၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များစာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်
ဧရာဝတီ ၊ ဇန်နဝါရီ ၅ ၊ ၂၀၂၃ ။
အမေရိကန်အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာနေသည့် Council on Foreign Relations အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏စာရင်းတွင် ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ စာရင်းထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းစသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။
ဦးဖြိုးဇေယျာသော်အား နိုင်ငံရေးသမား ၊ ဟစ်ဟော့အဆိုတော် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖြစ် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ နံပါတ် ၆ ယောက်နေရာတွင် ဖော်ပြထားသည်။ ယခင်ကာလတည်းကပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးနောက် Generation Wave ဟုခေါ်သော မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူထဲတွင် တဦးအပါအဝင် ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူလည်း ဖြစ်သည်။
ဟစ်ဟော့ဂီတအဖွဲ့ ACID ၏အဖွဲ့ဝင်လည်းဖြစ်၊ NLD ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကျော်မင်းယု (ခေါ်)ကိုဂျင်မီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို အာဆီယံ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ တို့မှ ကန့်ကွက်နေသည့်ကြားက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခဲ့ကြကြောင်း စစ်ကောင်စီလက်အောက်ခံ သတင်းစာများမှတဆင့် ထုတ်ပြန်ခဲ့သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup


မှတ်ချက်များ
Post a Comment