အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး
အမေရိကန်နိုင်ငံအပါအဝင် ဗြိတိန်၊ ကနေဒါနှင့် ဩစ တြေးလျနိုင်ငံတို့က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင် စစ် ကောင်စီအဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းတချို့နှင့် လေ ယာဉ်ဆီ တင်သွင်းရောင်းချပေးသော Asia Sun ကုမ္ပဏီတို့ကို အရေး ယူပိတ်ဆို့မှုများကို ထပ်မံ လုပ်ဆောင်လိုက်သည်။ အဆိုပါ ဒဏ်ခတ်အရေးယူမှုတွင် ဗြိတိန်အစိုးရက မြန်မာ့လေတပ်အတွက် လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသည့် Asia Sun Group ရှိ Asia Sun Trading ကုမ္ပဏီနှင့် ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းထွန်း၊ တဦးတည်းအစုရှယ်ယာရှင် ဦးဝင်းကျော် ကျော်အောင် တို့ကို ဇန်နဝါရီ ၃၁ရက်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က “ ဒီလို ပိတ်ဆို့ အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေ အရင်း အမြစ် လက်လှမ်းရရှိနိုင်မှု လောင်စာ ဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာ အရင်းအမြစ် လက်လှမ်း ရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက်အခံ အင်အားစုတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေ ကြောင်း တိုက်ခိုက်မှုတွေကနေတဆင့် အကြမ်းဖက်တာ၊ လူ့အခွင့်အရေးကို ရှက်ရွံ့မှု မရှိ၊ ပြောင်ပြောင်တင်းတင်း ချိုး ဖောက်ထားတာတွေအတွက် စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ် ” ဟုလည်း ဆိုထားသည်။ ကနေဒါနိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုတွင် ရန်ကုန်တိုင်း နှင့် စစ်ကိုင်းတိုင်းမှူးများနှင့် ဒုဗိုလ်ချုပ်ကြီး အပါ အဝင် စစ်ကောင်စီ၏ ဗိုလ်ချုပ်နှင့်တိုင်းမှူး အစရှိသည့် လူပုဂ္ဂိုလ် ၆ ဦးအမည်ကို ထပ်မံထည့်သွင်း၍ ပိတ်ဆို့အရေးယူလိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ကြေညာထားသည်။ ထို့ပြင် မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်သွင်းခြင်း၊ ရောင်းချခြင်း၊ ပံ့ပိုးခြင်း၊ ပို့ဆောင်ခြင်း တို့အပေါ် တားမြစ်ချက်အသစ် တရပ် ထုတ်ပြန်သည်။ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက “ မြန်မာပြည်သူတွေအတွက် စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီရရှိဖို့ စစ်တပ်ကို ဖိအားပေးသွားမှာပါ ” ဟု ပြောဆိုကြောင်း ကနေဒါသံရုံး ( မြန်မာ ) က ထုတ်ပြန်ထားသည်။ ထို့ပြင် အမေရိကန်နိုင်ငံ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ကလည်း ပူးတွဲဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ခဲ့သလို အဆိုပါ ပိတ်ဆို့မှုများတွင် စစ်ကောင်စီ၏ ရွေကောက်ပွဲ ကော်မရှင်၊ သတ္တု တွင်းလုပ် ငန်း ( ၁ ) ၊ သတ္တုတွင်းလုပ်ငန်း ( ၂ ) ၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ညွှန်ချုပ် ဦးအောင်မင်း၊ ဒုညွှန်ချုပ် ဦးသန်းမင်း၊ ခရိုနီ ဦးတေဇ၏သမီးဖြစ်သူ ထူးထွေးတေဇ ( ခေါ် ) ရေချယ်တေဇ၊ ဒုတိယ ဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ ( ဘူးလက် ) တို့လည်း ပါဝင်ခဲ့ သည်။ ယခင်က အရေးယူ ဒဏ်ပိတ်ဆို့မှုများတွင် မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းပေးသူများ၊ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ၊ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ သူများကိုသာ အရေးယူဒဏ်ပိတ်ဆို့မှုများ လုပ် ဆောင်ခဲ့သော်လည်း ယခုတွင် ညွှန်ကြားရေးမှူးချုပ် အဆင့် ဝန်ထမ်းများနှင့် ဘူးလက်လှဆွေတို့ပါ အရေးယူဒဏ် ခတ် ပိတ်ဆို့လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အနောက်နိုင်ငံများက စစ်ကောင်စီအပေါ်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင် လာသော်လည်း စစ်ကောင်စီအတွက် နိုင်ငံခြားငွေအဓိကရှာပေးနေသော မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) မပါဝင်သေး သည့်အတွက် ထိရောက်သည့် အရေးယူ ပိတ်ဆို့မှုမဖြစ်ကြောင်း “ သွေးစွန်းငွေလှုပ်ရှားမှုအရေး ” ဆောင်ရွက်နေသူတဦးက ဧရာဝတီသို့ ပြောသည် ၎င်းက ဆက်လက်၍ “ အရေးယူပိတ်ဆို့မှုတိုင်းကို ကျမတို့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအပေါ်ကို အမှန် တကယ် ထိရောက်မယ့် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီးတော့ လိုအပ်နေပါသေးတယ်။ MOGE ကို အရေးယူ ပိတ်ဆို့မှု လုပ် လာနိုင်ဖို့ နိုင်ငံတကာကို ကျမတို့ ထပ်ပြီး တောင်းဆိုသွားနေဦးမှာပါ ” ဟု ပြောဆိုသည်။ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ရန် မဖြစ်တော့ဟုဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး နိုင်ငံစုံ ကုမ္ပဏီကြီးများဖြစ်သော ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန် ကုမ္ပဏီ Chevron နှင့် ဩစတြေးလျကုမ္ပဏီ Woodside တို့က ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းပြီး ထွက်ခွာ တော့မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက အသီးသီး ကြေညာခဲ့ကြသည်။ ထို့သို့ နိုင်ငံခြား စွမ်းအင်နှင့် ရေနံကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းကြောင့် MOGE ကို အနောက် နိုင်ငံများက အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်လာနိုင်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ မျှော်လင့်နေကြ သော်လည်း လက်ရှိအချိန်အထိ MOGE ကို အရေးယူပိတ်ဆို့မှုများ မလုပ်ဆောင်သေးပေ။ စီးပွားရေး လေ့လာသုံးသပ်သူတဦးက “MOGE တိုက်ရိုက် ဆန်ရှင် မလုပ်သေးပေမယ့် MOGE ကို အဓိကဦးဆောင်လုပ်တဲ့ အရာရှိတွေကို ဆန်ရှင်လုပ်တာကလည်း စစ်ကောင်စီအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဒီအရာရှိတွေကြား လုပ်ငန်း လုပ်ပိုင်ခွင့် သဘောတူစာချုပ်တွေမှာ လက်မှတ် ရေးထိုးလို့ မရနိုင်တာမျိုးတွေပေါ့ ” ဟု ပြော ဆိုသည်။ အနောက်နိုင်ငံများ၏ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး၊ စစ်တပ်က ခန့်ထားသည့် အစိုးရအဖွဲ့ဝင် ၄ ဦး အပါအဝင် ဒဏ်ခတ် အရေးယူခံထားရသည့် မြန်မာစစ်ခေါင်းဆောင်များ၏ ဇနီးနှင့် သားသမီး ၁၅ ဦး စုစုပေါင်း လူပုဂ္ဂိုလ်၂၂ ဦး အထိရှိနေသည်။ ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနလက်အောက်ခံ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း အပါအဝင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့လည်း ပါဝင်သည်။ ( ဧရာဝတီ )
မျှဝေရန် —
Facebook ·
X ·
Telegram ·
🔗 လင့်ခ်ကူးရန်
မှတ်ချက်များ
Post a Comment