ခံခြင်းများလည်း ရှိသည်။

“ကျွန်မတို့ မှော်ဘီမှာတော့ သူတို့တွေက ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို လာပြီးတော့ လူဦးရေစာရင်းပေးခိုင်းတယ်။ ဘာမှ ထွေထွေထူးထူး မေးတာမြန်းတာတော့ မရှိဘူး” ဟု မှော်ဘီမြို့နယ်တွင် နေထိုင်သည့် အသက် လေးဆယ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

စစ်ကောင်စီသည် ယင်းတို့ထိန်းချုပ်နိုင်သည့် မြို့နယ်များတွင် လူဦးရေစာရင်းကို အတင်းအကျပ် ကောက်ခံနေခြင်း ဖြစ်သော်လည်း၊ တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားနိုင်သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဒေသများတွင် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းမျိုးများ မရှိကြောင်းလည်း သိရသည်။

“ အစ်မတို့ လောက်ကိုင်မှာတော့ ဘာမှကို စာရင်းကောက်တာဘာမှ မရှိဘူး။ သူတို့တွေသြဇာသက်ရောက်မှုမရှိတဲ့ နယ်မြေမို့လားမသိဘူး” ဟု လောက်ကိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ရှင်းပြသည်။

ဇန်နဝါရီ ၉ ရက်မှ ၃၁ ရက်အထိ လူဦးရေစာရင်းကို ကောက်ယူခြင်းဖြစ်ကာ ၂၀၂၀ မဲစာရင်းတွင် လူဦးရေစာရင်း အမှားအယွင်းများစွာရှိသဖြင့် ယခုကဲ့သို့ မြေပြင်ကွင်းဆင်းကောက်ယူခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုထားသည်။

လူဦးရေစာရင်းကောက်ခံမှုသည် စစ်ကောင်စီမှ အတုအယောင်ရွေးကောက်ပွဲလုပ်ဆောင်နိုင်ရန် ဆောင်ရွက်ခြင်း ဖြစ်သဖြင့် NUG အပါအဝင် တော်လှန်ရေးအင်အားစုများက သပိတ်မှောက်ရန် ပြည်သူများကို တိုက်တွန်းနှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။

ဓာတ်ပုံ- CJ
ပုံစာညွှန်း- ရန်ကုန်မြို့တစ်နေရာတွင် လူဦးရေးစာရင်း ကောက်ယူနေသည်ကို ဇန်နဝါရီလဆန်းပိုင်းက မြင်ရပုံ



ဆက်ဖတ်ရန် →
အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် အနှေး နှင့် အမြန် ရောက်လာဖို့ ရှိ

အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် အနှေး နှင့် အမြန် ရောက်လာဖို့ ရှိ

ဗြိတိသျှ အစိုးရမှ လေယာဉ်ဆီ တင်ပို့နေသည့် ကုမ္ပဏီ များ အား စတင် အရေးယူ


ယနေ့တွင် Burma Campaign (UK) မှ စစ်တပ်အား လေယာဉ်ဆီ ရောင်းချပေးနေသော ကုမ္ပဏီ များ အား ပြစ်ဒဏ်ခတ် ပိတ်ဆို့ အရေးယူ မှုများ ဗြိတိန်၊ ကနေဒါ၊ ဩစတေးလျှ တို့ မှ စတင် ပြုလုပ်လိုက်ခြင်းကို ကြိုဆိုထောက်ခံကြောင်း ကျေညာချက် ထွက်ပေါ်လာခဲ့သည်။

ဗြိတိသျှ အစိုးရ ၏ စာရင်းတွင် ဗွေဆော်ဦး ပါဝင်လာသည့် ကုမ္ပဏီသည် ဇော်မင်းထွန်း နှင့် ၎င်းပိုင် Asia Sun Co ပင် ဖြစ်သည်။

ထို့အတွက် တော်လှန်ရေး အား လေကြောင်း အင်အား အလွန်အကျွံ သုံးစွဲလာနေမှုများ တဖြေးဖြေး နှင့် ချုပ်ငြိမ်းသွားတော့မည် ဖြစ်သည်။

ထိုအချိန်တွင် နေပြည်တော်၌ အာဏာသိမ်း အဖွဲ့မှ ကာလုံ အစည်းအဝေး ခေါ်ယူပြီး တ‌ယောက် မျက် နှာ တယောက် ကြည့်ကာ ၎င်းတို့ ကိုယ်တိုင်ပင် စိတ်ထဲက လက်ခံခြင်း မရှိသော စကားကို ရှေ့မျက်နှာ နောက်ထားပြီး ကျောသပ်ရင်သပ် ပြောဆိုနေကြပြီ ဖြစ်သည်။ ၎င်းတို့ ရှေ့ဆက် မည်သို့ မည်ပုံ စခန်းသွားမည်ကို ပြည်တွင်းပြည်ပက အထူး စောင့်ကြည့်နေချိန်လည်း ဖြစ်သည်။

အားလုံးက ပြောင်းလဲလာနေသော အနေအထားများ ကြောင့်ဆိုကာ အရေးပေါ် စစ်အုပ်ချုပ်ရေးကို နောက်ထပ် ၆ လ သက်တမ်းထပ်တိုးဖို့ ရှိနေသည်ဟု ယနေ့ အစည်းအဝေး တွင် ထွက်လာသော စကားများ ကို ကြည့်ကာ ခန့်မှန်းနေကြကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

ထိုအချိန်တွင် ကမ္ဘာစာနယ်ဇင်း မီဒီယာများတွင် ၎င်းတို့ အာဏာ သိမ်းယူခဲ့သည် နှစ် နှစ်တာ ကာလ အတွင်း တိုးတက်မှု ရီပို့ကပ် ကို ထောင့် ပေါင်းစုံ မှ ရေးသား ‌နေကြရာ အနှုတ်လက္ခဏာ များ နှင့် သာပြည့်နှက်နေပေသည်။

Nikkei Asia Review မှ မင်းအောင်လှိုင်သည် တိုင်းပြည်ကို သံလက်သီး ဖြင့် ဆက်လက် အုပ်ချုပ်သွားနိုင်ရေး အတွက် ရာဇပလ္လင်ပေါ်မှ မဆင်းရရန် နည်းမျိုးစုံ သုံး၍ ကြံစည်လာတော့မည်ဟု ရေးသားလာခဲ့သည်။

ကာလုံ အစည်းအဝေးသို့ တက်ရောက်လာသူများ သည် တကယ်တမ်း တွင် မြန်မာ လူ့အစည်း အရုံးကြီး တခုလုံး အပေါ် လက်နက်နှင့်ရော စိတ်ဓါတ်ရေးရာ အရပါ စစ်ပွဲကြီး ဆင်နွှဲနေသူများ ဖြစ်သည်မှာ မည်သူမျှ မငြင်းနိုင်၊ ရှင်းလင်း ထင်ရှား လွန်းလှပေသည်။

တိုင်းပြည် ဖွံဖြိုးရာ ဖွံ့ဖြိုးကြောင်းလည်း ဘာတခုမျှ မလူပ်နိုင်၊ ဘောင်းဘီ ချွတ်လိုက်၊ ပြန်ဝတ်လိုက်ကြဖြင့် အားမနာ ရှာမကျိုး အာဏာကို ရယူထားသူများ ဖြစ်သည်။ Nikkei Asia Review ကမူ စစ်ခေါင်းဆောင် အဆက်ဆက် သည် ၎င်းတို့ကိုယ် ၎င်းတို့ ရှေးမြန်မာ ဘုရင်များ ဝင်စားသည်ဟု ယုံကြည်နေသူများ ဖြစ်နေကြပြန်သည်ဟု ဆိုသည်။ တကယ်တမ်းတွင် ထိုသို့ ထင်မြင်လာအောင်လည်း ဘုရား သားတော်ဆိုးများက မြှောက်ပင့်ပေးခဲ့ကြသည်။

ထိုသို့ အကြိမ်ကြိမ် ကျုးလွန်နေကြမှု ကို မည်သူမျှ လက်မခံတော့၊ ၎င်းတို့အား စစ်တန်းလျားများသို့ အပြီး တိုင် ပြန်ပို့ရန်သာ ပြည်သူတရပ်လုံး က နည်းမျိုးစုံ သုံး၍ အားထုတ်နေကြပြီ ဖြစ်သည်၊ ထိုအရေးသည် မည်သည့် နည်းနှင့်မျှ စေ့ဆပ်ဆွေးနွေး အဖြေရှာ၍ မရတော့။

အာဆီယံ၏ ဘုံရပ်တည်မှု သဘောထား ၅ ချက်ကို
အကြမ်းဖက် အာဏာသိမ်း အဖွဲ့က မချွင်းမချန် လိုက်နာသည် ဆိုစေဦး အနည်းငယ် အသက်ရှူ ချောင်သွားနိုင်သည်မှ အပ ပြည်သူတို့ ရည်မှန်းချက် များ က မည်သို့မျှ ပြောင်းလဲသွားမည်မဟုတ်။

တခုတော့ ရှိသည်၊ ကုလ လုံခြုံရေး ကောင်စီ မှ နောက်နောင် ထိုသို့ ဥပဒေ ဘောင် ပြင်ပမှ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူမှု ပြုလုပ်ပါက လူသားများ အပေါ် ကျုးလွန်သော စစ်ရာဇဝတ်မှု အဖြစ် သတ်မှတ်ကာ R2P ဖြင့် ထိရောက်စွာ အရေးယူသွားမည်ဟူသော အာမခံချက် မျိုး ရှိမှသာ ရှေ့လျောက် ‌ဆွေးနွေးမှုများ ပြုလုပ်သွားဖို့ ဖြစ်နိုင်ပေမည်။ 

စစ်တပ်သည် မေမြို့ စစ်တက္ကသိုလ် မှ သံမှို စွဲအောင် ရိုက်သွင်း ပုံဖေါ်ပေးခဲ့သည့် အသိညဏ် မျိုး နှင့် အာရှ တွင် ကျား ဖြစ်ခဲ့သည့် နိုင်ငံအား နှစ် နှစ်ဆယ်ကျော် အတွင်းမှာပင် ကုလ၏ ဖွံဖြိုးမှု အနည်းဆုံး နိုင်ငံ စာရင်းထဲ ရောက်အောင် ပြုလုပ်ခဲ့ကြသူများ ဖြစ်သည်က ငြင်းမရအောင် သမိုင်း တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ LDC အဆင့်မှ လူ ၁၈ သန်း ခန့်အား အငတ်ဘေးသို့ တွန်းပို့နေသည့် Failed State အဖြစ်သို့ ဒို့တာဝန် အရေး သုံးပါးဟု ကြွေးကျော်ကာ ချီတက်နေပြီ လည်း ဖြစ်သည်။

ထိုအဖြစ်သည်လည်း သမိုင်းစဉ် တလျောက် ပြောဆိုခံကြရဦးမည် ဖြစ်ပြီး ကျောင်းသင်ခန်းစာများတွင်လည်း ကြိမ်းသေပေါက် ‌ထည့်သွင်း သင်ကြားဦးမည် ဖြစ်၍ သားစဉ်မြေးဆက် ရှက်ဖွယ်လိလိ ခေါင်းမဖေါ်နိုင်အောင် ဖြစ်ကြရပေဦးမည်။

တက်စ်မေးနီးယား တက္ကသိုလ် နှင့်  ဩစတေးလျှ တောင်ပိုင်း တက္ကသိုလ်တို့ရှိ ပါမောက္ခ နှစ်ဦးမှ ယူကရိန်း သမ္မတ ကဲ့သို့ နိုင်ငံတကာ အပေါ် ဩဇာ သက်ရောက်နိုင်စွမ်း ရှိသည့် ဒေါ်အောင်ဆန်းစုကြည် ကွယ်ပျောက်နေရခြင်း နှင့် အာဆီယံ မှ အပြီးသတ်တွင် အာဏာသိမ်း အဖွဲ့ ခိုင်မြဲသွားမည်ဟု တွက်ဆနေမှု များ ရှိနေ၍ ချီတုံချတုံ ဖြစ်နေသည်ဟု ထောက်ပြခဲ့သည် ကို စင်္ကာပူရှိ ရုပ်သံ ChannelNews Asia မှ ဖေါ်ပြလာခဲ့သည်။

သို့သော်လည်း လက်ရှိတွင် တော်လှန်ရေး အင်အားစုများ ပို၍ စည်းလုံးလာနေပြီး စစ်တပ်အတွင်း ထိလွယ်ရှလွယ် ဖြစ်လာနေခြင်းများ နှင့် အတူ ပြည်ပနိုင်ငံများက တက်တက်ကြွကြွ ပါဝင်လာနေခြင်းများကြောင့်  အောက်ပါ အကြောင်းခြင်းရာများကို 
ကြည့်၍ သုံးသပ်မည် ဆိုက အကောင်းဖက်က ရှုမြင်နိုင်စရာ များစွာ ရှိနေသည်ဟု အင်္ဂလန်ရှိ The Conversation အွန်လိုင်း ဂျာနယ်တွင် ယခုလို ဖေါ်ပြထားသည်။

(၁) ၂၀၂၂ ဒီဇင်ဘာလ အတွင်း ကုလ လုံခြုံရေး ကောင်စီ မှ အကြမ်းဖက်မှု များ အားလုံး ရပ်တန်ရန့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း။

(၂) အမေရိကန် မှ စစ်ဗိုလ်ချုပ်များ၊ လက်နက်ထောက်ပံ့နေသော ကုမ္ပဏီများ နှင့် ကရိုနီ များ အပေါ် တိုး၍ တိုး၍ ပိတ်ဆို့ဒဏ်ခတ်လာနေခြင်း၊ NDAA ဥပဒေ ဖြင့် ဒီမိုကရေစီ အင်အားစုများ အား သင်တန်းများ ပေးခြင်း နှင့် လက်နက် မဟုတ်သည့် အခြား အကူအညီများ ထောက်ပံ့လာနေခြင်း။

(ယနေ့တွင် ရွေးကောက်ပွဲ ကော်မရှင်၊ တွင်းထွက် သတ္ထု တူးဖေါ်နေသည့် ကုမ္ပဏီ များ နှင့် ပိုင်ရှင်များအပါအဝင် စုစုပေါင်း လူ ခြောက်ဦး နှင့် အဖွဲ့အစည်း သုံးဖွဲ့အား အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထပ်မံ ပိတ်ဆို့ အရေးယူလိုက်ပြန်သည်။)

(၃) အီးယူ မှ လက်နက် တင်ပို့သည့် ကုမ္ပဏီများကို ၂၀၂၂ နိုဝင်ဘာလ အတွင်း ပဉ္စမ အကြိမ်မြောက် ပိတ်ဆို့ အရေးယူခဲ့ခြင်း။

(၄) တိုးပွားလာနေသော နိုင်ငံ တကာ ဖိအားများ ကြောင့် တရုတ်အဖို့ အာဏာသိမ်း အဖွဲ့ နှင့် အတူ ယှဉ်တွဲ မြင်လာရမည့် အရေးကို ရှက်စရာ အဖြစ် သဘောပေါက်လာခြင်း တို့ပင် ဖြစ်သည်။

ပြည်တွင်းစစ်သည် အချိန်အတိုင်းအတာ တခု အထိ ဆက်လက် ဖြစ်ပွားနေဦးမည်သာ ဖြစ်သည့်အပြင် ပြီးဆုံးသွားပါကလည်း ရရှိခဲ့သော ဒဏ်ရာဒဏ်ချက်များကို ကုစားရန် အချိန်ယူရဖို့ ရှိ‌နေပြန်သည်။

ထိုသို့ အနာတရများကို ပြည်သူများ ခံနိုင်ရည် ရှိစေမည့် အချက်သည် စစ် ခေါင်းဆောင်များ၏ အမြဲလို ခြိမ်းချောက်နေမှူ နှင့် ၎င်းတို့ ခံစားစံစားနေသော ချမ်းသာကြွယ်ဝနေမှု များကို အပြီးအပိုင် ဖယ်ရှားနိုင်ရေးပင် ဖြစ်သည်။

ပြည်ပ အစိုးရ များ နှင့် အဖွဲ့အစည်းများသည် လက်ရှိ မြန်မာပြည်သူများ ခံစားနေရသော ဆင်းရဲ ဒုက္ခများ သက်သာရာ ရကြောင်း အဖြစ် လက်နက် မဟုတ်သည့်တိုင် အခြား အကူအညီများ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ ဘဏ္ဍာရေး များ အတွက်  NUG ထံသို့ အမြန်ဆုံး ကူညီ ထောက်ပံ့သင့်သည်ဟု တိုက်တွန်းရေးသားထားသည်။

တကမ္ဘာလုံးက ထိုသို့ ဝိုင်းဝန်း ဆန့်ကျင်ခံနေရသည့် အာဏာသိမ်း အဖွဲ့၏ ကျဆုံးခန်းသည် အနှေး နှင့် အမြန် ရောက်လာဖို့သာ ရှိပေတော့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ
သတင်းဓါတ်ပုံ - Nikkei Asia Review


ဆက်ဖတ်ရန် →
သတိုးမဟာ မင်းအောင်လှိုင်ဖြစ်လာမည်လော

သတိုးမဟာ မင်းအောင်လှိုင်ဖြစ်လာမည်လော

လွန်ခဲ့တဲ့၂နှစ်ဒီနာရီမှာ လွှတ်တော်အမတ်တွေရဲ့တည်းခို
ရိပ်သာသမ္မတအိမ်တော် အမေစုအိမ် ဝန်ကြီးချုပ် ဝန်ကြီး
များ၏နေထိုင်ရာအိမ်များကိုတံခါးခေါက်ချိန်ဖြစ်သည်။

ဒီလိုဖြစ်လာမည်ဟုကြိုသိထားသောအမေစုက Printed 
Letter တစောင်ကို ဦးဝင်းထိန်ထံချန်ရစ်ခဲ့သည်၊ ထိုစာ၏
အနှစ်ချူပ်မှာ ပြည်သူ့အာဏာကို ပြည်သူ့ထံ ပြန်လည်
အပ်နှင်းခဲ့ခြင်းဖြစ်သည်။

တပတ်ခန့်ကြာသည်အထိ အခြေအနေမထူးလာသည့်
အဆုံးမှာနွေဦးတော်လှန်ရေးကြီးပေါ်ပေါက်လာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်၊

ကံကြမ္မာကမျက်နှာသာပေးခဲ့သည်မှာ တည်းခိုရိပ်သာရှိ
အမတ်များကို မိမိအစီအစဉ်ဖြင့် ပြန်ရန်နှင်ထုတ်ခဲ့ခြင်း
ဖြစ်သည်။ ထိုအမတ်များသည် အိမ်သို့ပြန်မရောက်လာပဲ
CRPH မှသည် NUG ကို ဖေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်၊

ဤနေရာတွင် နွေဦးဘက်တော်သားများ၏ ဖြစ်လိုသော
ဦးတည်ချက်မှာ သင့်စိတ်ထဲကဆန္ဒနှင့် တထပ်တည်းဖြစ်
၍ အထူးတလည် ဖေါ်ပြရန်မလိုတော့ပါ၊

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လားရာ
ကို မှန်းဆကြသူအများစု ၏အမြင်များကို အင်တာနက်စာ
မျက်နှာများတွင် ပုံစံမျိုးစုံမြင်တွေ့နားဆင်ကြပြီးဖြစ်သည်၊

ကျွန်ုပ်၏အမြင်ကိုတင်ပြခွင့်ပြုပါ၊

ပြီးခဲ့သည့်အပတ်ထဲက မြန်မာနိုင်ငံဖြစ်ပေါ်လာပုံဆောင်းပါး
ကိုလိုနီနှောင်းခေတ် နိုင်ငံရေးအယူအဆနှင့်လက်ရှိကမ္ဘာ
အခင်းအကျဉ်း များကိုတင်ဆက်ခဲ့ပြီးဖြစ်ပါသည်၊

ထိုအကြောင်းအရာများသည် အာဏာသိမ်းခေါင်းဆောင်
မင်းအောင်လှိုင်၏ လားရာ ဖြစ်နေသောကြောင့်ရှာဖွေတင်
ပြခဲ့ခြင်းဖြစ်သည်၊

ရှေးခေတ်ဗမာဘုရင်များသည် မြန်မာနိုင်ငံအနှံ့ အခြား
တိုင်းရင်းသားနယ်မြေများသာမက ထိုင်းနိုင်ငံကိုပါ ကျူး
ကျော်သိမ်းပိုက်ခဲ့သည်၊ ကရင်-ဗမာ အထိကရုဏ်းအတွင်း
ဗမာ့ကာကွယ်ရေးတပ် စစ်ဦးစီးချုပ်ကရင်လူမျိုး ကို ဗိုလ်ချူပ်နေဝင်းဖြင့်အစားထိုးခဲ့သည်၊နေဝင်း
အစိုးရလက်ထက်တ္ငင် အခြားတိုင်းရင်းသား တပ်အရာရှိ
ကြီးများကို ဗမာအရာရှိများဖြင့်အစားထိုးခဲ့သည်
ကရင်တပ်ရင်း၃ရင်းတောခိုခဲ့သည်၊ ချင်းတပ်ရင်းတခု
ပြန်သွားသည်၊ ဗကပ တိုင်းရင်းသားလက်နက်ကိုင်များ
နှင့်နေဝင်းတပ်များပြည်တ္ငင်းစစ်ဆင်နွဲခဲ့သည်မှာစစ်ခေါင်းဆောင်အဆက်ဆက်ပြောင်း တိုက်ခဲ့ပြီး ယနေ့
တိုက်ခိုက်နေဆဲဖြစ်သည်၊

သန်းရွှေလက်ထက် ဗိုလ်မှူးကြီးတဦးနှင့် KIA ခေါင်းဆောင်
၃ဦးဆွေးနွေးသည့်ဖိုင်တခု ၂၀၀၉လောက်ကပေါက်ကြား
ခဲ့ဖူးသည် ထိုဗီဒီဃိုဖိုင်တွင် ဗိုလ်မှုးကြီးက အဖေနှင့်သား
ပုံစံပြောဆိုခဲ့သည်ကို ကြည့်ခဲ့ဖူးသူတိုင်းအသိဖြစ်သည်၊

NLDအစိုးရလက်ထက် ဒုတိယပင်လုံဟုတင်စားခေါ်ဝေါ်
သည့်စုံညီအစည်းအဝေးတွင် မင်းအောင်လှိုင်သည်အထက်
စီးမှပင်နေ၍ ပြောဆိုခဲ့၍ အမေစု မျက်နှာပျက်သည်အထိ
ဖြစ်ခဲ့ရသည်။

အများအမြင်မှာ မင်းအောင်လှိုင်သမ္မတဖြစ်ချင်၍ ဒီဇာတ်
ကိုကခဲ့သည်ဟု ထင်ကြသည်၊

သို့သော် မင်းအောင်လှိုင်၏ ပြောဆိုချက် နှင့် အမူအရာ
များမှာထိုကဲ့သို့မဟုတ်ပေ၊

ထိုင်းနိုင်ငံကိုသိမ်းနိုင်ခဲ့သည့်တောင်ငူမင်းဆက်များနာမည်
ကို မင်းအောင်လှိုင်ချီးမွမ်းခန်းဖွင့်ရာတွင် ဘုရင်နာမည်မှား
ပြောခဲ့တာအားလုံးအသိဖြစ်သည်၊

ယူကရိန်းကို ကျူးကျော်သည့် ရုရှားကို ထောက်ခံသည့်
၃နိုင်ငံတွင် မင်းအောင်လှိုင်က ထိပ်ဆုံးကဖြစ်သည်၊
ထိုင်ဝမ်-တရုတ်ကိစ္စ တွင်လဲ တရုတ်ဖက်ကပြောင်ပြောင်
တင်းတင်းထောက်ခံခဲ့သူဖြစ်သည်

မြန်မာနိုင်ငံ၏ ယခင်မူဝါဒမှာ ကြားနေဖြစ်သည်၊

အနှစ်ချူပ်သော် မင်းအောင်လှိုင်သည် ခေတ်သစ်ဘုရင့်
နောင်ဖြစ်ချင်သည် မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသား
များကိုရှေးခေတ် ဘုရင်များနည်းတူ ဆက်ဆံချင်သည်၊

NUG PDF ကို ဗကပ NCGUB ABADF တို့နည်းတူ
ပုန်ကန်ထကြွသည့် ဗမာများအဖြစ်မြင်၍ နှိမ်နှင်းရန်
အောက်ခြေစစ်သည်များကို အမိန့်ပေး ညွန်ကြားလျက်
ရှိသည်၊ ရှေးခေတ်ဘုရင်များအတိုင်း ဗမာအမျိုးသား
ရေး (မဘသ) ကိုရှေ့တန်းတင်ခြင်း ဘုရင်တပါး ဘုရား
တဆူ တည်သည့်ကျင့်ထုံးအတိုင်း ထိုင်တော်မူဘုရား
ကို ပြီးခဲ့သည့်၂ရက်က ကရိန်းဖြင့် ဆွဲမခဲ့ပြီးဖြစ်သည်

 ဘုရင်တွေကိုးကွယ်သလိုဆရာတော်အဖြစ်သီတဂူ ကိုရွေး
ချယ်ခဲ့သည်၊  တိုင်းတားမင်းကြီးနှင့်ဆင်ဖြူရှင်မပေါင်းကြံ
ပြီးမင်းတုန်းနှင့်ကနောင်မျိူးဆက် ၃၀ခန့်ကို လုပ်ကြံသလို
မျိူး ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအထင်ကရ
ပုဂ္ဂိုလ်များကိုနှစ်ရှည်ထောင်သွင်းအကျဉ်းချလိုက်သည်၊

နိုင်ငံရေးပရိယာဉ်အဖြစ် မဖြစ်နိုင်သောစည်းမျဉ်းများဖြင့်
ရွေးကောက်ပွဲဥပဒေကိုထုတ်ပြန်လိုက်ပြီး အိမ်နိမ့်စံဘဝက
သွေးသောက်များကိုလဲ ကန့်သတ် တားဆီးမှု လုပ်လာသည်

NCA ပုံစံမသွားပဲ သစ္စာခံ အဖွဲ့များပုံစံဖြင့်သာသွားနေသည်
လက်ရှိတွင် သစ္စာခံ ၄ဖွဲ့ရရှိပြီးဖြစ်သည်၊ သစ္စာမခံသူကို
တိုက်ခိုက်၍အညံ့ခံ ခိုင်းမည်ဖြစ်သည်၊

၄င်း၏လက်ရှိစိန်ခေါ်မှုမှာ ပုန်ကန်သူ ဗမာများဖြစ်သည်
ထိုသူများနှင့်ကပ်ငြိပါလာမည့် အမေရိကန်ကိုသူကြောက်
သည်၊  တောင်ငူမင်းဆက်လိုစတုတ္ထ မြ န်မာနိုင်ငံတော်ကို
တည်ထောင်မည့် သတိုးမဟာမင်းအောင်လှိုင်ဖြစ်လာ
မလား အလောင်းကြိုးစင်မင်းတရား ပဲဖြစ်လာမလား
ဆိုတာ နွေဦးတော်လှန်ရေးကြီး၏ အနိမ့်အမြင့်ပေါ်မူတည်
ပြီး ရလာဒ် တခုများမကြာမီ ထွက်ပေါ်လာပေတော့မည်၊

နောက်ဆုံးမှာ တရားသူသာနိုင်ကြစမြဲဆိုတာကိုတော့
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ကိုသိစေ
အပ်ပါသည်။

ရဲရင့်ငယ် (နွေဦးသွေးသောက်)
၁-၂-၂၀၂၃
(နွေဦးတော်လှန်ရေး ၂နှစ်ပြည့်အမှတ်တရဆောင်းပါး)
















ဆက်ဖတ်ရန် →
ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး၊ ပထမနေ့ကို အောင်မြင်စွာ ကျင်းပပြီးစီး

ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်းအဝေး၊ ပထမနေ့ကို အောင်မြင်စွာ ကျင်းပပြီးစီး


 ၃၁-၁-၂၀၂၃ ရက် (အင်္ဂါနေ့)၊ နံနက် ၁၀:၀၀ နာရီ

 ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ်အစည်းအဝေးပထမနေ့ကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် (၂၃၇) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးတက်ရောက်ခွင့်ရှိသူဦးရေ၏ (၅၈.၂၃)ရာခိုင်နှုန်း တက်ရောက်ခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော် လုပ်ငန်းလမ်းညွှန်နှင့်အညီ အစည်းအဝေးအား အစီအစဉ် (၁၅) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအဖွင့်၌ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးတော်ပုံများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ကြသော သူရဲကောင်းများအား ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက (၁) မိနစ် ငြိမ်သက် အလေးပြုခဲ့ကြသည်။

 ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဥရောပပါလီမန် ဒုတိယ ဥက္ကဋ္ဌ Hon. Ms. Heidi Hautala၊ လူ့အခွင့်အရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) မှ ဥက္ကဋ္ဌ Mr. Charles Santiago တို့က မိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံတကာပါလီမန်များအဖွဲ့(IPU) ဥက္ကဋ္ဌ Hon. Mr. Duarte Pacheco မှ ပေးပို့သော မိန့်ခွန်းဗီဒီယိုအား ပြသခဲ့သည်။
 
 ထို့နောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ နိုင်ငံတကာလွှတ်တော် အသိုက်အဝန်းနှင့် ဆက်ဆံရေးခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ချက်များနှင့် တိုးတက် ဖြစ်ထွန်းမှုများဆိုင်ရာ အစီရင်ခံစာ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လုပ်ငန်းဆောင်ရွက်ချက်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များဆိုင်ရာ အစီရင်ခံစာတို့ကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ပြီး လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။

 ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ် (၇) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအာကာမျိုးထက်၏ “ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ မြန်မာ့အရေးဆိုင်ရာ ဆုံးဖြတ်ချက် [Resolution 2669 (2022)]ကို ပြည်ထောင်စုလွှတ်တော်က ကြိုဆိုထောက်ခံကြောင်းနှင့် ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်နိုင်ရန် အဆိုအား လွှတ်တော်သို့ တင်သွင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ 

 ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခြင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေကြားခြင်းအစီအစဉ်တွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလားလ်မင်းထန်၏ “ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ နိုင်ငံတကာနှင့် သံတမန်ရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များအား သိလိုခြင်း” နှင့် စပ်လျဥ်းသည့် မေးခွန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူလွင်၏  “ လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်နစ်နာမှုများ ခံစားနေကြရသည့် ပြည်သူများအတွက် အမှန်တရားနှင့်တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းနှင့် နိုင်ငံတကာတွင် ဆောင်ရွက်နေသည်များကို သိလိုခြင်း” နှင့် စပ်လျဥ်းသည့် မေးခွန်း၊ မွန်ပြည်နယ်၊ ချောင်းဆုံမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိချိုသဲ၏ “စစ်ဘေးရှောင်ပြည်သူများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး၊ စားဝတ်နေရေးနှင့် ဘေးကင်းလုံခြုံရေးတို့အတွက် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များကို သိလိုခြင်း” နှင့်စပ်လျဥ်းသည့် မေးခွန်းတို့အား ဖြေကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ပဉ္စမအကြိမ် အစည်အဝေး ပထမနေ့အား နေ့လယ် ၁၂:၅၅ နာရီတွင် ရပ်နားခဲ့ပြီး ဒုတိယနေ့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့(ဗုဒ္ဓဟူးနေ့) နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ













ဆက်ဖတ်ရန် →