မင်းအောင်လှိုင်သမ္မတလုပ်ခါနီးမှာ ရုတ်တရက် ရှင်းလင်းခံလိုက်ရတဲ့ မြင့်ဆွေ
၂၀၂၅ ခုနှစ် ဩဂုတ်လ ၇ ရက် မနက် ၈ နာရီ ၂၈ မိနစ်မှာ ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ နေပြည်တော် အမှတ်(၂) တပ်မတော်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ အသက် ၇၄ နှစ် ရှိပါပြီ။ စစ်ကောင်စီက နိုင်ငံတော်ဈာပနနဲ့ မြှုပ်နှံပြီး ဩဂုတ်လ ၇ ရက်ကနေ ၁၁ ရက်အထိ ၅ ရက် ဝမ်းနည်းကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ တကယ့်ဇာတ်လမ်းက ကွယ်လွန်ခြင်းမှာ မဟုတ်ပါဘူး။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်၊ ယာယီသမ္မတတာဝန်ကနေ ရုတ်တရက် ဖယ်ရှားခံလိုက်ရတဲ့နေ့မှာ ဖြစ်ပါတယ်။
၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက် မန္တလေးမြို့မှာ မွေးဖွားတဲ့ မြင့်ဆွေဟာ မွန်လူမျိုး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်းပါ။ ၂၀၀၄ ခုနှစ်မှာ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကို ဖယ်ရှားရာမှာ သန်းရွှေရဲ့ အမိန့်နဲ့ ဦးဆောင်ခဲ့သူ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ့အရေးအခင်းကို ဖြိုခွင်းရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ၂၀၁၁ ကနေ ၂၀၁၆ အထိ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ၂၀၁၆ ကနေ ဒုတိယသမ္မတ (၁) — စစ်အုပ်စုရဲ့ သစ္စာရှိလက်ရွေးစင် တစ်ဦးဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းတဲ့နေ့မှာ သူဟာ ယာယီသမ္မတ ဖြစ်လာခဲ့ပါတယ်။ ပြီးတော့ အဲဒီနေ့မှာပဲ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအာဏာ အားလုံးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လွှဲအပ်ခဲ့ပါတယ်။ အာဏာသိမ်းမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖုံးအုပ်ပေးတဲ့ တရားဝင်မှုတံဆိပ်ပေါ့။
သုံးနှစ်ခွဲကြာ သူဟာ ယာယီသမ္မတအဖြစ် ဆက်နေခဲ့ပါတယ်။ ၆ လတစ်ကြိမ် အရေးပေါ်အခြေအနေ သက်တမ်းတိုးတဲ့ အမိန့်တွေမှာ လက်မှတ်ထိုးပေးရုံ၊ စစ်ကောင်စီလိုအပ်တဲ့ စာရွက်စာတမ်းမှန်သမျှကို လက်မှတ်ထိုးပေးတဲ့ ရာဘာတံဆိပ်ပါပဲ။ နိုင်ငံရေးအကဲခတ်တွေက သူ့ကို သန်းရွှေနဲ့ မင်းအောင်လှိုင်တို့ရဲ့ ရုပ်သေးအဖြစ် သုံးသပ်ခဲ့ကြပါတယ်။
၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ သူ့မှာ အာရုံကြောနှေးကွေးတုန့်ဆိုင်းရောဂါ၊ ပါကင်ဆန်ရောဂါ စတင်ခံစားလာရတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၅ ရက်ကနေ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံမှာ ကုသခဲ့ပြီး၊ မေလ ၂၇ ရက်ကနေ ဇွန်လ ၁၈ ရက်အထိ နေပြည်တော် ခုတင် ၁၀၀၀ စစ်ဆေးရုံကြီးမှာ ဆက်လက်ကုသခဲ့ပါတယ်။
ပြီးတော့ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်။ ရုတ်တရက်ပဲ သူ့ရဲ့ ယာယီသမ္မတတာဝန်တွေကို ကျန်းမာရေးမကောင်းလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ မင်းအောင်လှိုင်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနေ့ကစပြီး မင်းအောင်လှိုင်ဟာ ယာယီသမ္မတ တာဝန်ကို ယူသွားခဲ့ပါတယ်။ ဝေဖန်သူတွေက ဒီလွှဲပြောင်းမှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ ထောက်ပြခဲ့ကြပေမဲ့၊ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဥပဒေနဲ့ ညီတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီနေရာမှာ မေးခွန်းထုတ်စရာ ရှိပါတယ်။ ဘာလို့ အဲဒီအချိန်ကျမှာလဲ။ မြင့်ဆွေဟာ တစ်နှစ်ခွဲကျော်ကြာ နေမကောင်းဖြစ်နေတာပါ။ ဒါပေမဲ့ မင်းအောင်လှိုင်ဟာ သူကိုယ်တိုင် ယာယီသမ္မတဖြစ်ဖို့ လိုအပ်လာတဲ့ အချိန်ကျမှ၊ အရေးပေါ်အခြေအနေကို ကိုယ်တိုင်သက်တမ်းတိုးပြီး အာဏာကို ကိုယ်တိုင်စုစည်းဖို့ လိုလာတဲ့အချိန်ကျမှ မြင့်ဆွေကို ဖယ်ရှားခဲ့တာပါ။ နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်ကတော့ ရှင်းပါတယ်။ သမ္မတအိပ်မက်ကို အကောင်အထည်ဖော်ဖို့ လမ်းမှာ ဆီးနေတဲ့ အတားအဆီးကို ရှင်းလင်းလိုက်တာပဲ ဖြစ်ပါတယ်။
တာဝန်လွှဲပြောင်းပြီးတဲ့နောက်မှာ မြင့်ဆွေဟာ လူမြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်သွားခဲ့ပါတယ်။ တစ်နှစ်ကျော်ကြာ သူ့ရဲ့ သတင်း၊ သူ့ရဲ့ ပုံရိပ် ဘာတစ်ခုမှ မထွက်ပေါ်လာတော့ပါဘူး။ အသက်ရှင်နေသေးလား၊ ဘယ်မှာလဲဆိုတာတောင် လူအများ မသိခဲ့ကြပါဘူး။
၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ သူဟာ စစ်ဆေးရုံကို ပြန်လည်တက်ရောက် ကုသခဲ့ရပါတယ်။ ဩဂုတ်လ ၅ ရက်မှာ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာလုံက သတင်းထုတ်ပြန်ခဲ့ပြီး၊ ဩဂုတ်လ ၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဩဂုတ်လ ၁၁ ရက်မှာ နိုင်ငံတော်ဈာပန အခမ်းအနားနဲ့ နေပြည်တော် တပ်မတော်စစ်သင်္ချိုင်းမှာ မြှုပ်နှံခဲ့ပါတယ်။
ပြီးတော့ ၂၀၂၆ ခုနှစ် ဧပြီလမှာ မင်းအောင်လှိုင်ဟာ ထောက်ခံမဲ ၄၂၉ မဲနဲ့ ၁၁ ဦးမြောက် သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါတယ်။ လမ်းရှင်းသွားပါပြီ။ ရှေ့မှာ ဆီးနေသူ မရှိတော့ပါဘူး။
မြင့်ဆွေရဲ့ ဘဝက စစ်အုပ်စုကို သစ္စာခံသူတွေရဲ့ အဆုံးသတ်ကို ပြသနေပါတယ်။ လိုအပ်တဲ့အချိန်မှာ သုံးတယ်၊ မလိုအပ်တော့တဲ့အချိန်မှာ ဖယ်ရှားတယ်။ အာဏာသိမ်းမှုကို တရားဝင်အောင် လက်မှတ်ထိုးပေးခဲ့သူကို နောက်ဆုံးမှာ ကျန်းမာရေးဆိုတဲ့ စကားလုံးတစ်လုံးနဲ့ သမိုင်းစာမျက်နှာကနေ ဖယ်ထုတ်လိုက်တာပါပဲ။
credit-မေမ့နဲ့(Do not forget)

မှတ်ချက်များ
Post a Comment