ရဲရင့်ငယ် — ၂၈ အောက်တိုဘာ ၂၀၂၆
မူရင်းမှတ်တမ်း: Network for Democracy and Development (NDD), Documentation and Research Department, Mae Sot, Thailand
အပိုင်း ၆: https://www.yeyintnge.net/2026/10/blog-post_203.html
အပိုင်း ၇ ကို ဆက်လက် တင်ပြပါမယ်။
ဗိုလ်တင်လှသည် နအဖ စစ်ကောင်စီအဖွဲ့ဝင် မဖြစ်ခဲ့သော်လည်း စစ်ထောက်ချုပ်၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကြီး၏ ဥက္ကဋ္ဌ၊ တပ်မတော်ရေးရာဝန်ကြီး၊ ဒုတိယဝန်ကြီးချုပ် စသည့် နေရာကောင်းများကို ရရှိခဲ့သည်ကို တွေ့ရသည်။
သန်းရွှေ၏ တပည့်များနှင့် တွင်း (၁၊ ၂၊ ၃) အပြိုင်အဆိုင်
ဗိုလ်သန်းရွှေက သူ့တပည့် လက်မရွံ့လူသတ်သမားများကို အနီးတွင် ခေါ်ပြီး သူကောင်းပြု နေရာပေးလာသည့်အပေါ် နအဖ ထိပ်ပိုင်းခေါင်းဆောင်များထဲတွင် မကျေလည်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရှိရသည်။ နဂိုထဲကပင် တွင်း(၁) ဗိုလ်ခင်ညွန့်နှင့် တွင်း(၂) ဗိုလ်တင်ဦးတို့အကြား လုပ်ပိုင်ခွင့်အာဏာအတွက် တဦးနှင့်တဦး အပြိုင်အဆိုင် ဖြစ်နေသည်ကို ဗိုလ်သန်းရွှေက တွင်း(၃)ဆိုပြီး ဗိုလ်ဝင်းမြင့်ကိုပါ ထပ်ပြီး ထိုးထည့်ပေးလိုက်သည့်အတွက် တွင်း(၁၊ ၂၊ ၃)တို့အကြား အတွင်းကျိတ် စားခွက်လုပွဲသည် ပိုမို ပြင်းထန်လာခဲ့သည်။ ဗိုလ်ခင်ညွန့်ကတော့ ပါးနပ်သူပီပီ ဗိုလ်သန်းရွှေ တပည့်ရင်းများ၏ ခြေလှမ်းအမှားကို စောင့်ပြီး အပြတ်ချရန် ပြင်ဆင်ခဲ့သည်။ အဲဒီလို တဦးခြေလှမ်း တဦးကြည်ပြီး ဦးသူစားတမ်း၊ လည်သူစားတမ်း ယဉ်ကျေးမှုကို ကျင့်သုံးနေသည့် နအဖ အာဏာလုစစ်ကောင်စီအတွင်းတွင် စလယ်ဝင်ဖင်မမဲခင် ထင်ရှားသော အက်ကြောင်းများနှင့် အကွဲအပြဲများ ပေါ်ပေါက်လာခဲ့သည်ကို တွေ့ရသည်။
ပထမဆုံး ထွက်ခွာမှုများ — မြင့်အောင်၊ တင်ဦးနှင့် စစ်မောင်
အာဏာလုစစ်ကောင်စီထဲက ပထမဆုံး အရှင်ထွက် ထွက်ခဲ့ရသူမှာ ရတခ တိုင်းမှူး ဗိုလ်ချုပ် မြင့်အောင် (ကြည်း/၁၁၅၀၉) ဖြစ်သည်။ AIDS ရောဂါကြောင့် ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတွင် အနားပေးခံခဲ့ရသည်။ သူ့နေရာကို ကရခ တိုင်းမှူး ဗိုလ်ချုပ် စစ်မောင် (ကြည်း/၁၁၇၁၆)ကို ပြောင်းရွှေ့တာဝန်ပေးခဲ့သည်။ ဗိုလ်ချုပ် စစ်မောင်၏ ကရခ တိုင်းမှူးတာဝန်ကို တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ် အေးကြွေ (ကြည်း/၁၂၁၂၅)နှင့် အစားထိုးခန့်အပ်ခဲ့သည်ကို တွေ့ရသည်။ ဒုတိယနှင့် တတိယ အသေထွက် ထွက်ခဲ့ရသူ (၂)ဦးမှာ နအဖ တွင်း(၂)လည်းဖြစ်၊ အထူးစစ်ဆင်ရေးအဖွဲ့မှူးလည်းဖြစ်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)လည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (ကြည်း/၈၁၈၂) နှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် စစ်မောင်တို့ ဖြစ်ကြသည်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ မနက်စောစောတွင် ကရင်ပြည်နယ် ဘားအံမြို့အနီး သံလွင်မြစ်ထဲကို ထိုးကျပျက်စီးသွားခဲ့သည့် ရုရှားလုပ် MI-17 ရဟတ်ယာဉ်နှင့်အတူ ပါသွားပြီး သေဆုံးသွားခဲ့ကြသည်။
တနင်္သာရီတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် တိုင်းမှူး — ဗိုလ်ချုပ် သူရ သီဟသူရ စစ်မောင် | Photo-Facebook
တင်ဦး — တတိယ ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်
ဗိုလ်တင်ဦးသည် အဲဒီအချိန်က ဗိုလ်သန်းရွှေနှင့် ဗိုလ်မောင်အေးတို့ပြီးလျှင် မြန်မာ့တပ်မတော်ထဲတွင် တတိယ ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ် ဖြစ်သည်။ သေဆုံးချိန်တွင် အသက် (၆၇)နှစ် ရှိနေပြီဖြစ်သော်လည်း တပ်ချုပ်ကြီးနှင့် ဒုတပ်ချုပ်ကြီးတို့ကိုယ်စား တပြည်လုံးတွင်ရှိသည့်တပ်များကို စစ်ရုံးချုပ်ကနေ နေ့စဉ် ကွပ်ကဲညွှန်ကြားနေရသူ ဖြစ်သည်။ သူနှင့်အတူ သေဆုံးသွားခဲ့သည့် ဗိုလ်စစ်မောင်ကတော့ သူရ၊ သီဟသူရ ဆိုသည့် မြန်မာ့တပ်မတော်၏ သူရ သတ္တိဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ်များကို ရရှိထားသည့်အပြင် သူသေဆုံးသည့်အချိန်တွင် အသက်က (၅၀နှစ်) သာ ရှိသေးသည့်အတွက် အနာဂါတ် မြန်မာ့တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လောင်းအဖြစ် သတ်မှတ်လျာထားခံရသူတဦး ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (အတွင်းရေးမှူး ၂) | Photo-Facebook
ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (အတွင်းရေးမှူး ၂) — စင်မြင့်ထက်တွင် | Photo-Facebook
ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (အတွင်းရေးမှူး ၂) နှင့်သူ၏ဇနီး ဒေါ်ခင်သန်းနွဲ့ | Photo-Facebook
ဒီရဟတ်ယာဉ်ပျက်ကျမှုသည် ရာသီဥတုဆိုးဝါးလွန်းသောကြောင့် ပျက်ကျခဲ့ရသည်ဟု နအဖက အဲဒီနေ့ညနေတွင် ချက်ချင်း သတင်းထုတ်ပြန်ကြေညာခဲ့သော်လည်း ဒီရဟတ်ယာဉ်ပျက်ကျမှုအပေါ် တပ်တွင်းတပ်ပြင်တွင် ကြီးမားသော သံသယဖြစ်မှုများ ပေါ်ပေါက်ခဲ့သည်ကို တွေ့ရသည်။ ဗိုလ်တင်ဦးသည် ဗိုလ်ခင်ညွန့်၏ အဓိကပြိုင်ဘက်တဦးဖြစ်ခဲ့သည့်အပြင် ဗိုလ်တင်ဦးကို ပစ်မှတ်ထားခဲ့သည့် ဗုံးခွဲလုပ်ကြံမှုများ ဆက်တိုက်ပေါ်ပေါက်ခဲ့သည့် သာဓကများကြောင့်လည်း အခုလို သံသယဖြစ်မှုများ ပေါ်ပေါက်ခဲ့ရသည်။ ဗိုလ်ချုပ်တင်ဦးသည် (OTS-22) ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်ခင်ညွန့်က (OTS-25) ကျောင်းဆင်းဖြစ်သောကြောင့် ဗိုလ်ချုပ်ခင်ညွန့်ထက်ပိုပြီး စီနီယာကျသူ ဖြစ်သည်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံကာလအတွင်း ဗိုလ်မှူးကြီးခင်ညွန့်က စစ်ထောက်လှမ်းရေးအဖွဲ့ကို ဦးစီးကွပ်ကဲပြီး တန်ပြန်အဖျက်အမှောင့်လုပ်ငန်းများနှင့် လူထုအရေးတော်ပုံကြီးကို အတွင်းက ဖြိုခွဲရန် ကျိုးပမ်းနေချိန်တွင် စစ်ရုံးချုပ်၏ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်နေသည့် ဗိုလ်မှူးကြီးတင်ဦးက တပ်များကို စီမံခန့်ခွဲညွှန်ကြားပြီး အရေးတော်ပုံကြီးကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲနိုင်ရန် ကျိုးပမ်းခဲ့သူ ဖြစ်သည်။
သူတို့ (၂)ဦး၏ အကူအညီဖြင့် စစ်တပ်က အာဏာသိမ်းခဲ့သည့်အတွက် နဝတထဲတွင် သူတို့နှစ်ယောက်စလုံးကို အတွင်းရေးမှူး(၁)နှင့် (၂)အဖြစ်နှင့် အရေးပါသည့် နေရာများတွင် ခန့်အပ်တာဝန်ပေးခဲ့သည်။ သူတို့နှစ်ယောက်စလုံးသည် အဲဒီအချိန်ထဲကစတင်ပြီး အပြိုင်အဆိုင် ဖြစ်ခဲ့ပုံရသည်။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ဒုတိယတပ်ချုပ်ကြီးဖြစ်လာသည့် ဗိုလ်မောင်အေးနှင့် သူ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် စစ်ဦးစီးအရာရှိချုပ်၊ အထူးစစ်ဆင်ရေးအဖွဲ့မှူးဆိုသည့် တာဝန်များကို ထမ်းဆောင်နေရသည့် ဗိုလ်တင်ဦးတို့သည် ဗိုလ်ခင်ညွန့်ထက်စာလျှင် တဦးနှင့်တဦး ပိုရင်းနှီးနိုင်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မရှိတော့လျှင် မြန်မာ့တပ်မတော်တွင် ဗိုလ်မောင်အေးက တပ်ချုပ်ကြီး၊ ဗိုလ်တင်ဦးက ဒုတပ်ချုပ်ကြီးဖြစ်လာရန် သေချာသလောက် ရှိသည်။
ဗိုလ်တင်ဦးသည် စစ်သားပီပီ လမ်းတခုခုကို ရွေးပြီးလျှင် တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ချင်စိတ်ရှိသည့်အတွက် ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ခင်ညွန့်၏ ဝေ့လည်လည် မရှင်းမလင်း လုပ်ဆောင်မှုမျိုးများကို သဘောမကျခဲ့ဘူးဟု ဆိုသည်။ ဗိုလ်ချုပ်ခင်ညွန့်ကလည်း ဗိုလ်ချုပ်တင်ဦးနှင့် ဗိုလ်ချုပ်မောင်အေးတို့ကို နိုင်ငံရေး၊ သံတမန်ရေး၊ စီးပွားရေးအကြောင်း နားမလည်သူများအဖြစ်နှင့် အထင်သေးခဲ့သည်ဟု ဆိုသည်။ ဗိုလ်ချုပ်တင်ဦး စိတ်ထဲတွင် ဗိုလ်ချုပ်ခင်ညွန့်နှင့် သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပေါ် ခိုးလိုးခုလု ဖြစ်နေသည့်အချက်များ အတော်များများရှိခဲ့ကြောင်း သိရသည်။ အဓိကအချက်တခုမှာ ၁၉၉၇ ခုနှစ် နိုဝင်ဘာ (၁၅)ရက်နေ့က နဝတ အဖွဲ့ထဲကနေ တအုပ်တမကြီး ဖယ်ရှားပစ်ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီးများထဲတွင် သူလေးစားကြည်ညိုသည့် သူ့ဆရာတဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး မြင့်အောင် ပါသွားခဲ့သည့်အပေါ် မကျေနပ်ခြင်းဟု ဆိုသည်။
တင်ဦးအပေါ် လုပ်ကြံမှုများ — ၁၉၉၆ ဘုရားဗုံးနှင့် ၁၉၉၇ ပါဆယ်ဗုံး
ဗိုလ်ချုပ်တင်ဦးသည် ၂၀၀၁ ခုနှစ်ရောက်မှ သေဆုံးခဲ့ရသော်လည်း လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့တခုက ၁၉၉၆ ခုနှစ်လောက်ကတည်းက သူ့ကို ပစ်မှတ်ထားပြီး သုတ်သင်ရှင်းလင်းရန် သူ့နောက်ကို အရိပ်လို လိုက်နေခဲ့သည်မှာ ထင်ရှားသည်။ ၁၉၉၆ ခုနှစ် ဒီဇင်ဘာ (၂၅)ရက်နေ့ညက ရန်ကုန် ကမ္ဘာအေး မဟာပါသနလှိုင်ဂူတော်ကြီးတွင် တရုတ်ပြည်က ပင့်ဆောင်လာသည့် စွယ်တော်မြတ်ကို ဖူးမျှော်ရန် သွားရောက်မည့် တွင်း(၂) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးကို လုပ်ကြံရန် ဘုရားတွင် ဗုံးထောင်ထားခဲ့သည်။ ပထမဗုံးက အပြင်ဖက် စောင်းတန်းအနီးတွင် အချိန်မတိုင်မှီ ပေါက်ကွဲသွားသည့်အတွက် ဗိုလ်ချုပ်တင်ဦးက သူ့ခရီးစဉ်ကို ဖျက်လိုက်သည်။ ဒုတိယဗုံးတလုံးက စွယ်တော်ရှေ့တွင်ရှိသည့် ဘုရားပန်းအိုးအတွင်းတွင် ထောင်ထားခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ရှာဖွေနေစဉ် ပေါက်ကွဲသွားခဲ့သည်။ ဒီပေါက်ကွဲမှုများကြောင့် လုံခြုံရေးဝန်ထမ်း (၄)ဦး သေဆုံးခဲ့ရသည်။ တရုတ်ပြည်က စွယ်တော်ကို နဝတကိုယ်စား ဘယ်သူ ဘယ်နေ့တွင် လာရောက်ဖူးမျှော်မည်ဆိုသည်ကို အပြင်လူများ လုံးဝမသိနိုင်သလို လုံခြုံရေးများ ထူထပ်စွာချထားသည့် ဒီလိုနေရာမျိုးကို အပြင်က အဖျက်သမားဆိုသူများ ဝင်ရောက်ဗုံးထောင်နိုင်ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။ သို့သော် နဝတစစ်ထောက်လှမ်းရေးက ဒီလုပ်ရပ်ကို ကေအင်ယူ အကြမ်းဖက်သမားများ၏ လုပ်ရပ်ဟု သက်သေအထောက်အထား တခုမှမရှိဘဲ ချက်ချင်း ထုတ်ဖေါ်စွပ်စွဲခဲ့သည်။
မှတ်ချက် — အင်္ဂလိပ် Wikipedia ၏ Kaba Aye Pagoda ဆောင်းပါးတွင် ၁၉၉၆ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က ဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။
ဗိုလ်ချုပ်တင်ဦးကို ပစ်မှတ်ထားပြီး ဒုတိယအကြိမ် လုပ်ကြံရန် ကျိုးစားခဲ့သည်မှာ ၁၉၉၇ ခုနှစ် ဧပြီလ (၆)ရက်နေ့ သူ့နေအိမ်တွင် ဖြစ်သည်။ ဧပြီလ (၃)ရက်နေ့ကတည်းက သူ့နမည်ဖြင့် ရောက်ရှိနေသည့် ပါဆယ်ထုပ်ကို ဧပြီလ (၆)ရက်နေ့ညတွင် သမီးကြီးဖြစ်သူ ရန်ကုန်တက္ကသိုလ်သမိုင်းဌာန လက်ထောက်ကထိက ဒေါ်ချိုလဲ့ဦး က ဖွင့်ဖေါက်လိုက်ရာတွင် ဗုံးပေါက်ကွဲပြီး သေဆုံးသွားခဲ့ရသည်။ အဲဒီပါဆယ်ထုပ်ပေါ်က တံဆိပ်ခေါင်းနှင့် တံဆိပ်တုံးများသည် ဂျပန်ပြည်ကဖြစ်သော်လည်း ဒီပါဆယ်ထုပ်သည် ရန်ကုန်စာတိုက်ကြီး မှတ်ပုံတင်ဌာန၊ စာဝေဌာနများကတဆင့် ဗိုလ်ချုပ်တင်ဦး၏ အိမ်က လုံခြုံရေးတပ်ဖွဲ့ကို အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီးမှ သူ့ဧည့်ခန်းထဲက စားပွဲပေါ်ကို ချောချောမောမော ရောက်ရှိလာပုံသည် မထူးသော်လည်း ဆန်းနေသည်ဟု ဆိုရမလိုဖြစ်သည်။ ဒီပါဆယ်ထုပ် ရောက်ရှိလာသည့်နေ့က ဗိုလ်ချုပ်တင်ဦး ခရီးထွက်နေသောကြောင့် ဇနီးဖြစ်သူ ဒေါ်ခင်သန်းနွဲ့က ဧည့်ခန်းထဲက စားပွဲပေါ်တွင် တင်ထားခဲ့သည်။ ဗိုလ်ချုပ်တင်ဦး ပြန်ရောက်လာသည့်နေ့တွင်လည်း ပါဆယ်ထုပ်ကို မေ့နေပြီး စာ (၂)စောင်ကိုသာ ဇနီးဖြစ်သူက ပေးခဲ့မိသည်ဟု ဆိုသည်။
ပါဆယ်ထုပ် အိမ်ထဲရောက်သည်အထိ စောင့်ကြည့်နေဟန်ရှိသည့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့သည် (၃)ရက်ကြာလို့မှ ဗုံးကွဲသည်ကို မကြားရသည့်အတွက် ဧပြီ (၆)ရက်နေ့ည (၈)နာရီထိုးခါနီးတွင် ဗိုလ်ချုပ်တင်ဦးအိမ်ကို ဖုံးဆက်ပြီး ပါဆယ်ထုပ် လက်ခံရ၊ မရ မေးမြန်းခဲ့သည်။ တယ်လီဖုန်းနားထောင်ခဲ့သည့် ဒေါ်ချိုလဲ့ဦးက အဲဒီအချိန်ကျမှ သတိရပြီး ပါဆယ်ထုပ်ကို ဖွင့်ကြည့်မိရာက ဗုံးပေါက်ကွဲသွားခဲ့ရသည်ဟု သိရှိရသည်။ "အမှန်က ကျနော့်ကို လုပ်ကြံတာပါ၊ သမီးကြီးက ကျနော့်ကိုယ်စား အသက်စွန့်သွားရတာပါ၊ သူ့အမေကိုလည်း ကိုယ်ခန္ဓာနှင့် ကာကွယ်ပေးထားသလိုဖြစ်ခဲ့လို့ ချိုလဲ့ သည် ကျနော်တို့ မိသားစုကိုတင် မကဘူး၊ တနိုင်ငံလုံးကို အကြမ်းဖက်သမားများ၏ အန္တရယ်ရှိနေကြောင်း သတိပေးသွားတာပါ" ဟု ဗိုလ်ချုပ်တင်ဦး က ပြောဆိုခဲ့သည်ဟု နဝဒေး စာတည်းအဖွဲ့က ပြုစုထားသည့် "သူနှင့် သူ၏ဘဝပုံရိပ်" ဆိုသည့် ဗိုလ်ချုပ်တင်ဦး၏ အထုပ္ပတ္တိစာအုပ်တွင် အသေးစိတ်ရေးသား ဖေါ်ပြထားသည်ကို တွေ့ရသည်။
ဗုံးကွဲပြီး (၂)လကျော်အကြာ ထိုနှစ် ဇွန်လ (၂၇)ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ထောက်လှမ်းရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ညွန့်က ဒီပါဆယ်ဗုံးကို ဂျပန်ပြည်တွင် နေထိုင် အလုပ်လုပ်ကိုင်နေသည့် ဦးသိန်းငွေနှင့် ဦးသောမတ်စ်ဂုဏ်အောင် တို့က ပို့လိုက်သည်ဟု အတိအကျ စွပ်စွဲပြောဆိုခဲ့သည်။ သို့သော် ဂျပန်တော်ဝင်ရဲတပ်ဖွဲ့က သူတို့နိုင်ငံက ပေးပို့သည့် ပစ္စည်းမှန်သမျှ သေသေချာချာ စစ်ဆေးပြီးမှသာ ပေးပို့သောကြောင့် ဒီပါဆယ်ဗုံးသည် သူတို့နိုင်ငံက လာသည်မဟုတ်ဟု ငြင်းဆိုခဲ့ပြီး ဦးသိန်းငွေနှင့် ဦးသောမတ်စ်ဂုဏ်အောင်တို့ကို ခေါ်ယူ မေးမြန်းတာမျိုးတောင် မလုပ်ခဲ့ဘူးဟု ဆိုသည်။
ဗိုလ်တင်ဦးကို ပစ်မှတ်ထားပြီး အကြိမ်ကြိမ်လုပ်ကြံရန် ကြိုးစားခဲ့သူများသည် ဘယ်သူများလဲ၊ ဗိုလ်တင်ဦးထက် ပိုအရေးပါသည့် ဗိုလ်သန်းရွှေနှင့် ဗိုလ်မောင်အေးတို့ကို ပစ်မှတ်မထားဘဲ ဘာရည်ရွယ်ချက်ဖြင့် ဗိုလ်ချုပ်တင်ဦးကို ပစ်မှတ်ထားပြီး လုပ်ကြံရန် ကြိုးစားခဲ့ရသလဲဆိုသည့် အကြောင်းအရာများသည် အခုအချိန်အထိ အဖြေမရှိသေးသည့် ပဟေဠိများအဖြစ်နှင့် ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ ဘယ်လိုပဲဖြစ်ဖြစ် အချင်းချင်း အပြိုင်အဆိုင် ဖြစ်နေကြသည့် လူငယ်ဗိုလ်ချုပ်များအကြား ထိမ်းပေးသလိုနှင့် မသိမသာ ရန်တိုက်ပေးပြီး အသက် (၇၅)နှစ်ကျော်သည်အထိ သူ့ဩဇာအာဏာကို ဆက်လက်ထိမ်းသိမ်းထားသူကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သာဖြစ်သည်ဟု သုံးသပ်တင်ပြလိုက်ရသည်။
လေ/ရေတပ် ကာကွယ်ရေးဦးစီးချုပ်များ — ကြယ်ကြွေခြင်းနှင့် အလဲအလှယ်
နအဖ စစ်ကောင်စီဝင်များထဲက တွင်း(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် သီဟသူရ သူရ စစ်မောင်တို့ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း အသေထွက်သွားပြီးနောက် သိပ်မကြာခင် နောက်ထပ် အရှင်ထွက်ခဲ့ရသူတစ်ဦးမှာ တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း (လေ/၁၃၃၄) ဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်းသည် ၁၉၉၇ နိုဝင်ဘာ (၁၅)ရက် စစ်အုပ်စုတွင်းအာဏာလုပွဲတွင် တခြား ဒုတိယဗိုလ်ချုပ်ကြီး တစ်ဒါဇင်ကျော်နှင့် အတူ ဖြုတ်ထုတ်ရှင်းခံလိုက်ရသည့် လေတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဝင်း၏ နေရာတွင် အစားထိုးခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ဗိုလ်ချုပ်ကျော်သန်းသည် ထူးချွန်သည့် အရာရှိတစ်ဦး ဖြစ်သည်။ ၁၉၉၄ ခုနှစ် မတ်လအတွင်း စတင်ဖွင့်လှစ်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College) သင်တန်းအပတ်စဉ်(၁)တွင် ဗိုလ်မှူးကြီးများဖြစ်ကြသည့် ကျော်ဝင်း၊ မောင်ဘို၊ သီဟသူရ တင်အောင်မြင်ဦး၊ သီဟသူရ သူရ စစ်မောင်၊ သူရ ရွှေမန်းတို့နှင့် အတူ တက်ရောက်ခဲ့သူဖြစ်ပြီး သူ၏ သင်တန်းသားအမှတ်စဉ်က နံပါတ်(၁) ဖြစ်သည်။
ဗိုလ်ချုပ်တင်ဦးတို့ ရဟတ်ယာဉ်ပျက်ကျ သေဆုံးခဲ့ပြီးနောက် ထိုနှစ် မေလကုန်ပိုင်းလောက်ကစပြီး ဗိုလ်ချုပ်ကျော်သန်းသည် လူမြင်ကွင်းကနေ ပျောက်ကွယ်နေခဲ့သည်။ ထိုနှစ် ဇူလိုင်လအတွင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ချာဗာလစ် ဦးဆောင်သည့် ထိုင်းဘုရင့်တပ်မတော်က ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်သည့်အချိန်တွင် နအဖ လေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကျော်သန်းကို မတွေ့ခဲ့ရဘူးဟု ဆိုသည်။ ထိုင်းလေတပ်ဦးစီးချုပ်နှင့် ဗိုလ်ချုပ်ကျော်သန်းတို့သည် အမေရိကန်နိုင်ငံတွင် လေတပ်ဆိုင်ရာစစ်ပညာများကို အတူသင်ကြားခဲ့သူများ ဖြစ်ကြသည့်အပြင် လက်ရှိ တာဝန်အဆင့်အတန်းအရလည်း Counterpart များ ဖြစ်နေကြသောကြောင့် ထိုင်းလေတပ်ဦးစီးချုပ်ကို ဗိုလ်ချုပ်ကျော်သန်းက ကြိုဆိုနှုတ်ဆက် ဧည့်ခံခြင်းမပြုသည့်အပေါ် လေ့လာသူများက စိတ်ဝင်စားခဲ့ကြသည်။
ဗိုလ်ချုပ်ကျော်သန်း လူမြင်ကွင်းက ပျောက်ကွယ်နေမှုကြောင့် ကောလဟာလသတင်းများလည်း အမျိုးမျိုးပေါ်ထွက်ခဲ့သည်။ ဗိုလ်ချုပ်တင်ဦးတို့အဖွဲ့ စီးနင်းလိုက်ပါသွားသည့် ရုရှားလုပ် MI-17 ရဟတ်ယာဉ်ပျက်ကျခဲ့မှုအပေါ် တာဝန်ယူသည့်အနေနှင့် နုတ်ထွက်စာတင်ပြီး ထွက်သွားခဲ့သလိုလို၊ သူ့ကိုမတိုင်ပင်ဘဲနှင့် နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် လက်နက်ပွဲစား သူဌေးလေး ကိုတေဇတို့ပေါင်းပြီး ရုရှားနှင့်တရုတ်လုပ် စစ်လေယာဉ်အဟောင်းများကို ဝယ်ယူသုံးစွဲခဲ့သောကြောင့် ဗိုလ်ချုပ်တင်ဦးနှင့် ဗိုလ်ချုပ်စစ်မောင်တို့လို တပ်မတော်ထိပ်တန်းအရာရှိကြီး အများအပြား ထိခိုက်သေဆုံးခဲ့ရမှု၊ တိုက်လေယာဉ်များ မကြာခဏ ပျက်ကျပြီး လေတပ်အရာရှိငယ်အများအပြား အချီးနှီး အသက်ဆုံးရှုံးခဲ့ရမှုနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ အဟောသိကံ ဖြစ်ခဲ့ရမှုများအပေါ် မကျေမနပ်ဖြစ်ပြီး ဒေါသယမ်းအိုး ပေါက်ကွဲမိသောကြောင့် စစ်အာဏာရှင်ကြီး၏ ငြိုငြင်မှုကိုခံရပြီး ဖြုတ်ထုတ်ရှင်းတာကို ခံလိုက်ရသလိုလို၊ သတင်းမျိုးစုံ ပေါ်ထွက်ခဲ့သည်။
စစ်အာဏာရှင်များ၏ ထုံးစံအတိုင်း ဒီလို အတွင်းရေးကိစ္စများကို လူသိရှင်ကြား ထုတ်ဖေါ်ကြေညာလေ့မရှိသည့်အတွက် စစ်အာဏာရှင်ကြီးများက ဗိုလ်ချုပ်ကျော်သန်းကို ဘာကြောင့် ဘယ်အချိန်တွင် ဘယ်လို ဖယ်ရှားလိုက်သလဲဆိုသည်ကို အခုအချိန်အထိ အတိအကျ မသိရသေးပေ။ လေတပ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်မြင့်ဆွေကို လေတပ်ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ်နှင့် ၂၀၀၁ ခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့တွင် မိတ္တီလာ၊ နမ့်စန်နှင့် နမ့်ပေါင် လေတပ်အခြေစိုက်စခန်းများကို လှည့်လည်စစ်ဆေး လူလုံးပြခိုင်းတော့မှ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကျော်သန်းတစ်ယောက် အမှန်တကယ် "ကြယ်ကြွေသွားပြီ" ဆိုသည်ကို သိကြရသည်။
ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း (လေ/၁၃၃၄) — တပ်မတော်(လေ) ကာကွယ်ရေးဦးစီးချုပ် | Photo-Facebook
မြန်မာ့တပ်မတော်ကို ကြည်း၊ ရေ၊ လေ နှင့် လက်ရုံးအကူဝန်ထမ်းတပ်များဆိုပြီး စုဖွဲ့တည်ဆောက်ထားသည်။ တပ်မတော် ကြည်း၊ ရေ၊ လေ နှင့် လက်ရုံးအကူဝန်ထမ်းတပ်များ၏ အကြီးအကဲများသည် စစ်တက္ကသိုလ်၊ ဗိုလ်သင်တန်းကျောင်း၊ စစ်ဦးစီးတက္ကသိုလ်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်များတွင် စစ်ပညာများကို အတူတကွ လေ့လာသင်ကြားခဲ့ကြရသည့် ရောင်းရင်းများ၊ ရဲဘော်ရဲဘက်များ ဖြစ်ကြသည်။ သို့သော် မြန်မာ့တပ်မတော်တွင် လေတပ်နှင့် ရေတပ်ကို ကြည်းတပ်က အမြဲလွှမ်းမိုးချုပ်ကိုင်ထားသည့် အစဉ်အလာရှိသည့်အတွက် ကက/ကြည်းတွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိများသည် ကက/လေ နှင့် ကက/ရေ အရာရှိများအပေါ်တွင် ခွဲခြားသည့်ပုံစံနှင့် အမြဲတမ်း နှိမ့်ချဆက်ဆံလေ့ရှိသည်။ ကက/ကြည်းက စစ်ဗိုလ်များသည် သူတို့ကသာလျှင် တိုင်းပြည်ကို ပိုမိုချစ်မြတ်နိုးသူများ၊ သတ္တိရှိသူများ၊ စစ်တိုက်ရဲသူများဟု ခံယူထားကြပြီး ကက/လေ နှင့် ကက/ရေ အရာရှိများကိုတော့ (Elite)များ၊ အခွင့်ထူးခံများ၊ စစ်မတိုက်ရဲသူများအဖြစ်နှင့် ရှုမြင်ထားကြသည်။ ထို့ကြောင့် စစ်သားချင်းအတူတူ ရာထူးအဆင့် တိုးမြှင့်ပေးခြင်း၊ အခွင့်အရေးပေးခြင်းကအစ လေတပ်နှင့် ရေတပ်က အရာရှိ၊ အရာခံ၊ အကြပ်တပ်သားများသည် ခွဲခြားဆက်ဆံခြင်းကို တစ်လျှောက်လုံး ခံခဲ့ကြရသည်။

ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (ရေ ၂၁၃၅) — ရေတပ်ကာကွယ်ရေးဦးစီးချုပ် (၁၉၉၅–၁၉၉၇)၊ ညွန့်သိန်းမတိုင်မီ တာဝန်ယူခဲ့သူ | Photo-Facebook
နဝတ၊ နအဖ စစ်အစိုးရသက်တမ်းကာလအတွင်း ကက/ကြည်းက လေတပ်နှင့် ရေတပ် ကာကွယ်ရေးဦးစီးချုပ်များကို စိတ်မထင်လျှင် မထင်သလို မကြာခဏ ဖြုတ်ထုတ်ပြောင်းလုပ်ခဲ့သည်ကို တွေ့ရသည်။ ၁၉၉၇ နိုဝင်ဘာ (၁၅)ရက် စစ်အုပ်စုတွင်းအာဏာလုပွဲအပြီးတွင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရသည့် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်းသည်လည်း ၂၀၀၁ ခုနှစ် ဩဂုတ်လတွင် ဖြုတ်ထုတ်ရှင်းခံလိုက်ရပြီး သူ့နေရာတွင် စစ်ဦးစီးအရာရှိချုပ်(ရေ) ဗိုလ်ချုပ်ကြည်မင်းကို အစားထိုးခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်ညွန့်သိန်းကို အသက် (၆ဝ)ပြည့်သည့်အတွက် တပ်မတော်စည်းကမ်းအရ အနားပေးခြင်းဟု နအဖက သတင်းလွှင့်ခဲ့သော်လည်း ဩဂုတ်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် ကက/ကြည်းက ဦးစီးကျင်းပပြုလုပ်ခဲ့သည့် ရေတပ်ဆိုင်ရာ မဟာဗျူဟာအစည်းအဝေးကို ဗိုလ်ချုပ်ညွန့်သိန်းနှင့် ရေတပ်ဦးစီးအရာရှိကြီးတချို့က လာမတက်ပဲနေခဲ့ကြသောကြောင့် ဗိုလ်ချုပ်ညွန့်သိန်းအပါအဝင် ရေတပ်အရာရှိ (၁၇)ဦးကို တပ်ကထုတ်လိုက်ပြီး ဩဂုတ်လ (၁၄)ရက်နေ့တွင် ဗိုလ်ချုပ်ကြည်မင်း (ရေ/၁၁၀၇) ကို အစားထိုးခန့်အပ်ခဲ့သည်ဖြစ်ကြောင်း တပ်တွင်းသတင်းများအရ သိရှိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ညွန့်သိန်း (ရေ ၁၀၈၇) — ရေတပ်ကာကွယ်ရေးဦးစီးချုပ် (၁၉၉၇–၂၀၀၁) | Photo-Facebook
ဗိုလ်ချုပ်ညွန့်သိန်းနှင့် ရေတပ်အရာရှိကြီးများသည် ကက/ကြည်းက ကက/ရေ ကို နေရာတကာ ဝင်ရောက်လွှမ်းမိုးချုပ်ကိုင်နေသည့်ကိစ္စ၊ ရေတပ်၏ ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများ ရေးဆွဲချမှတ်ရာတွင် တရုတ်အယူအဆများ လွှမ်းမိုးလာနေသည့်ကိစ္စ၊ ကက/ရေ ၏ သဘောထားကို မတောင်းခံဘဲ တရုတ်လုပ် Hainan အမျိုးအစား ကင်းလှည့်စစ်သင်္ဘောဟောင်း (၁၀)စီးနှင့် ခေတ်မမီတော့သည့် Rice Lamp အမျိုးအစား ပစ်ခတ်မှုထိန်းသိမ်းရေးရေဒါ၊ Type-76 အမျိုးအစား (37 mm) သင်္ဘောတင် စက်အမြောက်များနှင့် C-801/CSS-N-4/Sardine အမျိုးအစား သင်္ဘောချင်းပစ်ဒုံးပျံများကို ဝယ်ယူအသုံးပြုခဲ့သည့်ကိစ္စများအပေါ် မကျေမနပ်ဖြစ်ခဲ့ကြကြောင်း သိရှိရသည်။ တရုတ်နိုင်ငံကနေ ဝယ်ယူခဲ့သည့် Hainan အမျိုးအစား ကင်းလှည့်စစ်သင်္ဘော အများစုသည် မြန်မာပြည်ကို လွှဲပြောင်းပေးအပ်ပြီး နှစ်အနည်းငယ်အကြာတွင် ခုတ်မောင်းမရတော့သဖြင့် ရေတပ်အခြေစိုက်စခန်းများတွင်ပင် အမြဲလိုလို ဆိုက်ကပ်ထားရသလို တရုတ်လုပ် ရေဒါများနှင့် ဒုံးပျံများကလည်း ခေတ်မမီတော့သည့်အတွက် အနောက်နိုင်ငံကြီးများ၏ ရေတပ်များကိုမဆိုထားနှင့် အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများ၏ ရေတပ်များကိုတောင် ဘယ်လိုမှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု ဆိုသည်။
တပ်မတော်(လေ)နှင့် တပ်မတော်(ရေ) တွင် တာဝန်ထမ်းဆောင်နေကြသည့် အရာရှိများသည် ပညာထူးချွန်သူများဖြစ်ကြသည့်အပြင် နိုင်ငံတကာ၏ အခြေအနေများကိုလည်း မျက်ခြေမပြတ် လေ့လာဆည်းပူး သိရှိနေကြသူများ ဖြစ်သည်။ ထိပ်ပိုင်းအရာရှိကြီးတချို့သည် အနောက်နိုင်ငံများ၏ စစ်တက္ကသိုလ်များတွင် ပညာသင်ကြားခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ လေတပ်နှင့် ရေတပ်များကို အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်တည်ဆောက်ရာတွင် အနောက်နိုင်ငံများက ကျင့်သုံးနေသည့် ခေတ်မီမဟာဗျူဟာများနှင့် နည်းပညာများကို အသုံးပြုတည်ဆောက်ရန် ပိုမိုအားသန်ကြကြောင်း သိရှိရသည်။ သို့သော် တပ်မတော်တစ်ခုလုံးကို ချုပ်ကိုင်ထားသည့် စစ်အာဏာရှင်ကြီးများက သူတို့၏ အာဏာတည်မြဲရေးနှင့် သူတို့၏ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကို ကြည့်ပြီး တရုတ်နှင့် ရုရှားက ခေတ်မမီတော့သည့် စစ်လက်နက်ပစ္စည်းအဟောင်းများကို ဝယ်ယူအသုံးပြုနေသည့်အပေါ် မကျေနပ်ခဲ့ကြဟု ဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များဖြစ်ကြသည့် ကက/ကြည်းမှ ဗိုလ်ချုပ်မှူးကြီး (၂)ဦးက အသက် (၇၀)ကျော်သည့်အထိ သူတို့၏ ရာထူးများကို မစွန့်လွှတ်ဘဲ ဆက်လက်ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ကက/လေ နှင့် ကက/ရေ ကာကွယ်ရေးဦးစီးချုပ်များ၏ ဘဝကတော့ နေ့မြင်ညပျောက်ဘဝမျိုး ဖြစ်နေသည်ကို တွေ့ရသည်။ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည်လည်း ၂၀၀၃ ခုနှစ်အတွင်းတွင် ဖယ်ရှားခံခဲ့ရပြီး သူ့နေရာတွင် (DSA-17) ကျောင်းဆင်း ဗိုလ်ချုပ် မြတ်ဟိန်း (လေ/၁၆၈၂) ကို အစားထိုးခန့်ခဲ့သည်ကို တွေ့ရသည်။ အလားတူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ကြည်မင်းသည်လည်း သိပ်ကြာကြာ မခံဘဲ ဖယ်ရှားခံခဲ့ရပြီး သူ့နေရာတွင် (DSA-11) ကျောင်းဆင်း ဗိုလ်ချုပ် စိုးသိန်း (ရေ/၁၁၈၁)နှင့် အစားထိုးခန့်အပ်ခဲ့သည်ကို တွေ့ရသည်။ ဗိုလ်ချုပ်စိုးသိန်းသည် (ညှိကွပ်) ဟု လူသိများလာသည့် ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် DSA အပတ်စဉ် တစ်ခုတည်းကဖြစ်ပြီး စစ်တက္ကသိုလ်တွင် အကောင်းဆုံးဗိုလ်လောင်း (Best Cadet) ဆုကို ရရှိခဲ့သည့်အပြင် မဆလ စစ်အစိုးရခေတ်တွင် ရေတပ်ဦးစီးချုပ် ဖြစ်ခဲ့ဘူးသည့် ဗိုလ်ချုပ် ချစ်လှိုင်(ရေ)၏ ကိုယ်ရေးအရာရှိ (PSO) တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဗိုလ်ချုပ် မြင့်ဆွေ — တပ်မတော်(လေ) ကာကွယ်ရေးဦးစီးချုပ် (ကျော်သန်းအပြီး၊ ၂၀၀၁–၂၀၀၃) | Photo-Facebook
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းကို သူ့အရင် ရေတပ်ကာကွယ်ရေးဦးစီးချုပ်များလို ဖြုတ်ထုတ်ရှင်းမပစ်သေးဘဲ ဇွန်လ (၂၀)ရက်နေ့တွင် အမှတ်(၂) စက်မှုဝန်ကြီးဌာနကို ဝန်ကြီးအဖြစ်နှင့် ပြောင်းရွှေ့ပေးခြင်းသည် သူနှင့် ကျောင်းနေဘက်သူငယ်ချင်းဖြစ်ခဲ့သည့် နအဖ၏ တတိယအာဏာအရှိဆုံးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးရွှေမန်း၏ စောင်မကြည့်ရှုမှုများကြောင့် ဖြစ်နိုင်သည်ဟု အများက ယူဆနေကြသည်။ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ်နှင့် အသစ်ခန့်အပ်ခံခဲ့ရသည့် ဗိုလ်ချုပ် ဥာဏ်ထွန်းက (DSA-16) ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်း၏ မဆလ စစ်အစိုးရခေတ်တွင် One and half ဟု နံမည်ကြီးပြီး လူတကာ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ရသည့် စစ်ထောက်လှမ်းရေးအကြီးအကဲ၊ နိုင်ငံတော်သမ္မတ၏ စစ်ဘက်လက်ထောက်၊ နိုင်ငံတော်ကောင်စီဝင်နှင့် မဆလပါတီ၏ တွဲဘက်အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သူ ဗိုလ်ချုပ်တင်ဦး(လန်ဘား)၏ တပည့်ရင်း၊ စစ်ထောက်လှမ်းရေးအရာရှိဟောင်းတစ်ဦး ဖြစ်သည်။ လန်ဘား တင်ဦးကို ၁၉၈၁ ခုနှစ်တွင် အရေးယူဖယ်ရှားခဲ့ပြီး သူ၏ စစ်ထောက်လှမ်းရေးယန္တယားတစ်ခုလုံးကို မြေလှန်ပစ်ခဲ့ချိန်တွင် ဗိုလ်ဥာဏ်ထွန်းက အကပ်ကောင်းခဲ့သည့်အတွက် ဖြုတ်၊ ထုတ်၊ ရှင်းခံရသည့်အထဲတွင် ပါမသွားခဲ့ဘဲ တပ်မတော်(ရေ)ကို ပြောင်းရွှေ့ခံခဲ့ရသည်ဖြစ်ကြောင်း သိရှိရသည်။ ကာကွယ်ရေးဦးစီးချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းကတော့ အခုအချိန်အထိ လက်ရှိတာဝန်များကို ထမ်းဆောင်ခွင့် ရရှိနေဆဲဖြစ်သော်လည်း သူလည်း ဒီနေရာတွင် သိပ်ကြာကြာ မနေရတော့ဟု သဘောပေါက်နေပြီဟု ဆိုသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ၏ သားမက် (ဒေါ်ခင်ပြုံးရွှေ၏ ခင်ပွန်း) ဗိုလ်မှူးကြီးသိန်းနိုင် (လေ/၁၇၉၃) ကို လွန်ခဲ့သည့်လများအတွင်း ဗိုလ်မှူးချုပ်အဆင့် တိုးမြှင့်ပေးခဲ့ပြီး မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်(၅ဝ၂)၏ ဌာနချုပ်မှူးအဖြစ် တာဝန်ပေးအပ်ခဲ့ခြင်းသည် သူ့ကို အနာဂါတ် တပ်မတော်(လေ)၏ ကာကွယ်ရေးဦးစီးချုပ်လောင်းအဖြစ် လျာထားကြောင်း အားလုံးကို ရှင်းရှင်းလင်းလင်း ကြိုတင်အသိပေးလိုက်ခြင်းဖြစ်သည်ဟု လေတပ်အသိုင်းအဝိုင်းက ယူဆနေကြကြောင်း သိရှိရသည်။

ဗိုလ်ချုပ် စိုးသိန်း (ရေ/၁၁၈၁) — ရေတပ်ကာကွယ်ရေးဦးစီးချုပ်၊ နောက် အမှတ်(၂) စက်မှုဝန်ကြီး | Photo-Facebook
ဗိုလ်ချုပ် ဥာဏ်ထွန်း — ရေတပ်ကာကွယ်ရေးဦးစီးချုပ် (စိုးသိန်းအပြီး) | Photo-Facebook
MI-17 ပျက်ကျမှု — အသေးစိတ်နှင့် ကျဆုံးစာရင်း
နဝတ၊ နအဖ စစ်အုပ်စုအတွင်းက အရှုတ်တော်ပုံများထဲတွင် တပ်မတော်သားများရော၊ ပြည်သူများပါ ဒီကနေ့အထိ ရှင်းရှင်းလင်းလင်း သိခွင့်မရသေးဘဲ၊ ပဟေဠိဆန်ဆန် အကြောင်းအရာများ အများအပြား ကျန်ရှိနေသည်ကို တွေ့ရသည်။ အဲဒီအကြောင်းအရာများအနက် လူအများ စိတ်ဝင်စားသည့် အကြောင်းအရာတစ်ခုမှာ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ (၁၉)ရက်နေ့ မနက်တွင် ရုရှားလုပ် MI-17 ရဟတ်ယာဉ်ပျက်ကျပြီး နအဖ အတွင်းရေးမှူး(၂)လည်းဖြစ်၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)လည်းဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦးနှင့် နအဖစစ်ကောင်စီအဖွဲ့ဝင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သီဟသူရ သူရစစ်မောင်အပါအဝင် တပ်မတော်ထိပ်တန်းအရာရှိကြီး အများအပြား သေဆုံးသွားခဲ့ရသည့်အမှု ဖြစ်သည်။
ရာသီဥတုဆိုးဝါးမှုကြောင့် ရဟတ်ယာဉ်ပျက်ကျရခြင်းဟု နအဖက တိုတိုတုတ်တုတ် ဖြေရှင်းချက်ပေးခဲ့သော်လည်း နအဖ အတွင်းတွင် ဖြစ်ပေါ်နေသည့် အာဏာလုပွဲ၊ အုပ်စုတိုက်ပွဲများကြောင့် နအဖ၏ ဒီဖြေရှင်းချက်အပေါ် ဘယ်သူကမှ အယုံအကြည်မရှိခဲ့ကြပေ။ စစ်အစိုးရက ဒီအမှုကို တရားဝင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်စဉ်အသေးစိတ်ကို တပ်မတော်နှင့် ပြည်သူလူထုကို အစီရင်ခံတင်ပြရန် ပျက်ကွက်ခဲ့သည့်အပေါ်တွင်လည်း ပြည်သူလူထုက သံသယစိတ်များကို ပိုမိုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး ခေါင်းဆောင်သည့်အဖွဲ့သည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့ကတည်းက ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းတွင်ရှိသည့် တပ်ရင်းတပ်ဖွဲ့များကို လှည့်လည်စစ်ဆေးပြီး တြိဂံတိုင်းစစ်ဌာနချုပ်နယ်မြေ တာချီလိတ်ဒေသတွင် လတ်တလောဖြစ်ပွားနေသည့် ထိုင်း-မြန်မာ နယ်စပ်တိုက်ပွဲအခြေအနေများအကြောင်း ရှင်းလင်းသတိပေးမှုများ ပြုလုပ်နေခဲ့သည်။ ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် မြိတ်မြို့ကနေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ဖေါ်ကာလေယာဉ်ဖြင့် ဆိုက်ရောက်လာခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ရှင်းလင်းပွဲထပ်မံပြုလုပ်ကာ ညအိပ်ရပ်နားခဲ့သည်။ နောက်တစ်နေ့ (ဖေဖော်ဝါရီ ၁၉ ရက်) မနက် (၈)နာရီတွင် မော်လမြိုင်ကနေ ကရင်ပြည်နယ် ဘားအံမြို့ကိုအသွား တရုတ်လှကျေးရွာအနီး မနက် ၈ နာရီ ၅၅ မိနစ်တွင် သံလွင်မြစ်ထဲကို ရဟတ်ယာဉ် ပျက်ကျခဲ့သည်။
စုံစမ်းသိရှိရသည့် သတင်းများအရ၊ အဲဒီနေ့မနက်က ပျက်ကျခဲ့သည့် MI-17 အမျိုးအစား ရုရှားလုပ် ရဟတ်ယာဉ်ကြီးပေါ်တွင် နအဖ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သီဟသူရသူရ စစ်မောင်နှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး ဗိုလ်မှူးချုပ် လွန်းမောင်တို့ အပါအဝင် စစ်ရုံးချုပ်ကအရာရှိကြီးများ စုစုပေါင်း (၂၂)ဦး၊ ရဟတ်ယာဉ်မှူး ဗိုလ်မှူးကြီးတင်ဝင်း၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်မှူးစိုးနိုင်တို့ ဦးဆောင်သည့် ရဟတ်ယာဉ်အဖွဲ့သား (၇)ဦးနှင့် အရပ်သား ဦးနေစိုးနိုင်ဆိုသူ တစ်ဦး၊ စုစုပေါင်း လူ (၃၀)တိတိ စီးနင်းလိုက်ပါလာကြသည်ဟု ဆိုသည်။ ရတခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်မျိုးလှနှင့် မော်လမြိုင် အမှတ် (၅) စစ်ထောက်လှမ်းရေးတပ်ဖွဲ့မှူး ဗိုလ်မှူးဝင်းရွှေတို့ကတော့ ရဟတ်ယာဉ်နှင့် မလိုက်ဘဲ ဘားအံကို ကားနှင့် သွားခဲ့ကြသည့်အတွက် အသက်ဘေးက လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။
ရဟတ်ယာဉ်ပျက်ကျစဉ် သေဆုံးသူဦးရေသည် (၁၆)ဦး သို့မဟုတ် (၁၇)ဦး ဖြစ်နိုင်သည်ဟု ယူဆရသည်။ သို့သော် စာရင်းကောက်ယူသည့်အခါတွင်တော့ (၁၄)ဦး၏ စာရင်းကိုသာ ရရှိခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး၏ ရုပ်အလောင်းတွင် ခြေနှစ်ဖက်လုံး ပေါင်ကနေပြတ်နေသည်ကို တွေ့ကြရပြီး၊ ဗိုလ်ချုပ်စစ်မောင်၏ အလောင်းကိုတော့ (၃)ရက်လောက်ကြာမှ မြစ်အောက်ပိုင်းတစ်နေရာတွင် ရုပ်ပျက်ဆင်းပျက်နှင့် ပြန်တွေ့ခဲ့ရသည်ဟု ဆိုသည်။ ဗိုလ်မှူးကြီး (၂)ဦး၏ အလောင်းကတော့ လုံးဝ ရှာမတွေ့တော့ဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။ သေဆုံးသွားသူများထဲတွင် ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး (၆၇နှစ်) (ကြည်း/၈၁၈၂) (OTS-22)၊ နအဖ တွင်း(၂)၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)။ ဗိုလ်ချုပ် သီဟသူရ သူရ စစ်မောင် (၅၀နှစ်) (ကြည်း/၁၁၇၁၆) (DSA-12)၊ တိုင်းမှူး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဥက္ကဌ တယက မွန်ပြည်နယ်။ ဗိုလ်မှူးချုပ် လွန်းမောင် (၆၅နှစ်) (ကြည်း/၁၀၁၃၃) (OTS-30)၊ ဝန်ကြီးချုပ်ရုံးဝန်ကြီး။ ဗိုလ်မှူးကြီးဝင်းလှိုင် (၅၈နှစ်) (ကြည်း/၁၁၄၆၇) (OTS-38)၊ ဒုညွှန်ကြားရေးမှူး- အမြောက် (ကက/သံ)။ ဒုတိယဗိုလ်မှူးကြီးလှပိုင် (၄၄နှစ်) (ကြည်း/၁၄၇၇၀) (DSA-20)၊ စစ်ဦးစီးမှူး(ပထမတန်း) (ကက/ကြည်း)။ ဗိုလ်မှူးအောင်ဖုန်းနိုင် (၄၀နှစ်) (ကြည်း/၁၈၁၇၁) (DSA-25) (ကက/ကြည်း)။ ဗိုလ်ခင်မောင်ကျော် (၂၆နှစ်) (ကြည်း/၂၉၄၇၀) (DSA-39) (ကက/ကြည်း) တို့ ပါဝင်သည်ကို တွေ့ရသည်။
အပိုင်း ၈ တွင် ဆက်လက် တင်ပြပါမည်။
နောက်အပိုင်း (အပိုင်း ၈) ကို ဒီမှာ ဖတ်နိုင်ပါတယ်။
ရင်းမြစ်များ
Kaba Aye Pagoda — Wikipedia: https://en.wikipedia.org/wiki/Kaba_Aye_Pagoda
ဗိုလ်ချုပ်တင်ဦး၏ အထုပ္ပတ္တိ — “သူနှင့် သူ၏ဘဝပုံရိပ်” (နဝဒေး စာတည်းအဖွဲ့)