နောက်ဆုံးရ
KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ

KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ


BBC
တပ်မဟာ ၄ နယ်မြေမှာ KTLA က ဗိုလ်စောအယ်ခွီး ဦးဆောင်နေပါတယ်


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး- KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်လိုက်တဲ့ ကော်သူးလေတပ်မတော်နဲ့ KNU တပ်မဟာ ၄ အောက်က တပ်ဖွဲ့တွေကြား စွပ်စွဲချက်တွေနဲ့ နှစ်ဖက်တင်းမာမှုတွေ ဆက်ရှိနေပါတယ်။
အငြင်းပွားဖွယ်ရာ လူအစုလိုက်သတ်ဖြတ်မှုနဲ့ KNU ကနေ ရာထူးတာဝန် ရပ်စဲခံလိုက်ရပြီးနောက် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့- KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်-KTLAကို ပြီးခဲ့တဲ့နှစ်၊ ဇွန်လမှာ ဖွဲ့စည်းခဲ့တာပါ။
စောနယ်ဒါးမြက ဒီ KTLA တပ်ကိုတည်ထောင်ပြီးနောက်ပိုင်း တနင်္သာရီတိုင်း အတွင်းက ထီးမုပွာ အထူးဒေသကိုစောနယ်ဒါးမြက KTLA တပ်က ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ် အဖွဲ့တွေ ရောက်လာခဲ့ပါတယ်။
ဒီနယ်မြေဟာ ကေအန်ယူရဲ့ တပ်မဟာ ၄ နယ်မြေလို့လည်း လူသိများပါတယ်။
ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်ဟာ KNU အုပ်ချုပ်ရေး ကိစ္စတွေအပေါ် ဝင်ရောက်နှောက်ယှက်တာ၊KNU အဖွဲ့အစည်းအပေါ် အနှောက်အယှက်ပြုတာတွေ လုပ်နေ တာတွေကြောင့် ထားဝယ်ခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေအနေနဲ့ KTLA တပ်ကနေ ထွက်ခွာကြဖို့ KNU တပ်မဟာ ၄ ဘက်က ဇန်နဝါရီလကုန်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ,
SCREENGRAB/KHRG
ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောတဲ့ တနင်္သာရီတိုင်းအတွင်းက KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ဒေသအချို့
မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ ဟာ KNU ဗဟိုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) စစ်ဌာနချုပ်ရဲ့ရပ်တည်ချက်သဘောထားနဲ့ လမ်းစဥ်အတိုင်း ရပ်တည်နေပြီး ဗိုလ်စောအယ်ခွီးနဲ့ ပူးပေါင်းနေတဲ့ ရဲဘော်ရဲဘက်တပ်ဖွဲ့ဝင်တွေ အနေနဲ့ ထွက်ခွါကြဖို့ တပ်မဟာ ၄ စစ်ရုံး ဘက်က ထုတ်ပြန်ပါတယ်။
KTLA ဘက်ကလည်း PDF အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းကနေ ထွက်ခွာကြဖို့ဆိုပြီး စွပ်စွဲပြောဆိုကာ မရှေးမနှောင်းမှာပဲ ကြေညာချက် ပြန်ထုတ်ပါတယ်။
အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ KNU တပ်မဟာ ၄ နဲ့ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေ KTLA တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အခြေအနေ ပိုတင်းမာလာခဲ့တာဖြစ်ပါတယ်။
အဲဒီပစ်ခတ်မှုမှာ တနင်္သာရီ ကော်သူလေးတပ်က တပ်သားတစ်ဦး ကျဆုံးတယ်ဆိုပြီး ဆာကဆောတပ်လို့ နာမည်ပေးထားတဲ့ ကော်သူလေးတပ်ဘက်က အဲဒီတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။
‘‘ကျွန်တော်တို့ အကြိမ်ကြိမ် သွားပြီး ညှိနှိုင်းတာရှိတယ်။ တပ်မဟာ ၄ လို့ ပြောလိုက်ရင် လူတိုင်းက တပ်မဟာ ၄ကို သိမ်းကျုံးမြင်ကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ အခုဖြစ်နေတာက တပ်ရင်း အမှတ် ၁၀ နဲ့ တပ်ရင်းအမှတ် ၄ ကြားဖြစ်နေတာပါ။ အမှတ် ၄ နဲ့ က နည်းနည်းတော်သေးတယ်။ အခုတော်တော် ဆိုးဆိုးဖြစ်နေတာကအမှတ် ၁၀ နဲ့ပါ’’ လို့ KTLA တပ်ရဲ့ တနင်္သာရီအထူးတပ်ဖွဲ့အမှတ် ၁ ဘက်က ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် KTLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးတဲ့ ပစ်ခတ်မှာ လာရောက်ပစ်ခတ်တဲ့ကားပေါ်မှာ စစ်တပ် ယူနီဖောင်းဝတ်ထားသူအချို့လည်း ပါလာတာတွေ့ရတဲ့ မှတ်တမ်းတွေလည်း ရထားတယ်လို့ အဲဒီအဖွဲ့ ဘက်ကပြောပါတယ်။
တပ်မဟာ ၄ ဘက်ကတော့ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အတိအလင်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ဒါပေမဲ့ နှစ်ဖက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အကြိမ်ကြိမ်လာရောက်တယ်ဆိုတဲ့ KTLA ဘက်က ပြောဆိုချက်ကိုတော့တပ်မဟာ ၄ စစ်ရုံးဘက်က KNLA ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို အခုလို ပြောဆိုပါတယ်။ ‘‘အရင်ကတော့ သူတို့ကကျွန်တော်တို့နဲ့အတူ ရှိနေတာပါပဲ။ နောက်ပိုင်းမှာ ခွဲနေတယ်။ နောက် တဖြည်းဖြည်း လူအင်အားများလာတဲ့အခါနေရာယူတာတွေရှိလာတာပေါ့။ နောက်ပြီး ကျွန်တော်တို့နေတဲ့ နေရာနားကို အခြေချလာတယ်။ ပြီးရင် သွားလာခွင့်မပေး။ ခွင့်ပြုမှ သွားရမယ်ဆိုတာမျိုး လုပ်လာတယ်။ တချို့ကျေးရွာတွေမှာဆိုရင် ရွာလူကြီးကို ဖြုတ်ပြီး သူတို့ကြိုက်တဲ့သူကို ပြန်ရွေးတာတွေရှိတယ်’’လို့ အဲဒီတပ်ဖွဲ့ဝင်က ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ,KTLA
တနင်္သာရီတိုင်းထဲ KNU တပ်မဟာ ၄ နယ်မြေထဲက KNDO တပ်ဖွဲ့ဝင်အချို့လည်း KTLA တပ်ဘက်ကို ပြောင်းလဲဖွဲ့စည်းတာရှိခဲ့၊လက်ရှိမှာ စစ်ကောင်စီတပ်ရော၊ တပ်မဟာ ၄ ပါ စောင့်နေတဲ့ ထားဝယ် - ထီးခီး လမ်းပေါ်မှာ အခြေစိုက်ဖို့ လုပ်နေတာတွေကြောင့် နယ်မြေစိုးမိုးထိန်းချုပ်မှုခေါင်းစဥ်အောက်ကနေ အခုလို တင်းမာမှုတွေ စတင်လာခဲ့တာလို့ ယူဆနေကြပါတယ်။
အဲဒီ ဝါးတောရွာအနီးမှာ KTLA တပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ်စက်တင်ဘာလဆန်းမှာပိုင်းမှာ တိုက်ခိုက်မှုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်သား ၁၂ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းမိခဲ့တယ်လို့ KTLA တပ်ရင်း ၁ ဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။
ထိုင်းတောင်ပိုင်းက ထီးခီးနယ်စပ်ကုန်သွယ်စခန်းကနေတဆင့်သွင်းဖို့ ထားဝယ်- ထီးခီးလမ်းကို အားထားရတာကြောင့် အဲဒီလမ်းပိုင်းကို လက်နက်ကိုင်အဖွဲ့တွေ နေရာယူဖို့ ကြိုးပမ်းနေကြ
အဲဒီအတောအတွင်းမှာပဲ တပ်မဟာ ၄ ဆီသွားရောက်ကြတဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀ ခန့် အဆက်အသွယ် ပြတ်တောက်ခဲ့အပြီးမှာ ဒီ PDF တွေ အရေး တပ်မဟာ ၄ မှာတာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေ အစောပိုင်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် ခဲ့ပါတယ်။
သရက်ချောင်း ပကဖ ဘက်ကတော့ ဒီလူငယ်တွေနဲ့ အဆက်အသွယ် ပြန်ရပြီဖြစ်ပြီး မိခင်တပ်ရင်းတပ်ဖွဲ့တွေဆီပြန်ဖို့ရှိတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။
တစ်ဖက်မှာလည်း ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြားက အခုလို မကျေလည်မှုတွေဟာ KNU လို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တောင်ပိုင်းစစ်ဒေသအောက်က PDF တွေအတွက် ဘယ်လို အခက်အခဲတွေဖြစ်လာနိုင်ပါလဲ။
‘‘တော်လှန်ရေးစတင်ကတည်းက တပ်မဟာ ၄ က ကျွန်တော်တို့ အကူအညီတောင်းတိုင်း အကူအညီပေးခဲ့တာရှိတယ်။ ကျွန်တော်တို့ကတော့ ပြည်သူတွေထဲကနေ ပေါက်ဖွားလာပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန အောက်ကနေ သွားနေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့အဖွဲ့တွေနဲ့ ဆက်ပြီး ပူးပေါင်းနေမှာပါပဲ။ ဒါပေမဲ့ (သူတို့)အချင်းချင်း အဲဒီလို ကွဲလွဲမှုမှာ ကျွန်‌တော်တို့ ကြားညပ်သလိုတော့ဖြစ်သွားတာပေါ့။ပျောက်နေတယ်ဆိုတဲ့ တပ်ဖွဲ့ဝင်တွေနဲ့လည်း အဆက်အသွယ်ပြန်ရပါပြီ။ မိခင်တပ်ရင်းတပ်ဖွဲ့တွေဆီကို မကြာခင်ပြန်လာဖို့ရှိပါတယ်။ အစောပိုင်းတုန်းက ထိုင်းနယ်စပ်ဘက်ကို ရောက်သွားတာဆိုတော့ အဆက်အသွယ် ပြတ်သွားတဲ့သဘောမျိုးပါ’’ လို့ သရက်ချောင်းမြို့နယ်၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဘီဘီစီကိုပြောပါတယ်။
တနင်္သာရီတိုင်းထဲက ကရင်လူမျိုးတွေကတော့ ကရင့်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ အခုလို တင်းမာမှုကို KNU ဗဟိုဘက်က ကြားဝင်ဖြေရှင်းပေးဖို့ အခုရက်ပိုင်းအတွင်း စာထုတ်တိုက်တွန်းပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီက KNU ဗဟိုဘက်ကို ဆက်သွယ်ပေမဲ့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ KNU ဗဟိုကငြင်းဆိုထားပါတယ်။

ဆက်ဖတ်ရန် →
အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

Myanmar Now
အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန် စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခံလိုက်ရသည့် အရပ်ဘက်နိုင်ငံရေးသမား ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့၏ အဆောင်အယောင်များ ရုပ်သိမ်းခံလိုက်ရသည်။

ပြည်သူ့ဆန္ဒမဲရလဒ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်နေသည့် NLD အစိုးရကို ၂၀၂၁ တွင် စစ်တပ်က ဖြုတ်ချပြီး စစ်ကောင်စီဖွဲ့ရာတွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးမှာ ယခုလဆန်းမှစ၍ ဗဟိုအကြံပေးအဖွဲ့ဝင်အဖြစ် အရာချခံလိုက်ရသည်။
ထို့အတူ ၎င်းတို့နှစ်ဦးအတွက် နေပြည်တော်တွင် ပေးထားသည့် နေအိမ်နှင့် ရုံးခန်းများကို ဖေဖော်ဝါရီ ၆ ရက်မှစ၍စစ်ကောင်စီက ပြန်လည်သိမ်းယူလိုက်ပြီး တစ်ဆင့်နိမ့်နေရာများတွင် ပြန်လည်နေရာချထားပေးသည်ဟု စုံစမ်းသိရှိရသည်။
ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ မူလက သမ္မတအိမ်တော်နှင့် လွှတ်တော်အနီးတွင် ရှိသည့် ဝန်ကြီးအိမ်တွင်နေထိုင်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးတွင် ရုံးတက်နေရာမှ ယခုအခါ နေပြည်တော်ကောင်စီဝင်းအတွင်း ဒုဝန်ကြီးအဆင့်များနေထိုင်သည့် အိမ်ရာသို့ ရွှေပေးလိုက်ရသည်ဟု အစိုးရအရာထမ်းအသိုင်းအဝိုင်းထံမှ သိရသည်။
“(သမ္မတရုံးက) ရုံးခန်းကတော့ မထိုင်တော့ဘူး။ အဖွဲ့ဝင်အသစ်တွေ ရောက်နေပြီ။ အိမ်ကလည်း ဝန်ကြီးအဆင့်တွေပေးတဲ့ နေအိမ်တွေကိုတော့ ဖယ်ခိုင်းပြီ။ ကောင်စီဝင်အသစ်တွေကို ထားမှာ” ဟု ပထမသတင်းရင်းမြစ်ကပြောသည်။
ထို့အတူ ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့မှာ လစာပါ လျှော့ချခံရမည်ဟု သိရသည်။ ၎င်းတို့နှစ်ဦးမှာ မူလက စစ်ကောင်စီအဖွဲ့ဝင်လစာ တစ်လလျှင် ကျပ်သိန်း ၃၀ ရရှိခဲ့ခြင်းဖြစ်သည်။ ဗဟိုအကြံပေးလစာပမာဏကိုအသေးစိတ်မသိရသေးသော်လည်း အစဉ်အလာအားဖြင့် အစိုးရအဖွဲ့ အကြံပေးတစ်ဦး၏ လစာမှာ ကျပ် ၁၅ သိန်းသာ ရှိသည်ဟု ဆိုသည်။
“သူတို့နှစ်ယောက်က အရင်ကတည်းက ရုံးလည်း မလာဘူး။ လုံးဝကို မလာတာ။ သူတို့ကို ခိုင်းချင်ရင် ရုံးအဖွဲ့ကအိမ်အထိ သွားလုပ်ပေးရတာ” ဟု ဒုတိယသတင်းရင်းမြစ်က ပြောသည်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ စီစဉ်သည့် ၂၀၁၀ ရွေးကောက်ပွဲကို NLD က ဝင်မပြိုင်ဘဲနေချိန်တွင် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့သည် ပါတီမှ နုတ်ထွက်ကာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ထူထောင်ခဲ့ကြသည်။
ထိုရွေးကောက်ပွဲ၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရပြီး တစ်နှစ်ဝန်းကျင်အကြာ ၂၀၁၁ တွင် ဦးသိန်းညွန့်က NDF မှ ထပ်မံခွဲထွက်ပြီး အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ကိုထူထောင်ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ဦးခင်မောင်ဆွေကမူ NDF ဥက္ကဋ္ဌ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်နှစ် စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၀ ဩဂုတ်လအတွင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ၃၄ပါတီစာရင်းတွင် NDF နှင့် NNDP တို့လည်း ပါဝင်ပြီး ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့က ထိုအစည်းအဝေးတွင်သက်ဆိုင်ရာပါတီများကို ကိုယ်စားပြု၍ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
စစ်ခေါင်းဆောင်က မလုပ်ရဲတာမရှိဟု ပြောခဲ့သည့် ထိုတွေ့ဆုံပွဲတွင် ပါတီများဘက်က စစ်အာဏာသိမ်းရန်တိုက်တွန်းမှုများရှိခဲ့သည်။ ထိုတွေ့ဆုံပွဲအပြီး သုံးလအကြာတွင် NLD ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ စစ်တပ်က အာဏာသိမ်းခဲ့သည်။
ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ စစ်ကောင်စီကို အပြောင်းအလဲလုပ်ရာတွင် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ကဲ့သို့အရပ်ဘက်နိုင်ငံရေးသမားဟု လူသိများသူများထဲတွင် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန်၊ မွန်ညီညွတ်ရေးပါတီမှ ဗညားအောင်မိုးတို့လည်း ကောင်စီဝင်အဖြစ်မှ ဖယ်ရှားခံခဲ့ရသည်။ 
စစ်ကောင်စီဗဟိုအကြံပေးအဖွဲ့သို့ ပြောင်းလဲတာဝန်ပေးခံရသူများအနက် ဦးသန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် ဒေါ်အေးနုစိန်တို့ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပါ။
ဆန္ဒမပါဘဲ စာရင်းထဲထည့်၍ ကြေညာခံရသည်ဟု ထုတ်ဖော်ပြောဆိုထားသည့် ပူဂင့်ကမ်းလျန်းမှအပ အသစ်ပြင်ဆင်ဖွဲ့စည်းသည့် စစ်ကောင်စီအဖွဲ့ဝင်များအားလုံး နေပြည်တော်တွင် ရုံးတက်နေကြပြီဟု စုံစမ်းသိရှိရသည်။


ဆက်ဖတ်ရန် →
ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့

ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့

စစ်တပ် လက်အောက်ခံ BGF စောချစ်သူ လုပ်ကိုင်နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်မှု ဗီယက်နမ်က အမှုဖွင့်တိုင်ကြားသဖြင့် စစ်ကောင်စီ အခက်တွေ့ 
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ခေတ်သစ်
 
ကရင်ပြည်နယ်၊ မြဝတီ-ထိုင်းနယ်စပ်တွင် BGF နယ်ခြားစောင့်တပ်မှ ဗိုလ်မှူး ကြီး စောချစ်သူ က လုပ် ကိုင် နေသော ရွှေကုက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့်ကာစီနိုအွန်လိုင်းဂိမ်းများက ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သဖြင့် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာရာ စစ်ကောင်စီအတွက် အခက်တွေ့နေကြောင်း နေပြည်တော် ပြည်ထဲရေး သတင်း ရင်းမြစ်များထံမှ သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ BGF နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူး‌ ကြီးစောချစ်သူ၊ တရုတ်လူမျိုး ရာဇဝတ်ဂိုဏ်းများ၊ စစ်ကောင်စီဘက်မှ အရာရှိများ ပူးပေါင်း ဖွင့်လှစ်ထားသော ရွှေက္ကိုလ်မြို့သစ်ရှိ လောင်းကစားနှင့် ကာစီနိုအွန်လိုင်းဂိမ်းများက ဗီယက်နမ်နိုင်ငံသားများထံမှ ဒေါ်လာ သိန်းပေါင်းများစွာ လိမ်လည်သွားကြောင်း ၊ ယင်းသို့ လိမ်လည်မှုအတွက် ဗီယက်နမ်နိုင်ငံသားတချို့က အမှုဖွင့်တိုင်ကြားလာကြောင်း၊ ထို့ကြောင့် စစ်ကောင်စီက ယင်းအမှုကို မကိုင်တွယ်လိုသော်လည်း နှစ်နိုင်ငံ အရေးကိစ္စ ပုံစံဖြစ်လာသဖြင့် ပြည်ထဲ ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို စုံစမ်းစစ်ဆေးရန် တာ ဝန် ပေးအပ်ကြောင်း သိရှိရသည်။
လက်ရှိ ရွှေကုက္ကိုလ်တွင် ဗီယက်နမ် အပါအဝင် အာဆီယံနိုင်ငံများမှ နိုင်ငံသားတချို့ ကို လစာကောင်းသော အလုပ်အကိုင်ပေးမည်ဟုဆိုကာ လူကုန်ကူးခံရမှုများရှိနေကြောင်း၊ စစ်ကောင်စီ လက်အောက်ခံ BGF တပ်များက ရွှေကုက္ကိုလ်ထဲတွင် လုံခြုံရေး အပြည့် ပေးထား ကြောင်း၊ ရွှေကုက္ကိုလ်တွင် တရားမဝင် နေ ထိုင်သော တရုတ်၊တရုတ်(ဟောင်ကောင်)၊ထိုင်ဝမ် နိုင်ငံသား ၁၀၀ ကျော်၊ဗီ ယက်နမ်နိုင်ငံသား ၁၀ ဦး၊ ထိုင်းလူမျိုး ၂၀ ကျော် ရှိကြောင်း ၊ စစ်တပ်နှင့်ရဲက ယင်း တရားမဝင် နေထိုင်သူများကို မြန်မာဘက်က ဖမ်းဆီးမှုများရှိသော်လည်း ရဲက BGF နှင့် ညှိနှိုင်းပြီး ပြန်လွှတ်ပေးလေ့ရှိကြောင်း၊ လက်ရှိတွင်လည်း ဗီယက် နမ် နိုင်ငံဘက်က အမှုဖွင့်လာမှုအပေါ် စသုံးလုံးက အယောင်ပြသာ စစ် ဆေးမှု လုပ်နိုင်ကြောင်း သိရှိရသည်။
"ဗီယက်နမ်ဘက်က အမှုဖွင့်တာကလည်း ဒီလိုပဲ ပြီးသွားမှာပါပဲ။ ထိရောက်တဲ့ အရေးယူမှု ရှိဖို့တော့ မလွယ်ပါဘူး။ အခုလို ကရင်ဘက်မှာ မတည်မငြိမ်ဖြစ်နေတော့ BGF အဖွဲ့ကို စစ်တပ်က တင်းတင်းကျပ်ကျပ် မကိုင်ရဲဘူး။ ဗီယက်နမ်ဘက်က အမှုဖွင့်တာကို ဟန်ပြလောက်တော့ စစ်ဆေးပါတယ်ဆိုပြီး လုပ်ပြတဲ့သဘောပါပဲ" ဟု နေပြည်တော်ပြည်ထဲရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိ ရွှေက္ကိုလ်တွင် မြန်မာအမျိုးသမီး တချို့ လူကုန်ကူးခံရပြီး လိင်ပိုင်းဆိုင် ရာ ဖျော်ဖြေရေးလုပ်ကိုင်ရမှုများ၊ လူငယ်တချို့မှာလည်း အတင်းအကျပ် အ လုပ် ခိုင်းစေခံရမှုများရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF နယ်ခြားတပ် ခေါငး်ဆောင် ဗိုလ်မှူးကြီး စောချစ်သူ။
 

 
ဆက်ဖတ်ရန် →
လက်ဖက်ရည်ဆိုင်တွင် စစ်တုရင်ကစားနေသည့် ယာတော်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

လက်ဖက်ရည်ဆိုင်တွင် စစ်တုရင်ကစားနေသည့် ယာတော်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီလ ၁၃ ရက်

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ယာတော်ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့  မွန်းလွဲပိုင်းအချိန်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ယာတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးသည် ရွာမလမ်းအတွင်းရှိ လက်ဖက်ရည်ဆိုင်၌ စစ်တုရင်ကစားနေစဉ် သေနတ်ဖြင့်လာရောက်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း သိရသည်။

"သူက လက်ဖက်ရည်ဆိုင်မှာ စစ်တုရင်ထိုင်ကစားနေတာ။ ကစားနေတုန်း သေနတ်နဲ့ လာပစ်သွားတာ"ဟု အဆိုပါ ရပ်ကွက်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ် ကိုပြောသည်။

ပစ်ခတ်ခံရသည့် ယာတော်အုပ်ချုပ်ရေးမှူးမှာ အသက် (၅၅) နှစ်အရွယ် ဦးရဲမြင့်‌ဖြစ်ပြီး ၎င်း၏ ယောက်ဖနှင့် စစ်တုရင်ကစားနေစဉ် အမည်မသိအမျိုးသား ၂ ဦးမှ လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရမှူကြောင့်  အုပ်ချုပ်ရေးမှူး ဦးရဲမြင့်‌တွင် ယာနားထင်ဖောက်၀င်ပြီး ဝဲပါးမေးရိုး အပေါ်သို့ ဖောက်ထွက်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောဲကားသည်။

ယင်းပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ကို တစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိပေ။

မန္တလေးတိုင်းအတွင်းရှိ စစ်တပ်ဒေါက်တိုင်များဖြစ်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး အဖွဲ့၀င်များကို နုတ်ထွက်ရန် အကြိမ်ကြိမ်သတိပေးစာများ ထုတ်ပြန် ထားသော်လည်း နုတ်ထွက်ခြင်းမရှိ၍  ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မန္တလေးတိုင်း #ယာတော်ရပ်ကွက် #အုပ်ချုပ်ရေးမှူး #ပစ်သတ်ခံရ #Ayeyarwaddy_Times




ဆက်ဖတ်ရန် →