နောက်ဆုံးရ
မြင့်မြတ် လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရ

မြင့်မြတ် လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရ

ဘီးလင်းမြို့ပေါ်၌ စတိုးဆိုင်ပိုင်ရှင် လုပ်ကြံခံရ 


YT 


မဇ္ဈိမ။     ။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းတိုက်နယ်၊ ကရင်စုလမ်းထိပ်နေ ဦးမြင့်မြတ်သည် ၎င်း​၏ဆိုင်အတွင်း သေနတ်ဖြင့် လုပ်ကြံခံရပြီး လည်ပင်းနှင့် အဆုတ်တွင် သေနတ်ထိမှန်ဒဏ်ရာရကြောင်း သိရသည်။ 


" ဆိုင်ကယ်ပေါ်ကပစ်ရာကနေ ဆိုင်ထဲထိ လိုက်ပစ်တယ်ပြောတယ်။ ငါးချက်ပစ်ခံရတယ်ပြောပေမယ့် ငါးချက်လုံးတော့ မထိဘူး။ အဆုတ်ထဲမှာတော့ ကျည်ဒဏ်ရာတွေ့တယ်ပြောတယ်"  ဟု ဦးမြင့်မြတ်နဲ့ နီးစပ်ရာအသိုင်းအဝိုင်း က မဇ္ဈိမကို ပြောသည်။ 


"ကျော်ကျော်" အမည်ဖြင့် စတိုးဆိုင်ဖွင့်ထားသော အသက် ၃၆ နှစ်အရွယ်ရှိ ဦးမြင့်မြတ်အား ဖေဖော်ဝါရီလ ၁၄ရက်နေ့ ညနေ ၄ နာရီအချိန်၎င်း​၏ ဆိုင်ရှေ့တွင် ဆိုင်ကယ်နှစ်စီးဖြင့် အင်္ကျီဆင်တူဝတ်ထားသော လူငယ် လေးယောက်ဝင်လာပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းခြစ်သည်။ 


သေနတ် ငါးချက်ပစ်ခံရပြီး လည်ပင်းတွင်တစ်ချက်၊ အဆုတ်အတွင်းတစ်ချက် သေနတ်ထိမှန်ဒဏ်ရာရကာတောင်စွန်းတိုက်နယ်ဆေးရုံမှတစ်ဆင့် မော်လမြိုင်ကုတင် ၃၀၀ ဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။ 


"သူက နဂိုကတည်းက ရဲတွေ စစ်သားတွေနဲ့ အရမ်းပေါင်းပြီး အသွားအလာအရမ်းလုပ်တာတော့ တွေ့ရတယ်၊ သူ့မိန်းမက ကျောင်းဆရာမပဲ၊ ဒီကာလမှာတော့ ကျောင်းသွားတာ မတွေ့ရဘူး" ဟု နီးစပ်ရာ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 


ဦးမြင့်မြတ်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၏ ရပ်၊ကျေး စည်းရုံးရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး ၎င်း​၏ အစ်ကိုသည် ယခုလက်ရှိနေပြည်တော်တွင် တာဝန်ကျနေသော စစ်ကောင်စီတပ်မှထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း နောက်ထပ်ဒေသခံတစ်ဦးထံမှ သိရသည်။ 


ဆိုင်ကယ်နှစ်စီးဖြင့် ပစ်ခတ်သွားသော လူငယ်လေးဦးသည် မည်သူမည်ဝါဖြစ်သည်ကို ယခုချိန်ထိ မသိရသေးချေ။ ဦးမြင့်မြတ် လုပ်ကြံခံရသော ကိစ္စနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တစ်စုံတစ်ရာထုတ်ပြန်၊ 

ပြောကြားထားခြင်းမရှိသေးကြောင်း သိရသည်။ 


ပြီခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ည ၁၀ နာရီတွင် ဘီးလင်းမြို့ (၃) ရပ်ကွက် (၁) လမ်းရှိ နေအိမ်တစ်လုံးရှေ့၌ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အထိအခိုက်မရှိကြောင်း သိရသည်။ 


စာတည်း - သန့်ဇော်(သန်လျင်) 


#mizzima

#ဘီးလင်းမြို့

#စတိုးဆိုင်ပိုင်ရှင်

#လုပ်ကြံ

#ဒေသကာကွယ်ရေးတပ်ဖွဲ့




ဆက်ဖတ်ရန် →
ကရင်ပြည်နယ်တွင် တော်လှန်ရေး အင်အားစုများ၏ နယ်မြေကျယ်ပြန့်လာ၍ စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဟုဆို

ကရင်ပြည်နယ်တွင် တော်လှန်ရေး အင်အားစုများ၏ နယ်မြေကျယ်ပြန့်လာ၍ စစ်ကောင်စီ ထိန်းချုပ်နိုင်ခြင်းမရှိတော့ဟုဆို

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီလ ၁၆ ရက်


ကရင်ပြည်နယ်ရှိ တိုက်ပွဲများအတွင်း သေဆုံးဒဏ်ရာရမှု များပြားလာသည့် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များသည် အမိန့်နာခံခြင်းမရှိတော့ဘဲ တပ်တွင်း ပုန်ကန်မှုများ ပြုလာသလို စစ်ကောင်စီအနေဖြင့်လည်း နယ်မြေမထိန်းချုပ်နိုင် တော့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးလေ့လာသူများကပြောသည်။


စစ်ကောင်စီသည် ၎င်း၏ တပ်အင်အားကို တိုးချဲ့ခြင်း၊ စစ်ရေးလှုပ်ရှားမှု ပိုမို လုပ်ဆောင် ခြင်းများရှိလာသည့်အတွက် အာဏာသိမ်း ၂ နှစ်အတွင်း ကရင်ပြည်နယ်တွင် တိုက်ပွဲပေါင်း ၈၀၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၆၈၇၆ ဦး သေဆုံးကာ ၅၅၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကဖေဖော်ဝါရီ ၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။


"ကရင်ပြည်နယ်အတွင်းမှာ ထိုင်း - မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း တွေရှိတယ်။ ဒီအတွက်ကြောင့်စကစ(စစ်ကောင်စီ)ဟာ ကရင်ပြည်နယ်ကို တော်ရုံနဲ့ လက်လွှတ်မခံချင်ဘူး။ ဒါပေမယ့်လည်း ကရင်ပြည်နယ်မှာတော်လှန်ရေး အင်အားစု တွေရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာနေတာကိုလည်း စကစ အနေနဲ့ မထိန်းနိုင်တော့ဘူး။ရှေ့လျှောက်လည်း ကရင်ပြည်နယ်အတွင်းမှာ KNU + PDF ထိန်းချုပ်နယ်မြေဟာ ဒီ့ထက်ပိုပြီး ကျယ်ပြန့်လာဖို့ပဲမြင်ပါတယ်" ဟု CDM ဗိုလ်ကြီး Victor က ဧရာဝတီတိုင်းမ်ကို ပြောသည်။


အာဏာသိမ်း စစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် နောက်ထပ် ၆ လသက်တမ်းတိုး အာဏာကိုထပ်မံရယူခဲ့ပြီး ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် မြို့နယ် ၃၇ မြို့ နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာကာ အကြမ်းဖက် လုပ်ရပ်များနှင့် စစ်ကြောင်းထိုးမှုများ ပိုမိုပြုလုပ်လာသည်။


"အကြမ်းဖက် စစ်ကောင်စီက အုပ်ချုပ်ရေးအပိုင်းမှာဆိုရင် စစ်အုပ်ချုပ်ရေးတွေ ပြန်လုပ် ရတာရှိတယ်။ အဲ့ဒါတစ်တိုင်းပြည်လုံး အနေအထားနဲ့ဆိုရင် မြို့နယ်တော်တော် များများမှာ တွေ့ရတယ်။ အဲ့ဒါက ဘာကိုဖော်ပြနေလဲဆိုတော့ အရင်တစ်ခါမှ မဖော်ပြခဲ့ဖူးတဲ့ နယ်မြေထိန်းချုပ်မှုအပိုင်းမှာ သူက(စကစ) ပိုင်ပိုင်နိုင်နိုင်ထိန်းချူပ်နိုင်မှုမရှိဘူးဆိုတာ ဖော်ပြလိုက်တာပဲ။ အဲဒါက အဓိကအချက်ပဲ" ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကဧရာဝတီတိုင်းမ်ကို ပြောသည်။


ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေ၊ ဖာပွန်ခရိုင်၊ မဲသလောက် စစ်အခြေစိုက်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့သည်။


ထိုသို့ သိမ်းပိုက်ခံရမှုကို ပြန်လည်တိုက်ယူရန်အတွက် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ-၈)တပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးမှုအပေါ် အမှတ် (၄၀၃) ခြေမြန်တပ်ရင်း ခမရ(၄၀၃) မှယာယီတပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးက ငြင်းဆန်ပုန်ကန်ခဲ့ကြောင်း စစ်ကောင်စီတပ်အသိုင်းအဝိုင်းထံက သိရသည်။


ကရင်ပြည်နယ်၊ KNU တပ်မဟာ (၅) နယ်မြေတွင် ရှေ့တန်းတာဝန် ချထားခံရပြီး အမိန့်မနာခံဘဲ စစ်တိုက်ရန်ငြင်းဆန်ပုန်ကန်ခဲ့သူများမှာ ခမရ(၄၀၃) တပ်ရင်းမှ ယာယီတပ်ရင်းမှူး စစ်တက္ကသိုလ်(DSA အမှတ်စဉ် ၄၆ ဆင်း) ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်၊ ဒုတပ်ရင်းမှူး (DSA အမှတ်စဉ် ၄၇ ဆင်း) ဗိုလ်မှူး သန်းနိုင်အေး၊ တပ်ခွဲမှူး(DSA အမှတ်စဉ် ၄၈ ဆင်း) ဗိုလ်မှူး နိုင်နိုင်ဇော်တို့ဖြစ်ကြောင်း သိရသည်။


အမှတ် (၄၀၃) ခြေမြန်တပ်ရင်း ခမရ(၄၀၃)သည် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့ အခြေစိုက် တပ်ရင်းဖြစ်သည်။


"ဒီနောက်ပိုင်းမှာ ခြေလျင်ခြေမြန်တပ်ရင်းတွေ အမိန့်မနာခံတဲ့အကြောင်းတွေ၊ အာဏာ ဖီဆန်တဲ့သတင်းတွေ ကြားလာရတယ်။ တပ်တည် တပ်လှုပ်အမိန့်တွေကို မနာခံတော့ တာတွေ ကြားလာရတယ်။ အဓိကကတော့ စစ်ထွက်မတိုက်ရဲတော့တာပေါ့။ နိုင်လို စိတ်ကင်းမဲ့ပြီး စိတ်ဓါတ်ပျက်ပြားသွားကြတာမျိုး။ ဒါဟာ EROs နဲ့ PDF တွေရဲ့ စစ်ရေးဖိအားတွေကြောင့်ပါပဲ။ ဘယ်အချိန် ကောင်းကင်ပေါ်က ကျလာမှန်းမသိနိုင်တဲ့ ဒရုန်းဗုံးတွေ၊ ဘယ်အချိန်ခေါင်းထဲဝင်လာမလဲ စနိုက်ပါကျည်တွေဟာ စကစတပ်သား တွေအဖို့ နေ့နေ့ညည ခြောက်ခြားစရာ တွေပါပဲ။စစ်တပ်ဟာ အမိန့်နာခံမှုနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အထက်ကအမိန့်ပေးလာရင် ရေဗူးပေါက်လည်းရေပါအောင်သယ်ပေးရတဲ့ အဖွဲ့အစည်းမျိုး။ ဒီလိုအဖွဲ့အစည်းမျိုးက အထက်အောက် အမိန့်နာခံမှု မရတော့ဘူးဆိုမှတော့ ဒီအဖွဲ့အစည်းဟာ အ‌တော်လေးယိုင်နဲ့နေပြီဆိုတာ ပြသနေတာပါပဲ" ဟု CDM ဗိုလ်ကြီး Victor ကပြောသည်။


လက်ရှိတွင် အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့သည့် ခမရ-၄၀၃ တပ်ရင်းမှ ယာယီတပ်ရင်းမှူးဒုဗိုလ်မှူးကြီး/ဗိုလ်မှူး အပါအဝင် ဗိုလ်မှူး ၃ ဦးကို မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တွင် ယခုလ ဒုတိယအပတ်အတွင်းမှ စတင်၍ စစ်ခုံရုံးဖွဲ့ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီ တပ်အသိုင်းအဝိုင်းထံက သိရသည်။


"ဒီလိုအခြေအနေမျိုး ဖြစ်လာပြီဆိုရင် တပ်ထဲမှာလည်း ဖရိုဖရဲဖြစ်နေတယ်။ နယ်မြေတွေမှာလည်း တစ်နေရာနဲ့တစ်နေရာ မတူဘဲနဲ့ ဒီလိုမျိုး စစ်အုပ်ချုပ်ရေးတွေ လုပ်နေရပြီဆိုရင် အခြေအနေ တော်တော်ဆိုးနေပြီလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ သေချာပြောလို့ရတာက ၂၀၂၃ မှာတော့ နိုင်ငံရေးအရရော၊ စစ်ရေအရရော ထူးထူးခြားခြားတော့ တစ်ခုခုတော့ ဖြစ်ကိုဖြစ်မယ်ဆိုတာ ပြောလို့ရတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်မယ်ဆိုတာတော့ ကျွန်တော်တို့ပြောလို့မရပါဘူး" ဟု KNU ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။


ထို့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ကလည်း ဖာပွန်ခရိုင်အတွင်း ရှေ့တန်းထွက်နေသည့် စကခ(၈) လက်အောက်ခံ အမှတ် (၄၀၅) ခြေမြန်တပ်ရင်း ၊ ခမရ (၄၀၅) ကို စစ်ကောင်စီ၏ ခြေကုပ်စခန်းဖြစ်သည့် မဲဝိုင်စခန်းအား သွားရောက်ရန် စကခမှူး ဗိုလ်မှူးချုပ် အေးမင်းဦးက အမိန့်ပေးခဲ့သည်။


အဆိုပါအမိန့်ကို ခမရ (၄၀၅) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူး ဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူးဗိုလ်မှူး/ဗက (မကြာမီ ဗိုလ်မှူးရာထူး တိုးမြှင့်ခံရမည့် ဗိုလ်ကြီး ကြည်သာဖြိုး) တို့က လိုက်နာခြင်းမရှိဘဲ အာဏာဖီဆန် ငြင်းဆိုခဲ့သည့်အတွက် စစ်ကောင်စီက နောက်တန်းပြန်ခေါ်ကာ စစ်ခုံရုံးဖွဲ့ အရေးယူမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။


"အခုဖြစ်တဲ့ ဖြစ်စဉ်ကတော့ ဒုတိယကမ္ဘာစစ်တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုး ဖြစ်နိုင်တယ်။ ဘာလည်းဆိုတော့ ဂျာမနီက အကျဘက်ရောက်လာတဲ့အခါ ဒီလိုပဲ မြို့တွေရွာတွေကို မီးတိုက် မီးရှို့တယ်။ မီးရှို့တော့ ခိုင်းတဲ့ဗိုလ်ချုပ်တွေက အရင်တုန်းကတော့ သူတို့စကားကို တတွေမတိမ်း နားထောင်တဲ့သူတွေ နောက်ပိုင်း သူတို့ဟာ တရားခံဖြစ်တော့မယ်ဆိုတာ သူတို့သိတယ်။ ဒီလိုမီးရှို့တာတို့ လုပ်ခဲ့တာတို့ကို ပြည်သူတွေက မုန်းပြီး သူတို့ တရားခံဖြစ်တော့မယ်ဆိုတာ သိလာတယ်။ ဒီတော့  သူတို့စိတ်ထဲမှာ အရူးကို ငါတို့ ခေါင်းဆောင်တင်မိလိုက်လို့ ဒီလိုဖြစ် နေတာဆိုပြီးမြင်မိလာတော့ အဲဒီမှာ တပ်တွင်းပုန်ကန်မှုရော၊ တချို့က အမိန့်မနာခံတာရော အကုန်လုံးပါလာတာပေါ့နော်။ အခုအခြေအနေက အာဏာရှင်ကျဆုံးဖို့ကို တွန်းပို့နေ တာဖြစ်တယ်။ သေမယ်ဆိုတာ သိနေတော့ သူတို့(စကစတပ်ဖွဲ့ဝင်များ) ဘယ်သွား တိုက်တော့မလဲ။ မြင်လာပြီလေ၊ သိလာပြီလေ" ဟု အမည်မဖော်လိုသူ ကရင် ဝါရင့်နိုင်ငံရေးသမား တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။


စစ်ကောင်စီဘက်တွင် တစ်နေ့တခြား တပ်သားအင်အား နည်းပါးလာနေသော်လည်း  တော်လှန်ရေးအင်အားစုဘက်တွင်မူ လက်နက်တပ်ဆင်ပေးနိုင်ပါက အင်အားများစွာ ရှိလာလိမ့်မည် ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် KNU ထိန်းချုပ်နယ်မြေ အများစုကို ရေရှည် မတောင့်နိုင်တော့ဘဲ လက်လွှတ်ရလိမ့်မည်ဟု ၎င်းက ဆက်လက်ပြောသည်။


စစ်ကောင်စီသည် ၎င်းတို့၏ တပ်သားများကို မူးယစ်ဆေးဝါး သုံးစွဲစေ၍ စစ်တိုက်ခိုင်းခြင်းဖြစ်သည်ဟုကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေရှိ Local PDF တပ်ဖွဲ့တစ်ဖွဲ့၏  NDN တပ်ဖွဲ့ ခေါင်းဆောင် ကိုဩဇာကဧရာဝတီတိုင်းမ်သတင်းဌာနကို ဖြေကြား သည်။


"သူတို့(စကစ)တွေက ရှေ့တန်းမှာဆိုရင် လေယာဉ်မပါရင် စစ်မတိုက်တတ်တော့ဘူး။ စစ်တိုက်ရင် လေယာဉ်ကိုတအားမျှော်တယ်။ လေယာဉ်မလာဘူးဆိုရင် တပ်တွင်း ပုန်ကန်တာထက် ပြေးတာပေါ့နော်။ လက်နက်ချတာတွေနဲ့CDM လုပ်လာတာတွေလည်း အရမ်းများလာတယ်။ ကျွန်တော်တို့ ကရင်ပြည်နယ် နယ်စပ်မှာဖြစ်တဲ့ တိုက်ပွဲတွေမှာဘယ်လိုဖြစ်နေသလဲဆိုတော့ သူတို့(စစ်ကောင်စီတပ်သား)တွေကို မူးယစ်ဆေးဝါး ကျွေးထားတယ်။ သူတို့မှာကလက်နက်ခဲယမ်းရှိတော့ မူးယစ်ဆေးဝါး အဓိကစုတယ်။ မူးယစ်ဆေးဝါးမရှိရင် လက်နက်ချတယ်။ ကြောက်သလိုလို ရဲသလိုလိုနဲ့ ကြောင် တောင်တောင်တွေ ဖြစ်နေကြတယ်။ သူတို့(စကစ)ရဲ့ ထိန်းချုပ်နိုင်မှုက မြို့ပေါ်နဲ့ သူတို့ဗျူဟာ အနီးစပ်ဆုံးရှိတဲ့ နေရာပဲရှိတော့တယ်။ တချို့နေရာတွေမှာ အရန်သဘော မျိုးလောက်ပဲ ရှိတော့တယ်" ဟုကိုဩဇာက ဆိုသည်။


#ကရင်ပြည်နယ် #တော်လှန်အင်အားစု #နယ်မြေကျယ်ပြန့် #စစ်ကောင်စီ #ထိန်းချုပ်နိုင်ခြင်းမရှိ#Ayeyarwaddy_Times



ဆက်ဖတ်ရန် →