အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး
အမေရိကန်နိုင်ငံအပါအဝင် ဗြိတိန်၊ ကနေဒါနှင့် ဩစ
တြေးလျနိုင်ငံတို့က စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်တွင်စစ် ကောင်စီအဖွဲ့ဝင်များ၊ အစိုးရဝန်ထမ်းတချို့နှင့် လေ
ယာဉ်ဆီ တင်သွင်းရောင်းချပေးသော Asia Sun ကုမ္ပဏီတို့ကို အရေး ယူပိတ်ဆို့မှုများကို ထပ်မံ လုပ်ဆောင်လိုက်သည်။
အဆိုပါ ဒဏ်ခတ်အရေးယူမှုတွင် ဗြိတိန်အစိုးရက မြန်မာ့လေတပ်အတွက် လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသည့် Asia Sun Group ရှိ Asia Sun Trading ကုမ္ပဏီနှင့် ယင်းကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းထွန်း၊ တဦးတည်းအစုရှယ်ယာရှင် ဦးဝင်းကျော် ကျော်အောင် တို့ကို ဇန်နဝါရီ ၃၁ရက်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က “ဒီလို ပိတ်ဆို့ အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်း အမြစ် လက်လှမ်းရရှိနိုင်မှုလောင်စာ
ဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာအရင်းအမြစ် လက်လှမ်း ရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက်အခံ အင်အားစုတွေကိုရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေ ကြောင်း တိုက်ခိုက်မှုတွေကနေတဆင့် အကြမ်းဖက်တာ၊ လူ့အခွင့်အရေးကိုရှက်ရွံ့မှု မရှိ၊ ပြောင်ပြောင်တင်းတင်း ချိုး ဖောက်ထားတာတွေအတွက် စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာ ဖြစ်ပါတယ်” ဟုလည်း ဆိုထားသည်။
ကနေဒါနိုင်ငံ၏ ဒဏ်ခတ်အရေးယူမှုတွင်ရန်ကုန်တိုင်း
နှင့် စစ်ကိုင်းတိုင်းမှူးများနှင့် ဒုဗိုလ်ချုပ်ကြီး အပါ
အဝင် စစ်ကောင်စီ၏ ဗိုလ်ချုပ်နှင့်တိုင်းမှူး အစရှိသည့်
လူပုဂ္ဂိုလ် ၆ ဦးအမည်ကို ထပ်မံထည့်သွင်း၍ ပိတ်ဆို့အရေးယူလိုက်ကြောင်း ဖေဖော်ဝါရီ ၁ ရက်က ကြေညာထားသည်။ ထို့ပြင် မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်သွင်းခြင်း၊ရောင်းချခြင်း၊ ပံ့ပိုးခြင်း၊ ပို့ဆောင်ခြင်း တို့အပေါ် တားမြစ်ချက်အသစ် တရပ် ထုတ်ပြန်သည်။
ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက “မြန်မာပြည်သူတွေအတွက် စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီရရှိဖို့ စစ်တပ်ကို ဖိအားပေးသွားမှာပါ” ဟု ပြောဆိုကြောင်း ကနေဒါသံရုံး(မြန်မာ)က ထုတ်ပြန်ထားသည်။
ထို့ပြင် အမေရိကန်နိုင်ငံ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့ကလည်း ပူးတွဲဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံ ချမှတ်ခဲ့သလို အဆိုပါ ပိတ်ဆို့မှုများတွင် စစ်ကောင်စီ၏ ရွေကောက်ပွဲ ကော်မရှင်၊ သတ္တု တွင်းလုပ် ငန်း (၁)၊ သတ္တုတွင်းလုပ်ငန်း (၂)၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ညွှန်ချုပ် ဦးအောင်မင်း၊ ဒုညွှန်ချုပ် ဦးသန်းမင်း၊ ခရိုနီ ဦးတေဇ၏သမီးဖြစ်သူ ထူးထွေးတေဇ (ခေါ်) ရေချယ်တေဇ၊ ဒုတိယဗိုလ်မှူးကြီးဟောင်း ဦးလှဆွေ(ဘူးလက်) တို့လည်း ပါဝင်ခဲ့ သည်။
ယခင်က အရေးယူ ဒဏ်ပိတ်ဆို့မှုများတွင် မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းပေးသူများ၊ စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းများ၊ စစ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးအဆင့်ရှိ သူများကိုသာ အရေးယူဒဏ်ပိတ်ဆို့မှုများ လုပ် ဆောင်ခဲ့သော်လည်း ယခုတွင် ညွှန်ကြားရေးမှူးချုပ် အဆင့် ဝန်ထမ်းများနှင့် ဘူးလက်လှဆွေတို့ပါ အရေးယူဒဏ် ခတ် ပိတ်ဆို့လာခဲ့ခြင်း ဖြစ်သည်။
ထိုသို့ အနောက်နိုင်ငံများက စစ်ကောင်စီအပေါ်ကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင် လာသော်လည်း စစ်ကောင်စီအတွက် နိုင်ငံခြားငွေအဓိကရှာပေးနေသော မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း(MOGE) မပါဝင်သေး သည့်အတွက် ထိရောက်သည့် အရေးယူ ပိတ်ဆို့မှုမဖြစ်ကြောင်း “သွေးစွန်းငွေလှုပ်ရှားမှုအရေး” ဆောင်ရွက်နေသူတဦးက ဧရာဝတီသို့ ပြောသည်
၎င်းက ဆက်လက်၍ “အရေးယူပိတ်ဆို့မှုတိုင်းကို ကျမတို့ ကြိုဆိုရမှာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအပေါ်ကို အမှန် တကယ် ထိရောက်မယ့် အရေးယူပိတ်ဆို့မှုတွေ ထပ်ပြီးတော့ လိုအပ်နေပါသေးတယ်။ MOGE ကိုအရေးယူ ပိတ်ဆို့မှု လုပ် လာနိုင်ဖို့ နိုင်ငံတကာကို ကျမတို့ ထပ်ပြီး တောင်းဆိုသွားနေဦးမှာပါ” ဟု ပြောဆိုသည်။
မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ရန် မဖြစ်တော့ဟုဆိုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး နိုင်ငံစုံ ကုမ္ပဏီကြီးများဖြစ်သော ပြင်သစ်ကုမ္ပဏီ Total ၊ အမေရိကန် ကုမ္ပဏီ Chevron နှင့် ဩစတြေးလျကုမ္ပဏီ Woodside တို့က ၎င်းတို့၏ လုပ်ငန်းများရပ်ဆိုင်းပြီး ထွက်ခွာ တော့မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက အသီးသီး ကြေညာခဲ့ကြသည်။
ထို့သို့ နိုင်ငံခြား စွမ်းအင်နှင့် ရေနံကုမ္ပဏီကြီးများမြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့ခြင်းကြောင့် MOGE
ကိုအနောက် နိုင်ငံများက အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်လာနိုင်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများမျှော်လင့်နေကြ သော်လည်း လက်ရှိအချိန်အထိ MOGE ကို အရေးယူပိတ်ဆို့မှုများ မလုပ်ဆောင်သေးပေ။
စီးပွားရေး လေ့လာသုံးသပ်သူတဦးက “MOGE တိုက်ရိုက်
ဆန်ရှင် မလုပ်သေးပေမယ့် MOGE ကို အဓိကဦးဆောင်လုပ်တဲ့ အရာရှိတွေကို ဆန်ရှင်လုပ်တာကလည်း စစ်ကောင်စီအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။နိုင်ငံခြားကုမ္ပဏီတွေနဲ့ ဒီအရာရှိတွေကြား လုပ်ငန်း လုပ်ပိုင်ခွင့် သဘောတူစာချုပ်တွေမှာ လက်မှတ် ရေးထိုးလို့ မရနိုင်တာမျိုးတွေပေါ့” ဟု ပြော ဆိုသည်။
အနောက်နိုင်ငံများ၏ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး၊ စစ်တပ်က ခန့်ထားသည့်အစိုးရအဖွဲ့ဝင် ၄ ဦး အပါအဝင် ဒဏ်ခတ် အရေးယူခံထားရသည့်
မြန်မာစစ်ခေါင်းဆောင်များ၏ ဇနီးနှင့်သားသမီး ၁၅ ဦး
စုစုပေါင်း လူပုဂ္ဂိုလ်၂၂ ဦး အထိရှိနေသည်။
ထို့ပြင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနလက်အောက်ခံ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်လုပ်ငန်း အပါအဝင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့လည်း ပါဝင်သည်။
(ဧရာဝတီ)
တရုတ်က ထောက်လှမ်းရေးမှာ ဂြိုဟ်တုမသုံးဘဲ မိုးပျံပူဖောင်း ဘာလို့သုံးတာလဲ

ဓာတ်ပုံ ရင်းမြစ်, REUTERS/BBC
အမေရိကန်ပေါ်ကို ပျံဝဲနေခဲ့တဲ့ တရုတ်မိုးပျံပူဖောင်း
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်အပေါ်က ဝေဟင်တနေရာမှာ ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးတလုံးကို တွေ့ရှိပြီး စောင့်ကြည့်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာနက အရာရှိတွေက စတင်ကြေညာခဲ့ပါတယ်။
အမေရိကန် လေပိုင်နက်ထဲမှာ တွေ့ရှိထားတဲ့ မိုးပျံပူဖောင်းကို ပစ်မချဖို့ ဆုံးဖြတ်ခဲ့ပြီး အပျက်အစီးတွေ လူအများပေါ် ကျလာတဲ့ အန္တရာယ် ရှိနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပိုင်းမှာ လက်တင်အမေရိက အပေါ်ဘက် ဝေဟင်မှာလည်း မိုးပျံပူဖောင်း နောက်တလုံး ထပ်တွေ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ အသေးစိတ်တော့ ထုတ်မပြောပါဘူး။
တရုတ်အစိုးရကတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရောက်မှ သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် သတင်းထုတ်ပြန် တုံ့ပြန်ခဲ့ပြီး ဒီမိုးပျံပူဖောင်းဟာ မိုးလေဝသ ထောက်လှမ်းတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်အစိုးရ အနေနဲ့ အခုလို သူတို့ရဲ့ မိုးပျံပူဖောင်းက လေနဲ့လွင့်ပြီး အမေရိကန်ပိုက်နက်ပေါ်ကို ရောက်သွားရခြင်းအတွက် စိတ်မကောင်းဖြစ်ကြောင်းနဲ့ တရုတ်ဟာ ဘယ်အချုပ်အချာ အာဏာပိုင်နိုင်ငံရဲ့ ရေပိုင်နက်နဲ့ လေပိုင်နက်တွေကို ကျူးကျော်မှာ မဟုတ်ကြောင်းလည်း သူတို့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

တရုတ်ရဲ့ ပူဖောင်းကြီးသွားခဲ့တဲ့ လမ်းကြောင်း
တရုတ်မိုးပျံပူဖောင်းက ဘယ်လို လမ်းကြောင်းကနေ အမေရိကန် လေပိုင်နက်ထဲ ရောက်လာတာလဲ
အမေရိကန် အစိုးရ အရာရှိတွေရဲ့ အပြောအရ ဒီ တရုတ်မိုးပျံပူဖောင်းဟာ အလက်စကာ ပြည်နယ်ဘက်ကနေ ဝင်လာပြီး ကနေဒါနိုင်ငံကို ကျော်ဖြတ်ကာ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်ပေါ်ကို ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ မွန်တားနားပြည်နယ်ဟာ အမေရိကန်နိုင်ငံရဲ့ နျူကလီးယား ဒုံးကျည်တွေ အများအပြား ရှိတဲ့ ပြည်နယ်လည်း ဖြစ်နေပါတယ်။

ဒီ တရုတ်မိုးပျံပူဖောင်းဟာ အလက်စကာ ပြည်နယ်ဘက်ကနေ ဝင်လာပြီး ကနေဒါနိုင်ငံကို ကျော်ဖြတ်ကာ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်ပေါ်ကို ရောက်လာခဲ့တာ ဖြစ်
အခုလို မွန်တားနားပြည်နယ်ပေါ်ကို ရောက်ရှိနေတဲ့ တရုတ်မိုးပျံပူဖောင်းဟာ လာမယ့် ဖေဖော်ဝါရီလ ၅ ရက်လောက်မှာ အမေရိကန်နိုင်ငံရဲ့ အရှေ့ဘက် ကမ်းရိုးတန်းအနီး တောင်နဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်တွေနားကို ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံကတော့ ဒီမိုးပျံပူဖောင်းဟာ သူတို့ပိုင်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စတင်ဝန်ခံခဲ့ပေမဲ့ လက်တင်အမေရိက ဝေဟင်မှာ တွေ့ရတဲ့ မိုးပျံပူဖောင်းနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဒါ့အပြင် အမေရိကန်အနေနဲ့ ဒီကိစ္စကို ခေါင်းအေးအေးထားပြီး တုံ့ပြန်ဖြေရှင်းသင့်တယ်လို့လည်း တရုတ်က တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ်ရဲ့ မိုးပျံပူဖောင်းဟာ အမေရိကန်ရဲ့ ဒုံးကျည်စခန်းတွေရှိရာ လမ်းကြောင်းပေါ်ကို ဖြတ်သွားဖွယ်ရှိ
တရုတ်က ဘာကို ထောက်လှမ်းတာ ဖြစ်နိုင်သလဲ
အခု လက်ရှိ တရုတ်ရဲ့ မိုးပျံပူဖောင်းဟာ အမေရိကန်ရဲ့ ဒုံးကျည်စခန်းတွေရှိရာ လမ်းကြောင်းပေါ်ကို ဖြတ်သွားဖွယ်ရှိတာကြောင့် တရုတ်ဘက်က အကြောင်းပြချက်ပေးသလို လေကြောင်းကြောင့် လမ်းကြောင်းလွဲပြီး ရောက်လာတာ သိပ်မဖြစ်နိုင်ဘူးလို့ အလွတ်တန်း လေကြောင်းစစ်စွမ်းအင် သုတေသီ ဟီယွမ်မင်းက ဘီဘီစီကို ပြောပါတယ်။
တရုတ်ဆိုင်ရာ ကျွမ်းကျင်သူ ဘန်ဂျမင် ဟိုရဲ့ အပြောအရ ဆိုရင်လည်း တရုတ်နိုင်ငံမှာ ဒီမိုးပျံပူဖောင်းမျိုးထက် အဆင့်မြင့်တဲ့ ထောက်လှမ်းရေး ကိရိယာတွေ ရှိတယ်လို့ ဆိုပါတယ်။
စင်္ကာပူနိုင်ငံ S Rajaratnam School of International Studies ရဲ့ တရုတ်နိုင်ငံဆိုင်ရာ အစီအစဉ်ကို ပူးတွဲ ပုံဖော်သူဖြစ်တဲ့ ဒေါက်တာ ဟိုရဲ့ အဆိုအရ တရုတ်က အမေရိကန်ကို ထောက်လှမ်းဖို့ တခြားနည်းလမ်းတွေ ရှိတဲ့ကြားက မိုးပျံပူဖောင်း သုံးရခြင်းဟာ အမေရိကန်ကို သူတို့ ထောက်လှမ်းနေကြောင်း အချက်ပြလိုက်တာ ဖြစ်ပြီး ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ သိလိုတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, GETTY IMAGES
တရုတ်က ထောက်လှမ်းရေးလုပ်တာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး လက်ခံနိုင်စရာလည်း မရှိဘူးလို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘလင်ကင်က ပြောဆိုခဲ့
တရုတ်ကို အမေရိကန်က ဘယ်လို တရားဝင် တုံ့ပြန်ထားသလဲ
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ အခုလို တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းကိစ္စပေါ်လာတာကြောင့် ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
မစ္စတာ ဘလင်ကင်ဟာ အစဦးပိုင်းက ဖေဖော်ဝါရီလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့တွေမှာ တရုတ်နိုင်ငံကို သွားရောက်ပြီး လုံခြုံရေး၊ ထိုင်ဝမ်အရေးနဲ့ ကိုဗစ်အရေး အပါအဝင် အကြောင်းအရာ အတော်များများ ဆွေးနွေးဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဉ် ဖျက်သိမ်းတာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း သဘောတူခဲ့ပြီး တရုတ်ကို အခုအချိန် သွားဖို့ မသင့်တော်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
တရုတ်က ထောက်လှမ်းရေးလုပ်တာဟာ တာဝန်မဲ့တဲ့ လုပ်ရပ်ဖြစ်ပြီး လက်ခံနိုင်စရာလည်း မရှိဘူးလို့လည်း မစ္စတာ ဘလင်ကင်က ပြောဆိုခဲ့ပါတယ်။

ခေတ်သစ် မိုးပျံပူဖောင်းတွေဆိုရင် ကမ္ဘာ့မျက်နှာပြင်အထက် ပေအားဖြင့် ၈ဝ,၀ဝ၀ ကနေ ပေ ၁၂ဝ,၀ဝ၀ အထိ လွှင့်တင်ထားနိုင်ပြီ ဖြစ်
မိုးပျံပူဖောင်းကို ထောက်လှမ်းရေးအတွက် ဘယ်လိုသုံးနိုင်တာလဲ
မိုးပျံပူဖောင်းတွေဟာ ထောက်လှမ်းရေးအတွက် နိုင်ငံတွေက သုံးကြတဲ့ ကိရိယာတွေထဲက အတော်ရှေးအကျဆုံး ကိရိယာတွေထဲမှာ အပါအဝင်ဖြစ်တဲ့အတွက် တရုတ်က တကယ်သာ ဒါကိုသုံးပြီး ထောက်လှမ်းတယ်ဆိုရင် ဘာကြောင့်များလဲ ဆိုတာ လူအများ စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။
ဒီ မိုးပျံပူဖောင်းတွေကို ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်နိုင်ငံပေါ်ကို မီးလောင်ဗုံးတွေ ကြဲချဖို့အတွက် အသုံးပြုခဲ့ဖူးပါတယ်။
ဒါ့အပြင် မိုးပျံပူဖောင်းတွေကို အမေရိကန်နိုင်ငံကိုယ်တိုင်ကလည်း ဆိုဗီယက်နဲ့ အပြန်အလှန် စစ်အေးတိုက်ပွဲကာလမှာ ထောက်လှမ်းရေးအတွက် အသုံးပြုခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရဟာ မကြာသေးခင်ကပဲ အမေရိကန်ရဲ့ ထောက်လှမ်းရေး ကွန်ရက်အတွင်းမှာ မြေပြင်အထက် အတော်မြင့်တဲ့နေရာတွေမှာ မိုးပျံပူဖောင်း ထောက်လှမ်းရေးအတွက် သုံးဖို့ စဉ်းစားနေခဲ့တာ ဖြစ်ပါတယ်။
ခေတ်သစ် မိုးပျံပူဖောင်းတွေဆိုရင်လည်း ကမ္ဘာ့မျက်နှာပြင်အထက် ၂၄ ကီလိုမီတာကနေ ၃၇ ကီလိုမီတာ အမြင့် ( ပေအားဖြင့် ၈၀,၀ဝ၀ ကနေ ပေ ၁၂ဝ,၀ဝ၀ အထိ) လွှင့်တင်ထားနိုင်ပြီ ဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရကတော့ သူတို့တွေ့ရတဲ့ တရုတ်မိုးပျံပူဖောင်းဟာ အရပ်သား လေကြောင်းပျံသန်းမှု များပြားတဲ့ ဝေဟင်အမြင့်အထက် သိသိသာသာ ပိုမြင့်တဲ့ အပေါ်ပိုင်းမှာ တွေ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျွမ်းကျင်သူတွေရဲ့ အဆိုအရ မိုးပျံပူဖောင်းတွေကို ခေတ်ပေါ် ထောက်လှမ်းရေး ကင်မရာတွေနဲ့ ရေဒါတွေ တပ်ဆင်နိုင်သလို ဒီမိုးပျံပူဖောင်းတွေက မောင်းသူမဲ့ လေယာဉ်တွေ၊ ဂြိုဟ်တုတွေထက် ဖြန့်ကျက်ချထားရ လွယ်ကူပြီး၊ ကုန်ကျစရိတ်လည်း သက်သာမယ့် အားသာချက်တွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးပျံပူဖောင်းတွေက သူတို့ ပစ်မှတ်ထားတဲ့ မြေပြင်ရဲ့ အပေါ်ဘက်မှာ အရှိန်နှေးနှေးနဲ့ သွားနေတာ ဖြစ်တဲ့အတွက်ကြောင့်လည်း ထောက်လှမ်းလိုတဲ့ နေရာကို အချိန်ကြာကြာ ထောက်လှမ်းနိုင်ပြီး ဂြိုဟ်တုလို သူတို့ရဲ့ ပတ်လမ်းကြောင်း ကန့်သတ်ချက်လည်း မရှိတဲ့ အားသာချက် ရှိတယ်လို့ ဆိုပါတယ်။
BBC


