တယ်လီနောမြန်မာရဲ့ လုပ်ငန်း ပိုင်ရှင်သစ်ထံအလွှဲအပြောင်းစတင်၊စစ်အုပ်စုနောက်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီ အဓိကပိုင်ဆိုင်သူဖြစ်လာ
People's Spring
နော်ဝေးဆက်သွယ်ရေးကုမ္ပဏီတယ်လီနောက
ဒီနေ့ မတ် ၁၈ ရက်ကစတင်ပြီး မြန်မာပြည်လုပ်ငန်းခွဲကို ပိုင်ရှင်သစ်ထံ စတင်လွှဲပြောင်းပြီလို့ သတင်းထုတ်ပြန်ပါတယ်။
တယ်လီနော က မြန်မာပြည် လုပ်ငန်းခွဲကို လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချထားတာပါ။
M1 Group ထံက တယ်လီနော မြန်မာရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို စစ်အုပ်စုနောက်ခံရှိတဲ့ ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူက ထပ်မံဝယ်ယူထားပါတယ်။
ဒါကြောင့် တယ်လီနော မြန်မာရဲ့အဓိက ပိုင်ရှင်သစ်ဟာ ရွှေဗျိုင်းဖြု ကုမ္ပဏီဖြစ်လာမှာပါ။ တယ်လီနောဟာ မြန်မာပြည်တွင်းမှာ သုံးစွဲသူ ၁၈ သန်းကျော်ရှိပါတယ်။
ပိုင်ရှင်သစ်ထံအလွှဲအပြောင်းဟာ တယ်လီနောရဲ့ သုံးစွဲသူတွေ ၊ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တယ်လီနောရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာပြည်တွင်းအခြေအနေဟာ ပိုမိုဆိုးဝါးလာနေတဲ့အတွက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းကထုတ်ပြန်ထားခဲ့ပါတယ်။
တယ်လီနောမြန်မာရဲ့ပိုင်ရှင်သစ်ဖြစ်လာသူ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင် အသက် ၅၉ နှစ်အရွယ် ဦးသိန်းဝင်းဇော်ဟာ စစ်တပ်နဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပါတယ်။
လက်ရှိမှာလည်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးတဲ့လုပ်ငန်း၊ ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်း တွေကို လုပ်ကိုင်နေသူပါ။
Telenor Myanmar ကို M1 Groupနှင့် ရွှေဗျိုင်းဖြူ ဖက်စပ်ကုမ္ပဏီ Investcom သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု ၊ တယ်လီနောပိုင်ရှင်သစ်အဖြစ် စစ်တပ်၏ မိတ်ဖက် ခရိုနီသိန်းဝင်းဇော်ဖြစ်လာ
ရန်ကုန်၊ မတ် ၁၈ ခေတ်သစ်မီဒီယာ
Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်နှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom သို့ရောင်းချခြင်းမှုကို အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ အတည်ပြု လိုက်ပြီဖြစ်ကြောင်း M 1 Group က ရန်ကုန်ခေတ်သစ်ထံသို့ ပေးပို့သော တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။
Telenor Group မှ ၎င်း၏ Telenor Myanmar လုပ်ငန်းကို M1 Group ၏မိတ်ဖက်လုပ်ငန်းဖြစ်သည့် Investcom PTE Ltd. ထံ ရောင်းချခြင်းဆိုင်ရာလျှောက်တင်လွှာအား အတည်ပြုကြောင်း M1 Group ကို အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးအကြောင်းကြားလာကြောင်း M1 Group က အတည်ပြုသည်။
M1 Groupက လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံးအပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
M1 Group သည် Telenor Group ၏မြန်မာလုပ်ငန်းခွဲအားဝယ်ယူရန်အတွက် ကနဦးသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး ၇ လအကြာတွင် အလုံးစုံ တရားဝင်အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။
M1 Group သည် ပိုင်ဆိုင်မှုကိုလွှဲပြောင်းရယူမည့် လုပ်ငန်းသစ်တစ်ခုဖြစ်သည့် Investcom မှ တစ်ဆင့် စစ်တပ်၏ ခရိုနီ သိန်းဝင်းဇော်ပိုင် Shwe Byain Phyu (SBP) Group နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။
တယ်လီနော်ကို ဝယ်ယူလိုက်သည့် Investom PTE Ltdသည် M1 Group နှင့် Shwe Byain Phyu (SBP) Group တို့ပူးပေါင်းလုပ်ဆောင်သည့် joint venture (JV) လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ Telenor Myanmar လုပ်ငန်းကို ၂၀၂၂ ပထမနှစ်ဆန်းပိုင်းတွင် စတင်လွှဲပြောင်းရယူခဲ့ကြောင်း သိရှိရသည်။
Telenor Myanmar ကို စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်၏ ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom တွင် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ရွှေဗျိုင်းဖြူကုမ္ပဏီက ပိုင်ဆိုင်ထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- တယ်လီနောမြန်မာပိုင်ရှင်အသစ် စစ်တပ်၏မိတ်ဖက် ခရိုနီ သိန်းဝင်းဇော်။
နူရာဝဲစွဲ ကြသူများ ***************
မြန်မာ့ စီးပွားရေးသည်ကား အကြမ်းဖက် စစ်တပ်၏ မျောက်အုန်းသီး ကိုင်မိသလို ဖြစ်နေရသည့် အပြင် ယူကရိန်း အရေးနှင့် ငွေစက္ကူ အတုများ အလျှံပယ် ဝင်ရောက်လာနေသည့် အတွက်ကြောင့် နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ဖြစ်လာနေရသည်။ ငွေစက္ကူ အတုများ လိုချင်ပါက မည်သို့ မည်ပုံ ဆက် သွယ်မှာယူနိုင်သည်ကို ပြောင်ပြောင်တင်းတင်းပင် ဘတ်စ်ကားဂိတ်များ၊ အဝေးပြေးကားဂိတ်များ၊ ဆိုရှယ် မီဒီယာများ တွင် ကြော်ငြာလာကြသည်။
လျှပ်စစ်ဓါတ်အားသည် တနေ့လျှင် ၈၇၃ မီဂါဝပ်သာ ထုတ်လုပ်နိုင်တော့သည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ နေထိုင် နေသော နေပြည်တော် ခံတပ်ကြီးတွင်တော့ မီးများ ထိန်ထိန်လင်းကာ ရှုမငြီးအောင် ဖြစ်နေသည်ဟု ဧရာဝတီတွင် ဓါတ်ပုံနှင့်တကွ ဖေါ်ပြထားသည်။
ပြည်သူများက ဒီဇယ်ဆီ ဈေးသည် သုံးဆနီးပါး တက်လာနေပြန်သည့် အတွက် ဂျင်နရေတာကို သုံးစွဲရန် အခက်အခဲ တွေ့လာနေရသည်။ LNG ဖြင့် လည်ပတ်နေရသော ဓါတ်အားပေး စက်ရုံများသည်လည်း ဈေးနှုန်း များ မြင့်တက်လာသည့် အတွက် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရပြန်သည်။ ထို့ကြောင့် တိုင်းပြည်၏ တိုးတက် မှုသည် ရုတ်ခြည်း ဆွဲချခံရသလို ဆယ်နှစ်မျှ နောက်ပြန်ဆုတ်သွားပြီး “ဟေး...မီးလာပြီဟေ့” ဆိုသည့် ဝမ်းသာ အားရ အော်ဟစ်သံများကို ပြန်လည် ကြားလာရပြီ ဆိုသည်ကို စင်္ကာပူရှိ စထရိတ်တိုင်းမ် သတင်းစာတွင် ရေး သားလာခဲ့သည်။
စက်ရုံ အလုပ်ရုံများတွင်လည်း ၎င်းတို့၏ လည်ပတ်နိုင်မည့် အချိန်ဇယားကို လျော့ချလာရပြီး မီးအလာများနိုင်သည့် နေ့များသို့ ရွှေ့ပြောင်း လုပ်ကိုင်နေကြရသည်။ အားလုံးက အခြေအနေများကို “စောင့်ကြည့်” ခလုတ် နှိပ်ထားပြီး အလုပ်ဖြစ်ရုံ လည်ပတ်နေကြရပြီ ဖြစ်သည်။
ထိုသို့သော အနေအထား၌ စစ်ကောင်စီ မျှော်လင့်နေသလို ပြည်ပ ရင်းနှီးမြှုပ်နှံမှု များက ရွှေပြည်တော် မျှော်တိုင်းဝေး အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ရလေသည်။
၎င်းတို့ အဖို့မှာ သူများ အကြံပေးသည့်အတိုင်း အမိန့်များသာ ထုတ်တတ်ပြီး မည်သို့မည်ပုံ အကောင်အထည် ဖေါ်ရမည်ကို လမ်းညွှန်နိုင်သူများ မဟုတ်ဟု ဗီအိုအေ တွင် ရေးသားထားသည်။ နိုင်ငံသည် အချိန်ကြာလာ သည်နှင့် အမျှ ပြန်၍ အဖတ်ဆယ် မရနိုင်လောက်အောင် Failed State ကြီး အဖြစ်သို့ ဦးတည်လာနေပြီ ဖြစ်သည်ကို ရိပ်စားမိလာသော ပြည်သူများ အဖို့ စိတ်မချမ်းမသာစွာ လက်ပိုက်ကြည့်နေကြရပေသည်။
ထိုသို့သော အနေအထားတွင် တရုတ် နဂါးကြီးသည် စိတ်ထင်တိုင်း ပျော်မြူး၍ ရမည့် နောက်ဖေး ရေအိုင် ကြီးကို ပိုင်ဆိုင်ရတော့မည် ဆိုကာ ကြိတ်၍ ပျော်ရွှင်နေကြောင်း နှင့် ထိုအရေးကို စစ်ကောင်စီ၏ ရွေးကောက်ပွဲ အပြီးတွင် စိတ်ချရရန် ကူမင်းတွင်ပင် ပြည်ခိုင်ဖြိုး ပါတီ မှ လူငါးဆယ် ခန့်ကို တရုတ်ဘာသာ စကား ၊ သဘော တရားရေးများ၊ အနောက် ဆန့်ကျင်ရေးများ အတွက် ၆ လ သင်တန်း အဖြစ် ခေါ်ယူ ပို့ချနေကြောင်း ဧရာဝတီ သတင်းက ဆိုသည်။
အမေရိကန် အနေနှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာ အတွက် လွန်စွာ အရေးပါသည်ဟု ယူဆထားသော မြန်မာ ပြည်သည် ယခင် ဆိုဗီယက် လက်အောက်ခံ ဝါဆော အုပ်စုဝင် နိုင်ငံများကဲ့သို့ တရုတ်လက်အောက်ခံ လုံးလုံး လျားလျား ဖြစ်သွားမည့် အရေးအပေါ် မည်သို့ တုန့်ပြန်လာမည် ဆိုသည်ကား စောင့်ကြည့်ရတော့မည် ဖြစ် သည်။ အမေရိကန်သည် ယခင်က ၎င်းတို့၏ တွက်ချက်မှု အမှားများကြောင့် ဒီမိုကရက်တစ် သမ္မတ ဂျင်မီ ကာတာ လက်ထက်တွင် တခါက အရှေ့အလယ်ပိုင်း၏ အမေရိကန် ပုလိပ်သားကြီးဟု ခေါ်ဝေါ်ခံခဲ့ရသည့် အီရန်အား ခိုမေနီ၏ လက်ထဲ ထိုးအပ်ခဲ့ရသည့် သင်ခန်းစာကို ယူသင့်သည်။
လက်ရှိတွင် တရုတ်သည် အနောက်အုပ်စုနှင့် ဆက်သွယ်၍ မည်မျှပင် စီးပွား တိုးတက်လာသော်ငြားလည်း ရှီကျင့်ဖျင် နှင့် ကွန်မြူနစ် အမာခံများသည် အရင်းရှင် စနစ် ပြိုလဲပြီး အမေရိကန် ဦးဆောင်သည့် လစ်ဘရယ် စနစ်ကြီးကို အပြီးအပိုင် မြေမြုပ်သင်္ဂြိုလ်နိုင်ရန် အတွက် ပူတင်ကို လက်ကိုင်တုတ်ကြီး အဖြစ် ရှုမြင်လာနေသည်။ အနောက် အုပ်စုသည် ကိုယ်ကျိုးစီးပွားသာ အဓိက ထားကြသူများ ဖြစ်သဖြင့် စစ်ပွဲရေရှည်လာသည်နှင့်အမျှ လက်ရှိ စည်းလုံးညီညွတ်နေမှုသည် ပြိုကွဲလာတော့မည်ဟု မျှော်လင့်နေသည်။
မြန်မာ အရေးတွင်လည်း ချင့်ချင့်ချိန်ချိန် လုပ်နေခြင်းထက် ၎င်းတို့၏ အန္တိမ ရည်မှန်းချက် ဖြစ်သည့် လစ်ဘရယ် ဝါဒ ပြိုလဲရေး အတွက် အလားတူပင် မင်းအောင်လှိုင်ကို လက်ကိုင်တုတ်သဖွယ် ရှုမြင်ပြီး လောင်းကြေးထပ် နေသည်။ မြန်မာပြည် နှင့် ပတ်သက်၍ ၎င်းတို့ အကျိုးစီးပွားသည် အဆိုပါ အန္တိမ ရည်မှန်း ချက်နှင့် နှိုင်းစာလျှင် ဒုတိယ နေရာသို့ ပို့ဆောင်လိုက်ကြပြီ ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအား အနောက်ဖက်သို့ အလွန်အမင်း ယိမ်း မသွားရန် တရုတ်မှ လိုက် လိုက်လျောလျော ဆက်ဆံခဲ့ရခြင်း ဖြစ်သည်။ မြန်မာတို့၏ တော်လှန်နေမှုသည် အနောက်အုပ်စုမှ ဝင်မကူ ပါလျှင် အနိုင်ရရန် မလွယ် ဆိုသည့်ဖက်မှ ရှီကျင့်ဖျင်သည် လောင်းကြေး ထပ်ထားပြီး ဖြစ်သည်။ ထို့အတွက် ရှီကျင့်ဖျင်သည် စီးပွားရေး မလုပ်ရလည်း ရှိပါစေ၊ မြန်မာပြည်တွင် သူ ရွံရှာ မုန်းတီးနေသည့် လစ်ဘရယ်ဝါဒ ထွန်းကားလာမည့် အရေး ကို မည်သို့မျှ အကူအညီပေးမည်မဟုတ်၊ မင်းအောင်လှိုင်သာ အနိုင်ရသွားပါက လိုက်လျောနေစရာပင် မလို၊ အားကိုးစရာ မရှိ ဖြစ်နေသော မင်းအောင်လှိုင် နှင့် အဖွဲ့ မှာသူထံ သို့အခစား ဝင်လာမည် ဖြစ်သဖြင့် ပလ္လင်ပေါ်က ထိုင်စောင့်နေရုံ ဟု ယူဆထားကြပြီး ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ
မင်းအောင်လှိုင်စစ်တပ်အတွင်း အမျိုးသမီးစစ်သည်များကို ကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ ပြည့်တန်ဆာသဖွယ် ငွေကြေးပေး ဆက်ဆံခံရခြင်း၊ ရှေ့တန်းထွက် စစ် သားများ၏ ဇနီးများ မုဒိမ်းကျင့်ခံရခြင်းနှင့်လူမှုရေးဖောက်ပြန်မှုများ အလွန်များလာ
By ရန်ကုန်ခေတ်သစ်
အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေသည့် စစ်တပ်အတွင်းတွင် အမျိုးသမီး စစ်သည်များ ကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ ပြည့်တန်ဆာသဖွယ် ငွေကြေးပေး ဆက်ဆံခံရခြင်းကဲ့သို့သော အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ဖြစ်ထွန်းနေပြီး ရှေ့တန်းထွက် စစ်သည်များ၏ ဇနီးများမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် လူမှုရေးဖောက်ပြန်မှုများ အလွန်များပြားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
မတ်လ ပထမအပတ်တွင် ပဲခူးတိုင်း တောင်ငူလေတပ်စခန်းဌာနချုပ်လက် အောက် အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှ အမျိုးသမီးစစ်သည်နှင့် စက်မှုလက်မှုတပ်မှ စစ်သည်တို့ ချစ်ကြိုက်ကြပြီး အမျိုးသမီးစစ်သည်တွင် ကိုယ်ဝန်ရှိလာကြောင်း၊ ထိုသို့ ကိုယ်ဝန်ရှိလာမှုကို အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူး ကြီး ကျော်ထူးလွင်က သိရှိသော်လည်း ဖျက်ချမည်ဆို၍ မသိချင်ယောင်ဆောင်ပေးကြောင်း၊ ခွင့်ပေးပြီး ကိုယ်ဝန်ဖျက်ချရန် လွှတ်လိုက်ကြောင်း၊ တပ်သို့ ပြန်ရောက်ချိန်တွင်လည်း ကိုယ်ဝန်က အရင့်အမာဖြစ်လာကြောင်း၊ တောင်ငူလေတပ်ဌာနချုပ်မှူး၊ အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ထူးလွင်၊ အမှတ် ၄၃ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူးကြီး ရန်ကျော်တို့က ခေါင်းချင်း ဆိုင်စဉ်းစားကာ အမျိုးသမီးစစ်သည်ကို ဖိအားပေး၍ ကိုယ်ဝန်ထပ်မံ ဖျက်ချခိုင်းကြောင်း သိရှိရသည်။
"အမျိုးသမီးစစ်သည်တွေက သတ်မှတ်ကာလအတွင်း အိမ်ထောင်ပြုလို့မရဘူး။ အဲဒါကိုဖြေရှင်းရင် အမှုတွေ ပတ်မယ်။ အဲဒါနဲ့ ကောင်မလေးက ဖျက်ချမယ်ဆိုလို့ အဲဒီအုပ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ထူးလွင်က သိသိနဲ့ မတားဘူး။ ခွင့်ပေးပြီးလွှတ်လိုက်တယ်။ အဲဒါနဲ့ပြီးစီးပြီး ပြန်လာတယ်။ ဒါပေမယ့် အခု ၄ လလောက် အကြာမှာ ထပ်သိတာက အဲဒီကိုယ်ဝန်က ပျက်မကျဘူးဖြစ်နေတယ်။ စစ်သည်ကောင်မလေးက မွေးချင်တယ်။ တောင်ငူ လေတပ်ဌာနချုပ်မှူးရယ်၊ အုပ်မှူးရယ်က အမျိုးသမီးစစ်သည်ကို စဉ်းစားခိုင်းတယ်။ နောက်ဆုံးကောင်မလေး က ထပ်ပြီးဖျက်ချပေးပါ့မယ်ဖြစ်သွားတယ်။ ၄၃ အုပ်မှူး မှူးကြီးရန်ကျော်ကပါ ငွေ ၇ သိန်းပေးလိုက်တယ်။ ဆိုလိုတာက သူတို့ မလုပ်ခိုင်းဘူးနော် သဘောမျိုး။ သိတော့သိတယ်။ သူတို့ပြဿနာတက်မှာစိုးလို့ မသိချင်ယောင် ဆောင်လိုက်တဲ့သဘောပဲ။ မလုပ်သင့်ဘူးဗျာ။ သမီးချင်းကိုယ်ချင်း မစာမနာတာ။ ကိုယ်ဝန်က ၄ လရှိနေပြီ။ မိတ္ထီလာမှာ ဖျက်ချဖို့ဆိုပြီး ခွင့်ပေးပြီးလွှတ်လိုက်တယ်" ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ထို့ပြင် တပ်အတွင်းတွင် အရာရှိနှင့်စစ်သည်များက အမျိုးသမီးစစ်သည်များကို နှစ်ဦးသဘောတူ ငွေကြေးပေး၍ ပြည့်တန်ဆာဆန်ဆန် ပျော်ပါးမှုများလည်းရှိကြောင်း သိရှိရသည်။
" အဲလိုကိုယ်ဝန်အချင်းချင်း ဖျက်ခိုင်းတာအပြင် ဖာသည်ဆန်ဆန် လုပ်စားလို့ ခံဝန်ထိုးခိုင်းရတာတွေရော ရှိတယ်။ အောက်ခြေမှာက လစာနဲ့မှမလောက်တာ" ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
အမျိုးသမီးစစ်သည်များ ပြည့်တန်ဆာကဲ့သို့ လုပ်စားမှုများတွင် တပ်အတွင်းရှိ အရာရှိနှင့်စစ်သည်များက အတင်းအကျပ်သွေးဆောင်ပြီး ငွေကြေးပေး ပျော်ပါးမှုများလည်း ရှိသည်ဟု သိရှိရသည်။
"အမျိုးသမီးစစ်သည်တွေက ရုံးပိုင်းဆိုင်ရာတွေမှာများတယ်။ အဲဒီမှာ အရာရှိတွေနဲ့ နေ့စဉ် ထိတွေ့ရတော့ ပစ္စည်းလေးတွေပေး။ ငွေကြေးလေးတွေပေးပြီး နောက်ဆုံး အဲဒီအရာရှိက စားသွားတယ်။ အဲဒါ တပ်တွေ ဘာတွေ ပြောင်းသွားတော့ ဝေးသွားကြတယ်။ နှစ်ဦးသဘောတူလုပ်ကြတာဆိုတော့ ဒါက လူမှုရေး ကိစ္စ ဖြစ်တော့ တပ်ထဲမှာ မျက်စိမှိတ်ထားကြတာများတယ်" ဟု ရန်ကုန်တပ်တွင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာလအတွင်း ပေါက်ကြားခဲ့သော တပ်တွင်း လျှို့ဝှက် ညွှန်ကြားအစီရင်ခံစာတွင်လည်း ရှေ့တန်းထွက်စစ်သည်များ၏ နောက်တန်းတွင်ကျန်ရစ်သော ဇနီးများအပေါ် ကျူးလွန်သော မုဒိမ်းမှုနှင့် ဖောက်ပြန်မှု ၅ မှုကို ဖော်ပြခဲ့ပြီး တပ်တွင်း စည်းကမ်းထိန်းသိမ်းကြရန် ညွှန်ကြားခဲ့သည်။
အဆိုပါလျှို့ဝှက်ညွှန်ကြားစာတွင် အမှတ်(၇) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ တပ်ကြပ်ကြီး ဇော်မျိုးက တစ်တပ်တည်းနေ တပ်ကြပ်တစ်ယောက်၏ ဇနီးကို လိင်ကိစ္စအတွက် စည်းရုံးပြောဆိုခဲ့၍ အရေးယူရကြောင်း၊ အမှတ် ၁၄၂ ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတင်ကိုထက်က ဒုတပ်ကြပ်၏ ဇနီးနှင့် လူမှုရေးဖောက်ပြန်သဖြင့် အရေးယူထားကြောင်း စသည်ဖြင့် ထုတ်ဖော်ပြောဆိုထားသည်။
"ရှေ့တန်းထွက်နေတဲ့ စစ်သားတွေရဲ့ မိန်းမတွေကို နောက်တန်းမှာကျတဲ့ တပ်ကြပ်ကြီးစာရေးတို့၊ တပ်ထိန်းတို့၊ ဒုတပ်ရင်းမှူးတို့ တပ်ရင်းမှူးတို့က မုဒိမ်းကျင့်တာတွေ၊ ဖောက်ပြန်တာတွေ အရမ်းကို တိုင်ကြတယ်။ ရှေ့တန်းထွက်တဲ့ စစ်သည်တွေ ပြန်သိတော့ သူတို့မိန်းမတွေကို နောက်တန်းမှာကျန်တဲ့ အရာရှိတွေ စစ်သည်တွေက အဲဒီလိုတွေ လုပ်ရမလားဆိုပြီး ဒေါသတွေထွက် ပစ်မယ် ခတ်မယ် မီးကုန်ယမ်းကုန် ဖြစ်တော့ ဆွဲရ လွဲရ ဒါတွေလည်းရှိတယ်။ အခု ရှေ့တန်းသွားရပြီဆိုရင် ဘယ်အချိန် ပြန်လာရမလဲဆိုတာ မသေချာတော့ဘူး။ နောက်တန်းကိုလည်း ပြန်လည်း မပြန်ရဘူး။ အာဏာသိမ်းပြီးကတည်းက စစ် သည်တွေ အကုန် တစ်နှစ်ပတ်လုံး၂၄ နာရီအမှုထမ်းနေရသလို ဖြစ်နေတယ်။ ချုပ်ပြောရရင်တော့ အိမ်ထောင်သည် အမျိုးသမီးတွေ နောက်တန်းမှာ ဖောက် ပြန်တာရှိသလို မုဒိမ်းကျင့်ခံရတာတွေလည်းရှိတယ်"ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၀ ခုနှစ် အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် အမျိုးသမီးစစ်သည်များနှင့် လက်ဆုံထမင်းစားနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။
စစ်ရာဇဝတ်မှုနဲ့ တော်လှန်ရေး
မနေ့က စစ်သုံ့ပန်းကိစ္စရေးအပြီးမှာ အချို့က PDF တွေကို ခံစားချက်တွေနဲ့ စစ်ရာဇဝတ်မှု မကျူးလွန်စေချင်ဘူး ဘာညာဆိုပြီး လာရေးတာတွေ့ရပါတယ်။ ခဏနေတော့ အဆိုပါတင်ထားတာကို Facebook က ဖြုတ်ချတာတွေ့ရပါတယ်။ ယခုမှ ပြန်ရတာပါ။ အဆိုပါလူက ဒီမိုယောင်ယောင် စကားပြောနေပေမယ့် မအလဖြုတ်တာနဲ့ တိုက်ဆိုင်နေလို့ မအလမကြိုက်တာကတော့ ကျိန်းသေပါတယ်။ ဒီနေရာမှာ အချို့ဗမာလို မရှင်းသူတွေ၊ အဘဘောမတွေနဲ့ လူ့အခွင့်အရေးကို အလွန့်အလွန် လေးစားလိုက်နာလိုသူတွေအတွက် နားလည်လွယ်အောင် ရေးပေးပါ့မယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေး အောင် မအောင်က ဒါကနေ အဆုံးအဖြတ်ပေးသွားမှာ မိုလို့ပါ။
ပထမက မအလတပ်က လက်နက်ချလို့ ဖမ်းမိရင် စစ်သုံ့ပန်းအနေနဲ့ ဆက်ဆံရပါမယ်။ မအလလုပ်သလိုတော့ ဒီနေ့ဖမ်း မနက်ဖြန် အလောင်းပြန်ပို့လို့မရပါ။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် အဆိုပါဖမ်းမိတဲ့သူကို ပေါ်ဆန်းမွှေးကျွေး ရေသန့်ဗူးတိုက်စရာ မလိုပါဘူး။ အိမ်ကမွေးတဲ့ ချီးစားခွေးကိုကျွေးသလိုကျွေး ရေတိုက်ရင်ရပါပြီ။ ဂျနီဗာကွန်ဗန်းရှင်းမှာ ပေါ်ဆန်းမွှေးကျွေး ရေသန့်ဗူးတိုက်ရမယ်လို့ မပါပါ။ သူတို့ကို အမြောက်နဲ့ မအလကထုနိုင်တဲ့ ဗုံးကြဲနိုင်တဲ့နေရာမှာ နေရာမရှိရင် ချုပ်ထားလို့ရပါတယ်။ မအလကပစ်လို့ အမြေက်ဆန်ထိတာက သူ့သဘောပါ။ အားလုံးက ဂျနီဗာကွန်ဗန်းရှင်းအတိုင်းပါ။ ဒါဆိုရင် လူ့အခွင့်အရေး ရူးသွပ်သူတွေရော၊ ဘောမတွေရော အဆင်ပြေမယ်ထင်ပါတယ်။
ဒါပေမယ့် လက်နက်မချသူ မချသလိုလုပ်နေသူကို မချခင်အထိက စစ်ရေးဆိုင်ရာပစ်မှတ်ဖြစ်ပြီး တရားဝင်ပစ်ခတ်လို့ ရပါတယ်။ ဒီထက်အရေးကြီးတာက ယခုမှလာမှာပါ။ လေတပ်က ဗိုလ်မှူးကြီးက သူ့အမေနေမကောင်းလို့လာတယ်။ အိမ်ရှေ့မှာထိုင်နေတယ်။ တပ်ပြင်ထွက်လို့ သေနတ်ယူမလာဘူး။ ဒါပေမယ့် သူကအရပ်သားမဟုတ်ဘူးဆိုတာ အားလုံးသိမှာပါ။ ဒီလူကို မိမိတို့က ရပ်ကွက်ထဲမှာတွေ့ချိန်မှာ ဂျနီဗာကွန်ဗန်းရှင်းအရ သူကသေနတ်မကိုင်လို့ သူ့အမေကိုထိမှာစိုးလို့ မုန့်ဟင်းခါး မကျွေးသူများရှိနိုင်ပါတယ်။ ဒါဆိုရင် သူက တပ်ထဲပြန်ရောက်ရင် မိတ်ဆွေတို့စခန်းကို ဗုံးကြဲဖို့ အမိန့်ပေးမှာပါ။ သူက ဒုက္ခသည်စခန်းက PDF လေးက လက်နက်မပါဘဲ သူ့ရွာကိုပြန် သူ့အမေအိုကြီးနဲ့တွေ့တာကို ဂျနီဗာကွန်ဗန်းရှင်းအရ ဗုံးမကြဲဘဲ မနေပါ။
နောက် လေတပ်က ဗိုလ်မှူးကို သူ့ကလေးကျောင်းပို့ချိန်မှာ တွေ့လိုက်ရတယ်ဆိုပါစို့။ ဒါဆိုရင် အချို့လူ့အခွင့်အရေးလေးစားသူတွေက သူက စစ်ယူနီဖောင်းမဝတ်ထားလို့ ကလေးလဲပါနေလို့ ဘာမှမုန့်ဟင်းခါးမကျွေးဘဲ ရှောင်လိုက်တယ်ဆိုပါစို့။ သူကရဟတ်ယာဉ်ကြီး တက်မောင်းပြီး ယင်းမာပင်ကိုလာဗုံးကြဲမှာပါ။ သူက PDF လေး သူ့ကလေးကျောင်းပို့ချိန်မှာ PDF လေးက သေနတ်မပါလို့ ကလေးပါနေလို့ ကျောင်းကိုဗုံးမကြဲဘဲ မီးမရှို့ဘဲ ရဟတ်ယာဉ်ပေါ်ကနေ မပြန်သွားပါ။
နောက်ဒလန်ကိစ္စပါ။ ဒလန်ဟာ ရန်သူ enemy combatant ဖြစ်လို့ စစ်သဘောအရ ပစ်ခွင့်ရှိပါတယ်။ ရန်သူ့အိမ်ဟာလဲ အကြမ်းဖက်သမားအိမ်မိုလို့ ပစ်မှတ်ပါ။ ဒါက စစ်ရာဇဝတ်မှုမဟုတ်ပါ။ ဒါပေမယ့် တစ်ရွာလုံးကို မီးရှို့ရင်တော့ စစ်ရာဇဝတ်မှုပါ။
နောက်စဉ်းစားရမှာက စာရေးသူတို့မှာ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေရှိမှ သူတို့ကောင်းကင်ပေါ်ရောက်ရင် တက်ပစ်လို့ရမှာပါ။ လေယာဉ်ပစ်လက်နက်လဲမရှိပါ။ ဒါကြောင့် မိမိအားသာချိန်မှာ လုပ်စရာရှိတာကို လုပ်ရမှာပါ။ ကုလအနေနဲ့၊ အမေရိကန်အနေနဲ့ ဂျနီဗာကွန်ဗန်းရှင်းအရ စစ်တိုက်စေချင်ရင် စာရေးသူတို့ကိုလဲ ဂျနီဗာကွန်ဗန်းရှင်းအတိုင်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်အောင် လက်နက်ထောက်ပံ့ရမှာပါ။
တာလီဘန်သာ ဘီဘီစီနဲ့ CNN က ဝေဖန်မှာကို ကြောက်နေရင် Amnesty International ရဲ့ ဝေဖန်မှာကို ကြောက်နေရင် အမေရိကန်ကို နိုင်မှာမဟုတ်ပါ။ တာလီဘန်က မိမိမှာ ဘာလက်နက်သာရှိတယ်ဆိုတာကို သဘောပေါက်ပြီး မိမိလူမျိုး မိမိဒေသနဲ့ ကိုက်ညီတဲ့ တိုက်ကွက်ကို ဖော်တိုက်သွားလို့ အောင်မြင်တာပါ။ စာရေးသူတို့ တော်လှန်ရေးဟာလဲ လက်နက်မပြည့်စုံနိုင်ပေမယ့် မိမိလူမျိုးက ဘာကြောက်တတ်တယ်၊ အားသာချက် အားနည်းချက်အပေါ် သုံးသပ်ပြီး လက်တွေ့ကျကျတိုက်သွားရင် အောင်မြင်မှာပါ။
https://www.myattunoo.com/post/စစ-ရ-ဇဝတ-မ-န-တ-လ-န-ရ
ဒေါ်ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************
စစ်တပ်မှ နိုင်ငံ အာဏာကို လက်နက် အားကိုးဖြင့် သိမ်းယူထားသည်မှာ တနှစ်ကျော်လာပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံ ကို အုပ်ချုပ်နိုင်ခြင်း မရှိသေး၊ ရှိပါကလည်း ၎င်းတို့အား ပြည်ပ နိုင်ငံ တနိုင်ငံ မှ ဝင်ရောက် သိမ်းပိုက်ထားသည့် စစ်တပ်ကဲ့သို့ သဘောထား နေကြပြီး မြန်မာပြည်သူများက ကျားကုတ် ကျားခဲ ခုခံ တော်လှန်သွားမည် ဆိုသည်က တကမ္ဘာလုံး မှ ရှင်းလင်း မြင်သာစွာ သိမြင်နေကြပြီး ဖြစ်သည်။
ထိုသို့သော အနေအထားတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး များ၏ ခေါင်းကိုင် ဘိုးအေကြီး ဖြစ်သည့် အမေရိကန်သည် မြန်မာတို့ အပေါ် ထားရှိသော သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။
ယူကရိန်း အစိုးရအား ဒေါ်လာ ၁၃ ဘီလီယံ အပါအဝင် လက်နက် အမြောက်အမြားကို တပတ် အတွင်း ပေးရန် သဘောတူခဲ့ကြသော်လည်း မြန်မာ ပြည်သူတို့ပိုင် အမေရိကန် ဗဟိုဘဏ် တွင် အပ်နှံထားသော ဒေါ်လာ တစ်ဘီလီယံကို ပြည်သူတို့ လက်ဝယ် ပြန်လည် အပ်နှံရေးကိုမူ အမေရိကန် အစိုးရက အကြောင်းအမျိုးမျိုးပြကာ လွှဲရှောင်နေဆဲ ဖြစ်သည်။
မြန်မာတို့မှ မိမိတို့အား အကူအညီ ပေးပါရန် အသနားခံနေခြင်း မဟုတ်၊ မိမိတို့ ငွေကို မိမိတို့ ပြန်တောင်းနေခြင်းသာ ဖြစ်သည်။
အကယ်၍ လုပ်ထုံးလုပ်နည်းအရ မလျှော်ညီဟု ဆိုကလည်း ၎င်းတို့ ငွေထဲမှ စိုက်ထုတ်ပြီး အကူအညီ ပေး၍ ကော မရနိူင်ပေဖူးလော။
အမေရိကန် အစိုးရသည် အီရတ်ရှိ ကပ်ဒ် ခွဲထွက်ရေး သမားများကို လက်နက်များ ထောက်ပံ့ခဲ့ခြင်း၊ ရီဂင် အစိုးရမှ ကွန်ဂရက်၏ ပြဋ္ဌာန်းထားသော ဥပဒေများကို ချိုးဖောက်၍ပင် နီကာရာဂွာရှိ လက်ဝဲ အစိုးရကို ဖြုတ်ချရန် တိုက်ပွဲဝင်နေသည့် သူပုန်များကို ကြံဖန် လက်နက်ထောက်ပံ့ခဲ့၍ အီရန်-ကွန်ထရာ အရှူပ်တော်ပုံကြီး ပေါ်ပေါက်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့သည်။
တရုတ်အစိုးရသည်ပင် အကြမ်းဖက် စစ်တပ်အား
လက်နက်များ ထောက်ပံ့နေသည်ကို လူသိမခံလို၍ တဖက်လှည့်နှင့် ပါကစ္စတန် မှ တင်ပို့ပေးနေသည်ဟု သတင်းများ ထွက်ပေါ်လာနေပြီ ဖြစ်သည်။
ထိုသို့သော အနေအထားများ ဖြစ်ပေါ်လာနေသော်လည်း အမေရိကန် အစိုးရမှ ပါးစပ်ဖြင့်သာ ထောက်ခံနေဆဲဖြစ်သည်။
အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှ NUG ၏ သဘောထားကို အမေရိကန်ရှိ The World ရေဒီယိုသတင်းဌာနကြီး နှင့် တွေဆုံမေးမြန်းခန်းတွင် ယခုလို ဖေါ်ပြထားခဲ့သည်။
Q: ဝန်ကြီးခင်ဗျား၊ ဝန်ကြီး နဲ့ အမေရိကန် အရာရှိကြီးတွေ ပြောဖြစ်တဲ့အခါတိုင်း ဝန်ကြီးရဲ့ အစိုးရကို ခုထိ လက်မခံနိုင်သေးတာ နဲ့ ပတ်သက်ပြီး ဘယ်လို အကြောင်းပြချက် တွေများ ပေးခဲ့ပါသလဲ။
A: သူတို့ကတော့ သံတမန်ရေးဖက်က အကြောင်းပြကြတာပေါ့နော်၊ လက်ရှိမှာ နိုင်ငံ, state ပေါ့လေ၊ အဲ့တာနဲ့ပဲ ဆက်ဆံနေတယ်၊ အစိုးရနဲ့က ဆက်ဆံနေစရာ တကယ်တမ်း မလိုသေဖူး လို့ ပြောကြပါတယ်၊ မြန်မာ အစိုးရကို အမေရိကန်က အခုထိ တရားဝင် အသိအမှတ် မပြုသေးပေမယ့် ကျမတို့ရဲ့ ဒီမိုကရေစီ ပြန်လည် ရရှိရေး အတွက် ရုန်းကန်နေမှုကိုတော့ အလေးအနက် အသိအမှတ် ပြုထားကြပါတယ်၊ သူတို့ရဲ့ ရပ်တည်ချက်က ရှင်းရှင်းလင်းလင်း မရှိလှသေးဖူးလို့တော့ ကျမ ဝန်ခံရမှာပါပဲ၊ ဒါပေမယ့် ကျမတို့ရဲ့ ကြိုးပမ်းနေတာတွေကိုတော့ လက်ခံကြပါတယ်။
Q: တကယ်လို့ အမေရိကန် ကနေ တရားဝင် အသိအမှတ် ပြုလာမယ် ဆိုရင် ခင်ဗျားတို့ရဲ့ တော်လှန်ရေးကို ဘယ်လို အထောက်အကူ တွေ ဖြစ်လာဖို့ ရှိလဲ။
A: တရားဝင် အသိအမှတ် ပြုလာမယ် ဆိုရင်တော့ အခုလို စိတ်ဓါတ်ရေးရာအရ ထောက်ခံမှု ပေးနေတာနဲ့ စာရင်တော့ အများကြီး အကျိုးရှိလာနိုင်ပါတယ်၊ ဥပမာ ပြောရရင် လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီ ပေးတာမျိုး တွေအတွက် ရံပုံငွေ ရလာနိုင်ပါတယ်၊ ပြီးတော့ အမေရိကန်မှာ ထိန်းချုပ်ခံနေရတဲ့ ကျမတို့ ရဲ့ ဒေါ်လာ ဝမ်းဘီလီယံ ကိုလည်း ကျမတို့ ထုတ်ယူသုံးစွဲနိုင်ခွင့် ရလာမှာ ဖြစ်ပါတယ်၊ အဲ့လို ရလာရင် ကျမ တို့ တော်လှန်ရေး ကြီး အတွက် အလှည့် အပြောင်းကြီး ဖြစ်လာဖို့ ပိုပြီး နီးစပ်လာနိုင်ပါတယ်။
Q: အခုလို ဗဟိုဘဏ်ကနေ ထိန်းချုပ်ထားတဲ့ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ ထည့်ပြောလာတဲ့ အတွက် ကျွန်တော် ဝမ်းသာမိပါတယ်၊ တကယ်ပဲ အလှည့်အပြောင်းကြီး ဖြစ်လာနိုင်သလား၊ အဲ့ဒီ ငွေတွေ ရရင် ဘာတွေ လုပ်ဖို့ ရှိလဲ။
A: ကျမတို့ တော်လှန်ရေး အတွက် အထောက်အပံ့ ဆိုလို့ ဘယ်နိုင်ငံဆီကမှ ခုထိ တပြားတချပ် မရခဲ့သေးပါဘူး၊ ကျမတို့ ပြည်သူတွေ့ ရဲ့ အထောက်အပံ့နဲ့ပဲ ရှေဆက်လှုပ်ရှားနေကြရတာပါ၊ ဒီနေရာမှာ စစ် အတွက် တင်မဟုတ်ပဲ၊ ဆန္ဒပြပွဲတွေ၊ သပိတ်တိုက်ပွဲ တွေ ကိုပါ ဆိုလိုတာပါ၊ ကျမတို့ အစိုးရ ငွေတိုက် စာချုပ်တွေ ရောင်းနေရတာ ရှင်လည်း သိမှာပါ၊ ကျမတို့ တော်လှန်ရေး အတွက် ရံပုံငွေ ရအောင်နဲ့၊ မြေပြင်မှာ အခြား အကျိူးပြု လုပ်ငန်းတွေ လုပ်နိုင်အောင် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ ကျမတို့ မြန်မာ လူမျိုးတွေဆီက ဒေါ်လာ သန်းချီပြီး စုဆောင်းနေရတာပါ၊ ကျမတို့ မြန်မာပြည်သူတွေ အခုဆို စစ်တပ်ကို တိုက်ဖို့ ကိုယ်ပိုင် ကာကွယ်ရေး တပ်ဖွဲ့ တွေ ဖွဲ့ပြီး သူတို့ကို တဖြေးဖြေး နဲ့ အမှည့်ချွေလာနိုင်ပါပြီ၊ ကျမတို့သာ ဘီလီယံ နဲ့ ချီတဲ့ ဒေါ်လာတွေ ရနိုင်မယ်ဆိုရင် လူသားချင်း စာနာထောက်ထားတဲ့ အကူအညီ တွေ ကျမတို့ တပ်ဖွဲ့တွေ အတွက် စားနပ်ရိက္ခာနဲ့ အခြား အထောက်အပံ့တွေ အများကြီး ပေးနိုင်မှာပါ။
Q: ခင်ဗျားတို့ဖက်က တော်လှန်ရေး အင်အားစုတွေက No-Fly zone တောင်းဆိုနေတယ်၊ အဲ့ကျရင် ပြင်ပ နိုင်ငံ တပ်တွေက မြန်မာ ပေါ်မှာ ဂျက်တိုက်လေယာဉ်တွေကို ပစ်ချလာကြတော့မယ်၊ အဲ့တာနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ အယူအဆက ဘယ်လိုရှိလဲ"
A: အဲ့လို တောင်းဆိုလာကြရတာကလဲ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ကျမတို့ရဲ့ မြေပြင်က တပ်တွေကို တိုက်ခိုက်လာကြလို့ပါပဲ၊ ဒါကလည်း သူတို့ မြေပြင်ကနေ အနိုင် မတိုက်နိုင်တော့လို့ ဆိုတာ သိသာပါတယ်၊ လေကြောင်းကနေ မဲမဲ မြင်ရာ ပစ်လာကြတာ ကြောင့် အရပ်သားတွေ ထိကုန်တဲ့ အပြင်၊ ဆေးရုံတွေ၊ စာသင်ကျောင်း တွေ၊ ဘာသာရေး အဆောက်အအုံတွေပါ ပျက်စီးကုန်ပါတယ်။ ရွာတွေကိုပါ ဗုံးကြဲတိုက်ခိုက်လာလို့ အမျိုးသမီးတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေပါ ထိကုန်တယ်၊ အဲ့တာကြောင့်လည်း ကျမတို့ဖက်က no-fly zone ကို ပြောလာကြတာပါ၊ အကြမ်းဖက် စစ်တပ်မှာ လေတပ်တခုနဲ့ပဲ ကျမတို့ အပေါ် အသာစီးရနေကြတာပါ၊ သူတို့ မြေပြင်တပ်တွေ နဲ့ဆို ကျမတို့ တော်လှန်ရေး တပ်ဖွဲ့တွေကို နိုင်အောင် မတိုက်နိုင်ပါဘူး။
Q: ခင်ဗျား ဟာ မြန်မာ အရေး လှုပ်ရှားတက်ကြွမှူ တွေ မှာ အတော်လေး လူသိများတယ်၊ ဟီလာရီ ကလင်တန်၊ မီချယ် အိုဘားမား တို့နဲ့ ဆုံခဲ့ဖူးပြီး ပြီ ဆိုတော့၊ ခင်ဗျားကို နောက်ကွယ်ကနေ အကူအညီ ပေးနေတဲ့ အထင်ကရ နိုင်ငံရေး သမား တဦးဦးများ ရှိနေသလား။
A: ပွင့်ပွင့်လင်းလင်း ပြောရရင် ကျမ ကို ကိုယ်ကျင့်တရား ပိုင်း၊ စိတ်ဓါတ်ရေးရာ ပိုင်းမှာ အထောက်အကူတွေ ရခဲ့ပါတယ်၊ ရှင် မေးသလို နောက်ကွယ်ကနေ ကူညီပေးနေတာမျိုး တော့ တကယ်တမ်း မရှိခဲ့ပါဘူး။
Q: လူတိုင်း အခုဆို ယူကရိန်းအရေး ကို အာရုံစိုက်နေကြပါတယ်၊ ခင်ဗျားတို့ နိုင်ငံလည်း ယူကရိန်းအဖြစ်နဲ့ ဆင်တူနေတဲ့ အပိုင်းတွေ ရှိနေတယ်၊ ရုရှားက မြန်မာ စစ်ကောင်စီ ကို လက်နက်ရောင်းနေသလို တရုတ်ကလည်း ရောင်းပေးနေတာပဲ၊ ခင်ဗျားတို့ ရဲ့ ရန်သူတွေကို အခုလို လက်နက်တွေ ပံ့ပိုးပေးနေတဲ့ နိုင်ငံ တွေကို ဘာပြောချင်သလဲ"
A: ကျမတို့က အခုလို လက်နက် ရောင်းချနေတာတွေ လုံးဝ ပိတ်ပင်ပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုနေပါတယ်၊ နိုင်ငံ တခုချင်းစီကိုလည်း အခုလို တောင်းဆိုထားပြီးပါပြီ၊ စစ်တပ်ကို လက်နက် ရောင်းပေးနေတဲ့ နိုင်ငံတွေ အများကြီး ရှိနေပါတယ်။ ကျမတို့ သူတို့အားလုံးကို ပြောလိုတာကတော့ ရှင်းရှင်းလေးပါပဲ၊ ရှင်တို့အားလုံး က အခုလို စစ်တပ်ကနေ သတ်ဖြတ်နေတာတွေ မှာ ကြံရာပါ ဖြစ်နေပြီး စစ်တပ်က ထုတ်နှုတ်ယူသွားခြင်း ခံရတဲ့ ပြည်သူတဦးချင်းစီရဲ့ အသက် တချောင်း အတွက် တစိတ်တပိုင်း တာဝန် ရှိနေတယ် ဆိုတာပါပဲ။
Q: အမျိုးသား ညီညွတ်ရေး အစိုးရနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးကကော ဘယ်လိုရှိလဲ။
A: ကျမတို့ဖက်က တရုတ်နဲ့ ထိတွေ ဆက်ဆံနိုင်အောင် ကြိုးစားနေပါတယ်၊ တရုတ်ဖက်က အတော်လေးကို ချင့်ချင့်ချိန်ချိန် စဉ်းစားနေတဲ့ သဘောရှိပါတယ်။ ကျမတို့ ဖက်က တရုတ်ကို ပေးတဲ့ မက်ဆေ့ခ်ျကတော့ ရှင်းရှင်းလေးပါ၊ မြန်မာပြည်မှာ ဒီမိုကရေစီ ရှိလာတာက တရုတ်ကို ခြိမ်းချောက်လာနိုင်စရာ မရှိဖူး ဆိုတာပါပဲ၊ ဒီမိုကရေစီ ရလာရင် ကျမတို့ နိူင်ငံလည်း တည်ငြိမ်မှု ရှိလာမယ်၊ သူတို့ အတွက် ရေရှည် အကျိုးအမြတ် ရှိမယ့် ရင်းနှီးမြုပ်နှံမှု တွေ လုပ်လို့ရမယ့် အခွင့်အလန်းတွေ ရှိလာမယ်။ အခု အာဏာသိမ်းလိုက်လို့ တရုတ်က ရင်းနှီးမြုပ်နှံမယ့် လူတွေ မြန်မာပြည်အပေါ် စိတ်ဝင်စားမှု တွေ လျော့နည်းလာကုန်ပြီ၊ ရှင်းအောင်ပြောရရင် ကျမတို့ တော်လှန်ရေး အတွက် တရုတ်ဆီက အကူအညီ တောင်းနေဝာာ မဟုတ်ပါဘူး၊ အကြမ်းဖက် စစ်အာဏာသိမ်း အဖွဲ့ကို မထောက်ခံဖို့နဲ့ တရားဝင် အသိအမှတ်ပြုတာမျိုးတွေ မလုပ်ဖို့ပဲ ပြောနေတာပါ။
Q: ခင်ဗျားတို့ အခု ပြည်တွင်းစစ်ကြီးမှာ အနိုင်ရသွားပြီ ဆိုကြပါစို့၊ ဘယ်လိုမျိုး မြန်မာပြည်သစ်ကို ဖန်တီးကြမယ် စိတ်ကူးထားလဲ။
A: ကျမတို့ရဲ့ ဒီမိုကရေစီ အင်အားစုတွေက စစ်တပ်ကို အာဏာကနေ ဖယ်ရှားပြီး ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ နိုင်ငံကို အစကနေ ပြန်တည်ဆောက်ကြရပါမယ်။ စစ်တပ်ကိုလည်း နိုင်ငံရေး မျက်နှာစာကနေ ဆွဲထုတ်ပစ်ရပါမယ်၊ တိုင်းရင်းသား လူမျိုးစုတွေ အကြား မညီမျှမှုတွေနဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေ ရှိလာအောင် ဖြေရှင်းပေးဖို့ ရှိနေပါတယ်၊ ဒီအတွက် ကျမတို့မှာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်စာတမ်း ရှိနေပါပြီ၊ ဒါဟာ တော်လှန်ရေးကြီး ပြီးသွားရင် တည်ဆောက်မယ့် မြန်မာနိုင်ငံတော် အသစ် အတွက် လမ်းပြမြေပုံပါပဲ။ တော်လှန်ရေး ပြီးတာနဲ့ နိုင်ငံရေး မှာ လေဟာနယ်လို ဖြစ်ကျန်ခဲ့တာမျိုး ကို ရှောင်ရှားနိူင်ဖို့ လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ့ တွေ၊ သပိတ် အဖွဲ့တွေ၊ လွှတ်တော် အမတ်တွေ အတူ ပူးပေါင်းပြီး ဖက်ဒရယ် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို ဖေါ်ဆောင် ကြမှာပါ၊ ဒါဟာ အနာဂတ် မြန်မာနိုင်ငံ အတွက် တံခါးဖွင့်ပေးဖို့ပါပဲ။
Q: ဝန်ကြီးခင်ဗျား အခြားဘာများ ထပ်ပြောလိုပါသေးလဲ"
A:. ယူကရိန်း နဲ့ ရုရှား အကြောင်း ကျမ မှတ်ချက်ပေးလိုပါတယ်၊ အင်အားကြီး နိုင်ငံတခုက စစ်အင်အား သုံးပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို ကျုးကျော်လာတဲ့ အခါ ကမ္ဘာရဲ့ အာရုံစိုက်တာ ခံရတာ သဘာဝပါပဲ၊ မြန်မာနိူင်ငံမှာလည်း လက်နက်ကို သုံးပြီး အရပ်သားတွေကို သတ်ဖြတ် နှိပ်စက် ဖိနှိပ်တာတွေ လုပ်နေတာက အခု အကျဉ်းထောင်ထဲ ရောက်နေတဲ့ သမ္မတကြီးပါ မကျန် ခံနေရပါတယ်။ ဒီနေရာမှာ ကမ္ဘာကြီးရဲ့ ရှုမြင်ပုံ ဘာလို့ မတူကြဖူးဆိုတာကို ကျမတို့ သတိပြုမိလာခဲ့ရပါတယ်၊
မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့၊ ပြီးတော့ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ဒီလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ကူညီဖို့ လိုအပ်နေတာတွေ ကျမတို့ သိပါတယ်၊ အခြားနိုင်ငံတွေက မြန်မာနိုင်ငံ ပြဿနာက ယူကရိန်းလို မဟုတ်ပဲ "ပြည်တွင်းရေး" ကိစ္စ လို့ ယူဆပြီး ကျမတို့ကို ထောက်ခံဖို့ တုံ့နှေးနေကြပါတယ်၊ ကျမတို့ကို အတူတူ သဘောထား မထိုက်ပေဖူးလား၊ ကျမတို့ဟာ ပြည်တွင်း အကြမ်းဖက်မှု ဒဏ်ကို ခံနေကြရတာရော မဟုတ်ဖူးလား၊ နိုင်ငံတွေသာ ဒီလိုသဘောထားမျိုး ရှိပြီး လက်မခံဖူး လို့ ရပ်တည်လာကြမယ်ဆိုရင် ကျမတို့တတွေ နောက်ထပ် အကြမ်းဖက်ခံကြရတော့မှာ မဟုတ်ပါဘူး ဆိုတာပါပဲ။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
(၂၀၂၂၊ မတ်လ ၁၅ ရက်နေ့ အမေရိကန် The World ရေဒီယို ၏ ကမ္ဘာနိုင်ငံရေး ကဏ္ဍမှ ထုတ်လွှင့်ခဲ့သော တွေ့ဆုံမေးမြန်းခန်း ဖြစ်သည်။)
လှစိုးဝေ
ကုလ လူ့ အခွင့်အရေး အဖွဲ့ကြီးမှ အုန်းမောင်း ခေါက်ပြန်ပြီ **********************************
ဂျီနီဗာ အခြေစိုက် ကုလ လူ့အခွင့်အရေး အဖွဲ့ကြီးမှ မြန်မာ၏လက်ရှိ စစ်အုပ်ချုပ်ရေး သမား များသည် လူ့အသက်တချောင်းကို တန်ဖိုးထားရကောင်းမှန်း မသိဘဲ အကြမ်းဖက်မှုများ တိုး၍ ကျူးလွန် လာနေသောကြောင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ထိုကဲ့သို့ လူမဆန်သည့် လုပ်ရပ်များ အလျှင်အမြန် ရပ်တန့်သွားအောင် ဆောင်ရွက်ကြရန် ကမ္ဘာသို့ ပန်ကြားချက် ထွက်ပေါ်လာ ခဲ့သည်။
ထိုပန်ကြားချက်ကို ကုသလူ့အခွင့်အရေး အဖွဲ့ကြီး၏ မြန်မာနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် အပြည့်အစုံ ထုတ်ပြန်လိုက်သော အစီရင်ခံစာကြီးတွင် ဥက္ကဌ ဖြစ်သူ ချီလီ သမ္မတဟောင်း မစ္စက် ဘချီလက်က ပန်ကြားတောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။
အဆိုပါ ကမ္ဘာသိ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လူနေ ဒေသများကို ရည်ရွယ်ချက် ရှိရှိ ဖြင့် လက်နက်ကြီးများ နှင့် ချိန်ရွယ် ပစ်ခတ်ခြင်း၊ အရပ်သား များကို သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း အချက်အလက်နှင့် တကွ အသေးစိတ် ဖေါ်ပြ ထားသည်။
မြန်မာစစ်ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှုများ ကို ပြီးခဲ့သည့် တနှစ်လုံး မည်သို့ မည်ပုံ ပုံစံချ၍ ကျူးလွန်နေကြသည်ကို မိမိတို့ ရှင်းလင်းပြတ်သားစွာ ဖေါ်ထုတ်နိူင်ခဲ့ပြီ ဖြစ်သည်ဟု ကမ္ဘာကြီးအား တပ်လှန့်နှိုးဆော်လိုက်ပြီ ဖြစ်သည်။
ထိုသို့ အနေအထားများ ပေါ်ထွက်လာသော်လည်း မြန်မာပြည်အား အနောက်နိူင်ငံများက လောလောဆယ် စစ်ရေးအရ ဝင်ရောက် စွက်ဖက်ရန် စဉ်းစားထားခြင်း မရှိသေးမှန်း မင်းအောင်လှိုင်သည် ရိပ်စားမိနေသည်။ သို့သော် တဖက်တွင်လည်းထိုသို့သော ပုံစံမျိုး နှင့် ရေရှည်သွား၍ မဖြစ်မှန်း သိနေသဖြင့် ၎င်း အနေနှင့် အချိန်များများစားစား မကျန် တော့ ကြောင်းကိုလည်း သိနေပြန်သည်။
၎င်းတို့အား ဘင်္ဂလား ပင်လယ်အော်ထဲ မောင်းချရန် တိုက်ပွဲဝင်နေကြသည့် လက်ရှိ တော်လှန် ရေး အင်အားစုများ အား မြေလှန်စနစ် ကျင့်သုံးကာ အကြမ်းဖက် လုယက် မီးရှို့၊ အဓမ္မကျင့်၊ သတ်ဖြတ်နေသည့် လုပ်ရပ်များကို အမြဲလို လုပ်သွားနိုင်မည် မဟုတ်ပေ။
အချိန်ကြာလာလေ အမေရိကန် နှင့် အနောက်နိုင်ငံများ၏ conscience ခံယူ ရပ်တည်ချက်ကို ထိခိုက်လာလေ ဖြစ်မည်။ မြန်မာပြည်တွင် ထင်တိုင်းကြဲ သတ်ဖြတ်နေမှုများအား လက်ပိုက် ကြည့်နေခြင်းသည် ၎င်းတို့အတွက် အကျိုးယုတ် ဖို့သာ ဖြစ်လာမည်ကို သိနေ သောကြောင့်သာ ဖြစ်သည်။ သို့မဟုတ်က ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဆိုသည်မှာ ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း၊ နိုင်ငံများအား ၎င်းတို့ ဩဇာခံ ဖြစ်လာရေး အသံကောင်းလွှင့်နေခြင်း ဖြစ်မည် အစရှိသည်ဖြင့် အယုံအကြည် မဲ့သည်ထက် မဲ့လာကြပေတော့မည်။
မကြာသေးမီက ကုလ အထွေထွေ ညီလာခံကြီးတွင် ရုရှား ကျူးကျော်မှုကို ရှုတ်ချကြောင်း မဲခွဲရာတွင်ပင် ခြံစည်းရိုး ခွထိုင်သူ၊ ကန့်ကွက်သူ ပေါင်း ၄၀ ခန့် ထွက်လာသည်။
ထို အကြောင်းတခုတည်းကြောင့်သာ မြန်မာပြည်တွင် အခြေအနေများ ဆိုးသည်ထက် ဆိုးလာ ပါက ဆက်၍ တုံဏှိဘာ ဝေ နေ၍ ရကြတော့မည် မဟုတ်။
ယခုအခါ ယူကရိန်း အရေးကြောင့် ရုရှား နှင့် ထိတ်တိုက် တွေ့မည်လည်း မစိုးရိမ်ရတော့၊ အနောက်အုပ်စု အရင်းရှင် နိုင်ငံကြီးများသည် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖန်တီးထားသည့် ကမ္ဘာစနစ်ကြီး world order ကို ဖျက်လို ဖျက်ဆီး လုပ်လာသည်ကို တွေ့လျှင် မည်မျှ အထိ စည်းလုံးကြောင်း တရုတ်တို့ပင် အလန့်တကြား ဖြစ်လာနေသည်။
ပူတင်အား အစွယ်ချိုးနိူင်မည်ဆိုက မြန်မာအရေးသည် ၎င်းတို့ အတွက် ကလေးကစားစရာ သာသာ အဆင့်သာ ရှိပေတော့မည် ဟု မှတ်ယူလာကြပေမည်။
အနောက်အုပ်စု အနေနှင့် ၎င်းတို့ ပြောဆိုနေသည့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး များ နှင့်တန်ဆာ ဆင်ထားသည့် ကမ္ဘာစနစ်ကြီး အပေါ် တကယ်တမ်း လေးလေးနက်နက် ယုံကြည်ကြောင်း ထုတ်ဖေါ်ပြသရပေတော့မည်။ ယူကရိန်း အရေးသည် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ကို၎င်း၊ မြန်မာသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ကို မြတ်နိုးတန်ဖိုးထားသည့် လူ့အနွယ် ဝင်များ အပေါ် ဖိနှိပ်ချုပ်ချယ်လာခြင်း တို့ပင် ဖြစ်သည်။
ထို့အတွက် မင်းအောင်လှိူင် တို့ အဖွဲ့သည် ကျဉ်းထဲကျပ်ထဲ ရောက်နေရပြီက သေချာနေပေ သည်။ နောက်လိုက် များ ကြားလည်း တကမ္ဘာလုံးက ဆန့်ကျင်နေကြပြန်၍ ဒီအတိုင်း ရေရှည် သွားလို့ မဖြစ်တော့ဟုဆိုကာ စိတ်ဓါတ်များ ကြိတ်၍ ကျဆင်းလာနေကြပြီ ဖြစ်သည်။
မြန်မာတို့၏ တော်လှန်ရေးကို အနီးကပ် လေ့လာနေသည့် မက်သယူး အာနိုး က ဇန်နဝါရီလ တလတည်း မှာပင် အကြမ်းဖက်စစ်တပ်အား တိုက်ခိုက်မှု အကြိမ် အရည်အတွက်သည် ၂၅% ခန့် မြင့်တက်လာသည်ဟု သူ၏ ဆောင်းပါးတွင် ရေးသားခဲ့သည်။။
ပြည်သူများကို ကာကွယ်ရန် တာဝန်ယူထားသည့် မြန်မာ စစ်တပ်သည် ယခုအခါ တတိုင်းပြည် လုံးကို သိမ်းပိုက်န်ုင်ရန် နေ့စဉ်နှင့်အမျှ အပြင်းအထန် လုံးပမ်းနေရသည့် အဖြစ်နှင့် ကြုံနေရ ပြီဟု ဆိုသည်။
လှစိုးဝေ
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
အိပ်ရင်း လမ်းလျှောက်နေကြသူများ *******************************
အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် ဆိုသူမှ ၎င်းတို့အား ဆန့်ကျင်နေသူများကို စီးပွားပျက်၊ ဘဝပျက်သွားသည် အထိ လုပ်ပြစ်ရန် လုပ်ငန်း အစည်းအဝေး တခုတွင် ပက် စက်စွာ စေခိုင်းလာသည့် အသံဖိုင် အပြည့်အစုံသည် ခေတ်သစ် မီဒီယာ၏ ကောင်းမှုဖြင့် ပြည်သူများ အကြား ပျံ့နှံ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထိုအသံဖိုင် နှင့် ပတ်သက်၍ ဆက်စပ် တွေးကြည့်မည်ဆိုလျှင် နိူင်ငံတဝှမ်း လူမဆန်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများသည် မုန်ယို ဒေါသထွက်နေသော စစ်သားများက သဘောရှိ ကျူးလွန်နေကြခြင်း မဟုတ်ဘဲ ၎င်းတို့၏ အမိန့်ကို တသွေမတိမ်း လိုက်နာ နေခြင်းသာ ဖြစ် သည်ဟု ကောက်ချက်ချ၍ ရပေသည်။
မိမိ မကြာခဏ ရေးခဲ့သလို ထိုအဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်သွားရေးသည် ဒုတိယ၊ ၎င်းတို့ အသက်အိုးအိမ် နှင့် အာဏာ ဆုပ်ကိုင်ထားနိုင်ရေးသည်သာ ပထမ ဦးစားပေး ဆိုသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။
ဗီယက်နမ် စစ်အတွင်း အမေရိကန် တပ်သားများမှ ရွာသူများကို အဓမ္မ ပြုကျင့်ခဲ့သည်များ ရှိနေသည်။ ထိုသို့ကျူးလွန်သူများသည် သူတို့ ရာဇဝတ်မှု ကျူးလွန်နေမှန်း ကောင်းစွာ ရိပ်စားမိကြသဖြင့် မည်သူမှ ဖော်ကောင် မလုပ်နိုင်ရန် သူတို့ တပ်စု တွင် ပါလာသည့် စစ်သားမှန်သမျှ ကို ကျူးလွန်ခိုင်းခဲ့ကြစမြဲ ဖြစ်သည်။
ယခုလည်း ၎င်းတို့ လက်အောက်ရှိ လူအားလုံးကို သေအတူ ရှင်အတူ ဆိုကာ သူခိုးသေဖေါ် ညှိလာနေကြပြီ ဖြစ်သည်။
လူထူကြီးသည် ၎င်းတို့ ကြောင့် ကျီးလန့်စာစား နေထိုင်နေကြရရုံမက ဒန်အိုး၊ ဒန်ခွက်၊ ရေပုံးများ ဆွဲကာ နေ့စဉ်နှင့်အမျှ ရေတပေါက် သောက်ရဖို့ အရေး တန်းစီ နေကြရပြီး မြို့ကြီးများလည်း အမှောင်ကျ နေလေပြီ။
မီးမလာလျှင် ထမင်းဟင်းကို မီးသွေး နှင့် ချက်၍ ရသော်လည်း ရေမရှိက ထမင်းဟင်းပင် ချက်ပြုတ် စားသောက်၍ မရဟု ရန်ကုန်မြို့နေ တဦး၏ အပြောကို လန်ဒန် ရှိ ဒေးလီးမေးလ် သတင်းစာတွင် ဖေါ်ပြလာသည်။
ရေဘောက်ဆာ များဖြင့် ရေများ လိုက်လံဝေငှ ပေးနေသည့် ကုသိုလ်ဖြစ် အသင်းများကိုလည်း နေ့စဉ်လို ရေများ လိုအပ်နေကြောင်း ဖုန်းဖြင့် အပူတပြင်း တောင်း ဆိုနေမှုများ လက်ခံရရှိ နေသည်ဟု ဆိုသည်။
စစ်ကောင်စီသည် ထိုအရေးကိုလည်း ယခုထိ ဟန်ဆောင် ပန်ဆောင်ဖြင့် ဖြေရှင်း ပေးသည်ကို မတွေ့ရသေးပဲ ဘာကြောင့် ညာကြောင့် မီးဖြတ်မည် ဆိုသည်သာ ထုတ်ပြန်ပေးနေကြသည်။ ၎င်းတို့အဖို့ ပြည်သူများ အကျပ်အတည်း များများတွေ့လေ ၎င်းတို့ အပေါ် ဆန့်ကျင်ရန် စဉ်းစား နိုင်ကြတော့မည် မဟုတ်ဆိုသည်ကို တွေးနေကြမည်မှာ သေချာလှသည်။
ထိုအရေးသည် အချို့သော ဒေသများတွင်သာ ဖြစ်သည် ဆိုပြီး ဖြေသိမ့်နေကြသူများ ထံလည်း အနှေးနှင့် အမြန် ရောက်လာဖို့သာ ရှိနေပေသည်။
၎င်းတို့စိတ်ထဲတွင် ပြည်သူများကို ၎င်းတို့၏ အအုပ်ချုပ်ခံ လူတန်းစား subjects များ အဖြစ် သာ နှစ်ပေါင်း ၆၀ လုံးလုံး သဘောထား လာခဲ့သူများ ဖြစ်သည်။ ထိုသို့သဘော ထားလာခဲ့ ကြသူများ နှင့် မိမိတို့သည် အအုပ်ချုပ်ခံများ မဟုတ်၊ ကိုယ်စိတ်ကြိုက် အစိုးရကို ရွေးချယ် နိုင်ပြီး မကြိုက်လျှင် အချိန်မရွေး ဝေဖန်နိူင်သည်။ ဖြုတ်ချနိူင်သည်ဟူသော အစွမ်းထက်သည့် နိုင်ငံရေး အာဏာများ ပိုင်ဆိုင်ထားသည်ကို ကောင်းစွာ သိမြင်သဘောပေါက် နားလည် လာကြသည့် ပြည်သူများ နှင့် ထိတ်တိုက်ရင်ဆိုင်တွေ့နေကြပြီ ဖြစ်သည်။
အာဏာသိမ်း အဖွဲ့ အထူးသဖြင့် စစ်ခေါင်းဆောင် အဆက်ဆက်သည် ယခုထိ နားလည် လက်ခံ ထားနိုင်စွမ်း မရှိသေးသည့် အကြောင်းတခုမှာ နိုင်ငံတော် အတိုင်ပင်ခံအပေါ် လူထူ၏ ချစ်ခင် ယုံကြည်အားထားမှု အခိုင်အမာရှိနေသည် ဆိုသည်ပင် ဖြစ်သည်။
ထို့အတွက်လည်း ဗိုလ်သန်းရွှေခေတ်ကတည်းကပင် အမျိူးမျိုး လုပ်ကြံကာ ၎င်းတို့ပိုင် ဝါဒ ဖြန့်ချီရေး လက်နက် ကိရိယာ များကို အသုံးချပြီး ရ စရာ မရှိအောင် ထိုးနှက် တိုက်ခိုက် ကြသည်။ ယခုလည်း မင်းအောင်လှိုင်က ဆရာထက် လက်စောင်းထက် ဆိုသကဲ့သို့ စဉ်းစား၍ ရသမျှ အမှုအမျိုးမျိုး ထွင်ကာ ၎င်းတို့ လက်ဝေခံ များအား သက်သေများ အဖြစ် ဖန်တီးပြီး ကွယ်လွန်သည့် အထိ လူမြင်ကွင်းသို့ ထွက်မလာနိူင်ရန် ရက်စက်စွာ ပူးပေါင်း ကြံစည်လာ ပြန်သည်။
သို့သော် ထိုသို့ လုပ်လေ ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာ အပေါ် မြူတမှုန်မျှပင် သံသယ မရှိကြသည့် လူထုကြီးသည် သူတို့ လေးစား ယုံကြည်ထားသော ခေါင်းဆောင် အား လုပ်ရက် လေခြင်း ဟု ဆိုကာ ခံပြင်း နာကျည်းလာကြသည်။ ၎င်းတို့ ရစရာ မရှိအောင် သိက္ခာချလေ သူမ၏ ဂုဏ်သိက္ခာမှာ တက်လေလေ ပင် ဖြစ်သည်။ ၎င်းတို့၏ လုပ်ကြံ ဖန်တီးထားသော စွဲချက်များကို နိုင်ငံတကာကလည်း တစက်ကလေးမျှပင် အယုံအကြည်မရှိပေ။
၎င်းတို့၏ ဖဲသုံးချပ် ကစားဝိုင်းကို နိုင်မည်အထင် နှင့် ဝင်ရောကာ လောင်းကြေးထပ်နေကြရသူ များပင်လျှင် မျက်စိမှိတ် ယုံကြည်နေကြသည့် အဆင့်တွင် ရှိနေသည်။
၎င်းတို့ ရိုဟင်ဂျာ များ အပေါ် လူသိရှင်ကြား ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို လိမ်လည် စွပ်စွဲသည်ဟု ပြောနေပြီး သမ္မတကြီး၊ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် အစိုးရ အကြီး အကဲများ အပေါ် အရှက်ကင်းမဲ့စွာ လုပ်ကြံ လီဆယ် အမှုဆင်ကာ ဖမ်းဆီး နေကြသည်ကို နိုင်ငံတကာမှ သိရှိနေကြပြီးလည်း ဖြစ်သည်။ ထိုသို့ ဖမ်းဆီး တရားစွဲဆိုနိုင်ခွင့်ကို ၎င်းတို့ ကိုယ်တိုင် ဘုရားဟော နိပါတ်များအလား ကိုးကွယ်နေသည့် ဖွဲ့စစည်းပုံကြီးတွင် တကြောင်း တပါဒမျှပင် ထည့်သွင်း ပြဠာန်းထားခဲ့ခြင်းလည်း မရှိသည်ကို စာဖတ်တတ်သူ နွားကျောင်း သားပင် သိရှိထားပြီး ဖြစ်သည်။
အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို အင်အားကြီး နိုင်ငံ တခုက နိုင်ထက်စီးနင်း လုယက် သိမ်းပိုက်ရန် ကြိုးစားနေသည့် အရေးကို ဘာမျှမစဉ်းစား မိုက်မဲလှစွာဖြင့် ထောက်ခံ နေ ကြပြန်သည်။
ယခု အနေအထားသည် မြန်မာပြည်သူများဖက်က အဆမတန် အင်အားကြီးမားသည့် အကြမ်းဖက် အဖွဲ့အား ရတတ်သမျှ လက်နက်များ စွဲကိုင်ကာ အသေခံ ခုခံ ကာကွယ်နေကြပြီ ဖြစ်၍ ယူကရိန်းကဲ့သို့သာ နိုင်ငံတကာ၏ အုံနှင့်ကျင်း နှင့် ထောက်ခံလာမည်ဆိုလျှင် တလပင် မခံဘဲ ပြုတ်ကျသွားပေတော့မည် ဆိုသည်က ငြင်း၍ မရသော အမှန်တရားသာလျှင် ဖြစ် သည်ကို စဉ်းစားတတ်မည်ဆိုက အထင်အရှား သိမြင်နိူင်ပေသည်။
အခြေအနေ မကောင်းက အရှင်သခင် အဖြစ် ကိုးကွယ် ဆည်းကပ်နေရ သည့်ဝက်ဝံကြီးများကို ဆီရီးယားကဲ့သို့ ခေါ်သွင်းလာမည် ဆိုသည့် အိမ်မက်များသည်လည်း အပြီးအပိုင် ကွယ်ပျောက်သွားခဲ့ရလေသည်။
အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ ပြည်သူခုခံ တွန်းလှန်စစ် ဆင်နွှဲနေသည့် အင်အားစုများ ထံ လက်နက်များ ရောက်ရှိအောင် မကြာမီ အချိန် အတွင်း ပံ့ပိုးပေးနိုင်တော့မည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့ပြီလည်း ဖြစ်သည်။ ခုခံတွန်းလှန်စစ် ကို တရားဝင် စတင်လာခဲ့သည့် ၆ လ အတွင်း ပြည်သူတို့၏ ထည့်ဝင်ငွေ ဒေါ်လာ သန်း ၃၀ ခန့် ရရှိပြီး ထိုအထဲမှ ၈၅% ကို လက်နက် ဝယ်ယူရေး အတွက် သုံးစွဲခဲ့သည်ဟု ဆိုသည်။
တော်လှန်ရေး အင်အားစုများက တနေ့တခြား ကြီးထွားလာနေပြီ ဖြစ်၍ အလျင်မမီအောင် ဖြစ်လာနေရသည်၊ ပြည်သူများ၏ ထည့်ဝင်ငွေများကို အားထားနေရဆဲ ဖြစ်သည်။ ထိုအနေအထားကို ရပ်တန့်သွားအောင် စစ်ကောင်စီ ၏ တန်ပြန်ဝါဒ ဖြန့်ချီရေး အဖွဲ့မှ NUG အား ပြည်ပမှ ဒေါ်လာ သန်း ရာချီ ထောက်ပံ့တော့မည်ဟု ပြည်ပ မှ မထင်မရှား သတင်းဌာနများ နှင့် လက်ဝါးချင်း ရိုက်ကာ ထုတ်လွှင့်ခိုင်းနိုင်သည်၊ သို့မှသာ NUG သည် ငွေကြေး တောင့်တင်းလာပြီဆိုက ပြည်သူများ၏ ထည့်ဝင်လှုဒန်းမှုများ တန့် သွားနိုင်သည် မဟုတ်ပါလား။
ဗိုလ်ချုပ်ကြီးများ မှသည် အောက်ခြေ စစ်ဗိုလ်များ အထိ ရွှေထီးဆောင်းနေရပြီဟု ယုံကြည် ထားကြသူများ ဖြစ်၍ မိမိတို့ မိသားစု ချမ်းသာ ကြွယ်ဝရေး ကိုသာ အာရုံစိုက်နေကြ၍ ပြောင်းလဲလာနေသော ကမ္ဘာကြီး အကြောင်းကို လေ့လာသုံးသပ် ရမှန်း မသိ၊ နားလည်း မလည်ဖြစ်နေကြသည်မှာ အ ဆန်းတကြယ်တော့ မဟုတ်ပေ။
၎င်းတို့ အဖို့က ရောက်တတ်ရာရာ စိတ်ကူး စိတ်သန်း များ နှင့် ချည်နှောင်ပြီး အိပ်ပျော်ရင်း လမ်းလျှောက်နေသူများနှင့် မည်သို့မျှ မခြား ဖြစ်လာနေသည်။ ၎င်းတို့၏ အိမ်မက် ကမ္ဘာမှ နိုးထ၍ မဖြစ်၊ ထို့သို့ နေနိုင်ရန် အတွက်လည်း ကိုယ့်ကိုကိုယ် ပြန်လိမ်နေကြရသည်။
မည်သို့ပင် ဆိုစေ ပြည်သူများ အပေါ် ၎င်းတို့ ကျူးလွန်ခဲ့ကြသည့် လုပ်ရပ်များက ရက်စက် ကြမ်းကြုပ်လွန်းလှသဖြင့် တော်လှန်ရေးကြီး ပြီးသွားသည့်တိုင် ကျန်ခဲ့သော ဒဏ်ရာ ဒဏ်ချက်များကို ကုစားနိုင်ဖို့မှာ အချိန်များစွာ ယူရဦးမည်သာ ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ
ပူတင် အကြောင်း တစေ့တစောင်း ******************************
နာမည် အပြည့်အစုံမှာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် ဖြစ်ပြီး ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့တွင် လီနင် ဂရက်မြို့ အမှတ် (၁၂) ဘက်စ်ကော့ဗ် လိန်း လမ်းရှိ ပြိုကျလုမတတ် ဖြစ်နေသော တိုက်ခန်းကလေး တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်း ညီအကို သုံးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။
ဖခင်သည် စက်ရုံ အလုပ်သမား တယောက် ဖြစ်သဖြင့်လည်း ပူတင် သည် အောက်ခြေ လူတန်းစားများ အကြားတွင် မထင်မရှား သာမန်လူသားတယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်ဟု ပြော၍ ရပေသည်။ ပူတင်၏ မိဘများ နေထိုင်သော တိုက်တန်းလျား တွင် ရေပူ မရှိ၊ ရေချိုးကန်မရှိ၊ အပူဓါတ်ရရန် အတွက် ထင်းမီးသွေး ကို အသုံးပြုရသည့် မီးဖိုကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ တိုက်ခန်း ပေါ်သို့ တက်သည့် လှေကားတွင်လည်း အမြဲလို ကြွက်များက သောင်းကျန်းနေတတ်သည်။
ပူတင်သည် ကျဉ်းမြောင်းလှသော သူ၏ တိုက်ခန်းထဲတွင် မနေသည်ကများပြီး အောက်ထပ် ရှိ အမှိုက်များ နှင့် ဗရပွ ဖြစ်နေသော မြေကွက်လပ်တွင်သာ အနေများသည်။ ချို့ငဲ့စွာ စားသောက်ခဲ့ရသူ ဖြစ်၍ ငယ်စဉ်က ခန္ဓာကိုယ် မဖွံ့ဖြိုးခဲ့ရှာကာ အရပ်ပုသည်ဟု ပြောလို့ရသည့် အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ထို့အတွက်လည်း ရွယ်တူ ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။
ထိုသို့ အနိုင်ကျင့်ခံရပါများ၍ လက်ဝှေ့၊ ဂျူဒို နှင့် ရုရှားရိုးရာ ဆမ်ဘို သိုင်း များကို သင်ယူ လေ့ကျင့်ခဲ့သည်။ ပူတင်သည် ထိုသို့ တတ်ကျွမ်းလာသော ကိုယ်လုံပညာများကို လီနင်ဂရက် လမ်းများ ပေါ်တွင် အသုံးချ လာခဲ့သည်။ စိတ်တိုတတ်သူ ဖြစ်၍ အရင်ကလို သည်းခံလို စိတ် မရှိတော့ဘဲ ထစ်ကနဲ ဆို ထိုးကြိတ်ရန် ဝန်မလေးသဖြင့် ပွဲတိုင်းကျော် ဖြစ်လာခဲ့သည်။ ထိုသို့ လီနင်ဂရက် လမ်းမများ ပေါ်တွင် လက်ရဲဇက်ရဲ ကျင်လည်ခဲ့သည့်အတွက် သူ့အပေါ် ကျရောက်လာနိုင်သည့် အန္တရာယ်ကို ထည့်တွက်ချင်း မရှိခဲ့သည့် စိတ်ဓါတ်အခံ diminished sense of danger ရှိသည်ဟု ကေဂျီဘီ သင်တန်းဆရာများ၏ သတ်မှတ်ခြင်း ခံခဲ့ရသည်။
သို့သော် သူ၏ အိမ်နီးနားချင်း သူငယ်ချင်း များ အပေါ်တော့ ဗွေမယူ၊ ၎င်းတို့ဖက်မှ အမြဲလို ကာကွယ်ပေး ခဲ့သည်။ ထိုအထဲတွင် ပူတင် တို့ နေထိုင်ရာ တိုက်တန်း နှင့် ကပ်လျှက် အမှတ် (၁၄) ဘက်စ်ကော့ဗ် လိန်း တွင်နေသည့် အာကာဒီ အာကီမော့ (အမည်လွှဲထား) လည်း ပါဝင်သည်။ တနေ့တွင် အာကာဒီ အား နံစော်နေသော နောက်ဖေး လမ်းကြား တနေရာတွင် သူထက် အသက်ကြီးပုံရသည့် လူငယ် နှစ်ဦးမှ ရန်စ အနိုင်ကျင့်နေသည်ကို ပူတင် တွေ့လိုက်ရသည်။ အာကာဒီသည် မွေးဖွားစဉ်ကတည်းက အသက်ရှူ လမ်းကြောင်း နှင့် ပတ်သက်သည့် ရောဂါ အခံရှိသူ ဖြစ်၍လည်း ခန္ဓာကိုယ်မှာ ချည့်နဲ့နဲ့ နှင့် ဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ် နှင့် စန္ဒယားကို ကျွမ်းကျွမ်း ကျင်ကျင် တီးတတ်ပြန်၍ သူ၏ လက်ချောင်းများကို မထိခိုက်အောင် အတတ်နိုင်ဆုံး သတိထား နေသူလည်း ဖြစ်သည်။ စန္ဒယားတီးတတ်၍ ထင်ပေါ်ကာ ရွယ်တူ မိန်းကလေးများ၏ အရေးပေးခြင်းကို ခံရ၍လည်း ဘက်စ်ကော့ဗ် လိန်းရှိ လူပေလူတေ လေးများက သူ့အား မျက်မုန်းကျိုး လာကြ၍လည်း အခွင့်သင့်လျှင် အခွင့်သင့်သလို ရန်စလေ့ရှိသည်။
ယခုအခါ တွင်တော့ ပူတင်နှင့် ပက်ပင်း တိုးလာပြီ ဖြစ်သည်။ ပူတင်သည် အာကာဒီအား ရန်စနေသူ နှစ်ဦးကို အလွယ်တကူ ပင် မြေကြီး ပေါ် လှဲသိပ်ပေးနိုင်ခဲ့သည်။ ထိုသို့ ညစ်ပတ်နံစော်နေသော အမှိုက်ပုံ လမ်းကြားရှိ ရန်ပွဲ လေးသည် ရုရှား ၏ သမိုင်းကြောင်း ကို ပြောင်းလဲသွားစေမည်ဟု ထိုစဉ်က မည်သူကမျှ ယောင်လို့ပင် တွေးမိကြမည် မဟုတ်ပေ။
ထိုရန်ပွဲကြောင့် နောက်ပိုင်းတွင် ပူတင် နှင့် အာကာဒီတို့ ရင်းနှီးလာခဲ့ကြသည်။ သူငယ်ချင်း အရင်း အချာများ ဖြစ်လာခဲ့ကြသည်။
သူတို့ နှစ်ဦးစလုံး အမှတ် (၁၉၃) အထက်တန်းကျောင်းသို့ အတူ တက်ရောက်ခဲ့ကြသည်။ ပူတင်သည် ကျောင်းတွင် ရန်ပွဲများကြောင့် ကျောင်းသားဆိုး တယောက် ဖြစ်လာသော်လည်း အာကာဒီကတော့ ပညာရေး တွင် ထူးချွန်သူ ဖြစ်သည်။ အာကာဒီသည် လီနင်ဂရက် အနုပညာသိပ္ပံ ကျောင်းတိုက်ကြီးတွင် ဂီတပညာကို ဆည်းပူးရန် ရည်မှန်းထားသူ ဖြစ်သည်။ သို့သော် အသက် ဆယ်ခုနှစ်နှစ် တွင် လီနင်ဂရက် အနုပညာသင် သိပ္ပံကျောင်း မှ အာကာဒီ၏ ကျောင်းဝင်ခွင့် လျှောက်လွှာကို ငြင်းပယ်ခဲ့သည်။
ထို့အတွက် မျှော်လင့်ချက်များ ပျက်ပြား၍ စိတ်ဓါတ် အကြီးအကျယ် ကျဆင်းသွားသော အာကာဒီသည် သူငယ်ချင်း ဖြစ်သူ ပူတင် နှင့် အတူ လီနင်ဂရက် တက္ကသိုလ်တွင်သာ ပညာဆက်လက် ဆည်းပူးခဲ့သည်။ သူတို့ နှစ်ယောက် ဘွဲ့ရလျှင်ရခြင်းပင် ကေဂျီဘီ၏ စည်းရုံး သိမ်းသွင်းခြင်းကို ခံခဲ့ရသည်။ ကေဂျီဘီ၏ ဘာသာ စကားသင် ကျောင်းတွင် အပတ်တကုတ် လေ့လာသင်ယူခဲ့ပြီးနောက် Red Banner Institute ခေါ် စပိုင် ကျောင်းတိုက်ကြီးတွင် ဆက်လက် လေ့လာသင်ယူခဲ့ကြရပြန်သည်။
ကျောင်းဆင်းသည်နှင့် ထောက်လှန်းရေး အရာရှိ ပူပူနွေးနွေး ပင် ရှိသေးသည့် သူတို့ နှစ်ဦးကို အရှေ့ဂျာမဏီသို့ တာဝန်ပေး စေလွှတ်လိုက်သည်။
ပူတင်အား အရှေ့ဂျာမဏီရှိ တောမကျ မြို့မကျ ဒရက်စဒင် တွင် တာဝန်ချထားပေးခဲ့ပြီး အာကာဒီကတော့ အရှေ့ဘာလင် မြို့တော်ကြီးတွင် တာဝန်ပေးခံခဲ့ရသည်။ အာကာဒီသည် ပူတင်လို ချောင်ထိုး မခံရဘဲ အနောက်တိုင်း လူ့အဖွဲ့အစည်း အား တစစီ ဆွဲဖြိုချရန် ရည်ရွယ်သည့် ဝါဒဖြန့်ချီရေး၊ သတင်းမှားများ ထုတ်လွှင့်ရေး၊ အဖျက်အမှောင့် လုပ်ငန်းများ၊ အုပ်ချုပ်သူ မှန်သမျှ အပေါ် အကောင်းမြင်လေ့ မရှိသည့် အနောက်နိုင်ငံများ မှ လက်ယာစွန်း၊ လက်ဝဲစွန်း ဝါဒ သမားများ ကို သိမ်းသွင်းခြင်း အစရှိသည့် တို့တွင် ထဲထဲဝင်ဝင် လုပ်ကိုင်ခွင့် ရခဲ့သည်။
အာကာဒီ နှင့် အရှေ့ဂျာမဏီ ထောက်လှမ်းရေး စတာဆီ သည် အာရပ်အကြမ်းဖက် သမားများအား လက်နက် နှင့် ငွေကြေး ထောက်ပံ့ခဲ့သည်။ ထိုအထဲတွင် ပီအယ်အို ခေါ် ပါလက်စတိုင်း လွတ်မြောက်ရေး အဖွဲ့၊ ပါလက် စတိုင်း လွတ်မြောက်ရေး ပြည်သူ့တပ်ဦး အဖွဲ့တို့လည်း ပါဝင်သည်။
၁၉၈၆ ဧပြီလ တွင် အနောက်ဘာလင် ရှိ La Belle ဒစ္စကို ကလပ် ဗုံးခွဲမှု ကျူးလွန်ခဲ့ကြသည့် လစ်ဗျားခေါင်း ဆောင် ကဒါဖီ မှ စေလွှတ်လိုက်သူများကို အာကာဒီမှ တာဝန်ယူ၍ ဖေါက်ခွဲရေး ပစ္စည်းများ ပံ့ပိုး ပေးခဲ့ရသည်။ သို့သော် ကျွမ်းကျင် ပါးနပ်စွာ လုပ်ကိုင်နိုင်ခဲ့၍ ဘာလင် တံတိုင်း ပြိုလဲသွားပြီးနောက်ပိုင်း ဖေါ်ထုတ်ရရှိခဲ့သည့် စတာဆီ၏ ဖိုင်များထဲတွင် အာကာဒီ၏ အမည်သည် တစွန်းတစမျှပင် ပါရှိခဲ့ခြင်း မရှိပေ။
ဘာလင် တံတိုင်းကြီး ပြိုလဲသွားပြီးနောက်တွင် အာကာဒီနှင့် ပူတင် တို့နှစ်ဦးသည် သူတို့ မွေးရပ်မြေ လီနင် ဂရက်သို့ ပြန်လာခဲ့ကြသည်။ ဆိုဗီယက်သည် သူတို့ အရှေ့ဂျာမဏီ သို့ သွားခဲ့သည့် အချိန်ကလို မဟုတ်တော့ဘဲ အခြေအနေ များ အဆမတန် ဆိုးဝါးလာနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။
ကုန်စုံဆိုင်များတွင် လူတန်းရှည်ကြီး ဖြစ်လာနေပြီး ဆူပါမားကက်များရှိ စင်များ ပေါ်တွင်လည်း ဟာလာ ဟင်းလင်း ဖြစ်နေသည်က များပေသည်။ ၎င်းတို့ ပြန်ရောက်ပြီး လေးလ အကြာ ၁၉၉၁ ဒီဇင်ဘာလတွင် ကေဂျီဘီရှိ စိတ်မာခက်ထန်သည့် အရာရှိများ ဦးဆောင်သည့် အာဏာသိမ်းပွဲ ပျက်ပြားခဲ့ရမှု နှင့် အတူ ဆိုဗီယက် ပြည်ထောင်စုသည် အပြီးအပိုင် ချုပ်ငြိမ်းသွားခဲ့ရပေတော့သည်။
တခါက လွန်စွာ တန်ခိုးထွားခဲ့သည့် ကေဂျီဘီ သည်လည်းပြည်တွင်း လုံခြုံရေး နှင့် တန်ပြန် ထောက်လှန်းရေး အတွက် တာဝန်ယူရသော FSB နှင့် ကေဂျီဘီကဲ့သို့ပင် ပြည်ပ သူလျှို လုပ်ငန်းများ တာဝန်ယူရသည့် SVR ဟူ၍ နှစ်ဖွဲ့ ခွဲခံလိုက်ရသည်။
သို့သော် အာကာဒီနှင့် ပူတင် တို့ သည် ထောက်လှန်းရေး ဖက်တွင် ဆက်လက် အမှုထမ်းခြင်း မရှိတော့ဘဲ ၎င်းတို့ နှင့် အဆင်ပြေမည်ထင်သည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။ အာကာဒီသည် ရေနံလုပ်ငန်းများ ဖက်သို့ ရောက်သွားပြီး ပူတင်ကတော့ ၎င်းကို၎င်း ဒီမိုကရက် အရင့်အမာကြီးဟု ကြွေးကျော်ကာ တက္ကသိုလ်က ဆရာသမား ဖြစ်ခဲ့သူ လီနင်ဂရက် မြို့တော်ဝန် အနာတိုလီ ဆောဘ်ချက် ထံတွင် အနီးကပ် လူယုံအဖြစ် သွားရောက်လုပ်ကိုင်ခဲ့သည်။ မကြာမီမှာပင် လီနင်ဂရက်ကို မူလ အမည် စိန့် ပီတာစဘတ် အဖြစ် ပြောင်းလဲပြစ်ခဲ့ကြသည်။
ပူတင်သည်လည်း စိန့်ပီတာ စဘတ် အတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရှာဖွေရန် ဖွဲ့စည်းထားသည့် ပြည်ပ ဆက်ဆံရေး ကော်မတီ၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ စိန့် ပီတာစဘတ်တွင်တော့ ရာဇဝတ်မှုများက ထူပြောလာနေပြီ ဖြစ်သည်။ ၁၉၉၁ အတွင်းမှာပင် ရှည်လျားလာသော ဆောင်းရာသီနှင့် အတူ ရုရှားတွင် အငတ်ဘေး အန္တရာယ်ကြီး၏ ခြိမ်းခြောက်မှု နှင့် ရင်ဆိုင်လာနေရချိန်လည်း ဖြစ်သည်။
ပူတင်သည် ရုရှား၏ သဘာဝ သယံဇာတများ ဖြစ်သော ရေနံ၊ သစ်၊ တွင်းထွက် ပစ္စည်းအမျိုးမျိုး နှင့် အရေးတကြီး လိုအပ်လာနေသည့် စားသောက်ကုန်များ ဖြစ်သော အသား၊ သကြား၊ စာသုံးဆီများ နှင့် အလဲအလှယ် လုပ်ရသည့် သဘောတူ စာချုပ်များ ချုပ်ဆိုရသည့် တာဝန်ကို ယူခဲ့ရသည်။
နိုင်ငံ၏ တွင်းထွက်ပစ္စည်းများသာ ပြည်ပ ရောက်သွားသော်လည်း စားသောက်ကုန်ပစ္စည်းများက မဆိုသ လောက်သာ ရောက်လာခဲ့သည်။ ထို့အတွက် စုံစမ်းစစ်ဆေးမှု များ ပြုလုပ်ခဲ့ရာ အမြတ်အစွန်းများ မတန်တဆ ရရှိသွားသူသည် ပူတင်၏ သူငယ်ချင်း အရင်းအချာ ဖြစ်သည့် အာကာဒီ အာကီမော့ ပင် ဖြစ်သည်။
ရုတ်ခြည်း ချမ်းသာကြွယ်ဝလာသော အကာဒီသည် ယခင် ကေဂျီဘီ အရာရှိဟောင်များ၊ Spetnaz ခေါ် အထူး စစ်ဆင်ရေး အဖွဲ့ဝင်များကို ခေါ်ယူကာ စိန့် ပီတာစဘတ် ဆိပ်ကမ်းများကို ထိန်းချုပ်နိုင်ရေးအတွက် တမ်ဘော့ မာဖီးယား အဖွဲ့နှင့် လမ်းပေါ်တိုက်ပွဲများ ဆင်နွှဲလာခဲ့သည်။
အာကာဒီသည် အချိန်အနည်းငယ်အတွင်းမှာပင် ရုရှား၏ အထင်ကရ ရေနံ ကုန်သည်ကြီး ဖြစ်လာခဲ့သည်။ ရရှိသော အမြတ်အစွန်းများဖြင့် ရေအိုင်ကြီး ဘေးရှိ မြေကွက်လပ်များကို ဝယ်ယူပြီး ဒါချာ ခေါ် အပန်းဖြေ အိမ်များ ဆောက်လုပ်ကာ ပူတင်အပါအဝင် သူ၏လူများ ဖြစ်သော ကေဂျီဘီ အရာရှိဟောင်းများကို ပေးခဲ့သည်။
ကေဂျီဘီ အရာရှိဟောင်းများ နှင့် ပူတင်၊ အာကာဒီတို့သည် ထိုအပန်းဖြေ အိမ်များသို့ မိသားစုများ နှင့် အတူ မကြာခဏ ရောက်ရှိလာကြကာ ရုရှားတနိုင်ငံလုံးကို ထိန်းချုပ်ပြီး ယခင် အင်အားကြီး နိုင်ငံဘဝ ပြန်ရောက်ရန် ဆွေးနွေး တိုင်ပင် ခဲ့ကြသည်။ ပထမဦးဆုံး သူတို့ကိုယ် သူတို့ ဘယ်သူမှ မယှဉ်နိုင်အောင် ချမ်းသာကြွယ်ဝသူများ အဖြစ် ရောက်ရှိအောင် အရင်လုပ်ပြီးနောက် အမေရိကန် နှင့် အနောက်နိုင်ငံများအပေါ် ဆိုဗီယက် ပြည်ထောင် စုကြီး ပျက်စီးရာ ပျက်စီးကြောင်း လုပ်ခဲ့မှု အတွက် လက်စားချေရန်ပင် ဖြစ်သည်။
မိသားစုဆို၍ ပူတင်သည် ၁၉၈၃ တွင် လေယာဉ်မယ် လုဒ်မီလာ နှင့် ၁၉၈၃ တွင် လက်ဆက်ခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့သည်။ ၂၀၁၃ တွင် ကွာရှင်း ပြတ်စဲခဲ့ကြသည်။
ပူတင်သည်လည်း ၁၉၉၆ ဇွန်လ တွင် ကရင်မလင်သို့ ပြည်ပရှိ အစိုးရပိုင် ပစ္စည်းများကို စီမံခန့်ခွဲရသည့် မထင်မရှား ဌာနတခု၏ အကြီးအကဲ အဖြစ် ရောက်ရှိလာခဲ့သည်။ နောက်ပိုင်းတွင် အာကာဒီ နှင့် ကေဂျီဘီ အရာရှိဟောင်းများ၏ အကူအညီဖြင့် ပူတင်သည် ရာထူး အဆင့်ဆင့် တိုးမြှင့်လာခဲ့သည်။ သမ္မတရုံးဝန်ထမ်း အဖွဲ့၏ ဒုတိယ အကြီးအကဲ၊ FSB ထောက်လှန်းရေး အဖွဲ့ အကြီးအကဲ နှင့် ၁၉၉၉ ဩဂုတ်လတွင် ရုရှား ဖက်ဒရေးရှင်း၏ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ သမ္မတ ရာထူးသို့ ထပ်မံတက်လှန်းနိုင်ဖို့က ကြိမ်းသေနေပြီ ဖြစ်သည်။
ပူတင် ဝန်ကြီးချုပ် ဖြစ်ပြီး တလ အကြာ စက်တင်ဘာ ၅ ရက်နေ့တွင် ဒါဂျီစတန် သမ္မတ နိုင်ငံငယ်လေးတွင် ပထမဆုံး အကြိမ် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ ပစ်မှတ်သည် ရုရှား စစ်သားများ နှင့် မိသားစုများ နေထိုင်ရာ တိုက်တန်းလျား တခုမှာပင် ဖြစ်သည်။ လေးရက်အကြာတွင် မော်စကို ရှိ ဂူရာနိုဗာ လမ်းတွင် နောက်ထပ် တိုက်တန်းလျား တခု၌ ဗုံးခွဲခံခဲ့ရုံးပြန်သည်။ ထိုသို့ ဗုံးခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှစ်ခု တွင် သေဆုံးသွားသည့် အရည်အတွက် သည် ၁၅၈ ဦး ဖြစ်ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိသွားခဲ့သည်။ လက်သည်အဖြစ် ချီချင် ခွဲထွက်ရေးသမားများကို အပြစ်ဖို့ခဲ့ကြသည်။
နောက်ထပ် ဗုံးနှစ်လုံးသည် တပတ်ခြားပြီး ဆက်တိုက်ဆိုသလို ပေါက်ကွဲခဲ့ပြန်သည်။ ပထမ ဗုံးသည် မော်စကို တွင် ဖြစ်ပြီး နောက် ဗုံးတလုံးသည် တောင်ပိုင်းရှိ ဗော်ဂိုဒွန်စ် တွင် ဖြစ်သည်။ တနိုင်ငံလုံးလည်း တုန်လှုပ် ချောက်ချားကုန်ပြီ ဖြစ်သည်။ ထိုအချိန်တွင် ကာဇာတ်စတန်သို့ တရားဝင်ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် ပူတင်သည် မိမိအနေဖြင့် အမြန်ဆုံး နှင့် အရက်စက်ဆုံး တုန့်ပြန်သွားမည်ဟု နိုင်ငံသားများကို ကတိပေးစကား ဆိုလာခဲ့သည်။
တကယ်တမ်းတွင် ချီချင် ခွဲထွက်ရေး သမားများ လက်ချက်မဟုတ်ဘဲ အာကာဒီ အာကီမော့ မှ စီစဉ်ခဲ့ပြီး FSB အဖွဲ့မှ တာဝန်ယူ ဖေါက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ ထိုသို့ ဖန်တီးနိုင်ခဲ့သဖြင့် ချက်ညာတွင် စစ်ပွဲအရှိန် မြင့်တက်လာပြီး ပူတင် အပေါ် လူကြိုက်များမှုလည်း တဟုန်ထိုး မြင့်တက် သွားခဲ့ ပေတော့သည်။ ဒီဇင်ဘာလတွင် အရက်နာကျပြီး မကျန်းမမာ ဖြစ်လာသော သမ္မတ ဘော်ရစ်ယဲဆင် သည် ရာထူးမှ နှုတ်ထွက်ကြောင်း ကြေညာကာ သူ့နေရာအား ဆက်ခံရန် ပူတင်ကို ရွေးချယ်ခဲ့ပြီး ရွေးကောက် ပွဲများ ကျင်းပပေးခဲ့သည်။ ထိုအခါတွင်လည်း အာကာဒီတို့ အဖွဲ့ကပင် ပူတင် အရွေးခံရအောင် ကူညီခဲ့ကြ ပြန်သည်။
ဤသို့ဖြင့် ၎င်းတို့ စီမံချက်၏ ပထမအဆင့်သည် အောင်မြင်စွာ ပြီးစီးသွားခဲ့ပေတော့သည်။ အာကာဒီ နှင့် ကေဂျီဘီ အရာရှိဟောင်းကြီးများက သူတို့၏ အတွင်းလူကို ကရင်မလင် နန်းတော်ကြီးထဲသို့ အရောက်ပို့ ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ဒုတိယ အဆင့် အဖြစ် ရုရှားတွင် အချမ်းသာဆုံး အဖြစ်သို့ ရောက်အောင် လုပ်ကာ အနောက်အုပ်စုကို လက်စားချေဖို့ပင် ဖြစ်သည်။
ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!
(Daniel Silva ၏ The Cellist မှ အချက်အလက်များ ကို အများဆုံး ကိုးကားသည်)
လှစိုးဝေ

