နောက်ဆုံးရ

အမေရိကန် ရွေးကောက်ပွဲစနစ် သိကောင်းစရာ — Senate၊ House နဲ့ ၂၀၂၆ လက်ရှိအခြေအနေ

ရဲရင့်ငယ် — ၃ နိုဝင်ဘာ ၂၀၂၆

ဒီနေ့ (နိုဝင်ဘာ ၃) ဟာ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲနေ့ပါ။ သမ္မတကို မဲပေးရတဲ့ နေ့မဟုတ်ပါဘူး — လွှတ်တော်နဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို မဲပေးရတဲ့ နေ့ပါ။ ဒီပို့စ်က အမေရိကန် ရွေးကောက်ပွဲစနစ်ကို အခြေခံကနေ ရှင်းပြပြီး ၂၀၂၆ လက်ရှိအခြေအနေကို ဖော်ပြထားတာပါ။ ရလဒ်တွေ ဒီညမှ ထွက်လာမှာဖြစ်လို့၊ ဒီပို့စ်မှာ ရလဒ် မပါသေးပါဘူး။

စနစ် အခြေခံ — လွှတ်တော် နှစ်ရပ်

အမေရိကန် လွှတ်တော်မှာ အပိုင်း နှစ်ပိုင်း ရှိပါတယ်။ အထက်လွှတ်တော် (Senate) မှာ အမတ် ၁၀၀ ရှိပြီး ပြည်နယ် တစ်ပြည်နယ်ကို ၂ ဦးစီ ပေးထားပါတယ် — လူဦးရေနဲ့ မဆိုင်ပါဘူး။ အမတ် သက်တမ်းက ၆ နှစ်ဖြစ်ပြီး ၂ နှစ်တစ်ကြိမ် သုံးပုံတစ်ပုံလောက် လဲလှယ်ပါတယ်။ အောက်လွှတ်တော် (House) မှာတော့ အမတ် ၄၃၅ ဦး ရှိပြီး လူဦးရေပေါ် မူတည်ပြီး ပြည်နယ်တွေကို ခွဲဝေပေးပါတယ်။ အမတ် သက်တမ်းက ၂ နှစ်ပဲ ရှိလို့ ၂ နှစ်တစ်ကြိမ် အားလုံး ပြန်မဲပေးရပါတယ်။

ဥပဒေတစ်ခု ဖြစ်ဖို့ လွှတ်တော်နှစ်ရပ်လုံးက အတည်ပြုရပြီး သမ္မတက လက်မှတ်ထိုးရပါတယ်။ သမ္မတက ဗီတိုအာဏာနဲ့ ပယ်ချနိုင်တယ် — အဲဒါကို ပယ်ဖျက်ဖို့ လွှတ်တော်နှစ်ရပ်လုံးမှာ ၃ ပုံ ၂ ပုံ လိုပါတယ်။

လဲလှယ်တယ်ဆိုတာ ဘာလဲ၊ ဘာလို့ လဲလှယ်ရတာလဲ

လဲလှယ်တယ်ဆိုတာ အထက်လွှတ်တော်အမတ် ၁၀၀ လုံးကို တစ်ပြိုင်နက် ပြန်မဲပေးရတာမျိုး မဟုတ်ဘဲ၊ ၂ နှစ်တစ်ကြိမ် သုံးပုံတစ်ပုံလောက်ပဲ ပြန်မဲပေးရတာကို ပြောတာပါ။ အမတ်တွေကို အတန်း ၃ တန်း (Class I, Class II, Class III) ခွဲထားပါတယ် — တစ်တန်းကို ၃၃ ဦး သို့မဟုတ် ၃၄ ဦးပါ။ ဥပမာ ၂၀၂၆ မှာ Class II တန်း မဲပေးရတာဖြစ်ပြီး အထူးရွေးကောက်ပွဲ ၂ နေရာ (ဖလော်ရီဒါနဲ့ အိုဟိုင်းအိုး) ပါ ထပ်ပေါင်းလို့ စုစုပေါင်း ၃၅ နေရာ ဖြစ်သွားတာပါ။

ဘာလို့ ဒီလိုလုပ်ရသလဲဆိုတော့ တည်ငြိမ်မှုအတွက်ပါ။ အမတ် ၁၀၀ လုံးကို တစ်ပြိုင်နက် လဲလိုက်ရင် လွှတ်တော်မှာ အတွေ့အကြုံရှိသူ တစ်ယောက်မှ ကျန်မှာ မဟုတ်သလို၊ ဥပဒေတွေ၊ နိုင်ငံခြားရေးမူဝါဒတွေ ရုတ်တရက် လုံးဝ ပြောင်းလဲသွားနိုင်ပါတယ်။ သုံးပုံတစ်ပုံပဲ လဲလှယ်တော့ အမတ် သုံးပုံနှစ်ပုံက အတွေ့အကြုံနဲ့ ဆက်ရှိနေပြီး အလုပ်တွေ ဆက်သွားနိုင်ပါတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသူတွေက ရည်ရွယ်ပြီး ထည့်ထားတာပါ — ပြည်သူ့ဆန္ဒကို ၂ နှစ်တစ်ကြိမ် ထင်ဟပ်စေရင်း၊ အစိုးရကိုလည်း ရုတ်တရက် အပြောင်းအလဲကြီးကနေ ကာကွယ်ထားတာပါ။

အောက်လွှတ်တော်နဲ့ ယှဉ်ကြည့်ရင် ကွာခြားချက်က ရှင်းပါတယ် — အောက်လွှတ်တော်အမတ်တွေက သက်တမ်း ၂ နှစ်ပဲ ရှိလို့ ၂ နှစ်တစ်ကြိမ် အားလုံး ပြန်မဲပေးရပါတယ်။ အထက်လွှတ်တော်ကတော့ သက်တမ်း ၆ နှစ်နဲ့ လဲလှယ်စနစ်ကြောင့် ပိုတည်ငြိမ်ပြီး ရေရှည်စဉ်းစားနိုင်တဲ့ အဖွဲ့အဖြစ် ရည်ရွယ်ထားတာပါ။

ကြားဖြတ်ရွေးကောက်ပွဲ (Midterm) ဆိုတာ ဘာလဲ

သမ္မတ သက်တမ်း ၄ နှစ်ရဲ့ အလယ်မှာ လုပ်တဲ့ ရွေးကောက်ပွဲကို ကြားဖြတ်ရွေးကောက်ပွဲလို့ ခေါ်ပါတယ်။ သမ္မတကို မဲပေးစရာ မလိုပါဘူး။ ဒါပေမဲ့ လွှတ်တော်ကို ဘယ်ပါတီ ထိန်းချုပ်မလဲဆိုတာ ဆုံးဖြတ်ပေးလို့ အရေးကြီးပါတယ်။ သမိုင်းအရ ကြားဖြတ်ရွေးကောက်ပွဲတွေမှာ သမ္မတရဲ့ ပါတီက နေရာတွေ ဆုံးရှုံးတတ်ပါတယ် — ဒါကြောင့် ဒီနှစ်ရွေးကောက်ပွဲကို လူတွေ စောင့်ကြည့်နေကြတာပါ။

အရေးကြီးတဲ့ ဝေါဟာရများ

Filibuster — အထက်လွှတ်တော်မှာ ဥပဒေတစ်ခု မဲပေးခြင်းကို ကြန့်ကြာအောင် လုပ်တဲ့ နည်းပါ။ အဲဒါကို ကျော်ဖို့ ၆၀ မဲ လိုပါတယ်။ ဒါကြောင့် အများစု ၅၁ နေရာ ရှိရုံနဲ့ ဥပဒေတိုင်း ဖြတ်လို့ မရပါဘူး။

Reconciliation — ဘတ်ဂျက်နဲ့ အခွန်ဆိုင်ရာ ဥပဒေတွေကို filibuster မထိဘဲ ၅၁ မဲနဲ့ ဖြတ်နိုင်တဲ့ အထူးနည်းပါ။ တစ်နှစ်မှာ အကန့်အသတ်နဲ့ပဲ သုံးလို့ရပါတယ်။

Electoral College — သမ္မတကို တိုက်ရိုက် ပြည်သူ့မဲနဲ့ မရွေးပါဘူး။ ပြည်နယ်တိုင်းက ရွေးကောက်ပွဲအဖွဲ့ဝင်တွေ (elector) ကို ပေးပြီး အဲဒီအဖွဲ့က သမ္မတကို ရွေးပါတယ်။ ပြည်နယ်အများစုမှာ အနိုင်ရသူက elector အားလုံးကို ယူသွားပါတယ်။ ၂၀၂၆ ကြားဖြတ်မှာ ဒါ မပါပါဘူး — ၂၀၂၈ သမ္မတရွေးကောက်ပွဲမှာမှ ပါမှာပါ။

Toss-up — အနိုင်အရှုံး မသေချာတဲ့ ပြိုင်ပွဲပါ။ စစ်တမ်းတွေက အနီးကပ်နေပြီး ဘယ်ဘက် နိုင်မလဲ ကြိုမသိနိုင်ပါဘူး။

ပါတီစွဲမြေပုံ — အနီ၊ အပြာ၊ swing

အမေရိကန် ပြည်နယ်များ ပါတီစွဲမြေပုံ

မြေပုံမှာ အပြာရင့်က ဒီမိုကရက် အခိုင်အမာ၊ အပြာနုက ဒီမိုကရက်ဘက် ယိမ်းတယ်၊ ခရမ်းရောင်က swing၊ အနီနုက ရီပတ်ဘလစ်ကန်ဘက် ယိမ်းတယ်၊ အနီရင့်က ရီပတ်ဘလစ်ကန် အခိုင်အမာပါ။ အဝါရောင် အမှတ်ပါတဲ့ မိန်းနဲ့ ဗာမောင့်မှာ လွတ်လပ်သော အမတ်တွေ ရှိပါတယ် — Angus King (မိန်း) နဲ့ Bernie Sanders (ဗာမောင့်)၊ ၂ ဦးလုံးက ဒီမိုကရက်ဘက်နဲ့ ပူးပေါင်းပြီး မဲပေးတတ်ပါတယ်။

ပါတီစွဲဆိုတာ ပြောင်းလဲနိုင်ပါတယ်။ အရင်က swing ဖြစ်ခဲ့တဲ့ ဖလော်ရီဒါ၊ အိုဟိုင်းအိုးတို့က အခုဆို ရီပတ်ဘလစ်ကန်ဘက် ယိမ်းလာပြီ။ ဗာဂျီးနီးယား၊ ကော်လိုရာဒိုတို့ကလည်း ဒီမိုကရက်ဘက် ယိမ်းလာပြီ။ ဒါကြောင့် ဒီမြေပုံက လက်ရှိအခြေအနေ အကြမ်းဖျင်းပါ။

နေရာအရေအတွက် သတ်မှတ်ချက်များ

Senate နှင့် House နေရာအရေအတွက် သတ်မှတ်ချက်များ

အထက်လွှတ်တော်မှာ အများစုရဖို့ ၅၁ နေရာ လိုပါတယ်။ ၅၀-၅၀ ဖြစ်ရင် ဒုသမ္မတက မဲခွဲပေးပါတယ် — အခု ဒုသမ္မက ရီပတ်ဘလစ်ကန် JD Vance ဖြစ်လို့ ၅၀ နေရာပဲ ရရင် ဒီမိုကရက်ဘက်က ထိန်းချုပ်မှု မရပါဘူး။ filibuster ကျော်ဖို့ ၆၀၊ ၃ ပုံ ၂ ပုံ ရဖို့ ၆၇ လိုပါတယ်။ အောက်လွှတ်တော်မှာ အများစုရဖို့ ၂၁၈၊ ၃ ပုံ ၂ ပုံ ရဖို့ ၂၉၀ လိုပါတယ်။

၂၀၂၆ လက်ရှိအခြေအနေ

အထက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ၅၃၊ ဒီမိုကရက်ဘက် ၄၇ ရှိနေပါတယ်။ ဒီနှစ် အထက်လွှတ်တော် ၃၅ နေရာ မဲပေးရတာဖြစ်ပြီး အဲဒီထဲမှာ ရီပတ်ဘလစ်ကန်ကိုင်ထားတာ ၂၂ နေရာ၊ ဒီမိုကရက်ကိုင်ထားတာ ၁၃ နေရာ ရှိပါတယ်။ ဒီမိုကရက်တွေ အထက်လွှတ်တော်ကို ထိန်းချုပ်ဖို့ အသာ ၄ နေရာ လိုပါတယ်။

အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန် ၂၁၈၊ ဒီမိုကရက် ၂၁၄ ရှိနေပါတယ်။ အမတ် ၄၃၅ ဦးလုံး ပြန်မဲပေးရမှာဖြစ်ပြီး ဒီမိုကရက်တွေ ထိန်းချုပ်ဖို့ အသာ ၄ နေရာ လိုပါတယ်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ၃၆ နေရာလည်း ဒီနှစ် မဲပေးရပါတယ်။

ဒီည စောင့်ကြည့်ရမှာက ခရမ်းရောင် swing ပြည်နယ်တွေနဲ့ အနီးကပ် ပြိုင်ပွဲတွေပါပဲ — မြောက်ကယ်ရိုလိုင်းနား၊ မိန်း၊ မစ်ရှီဂန်၊ တက္ကဆပ်၊ အိုဟိုင်းအိုး၊ ကန်ဆက်၊ အိုင်အိုဝါ၊ နီဘရာစကာတို့လို နေရာတွေ။ ရလဒ်တွေ ထွက်လာရင် စစ်တမ်းဦးဆောင်မှုနဲ့ ယှဉ်ပြီး ပြန်တိုက်ကြည့်နိုင်ပါတယ်။

ထပ်ရှင်းပြစရာ ဝေါဟာရများ

ဗီတို (Veto) — သမ္မတက လွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို လက်မှတ်မထိုးဘဲ ပယ်ချတာပါ။ ပယ်ဖျက်ဖို့ လွှတ်တော်နှစ်ရပ်လုံးမှာ ၃ ပုံ ၂ ပုံ လိုပါတယ်။

အထူးရွေးကောက်ပွဲ (Special election) — အမတ် ရာထူးကနေ ထွက်တာ၊ ကွယ်လွန်တာ၊ တခြားရာထူးရသွားတာကြောင့် လစ်လပ်သွားတဲ့ နေရာကို သက်တမ်းမကုန်ခင် ဖြည့်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲပါ။ ၂၀၂၆ မှာ ဖလော်ရီဒါနဲ့ အိုဟိုင်းအိုးက အဲဒီလိုနေရာတွေပါ။

ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor) — ပြည်နယ်တစ်ပြည်နယ်ရဲ့ အကြီးအကဲပါ။ ပြည်နယ်ဥပဒေ၊ ဘတ်ဂျက်၊ အမျိုးသားအစောင့်တပ်တို့ကို ဦးဆောင်ပါတယ်။ ဒီနှစ် ၃၆ နေရာ မဲပေးရပါတယ်။

မူလရွေးကောက်ပွဲ (Primary) — ပါတီတစ်ခုထဲက ကိုယ်စားလှယ်လောင်းအများအပြားထဲက တစ်ယောက်ကို ရွေးတဲ့ အဆင့်ပါ။ Primary နိုင်မှ အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ရပါတယ်။

Gerrymandering — House မဲဆန္ဒနယ်မြေတွေကို တစ်ပါတီ အသာရအောင် ပုံဖော်ဆွဲတာပါ။ ဒါကြောင့် House ပြိုင်ပွဲတချို့က နယ်မြေဆွဲထားပုံကြောင့် ကြိုသိနေသလို ဖြစ်နေတတ်ပါတယ်။

Popular vote — ပြည်သူတွေ တိုက်ရိုက်ပေးတဲ့ မဲအရေအတွက် စုစုပေါင်းပါ။ သမ္မတရွေးကောက်ပွဲမှာ popular vote အနိုင်ရတိုင်း သမ္မတ ဖြစ်တာမျိုး မဟုတ်ပါဘူး — Electoral College က ဆုံးဖြတ်တာပါ။

Called / Projection နဲ့ အတည်ပြုရလဒ် — ဒီည သတင်းဌာနတွေက "X နိုင်ပြီ" လို့ ကြေညာတာက projection (ခန့်မှန်း) ပါ — မဲအရေအတွက်နဲ့ ခန့်မှန်းပြီး ခေါ်တာပါ။ တရားဝင် အတည်ပြုရလဒ်ကတော့ ပြည်နယ်တွေက မဲရေတွက်ပြီး ရက်သတ္တပတ်အကြာမှ ထုတ်ပြန်တာပါ။

Majority Leader / Minority Leader — အထက်လွှတ်တော်မှာ အများစုပါတီကို ဦးဆောင်သူက Majority Leader၊ အနည်းစုပါတီကို ဦးဆောင်သူက Minority Leader ပါ။ အစီအစဉ် ဘယ်ဥပဒေကို အရင်မဲပေးမလဲဆိုတာ Majority Leader က အဓိက ဆုံးဖြတ်ပါတယ်။

ရင်းမြစ်များ

https://www.congresscountdown.com/elections/2026

https://news.kalshi.com/p/how-many-senate-seats-are-up-for-reelection-in-2026

မျှဝေရန် — Facebook · X · Telegram ·

မှတ်ချက်များ

Post a Comment