နောက်ဆုံးရ
အေးဂျင့်နဲ့မရတော့ MOU နဲ့ သွားကြတယ်

အေးဂျင့်နဲ့မရတော့ MOU နဲ့ သွားကြတယ်

ပတ်စ်ပို့ရုံးများ ပိတ်ထား၍ ပြည်ပထွက် အလုပ်လုပ်မည့်သူများ အခက်အခဲဖြစ်၊ တရားမဝင်လမ်းကြောင်းဖြင့် ပြည်ပ သွားရောက်သူများလည်း ရှိနေ
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၅ ရက်
စစ်အာဏာသိမ်းပြီနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ တစ်နိုင်ငံလုံးရှိ ပတ်စ်ပို့ရုံးများပိတ်လိုက်ခြင်းကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်မည့် သူများအတွက် အခက်အခဲများစွာ ကြုံတွေ့နေကြရကြောင်း ဒေသတွင်းအလုပ်အကိုင် ရှာဖွေရေး အဖွဲ့များထံမှ သိရသည်။
အကြောင်းပြချက် မရှိဘဲ နိုင်ငံကူး လက်မှတ် ပတ်စ်ပို့ (Passport) ရုံးများကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၃ဖေဖော်ဝါရီလ အထိ ပြန်လည် ဖွင့်လှစ်ပေးခြင်း မရှိသေး၍ ပြည်ပထွက် အလုပ်လုပ်မည့်သူများမှာတရားမဝင် လမ်းကြောင်းများဖြင့် သွားသူများလည်း ရှိနေသည်။
ဧရာဝတီတိုင်း မြောင်းမြမြို့နယ်မှ အသက် ၂၀ အရွယ် လူငယ် အမျိုးသားတစ်ဦးက“အခုလို ပြည်တွင်းအလုပ်အကိုင် ရှားပြီး ကုန်ဈေးနှုန်းတွေ တက်နေချိန်မှာ အများစုက နိုင်ငံခြားရောက်နေပြီ။ကျနော်တို့လည်း အကုန်လုပ်ပြီးပြီ။ ပတ်စ်ပို့ပဲ ကျန်တော့တာ၊ အေးဂျင့်နဲ့လည်း ချိတ်ပြီး အခု ရုံးတွေကပိတ်ထားတော့ အစ်ကိုဝမ်းကွဲတွေက အောက်လမ်းကနေပဲ လာလို့ ပြေားတယ်။ ရှေ့လထဲမှာကျနော်လည်း သွားတော့မှာပါ။ ပိုက်ဆံက အစ အစ်ကိုတွေက ထုတ်ပေးတော့အဆင်တော့ပြေပါတယ်။ အောက်လမ်းက သွားတဲ့အတွက် အဖမ်းခံရမှာပဲ ပူတာပါ”ဟုဧရာဝတီတိုင်းမ်ကို ပြောသည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်မှာ ကားပေါ်တွင် တရားမဝင် တင်ဆောင်လာသောမြန်မာနိုင်ငံသား ၁၀ ဦး ဖမ်းဆီးခံရကြောင်း သတင်းများတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။အဆိုပါ ပတ်စ်ပို့ ရုံးများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ လကုန်တွင် လျှောက်ထားမှု လုပ်ငန်းစဉ်အသစ်တစ်ခုဖြင့် ပြန်လည် ဖွင့်လှစ်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီ၏ သတင်း ပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာ ရှင်းလင်းပွဲးတစ်ခုတွင်ပြောကြားထားသည်။
ယခု ဖေဖော်ဝါရီလတွင် MOU သမားများနှင့် ဗုဒ္ဓဂယာ ဘုရားဖူးသွားမည့် သူများကိုသာ ပတ်စ်ပို့ ထုတ်ပေးနေကြောင်းလည်း သိရသည်။
ရန်ကုန်မြို့ရှိ အလုပ်သမား အေးဂျင့် တစ်ဦးကလည်း“သူတို့က ပိတ်ထားတာကြာပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက စနစ် ပြုပြင်နေလို့ လို့ပြောတယ်။ အခုထိတော့ ဘာမှ မထူးသေးပါဘူး။ လက်ရှိမှာ ကျနော့်ဆီမှာလည်း လူတွေများနေပြီ။ အကုန် နားနေရတယ်။ အခုကြားတာက PJ ရဖို့ကို အသနားခံစာ တင်ရမယ်လို့လည်း ပြောတယ်။ တချို့တွေကတော့ တင်နေတယ်ကြားတယ်။ ရမရတော့ မသိပါဘူး။ ကျနော်တို့လည်း စောင့်နေရတုန်းပါ”ဟု ဧရာဝတီတိုင်းမ်ကို ပြောပြသည်။
၎င်းက ဆက်လက်ပြီး“တချို့တွေက အေးဂျင့်နဲ့မရတော့ MOU နဲ့ သွားကြတယ်။ အခုလည်း ထိုင်းရောက် MOU သမားတွေ အကုန် အလုပ်မဲ့ဖြစ်နေကြပါတယ်။ ကူညီတဲ့ အဖွဲ့တွေဆီမှာလည်း အများကြီး သောင်တင်နေကြရတယ်လို့ ကြားပါတယ်” ဟုလည်း ပြောသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ် ပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး အကျိုးဆောင် ကုမ္ပဏီ ၁၄၃ ခုကို နာမည်ပျက်စာရင်း (Black List) သွင်းရန် ညွှန်ကြားချက်အရ စိစစ်ရာတွင် ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ ၁၃၃ ခု ပါဝင်နေသည် ကို စိစစ်တွေ့ရှိရသည်ဟု နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်းလည်း သိရသည်။
အဆိုပါ အေဂျင်စီ ၁၃၃ ခုအား နိုင်ငံကူးလက်မှတ် ပြုလုပ်ခွင့် တင်ပြမှု စာရင်းတွင် ပါဝင်မှု မရှိစေရေး သေချာစွာ စိစစ် ဆောင်ရွက်သွားရန် ဇန်နဝါရီလ ၂၂ ရက်နေ့က စာထုတ်အသိပေး အကြောင်းကြားထားသည်ဟုလည်း ဆိုသည်။
 

 
ဆက်ဖတ်ရန် →
 ကဒဲရွာတွင်အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီး

ကဒဲရွာတွင်အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီး

ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီး၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ရန်ကုန်ခေတ်သစ်သတင်းဌာန

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ နီးပါး စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ခန့်ကို ရိုက်နှက် ဖမ်းဆီးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ကဒဲကျေးရွာသို့ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းမှ ညပိုင်းအထိ မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ ကဒဲရွာတွင် အိမ်ခြေ ၄၀၀ ကျော်ဖြင့် လူဦးရေ ၂၀၀၀ ကျော်ရှိပြီး ရွာလုံးလုံးကျွတ် ထွက်ပြေးနေရကြောင်း၊ သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၂၀ ဦးကို ရိုက်နှက် ဖမ်းသွားကြောင်း သိရှိရသည်။

"တနင်္သာရီတိုင်း ပုလောမြို့နယ် ကဒဲကျေးရွာမှာ စစ်ခွေးအင်အား၂၀၀ခန့် က ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းကနေ ညနက်တဲ့အထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အိမ်ခြေတစ်ရာနီးပါး မီးလောင်ပြာကျသွားပါတယ်။ သံဃာတော် ၂ ပါး အပါ ပြည်သူ ၂၀ ကိုလည်း ဖမ်းသွားပါတယ်။ အခုထက်ထိ သတင်းမရသေးပါဘူး"ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကဒဲကျေးရွာအနီးတွင် PDF တပ်စခန်းကို ဝင်ရောက်စီးနင်းဖျက်ဆီးပြီး နောက် ကဒဲကျေးရွာကို ရွာလုံးကျွတ် ဖျက်ဆီး မီးတင်ရှို့လာခြင်းဖြစ်ကြောင်း ၊ လက်ရှိတွင် ဒေသ ပြည်သူ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေး ခက်ခဲကာ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရှိရသည်။






 
ဆက်ဖတ်ရန် →
ညီနန္ဒလာကယ်နေပြီမမို့

ညီနန္ဒလာကယ်နေပြီမမို့

အကယ်ဒမီ မို့မို့မြင့်အောင် နှင့် ခင်ပွန်းဟောင်းအား

 ငွေကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် အမှုဖွင့်ထား


NP News - ဖေဖော်ဝါရီ ၁၈
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မို့မို့မြင့်အောင်နှင့် 

ခင်ပွန်းဟောင်းဖြစ်သူ ဦးမောင်မောင်ကျော်တို့အား ငွေ

ကျပ်သိန်း(၅ဝဝဝ)လိမ်လည်မှုဖြင့် ပဲခူးတိုင်း၊ အင်းတ

ကော်မြို့ရှိ အင်းတကော်ရဲစခန်း၌ အမှုဖွင့်ထား

ကြောင်းသတင်းရရှိသည်။

အင်းတကော်မြို့၊ ထန်းပင်ချောင်ကျေးရွာနေ ဦးစိုးလှိုင်

(ခ)ဦးအောင်အောင်မိုး ဆိုသူက တရားလိုပြုလုပ်ကာ 

အင်းတကော်ရဲစခန်းသို့ လာရောက်အမှုဖွင့်ခဲ့ခြင်း

ဖြစ်ကြောင်း ရဲစခန်းနှင့်နီးစပ်သော သတင်းအရင်း

အမြစ်က NP News ကို အတည်ပြုပြောဆိုထားသည်။

ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးနှင့် ဦးမောင်မောင်

ကျော်၊ ဒေါ်မို့မို့မြင့်အောင်တို့သည် ခင်မင်ရင်းနှီးသည့်

 ဆက်ဆံရေးရှိခဲ့ကြောင်း သိရပြီး ထားဝယ်ဆိပ်ကမ်း

လုပ်ငန်းအတွက် အရေးတကြီးငွေလိုအပ်သည်ဟု

ဆိုကာ ၎င်းတို့နှစ်ဦးမှ ငွေကျပ်သိန်း(၅ဝဝဝ) ခေတ္တ

အကူအညီပေးရန် တောင်းခံခဲ့ကြောင်း သိရသည်။

ထိုသို့ ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးထံမှ ငွေကျပ်သိ

န်း(၅ဝဝဝ)ကို ရယူခဲ့ပြီးနောက် ဦးမောင်မောင်ကျော်နှင့်ဒေါ်မို့မို့မြင့်အောင်တို့အား အကြိမ်ကြိမ် ပြန်လည်တောင်းခံခဲ့ သော်လည်း ပေးအပ်ခြင်းမရှိခဲ့ကြောင်း

 သိရသည်ဟု အထက်ပါသတင်းအရင်းအမြစ်က

 ဆိုထားသည်။
ထို့ပြင် နှစ်ဖက်အကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်

ခဲ့ပြီး ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ငွေကျပ်သိန်း(၅ဝဝဝ)အား ပြန်လည်ပေးဆပ်မည်ဟု ဦးမောင်မော်ကျော်တို့ ဘက်မှ ခံဝန်ကတိလက်မှတ်

ရေးထိုးမှုများရှိခဲ့သော်လည်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ကာ ရှောင်တိမ်းနေလျက်ရှိကြောင်း ၎င်းကဆက်လက်ပြောဆိုထားသည်။
ထို့ကြောင့် ငွေထုတ်ပေးခဲ့သော ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးသည် အင်းတကော်ရဲစခန်းသို့သွားရောက်ကာ ဦးမောင်မောင်ကျော်နှင့် ဒေါ်မို့မို့မြင့်အောင်

တို့အား အရေးယူပေးရန် ရာဇသတ်ကြီးပုဒ်မ ၄၂ဝ 

ဖြင့် အမှုဖွင့်ခဲ့ကြောင်း ရဲစခန်းနှင့်နီးစပ်သောသ

တင်းအရင်းအမြစ်က ဆိုထားသည်။
ထိုသို့ အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်၍လတ်တ

လောတွင် သရုပ်ဆောင်မို့မို့မြင့်အောင်ဘက်မှ တစ်စုံ

တစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် နိုဝင်ဘာလအတွင်း နိုင်ငံပိုင်

သတင်းစာ၌ သရုပ်ဆောင်မို့မို့မြင့်အောင်သည်၎င်း

၏ခင်ပွန်းဖြစ်သူ ဦးမောင်မောင်ကျော်နှင့် တရားဝင်

ကွာရှင်းပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ကို တွေ့ရှိရသည်။
ဦးမောင်မောင်ကျော်အနေဖြင့် ငွေကြေးအရှုပ်အရှင်းများကို အကြိမ်ကြိမ်ကျူးလွန်ထားခြင်းကြောင့် လက်ခံခွင့်လွှတ်နိုင်စွမ်း မရှိသည့်အတွက် နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြီး ဖြစ်ကြောင်း သရုပ်

ဆောင်မို့မို့မြင့်အောင်ဘက်က ကြေညာခဲ့သည်ကို တွေ့ရှိခဲ့ရသည်။



ဆက်ဖတ်ရန် →

တော်လှန်ရေးရန်သူ ဆိုပေလင့် တဖက်မှာ စီးပွားရေး မိတ်ဖက်

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်| ဖေဖော်ဝါရီ ၁၇ 

ထိုင်းနိုင်ငံနယ်စပ် ထီးခီးတွင်ရှိသော ကာစီနိုများကို ကရင်ပဒို၊ ကရင်တပ်မှူး အမည်များနှင့် ဒေသခံများက တွဲသိလေ့ရှိသည်။ သည်ကာစီနိုမှာ ပဒို အယ်နားပိုင်၊ သည်ကာစီနိုမှာ တပ်မှူး ဘချောပိုင် ဟူ၍ ဖြစ်သည်။ 

ထီးခီးဒေသရှိ ကာစီနိုကြီးတစ်ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ပဒိုခေါင်းဆောင်ပိုင်း၊ တပ်ရင်း (၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်း ပိုင်ဆိုင်သော ကုမ္ပဏီက လည်ပတ်နေကြောင်း သက်သေ အထောက်အထားများ တွေ့ရှိခဲ့ရသည်။ 

ထိုကြောင့်ပင် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဟု ကြွေးကြော်ထားသော KNU တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းတို့သည် စစ်ကောင်စီ၏ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဟိုတယ်ကာစီနိုလုပ်ငန်း စီးပွားဖက်များ ဖြစ်လျက်ရှိကို တွေ့ရသည်။

စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း KNU တပ်မဟာ (၄) သည် စစ်ကောင်စီ တပ်များနှင့် ထိပ်တိုက်မတွေ့မှုကို ပြည်သူများက မေးခွန်းထုတ်နေချိန်တွင် ထီးခီးတွင် နိုင်ငံတကာ ကာစီနိုကြီး တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။  

■ လေးဦးပိုင် ကုမ္ပဏီ 

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် ဖော်ပြထားချက်အရ ဟိုတယ် လုပ်ငန်း လုပ်ကိုင်ရန်ဟုဆိုကာ ဖွင့်လှစ်ထားသော ဆာကပရေထူး ကုမ္ပဏီလီမီတက်၏ ဒါရိုက်တာ အဖွဲ့ဝင်များစာရင်းတွင် မြန်မာနိုင်ငံသားများအဖြစ် ဘချော၊ စောမာတင်လူသာ၊ စောတင်စိုး တို့နှင့် အတူ ထိုင်းနိုင်ငံသား Tanakorn Jiraphasuksakul တို့ ပါဝင်သည်ကိုတွေ့ရသည်။ 

ဘချောမှာ KNU တပ်မဟာ (၄) အောက်ရှိ KNDO တပ်ရင်း ၇ ၏ တပ်ရင်းမှူး ဖြစ်ပြီး ဗိုလ်ဘချောအဖြစ် လူသိများသူ ဖြစ်သည်။ ယခင်က တပ်မဟာ (၄) လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာ တာဝန်ရှိသူ ဖြစ်ပြီး ထီးခီးနယ် သစ်ထုတ်လုပ်ရေး လုပ်ငန်းတွင် နာမည်ကြီးသူ ဖြစ်သည်။ 

စောမာတင်လူသာမှာ လက်ရှိ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တစ်ဆင့် ၂၀၂၀ ရွေးကောက်ပွဲဝင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်သည်။ ကရင်အမျိုးသား အစည်းအရုံး ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ တူတော်စပ်သူလည်း ဖြစ်ပြီး တနင်္သာရီတိုင်း ကရင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဥက္ကဌအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ထိုစဉ်ကတည်းက KNU တပ်မဟာ (၄) နယ်မြေအတွင်း စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုပါက စောမာတင်လူသာ၏ ထောက်ခံချက် ယူရလေ့ရှိကြောင်း ယုံကြည်စိတ်ချရသည့် ကရင် သတင်းအရင်းအမြစ်တစ်ခု ထံမှ သိရသည်။ 

စောတင်စိုးမှာ KNU မြိတ်-ထားဝယ်ခရိုင် (တပ်မဟာ ၄) ၏ အတွင်းရေးမှူး ဖြစ်ပြီး ပဒို အယ်နား အဖြစ် လူသိများသူ ဖြစ်သည်။ မြိတ်-ထားဝယ်ခရိုင်၏ လယ်ယာမြေ၊ သစ်တော တာဝန်ခံ လည်းဖြစ်သည်။ လက်ရှိ KNU ဗဟို၏ ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း မြိတ်-ထားဝယ် ခရိုင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့စဉ်က ပဒို အယ်နားမှာ ရုံးပိုင်းဆိုင်ရာ တာဝန်ရှိသူဖြစ်သည်။ 

တနခွန် ဂျစ်ရဖစပ်ကကော (Tanakorn Jiraphasuksakul) မှာ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့တွင် အခြေစိုက်ထားသော ဂရမ်းထီးခီးတောင်ကြား ကာစီနို (Grand Tee Kee Valley) ၏ ဒါရိုက်တာနှင့် တည်ထောင်သူ အဖြစ် အလုပ်အကိုင်ဆိုင်ရာ လူမှုကွန်ရက် စာမျက်နှာ တစ်ခု ဖြစ်သော Linkedin စာမျက်နှာတွင် ရေးသားထားသည်။ 

ကရင်ဘာသာဖြင့် ကောင်းကင် ရွှေကြယ် ဟု အဓိပ္ပါယ်ရသော ဆာကရေထူးကုမ္ပဏီကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း တွင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည်။ ဆာကပရေထူး ကုမ္ပဏီသည် ထီးခီးတွင် ရှန်ဂရီလာ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခြင်း ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန သတင်းအရင်း အမြစ်တစ်ဦးက Dawei Watch သို့ အတည်ပြုပြောကြားသည်။ ရှန်ဂရီလာ ပျော်ပွဲစားရုံ (Entertainment Complex) နှင့် ဂရမ်းထီးခီးတောင်ကြား အပန်းဖြေစခန်း ကိုလည်း အထက်ပါ ကုမ္ပဏီက ပူးတွဲပိုင်ဆိုင်ကြောင်း ၎င်းက ဆိုသည်။ 
 

■ ဂရမ်းထီးခီး နှင့် နိုင်ငံတကာ ကာစီနိုကွန်ရက် 

ဂရမ်းထီးခီးတောင်ကြား (Grand Tee Kee Valley) အပန်းခြေစခန်း မှာ ထိုင်းနိုင်ငံ ဖူနမ်ရွန် နယ်စပ်ဖြတ်ကျော်ရေးစခန်းအနီး မြန်မာနိုင်ငံ ပိုင်နက်အတွင်း တည်ရှိသည်။ ထို အပန်းဖြေစခန်းရှိ ရှန်ဂရီလာ ကာစီနိုမြန်မာ (Shangri La Casino Myanmar) ကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ကြေညာထားသည်။ ယင်းတွင် လောင်းကစားဝိုင်းများ၊ စလော့ဂိမ်းများ၊ ဘားနှင့် ကဖေးဆိုင်များ၊ ကြယ်ငါးပွင့် အဆင့်ရှိ အပန်းဖြေအခန်းများ ပါဝင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ 

ရှန်ဂရီလာ ကာစီနိုမြန်မာသည် အရှေ့ ဥရောပနိုင်ငံ တစ်လွှား လောင်းကစားရုံများ ဖွင့်လှစ်ထားသော နိုင်ငံတကာ လောင်းကစားလုပ်ငန်းစု၏ တစိတ်တစ်ပိုင်းဖြစ်ကြောင်း ရှန်ဂရီလာ၏ အင်တာနက် စာမျက်နှာတွင် တရားဝင်ဖော်ပြထားသည်။ 

ယူကရိန်း၊ လစ်ဗီးယား၊ ဂျော်ဂျီယာ၊ အာမေးနီးယား၊ ဘီလာရုစ်၊ ဂျာမနီနိုင်ငံတို့တွင် ရှန်ဂရီလာ ကာစီနို အမည်ဖြင့် ကာစီနိုဝိုင်းဖွင့်လှစ်ထားသော နိုင်ငံတကာ လုပ်ငန်းစုကို Strom International လုပ်ငန်းစုက ပိုင်ဆိုင်သည်။ ရှန်ဂရီလာ အမည်ဖြင့် သက်ဆိုင်ရာ နိုင်ငံ ဒေသ အလိုက် လောင်းကစား လုပ်ငန်း ကိုယ်တိုင် လည်ပတ်ဖွင့်လှစ်နိုင်ရန် Strom International က နည်းပညာ၊ အရင်းအမြစ်များ ပံ့ပိုးပေးလေ့ရှိသည်။ 

Strom International ကို ၁၉၉၂ ခုနှစ်တွင် အင်္ဂလိပ်အမျိုးသား တစ်ဦးက ထူထောင်ခဲ့ပြီး နိုင်ငံတကာတွင် ဆုပေါင်းများစွာ ရရှိထားကြောင်း ၎င်း၏ အင်တာနက် စာမျက်နှာတွင် ညွှန်းဆိုထားသည်။ 
 
ထီးခီး ရှန်ဂရီလာလောင်းကစားရုံကို ၂၀၂၀ ပြည့်နှစ် ဝန်းကျင်ကတည်းက အွန်လိုင်းမှ ဖွင့်လှစ်ထားကြောင်း ထီးခီးဒေသခံများ၏ အဆိုအရ သိရသည်။ ယင်းနောက် ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းက မြေပြင်ပေါ်တွင် ဖွင့်လှစ်ထားဖွယ်ရှိကြောင်း အထောက်အထားများ အရသိရသည်။ 

ယူကရိန်းနိုင်ငံမြို့တော် ကီယက် အခြေစိုက် ကာစီနိုရှန်ဂရီလာ၏ မန်နေဂျာ ရှောင် ဆိုသူ အနောက်နိုင်ငံသားတစ်ဦး နှင့် ရှန်ဂရီလာ ထီးခီး၏ အရောင်းမြှင့်တင်ရေး မန်နေဂျာ ထိုင်းနိုင်ငံသား သီထီဆိုသူတို့ ထီးခီးသို့ ၂၀၂၂ ခုနှစ် ဇွန်လ ဆန်းပိုင်းက လာရောက်ခဲ့သည်။ သီထီမှာ ကမ္ဘောဒီးယား နိုင်ငံ အခြေစိုက် ခရောင်း ကာစီနို (Crown Casino) ပွိုင်ပက်၏ အရောင်းမြှင့်တင်ရေး မန်နေဂျာတစ်ဦးလည်း ဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။ 

ဇွန်လဆန်းပိုင်းက ထီးခီးသို့ လာရောက်ခဲ့ကြောင်း ၎င်းတို့ နှစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဓာတ်ပုံနှင့် ဗီဒီယိုများ သီးခြားစီတင်ခဲ့ကြသည်။ 

ထိုသို့ လာရောက်ချိန်တွင် ရှောင်က Opening Day ဟူသော ရှန်ဂရီလာ ထီးခီး ကာစီနို၏ ကြော်ငြာ ဗီဒီယိုဖိုင်တစ်ခု ၂၀၂၂ ခုနှစ် ဇွန်လ ၁၁ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့သည်။ 

ယင်းနောက် ရက်ပိုင်းအကြာ၊ လာရောက်အပမ်းဖြေ ဆော့ကစားသူများအား ဖိတ်ခေါ်ချက်ကို ရှန်ဂရီလာ ထီးခီး Entertainment Complex ၏ Facebook စာမျက်နှာ၌ တင်ခဲ့သည်။

■ ဘန်ကောက်မှ နှစ်နာရီခွဲ မျှသာ 

လောင်းကစားနည်းပေါင်းစုံ လာရောက်ကစားနိုင်ပြီး ကြယ်ငါးပွင့် အဆင့် ပုံမှန်နှင့် အထူး ဝန်ဆောင်မှုများအတွက် ဖွင့်လှစ်နေပြီဖြစ်ကြောင်း၊ လာရောက်လည်ပတ်လိုသူများ အနေနှင့် ကန်ချနဘူရီရှိ ရေပူစမ်း စူရပ်တွင် စုဆုံပြီး ကြိုပို့ ပြုလုပ်ပေးပါကြောင်း ဖိတ်ခေါ် ကြော်ငြာထားသည်ကို တွေ့ရသည်။ 

မြန်မာနိုင်ငံ၏ အလှပဆုံးနေရာများအနက် တစ်ခု ဖြစ်သည့် ထီးခီးတောင်ကြားတွင် တောတောင် ရေတံခွန်များကို ခံစားရင်း လာရောက် ဆော့ကစားနိုင်ပါကြောင်း၊ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှ အနောက်ဘက်သို့ နှစ်နာရီခွဲမျှသာ ခရီးနှင်ရမည် ဖြစ်ကြောင်း ရှန်ဂရီလာ မြန်မာ၏ အင်တာနက် စာမျက်နှာတွင်လည်း အမွန်းတင်ကြော်ငြာထားသည်။ 

ကာစီနို ဖွင့်လှစ်မှု နှင့် ပတ်သက်၍ မေးမြန်းအတည်ပြုနိုင်ရန် ရှန်ဂရီလာက တရားဝင် ထုတ်ပြန်ထားသော တယ်လီဖုန်းများကို Dawei Watch က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။ 
 
ထီးခီးတွင် ကာစီနိုဝိုင်းများ ဖွင့်လှစ် ဆော့ကစားနေသည်မှာ ကြာမြင့်ပြီဖြစ်ကြောင်း ထီးခီးတွင် နှစ်ဆယ်ချီ နေထိုင်လာခဲ့သော ဒေသခံတို့ကဆိုသည်။ ထနောင်စီ အမည်ရ ဗိုလ်ဘချောပိုင် ကာစီနိုမှာ ပထမဆုံး ဖွင့်လှစ်သော လောင်းကစားရုံ တစ်ခု ဖြစ်သည်။ ယင်းနောက် လောင်းကစားရုံ ငါးရုံ အထိ တိုးလာခဲ့သည်။ ယခုအခါ ထိုငါးရုံစလုံး လည်ပတ်ခြင်း မရှိတော့ဘဲ အကြီးဆုံး ကာစီနို ရှန်ဂရီလာတစ်ရုံသာ လည်ပတ်လျက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။ 

ရှန်ဂရီလာမှာ ထိုင်း နယ်စပ်ဂိတ်နှင့် ကပ်လျက် ထီးခီးဆူးလေ ပုံတူစေတီ၏ မျက်နှာချင်းဆိုင် တောင်ကုန်းပေါ်တွင် တည်ရှိသည်။ 

“ရှန်ဂရီလာ ရှိတဲ့ တောင်ကုန်းပေါ် ဒေသခံတွေ ဘယ်သူမှ တက်လို့ မရဘူး”ဟု ထီးခီးဒေသခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရှန်ဂရီလာသို့ အလာများသော ထိုင်းသူဌေးများမှာ နယ်စပ်မှ မော်တော်ကားဖြင့် တိုက်ရိုက်လာရောက်လေ့ရှိကြောင်း ဒေသခံတို့က ဆိုကြသည်။ 

ထီးခီးမြို့ပြစီမံကိန်း တည်ဆောက်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည်။ မြေမြှုပ်မိုင်းများကို ဦးစွာ ရှင်းလင်းပြီး သဘာ၀ပတ်ဝန်းကျင် မထိခိုက်ဘဲ တည်ဆောက်ရန် ထီးခီးမြို့ပြ စီမံကိန်း ရေးဆွဲရေး အစီရင်ခံစာတွင် အကြံပြုထားသည်။ 

ထီးခီးတွင် ယခုကဲ့သို့သော ကာစီနိုဝိုင်းများကို မည်သို့သော တရားဝင်မှုဖြင့် ဖွင့်လှစ်ထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ 

ထီးခီးအပါအဝင် တနင်္သာရီတိုင်းဒေသကြီးတွင် မည်သို့သော ကာစီနိုကိုမျှ ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက Dawei Watch သို့ဖြေကြားသည်။ 

“ထီးခီးနယ်စပ်က ပိတ်ထားတုန်း ရှိသေးတယ်။ ဘယ်သူမှ ဝင်ဖြတ်လာလို့ မရသေးဘူးလေ”ဟု ၎င်းက ဆိုသည်။ 

ထိုကိစ္စနှင့် ပတ်သက်၍ မီဒီယာများ ဆက်သွယ်ရန် KNU တပ်မဟာ (၄) က ထုတ်ပြန်ထားသော တယ်လီဖုန်းသို့ ဆက်သွယ်ရာ ‘ပြောဆိုနိုင်သော လူကြီး မရှိသေး’ ဟု ပြန်လည် ဖြေကြားသည်။ 
 
စစ်အာဏာရှင် စနစ်အမြစ်ပြတ် ဖြုတ်ချရေး ပြတ်ပြတ်သားသား တော်လှန်သွားမည်ဟု ဆိုထားသော KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းများနှင့် စစ်ကောင်စီခန့် တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်းဖွင့်လှစ်ထားသော ကာစီနိုမှာ နယ်စပ်ဂိတ်ဖွင့်ပြီးနောက်ပိုင်း ပိုစည်လာဖွယ်ရှိကြောင်း ထီးခီးနယ်စပ် ကုန်သည်တို့က ခန့်မှန်းကြသည်။  

ရှန်ဂရီလာနှင့် မနီးမဝေးတွင် စစ်ကောင်စီ တပ်စခန်းရှိပြီး ရှန်ဂရီလာကိုမူ KNU တပ်မဟာ (၄) တပ်သားတို့က စောင့်ကြပ်လေ့ရှိသည်။ 

စစ်အာဏာရှင် တွန်းလှန်တိုက်ဖျက်ရေး ကရင်တပ်အတွင်းသို့ ဝင်ရောက်လာသော တပ်သားအချို့မှာ တော်လှန်ရေး အလုပ်မလုပ်ရဘဲ တပ်မှူးများ၏ စီးပွားရေးလုပ်ငန်းများတွင် ထိုသို့ စောင့်ကြပ်ရခြင်းကို စိတ်ပျက်ရကြောင်း ညည်းညူလေ့ရှိသည်ဟု ဒေသခံ ကရင်တိုင်းရင်းသား တစ်ဦးကဆိုသည်။ 

“လက်နက်ကိုင်ပြီး တပ်မှူးတွေရဲ့ သစ်ပုံ၊ မိုင်း (သတ္တုတွင်း) တွေ သွားစောင့်ပေးရတယ်။ အဲဒါ ငါတို့ လုပ်ချင်တဲ့ အလုပ်မဟုတ်ဘူးလေ”ဟု တပ်သား တစ်ဦးကို ကိုးကား၍ ၎င်းက ဆိုသည်။ 

Dawei Watch 

ဆက်ဖတ်ရန် →
အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ဓားပြမှုဖြင့် အိမ်ချိတ်ပိတ်ခံရ၍ ၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို သေသည်အထိ ချစ်ခင်နေဟု မင်းအုပ်စိုး ပြော၊ အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ခေတ်သစ်

ဓားပြမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသော အိမ်ကို စစ်တပ်က  ချိတ်ပိတ်သွားသော်လည်း နောက်ဆုံး ထွက်သက်အထိ စစ်တပ်ကို ချစ်ခင်လေးစားမည်ဟု ယမန်နေ့  လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုသည်။ 

"ဖိုးစိန်လမ်းမှာရှိတဲ့ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရတယ်ဆိုတာ …… မှန်ပါတယ်…… ။ ဘာကြောင့်မို့ ချိတ်ပိတ်ခံရတာလည်းဆိုရင် ……. လွန်ခဲ့တဲ့ (၈) လကျော်တုန်းက ဖြစ်ခဲ့တဲ့ ပြသာနာကြောင့်ပါ ။ ကျွန်တော့်ကိုစွဲခဲ့တဲ့ ပုဒ်မကြောင့်ပါ ။ ကျွန်တော့်ကို တရားစွဲခဲ့ကြတဲ့ ဓားပြမူကြောင့်ပါ ။ အဲ့ဒီချိန်မှာကတည်းက ဒီဓားပြမူကို ကျွန်တော် မကျုးလွန်ခဲ့တာမို့ ရဲစခန်းမှာသွားပြီး အဖမ်းမခံခဲ့ပါဘူး ။ တေးနုယဉ်သေတုန်းက ကျွန်တော့်ကြောင့်သေတာ မှန်ကန်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ရဲစခန်းမှာ သွားအဖမ်းခံခဲ့ပါတယ် ။ ဒီဓါးပြမှုမှာတော့ သူတို့တွေက ကျွန်တော့်ကို မတရားအမှုဆင် စွဲထားကြတာပါ ။ သူတို့စွဲထားတဲ့ ဓားပြမှုဆိုတာကြီးကို ကျွန်တော်နဲ့ ကျွန်တော်ညီတွေ ၊ ညီမတွေ မကျုးလွန်ခဲ့ကြပါဘူး ။ ဒါကြောင့်မို့ ရဲစခန်းမှာ ကျွန်တော်သွားပြီး အဖမ်းမခံနိုင်ပါဘူး ။အချုပ်ထဲဝင်မနေနိုင်ပါဘူး" ဟု မင်းအုပ်စိုးက ရေးသားထားသည်။ 

ဓားပြမှုဖြင့် အမှုဆင် ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ၎င်းကို ချောက်ချသည့် လက်မည်းကြီးများ ရှိနေသည်ဟု မင်းအုပ်စိုးက ဆက်ပြောသည်။ 

"တကယ့် အဖြစ်အပျက်မှန်ကို လူအများသိအောင် ဖွင့်ထုတ်ပြောပြမယ်ဆိုရင် …….. အဲ့ဒီအမှုမှာ ဝင်ရောက်စွက်ဖက် ခဲ့ကြတဲ့သူတွေအဖို့မှာ ရာထူးတွေ ထိခိုက်တော်မူကြပါမယ်တဲ့ ။ ကျွန်တော်ချစ်တဲ့သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် ကျွန်တော့်ကိုစွဲထားတဲ့ အမူနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ အမှန်တရားကို ကျွန်တော်က ရေငုံနေခဲ့ပါတယ် ။ နူတ်ပိတ်နေခဲ့ပါတယ် ။ ဘယ်သူကိုမှလည်းပြောမပြခဲ့သလို ၊ ဘယ်နေရာမှာမှလည်းစာရေးမပြခဲ့ပါဘူး ။
တကယ်ဆိုရင် လွန်ခဲ့တဲ့ ၈ လအကျော်အချိန်မှာ ကျွန်တော် Live လွင့်ခဲ့စဉ်အချိန်တုန်းက ……. သူတို့တွေ စစ်ဆေးခဲ့ချိန်တုန်းက …ကျွန်တော်ဓားပြမတိုက်ခဲ့တာရယ် ဗဟန်းစခန်းက ဒုရဲအုပ်ကျော်ကျော်ဝင်းနှင့်
ရဲအုပ်ထင်အောင်ကျော်တို့ မရိုးသားခဲ့တာရယ် နောက်ကွယ်ကနေ ဖိအားပေး စေခိုင်ခဲ့တာက ဘယ်သူဖြစ်တယ် ဆိုတာရယ် ……. အာလုံးပေါ်လွှင်ခဲ့ပါတယ်ဗျာ" ဟု မင်းအုပ်စိုးက ဆိုသည်။ 

ဓားပြမှုဖြင့် မင်းအုပ်စိုးအဖွဲ့မှ ထွန်းဝင်းဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးထားပြီး ချုပ်နှောင် စစ်ဆေးနေကြောင်း သိရှိရသည်။ 

"ကျွန်တော့်ညီလေး မောင်ထွန်းဝင်းကလည်း ဒီနေ့ဒီအချိန်ထိ အင်းစိန်ထောင်ထဲမှာ ဓားပြမူနဲ့ တရားအစွဲခံထားရတုန်းပါပဲ ။ သူ့ခမျာ အကျဉ်းသားဘဝနဲ့နေရဆဲပါပဲ ။ ကျွန်တော်ကလည်း ဝရမ်းပြေးတစ်ယောက်ဘဝမှာ ကျင်လည်နေရဆဲပါပဲ ။ ဒါ့အပြင် ……. အပိုဆုအဖြစ် ဒီကနေ့မှာ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရပါသေးတယ်" ဟု မင်းအုပ်စိုးက ဆက်ပြောသည်။ 

၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို ဆက်ချစ်နေဆဲဟု မင်းအုပ်စိုးက ဆိုသည်။ 

" မြန်မာတပ်မတော်သားတွေကို ချစ်ခင်နေဆဲပါ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ယုံကြည်အားကိုးနေဆဲပါ ။ နိုင်ငံ့ဝန်ထမ်းတွေကို ချစ်ခင်အားကိုး လေးစားနေဆဲပါ ။ ကျွန်တော့်နောက်ဆုံး ထွက်သက်အထိလည်း မြန်မာ့တပ်မတော်ကြီးနဲ့ မြန်မာ့တပ်မတော်သားတွေအပေါ်မှာ ချစ်ခင်ယုံကြည် အားကိုးလေးစားနေမှာပါ ။ ဒီစိတ်က ဘယ်လို အခြေအနေမျိုးတွေနဲ့ပဲ ကြုံရကြုံရ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး" ဟု မင်းအုပ်စိုးက ဆိုထားသည်။ 

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေသော မင်းအုပ်စိုးသည် အင်းစိန်ကမ်းနားမှ လူမိုက် ထောင်ထွက် ပြည်သူ့စစ်(ခေါ်) ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်၊ ကျင်ဟုတ်တို့နှင့် တစ်ဖွဲ့တည်း ထောင်ထဲတွင် သိကျွမ်းခဲ့ကြရာ ထောင်မှ ပြန်လွတ်လာချိန် အပြင်လောကတွင် တပူးပူးတတွဲတွဲ နေကြကြောင်း သိရှိရသည်။ 

"မင်းအုပ်စိုးကကျော်ဝင်းစိန်က တစ်ဖွဲ့တည်း သူ့ကားအကောင်းစားကြီးကိုကျော်ဝင်းစိန်ကိုပေးထားတာ။ သူ့ဓားမြတိုက်တာ အမှန်ဆို ကျော်ဝင်းစိန်၊ကျင်ဟုတ်တို့ ညီအစ်ကိုတွေနဲ့ တစ်ဖွဲ့တည်းပဲ။ ကျော်ဝင်းစိန်တို့အမျိုးတွေက ထန်းတပင်ဘက်မှာသရက်ခြံနဲ့ငါးကန်တွေရှိတယ်။ ပြီးတော့ရွှေပြည်သာနဲ့ဝါးတစ်ရာဘက်မှာ လည်းကျော်ဝင်းစိန် လူခံတွေရှိတယ်။ အဲဒီဘက်လောက်မှာ မင်းအုပ်စိုး လောလောဆယ်ပုန်းနေတယ်လို့ သိရတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ 

မင်းအုပ်စိုးနှင့် ဆက်စပ်နေသူ လူမိုက်ကျော်ဝင်းစိန်သည် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူး လွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင်  မူးယစ်ဆေးဝါးရောင်း ဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး  အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက  လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင် ဒဏ်  ၆၅ နှစ်၊  ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ် လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ် မြောက် လာသူဖြစ်ကြောင်း သိရှိရသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည်  ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သူထုတ်ဝေသော သရပါ မဂ္ဂဇင်းမှအယ်ဒီ တာ မတေးနုယဥ်ကို သတ်ဖြတ်ခဲ့ပြီး  လူသတ်မှုဖြင့်  ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာခဲ့ပြီး ထောင်မှ လွတ်လာပြီးနောက် ၂၀၂၂ ခုနှစ်တွင်  OASIS တည်းခိုးခန်းကို မင်းအုပ်စိုးနှင့်အဖွဲ့က ဝင်ရောက် ရမ်းကားပြီး ရိုက်နှက် ဓားပြတိုက်ကြောင်း သိရှိရသည်။ 

ယင်းနောက် အရိုက်နှက်ခံရသူများက အမှုဖွင့်သဖြင့် မင်းအုပ်စိုးကို ဓားပြမှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့်  ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး တရားရုံးက ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊ သို့ရာတွင် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဗဟန်းမြို့နယ်၊ ဖိုးစိန်နေအိမ်ကို ယမန်​နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က ချိတ် ပိတ်လိုက်ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- မင်းအုပ်စိုးနှင့် လူမိုက် ထောင်ထွက် ကျော်ဝင်းစိန် ထောင်မှ လွတ်ပြီးနောက် တွေ့ရစဉ်။


ဆက်ဖတ်ရန် →
သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ ထုတ်ပေး၊  ကျောက်ပန်းတောင်းတွင် ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက  ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင်ဆောင်ခွင့် လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ တပ်ဆင် ထုတ်လုပ်ပေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့သည် စစ်တပ်က ထုတ်လုပ် ပေးသည့် ပစ္စတို သေနတ်များ စတင်ရရှိနေကြပြီး လက်နက်ငယ် ပစ်ခတ်မှု သင်တန်းကို ရက်တို ပုံစံဖြင့် သင်ကြား နေကြရကြောင်း သိရှိရသည်။ 

"လှိုင်သာယာနဲ့ သာကေတ ဘက်က ရပ်ကွက် လူကြီးတချို့ ပစ္စတိုတွေ စရတယ်။ အခြားမြို့နယ်က ရပ်ကွက်လူကြီးတွေ ရ၊ မရတော့ မသိသေးဘူး။ လှိုင်သာယာဘက်နဲ့ သာကေတ ဘက်တော့ ပစ္စတိုလေးတွေ အုပ်ချုပ်ရေးမှူးတချို့ရနေကြပြီ။ အဲဒါ လျှောက်လွှာတင်စရာမလိုဘဲ ထုတ်ပေးတာလို့ သိရပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ် တစ်ခုက ပြောသည်။ 

အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုုပ်ရေးမှူးတချို့ကိုလည်း စစ်ကောင်စီက လက်နက် ငယ်များ ထုတ်ပေးသည်ဟု သိရှိရကြောင်း ဒေသပြည်သူတချို့က ပြောသည်။ 

"ပြည်မြို့မှာ ဒလန်တွေလည်း ပေါ၊ ပျူစောထီးတွေလည်း ပေါတယ်။  ဒီကောင်တွေလက်နက်မရှိတဲ့အချိန်တောင် မြို့ပြ ပျောက်ကျားလုပ်ဖို့ ခက်ခဲနေတာ။  အခုလည်း စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေကို လက်နက်ချပေး နေပြန်တော့ ပိုပြီး ဖိနှိပ်ခံရမှာ စိုးရိမ်တယ်။ နေသာလို နေကြတော့ အသေ နာကြရမယ့်  အခြေအနေ ဖြစ်နေတယ်" ဟု ပြည်မြို့သားတစ်ဦးက ဆိုသည်။ 

ထို့ပြင် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်ရဲမှူးနှင့် စခန်းမှူးက ကျောက်ပန်းတောင်းမြို့နယ် လ၀က ဦးစီးမှူးကို သေနတ်ပစ် သင်ပေးစဉ် လ၀က ဦးစီးမှူး၏ ပေါင်ကို သေနတ်ကျည်ထိမှန်ပြီး အရိုးအတွင်းအထိ အက်ကျိုး သွားသဖြင့်  သိရှိရသည်။ 

"ဒီလ ၁၂ ရက်နေ့  လ၀ကမှ ဦးစီးမှူး၊ ကျောက်ပန်းတောင်း ရဲမှူး နှင့် စခန်းမှူးတို့က  Home Tea Shop မှာ လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့ မြို့နယ်ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်းသင်ပြပေးတယ်။ လ၀ကဦးစီးမှူးက စစ်တပ်က ထုတ်ပေးထားတဲ့ လက်နက်ရထားတယ်။ အဲဒီလို သေနတ်ပစ်နည်း သင်ပြနေတုန်း ကျည်က ထွက်သွားပြီးတော့ လ၀က ဦးစီးမှူးရဲ့ ပေါင်ကိုမှန်၍ ပေါင်အရိုး အက်ကျိုးသွားတယ်။ အခုက လ၀က ဦးစီးက မိထ္ထီလာစစ်ဆေးရုံမှာ ပို့ထားရတယ်" ဟု ကျောက်ပန်းတောင်းမြို့မှ ပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် ပြည်ထဲရေးဝန်ကြီးဌာနထံသို့ မဘသများ၊ ကြံ့ဖွတ်ပါတီဝင်များ၊ အမျိုးသားရေး အစွန်းရောက်များ၊ စစ်မှု
ထမ်းဟောင်းများက လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားမှုများပြားလျက်ရှိပြီး စစ်ကောင်စီက ယခုလဆန်းပိုင်းတွင် လက်နက်ကိုင်ဆောင်ခွင့်လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ 

ဓာတ်ပုံ- ယမန်နှစ် ရေစကြိုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိကိုင်ဆောင်သော ပစ္စတို တစ်လက်ကို တိုက်ပွဲအတွင်း  သိမ်းဆည်းရရှိမိခဲ့စဉ်။



ဆက်ဖတ်ရန် →
ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ

ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ



ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၁၈ ရက်       
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ 

စစ်ကောင်စီမှ သေနတ်ထုတ်ပေးထားပြီး ရာအိမ်မှူး လုပ်နေသူ ဇော်ဝင်းထွန်းဆိုသူအား ၇၉ လမ်းထောင့်တွင် ပစ်ခတ်ရှင်းခင်းခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။         
          
" သူက ဆယ်အိမ်မှူးကနေ ရာအိမ်မှူးဖြစ်တာ မကြာသေးဘူး၊ သူ့ကို ၇၉ လမ်းရှိ ပညာပျိုးခင်း ထောင့်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ သူ့ဆီက လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ ငွေသားနဲ့ဖုန်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်၊ သူ့အလောင်းကို စစ်ကောင်စီက လာသယ်ပြီးစစ်ဆေးနေတေယ်လို့တော့သိတယ်"ဟု အောင်စည်တော်အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

နောင်တွင်လည်း စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေသည့် စစ်ကောင်စီဒေါက်တိုင်မည်သူကိုမဆို အောင်စည်တော်အဖွဲ့အနေဖြင့် ဆက်လက်ရှင်းလင်းသွားမည်​ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။      
          
ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖော်ဝါရီ ၄ ရက်နေ့များတွင် အောင်စည်တော်စစ်ဆင်ရေးအဖြစ် ပြည်ကြီးတံခွန်မြို့နယ်ရှိ ရာအိမ်းမှူး ခင်မောင်နှင့် အုပ်ချုပ်ရေးမှူး သာဌေး ဆိုသူများကို သုတ်သင်ရှင်းလင်းခဲ့ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။

#ချမ်းမြသာစည် #သေနတ်ကိုင်ခွင့်ရ #ရာအိမ်မှူး #ရှင်းလင်းခံရ #သေနတ် #သိမ်းဆည်းရရှိ
#Ayeyarwaddy_Times
ဆက်ဖတ်ရန် →
ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်၊ရေတော်မူရွာအကြမ်းဖက်

စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျခဲ့

ကြောင်းဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်

 မီဒီယာသို့ပြောဆိုသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့

တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၃၂လုံးပြာကျခဲ့ကြောင်း သိရသည်။ " ရေတော်မူရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရွာကို ဝင်စီးပြီး မီးရှို့တာပဲပြည်သူပိုင် နေအိမ် ၃၂ လုံး

ပြာကျခဲ့တယ်။ ပြည်သူတွေကတော့ အချိန်မီ ရှောင်ရှား

နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။















စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်း

ဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီးပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။ " ရေတော်မူရွာနားမှာ တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေက ရွာကို ဝင်စီးပြီး မီးရှို့တာပဲ ပြည်သူပိုင် နေအိမ် ၃၂ လုံးပြာကျခဲ့တယ်။ ပြည်သူတွေကတော့ အချိန်မီ ရှောင်ရှားနိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။


ဆက်ဖတ်ရန် →