နောက်ဆုံးရ
စစ်တပ်ရက်စက်မှု စစ်ရာဇဝတ်မှုအဆင့်ရောက်ဟု သတင်းတစ်ရပ် ဖော်ပြ

စစ်တပ်ရက်စက်မှု စစ်ရာဇဝတ်မှုအဆင့်ရောက်ဟု သတင်းတစ်ရပ် ဖော်ပြ

ဒေသခံပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုက စစ်ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေတဲ့အကြောင်း ဗာတီကန်အခြေစိုက် သတင်းတစ်ခုက ဖော်ပြပါတယ်၊


ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)RFA

2023-02-13




၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ 

ရက်နေ့က ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတချို့။ Reuters

မြို့နယ် ၃၇ မြို့နယ်ကို အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးဒေသတွေအဖြစ် ကြေညာထားပြီး ဒေသခံပြည်သူတွေအပေါ် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု စစ်ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေကြောင်း ဗာတီကန်အခြေစိုက် Agenzia Fides သတင်းက ဖော်ပြပါတယ်။

မြန်မာနိုင်ငံတစ်ဝန်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကြားက ပြည်သူ့ကာကွယ်ရေး အမာခံနယ်မြေတွေမှာ အရပ်ဘက်ပြည်သူတွေအပေါ် အာဏာသိမ်းစစ်ကောင်စီက ပိုမိုပြင်းထန်တဲ့ မာရှယ်လော စစ်အုပ်ချုပ်ရေးကြေညာချက်ထုတ်ပြန်ခဲ့တာနဲ့အတူ ပြည်သူတွေအပေါ် စစ်တပ်ရဲ့ဖိအားဟာ ပိုမိုပြင်းထန်ခဲ့ပါတယ်။

နေရာပြောင်းရွှေ့ခံခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေရဲ့ဆင်းရဲဒုက္ခကလည်း ဆိုးရွားလွန်းလှပြီး ဒေသခံပြည်သူတွေအပေါ် စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုက စစ်ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေကြောင်း၊ ဗာတီကန်အခြေစိုက် Agenzia Fides သတင်းက ဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ တိုးမြှင့်လိုက်ပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတတစ်ဝန်း မြို့နယ် ၃၃၀ ထဲက ၆၅ မြို့နယ်မှာ တရားဥပဒေစိုးမိုးရေး ပြန်လည်ဖော်ဆောင်မှာဖြစ်ကြောင်းဒါ့ပြင် အတည်ပြုပြီးဆောင်ရွက်ချက် အစီအစဉ်တွေနဲ့အတူ ဒေသန္တရအုပ်ချုပ်ရေးမြို့သစ် ၃၇ ခု တရားဝင်ပြဋ္ဌာန်းမှာဖြစ်ပြီး ဒေသဆိုင်ရာတပ်မှူးတွေရဲ့တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ်မှာ ရန်ကုန်၊ မန္တလေး နဲ့ ချင်းပြည်နယ်တွေထဲက တချို့နေရာတွေကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း စစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ တိုးမြင့်လာခဲ့တဲ့အတွက် နောက်ထပ် ပြည်သူခြောက်ထောင်ဝန်းကျင် အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း စစ်အုပ်ချုပ်ရေးကြေညာချက် ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ အမှုအားလုံးကိုရုံးတင်စစ်ဆေးမှာဖြစ်ပြီး၊ ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ကြေညာထားပါတယ်။

ဒါ့ပြင် အဲဒီလိုအမှုမျိုးတွေကို သေဒဏ် က လွဲပြီး အယူခံခွင့်မရှိကြောင်း၊ အဲဒီသေဒဏ် အယူခံခွင့်ကိုလည်းဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ထံကို တိုက်ရိုက်တင်ပြရမှာ ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင်းက မြို့နယ် ၃၃၀ မှာ၁၉၈ မြို့နယ် မှာ တည်ငြိမ်အေးချမ်းနေကြောင်း ဒီအတွက် ဆူပူဆန့်ကျင်မှု မှန်သမျှကို တားဆီးဖြိုခွဲဖို့ လိုကြောင်းလည်း စစ်ကောင်စီက ပြောဆိုပါတယ်။

ဒီအတွင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဒီရက်ပိုင်းအတွင်း တွေ့ဆုံပြီး အာဆီယံ ညီလာခံအတွင်း မြန်မာကိစ္စဖြေရှင်းကြဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က အဆိုပြုလိုက်ပါတယ်။ မြန်မာအာဏာသိမ်းစစ်ကောင်စီ ကိုယ်တိုင် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း သဘောတူညီခဲ့တဲ့ အချက်ငါးချက်ပါ ငြိမ်းချမ်းရေးအစီအစဉ် အမြန်ဆုံးအကောင်အထည်ဖော်ရေး ဖြစ်ပါတယ်။ အဲဒီအဆိုကို အာဆီယံကလည်း နိုင်ငံအားလုံးရဲ့ကျယ်ပြန့်တဲ့ သဘောတူညီချက်တရပ်အဖြစ် ကြေညာခဲ့ပါတယ်။

မြန်မာအနေနဲ့ အာဆီယံအဖွဲ့ရဲ့ အစိတ်အပိုင်းဖြစ်နေပေမယ့် ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးအစီအစဉ်ကိုအကောင်အထည်မဖော်ဘဲ ပျက်ကွက်ခဲ့တဲ့အတွက် မြန်မာကို အဆင့်မြင့်ဆွေးနွေးပွဲတွေကနေ ဖယ်ထုတ်ခံထားရတာဖြစ်ကြောင်း Agenzia Fides သတင်းက ဖော်ပြပါတယ်။

ဆက်ဖတ်ရန် →
ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး၊

ခင်ဦးတွင် စစ်အုပ်ချုပ်ရေးကြေညာပြီး ၉ ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်တပ်က မီးရှို့ ဖျက်ဆီး၊

မြောင်မြို့နယ်တွင်လည်း ပြည်သူများ ထွက်ပြေးနေရ 


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်တပ် က ၉ရက်အတွင်း ကျေးရွာ ၇ ရွာထက်မနည်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေ ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံမှ သိရသည်။


ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက မြို့နယ်ပေါင်း ၃၇ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများကို နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုးဝင်ရောက်နေပြီး သေနပ်စိန်ကျေးရွာစောကြီးကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံပြည်သူ ထောင်ပေါင်းများစွာ လည်း စစ်ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အစား၊ အသုံး အဆောင်ပစ္စည်းများလိုအပ်လျက်ရှိကြောင်း သိရသည်။


စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဆောင် မိခင်တွေ၊ သွေးသားနုမိခင်တွေပါတယ်၊ တောထဲမှာ ယာယီထန်း ရွက်တဲထိုးနေကြရတာ၊ အဲဒီထန်းရွက်တဲတွေကိုလည်း စစ်ခွေးတွေက ထပ်မီးရှို့ဖျက်ဆီးတယ်၊ တောထဲ မှာ ဖြစ်သလိုနေရတော့ အစစအရာရာလိုအပ်ချက်တွေဖြစ်ပေါ်နေတယ်၊ နေစရာ၊ စားဝတ်နေရေး အရေး ပေါ်လိုအပ်နေတာပါ၊လူသားချင်းစာနာမှုအကူအညီတွေ ဆက်သွယ်ကူညီပေးကြပါလို့ မေတ္တာရပ်ခံပါ တယ်” ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောကြားသည်။


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာ၊ လောင်းရှည် ကျေးရွာ ပြည်သူပိုင်နေအိမ်များကို အကြမ်းဖက်စစ်တပ်မှ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါစစ် ကြောင်းမှာ လောင်းရှည်ကျေးရွာတွင် ရှိနေသေးသဖြင့် အနီးအနားဝန်းကျင် ကျေးရွာ ၅ ရွာမှ ပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းသိရသည်။


ထို့အတူ မြောင်မြို့နယ်၊ မရိုးကုန်းနှင့် ကျီကုန်းကျေးရွာများသည် မြောင်မြို့နှင့် အလွန်နီးကပ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်များ အချိန်မရွေးဝင်ရောက်လာနိုင်သဖြင့် ဘေးလွတ်ကင်းရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။














ဆက်ဖတ်ရန် →
လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

လက်ပံတန်းမြို့ EPC ရုံးမှ မြို့နယ်အင်ဂျင်နီယာနှင့် ဝန်ထမ်းအချို့ မီတာခ သိန်း ၄၀၀၀ကျော်ကိုယူဆောင်ထွက်ပြေး

ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၁၄ ရက်


ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် လျှပ်စစ်ရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအပါအဝင် ရုံးရှိဝန်ထမ်းအချို့က မီတာဆောင်ထားသည့် ကျပ်ငွေသိန်းပေါင် ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးသွားကြောင်း လက်ပံတန်းမြို့ခံများထံက သိရသည်။


အဆိုပါ မီတာခများ ယူဆောင်ထွက်ပြေးသွားသည့်သူများမှာ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဝေဖြိုးအောင်ဆိုသူမှသိန်း ၁၀၀၀ ကျော်၊ မီတာစာရေး ဖြိုးသက်နောင်ဆိုသူမှ ကျပ်ငွေ သိန်း ၄၀၀ ကျော်၊ မန်နေဂျာ ပေါဦးဆိုသူမှ ကျပ်ငွေသိန်း ၉၀၀၊ သာရဝေါခွဲမှူးဆိုသူမှ ကျပ်ငွေ သိန်း ၁၀၀၀ ကျော်ယူဆောင်ထွက်ပြေးသွားကြောင်း  လျှပ်စစ်ရုံးနှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။


ဒါ့ပြင် လျှပ်စစ်ရုံးမှ လျှပ်စစ်အခြားအဆင့်၀န်ထမ်းများကလည်း ကျန်ရှိနေသည့် မီတာခငွေကြေးများကို ယူ၍ထပ်မံထွက်ပြေးသွားကြကြောင်း EPC ရုံးနှင့် နီးစပ်သူ တစ်ဦးထံကမှ သိရှိရသည်။


ဒါ့ပြင် လက်ပံတန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့် ရုံးရှိဝန်ထမ်းအချို့က မီတာခ ကျပ်ငွေ သိန်း ၁၀၀၀၀ ကျော်ကို ယူဆောင်ထွက်ပြေးခဲ့သော်လည်း ရုံးတွင်း ကျန်ရှိနေသည့် ဝန်ထမ်းများက ဒေသခံပြည်သူများမှ မီတာခပေးဆောင်ခြင်းမရှိ သေးဟုဆိုကာ တရားရုံးမှ ဆင့်ခေါ်စာကို ဖေဖော်ဝါရီ ၁၀ ရက်နေ့စွဲဖြင့် ဆင့်ခေါ်စာပေးပို့လာကြောင်း ဒေသခံများထံမှ သိရှိရသည်။


"စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကစပြီး မီတာမဆောင်ထားတာဆိုပြီး တရားရုံးကဆင့်ခေါ်စာထဲမှာရေးထားတယ်။ ကျွန်မတို့က လတိုင်းဆောင်တယ်။ ဆင့်ခေါ်ခံရတဲ့ ရွာတွေမနည်းဘူး။ လူအယောက် ၁၀၀ကျော်တယ် ဆင့်ခေါ်ခံရတာ။ သမ္မစိတ္တ၊ 

တာဆိပ်ရယ်၊ အခြားရပ်ကွက်က လူတွေရယ် မနည်းဘူး။ ဆောင်ထားတာကို မဆောင်ထားပါဘူးဆို ပြီး အကွက်ဆင်တောင်းတာ။ သူတို့လူတွေ ပိုက်ဆံတွေယူပြီး လိမ်ပြေးတာကိုအထက်ကိုပေးစရာမရှိ တော့ ဆတိုးပြီးကောက်တယ်။ မီးဖြတ်ခံထားရတာတောင် လာဆောင်ခိုင်းတယ်"ဟုဒေသခံအမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။


လက်ရှ်ိမှာ လက်ပံတန်းမြို့တွင် မီတာခများ ယူဆောင်ထွက်ပြေးသွားခြင်းကြောင့် ဒေသခံပြည်သူများထံမှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက တရားရုံးနှင့်ပူးပေါင်းကာ ဖိအားပေးကောက်ခံလျက်ရှိပြီး လျှပ်စစ်၀န်ကြီးဌာနမှလည်း ဖိအားပေး တောင်းခံနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။


#လက်ပန်တန်း #EPC #မြို့နယ်အင်ဂျင်နီယာ #ဝန်ထမ်း #မီတာခ #သိန်း၄၀၀၀ #ယူဆောင်ထွက်ပြေး

#Ayeyarwaddy_Times




ဆက်ဖတ်ရန် →
မင်းလှ PDF တပ်စခန်း တည်နေရာများကို စစ်တပ်ထံ သတင်းပေးခဲ့သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံး

မင်းလှ PDF တပ်စခန်း တည်နေရာများကို စစ်တပ်ထံ သတင်းပေးခဲ့သည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်


ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ PDF တပ်စခန်း တည်နေရာများကို စစ်တပ်ထံ သတင်း ပေးခဲ့သည့် ရာအိမ်မှူး စိုးနိုင်ပစ်ခတ် ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Bago Region PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မင်းလှမြို့နယ်၊ စမ်းဘုတ် ကျေးရွာအုပ်စု၊ ကျွန်းကုန်း‌‌ကျေးရွာမှ အကြမ်းဖက် စစ်ကောင်စီခန့် ရာအိမ်မှူးစိုးနိုင်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။


သေဆုံးသွားသော ရာအိမ်မှူး စိုးနိုင်သည် ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့က ပဲခူးရိုးမ အတွင်းရှိ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စခန်း တည် နေရာများကို  စစ်တပ်ထံ သတင်းပေးခဲ့သူ ဖြစ်ပြီး  စစ်တပ် စီးနင်းတိုက်ခိုက်မှုကြောင့် မင်းလှ PDF မှ တပ်ခွဲမှူး ရဲဘော်ရိုးမ ကျဆုံးခဲ့ကြောင်း၊ စိုးနိုင်သည် စစ်ကောင်စီနှင့်ပူးပေါင်းပြီးသစ်ခိုးထုတ်ခြင်း၊ စစ်ကောင်စီအားကိုးဖြင့် ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ဆဲဆိုကြိမ်းမောင်းခြင်း၊အာဏာပြ၍ အမျိုးမျိုးဖိနှိပ်ခြင်းများကို ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရှင်းလင်းခဲ့​ကြောင်း သိရသည်။


အဆိုပါ ပစ်ခတ်မှုကို မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် သာယာဝတီ ဂဠုန်တပ်ဖွဲ့တို့က ပူးပေါင်းပြီးနန်းထိုက်အောင် စစ်ဆင်ရေးအအဖြစ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရာအိမ်မှူး စိုးနိုင်ထံမှ ငွေ ၁၃၅၀၀၀ ကျပ်နှင့် ဖုန်း ၁လုံးသိမ်း ဆည်းရမိခဲ့ကြောင်း သိရှိရသည်။



ဆက်ဖတ်ရန် →
စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေ

စစ်ကောင်စီ တပ်များတွင် တပ်တွင်းပုန်ကန်မှုများ ဆက်တိုက် ဖြစ်နေ

 ခမရ ၄၀၃ မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးဇော်၊ဗိုလ်မှူး သန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်မှုဖြင့် ဖမ်းဆီးအရေးယူ


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ခေတ်သစ်

 

အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို အမိန့်မနာခံမှု၊ စစ်တိုက်ရန် ပုန်ကန်ငြင်းဆန်မှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။ 

ခမရ ၄၀၃ သည် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အခြေစိုက် တပ်ဖြစ်ပြီးကရင်ပြည်နယ်၊KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်း တာဝန်ချထားခံရသည့် တပ်ဖြစ်သည်။ 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေရှိ မဲသလောက် စစ်တပ်စခန်းကိုKNLA ၊ PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းကို ပြန်လည် သိမ်းယူရန် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူး နိုင်နိုင်ဇော်တို့ကို တိုင်းစစ်ဌာနချုပ်က အမိန့်ပေးရာတွင် အဆိုပါ အရာရှိ ၃ ဦးက  အမိန့်မနာခံဘဲ စစ်တိုက်ရန် ငြင်းဆန်ပုန်ကန်ခဲ့ကြကြောင်း သိရှိရသည်။ 

ထို့ကြောင့် ခမရ ၄၀၃ မှ ယာယီတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးဇော်၊ ဗိုလ်မှူးသန်းနိုင်အေး၊ ဗိုလ်မှူးနိုင်နိုင်ဇော်တို့ကို စစ်တပ်က ဖမ်းဆီးထားပြီး တပ်တွင်း ပုန် ကန်မှုဖြင့် အရေးယူထားကြောင်း သိရှိရသည်။ 

စစ်တပ်က ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး ပြည့်ဖြိုးမောင်ကို စအရ ၉၀၄ တပ် တွင်လည်းကောင်း၊ ဗိုလ်မှူး သန်းနိုင်အေးကိုမဆရ ၅ တပ်တွင်လည်းကောင်း၊ ဗိုလ်မှူးနိုင်နိုင်ဇော်ကို ခမရ ၁၀၂ တပ်တွင်လည်းကောင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် ရှေ့တန်းတာဝန်ကျနေသည့် ခမရ ၄၀၃ တပ်သည် စစ်သားအများအပြား ထွက်ပြေးခဲ့ကြသည့် တပ်ရင်းတပ်ဖွဲ့တစ်ခုလည်းဖြစ်သည်။  

ထို့ပြင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ခမရ ၄၀၅ မှ  တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး လှိုင်မင်းထွဋ်၊ ဒုတပ်ရင်းမှူးဗိုလ်မှူး ၀ဏ္ဏနှင့် တပ်ခွဲမှူး ဗိုလ်မှူး ကြည်သာဖြိုးတို့က  KNU တပ်မဟာ ၅ နယ်မြေ မဲ၀ိုင်စခန်းသို့ ပြောင်းရွှေ့ရန်ထိပ်ပိုင်း စစ်ဗိုလ်ချုပ်များ၏ အမိန့်ကို ငြင်းဆန်ခဲ့ကြသဖြင့်  တပ်တွင်း ပုန်ကန်မှု ပြုလုပ်သည်ဟုဆိုကာ  အဆိုပါအရာရှိ ၃ ဦးလုံးကို စစ်တပ်က ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်ထားကြောင်း သိရှိရသည်။ 



ဆက်ဖတ်ရန် →