ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း
ရဲရင့်ငယ် — ၃၁ အောက်တိုဘာ ၂၀၂၆
အောက်ပါစာသားသည် RFA မြန်မာပိုင်း အစီအစဉ်မှ ဆောင်းပါးများ ဖြစ်ပြီး၊ Benedict Rogers ၏ စာအုပ်ကိုယ်တိုင် မဟုတ်ပါ။
Than Shwe: Unmasking Burma's Tyrant စာအုပ်မျက်နှာဖုံး
ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း Than Shwe: Unmasking Burma's Tyrant ထိုင်းနိုင်ငံရှိ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေပြီး၊ ဘင်နဒစ် ရော်ဂျာစ် (Benedict Rogers) ရေးသားထားတဲ့ "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း(Than Shwe: Unmasking Burma's Tyrant)"
အောင်သူငြိမ်း တင်ဆက်ပြီး အာရ်အက်ဖ်အေ (RFA) မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်ခဲ့တဲ့ "ဗိုလ်ချုပ် သန်းရွှေ အကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဆောင်းပါးများကို [yaw-han-aung.blogspot.com] မှနေ ပြန်လည်စုစည်းထားတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ် တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း
(၁) နိဒါန်း
ဒီတပတ်မှာတော့ စာအုပ်သစ် တအုပ်ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီစာအုပ်က အခု ၂၀၁၀ ခုနှစ်ထဲမှာပဲ ထွက်ပေါ်လာတဲ့ စာအုပ်သစ် တအုပ်ဖြစ်ပြီး၊ မြန်မာ စာဖတ်ပရိသတ်အများ စိတ်ဝင်စားဖွယ်အကြောင်း ဖြစ်လိမ့်မယ် လို့ ထင်မိပါတယ်။ စာအုပ်နာမည်ကိုက "ဗိုလ်ချုပ်သန်းရွှေအကြောင်း၊ မြန်မာနိုင်ငံ၏ မင်းဆိုးမင်းညစ်တဦးကို မျက်နှာဖုံး ခွာကြည့်ခြင်း" ဆိုတော့၊ ဘာတွေများ ရေးထားမှာလဲဆိုပြီး စိတ်ဝင်စားမိကြမှာပါ။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာရှိတဲ့ (Silkworm Books) စာအုပ်တိုက်က ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ စာရေးသူ က ဗြိတိန်အခြေစိုက် ကမ္ဘာတဝန်းရှိ ခရစ်ယာန် ဘာသာဝင်များ သွေးစည်းညီညွတ်ရေးအဖွဲ့ (Christian Solidarity Worldwide) က ဒု-ဥက္ကဋ္ဌ တာဝန် ယူထားသူ ဘင်နဒစ် ရော်ဂျာစ် ဖြစ်ပါတယ်။ သူက မြန်မာပြည် နယ်စပ် တလျှောက်မှာ တိုင်းရင်းသား လူမျိုးများအရေးနဲ့ ပတ်သက်ပြီး ကာလကြာရှည် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကရင်လူမျိုးတွေ၊ စစ်ပြေး ကရင်ဒုက္ခသည် အများကို ကူညီ ဆောင်ရွက်ပေးခဲ့တာပါ။ မြန်မာပြည် ဒီမိုကရေစီအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိတ်ဝင်စားသူတွေ၊ အစိုးရတွေအကြား တိုက်တွန်းပြောဆိုခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါအပြင် နိုင်ငံတကာ သတင်းစာ အများအပြားမှာလည်း မြန်မာနိုင်ငံက ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်လို့ ဆောင်းပါး အများအပြား ရေးသားခဲ့တဲ့အပြင်၊ "မိစ္ဆာမကင်းနိုင်တဲ့မြေ - မြန်မာနိုင်ငံရှိ ကရင် လူမျိုးများအပေါ် လူမျိုးတုန်း သုတ်သင်နေသည့် လုပ်ရပ်ကို ရပ်တန့်ပါရန်" ဆိုတဲ့ စာအုပ်တအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့ပါသေးတယ်။ ဒီစာအုပ် ရေးသားဖို့ သူ့အဖွဲ့အစည်းက အားပေးခဲ့တဲ့ အပြင်၊ မြန်မာပြည်အရေး လှုပ်ရှားနေတဲ့ အမေရိကန် အခြေစိုက် (US Campaign for Burma) အဖွဲ့က ဂျယ်ရမီ ဝုဒ်လမ်း ကလည်း ကိုယ်တိုင်ကိုယ်ကျ ကူညီ အချက်အလက်တွေ စုဆောင်းပေးတဲ့အပြင် အကြိမ်ကြိမ် ဖတ်ရှု အကြံပေးခဲ့တယ်လည်း ဆိုပါတယ်။
ဒီစာအုပ် အဖွင့်ပိုင်း နိဒါန်းမှာ သူဖော်ပြထားတာကတော့ အင်တာနက်က အချက်အလက်တွေ ရှာဖွေနိုင်တဲ့ ဂူးဂဲလ် စာမျက်နှာမှာ "အာဏာရှင်တွေအကြောင်း စာအုပ် ဒါမှမဟုတ် အာဏာရှင်နဲ့ ဖက်ဆစ်" စသဖြင့် ရိုက်ထည့်ပြီး ရှာဖွေကြည့်ရင် နိုင်ငံတကာက နာမည်ကြီး အာဏာရှင်တွေအကြောင်းကို တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။ အရင်က နာဇီ အာဏာရှင်ကြီး ဟစ်တလာ၊ ချီလီက အာဏာရှင် ပီနိုချေး အကြောင်း၊ ယူဂိုဆလား ဗီးယားက မီလိုဆီးဗစ်၊ ယူဂန်ဒါနိုင်ငံက အီဒီအာမင်၊ အခုအခါမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ် ဆိုတဲ့ ဆူဒန်နိုင်ငံက အိုမာ အယ်လ်-ဘာရှား စသဖြင့် သူတို့ရဲ့အကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်တွေကို တွေ့ရပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာပြည်က ဆိုးညစ်လှတဲ့ အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အကြောင်းက ပျောက်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံက ကုလသမဂ္ဂက ၂၀၀၆ ခုနှစ်၊ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ဖြစ်နိုင်ခြေရှိနေတဲ့ နိုင်ငံတွေအကြောင်း လေ့လာချက်မှာ အနီရောင် သတိပေးချက်ပြထားတဲ့ နိုင်ငံတခု ဖြစ်သလို၊ ဘာသာရေး လွတ်လပ်ခွင့်၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ စီးပွားရေး လွတ်လပ်ခွင့်တွေမှာ အတော် အောက်တန်း နောက်တန်းကျနေတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ နာဂစ်မုန်တိုင်းလို ကပ်ဘေးသင့်တဲ့ ကာလမျိုးမှာတောင် ကိုယ့်ပြည်သူတွေအပေါ် စာနာမှု ကင်းမဲ့စွာ လျစ်လျူပြု နေနိုင်တဲ့ အုပ်ချုပ်သူ တဦးဖြစ်သလို၊ လူများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာ သံဃာတော်တွေကိုလည်း အာဏာနဲ့ ပတ်သက်လာရင် ရက်ရက်စက်စက် သတ်ဖြတ်ရဲတဲ့ အုပ်ချုပ်သူ ဖြစ်ပါတယ်။ အဲဒါအပြင် တိုင်းရင်းသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတဲ့ စစ်ရာဇဝတ် ပြစ်မှုတွေ အမြောက်အများ မှတ်တမ်းရှိထားတဲ့အပြင်၊ မြန်မာ့တပ်မတော်က မုဒိမ်းမှု ကျူးလွန်နေတာကို မသိကျိုးကျွံ ဆက်လက်ခွင့်ပြုထားတာလည်း သူပဲ ဆိုပါတယ်။ ဒီလို ဆိုးရွားလှတဲ့ မင်းဆိုးမင်းညစ် တဦး ဖြစ်ပေမယ့် သူနဲ့ပတ်သက်တဲ့ လေ့လာထားတဲ့ စာအုပ်၊ စာတမ်း၊ စာပေက အတော့်ကို ရှားရှားပါးပါး ဖြစ်နေလို့ ဒီကွပ်လပ်ကို ဖြည့်ဆည်းရလေအောင် ဗိုလ်ချုပ်သန်းရွှေအကြောင်း စာအုပ်ကို သူရေးဖို့ ကြိုးပမ်းရတာ ဖြစ်တယ်လို့ ဘင်နဒစ် ရော်ဂျာစ်က ဆိုထားပါတယ်။
ဒါပေမဲ့ စာအုပ် ရေးသားဖို့က မြန်မာစစ်အာဏာရှင်ကြီးရဲ့အကြောင်းကို သိရှိသူ နည်းလွန်းလှတာမို့ နယ်စပ်က မြန်မာ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသားတွေ၊ စစ်တပ်က လက်နက်ချလာသူတွေ၊ စစ်တပ် အရာရှိဟောင်းတွေ၊ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ စသဖြင့်တွေနဲ့ တွေ့ဆုံ မေးမြန်းပြီး အတော့်ကို ကြိုးပမ်း စုဆောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
ဧရာဝတီ မဂ္ဂဇင်းနဲ့ ဒီစာအုပ်အကြောင်း တွေ့ဆုံ မေးမြန်းခန်း တခုမှာတော့၊ "ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့ကိုယ်သူ စစ်ဘုရင် တပါးလို မြင်တယ်။ ... တချို့ အချက်အလက်တွေက ဘယ်လိုမှ မဆီလျော်ပေမယ့် အဲဒါတွေက သူတကယ်စဉ်းစားနေတဲ့ အချက်တွေပဲ" လို့ ဗိုလ်ချုပ်သန်းရွှေ အပေါ် သူ့အမြင်ကို ပြောခဲ့ပါသေးတယ်။ အဲဒါအပြင် "မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို ပြစ်မှုတွေက ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အခန်းကဏ္ဍကို စုံစမ်းဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ရှိသင့်တယ်လို့ တခြားသူတွေ ယုံကြည်သလို ကျနော်လည်း ယုံကြည်တယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော် အကြမ်းဖျင်း ဖော်ပြထားပါတယ်" လို့ သူရည်ရွယ်ချက်ကိုလည်း ဧရာဝတီ မဂ္ဂဇင်းကို ထုတ်ဖော် ပြောပြခဲ့ပါသေးတယ်။
ဒီစာအုပ်အကြောင်းကို သူက မြန်မာပြည်ကို သတင်းလွှင့်နေတဲ့ လွတ်လပ်တဲ့ အာရှအသံ စသဖြင့် သတင်း မီဒီယာတွေလည်း ထုတ်ဖော် ပြောခဲ့ပါသေးတယ်။ ဗိုလ်ချုပ်သန်းရွှေက အာဏာကို ဘယ်လိုနည်း သုံးရသုံးရ ဆက်ပြီး ထိန်းသိမ်းထားမယ့်သူ ဖြစ်တယ်ဆိုတာ သူ့အမြင်ကို ဖော်ပြ ပြောဆိုထားခဲ့ပါသေးတယ်။
ဒီစာအုပ်အကြောင်းကို မြန်မာပြည် ကိစ္စအပေါ် အကြားအမြင်များတဲ့ စာရေးဆရာ ဘာတေးလ်လင့်တနာက သုံးသပ်ရာမှာတော့ အကောင်းဘက်က ဖော်ပြ သုံးသပ်ခဲ့ပါတယ်။ ဘာတေးလ်က ထပ်ပြီး ဖြည့်စွက် ဖော်ပြထားတာက တော့ ဗိုလ်ချုပ်သန်းရွှေ အာဏာရလာရာ လမ်းတလျှောက် စစ်သားဘဝမှာလည်း တကယ်စစ်မြေပြင်က တိုက်ခိုက်ပြီး တက်လာခဲ့တဲ့သူ မဟုတ်ဘူး။ သူက စိတ်ဓာတ်စစ်ဆင်ရေး ဌာနကနေ တက်လာသူ ဆိုတာလည်း ဖော်ပြခဲ့ပါတယ်။ တချိန်က မြန်မာပြည်က စစ်အာဏာရှင်ကြီး ဦးနေဝင်း သေတဲ့အခါ နောင်လာမယ့် မျိုးဆက်တွေနဲ့ အပြောင်းအလဲတွေ ဖြစ်ကောင်းရဲ့ဆိုပြီး၊ စိတ်ကူးယဉ်ခဲ့ကြတာဟာ မှားခဲ့ကြောင်း၊ အခုအချိန်မှာလည်း ရွေးကောက်ပွဲကို ထောက်ခံပြောဆို နေသူတွေ၊ ဗိုလ်ချုပ်သန်းရွှေ အလွန်ကာလမှာ ဒီမိုကရေစီ အပြောင်းအလဲအတွက် ဦးတည်သွားလိမ့်မယ်လို့ ယူဆ ထားတဲ့သူတွေ ဖတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဘာတေးလ်လင့်တနာက ညွှန်းဆိုခဲ့ကြောင်းပါတယ်။
(၂) စာပို့သမား တဦးမှ အာဏာရှင် ဖြစ်လာခြင်း
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကြောင်း၊ အတ္ထုပ္ပတ္တိကို နိုင်ငံပိုင် သတင်းစာတွေကနေ တရားဝင် ဖော်ပြရေးသားတာ အနည်းအကျဉ်းပဲ ရှိပါတယ်။ အဲဒါအပြင် သူ့ဘဝအကြောင်းနဲ့ ပတ်သက်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြောတာကလည်း မရှိသလောက်ပါပဲ။ သူနဲ့ တွေ့ကြုံ ဖြတ်သန်းခဲ့ဖူးတဲ့သူတွေ၊ လုပ်ဖော်ကိုင်ဖက်၊ တပည့်တပန်းတွေကလည်း သူ့အကြောင်း စာတစောင် ပေတဖွဲ့ ရေးတာမျိုး မရှိပါဘူး။ ပြောရရင် အတော် သိုသိုသိပ်သိပ်နိုင်လွန်းတဲ့သူလို့ ဆိုရင် ရနိုင်ပါတယ်။
စာအုပ်ရဲ့ နိဒါန်းပိုင်းမှာ စာရေးသူ ဘင်ရော်ဂျာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မဖြစ်လာခင် အစောပိုင်းကာလ တွေ အကြောင်း၊ နိုင်ငံရေးအရ တဖြည်းဖြည်း မြင့်တက် နေရာရလာပုံ အကြောင်း သတင်းအချက်အလက်တွေ စုဆောင်းတော့ အတော်ခက်တယ် ဆိုပါတယ်။ ဒါပေမဲ့ ပြောလို့ရတာက ဗိုလ်ချုပ်သန်းရွှေက ဘဝတလျှောက်လုံးမှာ လူဆိုးလူမိုက်ကြီးတော့ မဟုတ်ခဲ့ပါဘူး။ သိပ်ကြီး ပပလွှားလွှား ဥစ္စာစည်းစိမ်ခံလိုတဲ့ လူစားမျိုးလည်း မဟုတ်ခဲ့ပါဘူး။သူနဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်းက သိခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အပြောအရဆိုရင် သူ့ဘဝက အတော့်ကို ရိုးရိုးရှင်းရှင်း နိုင်လှတယ်။ တိတ်တိတ်ဆိတ်ဆိတ်ဘဲ နေလေ့ရှိတယ်လို့ သိခဲ့ရပါတယ်။ အဲသည်တော့ ဇင်ဘာဘွေနိုင်ငံက ဒီကနေ့ အာဏာရှင်ကြီး မူဂါဘီနဲ့ အတော်ဆင်တူတယ် ဆိုပြီး သူက ကိုးကားဖော်ပြပါတယ်။ မူဂါဘီ အစောပိုင်း သမ္မတ သက်တမ်းမှာ အလုပ်အတူ ပူးတွဲလုပ်ကိုင်ဖူးခဲ့တဲ့ ဒင်းနစ် နော်မင်က ရေးသားထားတဲ့ စာတအုပ်ကို ကိုးကားပြီး၊ မူဂါဘီက အတော့်ကို စည်းစနစ်ကျနတဲ့သူ၊ လူတွေကိုလည်း လေးလေးစားစား ဆက်ဆံတတ်သူ၊ ယဉ်ကျေးပျူငှာ ဝတ်မပျက်တတ်ဘူး၊ သိပ်ပလွှားတဲ့ ဇိမ်ခံမှုမျိုးလည်း လိုလားသူ မဟုတ်ဘူးလို့ ရေးခဲ့ပါတယ်။ ဒီအချက်တွေ အားလုံးက ဗိုလ်ချုပ်သန်းရွှေရဲ့ အစောပိုင်းကာလကို ဖော်ပြရင်လည်း တထပ်တည်းလောက် တူနေနိုင်တယ်လို့ သူကဆိုပါတယ်။ မူဂါဘီက ပလွှားတဲ့သူတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အာဏာကိုတော့ တပ်မက်မောတယ်လို့ ဒင်းနစ် နော်မင်က ရေးပါတယ်။
မူဂါဘီ ဘဝအတိတ်ကို ပြန်ကြည့်တဲ့အခါ သူရဲ့ နိုင်ငံရေး ဖြတ်သန်းမှုတလျှောက်လုံးမှာ မတွေ့ရတာက လူသားတယောက်ဆန်တဲ့ အနှစ်သာရပဲလို့ ဆိုပါတယ်။ သူက မထင်မရှား နိုင်ငံရေးသမား တဦးအဖြစ် ဖြတ်ခဲ့ရတယ်၊ အခြေအနေ အဆိုး အမျိုးမျိုးကြားမှာ ရှင်ကျန်ရစ်ရသူ၊ ဒါပေမဲ့ အကြင်နာကင်းကင်းနဲ့ ရက်စက်တတ်သူလို့ ဆိုပါတယ်။ သူ့လူမျိုးတွေအပေါ်မှာတောင် အညှိုးထားတတ်သူလို့ ဆိုပါတယ်။ မူဂါဘီက ဇင်ဘာဘွေပြည်သူတွေ အရေးအတွက် လောက်တော့ ဘယ်လောက် ဒုက္ခရောက်နေနေ၊ သေကောင်ပေါင်းလဲ ဖြစ်ပါစေ၊ စိတ်မလှုပ်ရှားတတ်ဘူး။ ဒါပေမဲ့ ပဋိပက္ခတွေ၊ ရန်သူတွေရဲ့ လုပ်ကြံမှု ဖြစ်ရပ်တွေအကြောင်း ဆိုရင် သူ့စိတ်ဝင်စားမှုက ထကြွလာတယ်လို့လည်း မူဂါဘီ အကြောင်းကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေအကြောင်း စာရေးသူ ဘင်ရော်ဂျာကလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ ဒီလို စရိုက်လက္ခဏာတွေကို တွေ့ရပြန်တယ်လို့ ဆိုပါတယ်။ သူတို့က အလယ်ခေတ် ကာလတွေက သက်ဦးဆံပိုင် ဘုရင်တွေလို ကျင့်ကြံချင်တယ်လို့ ဆိုပါတယ်။ "သူတို့ လုပ်ချင်တာကို လုပ်မယ်၊ သူရဲ့လမ်းမှာ ဘယ်သူ ကမှ လာတားဆီးနေလို့ မရဘူး၊ အကယ်၍ သူလုပ်ချင်တာကို လုပ်ခွင့်မပေးဘူး ဆိုရင် ဘယ်လိုဖြစ်သွားမယ် ဆိုတာ တွေ့ရလိမ့်မယ်" စသဖြင့် ကလေးဆိုးဆန်ဆန် အမူအကျင့်တွေကိုလည်း အာဏာရှင်ကြီး ၂ ဦးလုံးမှာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေကြောင့် လူတွေ ဘဝပျက် သေကြေကြရတာသာ မကဘဲ၊ နိုင်ငံတခုလုံး ကြေကွဲ ဝမ်းနည်းဖွယ် အဖြစ်ဆိုးတွေလည်း ကြုံကြရပါတယ်။
စာရေးသူက ဘာကြောင့် ဒီလိုဖြစ်တာလဲလို့ မေးခွန်းထုတ်ရင်း၊ "အာဏာဟာ လူကို ပျက်စီးစေတယ်၊ အကြွင်းမဲ့ အာဏာဟာ လူကို ပိုလို့ ဆိုးရွားစွာ ပျက်စီးစေတယ်" ဆိုတဲ့ လော့ဒ် အက်တွန် (Lord Acton) ရဲ့ အတိတ် ကာလက နာမည်ကျော်စကားကိုပဲ ယူပြီး အဖြေပေးခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူက အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မျက်နှာဖုံးကို ခွာချနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဗိုလ်ချုပ်သန်းရွှေက မြန်မာပြည် အထက်ပိုင်းက ကျောက်ဆည်သားပါ။ ၁၉၃၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာ မွေးဖွားတယ်လို့ ဆိုပါတယ်။ သူရဲ့ ငယ်စဉ်ဘဝအကြောင်းကလည်း သိသူ အတော်နည်းလှပါတယ်။ သူမှာ မွေးချင်း ဘယ်နှစ်ယောက်ရှိသလဲ ဆိုတာတောင် အတိအကျ မသိနိုင်ကြပါဘူး။ အချို့ကတော့ သူ့ကို မြင်းစုလို့ ခေါ်တဲ့ ရွာငယ် တခုမှာ မွေးတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တဦး ပြောတာကတော့ သူ့ကို ညောင်ခြေထောက်လို့ ခေါ်တဲ့ မြို့ငယ်တခုမှာ မွေးတယ်လို့ ပြောပြန်ပါတယ်။ နောက်ပိုင်းမှာ ကျောက်ဆည်ကို ပေါင်းလာတဲ့ မြို့လို့လည်း ဆိုပါတယ်။ ကျောက်ဆည်ဒေသက ခြောက်သွေ့တဲ့ မြေပြန့်ဒေသပါ၊ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား အသက်မွေးကြပါတယ်။ ရန်ကုန်-မန္တလေး သွားတဲ့ ရထားလမ်းမပေါ်မှာ တည်ရှိပြီး၊ ရှမ်းပြည်ကနေ ဧရာဝတီမြစ်ထဲ စီးဝင်တဲ့ ဇော်ဂျီချောင်းက ရေကို မှီခိုအားထားကြရပါတယ်။ ကျောက်ဆည်မှာ လူဝင်ပြီး ကတဲ့ 'ဆင်ပွဲ' ကလည်း နာမည်ကျော်လှပါတယ်။
သိရှိသူတွေကတော့ ဗိုလ်ချုပ်သန်းရွှေရဲ့ မိဘတွေက လယ်သမားတွေလို့ ဆိုကြပါတယ်။ ဖြစ်နိုင်တာက ဆန်စိုက်တဲ့ လယ်သမားတွေ ဖြစ်ဖို့ များပါတယ်။ ကျောက်ဆည်မှာ ဆန်အပြင်၊ နနွင်း၊ သရက်၊ ကြက်သွန်၊ ပြောင်းနဲ့ ပဲ အမျိုးမျိုးလည်း စိုက်ကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေ မွေးဖွား ကြီးပြင်းခဲ့တဲ့ ကာလနဲ့ မြန်မာ့သမိုင်း ဖြစ်စဉ်တွေကိုလည်းယှဉ်လို့ စာရေးသူက ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ မမွေးခင် ၂ နှစ်လောက်၊ ၁၉၃၀ ခုနှစ်မှာ မြန်မာနိုင်ငံက ကိုလိုနီအုပ်ချုပ်ရေး ကာလအထဲ လယ်သမားတွေ မခံမရပ်နိုင်လို့ ဆရာစံ သူပုန်ထမှုကြီး ပေါ်ပေါက်ခဲ့ပါတယ်။ လယ်သမားတွေက ရရာလက်နက်စွဲလို့ အင်္ဂလိပ်ကိုလိုနီကို ပုန်ကန်ခဲ့ကြတာပါ။ ဒီသမိုင်းအဖြစ်အပျက်က ဗိုလ်ချုပ် သန်းရွှေအပေါ် သြဇာလွှမ်းမိုးဖို့တော့ ခက်ပါတယ်။ အတော့်ကို ငယ်ရွယ်သေးတဲ့ ကာလပါ။
ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝက ပညာရေး ကောင်းကောင်းမရခဲ့ဘူးလို့ ပြောဆိုတာတွေလည်း ရှိနေခဲ့ပါတယ်။ ကျောင်းနေတဲ့ ပုံမှန် ပညာရေးထက် စာရင်၊ ပုံမှန်မဟုတ်တဲ့ ပညာရေး စနစ်မျိုးနဲ့ ကြီးပြင်း ဖြတ်သန်းခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ဗိုလ်ချုပ် သန်းရွှေက ၁၉၄၂ ခုမှာ အခြေခံမူလတန်းကျောင်း ပြီးလို့၊ ကျောက်ဆည် အထက်တန်းကျောင်းကိုတက် ၁၉၅၁ ခုနှစ်မှာ အထက်တန်း အောင်ခဲ့တယ်လို့ ဆိုပါတယ်။ အချို့ကလည်း ဒီလောက်တောင် ပညာရေး ရှိချင်မှရှိမယ်လို့လည်း ပြောဆိုတာတွေ ရှိပါသေးတယ်။ အဲဒီနောက် ကျောက်ဆည်မြို့ရဲ့တောင်ဘက် မိုင် ၆၀ အကွာက မြို့ကလေးရဲ့ စာတိုက်တခုမှာ စာတိုက်စာရေးလေးအဖြစ် တနှစ်လောက် လုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။ စာတိုက်စာရေးဖြစ်ဖို့ ဆိုတာ အနည်းဆုံး ပညာအရည်အချင်း ၁၀ တန်းလောက်ရှိမှ ဖြစ်မှာမို့ သူက ၁၀ တန်း အောင်ခဲ့တယ်လို့ ယူဆနိုင်တယ် လို့လည်း သုံးသပ်ကြပါတယ်။ မြန်မာပြည်မှာ စာတိုက်စာရေးလေး ဘဝ ကနေ အာဏာရှင်ကြီးဖြစ်ခဲ့တာ သူမှ မဟုတ်ပါဘူး။ အရင်က အာဏာရှင်ကြီး ဦးနေဝင်းကလည်း စာတိုက် စာရေးလေးအဖြစ် အလုပ်ဝင်ခဲ့ဖူးပါသေးတယ်။
(၃) ငယ်စဉ်ဘဝ စစ်တပ်ထဲ ဝင်ရောက်ခဲ့ပုံ
နိုင်ငံတွေ၊ အင်ပိုင်ယာတွေရဲ့ သမိုင်းဟာ ထွန်းပြောင်တဲ့ အတိတ်သမိုင်းတွေ ရှိသလို၊ ပြိုလဲ ကျဆုံးမှုတွေနဲ့လည်း တွဲနေ တတ်ပါတယ်။ ဒီလိုသမိုင်းမှာပဲ လူစွမ်းကောင်း ယောက်ျား၊ မိန်းမတွေရဲ့ အကြောင်းတွေနဲ့လည်း ဆက်စပ်နေတတ် ပြန်ပါတယ်။ ဒီကနေ့ အခုလို စာအုပ် မှတ်တမ်းတင်ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အကြောင်းကို ပြန်ကြည့်တဲ့အခါမှာ ဒီလိုထူးချွန်တဲ့ လူစွမ်းကောင်း လူယောက်ျားတဦးရဲ့ မှတ်တမ်းကို ဖတ်နေရသလိုတော့ မဟုတ်ပါဘူး။
ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝ ကျောက်ဆည်မြို့မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်က ဒုတိယကမ္ဘာစစ်ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဗိုလ်ချုပ်သန်းရွှေက အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူလို့ လူသိများကြသလို၊ မကြာခဏ ဆိုသလိုပဲ ဗြိတိသျှတွေကို ဆန့်ကျင်ပြောဆိုတာလည်း ရှိခဲ့ပါတယ်။ အဲသည်တော့ သမိုင်း အဖြစ်အပျက်တွေက သူ့ငယ်စဉ်ဘဝအပေါ် ဘယ်လောက် သြဇာ လွှမ်းမိုးခဲ့မယ် ဆိုတာ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းတွေကို တွက်ချက်ပြီး ဗိုလ်ချုပ်သန်းရွှေဟာ ငယ်စဉ်ဘဝက ရှင်ပြုပြီး ကိုရင်ဘဝ ဖြတ်သန်းခဲ့မယ် ဆိုတာကိုလည်း စာရေးသူက တွက်ချက် ဖော်ပြပါသေးတယ်။ ဗိုလ်ချုပ်သန်းရွှေမှာ မွေးချင်း မောင်နှမ ဘယ်နှစ်ယောက် ရှိတယ် ဆိုတာ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။ သူကိုယ်တိုင်ကလည်း သူ့မိသားစုအကြောင်း ဖော်ပြပြောဆိုတာ မရှိခဲ့ပါဘူး။ မြန်မာပြည်မှာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံ သံအမတ်ကြီးကတော့ ဗိုလ်ချုပ် သန်းရွှေဟာ မွေးချင်းမောင်နှမတွေ မရှိနိုင်ဘူး၊ ရှိရင် သူသိရမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အထူး သံကိုယ်စားလှယ်လုပ်ခဲ့တဲ့ ရာဇာလီ အစ္စမိုင်းလ်ကတော့ ဗိုလ်ချုပ် သန်းရွှေမှာ အကို ဒါမှမဟုတ် ယောက်ဖတဦး ရှိတယ်၊ သူက ကွန်မြူနစ်နဲ့ ပတ်သက်လို့ ထောင်ကျနေတယ်လို့ သူ့ကို ပြောခဲ့ဖူးကြောင်း ပြန်ပြောပါတယ်။ ဒါပေမဲ့ စာရေးသူ ဘင်ရော်ဂျာကတော့ ကျောက်ဆည်မြို့သား အေဘီအက်စ်ဒီအက်ဖ် (ABSDF) ဥက္ကဋ္ဌ ကိုသံခဲကို ကိုးကား ဖော်ပြရာမှာ ဗိုလ်ချုပ်သန်းရွှေမှာ အစ်မတယောက် ရှိပြီး၊ ဈေးဆိုင် တည်ထားတယ်။ နောက် သူအာဏာရလာပြီး နောက်ပိုင်းမှာမှ တည်းခိုခန်းတွေ၊ အခြားလုပ်ငန်းတွေ ပံ့ပိုးပေးတာကြောင့် ကြီးပွား စီးပွားဖြစ်လာတယ် ဆိုပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတဦး ပြောတာကတော့ ဗိုလ်ချုပ်သန်းရွှေရဲ့ ဖခင်က အရင် အိမ်ထောင် ရှိဖူးတယ်။ အဲသည် အိမ်ထောင်နဲ့ အဖေတူ မောင်နှမ ၅ ယောက်၊ ၆ ယောက်လောက် ရှိတယ်လို့ ဆိုပါတယ်။ တရားဝင် အတည်ပြုနိုင်တာတွေတော့ မဟုတ်ပါဘူး။ ဒီအချက်တွေကြောင့်ပဲ ဖြစ်မယ် ထင်ပါတယ်။ ကျောက်ဆည်ဒေသမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေ၊ စက်ရုံတွေ အများအပြား သူ အာဏာရလာပြီးတဲ့ နောက်ပိုင်းမှာ တည်ဆောက်ထားခဲ့ပါတယ်။ဗိုလ်ချုပ်သန်းရွှေ ငယ်စဉ်ဘဝ ကျောင်းတက်နေစဉ် အချိန်မှာပဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပါတယ်။ ၁၉၄၁ ခု၊ ဒီဇင်ဘာလမှာ ဂျပန်က ဗြိတိန်ကို စစ်ကြေညာခဲ့ပြီး၊ နောက်ပိုင်း ၃ နှစ်မှာ မြန်မာနိုင်ငံထဲ ဝင်ရောက် ကျူးကျော် ခဲ့ပါတယ်။ ကျောက်ဆည်က အချက်အချာကျတဲ့ ဒေသဖြစ်လို့ အင်္ဂလိပ်နဲ့ အမေရိကန်က ကျောက်ဆည်ကနေ မအောင်မြင်ခဲ့တဲ့ ခုခံစစ်ကို ဆင်နွှဲဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။ ၁၉၄၂ ခုနှစ်မှာ ကျောက်ဆည်မှာပဲ ဗြိတိသျှတပ်ရဲ့ နာမည်ကြီး တပ်မှူးတွေ ဖြစ်တဲ့ ဗိုလ်ချုပ် ဆာ ဝီလီယံ စလင်း၊ ဗိုလ်ချုပ် ဟာရိုးလ် အလက်ဇန်းဒါးနဲ့ အမေရိကန် တပ်က ဗိုလ်ချုပ် စတီးဝဲလ်တို့ အစည်းအဝေး ထိုင်ခဲ့ကြပါသေးတယ်။ ဒါပေမဲ့ မောင်သန်းရွှေ ၉ နှစ်သား အရွယ်မှာ ဂျပန်တွေက အလျှင်အမြန် ချီတက်လာပြီး ကျောက်ဆည်ကို သိမ်းပိုက်လိုက်ပါတယ်။ ဂျပန်တွေ အုပ်စိုးစဉ်မှာတော့ ဂျပန် ဗိုလ်ချုပ် ဟီတာရို ကီမူရာက ကျောက်ဆည်ကို အမာခံနောက်ကျော ထောက်ပံ့ရေး လမ်းကြောင်းအဖြစ်ထားပြီး၊ အိန္ဒိယနယ်စပ် နာဂလန်း၊ မဏိပူဘက်ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ပြီးခါနီး မဟာမိတ်တပ်တွေ ပြန်ထိုးစစ် ဆင်လာတော့ ဗိုလ်ချုပ် စလင်း ဦးဆောင်တဲ့တပ်တွေက ကျောက်ဆည်ကို ၁၉၄၅ ခုနှစ်၊ မတ်လမှာ ခပ်လွယ်လွယ်ပဲ သိမ်းလို့ရတယ်။ ဂျပန်တပ်တွေက အဲဒီ ကျောက်ဆည်ဒေသမှာ ၂,၀၀၀ လောက်တောင် ကျကျန်ရစ်တယ်လို့ ဆိုကြတယ်။ မောင်သန်းရွှေ ၁၂ နှစ်သား အရွယ်ပေါ့။ သူ့မြို့ကို အင်္ဂလိပ်တွေ၊ ဂျပန်တွေ အုပ်ချုပ်ခဲ့တာ၊ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်တလင်းမြေ ဖြစ်ခဲ့တာတွေကို သူမြင်ခဲ့ရဖို့ ရှိတယ်။ အဲသည်အချိန်နောက်ပိုင်းမှာ ဘီအိုင်အေတပ် ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းက လွတ်လပ်ရေး ခေါင်းဆောင်ကြီး ဖြစ်လာသလို၊ အမျိုးသားရေး လွတ်လပ်ရေး လှုပ်ရှားမှုတွေလည်း ပြင်းထန်လာခဲ့တယ်။
၁၉၄၈ ခုနှစ်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ ပြည်တွင်းစစ်မီးက အကြီးအကျယ် တောက်လောင်ပြန်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ် အယူဝါဒ ပေါင်းစုံ ရောင်စုံသူပုန်ထမှုတွေနဲ့ ကြုံရတယ်။ မြန်မာ့တပ်မတော်က ကချင်ဗိုလ် ဗိုလ်နော်ဆိုင်းတို့က အစိုးရကို ဖီဆန်ပုန်ကန်ကြတော့ သူတို့ တပ်တွေက ကျောက်ဆည်ကို ၁၉၄၉ ခုနှစ်မှာ သိမ်းပိုက်ခဲ့ကြပြန်တယ်။ မောင်သန်းရွှေ ၁၆ နှစ်သားလောက်ပဲ ရှိဦးမယ်။ တခါ အဲဒီနှစ် ဇွန်လမှာပဲ မြန်မာ့တပ်မတော်က ဗိုလ်နော်ဆိုင်းတပ်တွေကို ပြန်ထိုးစစ်ဆင်တော့ သူတို့က မြောက်ဘက်ကို ဆုတ်ခွာသွားခဲ့ကြရတယ်။ အဲဒီကာလ မတည်ငြိမ်ဖြစ်ခဲ့တဲ့၊ စစ်ကြီးတွေ ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေက ဒီကနေ့ ဗိုလ်ချုပ်သန်းရွှေအပေါ် ဘယ်လို ရောင်ပြန်ဟပ်မယ် ဆိုတာတော့ အတိအကျ မပြောနိုင်ပါဘူး။
ဒီလိုနဲ့ နောက် ၅ နှစ်အကြာ အထက်တန်းကျောင်းပြီးလို့၊ စာတိုက်မှာ စာရေးကလေးအဖြစ် တနှစ်လောက် ဝင်လုပ်ပြီးတဲ့ အခါမှာတော့ မောင်သန်းရွှေက စစ်ထဲ ဝင်ခဲ့တယ်။ မြန်မာ့တပ်မတော်က ပေးတဲ့ (၉) ကြိမ်မြောက် အိုတီအက်စ် စစ်ဗိုလ် အရာရှိလောင်းသင်တန်းကို မေမြို့မှာ တက်ဖို့ ရွေးချယ်ခံရတယ်။ အရာရှိလောင်း သင်တန်းကို ဂျပန်တွေက မင်္ဂလာဒုံမှာ ၁၉၄၂ ခုနှစ် စတင်စဉ်ကတော့ မြန်မာစစ်တပ်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ခဲ့တာပါပဲ။ ဒါပေမဲ့ အိုတီအက်စ် သင်တန်းတွေက အမျိုးသားရေးစိတ်ဓာတ် နိုးကြားပေါက်ဖွားရာ၊ ဂျပန်ဆန့်ကျင်ရေး အခြေခံသင်တန်းတွေ ဖြစ်ခဲ့တယ်လို့ မြန်မာ့စစ်တပ်အကြောင်း လေ့လာနေသူ ပညာရှင် မေရီ ကယ်လာဟန်က ရေးခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တပ်အရာရှိတွေကို အနောက်နိုင်ငံ စစ်ကျောင်းတွေလို လေ့ကျင့်ပေးဖို့ ဒီအက်စ်အေလို့ ခေါ်တဲ့ စစ်တက္ကသိုလ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် သန်းရွှေ အိုတီအက်စ်ကို ဝင်ခွင့်ရစဉ်ကာလ ၁၉၅၃ ခုနှစ်ကတော့ ပြည်ပကျူးကျော်ရန် တရုတ်ဖြူအရေး၊ ပြည်တွင်းစစ် တိုင်းရင်းသား သူပုန်ထမှုတွေ ရှိနေတဲ့ကာလပါ။ သူက ပြန်တန်းဝင် အဆင့် မဟုတ်တဲ့ အရာရှိ (အဲန်စီအို) ဘဝနဲ့ သင်တန်းကို ရောက်လာပါတယ်။ အဲဒီအချိန်က သင်တန်းမှာ အထက်တန်းအောင်သူ၊ ပညာရေးကောင်းကောင်း ရှိသူကလည်း အတော်နည်းတဲ့ ကာလ၊ စစ်တပ်ကို အလျှင်အမြန် အားဖြည့်ဖို့ ရတဲ့သူ ယူနေရတဲ့ကာလလို့ ဝေဖန်ကြပါတယ်။
(၄) စစ်တပ်ထဲက အရာရှိငယ် ဘဝ
ဗိုလ်ချုပ်သန်းရွှေက ၁၉၅၃ ခုနှစ်မှာ မြန်မာ့တပ်မတော်ထဲ ဝင်ပြီး အရာရှိဗိုလ် လောင်းသင်တန်း (အိုတီအက်စ်) တက်ဖို့ ရွေးချယ်ခံရပါတယ်။ ဒီသင်တန်းက လအနည်းငယ်မျှပဲ ကြာလိမ့်မယ်လို့ ယူဆရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်က ပြည်တွင်းစစ်၊ တရုတ်ဖြူရန် ပြည်ပ ကျူးကျော်မှုလို ခြိမ်းခြောက်မှုတွေကြောင့် စစ်တပ်ကိုတိုးချဲ့နေရတဲ့အချိန်၊ စစ်သား အရာရှိတွေ အများအပြား လိုအပ်နေတဲ့အချိန်ပါ။ သင်တန်းကာလက ၆ လ၊ ဒါမှမဟုတ် ၉ လလောက်ပဲ ရှိလိမ့်မယ်လို့ စာရေးသူ ဘင်ရော်ဂျာက ခန့်မှန်းဖော်ပြပါတယ်။
ဗိုလ်သန်းရွှေက သင်တန်းမှာ ဘာတွေ သင်ကြား တတ်မြောက်ခဲ့ပါသလဲ။ စာရေးသူက မြန်မာ့တပ်မတော်က အခြား အိုတီအက်စ် သင်တန်းဆင်း အရာရှိတွေကို မေးမြန်း လေ့လာခဲ့တဲ့အခါ ဒီသင်တန်းမျိုးတွေမှာ စစ်မြေပြင် တိုက်ပွဲတွေ အတွက် စစ်ရေးနည်းနာတွေကို ပို့ချပါတယ်။ တပ်စိတ်၊ တပ်စုတွေကို ဦးဆောင် ကွပ်ကဲနိုင်ဖို့ ခံ-ခွာ-ချီ- တက် စစ်ရေးတွေ ပို့ချပေးလေ့ရှိတယ် ဆိုပါတယ်။ အဲဒါအပြင် မြန်မာ့တပ်မတော်က အရာရှိဟောင်း ဦးရော်နီငြိမ်း သုံးသပ်တာကတော့ ရန်သူ ဘယ်နေရာမှလဲ ကွဲကွဲပြားပြား မသိနိုင်ခင် ကျင့်သုံးလေ့ရှိတဲ့ (searching fire) လို့ ခေါ်တဲ့ နေရာရှာဖွေ ပစ်ခတ်ခြင်းမျိုးတွေကို ဗိုလ်သန်းရွှေ လေ့လာခဲ့ရနိုင်တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သူရဲ့ နိုင်ငံရေး ဗျူဟာတွေမှာတောင် တခုခု မလုပ်ခင်၊ ကြိုတင်အသံတွေကို စနည်းနာနိုင်ဖို့ အစမ်း လှုပ်ရှားမှုမျိုးတွေ လုပ်ခဲ့တာကို သတိထားမိပါတယ်။
အဲဒီနှစ် ဇူလိုင်လမှာပဲ ဗိုလ်သန်းရွှေ သင်တန်းပြီးဆုံးလို့ တပ်စုမှူး၊ ဒုဗိုလ်အဖြစ် တာဝန် ပေးခံရတယ်လို့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ တပ်စုမှူး ဆိုတာကတော့ လူ ၃၅ ဦးကို အုပ်ချုပ်ရပါတယ်။ မြန်မာ အစိုးရက စစ်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးရာဇဝင်တွေကို ထုတ်ပြန်တာ ရှားရှားပါးပါးပါ။ ၁၉၈၈ ခုနှစ်၊ စစ်အာဏာ သိမ်းပြီး (နဝတ) အစိုးရ တက်လာတဲ့အချိန်မှာ တပ်မတော်သမိုင်း ဆိုပြီး စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို ချီးမွမ်းခန်းဖွဲ့ ပြန်ရေးတာတွေ ဖတ်ရပါတယ်။ ဒါနဲ့ပဲ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာမှာ တပ်မတော် ခေါင်းဆောင်တွေရဲ့ အကြောင်းကို ပြန်ဖော်ပြတာတွေ ဖတ်ရပါတယ်။ အဲဒီမှာ ဗိုလ်ချုပ်သန်းရွှေ အကြောင်း ဖော်ပြ ထားတဲ့နေရာမှာ အိုတီအက်စ် ဗိုလ်သင်တန်းပြီးသွားတဲ့အခါ ဗမာ့ သေနတ်ကိုင် တပ်ရင်း (၁) (သနက-၁) မှာ တာဝန် ထမ်းဆောင်ရတယ်လို့ ဖော်ပြပါတယ်။ ဘယ်နေရာမှာ တာဝန်ယူခဲ့ရတယ် ဆိုတာ အတိအကျ မဖော်ပြထားပေမယ့် ခန့်မှန်းရတာကတော့ ကရင်ပြည်နယ်၊ ဖားအံမြို့ ပတ်ဝန်းကျင်မှာ ကရင်သူပုန်တွေကို တိုက်ခိုက်ဖို့ တာဝန် ယူခဲ့ရနိုင် ပါတယ်။
အဲဒီကာလက ဦးနုက ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီ ကျင့်သုံးနေနိုင်ဆဲ ကာလပါ။ ပြည်တွင်းမှာ ရောင်စုံသူပုန်ထမှုတွေကလည်း အတော်ကျဆင်းသွားပြီး အစိုးရက မြို့တွေ၊ နေရာဒေသ အတော်များများကို ပြန်လည် ပြီး တည်တည်ငြိမ်ငြိမ် ထိန်းချုပ်လားနိုင်တဲ့ ကာလပါ။ အဲဒီအချိန်က တာဝန်ယူခဲ့တဲ့ တပ်မှူးဟောင်းတွေ ပြောပြတာ ကတော့ ကရင်သူပုန်တွေက သူတို့ ထိန်းချုပ်ရာ မြို့ပြတွေကို စွန့်ပြီး တောင်တန်းတွေဆီ ဆုတ်ခွာ အခြေချတဲ့ကာလပါ။ အဲဒီအချိန်မှာ မြန်မာ့တပ်မတော် အတွက် အဓိကရန်သူက တရုတ်နိုင်ငံလို့ ယူဆထားကြတယ် ဆိုပါတယ်။ ၁၉၄၉ ခုနှစ်မှာ ကွန်မြူနစ်ပါတီက အာဏာသိမ်းပိုက်နိုင်ခဲ့တဲ့ ပြည်သူ့ တရုတ်ပြည်က ဗမာ ကွန်မြူနစ်တွေကို ထောက်ပံ့ ပေးနိုင်သလို၊ ကွန်မြူနစ်တွေကို ပြန်တော်လှန်ဖို့ မြန်မာပြည်ထဲကို ပြေးဝင် အခြေစိုက်လာတဲ့ တရုတ်ဖြူ ကူမင်တန် ကျူကျော်မှုရန်လည်း ရှိနေပါတယ်။ အဲဒီအချိန်မှာ ဒီအက်စ်အေ - စစ်တက္ကသိုလ် ပထမသင်တန်း တက်ခဲ့ရတဲ့ ဗိုလ်မှူး ခင်မောင်ညွန့် ပြန်ပြောပြတာက သူတို့ စစ်ကျောင်းတွေမှာ သင်ကြားရတာက တရုတ်ကျူးကျော်မှုက ပထမ ရန်သူ၊ တိုင်းရင်းသား သူပုန်ထမှုက ဒုတိယ ရန်သူ အဖြစ်ထားလို့ သင်ကြားခံရတယ် ဆိုပါတယ်။ မြန်မာ့ တပ်မတော် ကိစ္စတွေကို လေ့လာနေသူ ပညာရှင် မေရီ ကယ်လာဟန် ကတော့ "အဲဒီ အချိန်မှာ မြန်မာ့ တပ်မတော်က အစိုးရ သြဇာနဲ့ လွတ်ကင်းစွာပဲ ဘယ်သူတွေက နိုင်ငံရဲ့ ရန်သူတွေ ဖြစ်တယ်၊ ဒီအန္တရာယ်တွေကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာ ဆုံးဖြတ်လုပ်ပိုင်ခွင့် ရှိနေပြီ" ဆိုတာ ဖော်ပြခဲ့ပါတယ်။
တပ်စုမှူး ဗိုလ်သန်းရွှေကတော့ ကရင်ပြည်နယ်မှာ တာဝန်ကျပါတယ်။ တာဝန်ကျရာ (သနက-၁) တပ်ရင်း မှာပဲ သိပ်မကြာခင်မှာ ဒု-ဗိုလ်ကနေ ဗိုလ်အဆင့် တိုးမြှင့်ခံရပါတယ်။ ဖြစ်နိုင်တာက လူအင်အား ၁၀၀ လောက်ရှိမယ့် တပ်ခွဲအဆင့်ကို ဦးစီးရနိုင်ပါတယ်။ အဲဒီမှာပဲ ဒေါ်ကြိုင်ကြိုင်နဲ့ ဖူးစာဆုံရပြီး ၁၉၅၆ ခုနှစ်မှာ အိမ်ထောင်ကျတာ ဖြစ်ပါတယ်။ ဒေါ်ကြိုင်ကြိုင်က ပအို့ဝ်၊ တရုတ်ကပြားလို့ စာရေးသူ ဘင်ရော်ဂျာက ဖော်ပြပါတယ်။ ဖားအံနဲ့ သထုံမြို့ ကြားက ရွှေကုန်းဒေသသူ ဖြစ်တယ်လို့ ပြောပါတယ်။ တချို့ သတင်းရပ်ကွက်တွေ အဆိုအရ ဒေါ်ကြိုင်ကြိုင်ကတခုလပ်လို့ ပြောပါတယ်။ သူ့ခင်ပွန်းဟောင်းက တိုက်ပွဲကျသွားပြီးတဲ့နောက်မှာမှ ဗိုလ်သန်းရွှေနဲ့ ရတယ်လို့ ပြောကြ ပါတယ်။ တချို့ သတင်းရင်းမြစ်တွေကလည်း ဗိုလ်သန်းရွှေမှာ ဒေါ်ကြိုင်ကြိုင်နဲ့ အိမ်ထောင် မကျခင်က အရင် အိမ်ထောင်ရှိဖူးတယ်၊ သားတယောက် ထွန်းကားဖူးတယ်လို့ ဆိုကြပါတယ်။ အဲဒီသားကို ၂၀၀၀ ခုနှစ်မှာမှ စစ်အစိုးရရဲ့ အတွင်းရေးမှူး (၃) ဗိုလ်ချုပ်ကြီး ဝင်းမြင့်က ပြန်လည်ရှာဖွေပေးပြီး မိသားစု ပြန်ပေါင်းထုပ်ခဲ့တယ်လည်း ဆိုကြပါတယ်။ ဘယ်ကိစ္စကိုမှ တရားဝင် အတည်မပြုနိုင်ပါဘူး။
ဒါပေမဲ့ အတိုက်အခံတဦးလည်းဖြစ်၊ သမိုင်းကိစ္စတွေကို လေ့လာနေသူ ဦးအောင်စောဦး ပြောတာကို စာရေးသူက ကိုးကားပြီး ဒေါ်ကြိုင်ကြိုင် ဆိုတာက နောက်မှ ပြောင်းတဲ့နာမည်၊ အရင်နာမည်က သိပ်ပြီး ခေတ်မဆန် လှတဲ့ ဒေါ်မကြိုင်လို့ ခေါ်ကြတယ်လို့ ဆိုပါတယ်။ သူက ဗိုလ်ချုပ်သန်းရွှေ အာဏာမရခင်၊ ၁၉၈၀ ခုနှစ်များ ကာလ ဘုရားတန်ဆောင်း အလှူမှတ်တမ်းတွေကို အခြေခံပြီး ပြောတာပါ။ ဒေါ်ကြိုင်ကြိုင်က ပအို့ဝ်လူမျိုးလို့ ဆိုပေမယ့်လည်း သူ့တိုင်းရင်းသား အရေးအတွက်တော့ ထက်သန်လှသူတော့ မဟုတ်ပါဘူး။
အိမ်ထောင်ကျပြီး မကြာခင်မှာပဲ စစ်အစိုးရ တရားဝင် ထုတ်ပြန်တဲ့ ကိုယ်ရေးရာဇဝင်အရ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဗိုလ်သန်းရွှေကနေ ဗိုလ်ကြီးတာဝန် မြှင့်တင် တာဝန်ပေးခံရပါတယ်။ သူတာဝန်ကျတဲ့ နေရာက သံလွင်မြစ် အရှေ့ဘက်ခြမ်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ တာဝန် ယူခဲ့ရပါတယ်။ ကရင် သူပုန်တွေ၊ တရုတ်ဖြူတွေနဲ့ တိုက်ပွဲတွေလည်း ကြုံရကောင်း ကြုံရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီကာလ တာဝန်ယူခဲ့တဲ့ တပ်မှူးတွေ ပြောပြတာက ဗိုလ်သန်းရွှေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ တိုက်ပွဲတွေ မကြားခဲ့ရဘူး၊ တကယ်ရော တိုက်ပွဲ တွေ ကြုံခဲ့သလား ဆိုတာ မေးခွန်းထုတ်ကြပါတယ်။ ဒါမှမဟုတ်ရင်လည်း တပ်ရင်း နောက်တန်း တာဝန်ခံမျိုး ဖြစ်နိုင်ပါတယ်။
ဗိုလ်သန်းရွှေက ထောက်လှမ်းရေး အရာရှိအဖြစ် အစီရင်ခံခဲ့ရတဲ့ သူ့အထက်က တပ်မှူး ဒု-ဗိုလ်မှူးကြီး တင်ထွန်း မှတ်ချက်အရတော့ "သူက နည်းနည်းပျင်းတယ်" လို့ ဆိုပါတယ်။ ကွမ်းစွဲနေတဲ့ အတွက်ကြောင့်လည်း အစည်းအဝေးတွေလာရင် ပါးစပ်ဆေးပြီးမှ လာခဲ့လို့ ကြိမ်းမောင်းတာတွေ ကြုံခဲ့ရကြောင်း စာရေးသူက ဖော်ပြ ခဲ့ပါတယ်။
(၅) အရာရှိငယ် ဘဝ၊ စိတ်ဓာတ်စစ်ဆင်ရေး အရာရှိအဖြစ် စစ်တပ်နဲ့ နိုင်ငံရေးအကြား ဖြတ်သန်းခဲ့ရပုံ
ဗိုလ်ချုပ်သန်းရွှေက ၁၉၅၃ ခုနှစ်မှာ မြန်မာ့တပ်မတော်ထဲဝင်ပြီး အရာရှိ ဗိုလ်လောင်းသင်တန်း (အိုတီအက်စ်) တက်ဖို့ ရွေးချယ်ခံရတဲ့အကြောင်း၊ ၁၉၅၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ဗိုလ်ကြီးတာဝန် ထမ်းဆောင်နေရပြီ ဖြစ်တဲ့အကြောင်း ကျနော် တင်ပြခဲ့ပါတယ်။ ဒီကာလက ပါလီမာန် ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးနေတဲ့ ကာလ ဖြစ်ပေမယ့်၊ နိုင်ငံရေး ပါတီတွေရဲ့ အကွဲအပြဲနဲ့ မုန်တိုင်းထန်နေဆဲကာလပါ။ စစ်တပ်က ပြည်တွင်းစစ်အတွင်းမှာပဲ သြဇာ ပိုကြီးလာခဲ့ပါတယ်။ ဘီအီးဒီစီလို ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ ကုမ္ပဏီ၊ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၊ မြဝတီ ပုံနှိပ်တိုက်လို စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်း ကော်ပိုရေးရှင်းကြီးတွေတောင် ထူထောင်ပြီး ခြေကုတ်ယူလာနေတဲ့ အနေအထားပါ။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ်မှာတော့ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန် ရေးကောင်စီ စစ်အစိုးရက အာဏာသိမ်းပိုက်ခဲ့ပါတယ်။
ဒီကာလတွေအတွင်းမှာ ဗိုလ်ကြီးသန်းရွှေက မိတ္ထီလာ စစ်တပ်ဌာနချုပ်မှာ ၂ လ၊ ၃ လ လောက် ထောက်လှမ်းရေး အရာရှိ အဖြစ် တာဝန် ယူရပါသေးတယ်။ သူ့ရဲ့ အဓိက တာဝန်က စိတ်ဓာတ်စစ်ဆင်ရေး ဌာနမှာ တာဝန်ယူရတာ ဖြစ်ပါတယ်။ စိတ်ဓာတ်စစ်ဆင်ရေး ဌာန ဆိုတာ အဲဒီကာလတွေမှာ တပ်မတော်က ရင်ဆိုင်နေရတဲ့ ကွန်မြူနစ် သူပုန်တွေ၊ တိုင်းရင်းသားတွေကို တန်ပြန် ဝါဒဖြန့်နိုင်ဖို့နဲ့ ပြည်သူတွေရဲ့ ရင်ထဲ အသည်းနှလုံးကို စည်းရုံး နိုင်ဖို့ ဗိုလ်မှူးချုပ် အောင်ကြီးနဲ့ ဒုတိယဗိုလ်မှူးကြီး ဘသန်းတို့က ၁၉၅၂ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဌာနက နောက်ပိုင်းမှာ ဗိုလ်ချုပ် နေဝင်း စစ်အာဏာသိမ်းတာကို မှန်ကန်ကြောင်း သက်သေ အချက်အလက် တွေ ကြံဖန် တင်ပြပေးဖို့၊ ဝါဒဖြန့်ချိနိုင်ဖို့ ဌာန ဖြစ်ခဲ့ရပါတယ်။ ဒီဌာနမှာ စစ်တပ်က အရာရှိ ၃ ဦးနဲ့ အရပ်သားအရာရှိတချို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ သူတို့က ဗိုလ်ချုပ်နေဝင်း စစ်အစိုးရရဲ့ ဉာဏ်ကြီးရှင် (Think Tank) အဖွဲ့၊ | ၈ အယူအဆရေးရာတွေ ကျောထောက်နောက်ခံပံ့ပိုးပေးရာ အဖွဲ့လည်း ဖြစ်ခဲ့ပါတယ်။ ဒီဌာနကနေပြီး မြန်မာ့ရိုးရာ ဓလေ့ထုံးစံ၊ ဆိုရှယ်လစ်ဝါဒ၊ မာ့စ်ဝါဒ၊ ဗုဒ္ဓဘာသာ စသဖြင့် ရောမွှေထားတဲ့ သဘောတရားရေးရာတွေကိုလည်း ဖန်တီး ထုတ်လုပ်ခဲ့ပါသေးတယ်။
သူတို့ကို ဒု-ဗိုလ်မှူးကြီးဘသန်းက ဦးဆောင်ပါတယ်။ အဲဒီဌာနမှာ တာဝန်ယူခဲ့ရတဲ့ ဦးချစ်လှိုင်ရဲ့ အပြောအရ အရာရှိ တဦးက ကွန်မြူနစ်နဲ့ တိုင်းရင်းသား သူပုန်တွေကို တန်ပြန်နိုင်ဖို့ တာဝန် ယူရတယ်၊ ကျန်တယောက်ကတော့ စီးပွားရေး ကိစ္စတွေ၊ သူကတော့ မာ့စ်ဝါဒနဲ့ ဆိုဗီယက် ကွန်မြူနစ်ဝါဒကို လေ့လာပြီး မြန်မာနိုင်ငံမှာ ဘယ်လို ပြန်အသုံးချရတယ် ဆိုတာ လေ့လာရတယ်လို့ ဆိုပါတယ်။ အရာရှိ တချို့ကိုလည်း အမေရိကန်ကို စေလွှတ်ပြီး စိတ်ဓာတ်စစ်ဆင်ရေး နည်းနာတွေ ဆည်းပူးစေခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်း ဆီကို ဝန်ကြီးချုပ် ဦးနုက 'အိမ်စောင့်အစိုးရ' အဖြစ် အတင်းအကျပ် အာဏာအပ်ခဲ့ရတဲ့ ၁၉၅၈ ခုနှစ်မှာပဲ ဗိုလ်သန်းရွှေကို အဲဒီ စိတ်ပညာရေးနဲ့ စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားမှု ဦးစီးရုံးကို ၆ လလောက် တာဝန်ပေးခံရပါတယ်။ တွဲဖက်တာဝန် ပေးခံရတယ်လို့ ဖော်ပြထားပြီး၊ မြန်မာနိုင်ငံကို တောင်ပိုင်း၊ မြောက်ပိုင်း အဖြစ် စစ်တိုင်းတွေ ခွဲထားတဲ့ ကာလမှာ ဖြစ်နိုင်တာကတော့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (မင်္ဂလာဒုံ) မှာ တာဝန်ယူခဲ့ရဖို့ များပါတယ်။ နောက်ပိုင်းမှာ မြောက်ပိုင်းတိုင်း (မန္တလေး) ကို တာဝန် လွှဲပြောင်းခံရပါတယ်။
အဲဒီကာလ မင်္ဂလာဒုံမှာ ရှိနေစဉ် ၆ လမှာ သူက စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းတွေ တက်နေရသလား၊ စိတ်ဓာတ် စစ်ဆင်ရေး စီမံကိန်းရုံးမှာ တာဝန်ယူရုံ သက်သက်ပဲလား ဆိုတာ မရှင်းလင်းလှပါဘူး။ နောက်တခုကလည်း စိတ်ဓာတ် စစ်ဆင်ရေး ဌာနတပ်မှာ သူက တပ်ထောက်၊ ထောက်ပံ့ရေး ဗိုလ်ကြီးအဖြစ် တာဝန်ယူတာမျိုး ဖြစ်နိုင်ပြီး၊ စိတ်ဓာတ် စစ်ဆင်ရေး သင်တန်းတွေ တက်ခဲ့ရတာ မဟုတ်ဘဲ နေထိုင် စားသောက်ရေး ကိစ္စတွေ စီမံပေးရရုံလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းတွေကို တက်ခဲ့ရတာမျိုး နိုင်ပါတယ်။
နိုင်ငံခြားသား လေ့လာသူ တဦး အဆိုအရတော့ ဗိုလ်သန်းရွှေက ဦးချစ်လှိုင်ရဲ့ တပည့်အဖြစ် တချိန်ချိန်မှာ သင်တန်းတက်ခဲ့ရဖွယ် ရှိတယ်လို့လည်း ခန့်မှန်းဖော်ပြပါတယ်။ အကြောင်းကတော့ အဲဒီအချိန်က မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီက ထိပ်ပိုင်းခေါင်းဆောင် အတော်များများက ဦးချစ်လှိုင်ရဲ့ နိုင်ငံရေးဝါဒ ပို့ချချက်တွေနဲ့ ကင်းခဲ့ရသူ အတော်နည်းပါတယ်။ ဦးချစ်လှိုင် ဆိုတာက လက်ဝဲ အယူအဆ တိမ်းညွှတ်သူဖြစ်ပြီး၊ နောက်ပိုင်း ဦးနေဝင်း အာဏာ ရှိနေစဉ် ကာလတွေမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၊ လူနဲ့ ပတ်ဝန်းကျင်တို့ရဲ့ အညမည စသဖြင့် (မဆလ) ပါတီရဲ့ သဘောတရားရေး စာတန်းတွေကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါတယ်။
ဗိုလ်သန်းရွှေ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စိတ်ဓာတ် စစ်ဆင်ရေး ဌာနမှာ တာဝန်ယူစဉ် တာဝန်ရှိတဲ့သူ တပ်မှူးက အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်ရွှေ ဖြစ်ပါတယ်။ နောက်တော့ ဗိုလ်ချုပ်စန်းယုက မြောက်ပိုင်းတိုင်း တိုင်းမှူး ဖြစ်လာတော့ သူ့လက်အောက်မှာလည်း တာဝန် ထမ်းဆောင်ခဲ့ရပါတယ်။ သူက အမှတ် (၁) နယ်လှည့် စိတ်ဓာတ်စစ်ဆင်ရေးတပ် တပ်မှူးအဖြစ် မန္တလေးမှာ တာဝန် ယူခဲ့ရပါတယ်။ ၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းတော့ ဗိုလ်သန်းရွှေက မန္တလေးမှာပဲ ရှိနေပါသေးတယ်။
တော်လှန်ရေး ကောင်စီ စစ်အာဏာသိမ်းပြီးတဲ့အခါ စိတ်ဓာတ် စစ်ဆင်ရေး ဌာနက အရပ်သား အရာရှိ ဦးစောဦးက ပြန်ကြားရေး ဝန်ကြီး ဖြစ်လာပါတယ်”။ သူ့လူကြီး မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စန်းယုလည်း စစ်တပ်မှာ တာဝန် တိုးမြှင့်ယူနေရပါပြီ။ ဒီအချိန်မှာ စစ်တပ်က နိုင်ငံရေးထဲကို ဝင်ရောက်ခြေချလာတဲ့ ကိစ္စအပေါ် ဗိုလ်သန်းရွှေက ငြင်းပယ်ဖို့ အကြောင်းမရှိပါဘူး။ လက်ခံလိုက်ပြီး အလိုက်သင့် နေသွားဖို့ပဲ ရှိပါတော့တယ်။ ၁၉၆၃ ခုနှစ်မှာ ဗဟို နိုင်ငံရေးသိပ္ပံ တက္ကသိုလ်ကျောင်း ဖွင့်တော့ ဗိုလ်သန်းရွှေလည်း အဲဒီကျောင်းမှာ တာဝန် ချခံရပါတယ်။ တကယ်တော့
* စောဦးက ပေါ်လစီ ညွှန်ကြားရေးဝန်ပါ၊ ဘယ်တုံးကမှ ဝန်ကြီး မဖြစ်ပါဘူး။ စောမြင့်၊ သောင်းဒန် ဝန်ကြီး (တာဝန်ခံ)။ [ဖေ့စ်ဘွတ် - ဘိုဘို]
နိုင်ငံရေး အယူဝါဒ ဝါဒဖြန့်ချိ ပို့ချတဲ့ကျောင်းပါ။ ဒီကျောင်းက သမိုင်းဌာနမှာ ဗိုလ်သန်းရွှေ တာဝန် ယူခဲ့ရပါတယ်။ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်နဲ့ ဆက်စပ်တဲ့ သမိုင်းကိစ္စတွေကို စာသင်ကြား ပို့ချခဲ့ရပါတယ်။
ဒီလိုအတွေ့အကြုံတွေကြောင့်ပဲလို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်သန်းရွှေက စိတ်ဓာတ်စစ်ဆင်ရေး ဗျူဟာတွေကို ကောင်းကောင်း အသုံးချတတ်တယ်၊ ကောက်ကျစ် ပါးနပ်တယ်။ တဖက်မှာလည်း သူသင်ခဲ့တဲ့ မြန်မာ့သမိုင်းကို သူကိုယ်တိုင် ပြန်ယုံကြည်နေပြီး၊ သမိုင်းကို ရှုမြင်ပုံက အစ လွဲမှားနေခဲ့တယ်။ ကိုယ့်ဘာသာ အဓိပ္ပါယ် ဖွင့်ထားတဲ့၊ ပုံဖျက်ထားတဲ့ သမိုင်းတွေကို တသက်လုံး ယုံကြည် ကြီးပြင်းလာခဲ့ရတယ် ဆိုတာမျိုးလည်း ဝေဖန် ပြောဆိုကြပါတယ်။
(၆) စစ်တပ်ထဲမှာ အဆင့်ဆင့် ရာထူးတက်လာပုံ
ဗိုလ်ချုပ်သန်းရွှေက မဆလခေတ် ဗဟိုနိုင်ငံရေးသိပ္ပံ တက္ကသိုလ်မှာ ပထမပိုင်းမှာ ဝါဒရေးရာနဲ့ နောက်ပိုင်းမှာ သမိုင်းကို စာပို့ချ သင်ပြပေးခဲ့ရတယ် ဆိုပေမယ့်လည်း အဲဒီကာလ မတိုင်ခင်က သူက ပညာတတ်တဦး မဟုတ်ခဲ့ဘူးလို့ စာရေးသူ ဘင်ရော်ဂျာက ဖော်ပြပါတယ်။ အဲသည်ကျောင်းကို အာဏာသိမ်းပြီး နောက်တနှစ် ၁၉၆၃ မှာ ရောက်လာ တာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ စစ်တပ်ကို ပြန်လို့ တာဝန်ယူရပြန်ပါတယ်။ ၁၉၆၆ ကနေ ၁၉၆၇ ခုနှစ်ကြားမှာ ဗိုလ်သန်းရွှေက ဘယ်လိုနေရာမှာ တာဝန် ယူနေရတယ် ဆိုတာကတော့ သိပ်ပြီး ရှင်းရှင်းလင်းလင်း မသိရပါဘူး။ စစ်အစိုးရက ထုတ်ပြန်တဲ့ သူ့ရဲ့ ကိုယ်ရေးရာဇဝင်မှာတော့ ခြေမြန်တပ်မ (၁၀၁) မှာ တပ်ထောက်ချုပ် တာဝန် ယူရတယ်ဆိုပြီး ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ခြေမြန်တပ်မ (၁၀၁) ကို မဖွဲ့ရသေးပါဘူး။ ကွဲလွဲနေတာက လုပ်သားပြည်သူ့ နေ့စဉ်မှာ ဖော်ပြခဲ့တဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ ကိုယ်ရေး ရာဇဝင် အကြောင်းမှာတော့ သူက အဲဒီကာလမှာ ခြေမြန် တပ်ရင်း တခုမှာ ဌာနချုပ် တပ်ခွဲရဲ့ တပ်မှူးအဖြစ် တာဝန်ယူနေရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီကာလက စစ်တပ်က သောင်းကျန်းသူ နှိမ်နင်းရေး ဆိုပြီး ဖြတ်လေးဖြတ် စစ်ဆင်ရေးကို စတင်ကျင့်သုံးတဲ့ ကာလပါ။ သူပုန်တွေကို ထောက်ပံ့မှု၊ ရိက္ခာ၊ လက်နက်၊ လူသူ ဖြတ်တောက်နိုင်ဖို့ ကျင့်သုံးခဲ့တဲ့ နည်းနာဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြားလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်သန်းရွှေက အဲဒီအချိန်မှာ တပ်ထောက် ရာထူး တာဝန်ယူရတာ ဆိုတော့ စစ်ဆင်ရေးတွေနဲ့ တိုက်ရိုက် မပတ်သက်ခဲ့ဘူးလို့လည်း ယူဆနိုင်ပါတယ်။ သူ့တပ်ရင်းက မြန်မာနိုင်ငံ အောက်ပိုင်းဒေသမှာ တာဝန်ယူခဲ့ရပါတယ်။
နောက်ပိုင်းတော့ ဗမာပြည် ကွန်မြူနစ်ပါတီက တပ်တွေကို တိုက်ရတဲ့ တိုက်ပွဲတွေမှာ ပတ်သက်ခဲ့ပါတယ်။ ဗိုလ်မှူး အဆင့်နဲ့ ခြေမြန်တပ်မ (၇၇) မှာ တာဝန် ချထားခံရပြီး ကွန်မြူနစ်တပ်တွေနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ အဲဒီ အချိန်က တရုတ်ပြည်က ဗမာပြည် ကွန်မြူနစ်ပါတီကို အလုံးအရင်းနဲ့ ပံ့ပိုးကူညီပြီးတော့ မြန်မာပြည်မြောက်ပိုင်းမှာ ထိုးစစ်ကြီးတွေ စတင် ဆင်နွှဲလာတဲ့အချိန်ပါ။ တပ်မ (၇၇) က ကရင်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ ပဲခူးရိုးမ ဒေသတွေမှာ တာဝန်ယူခဲ့ရပါတယ်။ တပ်မ (၇၇) ဆိုတာက ပြောရရင် ပထမဦးဆုံး စတင်ဖွဲ့စည်းတဲ့ ခြေမြန်တပ်မ ဖြစ်ပြီး၊ အမေရိကန်နိုင်ငံက ခြေမြန်တပ်၊ တောင်ပေါ်တပ်တွေလို အဝေးထိုး၊ ထိုးစစ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာပါ။ သူတို့က ဒေသခံ စစ်တိုင်းတွေရဲ့ အမိန့်ကို ယူစရာမလိုဘဲ စစ်ရုံးချုပ်က အမိန့်ကို တိုက်ရိုက် နာခံကြရပါတယ်။ ဗိုလ်သန်းရွှေရဲ့ ထူးချွန်ပြောင်မြောက်တဲ့ စစ်ရည်စစ်သွေးတွေကိုတော့ မမြင်ခဲ့ကြရပါဘူး။ ဒါပေမဲ့ ရှေ့တန်းနဲ့ ဌာနချုပ် အလဲအလှယ်သဘော တာဝန်ပေးတဲ့ကြားမှာပဲ သူက တဖြည်းဖြည်းနဲ့ ရာထူး တက်လာခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီမှာတော့ စစ်ရုံးချုပ်မှာ ဦးစီးအရာရှိအဆင့် (၂) အဖြစ် တာဝန် ယူရပါတယ်။ တာဝန်ကတော့ စစ်ဆင်ရေး နေ့စဉ် ဖြစ်ပေါ်တိုးတက်မှုတွေကို သုံးသပ်တင်ပြရတာပါ။ သူရဲ့ အထက်လူကြီးအဖြစ် ပထမပိုင်းမှာ ဗိုလ်ချုပ်နေဝင်း၊ နောက်ပိုင်း ဗိုလ်ချုပ်စန်းယုနဲ့လည်း ဆုံခဲ့ရပါတယ်။ မန္တလေးမှာ တာဝန်ယူတုန်းကလည်း သူ ဗိုလ်ချုပ်စန်းယုနဲ့ ဆုံခဲ့ဖူးပါတယ်။
တခါ ၁၉၇၁ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ ရှေ့တန်းမှာ တခါ တပ်မ (၈၈) နဲ့ ကွန်မြူနစ်တပ်တွေကို တိုက်ဖို့ ရှမ်းပြည်နယ်မှာ တာဝန်ယူရပြန်ပါတယ်။ တပ်မ (၈၈) က မကွေးမှာ အခြေစိုက်ပေမယ့် သူက ရှေ့တန်း တပ်မရုံးအဖြစ်ကွပ်ခိုင်ဘက်မှာ တာဝန်ကျပါတယ်။ အဲဒီ အချိန်မှာတော့ တပ်ရင်းမှူး အဖြစ် တာဝန်ယူရပါတယ်။ သူအရင် တာဝန်ယူခဲ့ဖူးတဲ့ ဗမာ့သေနတ်ကိုင် တပ်ရင်း (၁) လား၊ ဒါမှမဟုတ် ခမရ (၁) လား ဆိုတာတော့ စာရေးသူလည်း သေချာ မကွဲပြားလှပါဘူး။ အဲဒီအချိန်မှာပဲ တပ်မ (၈၈) ဒု-တပ်မမှူး၊ နောက်ပိုင်းမှာ တပ်မမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီးအေးကိုနဲ့ ပူးတွဲ တာဝန်ယူခဲ့ရပါတယ်။ ဒီရင်းနှီးမှုကပဲ နောက်ပိုင်းမှာ သူ့တက်လမ်းကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ကြီး ကျော်ထင် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာတဲ့အချိန်မှာ၊ ဗိုလ်ချုပ်အေးကိုက ဒု- စစ်ဦးစီး အရာရှိချုပ် အဖြစ် တာဝန်ယူရပါတယ်။ အဲသလိုနဲ့ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာလမှာ ဗိုလ်မှူးသန်းရွှေက ဒုတိယဗိုလ်မှူးကြီး အဖြစ် ရာထူး တိုးမြှင့်ပေးခံရပါတယ်။
ရှမ်းပြည်မှာ ၄ နှစ်ကြာ တာဝန်ယူပြီးတဲ့နောက်မှာ စစ်ရုံးချုပ်ကို စစ်ဦးစီး ပထမတန်း အဖြစ်နဲ့ ပြန်ရောက်လာခဲ့ ပါတယ်။ ဗိုလ်မှူးသန်းရွှေက စစ်ဆင်ရေးဌာနမှာ တာဝန်ယူရပြီး၊ အဲဒီအချိန်က သူ့အပေါ်က တာဝန်ယူခဲ့ရတဲ့ အရာရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတင်ဦး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ စစ်ဆင်ရေးအကြံကို သူက သူ့အရာရှိ ဗိုလ်မှူးကြီးမောင်မောင်နဲ့ တာဝန်ယူ အကောင်အထည် ဖော်ပေးခဲ့ကြရပါတယ်။ ၁၉၇၇ ခုနှစ်မှာတော့ စစ်ရုံးချုပ်ကနေ ရာထူးတက်ပြီး ရှေ့တန်းကို တခါ ပြန်သွားရပြန်ပါတယ်။ ဒီအချိန်မှာတော့ တပ်မ (၈၈) ကိုင်ရတဲ့ ယာယီ တပ်မမှူး၊ စစ်ဗျူဟာမှူး တာဝန်နဲ့ပါ။ တပ်ရင်းတခုမှာ အင်အားပြည့် ၇၇၇ ဦး ရှိလေတော့ လူ ၈,၀၀၀ နီးပါး ကို အုပ်ချုပ်ရတဲ့ တာဝန်ကို ယူနေရပါပြီ။
ဒီကာလတွေမှာ သူစစ်ရုံးချုပ်မှာ တာဝန်ယူခဲ့ရတဲ့ ကာလတွေမှာ အခြား အရေးကြီးတဲ့ အဖြစ်အပျက်တွေ ကိုလည်း သူဖြတ်သန်းခဲ့ရပါတယ်။ ဥပမာ ၁၉၇၀ ခုနှစ်များတဝိုက်မှာ ဖြစ်ခဲ့တဲ့ ကျောင်းသား ဆန္ဒပြပွဲတွေ၊ အလုပ်သမား လူထုသပိတ်တွေ အများအပြား ကြုံခဲ့သလို၊ ဗိုလ်မှူး အုန်းကျော်မြင့်က စစ်တပ် အရာရှိ တချို့ကို စည်းရုံး၊ အာဏာသိမ်းဖို့ ကြံစည်တာလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီလို အရှုပ်အထွေး အကျပ်အတည်းတွေကြားက သူတက်လမ်း ရှာလာခဲ့ရတာပါ။ နောက်တော့ တပ်မ (၈၈) တပ်မှူး တာဝန်ကနေ ၁၉၈၃ ခုနှစ်မှာ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။
အနောက်တောင်တိုင်း ဆိုတာက ဧရာဝတီတိုင်းဒေသ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ အချက်အခြာ ဒေသတခုလို့ ဆိုနိုင်ပါတယ်။ ဗိုလ်မှူးချုပ်သန်းရွှေက မြန်မာနိုင်ငံမှာ အသက်အငယ်ဆုံး စစ်တိုင်းမှူး ဖြစ်လာခဲ့ပါတယ်။ သူ့အကြောင်းကို သိတဲ့လူတွေက သူက လူအေး၊ အရက် ဆေးလိပ် မသောက်ဘူး၊ ကွမ်းတော့ စားတယ်၊ မာန ထောင်လွှားမှု မရှိဘူး၊ သူ့သားသမီးတွေတောင် စစ်တပ်က ထရပ်ကားနဲ့ ကျောင်းတက်တယ်။ လူပေါင်း ဆန့်တယ်၊ ဘယ်သူနဲ့ မဆို ရင်းနှီးလွယ်တယ်။ တွေ့ချင်တဲ့သူတွေက တိုင်းမှူးကို အချိန်မရွေး တွေ့နိုင်တယ်၊ စစ်သားတယောက် ဖြစ်ရတာ ဂုဏ်ယူနေတဲ့သူ၊ စစ်တပ်နဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီက ညွှန်ကြားချက်တွေကို လေးလေးစားစား လိုက်နာတတ်တဲ့သူ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုလည်း စိတ်ဝင်စားတယ် စသဖြင့် ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ အခု ကာလ ကြားနေရတဲ့ ဗိုလ်ချုပ်သန်းရွှေ အကြောင်းနဲ့တော့ တခြားစီ ဖြစ်နေခဲ့ပါပြီ။ အခုဆိုရင် နိုင်ငံတကာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ လူသားမျိုးနွယ် တရပ်လုံးအပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်ပြစ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ အတွက် တာဝန်ရှိတဲ့ စစ်ရာဇဝတ်ကောင်လို့တောင် စွပ်စွဲပြောဆိုမှုတွေကို ကြားနေရပါတယ်။ ဘာကြောင့် ဒီလို ပြောင်းလဲသွားတာပါလဲ၊ သူနဲ့ ရင်းနှီးသူတွေကပဲ ပြန်ပြောကြတာကတော့ အာဏာဟာ လူကို ပြောင်းလဲစေတယ်၊ အကြွင်းမဲ့ အာဏာဟာ လူကို ပိုလို့ ပျက်စီး ပြောင်းလဲစေတဲ့အကြောင်း ဖော်ပြကြပါတယ်။
(၇) ဗိုလ်ချုပ်သန်းရွှေ ရာထူးတက်လာရာ နောက်ခံ နိုင်ငံရေးကားချပ် အခြေအနေ
အရင်အပတ်က တင်ပြခဲ့ရာမှာ ဗိုလ်ချုပ်သန်းရွှေက အရက်သေစာမသောက်၊ ဆေးလိပ်မသောက်၊ မာန ထောင်လွှားမှု မရှိဘူး၊ လူပေါင်းဆန့်တယ် ဆိုတဲ့အကြောင်းတွေ တင်ပြခဲ့ပါတယ်။ ဒီလိုအခြေအနေကနေ အခု အာဏာရှင်ကြီးလို ပြောင်းလဲသွားတာဟာ အာဏာကြောင့်၊ အကြွင်းမဲ့ အာဏာဟာ လူကို ပိုလို့ ဖျက်ဆီးတတ်တဲ့ အကြောင်း သူ့အပေါ် သုံးသပ်ချက်တွေလည်း တင်ပြခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီကိစ္စတွေဟာ စစ်တပ်အတွင်း သူတာဝန်ယူစဉ်ကာလသူ့ဘေးမှာ ကြုံနေရတဲ့ နိုင်ငံရေး အခြေအနေ၊ အခြားခေါင်းဆောင်တွေရဲ့ အတက်အကျ အပေါ်မှာလည်း သင်ခန်းစာ ယူပြီး ကိုယ့်ဘာသာ ဆက်လက် ရှင်သန်နိုင်ရေးအတွက် ရုန်းကန်ကြိုးပမ်းမှုတွေကနေ ဖြစ်ပေါ်လာပုံရပါတယ်။ တခါက တပ်မတော်နေ့ စစ်ရေးပြကွင်းမှာ နှုတ်ဆက်နေတုန်း သူလက်မြှောက်နေတဲ့ ပုံကို ဓာတ်ပုံဆရာတဦးက ဓာတ်ပုံ ရိုက်ယူ ထားတာ ကြည့်ရတော့ သူ့လက္ခဏာ အရေးအကြောင်းတွေက တခြားသူတွေနဲ့ မတူတဲ့အကြောင်း တွေ့ရပါတယ်။ သာမာန်လူအများစုမှာ လက္ခဏာ အရေးအကြောင်း ၃ ခု ရှိပေမယ့်၊ ဗိုလ်ချုပ်သန်းရွှေက ၂ ကြောင်းထဲရှိပြီး၊ မြန်မာတွေက "လက်ပြတ်ကြီး" လို့ ခေါ်ကြတဲ့ လက်မျိုး ဖြစ်ပါတယ်။ ဒီလို လက်ပိုင်ရှင် ဆိုရင် သနားကြင်နာမှု နည်းတယ်၊ ရက်စက်တတ်တယ်လို့ အယူအဆ ရှိပါတယ်။ ဒီလို အနေအထားကြောင့်လည်း အခုနေရာကို ရောက်လာ တာ ဖြစ်နိုင်သလို၊ စာရေးသူ ဘင်ရော်ဂျာ သုံးသပ်တာကတော့ ဗိုလ်ချုပ်သန်းရွှေရဲ့ ထူးခြားတဲ့ အရည်အချင်းကတော့ အခြားသူတွေ အမြင်မှာ ရန်နည်းအောင်၊ အဆိပ်မရှိသလို နေတတ်တဲ့ အရည်အချင်းပဲလို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သူဖြတ်သန်းခဲ့ရတဲ့ စစ်တပ်ထဲက နောက်ခံဖြစ်ရပ်တွေနဲ့ ပြန်သုံးသပ်ကြည့်ရအောင်ပါ။ ဗိုလ်ချုပ်သန်းရွှေက စစ်ရေးမှာ ထူးချွန်ပြောင်မြောက်တာမျိုး မကြားခဲ့ရပါဘူး။ ဒါပေမဲ့ သူနဲ့ အလုပ် လုပ်ကိုင်ဖူးသူတွေ၊ ခေတ်ပြိုင် အရာရှိတွေ ပြောပြချက်အရ သူက အမြဲတမ်း (Yes-man) သူ့အရာရှိ အကြိုက်ဆောင်တတ်တဲ့သူလို့ ဆိုပါတယ်။ အဲဒါအပြင် စစ်ရုံးချုပ်မှာ တာဝန်ယူနေစဉ်ကာလ ထိတွေ့ဖူးခဲ့တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက သဘောကျ ကြတာကြောင့်လည်း သူ့တက်လမ်း ရလာတာ ဖြစ်နိုင်ပါတယ်။ သူနဲ့ အတူလုပ်ကိုင် ဖူးတဲ့ တပ်မ (၈၈) ဒု-တပ်မမှူး ဗိုလ်မှူးချုပ်အေးကို ရာထူးတက်လာတာနဲ့အမျှ သူလည်း ရာထူးတက်လာခဲ့ပါတယ်။ စစ်ရုံးချုပ်မှာ စစ်ဦးစီးမှူး (တတိယတန်း) တာဝန်ကနေ၊ နောက်ပိုင်း တပ်မ (၈၈) မှူးအထိ ရာထူးတက်လာခဲ့တာပါ။ အဲဒီ ၁၉၇၀ ခုနှစ်များ ကာလတွေမှာ နိုင်ငံရေး မတည်ငြိမ်မှုကလည်း အများအပြား ဖြစ်ပါတယ်။ ပြည်သူပိုင်သိမ်းရာကနေ စီးပွားရေးတွေ ကမောက်ကမဖြစ်၊ ပြည်သူတွေ ကျပ်တည်းဆင်းရဲလာရကနေ ၁၉၇၄ ခုနှစ်မှာ ကျောင်းသား၊ အလုပ်သမား ဆန္ဒပြပွဲ တွေ၊ မှိုင်းရာပြည့် အရေးအခင်း၊ ဦးသန့် ဈာပန ဆန္ဒပြပွဲတွေ ဖြစ်လာခဲ့ရပါတယ်။ သွေးထွက်သံယို ဖြိုခွဲချေမှုန်းမှု တွေလည်း ရှိခဲ့ရပါတယ်။
စစ်ရုံးချုပ်မှာ ဗိုလ်သန်းရွှေ တာဝန်ယူစဉ်ကာလက၊ သူ့အပေါ်က ဦးစီးချုပ်က အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးတင်ဦး ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး တင်ဦးကို ရဲဘော်စစ်သားတွေက လေးစား ချစ်ခင်ကြသလို၊ ပြည်သူလူထုတွေကလည်း အားကိုးကြပါတယ်။ သူက ပြုပြင်ပြောင်းလဲရေး လုပ်လိုသူ လို့လည်း နာမည်ကျော်ပါတယ်။ ကျောင်းသား ဆန္ဒပြပွဲတွေမှာတောင် ဆန္ဒပြသူတွေက နေဝင်း-စန်းယု အလိုမရှိ အော်ကြပေမယ့်၊ ဗိုလ်ချုပ်ကြီး တင်ဦးကို အားပေးခဲ့ကြပါတယ်။ စစ်တပ်ထိပ်သီး ခေါင်းမာဂိုဏ်းသားတွေကြားမှာ ဗိုလ်ချုပ်ကြီး တင်ဦးရဲ့ အဆိုပြုချက်တွေ အများအပြား ပယ်ချခံရတယ် ဆိုတာ ပြည်သူတွေ ကြားရပါတယ်။ ဒါပေမဲ့ ဦးနေဝင်းက အဲသလို သူရဲကောင်းမျိုး မလိုချင်ပါဘူး၊ သူ့အာဏာကို ခြိမ်းခြောက်တယ်လို့ မြင်ပါတယ်။ ဒါကြောင့်ပဲ သိပ်မကြာခင်မှာ ဗိုလ်ချုပ်ကြီး တင်ဦးကို လာဘ်စားတယ် စွပ်စွဲပြီး ဖယ်ရှားခဲ့ပါတယ်။ နောက်ထပ် သြဇာတက်လာသူ ကတော့ ထောက်လှမ်းရေး တပ်မှူး နာမည်တူ ဗိုလ်မှူးကြီး တင်ဦး ဖြစ်ပါတယ်။ သူက အမ်အိုင်တင်ဦးလို့ နာမည် ကျော်ပါတယ်။ သူလည်း နောက်တော့ ၁၉၇၇ ခုနှစ်မှာ ဖယ်ရှားခံရပါတယ်။
၁၉၇၆ မှာတော့ စစ်တပ်ထဲက ဗိုလ်ကြီး အုန်းကျော်မြင့် ခေါင်းဆောင်တဲ့ အရာရှိငယ်တွေက စစ်အာဏာ သိမ်းဖို့ ကြံစည်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ သူတို့ လုပ်ကြံမယ့်သတင်း ပေါက်ကြားတာကြောင့် ဘာမှ မလုပ်ခင်မှာဘဲ ဖမ်းဆီးခံရပါတယ်။ စစ်တပ် အရာရှိ အများအပြားလည်း ရာထူးက ဖယ်ရှားခံကြရပါတယ်။ သူတို့က အဲဒီအချိန်က ဗိုလ်သန်းရွှေကို တိုင်ပင်ဖို့ မစဉ်းစားခဲ့ကြပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဗိုလ်သန်းရွှေက ခပ် ထုံထုံလူ၊ တခုခုပြောဆို တိုင်ပင်ရင်လည်း အထက်အရာရှိကို ပထမဦးဆုံး ပြေးပြီး သတင်းပေးမယ် ယူဆထားတာကြောင့်ပါ။ တခါ ဗိုလ်သန်းရွှေ စစ်ရုံးချုပ်မှာ တာဝန်နေရတုန်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တခုလုံးရဲ့ တပ်မှူး ဗိုလ်မှူးချုပ် ထွန်းရီကို ရာထူးချ အပြစ်ပေးတာလည်း ကြုံခဲ့ရပါသေးတယ်။ ဗိုလ်ချုပ်ထွန်းရီက နပိုလီယံလို့ နာမယ်ပေးထားသလို စစ်ရေး ထက်မြက်သူပါ။ ဒါပေမဲ့ သူက ဒေသဆိုင်ရာ ပါတီ ဆွေးနွေးပွဲ မှတ်တမ်းတခုကို တည်းဖြတ်တင်ပြဖို့ ပျက်ကွက်ခဲ့တယ်ဆိုပါတယ်။ အဲဒီ ဒေသဆိုင်ရာ ပါတီ အစည်းအဝေး မှတ်တမ်းမှာ ဦးနေဝင်းက အားပေးအားမြှောက် လုပ်နေတဲ့ ၂ ဆိုရှယ်လစ် စနစ်ကို ဝေဖန်ထားတာကြောင့် ရာထူးချ အပြစ်ပေးခံရတာပါ။ ဒီလိုနဲ့ သူက ကွန်မြူနစ်တပ်တွေနဲ့ တိုက်ခိုက်နေရာကနေ နောက်တန်းကို ပြန်ရောက်လာပြီး၊ ဗိုလ်သန်းရွှေ အောက်မှာတောင် ပြန်ပြီး တာဝန် ထမ်းခဲ့ရ ပါတယ်။
တခါ ၁၉၇၇ ခုနှစ်၊ စတုတ္ထအကြိမ် (မဆလ) ပါတီ ညီလာခံမှာ ပါတီ ခေါင်းဆောင်တချို့က နိုင်ငံရေး၊ စီးပွားရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး မကျေမနပ် ဖြစ်တာကြောင့် ဦးနေဝင်းကို မဲနဲ့ဖယ်ရှားဖို့ ကြိုးပမ်းချက်လည်း လုပ်ခဲ့ပါ သေးတယ်။ ဦးနေဝင်းက အရေးပေါ် ပါတီညီလာခံ ပြန်ခေါ်ပြီးတော့ သူ့မဲကို အနိုင်ရအောင် ပြန်လုပ်ခဲ့ပါတယ်။ သူ့ကို အာခံဖို့ ကြိုးစားသူတွေကိုလည်း ဖြုတ်ချ ဖယ်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ တပ်မမှူးဖြစ်တော့ အဲဒီအချိန်က လိုအပ်ချက်အရ ၁၉၈၁ ခုနှစ်မှာ သူက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မီတီဝင် ဖြစ်လာခဲ့ပါတယ်။ ဒီလို အရှုပ်အထွေး အကျပ်အတည်းတွေကြားက ဗိုလ်ချုပ်သန်းရွှေ တက်လမ်းရှာလာခဲ့ရတာပါ။
သူက ဦးနေဝင်းရဲ့ သစ္စာရှိသူတွေကိုသာ နေရာပေးတဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတိုက်အခံ ပြိုင်ဘက်ဆိုရင် အကြင်နာကင်းကင်းနဲ့ ချေမှုန်းဖြိုခွင်းပုံတွေ၊ အာဏာရဲ့ သဘောတွေကို သင်ခန်းစာယူပြီး၊ ကိုယ့်ရှင်သန်ရေးနဲ့ တိုးတက်ရေးကို ကြိုးပမ်းအားထုတ်ခဲ့တာကို တွေ့နိုင်ပါတယ်။
(၈) ၁၉၈၈ ခုနှစ်၊ ကာလတဝိုက် ဗိုလ်ချုပ် သန်းရွှေ ဖြတ်သန်းခဲ့ရပုံ
ဗိုလ်ချုပ်သန်းရွှေက ဧရာဝတီတိုင်း (အနောက်တောင်တိုင်း စစ်ဌာနချုပ်မှာ) တိုင်းမှူး ဖြစ်လာတော့ အသက် ၅၀ ပဲ ရှိပါသေးတယ်။ ၁၉၈၃ ခုနှစ်မှာ တိုင်းမှူး ဖြစ်လာခဲ့တာပါ။ တိုင်းမှူး မဖြစ်ခင် ၁၉၈၁ ခုနှစ်၊ တပ်မ (၈၈) မှူး တာဝန်ယူစဉ် ကာလကတည်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှာ လိုအပ်ချက်အရ ဗဟိုကော်မီတီဝင် ဖြစ်နေခဲ့ပါပြီ။ စာရေးသူ ဘင်ရော်ဂျာက အဲဒီအချိန်က တွေ့ဆုံတဲ့သူတွေကို မေးမြန်းပြီး ဖော်ပြထားတာကတော့ ဗိုလ်ချုပ်သန်းရွှေက စစ်သားတယောက် ဖြစ်ရတာ ဂုဏ်ယူနေတဲ့သူ ဖြစ်သလို၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကိုလည်း အတော်ယုံကြည်သူလို့ ဆိုပါတယ်။ အဲဒီကာလက တိုင်းကို စစ်ဆေးတဲ့နေရာမှာ လမ်းတံတား၊ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အတော် စိတ်ဝင်စားတယ်။ ဧရာဝတီတိုင်း အတွင်းမှာ ခရီးလမ်းပန်း ချောမွေ့စေရေးအတွက် အတော်လည်း စိတ်ထက်သန် ပြင်းပြတယ်လို့ ဆိုပါတယ်။ သူက တနေရာမှာ မိန့်ခွန်းပြောရင် ၂ နာရီ လောက်ကြာအောင် မနားတမ်း ပြောတတ် တယ်လို့လည်း နီးစပ်တဲ့သူတွေက ပြောပါတယ်။ ဒါပေမဲ့ သူနဲ့ နီးစပ်ဖူးသူ အခြားတဦး ပြောတာကတော့ ဗိုလ်ချုပ် သန်းရွှေ ဆီကနေ တိုင်းပြည်က ဘယ်လို အခြေအနေ ဖြစ်နေတယ်။ ရှေ့ကို ဘယ်လိုပြုပြင် ဆောင်ရွက်ကြရင် ကောင်းမယ်ဆိုတဲ့ စကားမျိုး မကြားခဲ့ရဘူးလို့တော့ ဆိုပါတယ်။
အဲဒါအပြင် နီးစပ်သူတွေ ပြောကြတာက အဲဒီအချိန်က ဗိုလ်ချုပ်သန်းရွှေက ဗုဒ္ဓဘာသာကို လေးလေးနက်နက် ကိုးကွယ်ယုံကြည်ပေမယ့် သူ့ရဲ့ဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာတော့ အဲသလို ဘာသာရေး ကိစ္စတွေ၊ နက္ခတ်ဗေဒင်တွေ လွှမ်းမိုးမှု ရှိခဲ့ပုံ မရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ အရင်က နီးစပ်ဖူးသူတွေ ပြောသမျှနဲ့ ဆန့်ကျင်ဘက်ချည်းပဲ ကြားနေ မြင်နေရပါတယ်။ အခုအချိန်မှာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေ ဟာ ဗေဒင် အခါပေးဆရာတွေရဲ့ လွှမ်းမိုးမှု အများအပြား ရှိနေတယ် ဆိုကြသလို၊ လူသူ အများရှေ့လည်း မိန့်ခွန်း ပေးခဲလှပါတယ်။ တိုင်းပြည်လူထုကိုယ်တောင် သူက (နအဖ) အဖွဲ့ ဥက္ကဋ္ဌအနေနဲ့ တိုင်းပြည် အခြေအနေ တင်ပြ ပြောဆိုတာ မရှိသလောက်ပါပဲ။ အရင်က လမ်းပန်းဆက်သွယ်ရေး တိုးတက်စေဖို့ ဆိုပြီး ထက်သန်ခဲ့တဲ့ ဧရာဝတီတိုင်း ကိုလည်း နာဂစ်မုန်တိုင်း ကြုံရစဉ်က လူတွေ အမြောက်အများ သေကြေ ပျက်စီးရတာတောင် ပစ်ထားခဲ့ပါတယ်။ အာဏာကြောင့် ဒီလို ပြောင်းလဲသွားခဲ့တာလားလို့ မေးစရာ ရှိလာပါတယ်။နောက်တော့ တိုင်းမှူးဘဝကနေ ၁၉၈၅ ခုနှစ်မှာ ဒု-စစ်ဦးစီး အရာရှိချုပ်နဲ့ ဒု-ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် တာဝန် ပေးခံရပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ဗိုလ်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပါတယ်။ ဒီနေရာမှာ ဝီကီပီးဒီယားလို့ ခေါ်တဲ့ အွန်လိုင်း စာမျက်နှာနဲ့ အခု စာရေးသူ ဘင်ရော်ဂျာ စာအုပ်ထဲက အချက်အလက်တချို့ ကွဲလွဲနေပါတယ်။ ဘင်ရော်ဂျာက ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒု-ကာကွယ်ရေး ဝန်ကြီး အဖြစ် ခန့်အပ် တာဝန်ပေးခံရတယ်လို့ ဖော်ပြထားပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်က ၁၉၈၈ ခုနှစ်၊ လူထု အရေးတော်ပုံကြီး ဖြစ်ဖို့ နှစ်အနည်းငယ်အလို၊ တိုင်းပြည်မှာလည်း ဆင်းရဲမွဲတေမှုတွေ၊ နိုင်ငံကို ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ (LDC) အဖြစ် သွတ်သွင်း ကြေညာခံရတဲ့ အချိန်၊ ၂၅ ကျပ်၊ ၃၅ ကျပ်၊ ၇၅ ကျပ်တန်တွေကို တရားမဝင် ဖျက်သိမ်းကြောင်း ကြေညာလိုက်တော့ လူတွေလည်း ဆင်းရဲမွဲတေပြီး အစိုးရကို အလွန်အမင်း မကျေမနပ် ဖြစ်နေချိန်ပါ။
အဲဒီအချိန်က ကာကွယ်ရေး ဦးစီးချုပ်က ဗိုလ်ချုပ်စောမောင်ပါ။ ၁၉၈၈ လူထု အုံကြွမှုကြီး ဖြစ်လာတော့ ဖြိုခွဲချေမှုန်းဖို့ စစ်ဆင်ရေး ကိစ္စတွေကို တာဝန်ယူရတဲ့နေရာမှာ ဗိုလ်ချုပ်သန်းငွှက အဓိကနေရာက ပါဝင်ခဲ့နိုင်ပါတယ်။ ဒီကိစ္စတွေအတွက် မီးပွားအဖြစ် အစပျိုးခဲ့တဲ့ မတ်လ ရန်ကုန်တက္ကသိုလ် ဆန္ဒပြပွဲတွေကို ချေမှုန်းတဲ့နေရာမှာ တံတားဖြူ အနီးမှာ စစ်တပ်က ကျောင်းသားတွေကို ဖြိုခွဲချေမှုန်းခဲ့တဲ့ လုပ်ရပ်က အတော့်ကို ရက်စက် ကြမ်းကြုတ်လှ ပါတယ်။ ဒီဖြစ်ရပ်တွေကို နောက်ပိုင်းမှာ ဦးအောင်ကြီးက ဦးနေဝင်းဆီကို ရေးတဲ့စာတွေမှာ ထည့်ဖော်ပြခဲ့ပါသေးတယ်။ ကျောင်းသား ပြည်သူတွေက ငြိမ်းချမ်းစွာ ဒီမိုကရေစီ တောင်းနေတာကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး ဖြိုခွင်းချေမှုန်းခဲ့တဲ့ နေရာမှာ လူထောင်ပေါင်း များစွာ သေကြေ ဒဏ်ရာရခဲ့ပါတယ်။ အချို့ကလည်း သေဆုံးသူဟာ သောင်းဂဏန်း အထိ ရှိနိုင်တယ်လို့ ခန့်မှန်း တွက်ချက်ကြပါတယ်။ အတိအကျ မသိရပေမယ့် ဒု- ကာကွယ်ရေး ဝန်ကြီးနဲ့ ဒု-စစ်ဦးစီးချုပ် တာဝန်ယူခဲ့ရတဲ့ ဗိုလ်ချုပ်သန်းရွှေ အဖို့ ဒီကိစ္စတွေမှာ လက်သွေးစွန်းခဲ့ရမှာ မလွဲပါဘူး။ တကယ်တော့ အာဏာသိမ်းတယ် ဆိုတာဟာလည်း ဦးနေဝင်းက မီးစိမ်းပြပြီး အာဏာသိမ်းခိုင်းလိုက်လို့ ဆောင်ရွက်ကြတာ ဆိုပြီး လူအများက ယုံကြည်ကြပါတယ်။
အာဏာသိမ်းတဲ့ ကာလကတော့ အာဏာရှင်ဟောင်းကြီး ဦးနေဝင်းက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် စောမောင်နဲ့ ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးကြီး ခင်ညွန့်ကို အဓိက ဦးဆောင်စေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဗိုလ်ခင်ညွန့်က တပ်ပိုင်းဆိုင်ရာမှာ တိုင်းမှူး/ တပ်မမှူး အဖြစ် ဦးဆောင်ခဲ့ဖူးသူ မဟုတ်လေတော့ အဓိက ထိပ်တန်း နေရာမျိုး ယူလို့ မရပါဘူး။ အဲဒီတော့ ဗိုလ်ချုပ်သန်းရွှေကတော့ အာဏာသိမ်း ကောင်စီ [နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)] မှာ ဒု-ဥက္ကဋ္ဌ အဖြစ် ပါလာပါတယ်။ ဗိုလ်ချုပ်စောမောင်က အာဏာသိမ်း ကောင်စီကို လုံးဝ ထိန်းချုပ်ထားချင်ပုံရပါတယ်။ စစ်အစိုးရ အတွင်းက သတင်းတွေအရ ဗိုလ်ချုပ် သန်းရွှေက နိုင်ငံရေးဆန်တဲ့ တာဝန်မျိုး ယူချင်တယ်။ အဲသည်လို တာဝန်အတွက် လည်း ၂ ခါလောက် တောင်းဆိုဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ငြင်းပယ်ခံရပါတယ်။
နောက်တော့ ရွေးကောက်ပွဲတွေကို ၁၉၉၀ ခုနှစ်မှာ ကျင်းပပေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အပြတ်အသတ် အနိုင်ရပါတယ်။ စစ်အစိုးရက သူတို့လိုလားတဲ့ ပါတီ အနိုင်ရမယ်လို့ တွက်ထားတာ လွဲသွားခဲ့ပါတယ်။ ဗိုလ်ချုပ်စောမောင်က အနိုင်ရပါတီကို အာဏာလွှဲပေးပြီး တပ်ကို ပြန်မယ်လို့ ပြောခဲ့၊ ကတိပေးခဲ့ပေမယ့် နောက်ပိုင်း ဒီကတိကို ဖျက်ခဲ့ပါတယ်။ သူလည်း စိတ်ဖောက်ပြန် ပျက်စီးတဲ့ ဒဏ်ကိုခံရပြီး ရူးသွပ်ခဲ့ပါတယ်။ အချို့ လူတွေကတော့ ဒီဖြစ်ရပ်ဟာ တမင်သက်သက် ဗိုလ်ချုပ်စောမောင်ကို ဆေးထိုးပြီး ရူးအောင်လုပ်တာ၊ ဒီလို လုပ်ကြံမှုမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်က ပူးပေါင်း ကြံစည်ခဲ့တယ်လို့တောင် စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၂ ခုနှစ်၊ ဧပြီလမှာတော့ ဗိုလ်ချုပ် စောမောင်ကို ကျန်းမာရေးကြောင့် အနားပေးလိုက်ရပါတယ်။ ဗိုလ်ခင်ညွန့်က တပ်ပိုင်းဆိုင်ရာအရ ဆိုရင် ငယ်ရွယ်နေလို့ ထိပ်ပိုင်းနေရာကို မယူနိုင်ပါဘူး။ ဒီလိုနဲ့ ဗိုလ်ချုပ်သန်းရွှေက (နအဖ) စစ်အစိုးရရဲ့ အာဏာအရှိဆုံး ထိပ်ပိုင်းခေါင်းဆောင် ဖြစ်လာပါတော့တယ်။
(နအဖ) စစ်အစိုးရ တက်လာတဲ့အချိန်မှာ သူတို့နဲ့ သွားတွေ့ဖူးတဲ့ သံအမတ်ကြီးတဦး ပြောပြတာကတော့ အဲဒီဆွေးနွေးပွဲမှာ အဓိက ဦးဆောင်စကားပြောကြတဲ့သူတွေက ဗိုလ်ချုပ်စောမောင်နဲ့ ခင် ညွန့်ပဲလို့ ဆိုပါတယ်။ဗိုလ်ချုပ်သန်းရွှေက အဲဒီ အစည်းအဝေးမှာ ရှိနေပေမယ့် ပြုံးပြုံးကြီးနဲ့ပဲ ခေါင်းတညိမ့်ညိမ့် လုပ်နေပါတယ်။ ဘာတခွန်းမှ ဝင်မပြောဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေ (နဝတ) ဥက္ကဋ္ဌ ဖြစ်လာချိန်မှာတော့ ဝန်ကြီးတွေ အားလုံး ညကျောင်းတက်ကြရပါတော့တယ်။ ညကျောင်းဆိုတာက ညပိုင်းမှာခေါ်ပြီး သူ့ရဲ့ စဉ်းစားချက်၊ အယူအဆတွေ ဟောပြောတာ ဖြစ်ပါတယ်။ တနည်းတော့ ဘယ်သူက အဓိက အာဏာရှိတာလည်း ဆိုတာကို ပြသတာလည်း ဖြစ်နိုင်ပါတယ်။
(၉) လူသားမျိုးနွယ်တရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်တဲ့ ရာဇဝတ်ပြစ်မှုမျိုးတွေ ဗိုလ်ချုပ်သန်းရွှေ ချိုးဖောက်နေသလား
ဗိုလ်ချုပ်သန်းရွှေ (နအဖ) စစ်အစိုးရ ဥက္ကဋ္ဌ ဖြစ်လာတော့ အစောပိုင်းမှာ နိုင်ငံတကာ မိသားစုက သဘောထား ပျော့ပြောင်းတဲ့သူ တဦး ဖြစ်မလားလို့ မျှော်လင့်ခဲ့ကြပါတယ်။ သူအာဏာရလာပြီးတဲ့ အချိန်မှာ နိုင်ငံရေးအကျဉ်းသား ရာဂဏန်းလောက် လွှတ်ပေးတာ လုပ်ခဲ့သလို၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကိုလည်း ထောင်တွေအတွင်း စစ်ဆေးခွင့် ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခွင့်ပေးခဲ့ပါတယ်။ စီးပွားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ်ကို ဦးဆောင်စေပြီး စီးပွားရေး ပွင့်လင်းစေဖို့ တချို့လုပ်ဆောင်ချက်တွေလည်း လုပ်ခဲ့ပါသေးတယ်။ အခု စာအုပ်မှာ ဖော်ပြထားသလိုပဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသားတွေရဲ့ ပြည်တွင်းစစ်အကြောင်း လေ့လာသူ မာတင်စမစ် (Martin Smith) ကလည်း အလားတူ ဖော်ပြခဲ့တာမျိုး ရှိပါတယ်။ ဗိုလ်ချုပ်သန်းရွှေ နအဖ ဥက္ကဋ္ဌဖြစ်လာပြီး မကြာခင်မှာပဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အကြောင်းပြလို့ ကရင်သူပုန်တွေအပေါ် ထိုးစစ်ဆင်နေတဲ့ မာနယ်ပလောထိုးစစ်ကိုလည်း ဆိုင်းငံ့ပေးခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီလို အခြေအနေက ကြာကြာမခံပါဘူး။ နောက်ပိုင်းမှာ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ထိုးစစ်တွေ ပြန်စလာခဲ့သလို၊ ကျန်တဲ့ ဖိနှိပ်မှုတွေလည်း ဆက်လို့ ဖြစ်ပေါ်လာ ခဲ့ပါတယ်။ အခုအချိန်တိုင် နာမည်ဆိုးတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂, ၀၀၀ ကျော် ရှိနေပါသေး တယ်။
စာရေးသူ ဘင်ရော်ဂျာကတော့ ကရင်ပြည်နယ်အတွင်းက အိုင်ဒီပီ (IDP) လို့ခေါ်တဲ့ ပြည်တွင်းမှာ ရွှေ့ပြောင်း ထွက်ပြေးနေရသူ ဒုက္ခသည်တွေရဲ့ အဖြစ်အပျက်တွေကို တင်ပြလို့ အချို့သော စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ဖော်ပြခဲ့ပါတယ်။ ရှေ့တန်းမှာ တာဝန်ယူရတဲ့ မြန်မာစစ်တပ်က စစ်သားတွေက အရပ်သား ပြည်သူတွေကို မထင်ရင် မထင်သလို သတ်ဖြတ်နေတာ၊ လူမဆန်စွာ ရက်စက်မှုတွေ ကျူးလွန်နေတာ၊ အမျိုးသမီးတွေ အပေါ်မှာလည်း မုဒိန်းမှု အပါအဝင် လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်နေတာ၊ မြန်မာစစ်တပ်က ကလေးစစ်သားတွေ အတင်းအကျပ်နဲ့ အကျယ်အပြန့် စုဆောင်းနေတဲ့ ကိစ္စတွေကို သက်သေ သာဓက တချို့နဲ့ ဖော်ပြပါတယ်။ အဓမ္မ လုပ်အား ခိုင်းစေမှုတွေ ဖြစ်ပေါ်နေတာလည်း တနိုင်ငံလုံး အနှံ့ပါပဲ။ ဒီလို လူ့အခွင့်အရေး ချိုးဖောက်နေတာဟာ နေရာဒေသ တခု၊ ၂ ခုထဲမှာ ကွက်ပြီး ဖြစ်ပေါ်နေတာ မဟုတ်ပါဘူး။ ဒီနေရာမှာ မေးခွန်းတခုက အခုလို လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်နေတာတွေကို ဗိုလ်ချုပ်သန်းရွှေက မသိလို့လား။ သိလျက်နဲ့ ခွင့်ပြုထားတာလားဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စာရေးသူ ဘင်ရော်ဂျာကတော့ ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ဆုံ စကားပြောခွင့်ရတဲ့ သံအမတ်တဦးက ပြောပြတာကို ပြန်လို့ ဖော်ပြထားပါတယ်။ ၁၉၉၅ ခုနှစ်မှာ အနောက်တိုင်း သံအမတ်ကြီး တဦးက သူ့ရဲ့ သံအမတ် ခန့်အပ်လွှာကို ပေးရင်း ဗိုလ်ချုပ်သန်းရွှေနဲ့ တွေ့ပါတယ်။ အခြားအကြောင်းကိစ္စတွေမှာတော့ သူတို့ အေးအေးဆေးဆေးစကား ပြောနိုင်ကြပါတယ်။ ဒါပေမဲ့ သံအမတ်က လူ့အခွင့်အရေး ကိစ္စတွေအကြောင်း စကား စလာတော့ စကားဝိုင်းက တင်းမာသွားခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေက "ကျနော်တို့က ဗုဒ္ဓဘာသာဝင်တွေပဲ။ ယင်ကောင် တကောင်တောင် မသတ်ဘူး" လို့ လုံးဝ ပြန်ငြင်းခဲ့ပါတယ်။ သံအမတ်ကတော့ ဗိုလ်ချုပ်သန်းရွှေဟာ ပိုးအိမ်ထဲက ပိုးတကောင်လို သူ့ကမ္ဘာထဲမှာ သူနေနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အလားတူပဲ စစ်အစိုးရရဲ့ သတင်းမီဒီယာတွေနဲ့ သံအမတ်တွေက ဒီလိုစွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းပယ်နေခဲ့ကြပါတယ်။ သူတို့အပေါ် နိုင်ငံတကာအမြင်ကို ပြောင်းလဲနိုင်အောင်ဆိုပြီး စစ်အစိုးရက သဘောထား ပြောင်းလဲတော့မယောင် သတင်းမှားတွေပေးပြီး အနောက်တိုင်းက ပညာရှင်တွေကို အမြဲတမ်းလှည့်ဖျား အသုံးချခဲ့တယ်လို့ တချိန်က ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူး အောင်လင်းထွဋ်က ပြန်ပြောပြပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင် လူအစုအပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုပြီး၊ ဗိုလ်မှူး အောင်လင်းထွဋ် ကိုယ်တိုင် သူ့အတွေ့အကြုံကို အခြေခံပြီး ပြန်စွပ်စွဲထားတဲ့ ဖြစ်ရပ်တခုတော့ ရှိပါတယ်။ ဒီဖြစ်ရပ်က မြန်မာနိုင်ငံတောင်ပိုင်း ဇာဒက်ကြီး ရေတပ်စခန်းအနီးမှာ ၁၉၉၈ ခုနှစ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီအနီးက ကျွန်းတကျွန်း အပေါ်မှာ အပြစ်မဲ့အရပ်သား ပြည်သူ ၈၁ ယောက်ကို စစ်ဆင်ရေးကာလ တခုအတွင်းမှာ သတ်ဖြတ်ပစ်ခဲ့တာပါ။ အဲဒီ ကာလ စစ်ဆင်ရေးကို ဦးဆောင်တဲ့သူကတော့ အခုအချိန်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးတာဝန် ယူနေတဲ့၊ လျှပ်စစ်စွမ်းအား ဝန်ကြီးလည်း ဖြစ်တဲ့ ဗိုလ်မှူးကြီး ဇော်မင်း ဖြစ်ပါတယ်။ မြိတ်ကျွန်းစု အတွင်းမှာ ရှိတဲ့ ခရစ္စတီးလို့ အမည်ရတဲ့ ကျွန်းအပေါ်မှာ စစ်အစိုးရ ဥပဒေတွေကို ဆန့်ကျင်ပြီး သစ်ခုတ်၊ ဝါးခုတ်နေသူတွေကို စစ်တပ်က ဖမ်းဆီး ရမိခဲ့ပါတယ်။ အဲဒီအချိန် ၁၉၉၈ ခုနှစ်၊ မေလမတိုင်မီ ကတည်းက အခု ကာကွယ်ရေးဦးစီးချုပ် ဖြစ်မယ့်သူလို့ နာမည် ပြေးနေတဲ့ ဗိုလ်ချုပ်မြင့်အောင်က ကျွန်းတွေအပေါ်မှာ ဘယ်သူမှ နေခွင့်မရှိ ဆိုပြီး အမိန့်ထုတ်ထားခဲ့ပါတယ်။ ရွာသား တွေကို ဖမ်းမိတဲ့ စစ်တပ်တွေက ဘယ်လို ဆက်လက်လုပ်ဆောင်ရမယ် ဆိုတာ အမိန့်တောင်းခဲ့ပါတယ်။ ဗိုလ်မှူး အောင်လင်းထွဋ်က ထောက်လှမ်းရေးတပ်မှူး အဖြစ် တာဝန်ယူနေခဲ့ရသူပါ။ ဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်က အားလုံးကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့ပြီး၊ အဲဒီအမိန့်အတိုင်း သတ်ဖြတ်ခံခဲ့ကြရပါတယ်။ "မိန်းမတွေ၊ ကလေးတွေ အဆုံး ဘယ်သူမှ အသက်ရှင်ရက် မမြင်ချင်ဘူး" ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ရှိခဲ့ပါတယ်။ တကယ်လို့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဗိုလ်ချုပ်သန်းရွှေက အမှန်မသိရှိဘူး ဆိုရင် သူကိုယ်တိုင် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ အကြောင်းရှိပါတယ်။ ဒီလို ကော်မရှင်တွေ ဖွဲ့စည်း စစ်ဆေးတာတွေလည်း မရှိခဲ့ဘူးလို့ လေ့လာသူတွေက ပြောကြပါတယ်။
ဒီလို ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်ခဲ့တာတွေကို မှတ်တမ်းတင်ထားတာတွေ အများအပြား ရှိပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စ စုံစမ်းတင်ပြသူ လူ့အခွင့်အရေးကော်မရှင် အထူးအရာရှိ သက္ကရာဇ် ၂၀၀၀ ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ထမ်းခဲ့သူ ပေါ်လိုဆာဂျီယို ပင်လဲရိုးရဲ့ အစီရင်ခံစာ တခုမှာ "ပြီးခဲ့တဲ့ ၁၅ နှစ်ကာလ အတွင်းမှာ မြန်မာစစ်တပ်က ကျေးရွာပေါင်း ၃,၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အခုလို ကျူးလွန်တဲ့ စစ်သား တွေကိုလည်း အပြစ်ပေး အရေးယူတာ မရှိဘဲ လွတ်လွတ်လပ်လပ်ပဲ လွှတ်ထားတယ်" လို့ ဖော်ပြခဲ့ပါသေးတယ်။ အဲဒါအပြင် ဟားဗတ်တက္ကသိုလ် လူ့အခွင့်အရေး ကုစားရေးဌာနက လေ့လာတင်ပြခဲ့တဲ့ အစီရင်ခံစာမှာ အရင် နိုင်ငံ တကာ ရာဇဝတ်ခုံရုံးတွေမှာ တာဝန်ယူဖူးသူ တရားသူကြီးတွေ သုံးသပ်ဖော်ပြခဲ့တာကတော့ ကုလသမဂ္ဂ လူ့အခွင့် အရေး အစီရင်ခံစာတွေကို ခြုံငုံသုံးသပ်ရင်ပဲ မြန်မာပြည်မှာ အခု ကျူးလွန်ချိုးဖောက်နေတဲ့ အနေအထားက လူသား မျိုးနွယ် တရပ်လုံးအပေါ် ကျူးလွန်ချိုးဖောက်တဲ့ ရာဇဝတ်မှု အနေအထား Crime against Humanity ကို ဆိုက်ရောက်နေပြီလို့ သုံးသပ်ထားတာ ရှိပါတယ်။
ဗိုလ်ချုပ်သန်းရွှေနဲ့ သူ့ဇနီး ဒေါ်ကြိုင်ကြိုင်က လူမြင်ကွင်းရှေ့မှာ ဗုဒ္ဓဘာသာဝင်ကောင်းတွေလို ဘုရား ကျောင်းကန်သွားတာ၊ သံဃာတွေကို ဆည်းကပ်တာ၊ အလှူဒါနပြုတာတွေ မကြာခဏ ဆိုသလို မြင်ကြရပါတယ်။ ဒါပေမဲ့ ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှုတုန်းက အကြမ်းဖက် ချေမှုန်းတာတွေ မြင်ရတော့ အာဏာနဲ့ ပတ်သက်လာရင် သံဃာတွေ အပါအဝင် ဘယ်သူမှ သည်းညည်းမခံနိုင်ဘူး ဆိုတာ သဘောပေါက်ခဲ့ကြရပါတယ်။
(၁၀) ပြည့်ရှင်မင်းတရားတဦး၊ အင်ပိုင်ယာ ပြည့်ရှင်တဦးလို ပြုမူနေတဲ့ ဗိုလ်ချုပ်မှူးကြီး
ဗိုလ်ချုပ်သန်းရွှေရဲ့သမီး မသန္ဒာရွှေ မင်္ဂလာဆောင်တော့ ခမ်းနားကြီးကျယ်စွာ ကျင်းပတာကို မြင်ရတော့ လူတိုင်းက အံ့ဩ ဒေါသဖြစ်ကြရပါတယ်။ သတို့သား ဗိုလ်မှူးဇော်ဖြိုးဝင်းနဲ့ ဗိုလ်ချုပ်ကြီးသမီး သတို့သမီးတို့ရဲ့ မင်္ဂလာပွဲကို အနောက်တိုင်းပုံစံ ဝှဲချီး ကျင်းပခဲ့ပါတယ်။ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားကြတဲ့ စစ်အစိုးရနဲ့ နီးစပ်သူ လူကုန်ထံတွေ၊ စီးပွားရေးသမားတွေကလည်း မျက်နှာလို မျက်နှာရ လက်ဖွဲ့ပစ္စည်း အမြောက်အများ ပေးခဲ့ကြပါတယ်။ သူတို့ကဗိုလ်ချုပ်မှူးကြီးရဲ့ သမီး သတို့သမီးမှာ စိန်တွေ ညွှတ်နေအောင် ဆင်ထားတာကိုလည်း မြင်တွေ့ခဲ့ကြရပါတယ်။ မင်္ဂလာ လက်ဖွဲ့အနေနဲ့ ဇိမ်ခံကားတွေ၊ အိမ်တွေ အပါအဝင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဖိုးလောက် လက်ခံရရှိခဲ့ကြတယ် လို့ ဆိုပါတယ်။ ဒီမင်္ဂလာပွဲကို နိုင်ငံပိုင် ရုပ်မြင်သံကြားတွေက ပြသခဲ့တာတော့ မရှိပါဘူး။ လူထုအများ မြင်ခဲ့ကြရတာ ကတော့ အဲသည် မင်္ဂလာပွဲ ဗီဒီယိုက ပြင်ပကို ပေါက်ကြားလာပြီး၊ ပြင်ပက သတင်းမီဒီယာတွေက ပြန်ပြတော့မှသာ မြင်ကြရတာပါ။ လူအများကတော့ အဲဒီ မင်္ဂလာပွဲကို "စိန်စီတဲ့ည" လို့ လူသိများပြီး၊ လူအများ ငတ်မွတ်ခေါင်းပါး ဆင်းရဲ နေရစဉ်မှာ အခုလို ပပလွှားလွှား သုံးဖြုန်း မင်္ဂလာဆောင်နိုင်တာ မြင်ကြရလို့ အံ့သြဒေါသထွက်နေကြရတာပါ။ အခုလို ခမ်းနားတဲ့ မင်္ဂလာပွဲ ဖြစ်လာတဲ့ အကြောင်းကိုလည်း လူတွေက ဆန်းစစ်ကြပါသေးတယ်။ စစ်အစိုးရ ဒု-ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးရဲ့ သမီး မင်္ဂလာဆောင်တော့ ရန်ကုန်က ဆီဒိုးနားဟိုတယ်မှာ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ဖူးပါတယ်။ အခု ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မင်္ဂလာပွဲဟာ သည့်ထက်ကြီးကျယ်အောင် ဂုဏ်တုဂုဏ်ပြိုင်လုပ်တာလို့လည်း လူတွေက ဆိုကြပါတယ်။
အာဏာရှင်တွေက အဲသလိုပဲ သူတို့ကိုယ်သူတို့ ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်လေ့ရှိတယ်လို့လည်း ဗိုလ်ချုပ် သန်းရွှေအကြောင်း စာအုပ်ရေးတဲ့ ဘင်ရော်ဂျာက ဖော်ပြခဲ့ပါသေးတယ်။ ဇင်ဘာဘွေနိုင်ငံက အာဏာရှင်ကြီး မူဂါဘီအကြောင်းကို ရေးသားခဲ့တဲ့ စာရေးဆရာ ဟေဒီဟော်လန်ရဲ့ စာအုပ်မှာလည်း သူ့ရဲ့အသက် (၈၃)နှစ်မြောက် မွေးနေ့ကို တကယ့်ကို ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့ပုံကို နှိုင်းယှဉ် ဖော်ပြပါတယ်။ လူတွေက စားရသောက်ရမဲ့ ဖြစ်နေချိန်မှာ ဒေါ်လာတသန်းလောက် အကုန်အကျခံပြီး အခုလိုကျင်းပနိုင်တာကို မခံမရပ်နိုင် ဒေါသထွက်ကြရတာပါ။ ဗိုလ်ချုပ်သန်းရွှေရဲ့ သမီး မင်္ဂလာပွဲ ကုန်ကျငွေက မူဂါဘီရဲ့မွေးနေ့ပွဲထက် အဆ ၅၀ လောက် ပိုကုန်ကျခဲ့တယ်လို့လည်း ဘင်ရော်ဂျာက နှိုင်းယှဉ် ဖော်ပြခဲ့ပါသေးတယ်။
ဗိုလ်ချုပ်သန်းရွှေမှာ သားသမီး ၈ ယောက်ရှိတယ်လို့ ဖော်ပြပါတယ်။ ကိုနိုင်စံရွှေ၊ ကိုထွန်းနိုင်ရွှေ၊ မဒေဝါရွှေ၊ မခင်ပြုံးရွှေ၊ မကြည်ကြည်ရွှေ၊ ကိုသန့်ဇော်ရွှေ၊ မအေးအေးသစ်ရွှေ၊ မသန္တာရွှေတို့ ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာတော့ ဒေါ်ကြိုင်ကြိုင်ဘက်က အရင်အိမ်ထောင်ကပါလာတဲ့ အခုအခါ ဘိုးတော်လို့ နာမည်ကျော်နေသူ ကိုမောင်မောင် ဆိုသူ တယောက်ကို ထည့်ဖော်ပြတာတော့ မတွေ့ရပါဘူး။ အဲဒီသားသမီးတွေက ဗိုလ်ချုပ် သန်းရွှေ ရာထူးငယ်စဉ်ဘဝမှာ စစ်ကားနဲ့ ကျောင်းတက်ရတယ်၊ မာန်မာနထောင်လွှားခြင်း မရှိဘဲနေခဲ့ကြတယ် ဆိုတာကို စာရေးသူက အရင်အသိ မိတ်ဆွေတွေကို မေးမြန်းပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အခုလို နိုင်ငံ့အကြီးအကဲ တာဝန်ယူရပြီးတဲ့ နောက်ပိုင်းမှာတော့ သည်လို မဟုတ်တော့ပါဘူး။ သူတို့က ပပလွှားလွှားနိုင်ကြတယ်လို့ သတင်းကျော်စောသလို၊ အများကို ဗိုလ်ကျတယ်၊ တနိုင်ငံလုံးက ပစ္စည်းကိုလည်း ကိုယ်ပိုင်သဖွယ် ထင်တိုင်းကျဲ ပြုမူနေတယ် ဆိုတာမျိုး သတင်းတွေ အများအပြား ရှိခဲ့ပါတယ်။ ခုနက စိန်တွေသီးနေတဲ့ မင်္ဂလာဆောင် တခုတည်းတင် မဟုတ်ပါဘူး။
ဗိုလ်ချုပ်သန်းရွှေရဲ့ မိသားစုက ထီးနန်းပြည့်ရှင်တွေလို ပြုမူတယ်။ သြဇာအာဏာ ပြလွန်းတယ်ဆိုတာကို လူအများက ပြောကြပါတယ်။ စာရေးဆရာ ဘင်ရော်ဂျာကတော့ အချို့သတင်းတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဗိုလ်ချုပ် သန်းရွှေနဲ့ မိသားစု မော်လမြိုင်ကို လာလည်တော့ ဆိုင်တဆိုင်က မီးထွန်းထားတဲ့ ဂျင်နရေတာစက်ကို သဘောကျပါတယ်။ သူပြန်တဲ့အခါကျတော့ ထရပ်ကားတစင်းကို လွှတ်ပြီး အဲဒီမီးစက်ကို ယူစေဖို့ စစ်တိုင်းမှူးကို အမိန့်ပေးခဲ့တယ်လို့လဲ သိရပါတယ်။ တခြား ခရီးစဉ်တခုမှာလည်း သူတို့မိသားစု မေမြို့ (အခု ပြင်ဦးလွင်) ကို သွားလည်ရင်း ကုန်တိုက်တခုကို ရောက်တော့ ကြိုက်ရာပစ္စည်းတွေ လက်ညှိုးထိုးယူခဲ့ကြပါတယ်။ ငွေတကျပ်တပြားမှ မပေးခဲ့ပါဘူး။ သူတို့ပြန်တော့ မေမြို့မှာရှိတဲ့ စစ်တက္ကသိုလ်က အဲဒီပစ္စည်းတွေ တန်ဖိုး ပြန်ပေးဖို့ လူထုတွေကို အတင်းအကျပ် အလှူထည့်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲသည်လို ကိစ္စတွေအပြင် သူတို့ လိုတာရအောင် ဆောင်ကျဉ်းပေးရသူတွေ ရဲဘော်နောက်လိုက်တွေ အတွက်လည်း မလွယ်လှပါဘူး။ တခါက နယ်ခရီးစဉ် တခုမှာ ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က မုန့်လင်မယား စားချင်တယ် ဆိုလို့ လိုက်ဝယ်ပေးရသူတွေ အတော်အခက်ကြုံခဲ့ပါသေးတယ်။ နောက်တခါမှာလည်း ဒေါ်ကြိုင်ကြိုင်က ဆပ်ပြာ ဆိုရင် 'ဆန်းလိုက်' ဆပ်ပြာမှ လိုချင်တယ်။ သူတို့အဝတ်တွေကို စက်နဲ့မလျှော်ဘဲ ဆန်းလိုက်ဆပ်ပြာနဲ့ လက်နဲ့လျှော်ခိုင်းလို့ အောက်ခြေတပ်မှူး ကတော်တွေ ဒုက္ခကြုံကြရပါသေးတယ်။ နောက်တယောက် ပြည်သူအများသိကြတာကတော့ ဗိုလ်ချုပ်ကြီးရဲ့အချစ်ဆုံးမြေး 'ဖိုးလပြည့်' ပဲ ဖြစ်ပါတယ်။ နာမည်အရင်းက 'နေရွှေသွေးအောင်' လို့ ခေါ်ပါတယ်။ သူ့ရဲ့ မိဘတွေ အိမ်ထောင်ရေး အဆင်မပြေကြလို့ ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်က ကရုဏာပိုပြီး မွေးစားထားတဲ့ မြေးငယ်ပါ။ သူက ဘောလုံး ဝါသနာအိုး ဖြစ်သလို အလိုလိုက်တော့ ကဲချင်တိုင်း ကဲနေတဲ့ ကလေးလည်း ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်၊ ဧပြီလ မေမြို့ကို သွားကြတဲ့ ခရီးစဉ်တခုမှာ သူ့မြေး နေရွှေသွေးအောင် အတွက် တပ်မတော် ရဟတ်ယာဉ်ကို ရန်ကုန်လွှတ်ပြီး ဘဲကင် အဝယ်ခိုင်းခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီနှစ်မှာပဲ နေရွှေသွေးအောင်ရဲ့ (၁၆) နှစ်မြောက် မွေးနေ့ကို ဆီဒိုးနား ဟိုတယ်မှာ တကယ့်ကို အကြီးအကျယ် ကျင်းပခဲ့ပါသေးတယ်။ ဒီလို ပလွှားသုံးဖြုန်းရင်း သူကလည်း အဆိုတော်၊ ရုပ်ရှင်မင်းသားတွေလို နာမည်ကျော်တယောက် ဖြစ်နေရသူပါ။ ပြည်သူတွေကတော့ 'စိန်မျောက်မျောက်' လို့ နာမည်ပေးထားတဲ့ အကြောင်းကိုလည်း ဘင်ရော်ဂျာက ထည့်ဖော်ပြခဲ့ပါသေးတယ်။
တချိန်က ရိုးရိုးကုပ်ကုပ်နေခဲ့တဲ့ သူ့ရဲ့ သားသမီးတွေ လောဘကလည်း အတောမသတ် ဖြစ်လာကြပုံကို စာရေးသူက ဖော်ပြပါတယ်။ ၂၀၀၈ ခုနှစ်က သတင်းတခုအရ မန္တလေး ၂၂ လမ်းက သမာဓိရွှေဆိုင်မှာ ဗိုလ်ချုပ် သန်းရွှေ သမီးတွေက ကျပ်သန်း ၁၀၀ ဖိုးလောက် ရွှေတွေ တချိန်တည်းဝယ်ယူခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ထဲက လူတဦး အတွက် ကျန်းမာရေးစရိတ်ကို ဒေါ်လာဆင့် ၄၀ လောက်ပဲ သုံးစွဲနေတဲ့အချိန်ပါ။ နောက်တခါ တရုတ်နိုင်ငံက တရုတ်-အာဆီယံ စီးပွားရေးဇုံ ဥယျာဉ်ထဲမှာ မြန်မာနိုင်ငံအတွက် ရတဲ့ မြေကွက်ကို ဒုတိယသမီး မခင်ပြုံးရွှေက အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ တရုတ်ကုမ္ပဏီ၂ ခုကို ပြန်ရောင်းချပေးခဲ့တယ်။ ဒီကိစ္စမှာ မြန်မာနိုင်ငံက ကုန်သည်ကြီးများအသင်းကလည်း ကူညီပေးခဲ့ရတယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ သူ့သားသမီးတွေ အပါအဝင် နီးစပ်တဲ့ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ ခြစားမှု၊ အကျင့်ပျက် လာဘ်စားမှုတွေကို ဗိုလ်ချုပ်သန်းရွှေက မျက်ကွယ်ပြုထားခဲ့ပါတယ်။ တိုင်းပြည်ကို သူ့အမွေပိုင်လို့ ထင်မြင်နေပုံပါပဲ။ ဒါတင်မက မြို့တော်ကို ပျဉ်းမနားကိုရွှေ့ နေပြည်တော်လို့ အမည်ပြောင်းခဲ့ချိန်က စလို့ ဆောက်လုပ်ရေး လုပ်ငန်းတွေ အတွက်လည်း တိုင်းပြည်ဘဏ္ဍာကို စိတ်ထင်တိုင်း သုံးစွဲနေခဲ့ပါတယ်။ နန်းမြို့သစ်တည် မင်းတရားကြီးလို့ ထင်မှတ် နေပုံ ရပါတယ်။
(၁၁) ဗိုလ်ချုပ်မှူးကြီးရဲ့ စိတ်ကူးပေါက်ရာ နိုင်ငံတော် စီမံကိန်းကြီးများ
ဗိုလ်ချုပ်သန်းရွှေရဲ့ မိသားစုအကြောင်း သတင်းဇာတ်လမ်းတွေက မယုံကြည်နိုင်လောက်စရာ ထူးထွေ ဆန်းပြား လှပါတယ်။ သူတို့အကြောင်း တကယ့်ကို အံ့သြမခန်းသတင်းတွေလည်း ကြားရတတ်ပါတယ်။ ဒါပေမဲ့ ဒီသတင်းတွေကို အတည်ပြုနိုင်ဖို့ ခက်သလို၊ တကယ်မဟုတ်ဘူးလို့လည်း ပြောဖို့ခက်လှပါတယ်။ ဗိုလ်ချုပ်သန်းရွှေ မိသားစုက ချမ်းသာ ကြွယ်ဝလွန်းတဲ့ အချိန်မှာ တိုင်းပြည်ကတော့ ဆင်းရဲနေပါတယ်။ ဒီလို ချမ်းသာကြွယ်ဝမှုတွေ ဓနဥစ္စာတွေက ဘယ်က ရရှိလာသလဲလို့ စာရေးသူ ဘင်ရော်ဂျာက မေးခွန်းထုတ်ခဲ့ပါတယ်။ သူက အချို့ အစီရင်ခံစာတွေ၊ စာအုပ်တွေကို ကိုးကားပြီး ဒီဝင်ငွေတွေက မူးယစ်ဆေး ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ ငွေတွေလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါ တယ်။ တခါက ဗိုလ်ချုပ်သန်းရွှေရဲ့မြေး နေရွှေသွေးအောင်ရယ်၊ ဗိုလ်ချုပ်ရဲမြင့်သား အောင်ဇော်ရဲမြင့်က လူကြီးသား တွေ ရမ်းကားတဲ့ပုံမျိုးနဲ့ မူးယစ်ဆေးဝါး သုံးကြပါတယ်။ ဒါပေမဲ့ သူတို့က အရေးယူမခံရဘဲ မူးယစ်ဆေးဝါး တင်သွင်း ပေးတယ် ဆိုတဲ့ အမှုနဲ့ စီးပွားရေးသမား မောင်ဝိတ်က ကြားထဲက ထောင် ၂၅ နှစ် ကျသွားခဲ့ရပါတယ်။ ဒီလို လူကြီးသားတွေ ကိုယ်တိုင် မူးယစ်ဆေးဝါး ကိစ္စတွေ ပတ်သက်နေတာရယ်၊ နောက်တခုက နိုင်ငံတကာမှာ မူးယစ် ဆေးဝါးနဲ့ ကျော်စောနေတဲ့ အုပ်စု အေးရှားဝေါလ် အုပ်စုက ဆက်ပြီး ရှင်သန်ကြီးထွားနေခွင့်ရတာ အာဏာပိုင်တွေက မူးယစ်ဆေး ကုန်သွယ်မှုကိစ္စတွေ၊ ငွေမဲ ငွေဖြူ၊ လုပ်နေတာတွေကို မျက်စေ့မှိတ် ခွင့်ပြုထားလို့ပဲလို့ သူက သုံးသပ် ပါတယ်။ အဲဒါအပြင် မြန်မာပြည်အကြောင်း လေ့လာနေသူ ဘာတေးလ် လင့်တနာ ကလည်း အခုဆိုရင် ကမ္ဘာပေါ်မှာ "မူးယစ်ဆေးဝါး ကုန်သွယ်မှုကို နိုင်ငံတော် စီးပွားရေးလုပ်ငန်း တခု အဖြစ် လုပ်နေတာ မြောက်ကိုရီးယားနဲ့ မြန်မာပဲ ရှိတယ်" ဆိုတဲ့ သုံးသပ်ချက်ကိုလည်း ထည့်သွင်း ဖော်ပြခဲ့ပါသေးတယ်။ ဒါတွေသာမက မက်ဆာချူးဆက် တက္ကသိုလ် က ပါမောက္ခ ဂျာလား အလမ်ဂါး (Jalal Alamgir) ရဲ့ သုံးသပ်မှု တခုမှာ မြန်မာ့စီးပွားရေးဟာ ၅၀ % ကျော်လောက်ကမူးယစ်ဆေးဝါးက ငွေတွေနဲ့ လည်ပတ်နေတယ် ဆိုပြီး သုံးသပ်ထားတာကိုလည်း စာရေးဆရာက ကိုးကားလို့ ဖော်ပြပါ တယ်။
နောက်တခု ဝင်ငွေရပေါက်ကတော့ သဘာဝဓာတ်ငွေ့ ရောင်းချရငွေကပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်များ နှစ်လယ်ပိုင်းက စလို့ မုတ္တမကမ်းလွန် ပင်လယ်ပြင်က သဘာဝဓာတ်ငွေ့တွေ စတင် တွေ့ပြီး ထိုင်းနိုင်ငံကို တင်ပို့ ရောင်းချနိုင်ခဲ့ပါတယ်။ ပထမ သဘာဝဓာတ်ငွေ့သိုက်က ရတနာ ဓာတ်ငွေ့သိုက် ဖြစ်ပါတယ်။ အဲဒီကနေ စစ်အစိုးရ အတွက် တနှစ်ကို ဝင်ငွေ ဒေါ်လာ သန်း ၂,၀၀၀ လောက် ဝင်လာခဲ့ပါတယ်။ ဩစတြေလျနိုင်ငံ အခြေစိုက် Burma Economic Watch က မြန်မာပြည် စီးပွားရေးအကြောင်း လေ့လာနေသူ ပညာရှင် ရှောင်တာနဲက ဖော်ပြတာက အဲဒီသဘာဝဓာတ်ငွေ့က ရတဲ့ ဝင်ငွေတွေကို ဘဏ္ဍာရေးစာရင်းအင်းတွေထဲ ထည့်ဖော်ပြတာ မတွေ့ရဘူးလ ဆိုပါတယ်။ တကယ်လို့ ဘဏ္ဍာရေး စာရင်းအင်းထဲ ဝင်တယ် ဆိုရင်တောင် တဒေါ်လာကို ၆ ကျပ်နဲ့ တွက်ချက်ပြီး ထည့်သွင်းတာပါ။ အဲသည်တော့ တကယ် နိုင်ငံက ရရှိရမယ့် ဘဏ္ဍာတော်ရဲ့ ၀.၅ % လောက်ပဲ ဘဏ္ဍာငွေအဖြစ် ရောက်လာပြီး၊ ကျန်တဲ့ ၉၅.၅ % က ပျောက်သွားရတဲ့ အနေအထားပါ။ ဒီလို ဘဏ္ဍာဝင်ငွေတွေကို ဗိုလ်ချုပ်သန်းရွှေက "နိုင်ငံတော် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မီတီ" ဥက္ကဋ္ဌ အနေနဲ့ ချုပ်ကိုင်ထားပါတယ်။ စာရေးသူ ဘင်ရော်ဂျာကတော့ ဒီလို ဓာတ်ငွေ့ ရောင်းချရာက ဝင်ငွေတွေနဲ့ ကြွယ်ဝနေတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ပါ တယ်။ အဲဒါအပြင် အခုကာလမှာ ရေအားလျှပ်စစ် ရှာဖွေထုတ်လုပ်တဲ့ စီမံကိန်းကြီးတွေကိုလည်း ရည်ရွယ်ချက်ရှိရှိနဲ့ အကြီးအကျယ် ဆောင်ရွက်နေပါသေးတယ်။ ဒီလို ရင်းနှီးမြှုပ်နှံမှုတွေကလည်း ဝင်ငွေ အမြောက်အများ ရရှိမှာ မလွဲပါ ဘူး။
ဒါပေမဲ့ ဒီလိုစီမံချက်ကြီးတွေ နောက်ကွယ်မှာ နစ်နာရသူ ပြည်သူတွေ အမြောက်အများရှိခဲ့ကြောင်း ဘင်ရော်ဂျာက အစီရင်ခံစာ အကိုးအကားတွေနဲ့ ဖော်ပြပါတယ်။ ရတနာ ဓာတ်ငွေ့ပိုက်လိုင်းတုန်းက အဓမ္မ လုပ်အား ပေးခဲ့ရသူတွေ၊ အိမ်ယာစွန့်ပစ် ထွက်ပြေးရသူတွေ၊ အခြား နစ်နာရသူတွေ အများအပြားပါ။ ဆည်တွေ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေ ဆောက်တော့လည်း အလားတူ ပြည်သူတွေ ဒုက္ခရောက်၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပြန်ပါတယ်။ စာရေးသူ ဘင်ရော်ဂျာက တချိန်က မြန်မာနိုင်ငံမှာ ဗြိတိန် သံအမတ်ကြီး အဖြစ်နဲ့ တာ၀န်ယူခဲ့ဖူးတဲ့သူ မာ့က် ကန်းနင်း (Mark Kanning) နဲ့လည်း တွေ့ဆုံလို့ ဗိုလ်ချုပ်သန်းရွှေအကြောင်း မေးမြန်းကြည့်ခဲ့တာကို ဖော်ပြထားပါသေးတယ်။ မာ့က် ကန်းနင်း အဆိုအရ ဗိုလ်ချုပ်သန်းရွှေဟာ တည်ဆောက်ရေး လုပ်ငန်းကြီးတွေ၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သိပ်ပြီး စိတ်ထက်သန်တယ်လို့ ဆိုပါတယ်။ သူက နိုင်ငံကို အခုလို စုစည်းနိုင်တာ၊ သူ့အမြင်မှာ နိုင်ငံကို တည်ငြိမ်အောင် ထိန်းထားနိုင်တယ် ဆိုပြီး အင်မတန် ဂုဏ်ယူပါတယ်။ တံတားတွေ၊ ဆည်တွေ ကိစ္စကို သူက သိပ်ဂုဏ်ယူပါတယ်။ တကယ့် စွမ်းဆောင်မှုကြီးလို့ ထင်နေဟန် ရှိတယ်လို့ ပြောခဲ့ပါတယ်။
အချို့ လုပ်ငန်းတွေက ပြည်သူတွေကို တစုံတရာ အကျိုးရှိစေမှာတော့ မလွဲပါဘူး။ ဒါပေမဲ့လည်း ပြည်သူတွေ ဒုက္ခကြုံရတဲ့ စီမံကိန်းတွေလည်း ရှိပါသေးတယ်။ နေကြာ ဆိုတော့လည်း စိုက်လိုက်ရ၊ ကြက်ဆူ ဆိုတော့လည်း တပြည်လုံးမနေရ ဒုက္ခရောက်ကြရပါတယ်။ ကြက်ဆူ ဆိုတာက ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်နိုင်ဖို့ ကက်ကင်း သဘော 'စုကြည်' - 'ကြက်ဆူ' ဆိုပြီး ဗေဒင်ဆရာတွေရဲ့ အကြံဉာဏ်နဲ့ စိုက်ခိုင်းခဲ့တယ်လို့ သတင်းတွေ ရတယ် ဆိုပြီး၊ ဘင်ရော်ဂျာက ထည့်ပြီး ဖော်ပြခဲ့ပါသေးတယ်။ ဒီလို ယတြာချေတယ် ဆိုပေမယ့် တိုင်း/ပြည်နယ်တွေတိုင်းမှာ ဧက သိန်းကျော် မစိုက်မနေရ စိုက်ကြရတာပါ။ ဒီလို စိုက်ကြရလို့ စီးပွားပျက်ရသူတွေ၊ အိုးအိမ် စွန့်ပစ်ပေးရသူတွေ၊ အဓမ္မ လုပ်အားပေးကြရသူတွေ မနည်းပါဘူး။ အခုတော့လည်း အဲသည်ကြက်ဆူတွေ ဘယ်နေရာ အသုံးချနေမှန်း မသိရ ပါဘူး။ အဲသည်လို အဟောသိကံ ဖြစ်ရတဲ့ ကိစ္စတွေမှာ ရေနက်ကွင်း စီမံကိန်းတွေလည်း ပါပါလိမ့်မယ်။ ဗိုလ်ချုပ် သန်းရွှေ တက်စမှာ အကြီးအကျယ် ရေနက်ကွင်း စပါးကိစ္စတွေ လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း နောက်တော့ ပြီးပြီး ပျောက်ပျောက် ဖြစ်ကုန်ပါတယ်။ အဲသည် ရေနက်ကွင်း ကိစ္စတွေတော့ ဘင်ရော်ဂျာရဲ့ ဗိုလ်ချုပ်သန်းရွှေအကြောင်း စာအုပ်ထဲမှာ ထည့်ဖော်ပြထားတာ မတွေ့ရပါဘူး။အခုအချိန်မှာ စစ်အစိုးရ ဝင်ငွေများလာတဲ့ အခါမှာတော့ သူ့စိတ်ထင်ရာ စီမံကိန်းကြီးတွေ လုပ်နေနိုင်ပါပြီ။ နေပြည်တော် မြို့တော်သစ်ကြီး တည်ဆောက်တဲ့ လုပ်ငန်းက အဓိက ထင်ရှားတဲ့ သာဓကပါ။ နောက်တော့ စစ်ရေး ရည်ရွယ်ချက်တွေ အတွက် မြေအောက်ဥမင်တွေ ဆောက်နေတာ၊ အဏုမြူ စီမံကိန်းတွေ လုပ်နေတာက အတော့်ကို ငွေကုန်ကြေးကျများတဲ့ စီမံကိန်းတွေပါ။ မြန်မာနိုင်ငံကို လာတိုက်ခိုက်မယ့် ပြင်ပရန်က တကယ်ရှိနေသလား။ အဏုမြူ စီမံကိန်းကြီးရဲ့ အောင်မြင်နိုင်တဲ့ အလားအလာက ဘယ်လိုရှိသလဲ။ ဒီလိုမေးခွန်းတွေကို ဘယ်သူကမှ ထုတ်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ဒီလို စီမံကိန်းကြီးတွေကြောင့် ပြည်သူတွေ မွဲတေ ဒုက္ခရောက်ကြရသလို၊ စီမံချက်ကြီးတွေကြောင့် အမြတ်ထွက်ရသူ လူနည်းစုတွေလည်း ရှိနေကြပါတယ်။
(၁၂) စစ်အစိုးရကို ပြည်တွင်း ပြည်ပ ထောက်ခံမှုရအောင် ဗိုလ်ချုပ်သန်းရွှေ ကြိုးပမ်းခဲ့ပုံ
ဗိုလ်ချုပ်သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရက မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေမှု၊ အင်မတန် ဆိုးရွား ကြီးလေးတဲ့ လူ့အခွင့် အရေး ချိုးဖောက်မှု မှတ်တမ်းတွေကြောင့် အနောက်နိုင်ငံတွေက စီးပွားရေးအရ၊ သံတမာန်ရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု တွေ လုပ်ထားကြပါတယ်။ တကယ်တော့ နိုင်ငံရေး ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးရေးနည်းနဲ့ ဖြေရှင်းနိုင်ရင်၊ ဒါမှ မဟုတ် လူ့အခွင့်အရေး မှတ်တမ်းတွေ ကောင်းလာရင် အခုလို ပိတ်ဆို့ဒဏ်ခတ်မှုတွေက ပြေလျော့သွားမှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ စစ်အစိုးရက ဒီလို ဖြေရှင်းဖို့ မကြိုးစားဘဲ အနောက်နိုင်ငံ အစိုးရတွေကို မြူဆွယ်သိမ်းသွင်း စည်းရုံး ပေးဖို့ ကုမ္ပဏီတွေကို ငွေကုန်ကြေးကျ ငှားရမ်းခဲ့ပါတယ်။ တဖက်က ကုမ္ပဏီတွေကလည်း ငွေမျက်နှာနဲ့ စစ်အစိုးရ အတွက် အကျိုးဆောင်ပေးခဲ့ကြတာကို စာရေးသူ ဘင်ရော်ဂျာက ထည့်သွင်း ဖော်ပြခဲ့ပါတယ်။
တကယ်က အခုလို Lobbyist လို့ ခေါ်တဲ့ အနောက်နိုင်ငံက အစိုးရ အရာရှိ၊ အာဏာပိုင်တွေကို စည်းရုံး သိမ်းသွင်းဖို့ ကုမ္ပဏီတွေ ငှားရမ်း အသုံးပြုတာက နိုင်ငံတကာမှာ စစ်အစိုးရအတွက် မျက်နှာပန်းလှလာစေဖို့ ဖြစ်ပါ တယ်။ ၁၉၉၀ ခုနှစ်များလောက်က စလို့ အဲသလို ကုမ္ပဏီတွေကို ငှားရမ်း အသုံးချခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်နိုင်ငံမြို့တော် ဝါရှင်တန် ဒီစီမှာ သံအမတ်ကြီးအဖြစ် တာဝန်ယူနေရသူက အခု စက်မှုဝန်ကြီး ဦးသောင်းပါ။ သူက ဗိုလ်ချုပ်သန်းရွှေနဲ့ တမြို့တည်းသား ကျောက်ဆည်ဖွား တဦး ဖြစ်သလို၊ ဗိုလ်ချုပ်သန်းရွှေ အတွက် လူယုံ သက်တော်ရှည် အမတ်အဖြစ်လည်း လူသိများပါတယ်။ သူက အခုကာလမှာ အနုမြူ လျှို့ဝှက် စီမံကိန်းလိုဟာမျိုး ဦးဆောင်နေရသူ ဖြစ်သလို၊ ၂၀၀၃ ခုနှစ်၊ ဒီပဲယင်း တိုက်ခိုက်မှု၊ ၂၀၀၇ ခုနှစ်၊ သံဃာတွေကို သွေးထွက်သံယို ချေမှုန်းမှုတွေမှာလည်း ဦးဆောင်ခဲ့သူလို့ ကျော်စောသူ ဖြစ်ပါတယ်။
သူက အမေရိကန် သံအမတ်ကြီးအဖြစ် ရှိနေစဉ်မှာ ကိုလိုဘာ့ဂ်နဲ့ လုပ်ဖော်ကိုင်ဖက်များ ကုမ္ပဏီ (Kloberg & Associates) ကို ငှားရမ်းခဲ့ပါတယ်။ သူတို့က မြန်မာသံရုံးကို ကိုယ်စားပြုလို့ အမေရိကန်က လွှတ်တော်အမတ်တွေ၊ ထင်ရှားတဲ့ အစိုးရ အရာရှိတွေ၊ သမ္မတ အုပ်ချုပ်ရေးက အရာရှိတွေကို ဆက်သွယ် စည်းရုံးပေးခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က မြန်မာသံရုံးနဲ့ မြန်မာ စစ်အစိုးရ အပေါ် အဆိုးမြင် ဖြစ်နေတာတွေကို တုန့်ပြန် ဖြေရှင်းနိုင်ဖို့လို့ ဆိုပါတယ်။ သံအမတ်ကြီး ဦးသောင်းနဲ့ လွှတ်တော်အမတ်ပေါင်း ၂၃ ဦး တွေ့ဆုံနိုင်အောင် စည်းရုံး စီစဉ်ပေးနိုင်ခဲ့ပါ တယ်။ ဒီလိုကိစ္စတွေ လုပ်ဆောင်ဖို့ တလကို ဒေါ်လာ ၁၀,၀၀၀ အပြင် အခြား ကုန်ကျစရိတ်တွေ ပေးခဲ့ရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မြန်မာစစ် အစိုးရဘက်က သဘောတူညီချက် ချိုးဖောက်တာကြောင့် ပျက်သွားခဲ့ရပါတယ်။ သံအမတ် ဦးသောင်းကတော့ ဒီကိစ္စတွေ မလုပ်ခဲ့ဘူးလို့ ဗြောင်လိမ်ပါတယ်။ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား တွေက မျိုးချစ်စိတ်နဲ့ စည်းရုံးလုပ်ဆောင်ခဲ့တာ၊ သူတို့နဲ့ လုံးဝ မပတ်သက်ဖူးလို့ ဗြောင်လိမ်ပါတယ်။ ဒါပေမဲ့ Progrssive မဂ္ဂဇင်းမှာ ကလိုဘာ့ဂ်နဲ့ အင်တာဗျူး ဖော်ပြထားချက်အရ ဦးသောင်း လိမ်လည်တဲ့အချက်၊ သူ့ကိုတောင် လိမ်ပြီး ငွေပေးချေဖို့ ကျန်နေတဲ့အချက်တွေကို ထုတ်ဖော်ပြောခဲ့ပါတယ်။
သိပ်မကြာခင်မှာ ဦးသောင်းက ကလိုဘာ့ဂ်ထက် ပိုထိရောက်တဲ့ Lester L. Wolff (လက်စတာ အယ်လ် ဝုဖ်)
လို့ ခေါ်တဲ့ အရင် လွှတ်တော်အမတ်ဟောင်းကို ထပ်ငှားခဲ့ပြန်ပါတယ်။ သူ့ကိုလည်း ဒေါ်လာတသောင်းနဲ့ အခြား ကုန်ကျစရိတ်တွေ လစဉ်ပေးခဲ့ရပါတယ်။ အဲဒီ အမတ်ဟောင်းက အရင် မူးယစ်ဆေး နှိမ်နင်းရေး ကော်မီတီကဥက္ကဋ္ဌဟောင်း ဖြစ်သလို၊ အာရှ-ပစိဖိတ်ရေးရာ နိုင်ငံခြားရေး ကော်မီတီမှာလည်း ပါခဲ့ဖူးပါတယ်။ မြန်မာ အစိုးရစရိတ်နဲ့ မြန်မာနိုင်ငံကို ခေါ်ပြီး လည်ပတ်စေခဲ့ပါသေးတယ်။ သူတို့ကတော့ အချက်အလက် လေ့လာရှာဖွေရေး ခရီးစဉ်လို့ အကြောင်းပြခဲ့ပါတယ်။ နောက်ပိုင်းမှာ အမတ်ဟောင်း ဝုဖ်က ဘာဖြစ်လို့ ဆက်မလုပ်တော့သလဲ ဆိုတာတော့ စုံစမ်း မရပါဘူး။ တခါ ၁၉၉၇ ခုနှစ်မှာ ရုပ်မြင်သံကြား သတင်းထောက်ဟောင်း Jakson Bain (ဂျက်ဆင် ဘိန်းနဲ့ သူ့ဇနီး) တို့ ဦးဆောင်တဲ့ Bain & Associates ကုမ္ပဏီကိုလည်း အဲသလို စစ်အစိုးရ ကိုယ်စား စည်းရုံးပေးဖို့ ငှားရမ်း အသုံးချ ခဲ့ပါသေးတယ်။ ဒီတခါတော့ ငှားတဲ့သူက စစ်အစိုးရ မဟုတ်ဘဲ စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီက ဝါရှင်တန်သံရုံး၊ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေကို အမြဲတမ်းလိုလို အစီရင်ခံစာတွေ ပို့နေရပါ တယ်။ အဲဒီအချိန်မှာ သံအမတ်ကြီး ဖြစ်နေသူက နောက်တော့ နိုင်ငံခြားရေးဝန်ကြီးဖြစ်၊ တခါ ထောက်လှမ်းရေး တဖွဲ့လုံးကို ဖျက်သိမ်း ဖမ်းဆီးတဲ့အခါ ထောင်ကျ တန်းကျနဲ့ ထောင်ထဲ သေဆုံးခဲ့ရတဲ့ ဦးဝင်းအောင် ဖြစ်ပါတယ်။ အဲဒီ ဘိန်းနဲ့ လုပ်ဖော်ကိုင်ဖက်များ ကုမ္ပဏီကို ဒေါ်လာ ၂၀,၀၀၀ ကျော် လစဉ် ပေးခဲ့ကြရတာပါ။ သူတို့က မြန်မာနိုင်ငံမှာ ရေနံတူးနေတဲ့ ယူနိုကယ် ကုမ္ပဏီ၊ အာရှ-ပစိဖိတ် စီးပွားရေး ကောင်စီတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြပါတယ်။
တခါ ၁၉၉၇ ခုနှစ်မှာပဲ Myanmar Resources Development Ltd. (မြန်မာ အရင်းအမြစ်များ ဖွံ့ဖြိုးစေရေး လီမီတက်) ဆိုတဲ့ စစ်အစိုးရနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ကုမ္ပဏီတခုက ဂျက်ဖာဆင် ဝါတာမင်း အင်တာ နေရှင်နယ် (Jefferson Waterman International) ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ Ann Wrobleski (အဲန်း ရိုဘက်စ်စကီ) ကို အဲသလိုပဲ ကုန်သွယ်ရေးနဲ့ နိုင်ငံခြား ဆက်ဆံရေး ကိစ္စတွေကို ကူညီဖို့ ငှားရမ်းခဲ့ပြန်ပါတယ်။ ဒီတခါက ငှားရမ်းခက ဒေါ်လာ ၄ သိန်းလောက်တောင် ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါတင်မက ခရီးစရိတ်တွေပါ ပေးခဲ့ရပါတယ်။ သူတို့က စစ်အစိုးရက မူးယစ်ဆေးဝါး ထိထိရောက်ရောက် နှိမ်နင်းနေကြောင်း ကောင်းသတင်းတွေ ဖော်ထုတ်ပေးရင်း စစ်အစိုးရ အလို ဆောင်ပေးခဲ့ကြပါတယ်။ ၂၀၀၂ ခုနှစ်ရောက်တော့ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးက ဝါရှင်တန် အခြေစိုက် DCI Group အုပ်စု ကုမ္ပဏီကို အဲသလို စည်းရုံးပေးဖို့ ငှားရမ်းပြန်ပါတယ်။ ဒေါ်လာ ၃၄၀,၀၀၀ ပေးခဲ့ရ တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က အမေရိကန် သမ္မတ ဂျော့ ဒဗလျူ ဘုရှ်နဲ့ သူ့ဇနီး သမ္မတကတော်က မြန်မာပြည် ဒီမိုကရေစီအရေးကို ခိုင်ခိုင်မာမာ အားပေးနေတဲ့ကြားထဲကတောင် အဲဒီ စည်းရုံးရေး လော်ဘီ ကုမ္ပဏီအုပ်စုက မြန်မာပြည် စစ်အစိုးရနဲ့ ဆိုရင် မူးယစ်ဆေး တိုက်ဖျက်ရေး၊ ဒုတိယ ကမ္ဘာစစ်အတွင်းက မြန်မာ စစ်မြေပြင်မှာ ကျကျန် ခဲ့တဲ့ အမေရိကန် စစ်သားတွေရဲ့ ရုပ်ကြွင်းတွေ ကောက်ယူရေး ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ရှာကြံ တိုက်တွန်းပေးခဲ့သလို၊ အိမ်ဖြူတော် အရာရှိတွေကိုလည်း တွေ့ဆုံ စည်းရုံးခဲ့ပါသေးတယ်။
ဒီအချက်တွေကို ကြည့်မယ်ဆိုရင် စစ်အစိုးရခေါင်းဆောင်ကြီး ဗိုလ်ချုပ်သန်းရွှေက ခပ်အအ၊ ခပ်ထုံထုံ နိုင်ငံ တကာ အခြေအနေကို မသိသူတော့ မဟုတ်ပါဘူး။ တကယ်တော့ မြန်မာပြည်အပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့ ပြဿနာရဲ့ အရင်းအမြစ်က လူ့အခွင့်အရေး အခြေအနေ ကောင်းလာရင်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တွေ့ဆုံ ညှိနှိုင်းကြရင် ပြေလည်သွားမှာပါ။
ဒီလို အခြေခံ ပြဿနာကို မရှင်းဘဲ ငွေကုန်ကြေးကျခံလို့ စစ်အစိုးရ ဆက်လက်ရပ်တည်နိုင်ဖို့၊ သူ့ရဲ့ စည်းရုံးရေး နယ်ပယ်ကို ချဲ့ထွင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ငွေလမ်းခင်းပြီး သူ့ရဲ့ အာဏာစက် ခိုင်မြဲဖို့ နည်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ပါတယ်။ ပြည်တွင်းမှာ ကျန်းမာရေး ပညာရေး အသုံးစရိတ် ချို့ချို့တဲ့တဲ့ သုံးနေရတဲ့အချိန် အခုလို လုပ်ဆောင် နေခဲ့တာပါ။
(၁၃) ဗိုလ်ချုပ်သန်းရွှေရဲ့ ဘုရင်ဖြစ်ချင်တဲ့ စိတ်ကူး နေပြည်တော်ကြီးနဲ့ နာဂစ်မုန်တိုင်း ကပ်ဘေးကာလ၊ သံဃာတွေ မေတ္တာပို့ ဆုတောင်းတဲ့ ဆန္ဒပြပွဲကာလ ကိုင်တွယ်ပြုမူခဲ့ပုံ
ဗိုလ်ချုပ်သန်းရွှေက နေပြည်တော် မြို့တော်သစ် တည်ဆောက်ပြီး ပြောင်းရွှေ့ခဲ့တဲ့ အကြောင်းကိုလည်း စာအုပ်ထဲမှာ တခန်းတကဏ္ဍအနေနဲ့ သီးသန့်ထည့်သွင်း ဖော်ပြထားပါသေးတယ်။ နေပြည်တော် မြို့တော်သစ်ကို ပြောင်းကြစဉ် ၂၀၀၅ ခုနှစ်က ပြောင်းရွှေ့ခဲ့ကြတဲ့ ပုံကလည်း ထူးခြားပါတယ်။ နို၀င်ဘာလ ၆ ရက်၊ နံနက် ၆ နာရီ ၃၇ မိနစ်မှာဝန်ထမ်းတွေပါတဲ့ ကားတန်းကြီး စထွက်ပါတယ်။ ထွက်ကြတဲ့ ကားတွေပေါ်က "ထွက်ပြီ၊ ထွက်ပြီ" လို့ အော်ကြရသလို ကျန်ခဲ့တဲ့ ဝန်ထမ်းတွေကလည်း "ထွက်၊ ထွက်" လို့ အော်ကြရတယ်လို့ ဆိုပါတယ်။ တခါ မြို့တော်သစ်ကို နောက်ထပ် ဝန်ထမ်းတသုတ် ကားတန်းတွေ ထွက်ကြရတဲ့အချိန်ကလည်း နောက်ထပ် ၅ ရက်အကြာ နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၁၁း၀၀ နာရီတိတိမှာ ဖြစ်ပါတယ်။ စစ်တပ် တပ်ရင်း ၁၁ ခုနဲ့ ဝန်ကြီးဌာန ၁၁ ခုက ဝန်ထမ်းတွေကို စစ်တပ် ထရပ်ကား ၁,၁၀၀ က သယ်ဆောင်ပြီး ထွက်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။ ဒါကို ဖတ်ရတော့ အခု မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ လည်း (၁၁)လမြောက် နိုဝင်ဘာလမှာ ဖြစ်နေလေတော့ တကယ့်ကို ထူးထူးခြားခြား တိုက်ဆိုင်မှု ပါလားလို့ စဉ်းစားမိနေပါသေးတယ်။ တကယ်က ဗေဒင်ကိန်းခန်းတွေနဲ့ တွက်ချက်ကြပြီး ပြောင်းရွှေ့ကြတာ၊ ရွေးကောက်ပွဲရက်ကို ရွေးချယ်ကြတာလည်း ဖြစ်နိုင်ပါတယ်။
နေပြည်တော်ကို မြို့တော်သစ် ပြောင်းရွှေ့ရခြင်းရဲ့နိုင်ငံရေး၊ လုံခြုံရေး၊ သမိုင်းရေး ဆိုင်ရာ အကြောင်းအချက် တွေကိုလည်း ဘင်ရော်ဂျာက အချို့ စာတမ်း၊ စာအုပ်တွေကို ကိုးကားလို့ ဖော်ပြခဲ့ပါသေးတယ်။ နေပြည်တော် မြို့တော်သစ်ကို ပြောင်းရတာဟာ ရန်ကုန်မှာ လူထု ဆူပူအုံကြွမှုတွေ ကြုံရမှာကို စိုးရိမ်လို့ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိကြောင်းကိုလည်း စာရေးသူက သူ့စာအုပ်ထဲမှာ ဖော်ပြခဲ့ပါသေးတယ်။ တကယ်တော့ နေပြည်တော် ဆိုတာ ကြံဖန်ပြီး လူတည်ဆောက်ထားတဲ့မြို့၊ ဘာမှမရှိတဲ့ နေရာမှာ အခုမှ အသစ်လုပ်ကြံ တည်ဆောက်ထားတဲ့မြို့ ဆိုတော့ အတော် လည်း ပျင်းစရာကောင်းတဲ့ တိတ်ဆိတ်ငြိမ်သက်နေတဲ့မြို့ ဖြစ်တယ် ဆိုတာ အချို့ သံတမာန်တွေကို ကိုးကား လို့ ဖော်ပြပါတယ်။ နေပြည်တော် ဆိုတာ အမေရိကန်က မြို့တွေနဲ့ နှိုင်းယှဉ်မယ် ဆိုရင် ပင်စင်စားတွေ နေတတ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် ဖလော်ရီဒါပြည်နယ်က မြို့လိုမျိုး၊ အမေရိကန် အနောက်အလယ်ပိုင်းက တောမြို့ကလေးလို မျိုးလို့ ဖော်ပြပါတယ်။ နေပြည်တော်သွားတဲ့ ၆ လမ်း၊ ၈ လမ်းသွား ကားလမ်းမကြီးတွေတော့ ဖောက်ထားပါတယ်။ သတင်းထောက် တဦးကတော့ လမ်းတလျှောက်လုံး ကား ၂ စီး၊ ၃ စီးသာ တွေ့ရတယ်လို့လည်း ဖော်ပြပါတယ်။ နေပြည်တော်ကိုသာ အမြန်ရွှေ့ခဲ့ကြတယ်။ စနစ်တကျ ပြောင်းရွှေ့ပုံမျိုး မဟုတ်ဘူး ဆိုတာလည်း သူက ဗြိတိန် သံအမတ်ကြီး မာ့က်ကန်းနင်းကို ကိုးကား ဖော်ပြပါသေးတယ်။ ဘတ်စ်ကားဂိတ်တွေမှာ ကားတွေ ရှိမနေဘူး၊ တယ်လီဖုန်းရုံတွေတော့ ရှိပါတယ်။ ဖုန်းက ရှိမနေဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနကို သွားပါတယ်။ ကားကို လမ်းမကြီး က ခွဲပြီး လမ်းကျဉ်းကလေးထဲ မောင်းဝင်သွားရပြန်တယ်။ အထဲရောက်တော့ ကားရပ်နားဖို့ နေရာက မရှိပြန်ဘူး။ တခါ ပြောင်းရွှေ့စမှာ ဖုန်း၊ ဖက်စ် ဆက်သွယ်ရေး ကိစ္စတွေကလည်း ခက်ခဲလှပြန်တော့ မြန်မာစစ်အစိုးရက ထားချင်တဲ့ နိုင်ငံခြား ဆက်ဆံရေး စနစ် ဆိုတာလည်း အဲသလိုမျိုး လမ်းမကြီးပေါ်မှာ မဟုတ်တဲ့၊ နိုင်ငံခြားဧည့်သည်တွေ ကား ရပ်နားဖို့ နေရာမရှိတဲ့ စနစ်မျိုးပဲ ဖြစ်မယ်လို့ ဆိုခဲ့ပါသေးတယ်။ နေပြည်တော်က ကြေးရုပ်ထုကြီးတွေ တည်ထားတာ၊ ဥပ္ပါယ်သန္တတိ စေတီတော် စသဖြင့်ကို ညွှန်းပြီး ဗိုလ်ချုပ်သန်းရွှေရဲ့ ဘုရင်ဖြစ်ချင်တဲ့ စိတ်ကူးကိုလည်း ဖော်ပြပါသေး တယ်။ ဒါပေမဲ့လည်း ဝမ်းနည်းစရာ ကောင်းတာက အခုလို မြို့တော်သစ် ပြောင်းရွှေ့ရတဲ့ အကြံဉာဏ် စိတ်ကူးတွေကို ဘယ်သူတဦးကမှ မေးခွန်းထုတ်တာ မရှိခဲ့ဘူးလို့လည်း ဘင်ရော်ဂျာက ဖော်ပြပါတယ်။
နောက်တခန်းမှာတော့ နာဂစ်မုန်တိုင်းကာလနဲ့ ၂၀၀၇ ခုနှစ်၊ သံဃာတော်တွေ မေတ္တာပို့ ဆုတောင်းကြတဲ့ ကာလတွေမှာ ဗိုလ်ချုပ်သန်းရွှေ တုံ့ပြန်ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေက တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို တကယ်မသိဘူးလားလို့ စာရေးသူက မေးခွန်းထုတ်ပါတယ်။ သူခရီးသွားလေရာ တိုင်းခန်းလှည့်လေရာ တလျှောက်မှာ ကိစ္စအားလုံးက အဆင်ချောအောင် အပြင် အပြတွေ လုပ်ထားကြပါတယ်။ မကောင်းတာ မမြင်ရလေအောင်၊ မလှတာ မရှိရလေအောင် လုပ်ထားကြပါတယ်။ သတင်းတွေကလည်း အဆင့်ဆင့် စိစစ်ပြီးမှသာ သူ့ဆီကို ရောက်လာပါတယ်။ မလေးရှားက ခေါင်းဆောင်ကြီး မဟာသီယာလည်း အလားတူ ကိစ္စမျိုးတွေ ကြုံရပေမယ့် သူ့မလေးရှားနိုင်ငံက ပိုပွင့်လင်းပါတယ်။ နိုင်ငံတကာကို ပိုထိတွေ့မှုတွေ ရှိသလို၊ လိုရင်လိုသလို နေရာ အတော်များများမှာ သူက ရုတ်တရက် ဝင်ရောက် ကြည့်ရှုတတ်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေကတော့ အဲသလို မဟုတ်ပါဘူး။ သူ့ကို ပြရာကိုပဲကြည့်ပြီး အဲသလို ကမ္ဘာမှာပဲ နေထိုင်တာပါ။ ဒါပေမဲ့ ဗိုလ်ချုပ်သန်းရွှေကို ရုတ်တရက် လှုပ်နှိုးလိုက်တာကတော့ ၂၀၀၇ သံဃာ့ ဆန္ဒပြပွဲတွေပဲ ဖြစ်ပါတယ်။၂၀၀၇ ခုနှစ်မှာ လောင်စာဆီဈေးတွေ ရုတ်တရက် မြှင့်တင်လိုက်ပြီးတဲ့ နောက်ပိုင်း ၈၈ မျိုးဆက် ကျောင်းသား ၂ တွေရဲ့ လမ်းလျှောက်ဆန္ဒပြပွဲတွေ ဖြစ်လာပါတယ်။ ဒီလို လူစုလူဝေးတွေကို စွမ်းအားရှင်လို၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးလို စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ လူတွေနဲ့ ကိုင်တွယ်နိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ပခုက္ကူမှာ မေတ္တာပို့ လမ်းလျှောက်ကြတဲ့ သံဃာတွေကို ဓာတ်တိုင်မှာ ကြိုးတုတ်ရိုက်နှက်တာတွေ ဖြစ်လာပြီးတဲ့နောက် သံဃာ့လှုပ်ရှားမှုက တနိုင်ငံလုံးကို ပျံ့နှံ့သွားသလို၊ သံဃာတွေက ကံဆောင် သပိတ်မှောက်မှုတွေလည်း ဖြစ်ပေါ်လာပါတယ်။ ဆန္ဒပြပွဲတွေ ကြီးလာတဲ့အခါမှာတော့ နောက်ဆုံး စစ်တပ်နဲ့ အကြမ်းဖက် ကိုင်တွယ်ရတာတွေ ဖြစ်လာခဲ့ပါတယ်။ ဒါဟာ ၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှုကြီး အပြီးနောက်မှာ အကြီးဆုံး လူထုလှုပ်ရှားမှုကြီးလို့ ဆိုနိုင်ပါတယ်။ ဗိုလ်ချုပ်သန်းရွှေရဲ့ ဇနီး အပါ အဝင် ကျန်မိသားစုတွေက ဒူဘိုင်းကို တိမ်းရှောင် ထွက်ပြေးနေကြရတယ်လို့ ကောလာဟလတွေတောင် ထွက်ပေါ် ခဲ့ပါတယ်။ လက်နက်ဆိုလို့ အပ်တချောင်းတောင် မကိုင်ထားတဲ့၊ မေတ္တာပို့နေကြတဲ့ သံဃာတွေကို နှိမ်နင်းတဲ့နေရာမှာ ဗိုလ်ချုပ်သန်းရွှေရဲ့ ရက်စက်ကြမ်းကြုတ်မှုက ထင်ရှားလှပါတယ်။ ဘုန်းတော်ကြီးကျောင်းတွေကို ၀င်ရောက်စီးနင်းတာ တွေ ရှိခဲ့သလို၊ လူ ၆,၀၀၀ ကျော်နဲ့ သံဃာ ၁,၄၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဂျပန် သတင်းထောက်တဦးလည်း ပစ်သတ်ခံခဲ့ရသလို၊ အသက်ဆုံးရှုံးရ သူလည်း အတော်များများ ရှိခဲ့ပါတယ်။ နိုင်ငံတကာက ဝေဖန်မှုတွေ ပေါ်ထွက် ဆူညံလာပြီးတဲ့ နောက်မှာတော့ ဗိုလ်ချုပ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ဆိုပြီး အလုပ်သမားဝန်ကြီး ဗိုလ်မှူးချုပ် အောင်ကြည်ကို ခန့်အပ် တာဝန်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒါတွေအားလုံးဟာ နိုင်ငံတကာကို လှည့်ဖျားရုံကိစ္စတွေ ဆိုတာ အတော်ပေါ်လွင်နေခဲ့ပါပြီ။
၂၀၀၈ ခုနှစ်၊ မေလ နာဂစ်မုန်တိုင်း အပျက်အစီးကြီးနဲ့ ကြုံရစဉ်မှာလည်း သူ့ရဲ့ အကြင်နာတရား ခေါင်းပါးပုံကို လူတွေက ပိုလို့ မြင်တွေ့ခဲ့ရပြန်ပါတယ်။ နာဂစ်မုန်တိုင်းက မြန်မာ့သမိုင်းမှာ မကြုံစဖူး အပြင်းထန်ဆုံး ကပ်ဘေးလို့ ဆိုနိုင်ပါတယ်။ လူ သိန်းပေါင်းများစွာ သေဆုံး ပျောက်ဆုံးခဲ့ရပါတယ်။ ဒီလို အခြေအနေမှာတောင် အစိုးရ ကူညီမှုတွေ နှောင့်နှေးနေတဲ့အပြင် ကူညီလိုတဲ့ နိုင်ငံတကာ အကူအညီတွေကိုလည်း ပိတ်ဆို့ထားခဲ့ပါတယ်။
(၁၄) ဘယ်သူတွေက သူ့ရန်သူတွေလဲ၊ သူ့အရိုက်အရာကို ဘယ်သူတွေ ဆက်ခံကြမှာလဲ၊ ဗိုလ်ချုပ် သန်းရွှေကို ပေါင်းပြီး စီးပွားဖြစ်နေကြသူတွေက ဘယ်သူတွေလဲ
ဗိုလ်ချုပ်သန်းရွှေနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုး ရှိကြပါတယ်။ ထိုင်းနိုင်ငံက အထက်လွှတ်တော်အမတ် ခရိုင်ဆက် ချူဟာဝန်ကတော့ "သူက အရူးပဲ။ ဒါပေမဲ့လည်း ဘာကြောင့်မိုလို့ ဒီလောက်အထိ အာဏာကြီးနေရတာလဲ" လို့ မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူနဲ့တွေ့ဖူးတော့ အနောက်တိုင်း သံတမာန်တဦးကတော့ ဒီမှတ်ချက်ကို သိပ်သဘောမတူပါဘူး။ "သူက အရူးတော့ မဟုတ်ဘူး။ သူက သူရသမျှ သတင်းအချက်အလက်တွေ အပေါ်မှာတော့ ကျိုးကြောင်းဆီလျော် စဉ်းစားတဲ့လူ၊ သူ့ကြီးပြင်းလာတဲ့ ယဉ်ကျေးမှုဘောင်ထဲက စဉ်းစားတဲ့သူ" လို့တော့ မှတ်ချက် ပေးခဲ့ပါတယ်။
ဒါပေမဲ့ သေချာတာက ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ အာဏာသိပ်ထက်လွန်းနေတာပါပဲ။ ဒါနဲ့ပတ်သက်ပြီး သူက ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ အာဏာကို ထိန်းချုပ်ထားနိုင်တယ် ဆိုတာ လူအများက စိတ်ဝင်စားကြပါတယ်။ အနောက်တိုင်း သံတဦး သုံးသပ်တာကတော့ "သူက စစ်တပ်ရဲ့ အလွှာအားလုံးကို ထိန်းချုပ်ထားတယ်။ အထူးသဖြင့် ရာထူးခန့်ထားတဲ့ ကိစ္စကို ကိုင်ပြီး ထိန်းချုပ်ထားတယ်။ ဒါကတော့ ပုံစံအတိုင်းပါပဲ။ ခင်ဗျားကြိုက်တဲ့ ဗိုလ်ချုပ်အုပ်စု တွေကို ခန့်ထားနိုင်မယ်။ စစ်တပ်ကြီး တခုလုံးက စည်းလုံးနေနေ၊ ပြိုကွဲနေနေ အဲဒီဗိုလ်ချုပ်တွေကတော့ တစည်း တလုံးတည်း ရှိနေမှာ သေချာတယ်" လို့ ဆိုခဲ့ပါတယ်။ ဗိုလ်ချုပ်သန်းရွှေ သူတာဝန်ရှိစဉ်ကာလမှာ စစ်တပ်ရာထူး အပြောင်းအလဲတွေ၊ အုပ်စုလိုက် ထုတ်ပစ်ပြောင်းလဲတာမျိုးတွေ အကြိမ်အတော်များများ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲ နီးလာတဲ့အချိန် မကြာသေးမီလပိုင်းကမှ လုပ်ခဲ့တဲ့ စစ်တပ်ရာထူး အပြောင်းအလဲတွေ အပါအဝင် ဖြစ်ပါတယ်။ ၂၀၀၁၊ ၂၀၀၃ မှာလည်း စစ်တပ်အတွင်းမှာ အစုအပုံအလိုက် ရာထူး အပြောင်းအလဲတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၀၁ ခုနှစ်မှာ အရင် အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေက အာဏာသိမ်းဖို့ ကြံစည်တယ် ဆိုပြီး၊ ဦးနေဝင်းရဲ့သမီး စန္ဒာဝင်းကို အိမ်အကျယ်ချုပ်ချ၊ သူ့ခင်ပွန်း၊ သားတွေကို ထောင်ချခဲ့ပါတယ်။ အရင် သူတို့စစ်တပ်ရဲ့ လက်ဦးဆရာလို့ ဆိုနိုင်တဲ့ဦးနေဝင်းတောင် အိမ်အကျယ်ချုပ် ချထားတဲ့ အထဲမှာ အကျုံးဝင်ခဲ့ပါသေးတယ်။ တကယ်တော့ ဒီဆုံးဖြတ်ချက်ဟာ ခပ်ပေါ့သေးသေး ဆုံးဖြတ်ချက်မျိုးတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အာဏာရည်ရွယ်ချက် ဘယ်လောက်ရှိနေတယ် ဆိုတာကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒါအပြင် ဦးနေဝင်းအုပ်စုနဲ့ နီးစပ်တယ် ယူဆတဲ့ စစ်တပ် တပ်မှူးတွေကိုလည်း ထုတ်ပယ်ပစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလမှာ ဦးနေဝင်း ကွယ်လွန်ခဲ့ပါတယ်။ စစ်တပ်ရဲ့ဖခင် အဲဒီ အာဏာရှင်ဟောင်းကြီးရဲ့ ဈာပနကိုတောင် သပိတ်မှောက်ပြီး မပို့ဆောင်ဘဲထားဖို့၊ ညွှန်ကြားခဲ့ပါသေးတယ်။
စစ်တပ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့်ဟာလည်း အပြင်မှာသာ ခြင်္သေ့ဖြစ်နေမယ်။ ဗိုလ်ချုပ် သန်းရွှေရှေ့ကို ရောက်တဲ့အခါ လုံးဝပြားဝပ် ကျိုးနွံနေတာ တွေ့ဖူးတယ်လို့ အရင်က ကုလသမဂ္ဂ မြန်မာပြည် အထူးသံ အဖြစ် ဆောင်ရွက်ခဲ့တဲ့ ရာဇာလီအစ္စမိုင်လ်က ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအချိန်က ဝန်ကြီးချုပ် တာဝန် ယူထားသူ ဗိုလ်ချုပ်ကြီး ခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တဖွဲ့လုံးကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါသာမက ထောက်လှမ်းရေးတပ်ထဲက တာဝန်ရှိသူ တပ်မှူး အတော်များများကိုပါ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အစိုးရတာဝန် နေရာ အတော်များများမှာ ထိုးဖောက်ယူထားပါတယ်။ "စစ်တပ်က နိုင်ငံတော် အတွင်းမှာ နောက်ထပ်နိုင်ငံတော် အသေးတခု" ထပ်ဖြစ်နေရတယ်လို့ မြန်မာ့နိုင်ငံနဲ့ ပတ်သက်လို့ စာအုပ်အတော် များများ ရေးခဲ့တဲ့ ဘာတေးလ်လင့်တနာက သုံးသပ်ခဲ့ပါတယ်။ အဲဒီစစ်တပ်ကိုလည်း သူ့ကို သစ္စာခံမယ့် ဗိုလ်ချုပ်တွေနဲ့ ချုပ်ကိုင်လို့ ဗိုလ်ချုပ်သန်းရွှေက ထိန်းချုပ်ထားလိုက်ပြန်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေကို အနီးကပ် ဆက်ဆံနိုင်တဲ့သူလည်း အနည်းငယ်ပဲ ရှိပါတယ်။ အခုအခါမှာဆိုရင် နေ့တဓူဝ တာဝန်တွေကို ဗိုလ်ချုပ်သန်းရွှေက ဆုံးဖြတ်နေတာ မဟုတ်တော့ဘူး။ ရုံးကို ပေါ်မလာတဲ့ ရက်တွေ အတော်များများ တောင် ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သေချာတာက အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ဆိုရင်တော့ ဗိုလ်ချုပ်သန်းရွှေ ဆီကမှ ဆင်းသက်လာရတာပါ။ ဗိုလ်မှူးကြီး စိုးရှင်၊ စစ်ဘက်လက်ထောက် ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်ကျော်ဝင်း၊ သူ့သစ္စာတော်ခံ ဗိုလ်ချုပ်မြင့်ဆွေ၊ ဦးအောင်သောင်း စသဖြင့် အနည်းအကျဉ်းနဲ့သာ အတွေ့ခံ တိုင်ပင်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ဆုံးဖြတ်ချက်ချပုံနဲ့ ပတ်သက်လို့လည်း လူပြောများလှပါတယ်။ စစ်တပ်အတွင်းက အတူတွဲ လုပ်ကိုင်ဖူးသူတွေအဖို့ ပြောကြတာက ဗိုလ်ချုပ်သန်းရွှေက ဒီလောက်ကြီး ဆိုးသွမ်းကြမ်းကြုတ်နေသူတော့ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် အရောင်အသွေး မရှိတဲ့သူ၊ လူထဲ ထင်ထင်ပေါ်ပေါ် ခေါင်းဆောင် မဟုတ်တဲ့သူပါ။ သူ့ရဲ့ ခေါင်းဆောင်မှုမှာ ထူးခြားချက် ၂ ခု ရှိတယ်လို့ စာရေးသူ ဘင်ရော်ဂျာက သုံးသပ်ဖော်ပြခဲ့ပါတယ်။ ပထမ အချက်က တော့ သူက ဆုံးဖြတ်ချက် တခုကို အလျင်အမြန်ချဖို့ ဆိုတာ သိပ်ခက်ပါတယ်။ သူက အခြေအနေကို ဒီအတိုင်း လွှတ်ထား၊ တချိန်ချိန် ရင့်မှည့်လာမှ သင့်တော်သလို ကြည့်ဆုံးဖြတ်တာပါ။ သူက ကိုယ့်ကိုကိုယ် ယုံကြည်မှု မရှိဘူး၊ ဆုံးဖြတ်ချက်တွေက အမြဲ နောက်ကျနေတတ်တယ်လို့ ဝေဖန်သူတွေတောင် ရှိခဲ့ပါတယ်။ ဒုတိယ ထူးခြားချက် ကတော့ သူက တခုခုကို တုံ့ပြန်တဲ့အနေနဲ့သာ ဆုံးဖြတ်ချက် ချတတ်တယ်လို့ ဝေဖန် သုံးသပ်မှုတွေလည်း ရှိခဲ့ပါတယ်။ ဒီလိုမျိုး သစ္စာခံ စစ်ဗိုလ်ချုပ်တစု ချယ်လှယ်နေတဲ့ အခြေအနေကိုလည်း မကျေနပ်သူ အတော်များများ ရှိပါတယ်။ ဒါပေမဲ့ သူတို့က စိန်ခေါ်ရဲကြတာ၊ ပြန်လှန် မေးခွန်းထုတ်ရဲကြတာတော့ မဟုတ်ပါဘူး။ အပြင် တရားမဝင် စကားဝိုင်း တွေမှာသာ မကျေနပ်ကြောင်း ပြောကြတာပါ။ ဘာဖြစ်လို့ ကျန်တဲ့ သူတို့တတွေက ဗိုလ်ချုပ် သန်းရွှေနဲ့ လူနည်းစု ဗိုလ်ချုပ်တအုပ်ကို ပြန်မလှန်ရဲကြတာလဲလို့ စာရေးသူက မေးခွန်း ထုတ်ခဲ့ပါသေးတယ်။ မြန်မာတွေရဲ့ အထက်လူကြီး စကား ဆိုရင် မပယ်ရှားတတ်တဲ့ အလေ့အထကြောင့်လား၊ အခြား အကြောင်းအချက်တွေကြောင့်လား၊ ဘာသာရေး ကြောင့်လား ဆိုတာလည်း ဆွေးနွေးထားခဲ့ပါသေးတယ်။ဦးဆောင်ဦးရွက် လှုပ်ရှားလိုသူ မဟုတ်ဘူး။ မကျေနပ်တာတွေ ရှိနေရင်တောင်၊ ဗိုလ်ချုပ်သန်းရွှေ အလွန် ကာလမှာ သူ့အလိုလို နံပါတ် ၁ ဖြစ်လာမယ့် အချိန်ကို စောင့်မယ့်သူလို့ သုံးသပ်ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်သန်းရွှေ နေရာကို ဆက်ခံဖို့ ရွေးချယ်ထားတဲ့ လူတွေ စာရင်းမှာတော့ စာရေးသူ ဘင်ရော်ဂျာက အခု နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ရွှေမန်း၊ အခုတော့ ဦးရွှေမန်း ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။ ဗိုလ်ချုပ် မြင့်ဆွေ၊ ဦးအောင်သောင်းတို့ကလည်း နောက်ထပ်သစ္စာခံ လူယုံတွေပါ။ တဖက်မှာလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့၊ အခုတော့ ကြံ့ဖွံ့ ပါတီကို သူရဲ့ အာဏာ ကျောထောက်နောက်ခံ လူထု အင်အားစု အဖြစ် လုပ်ဆောင်ထားပါသေးတယ်။
(၁၅) စာအုပ် နောက်ဆုံးပိုင်း၊ ဘယ်သူတွေက သူ့ရန်သူတွေလဲ၊ သူ့ အရိုက်အရာကို ဘယ်သူတွေ ဆက်ခံကြမှာလဲ၊ ဗိုလ်ချုပ်သန်းရွှေကို ပေါင်းပြီး စီးပွားဖြစ်နေကြသူတွေက ဘယ်သူတွေလဲ
ဗိုလ်ချုပ်သန်းရွှေရဲ့ နောက်ပိုင်းကာလကို ဆက်ခံနိုင်မယ့်သူတွေအဖြစ် ဗိုလ်ချုပ်ရွှေမန်းကို စာရေးဆရာ ဘင်ရော်ဂျာက ညွှန်းလို့ ဖော်ပြခဲ့ပါတယ်။ အဲဒါအပြင် ဗိုလ်ချုပ်မြင့်ဆွေ၊ ဦးအောင်သောင်း၊ အခု ကြံ့ဖွံ့ပါတီတို့ကိုလည်း သစ္စာခံမယ့် အမာခံ အင်အားစုအဖြစ် ဖော်ပြထားခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့နောက်မှာ စွမ်းအားရှင်လို လူရမ်းကား အဖွဲ့တွေ ကိုလည်း ဖွဲ့စည်းထားပါသေးတယ်။ နာဇီဂျာမဏီက ရှည်ညိုတပ်တွေလိုမျိုး၊ တရုတ်ပြည်က ဥက္ကဋ္ဌမော်ရဲ့ လူငယ်တပ်နီ တွေလိုမျိုးလို့ စာရေးသူက နှိုင်းယှဉ် ဖော်ပြပါတယ်။ ဘာပဲဖြစ်ဖြစ် အခုကာလ ရွေးကောက်ပွဲ နီးလာတဲ့ကာလ အဆင် ပြင်တွေကိုပြန်ကြည့်တော့ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် အတော်လှုပ်ရှား ခရီးများနေတာကို တွေ့ကြရပါလိမ့်မယ်။ ဆင်ဖြူ ၅ ကောင် ရထားတဲ့ကာလ၊ နေပြည်တော်ကြီးလည်း တည်ထားပြီးတဲ့အချိန်၊ ရွှေတိဂုံ ဘုရားကြီးထက် တပေပဲနိမ့်တဲ့ ဘုရားကြီးလည်း တည်ထားပြီးတဲ့အချိန်မှာတော့ ကျနော်က ဗိုလ်ချုပ်သန်းရွှေကိုယ်တိုင် သမ္မတကြီး ဦးသန်းရွှေအဖြစ်နဲ့ ထွက်လာမှာကို မြင်ယောင်မိနေပါသေးတယ်။
သူ့ရဲ့ရန်သူတွေက ဘယ်သူဖြစ်မှာလဲ။ ဒီမိုကရေစီ အင်အားစုတွေလည်း ဖြစ်နိုင်သလို၊ ပြည်ပက ကျူးကျော် လာမယ့် ရန်ကိုလည်း စိုးရိမ်ကြောက်ရွံ့ နေနိုင်ပါတယ်။ ဒါကြောင့်လည်း အခုလို လျှို့ဝှက် စစ်ရေးပြင်ဆင်တာတွေ၊ ငွေကုန်ကြေးကျများလွန်းတဲ့ အဏုမြူ စီမံကိန်းလိုဟာမျိုးတွေ လုပ်နေတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ စစ်တပ်အတွင်းက သဘောထားကွဲလွဲတဲ့ အင်အားစုတွေကိုလည်း လျှော့တွက်ထားလို့ မရပါဘူး။ ယခင် အာဏာရှင်ကြီး ဦးနေဝင်းကို ဖြိုခဲ့တာ၊ စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် အပါအဝင် တအုပ်လုံးကို ဖြိုခဲ့တာတွေလည်း ရှိပါ သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်သန်းရွှေ အကြား ဆက်ဆံရေးကိုတော့ စာရေးသူ ဘင်ရော်ဂျာက တမျိုးသုံးသပ် ဖော်ပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးက သူ့ပုဂ္ဂိုလ်ရေး ခံစားချက်တွေ အပေါ်မှာ နက်နက်ရှိုင်းရှိုင်း သက်ဆိုင်နေပုံရတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေက အကြီး၊ သူက အဖအရာ နေရာမျိုး လေးစားမှု လိုချင်သလို၊ သူပြောသမျှ ဒေါ်စုက နားထောင် လိုက်နာရမယ်၊ မဝေဖန်ရဘူးလို့ လိုချင်ပုံရတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ စစ်အုပ်စု အတွင်းမှာကိုယ်က ဒေါ်စုကို မနာလို တိုရှည် ဖြစ်နေတာတွေလည်း ရှိနိုင်ပါတယ်။ သူ့ရဲ့ ထင်ပေါ်ကျော်ကြားမှု၊ သူတို့ အမှားတွေလုပ်ခဲ့တဲ့ ကိစ္စတွေ၊ သူ့ရဲ့ ပညာ အရည်အချင်း၊ သူ့ရဲ့ ခရီးသွားလာခဲ့တဲ့ အကြောင်းတွေ၊ နိုင်ငံတကာ မိတ်ဆွေကွန်ရက် ကျယ်ပြန့်တဲ့အပေါ်မှာလည်း မနာလိုစိတ်တွေ ကိန်းအောင်း နေနိုင် ပါတယ်။ ဗိုလ်ချုပ်ကတော်တွေက ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပိုလို့ အမုန်းအာဃာတတွေ ထားနေ နိုင်ကြောင်းလည်း စာရေးသူက ဖော်ပြခဲ့ပါသေးတယ်။
ဗိုလ်ချုပ်သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကြား ၂ ခါ တွေ့ဆုံခဲ့ပေမယ့် ဆွေးနွေးမှုက ဘယ်ကိုမှ ခရီး မရောက်ခဲ့ပါဘူး။ သံတမာန်တဦး အဆိုအရ ဗိုလ်ချုပ်သန်းရွှေက ဘာမှ ဟက်ဟက်ပက်ပက် မပြောပါဘူး။ ဒေါ်စုက ရေနွေးထည့်ပေးတာ၊ ရာသီဥတု ကောင်းမွန်ကြောင်း ပြောတာလောက်နဲ့ စကားဝိုင်းက တိတ်ဆိတ်နေခဲ့ဖူးပါတယ်။ ဒေါ်စုနဲ့ စစ်အစိုးရကြား ကြားဝင် စေ့စပ်ပေးခဲ့တဲ့ ကုလသမဂ္ဂ အထူးသံ ရာဇာလီ အစ္စမိုင်းလ် ပြောပြတာကလည်း တခါက စစ်အစိုးရ ထိပ်သီးဗိုလ်ချုပ်တွေနဲ့ အဲန်အယ်လ်ဒီ (NLD) တို့အကြား ထမင်းဝိုင်းတခါ အတူ လက်ဆုံ စားခဲ့ဖူး ပါတယ်။ ဗိုလ်ချုပ်သန်းရွှေက ဘာစကားမှ စမပြောပါဘူး။ ဝါအရ၊ အသက်အရွယ်အရ ဒေါ်စုကလည်း စကားစပြောဖို့ခက်ပါတယ်။ ထမင်းဝိုင်းက ဇွန်း၊ ခရင်းသံတွေနဲ့သာ လွှမ်းနေပါတယ်။ နောက်တော့ ဒေါ်စုနဲ့ စကားစပြောဖြစ်သူက ဗိုလ်ချုပ်မောင်အေး ဖြစ်ပြီးတော့ ပြောဖြစ်တဲ့ အကြောင်းအရာကတော့ သစ်တောတွေ ပြုန်းတီးနေပြီ ဆိုတဲ့ အကြောင်း ပြောကြတာပါ။
နိုင်ငံတကာက ဒေါ်စုနဲ့ တွေ့ဆုံညှိနှိုင်းဖို့၊ အနည်းဆုံး ဒေါ်စု အမြင်တွေကို စစ်တပ် ခေါင်းဆောင်တွေက သဘောမတူဘူး ရှိမယ်။ ဒါပေမဲ့ ဒေါ်စု အထင်ကြီးအောင်လည်း သူတို့က လုပ်ပြကြဖို့၊ ဒေါ်စုကို အသုံးချလို့ နိုင်ငံ တကာ ဆက်ဆံရေး ချဲ့ထွင်ဖို့ တိုက်တွန်းခဲ့ကြတာလည်း ရှိပါတယ်။ ဒါပေမဲ့ အခုအချိန်တိုင် ဖြစ်ဖြစ်မြောက်မြောက် တုံ့ပြန်ခဲ့တာ မရှိပါဘူး။ တခါက ကုလ သံတမန်က ဒီလို တိုက်တွန်း ပြောဆိုနေတဲ့ အချိန်မှာ ဗိုလ်ချုပ်သန်းရွှေက အင်္ဂလိပ်လို "မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရင် ခိုင်မာတဲ့ ခေါင်းဆောင်မျိုးလိုတယ်။ မလေးရှားနိုင်ငံက မဟာသီယာလိုမျိုး၊ သူက ကိစ္စ အတော်များများ ပြီးမြောက်အောင် လုပ်နိုင်တယ်" လို့သာ ပြန်တုံ့ပြန်ခဲ့ပါတယ်။
ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်လို့ စီးပွားဖြစ်နေကြတဲ့ သူတွေကိုတော့ ဘင်ရော်ဂျာက အချို့ကို နာမည်ထိုးလို့ ဖော်ပြခဲ့ပါတယ်။ ဦးတေဇ၊ ထွန်းမြင့်နိုင်၊ အောင်ကိုဝင်း၊ ဆာ့ဂျ်ပန်း၊ မောင်ဝိတ်၊ ဦးဌေးမြင့်၊ ဦးခင်ရွှေ၊ ဇော်ဇော်၊ ဦးအိုက်ထွန်း၊ ဦးချစ်ခိုင် စသဖြင့် ဖော်ပြခဲ့ပါတယ်။ သူတို့က ဗိုလ်ချုပ်သန်းရွှေ လက်ညှိုးညွှန်သမျှ အကျိုးစီးပွား ဖြစ်ထွန်းနေကြတဲ့သူတွေပါ။ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်တွေ သား၊ သမီးတွေကလည်း စီးပွားရေး နယ်ပယ်ထဲမှာ အကျိုးတူ ဆက်စပ်လာကြပါတယ်။ ဥပမာ၊ ဗိုလ်ချုပ်ရွှေမန်းသား အောင်သက်မန်း၊ ဗိုလ်ချုပ်သန်းရွှေ သား/သမီးတွေ စသဖြင့်ပါ။ သူတို့က တိုင်းပြည်ကို ထင်သလို လုယက် ယူငင်နေကြပါတယ်။
ဘဝတသက်တာလုံး စိတ်ဓာတ်စစ်ဆင်ရေး စစ်ပွဲကို နွှဲခဲ့တဲ့သူ၊ အာဏာအကြောင်းကြောင့် တက်ကြွနေသေး တဲ့သူ၊ ကျန်းမာရေး ချိုးယွင်းနေသေးတဲ့တိုင် အာဏာကို ဆက်လက်ချုပ်ကိုင်ထားချင်သူ ဗိုလ်ချုပ်သန်းရွှေအကြောင်းကို စာရေးသူ ဘင်ရော်ဂျာက တတ်နိုင်သမျှ စုဆောင်း ဖော်ပြခဲ့ပါတယ်။ သူက အာဏာအတွက် ဆိုရင် ပြည်တွင်း၊ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ဖို့ ဝန်မလေးသလို၊ လိမ်ညာဖို့၊ ညှဉ်းပမ်းနှိပ်စက်မှု၊ ထောင်ချတာ၊ မတရားတာ၊ အချိန်ဆွဲဖို့၊ အတုအယောင် ကတိတွေပေးဖို့ ဘာမျှဝန်မလေးဘူးလို့ သုံးသပ် ဖော်ပြခဲ့ပါတယ်။ ဒီလိုစစ်တပ်ကြောင့်ပဲ မြန်မာ စီးပွားရေး ချွတ်ခြုံကျလို့၊ လူတွေ မကြုံစဖူး ဒုက္ခတွေ အကြီးအကျယ်နဲ့ ကြုံကြိုက်ကြရပါတယ်။ ဗိုလ်ချုပ်သန်းရွှေ ကတော့ ကမ္ဘာ့ အဆိုးရွားဆုံး အာဏာရှင်ကြီး နေရာကို ယူလာခဲ့ကြောင်း နိဂုံးဖော်ပြခဲ့ပါတယ်။

မှတ်ချက်များ
Post a Comment