
၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)
၂၀၀၀ ခုနှစ်ခန့်ကဖြစ်သည်။ ကျွန်တော်သည် မြန်မာပြည်အလယ်ပိုင်း မြင်းခြံထောင်ထဲရှိ အကျဉ်းခန်းငယ်တစ်ခု၏ တံခါးသံတိုင်များကြားထဲသို့ နားရွက်ကို ရသမျှတေ့ပြီး လေထဲတွင် လွင့်လာသော သီတဂူဆရာတော် အရှင်ဉာဏိဿရ၏ တရားတစ်ပုဒ်ကို အတင်းနားစွင့်၊ နားထောင်နေမိသည်။
၎င်းဟောပြောနေသည့် အကြောင်းအရာမှာ ဖခင်ကို သတ်ဖြတ်ပြီး ထီးနန်းလုခဲ့သော အဇာတသတ်သည် ညစဉ် အိပ်မပျော်နိုင်ဘဲ ပူဆွေးနောင်တရနေသောကြောင့် ဂေါတမဗုဒ္ဓထံသို့ ချဉ်းကပ်တရားနာကြားခဲ့ပုံဖြစ်သည်။ လူတစ်ဦးသည် ၎င်းကျုးလွန်ခဲ့သော အပြစ်အတွက် နောင်တရရုံမျှမက၊ ထိုအပြစ်ကို ဝန်ခံခြင်း၊ ထိုအပြစ်မျိုး နောက်ထပ်တစ်ဖန်မကျူးလွန်ခြင်းဖြင့် အပြစ်ဆေးကြောရပုံကို အဇာတသတ်ဖြစ်ရပ် အကြောင်းပြု၍ ဟောကြားနေခြင်းဖြစ်သည်။
ဆရာတော်၏ အာဝဇ္ဇန်းရွှင်ရွင်ဟောပြောမှု၊ ဗုဒ္ဓဝင်ဇာတ်နိပါတ်များကို ၏၊ သည်မရွေး ပြန်လည်ဟောခြင်းမဟုတ်ဘဲ ပုဂ္ဂလဓိဋ္ဌာန်ဖြင့် အတန်အသင့် ပြန်လည်ပိုင်းခြားသုံးသပ်ပြီး ဟောကြားမှုများသည် ထိုခေတ်ထိုအချိန်က မြန်မာဗုဒ္ဓဘာသာများကြားတွင် လျှမ်းလျှမ်းတောက်တောက် အောင်မြင်ခဲ့သည်။
ကိုယ်ကျင့်သီလနှင့် ခြိုးခြံကျင့်ကြံမှုအရာတွင် ကျော်ကြားသော မန္တလေးတောင်မြို့ဆရာတော် အရှင်ဇနကာဘိဝံသ၏ ဘုန်းကြီးပျံပွဲတွင် သီတဂူဟောကြားခဲ့သော နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓနှင့် ဘဝတန်ဖိုးဟောကြားချက်များသည် ၎င်း၏ အထင်ရှားဆုံးသော ဟောကြားချက်များဖြစ်လေသည်။
စစ်အုပ်ချုပ်ရေးအောက်တွင် အကြောက်တရားဖြင့် ရှင်သန်နေရသော မြန်မာလူထုသည် ၎င်းတို့ကြောက်ပါသည်ဆိုသည့် စစ်ခေါင်းဆောင်များကို ပြည်တွင်းနေ၍ မသိမသာဝေဖန်သူ ဘုန်းတော်ကြီးများ၊ အနုပညာရှင်များ၊ စာရေးဆရာ ကဗျာဆရာ၊ ကာတွန်းဆရာများကိုလည်း ခေတ်အဆက်ဆက် လေးစားသည့် အစဉ်အလာလည်းရှိခဲ့ရာ သီတဂူ၏ ရာဇောဝါဒ (မင်းကျင့်တရား ဆယ်ပါး) တရားနှင့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဖြိုခွင်းပြီးကာလတွင် ဟောသော လူမိုက်တို့၏ သွားရာလမ်းတရားများသည် လူထု၏ စစ်အာဏာရှင်များအား နာကြည်းမှုကို ဒဏ်ကြေဆေးလိမ်းပေးသကဲ့သို့လည်း ဖြစ်ခဲ့၏။

၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)
မိရိုးဖလာဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို ရှေးရိုးမပျက်ကြည်ညိုမှု၊ မျက်ကန်းယုံကြည်မှု၊ အဟောအပြောကောင်းမှု၊ စစ်အာဏာရှင်ကို မသိမသာဝေဖန်ဖူးသဖြင့် ပြည်သူ့ဘုန်းဘုန်း တို့ဘုန်းဘုန်းဟု စိတ်ပိုင်းဆိုင်ရာကိုးကွယ်ရာရှာဖွေမှုများကြားတွင် သြဇာကြီးထွားလာသော သီတဂူဆရာတော်၏ မင်းသားခေါင်းစွပ်သည် ၂၀၁၀ ဒီမိုကရေစီအကူးအပြောင်းတွင် စတင်လှုပ်ခတ်လာပြီး ယခုအခါတွင် စစ်အာဏာရှင်အားပေး ထောက်တိုင် ဘုန်းကြီးအဖြစ် သိသာထင်ရှားလာကာ ၎င်းအား ဝေဖန်မှုများသည် ၂၀၂၁ အာဏာသိမ်းပြီးချိန်မှစ၍ ပြောင်ပြောင်တင်းတင်းဖြစ်ပေါ်လာခဲ့ပြီဖြစ်သည်။
ထိုကဲ့သို့ဖြစ်မလာခင်ကတည်းက သီတဂူဆရာတော်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်ဖွယ် အချက်နှစ်ချက် အမြဲတစေဖြစ်ပေါ်ခဲ့သည်။ ပထမတစ်ချက်မှာ ၎င်း၏ အောင်မြင်မှုကို ဖြစ်စေသည့် အကြောင်းရင်းပင်ဖြစ်သည်။ စစ်ကိုင်းတောင်ရိုးရှိ ၎င်း၏ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများအတွက် ရေရရှိစေရေး အားထုတ်မှုအပါအဝင် ဆေးကုသမှုနှင့် အခြားသော လူမှုလုပ်ငန်းများဖြစ်သည်။
မိရိုးဖလာဗုဒ္ဓဘာသာဘုန်းတော်ကြီးများသည် တရားဟောခြင်း၊ တရားကျင့်ကြံပို့ချခြင်းများပြုလုပ်ကြသော်လည်း လူထုကို ပရဟိတအကျိုးဆောင်သည့် လုပ်ငန်းများမလုပ်ကြ၊ လုပ်သည့်ဘုန်းတော်ကြီးသည် ခေတ်မီသည်၊ ပို၍ အများအကျိုးကိုဆောင်သည်ဟု လူ့အဖွဲ့အစည်းတွင် ထင်မှတ်လာခဲ့ပြန်သည်။ ကမ္ဘာပေါ်တွင် ထိုအခြေအနေကို ကျဉ်းမြောင်းသည့် ဘာသာရေးအသိုက်အအုံမှ ခွဲထွက်ပြီး လူထုကို အခြေပြုသော Socially Engaged ဗုဒ္ဓဘာသာဟူ၍ အကောင်းသဘောဖြင့် သမုတ်ကြပြန်သည်။
ထိုကိစ္စသည် မြန်မာနိုင်ငံ ဗုဒ္ဓသံဃာ့အသိုင်းအဝန်းတွင် ကြီးမားသော အငြင်းပွားဖွယ်ရာကိစ္စ ဖြစ်ခဲ့သင့်သော်လည်း အကျင့်ထက် ဝါကိုလည်းကောင်း၊ သီလထက် ဘွဲ့ထူးဂုဏ်ထူးများ၊ အဟောအပြောကောင်းမှုနှင့် နာမည်ကျော်ကြားမှုကို ပိုအလေးထားသော မြန်မာနိုင်ငံရှိ လူပရိသတ် ရဟန်းပရိသတ်များကြားထဲတွင် အငြင်းပွားဖွယ်ရာမဖြစ်ခဲ့ပါ။
ဘုန်းတော်ကြီးများနှင့် သာမန် ဗုဒ္ဓဘာသာ လူဝတ်ကြောင်များကို ခြားနားစေသော အဓိကအချက်မှာ ဘုန်းတော်ကြီးများသည် ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းကို ဇောက်ချ၍ ဘဝတစ်ခုလုံး အချိန်တိုင်းကို ရင်းနှီးပြီးလုပ်မည် မလုပ်မည်ဆိုသော အချက်သာဖြစ်သည်။ ကိလေသာတိုက်ဖျက်မည်ဆိုပါက သီလကို ညစ်စေသော အပြုအမူမှန်သမျှကို အလုံးစုံရှောင်ကြဉ်ခြင်း၊ ခြိုးခြံချွေတာခြင်း၊ စိတ်၏ တည်ငြိမ်မှု ထိခိုက်စေသော အခြေအနေများကို အပတ်တကုတ် ရှောင်ရှားခြင်း၊ ဘွဲ့ထူးဂုဏ်ထူးနာမည်ကျော်ကြားမှုများကို အလေးဂရုမပြုခြင်း၊ နိုင်ငံလူမျိုးအသားအရောင်မခွဲခြားဘဲ လူသားအားလုံးပေါ် မေတ္တာဂရုဏာထားရှိရန် ကြိုးပမ်းခြင်း စသည့် လက္ခဏာများသည် မည့်သည့်ဘုန်းကြီးကောင်းတွင်မဆို ရှိကိုရှိရမည်ဖြစ်သည်။ သီတဂူသည် ထို့ကဲသို့ လူနှင့်ရဟန်း စည်းခြားမှုကို ဖြစ်ပေါ်စေသော ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ခဲ့ပါသလော။

စစ်ကိုင်းရှိ သီတဂူကျောင်းကို ၂၀၂၀ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)
ဗုဒ္ဓသည် အုပ်စုဖွဲ့ဘာသာရေးကို မထူထောင်ခဲ့သည့်အလျောက် ၎င်း၏ ပို့ချချက်များတွင်လည်း မည်သည့်ဘာသာရေးခေါင်းဆောင်ကို ကိုးကွယ်ရမည်၊ ဘာသာရေးခေါင်းဆောင်ဆိုသည်မှာ မည်ကဲ့သို့အရည်အချင်းသတ်မှတ်ချက်ပြည့်မီရမည်ဟု ဟောကြားခြင်းမရှိခဲ့ဘဲ ကိလေသာတိုက်ဖျက်ရေးကို စွမ်းဆောင်လိုသော လူပုဂ္ဂိုလ်တို့သည် မိမိတို့၏ စိတ်သန္တာန်တွင် ဓမ္မတရားများကို ထူထောင်ကာ ကိုယ်တိုင်ကျင့်ထားသော ထိုတရားများကိုသာ ကိုးကွယ်ရာအစစ်အမှန်ဟူ၍ ဟောကြားခဲ့မှုကြောင့် ဗုဒ္ဓဘာသာတွင် ဘာသာရေးခေါင်းဆောင်ဆိုသည်မှာ ရှိကိုမရှိပေ။
သို့ရာတွင် သီတဂူသည် ၎င်းကိုယ်၎င်း အာဏာရှိသူတို့၏ ကိုးကွယ်ခံပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးခေါင်းဆောင်သဖွယ်အဖြစ်လည်းကောင်း ငွေ၊ အခြွေအရံနှင့် နာမည်ကျော်ကြားမှုဘက်သို့ တစိုက်မက်မက် လျှောက်လှမ်းခဲ့သည်။
၎င်းသည် နိုင်ငံရပ်ခြား လှည့်ပတ်သွားလာစဉ် ထိုနိုင်ငံရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများတွင် တည်းခိုနိုင်လင့်ကစား အဆင်မြင့်ဟိုတယ်များတွင်လည်း တည်းခိုတတ်ကြောင်း၊ စျေးကြီးပစ္စည်းများကို ဒေါ်လာအထပ်လိုက်ကိုင်တွယ်၍ ဝယ်ယူသည့်အလေ့ရှိကြောင်းလည်း သိရသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုခန့်က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ သီတဂူရောက်ရှိစဉ် ကင်မရာဝယ်ယူလိုသည်ဟု ဆိုသဖြင့် ၎င်းကို ကင်မရာဆိုင်လိုက်ပို့သောအခါ ဒေါ်လာထောင်ပေါင်းများစွာတန်သော ကင်မရာတစ်လုံးကို ၎င်းအသုံးပြုရန် အဆိုင်းအတွမရှိ ဝယ်ယူခဲ့သည်ဟု မြို့ခံတစ်ဦးက ဆိုသည်။ ထိုကဲ့သို့ ငွေဖြုန်းသုံးနေသော ဘုန်းကြီးမျိုးကို ဘဝနိဂုံးချုပ်ခါနီး သံသရာရိက္ခာအတွက်ဟုဆိုကာ ရှိစုမဲ့စုငွေကြေးများလှူတန်းနေသော မြန်မာနိုင်ငံတစ်ဝန်းရှိ တောသူတောင်သားများ၏ အဖြစ်ကို တွေးကြည့်က ရင်နင့်ဖွယ်ရာဖြစ်လေသည်။

သီတဂူဆရာတော် အရှင်ဉာဏိဿရ ။ (ဓာတ်ပုံ - Myanmar Now)
ကိလေသာတိုက်ဖျက်ရေးဆိုသော မူလဘူတအချက်ကို ပရဟိတလုပ်ငန်းများဗန်းပြ၍လည်းကောင်း၊ အသံကောင်းအဟောကောင်းဖြင့် သွေဖည်မည်ဆိုပါက လူနှင့်ဘုန်းကြီးကွဲပြားချက် ပျောက်ကွယ်ပြီဆိုသောအချက်ကို သီတဂူသည် ၂၀၁၀ နိုင်ငံရေးအကူးအပြောင်းများမဖြစ်မီကတည်းက ထင်ရှားပြခဲ့ပြီဖြစ်သည်။
သီတဂူ၏ မေးခွန်းထုတ်ဖွယ် နောက်အချက်တစ်ခုမှာ ၎င်း၏ တရားများတွင် ဗုဒ္ဓဘာသာသည် အစ္စလာမ်တို့၏ ကျုးကျော်တိုက်ခိုက်မှုများကြောင့် မှေးမှိန်ခဲ့ရပုံ၊ တစ်ချိန်က ဗုဒ္ဓဘာသာအကြီးအကျယ်ထွန်းကားခဲ့သော အာဖဂနစ္စတန် (မိလိန္ဒဘုရင်ပေါ်ခဲ့ရာ)၊ ပါကစ္စတန် (ဇာတကဝတ္ထုများတွင် အဋ္ဌာရသဆယ့်ရှစ်ရပ်သင်ကြားရာ တက္ကသီလာကျောင်းတော်တည်ရှိခဲ့ရာ) နိုင်ငံများတွင် မျက်မှောက်ခေတ်၌ အစ္စလာမ်ဘာသာ စိုးမိုးနေပုံများကို မကြာခဏထည့်သွင်းဟောပြောခဲ့သည်။ ထိုဟောပြောချက်များဖြင့် ၎င်းသည် မြန်မာဗုဒ္ဓဘာသာလူထုကို ကာကွယ်နေသည့် ခေါင်းဆောင်အဖြစ် လှည့်စားပြီး၊ တစ်ဖက်တွင် မိရိုးဖလာဗုဒ္ဓဘာသာမဟုတ်သူများကို အမုန်းတရားဖြင့် ရှုမြင်စေရန် လှုံ့ဆော်ခဲ့ခြင်းဖြစ်သည်။
ထိုအချက်သည် ဗုဒ္ဓ၏ အရိုးရှင်းဆုံးလမ်းညွှန်ချက်ဖြစ်သော သတ္တဝါအားလုံးပေါ်တွင် မေတ္တာထားရှိကြဆိုသည့် သဗ္ဗေသတ္တာ ဘဝန္တုသုခိတတ္တာဆိုသော အချက်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ခြင်းဖြစ်သည်။ သမိုင်းဆိုသည်မှာ သင်ခန်းစာယူဖွယ်လေ့လာ၍ ရသကဲ့သို့ လက်နက်တစ်ခုအဖြစ်လည်း အသုံးချ၍ရသော အရာဖြစ်သည်။
ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ရာ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တော်ကို ဗုဒ္ဓဘာသာဝင်အများစု မြန်မာတို့ မည်ကဲ့သို့ဝင်ရောက်ဖျက်ဆီးခဲ့ကြပုံ၊ ထိုင်းအမျိုးသမီးများကို အဓမ္မဖမ်းဆီး၍ မတရားပြုကျင့်သည်ကို သိမ်းပိုက်တော်မူသည်ဟုလည်းကောင်း၊ စစ်သုံ့ပန်းများကို ဖမ်း၍ အဓမ္မလုပ်အားပေးခိုင်းစေသည်ကို ယိုးဒယားမှ အနုလက်မှုပညာသည်များကို ခေါ်ဆောင်ခဲ့သည်ဟုလည်းကောင်း မြန်မာကျောင်းသုံးစာအုပ်များတွင် ဝါဒဖြန့်ထားသော သမိုင်းမျိုးကို သီတဂူ၏ တရားများတွင် ဘယ်သောအခါမျှ ကြားခဲ့ရသည်မဟုတ်ပါ။ ထိုသမိုင်းမျိုးကို သင်ကြား၍ မြန်မာတို့က စိတ်ကြီးဝင်လျှင်လည်းကောင်း၊ ထိုင်းတို့က မြန်မာတို့ကို ဆက်လက်မုန်းတီးနေကြလျှင်လည်းကောင်း အဘယ်သို့အဓိပ္ပာယ်ရှိမည်နည်း။ စဉ်းစားကြပါကုန်။

စစ်ကောင်စီတပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကျီစု(ကျည်စု) ရွာရှိ ပလီတစ်လုံးကို ၂၀၂၂ ဒီဇင်ဘာလဆန်းတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)
သို့ရာတွင် သီတဂူကား ၂၀၁၃ ဇူလိုင်တွင် ရန်ကုန် အင်းစိန်မြို့နယ် အမျိုးဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအသင်းညီလာခံတွင် ဟောပြောခဲ့သော ဟောပြောချက်တွင် ရန်ကုန်ရှိ သိမ်ကြီးစျေးအနီး ရှေးဗုဒ္ဓဘာသာစေတီများ ပျောက်ကွယ်ပြီး မွတ်စလင်ဗလီများနေရာယူခဲ့ပုံကို ဟောပြောခြင်းဖြင့် အမုန်းတရားများလှုံ့ဆော်ခဲ့သည်။
၂၀၁၇ ခုနှစ် မေလ တပ်တွင်းတရားပွဲတစ်ခုတွင် ငါးပါးသီလမလုံသောသူများကို သတ်ဖြတ်လျှင် အကုသိုလ်မကြီးမားကြောင်း ဟောပြောမှုသည် သီတဂူ၏ ကျဆုံးမှုကို သိသာစွာဖြစ်ပေါ်စေသော အကြောင်းအရင်းတစ်ခုဖြစ်သည်။ ထိုဟောပြောမှုဖြစ်ပေါ်ပြီး မကြာမီ ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့်ရဲကင်းစခန်းများကို ရိုဟင်ဂျာလက်နက်ကိုင် အာဆာအဖွဲ့က တိုက်ခိုက်သည်ဆိုကာ ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းမြေလှန်တိုက်ခိုက်ခြင်း၊ ထောင်နှင့်ချီသော ရိုဟင်ဂျာများကို သတ်ဖြတ်ခဲ့ခြင်းများကျူးလွန်ခဲ့သည်။
သီတဂူ၏ အဆိုအရဆိုလျှင် ထိုကဲ့သို့ သတ်ဖြတ်ခံရသူ ရိုဟင်ဂျာများသည် ဗုဒ္ဓဘာသာဝင်များမဟုတ်သဖြင့် အကုသိုလ်မကြီးမားပေ။
အလွန်ပင်ကြောက်စရာကောင်းသော ထိုဟောပြောချက်များသည် သွေးဆာနေသော စစ်ခေါင်းဆောင်များအတွက် ကျိန်းသေပေါက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုဖြစ်ခဲ့မည်ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအနေဖြင့် ကုလားဆိုးများကို တိုင်းပြည်မှ နှိမ်နင်းတိုက်ခိုက်ခဲ့ကြောင်း မတ်လ ၂၇ ရက် တပ်မတော်နေ့မိန့်ခွန်းတွင် ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောကြားခဲ့သည်။
မင်းအောင်လှိုင်သည် အာဏာသိမ်းမှုအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ရာတွင် ၂၀၂၀ ဖေဖော်ဝါရီလ ၉ ရက်နေ့က ၎င်းကို မြန်မာနိုင်ငံဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇဆိုသည့်ဘွဲ့ကို ပေးအပ်သော ဖြစ်စဉ်လည်း တစ်ခုပါဝင်သည်။ အာဏာသိမ်းပြီး ရက်ရက်စက်စက်သတ်ဖြတ်မှုများကို ကျူးလွန်တော့မည့် ၎င်း၏ ဒကာဖြစ်သူအတွက် သီတဂူကိုယ်တိုင်စီမံသောပွဲဖြစ်သည်။ စစ်တပ်ပိုင် ရန်ကုန် ဇေယျာသီရိဗိမာန်တွင် ပြုလုပ်သော ထိုအခမ်းအနားတွင် သီတဂူနှင့် တရားမဝင်မဘသအဖွဲ့၏ ဥက္ကဋ္ဌ အင်းစိန်ရွာမဆရာတော် တိလောကာဘိဝံသရှေ့မှောက်၌ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ကုမာရဘိဝံသက မင်းအောင်လှိုင်ကို ဘွဲ့ပေးခြင်းဖြစ်သည်။ ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းများမလုပ်ဘဲ မင်းဆရာဖြစ်ချင်သော ဘွဲ့ထူးဂုဏ်ထူးများဖြင့် ယစ်မူးနေသော သီတဂူသည် အာဏာရှင်တို့၏ အသုံးတော်ခံဖြစ်ခဲ့သည်၊ ဖြစ်နေဆဲလည်း ဖြစ်သည်။

သီတဂူစီမံသည့် မင်းအောင်လှိုင်ကို YMBA ဂုဏ်ပြုဆုပေးပွဲကို ရန်ကုန်ရှိ စစ်တပ်ပိုင် ဇေယျာသီရိဗိမ္မာန်တွင် ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်နေ့က ပြုလုပ်ခဲ့ပုံ။
ယခုအခါတွင် သီတဂူ၏ အခြေပြုရာ စစ်ကိုင်းတိုင်းတွင် စစ်အာဏာရှင်မင်းအောင်လှိုင်၏ တပ်များက ရွာစဉ်လှည့်၍ မီးရှို့သတ်ဖြတ်နေသည်၊ သီတဂူကို နှစ်ပေါင်းများစွာ ပံ့ပိုးလှူဒါန်းခဲ့သော ဗုဒ္ဓဘာသာဝင်တို့သည် အိုးမဲ့အိမ်မဲ့ဖြင့် အတိဒုက္ခရောက်နေကြပြီဖြစ်သည်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို ၂၀၂၂ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီမှု။ ထိုဖြစ်စဉ်တွင် ကလေး ၇ ဦး၊ လူကြီး ၆ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ (ဓာတ်ပုံ - Myanmar Now)
သီတဂူမှာ မင်းအောင်လှိုင်ကို သာသာနာပြုမင်းကောင်းမင်းမြတ်အဖြစ် ဟောပြောနေမှုများနှင့် မင်းအောင်လှိုင်၏ လှုပ်ရှားမှုများကို ပြောင်ပြောင်တင်းတင်းထောက်ခံပေးနေမှုများကြောင့် မြန်မာလူထုထဲတွင် စက်ဆုပ်ရွံရှာဖွယ်ရာ ရှုမြင်ခံနေရပြီဖြစ်သည်။ ဆင်ခြင်တုံတရားနှင့် ဗဟုသုတပေါကြွယ်လာသော ၂၁ ရာစုလူငယ်ထုသည် အစဉ်အလာစံနှုန်းများကို မျက်စိပိတ်လက်မခံဘဲ သီတဂူကဲ့သို့ ပုဂ္ဂိုလ်များကို ပြောင်ပြောင်တင်း ရှုတ်ချနေကြပြီဖြစ်လေသည်။ ထိုအရာသည်ပင် နွေဦးတော်လှန်ရေး၏ အောင်မြင်မှု တစ်စိတ်တစ်ဒေသဖြစ်လေသည်။
သို့ရာတွင် ယခုကဲ့သို့ ပြောင်းလဲလာသောအမြင်များသည် စစ်တပ်၏ ရက်စက်မှုများကို နာကြည်းခြင်းသက်သက်အပေါ် အခြေမခံသင့်ပါ။ လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း အတိဒုက္ခတို့ကို ပေါ်ပေါက်အောင်လုပ်သော မည်သည့်ဘာသာရေးကိုယ်စားပြုပုဂ္ဂိုလ်များကိုမဆို လက်မခံမှုနှင့် ကိလေသာတိုက်ဖျက်ရေးလုပ်ငန်းကို ဇောက်ချမလုပ်ကိုင်ဘဲ ဘာသာရေးကို အသုံးချ၍ ကြီးပွားချမ်းသာလိုသော၊ သြဇာထူထောင်လိုသော မည်သည့်ဘာသာရေးအသွင်ပုဂ္ဂိုလ်ကိုမျှ လက်မခံလိုမှုကို ဒီမိုကရေစီရရှိရေးတော်လှန်ရေးနှင့်အတူ ထူထောင်မှသာလျှင် နောင်သီတဂူများ မပေါ်ပေါက်အောင် တားမြစ်နိုင်မည်ဖြစ်သည်။

၂၀၂၀ တွင် ပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် သီတဂူဆရာတော် အရှင်ဉာဏိဿရ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကို ယှဉ်တွဲတွေ့ရစဉ်။ (ဓာတ်ပုံ - Myanmar Now)
❝၂၀၂၀ ခုနှစ် ကျနော် အငြိမ်းစားယူပြီးရင် သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ တဲ့— မင်းအောင်လှိုင်ကအဲ့ဒီ့လိုပြောတာ။
အဲ့တုန်းက မင်းအောင်လှိုင်နဲ့ အဖွဲ့က ဂျပန်နိုင်ငံကို သွားပြီးနိပွန်ဖောင်ဒေးရှင်းကကျင်းပတဲ့ ပွဲကိုသွားတက်တာ။ အဲ့ပွဲကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကလာတော့ ကြိုဆိုပွဲလုပ်ကြတာပေါ့။ ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe (မစ္စတာ ဟီဒီယို ဝါတာနာဘေး) လည်း တက်တယ်။
အခမ်းအနားပြီးတော့ မင်းအောင်လှိုင်က မစ္စတာ ဟီဒီယို ဝါတာနာဘေး နဲ့ Mr. Yohei Sasakawa (ရောဟဲ ဆာဆာကာဝါ) အဲ့ဒီလိုပြောချလိုက်တာ။
❝ သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ ဆိုပြီး—
မင်းအောင်လှိုင်က အဲ့လိုကြီး ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ပြောလိုက်တော့ ဟို ဂျပန်နှစ်ယောက်လဲ အံတွေဩကုန်တာ။
Mr. Watanabe က— "ဒုသမ္မတကို စစ်တပ်အထဲကနေ ရွေးချယ်မှာမဟုတ်လား၊ ဒု-သမ္မတရာထူးနဲ့ မလုံလောက်သေးဘူးလား" လို့ တောင်ပြန်မေးခဲ့သေးတယ်တဲ့။
မင်းအောင်လှိုင်ယုံကြည်တဲ့ Mr. Watanabe ကပဲ အတွင်းလူတွေကို အတင်းတွေပြန်ပြောလို့ နိုင်ငံရေးဘက်က ဂျပန် အတော်များများသိကြတာ။
နံရံတွေမှာ နားရှိတယ်။
မရွှေမိုး-ကိုရီးယား
January 5th,2023.
စစ်ခွေးနိဂုံး— နှစ်ထောင့်နှစ်ဆယ့် |||
Reference— ဂျပန်နိုင်ငံမှာလက်ရှိနေထိုင်တဲ့ ကိုမျိုးမြင့်ဆွေက အချက်အလက်တွေစုဆောင်းပေးတာဖြစ်ပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရခြင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ လက်ချက်ဖြစ်ကြောင်း ALP က ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ကြေညာစွပ်စွဲထားသည်။
အဆိုပါ ကြေညာချက်ထုတ် စွပ်စွဲထားပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ULA/AA က တုံ့ပြန် ငြင်းဆိုထားသည်။
” ဒီလိုကျနော်တို့ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတာကတော့ နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာလည်းဖြစ်နိုင်ပါတယ်” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက MPA သို့ ပြောသည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇန်နဝါရီလ ၄ ရက်၊ မနေ့က ပြည်နယ်စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ALP မှ တက်ရောက်ခဲ့ကြသည်။
ထိုပွဲမှပြန်လာစဥ် ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့မှာ ကားလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားပေါ်တွင် သေဆုံးသွားခဲ့သည်။
ထိုကဲ့သို့ အကြမ်းလုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ထုတ်ပြန်ကြေညာခဲ့သည်။
” နောက်တစ်ခုကတော့ သူတို့ ALP အချင်းချင်း နှစ်ဖွဲ့ကွဲပြီးတော့ တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်နေကြတာတွေ၊ နောက်ပြီးရင် နေပြည်တော်ကို အစည်းအဝေး သွားမယ်ဆိုရင်တောင်မှ နှစ်ဖွဲ့ လုနေကြတဲ့ အခြေအနေတွေ အဲဒီလိုဟာမျိုးတွေ ရှိပါတယ်” ဟု ခိုင်သုခက ဆက်ပြောသည်။
” ULA/AA က မိမိတို့ ပါတီ/တပ်မတော်မှ ခေါင်းဆောင်းများ၊ ပါတီဝင်များနှင့် တပ်ဖွဲ့ဝင်များအား ဖမ်းဆီးနှိပ်စက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းတို့ကို ပြုလုပ်လျှက်ရှိသည်သာမက ရခိုင်နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ၊ ပါတီဝင်များ၊ အပြစ်မဲ့ ရဟန်း၊ သံဃာများနှင့် ပြည်သူများပါမချန် ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို ဆက်တိုင်းပြုလုပ်နေခြင်းအတွက် တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” လည်း ALP ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
” နောက်တစ်ခု စဉ်းစားစရာကတော့ အခြားအင်အားစုတစ်ခုခုကလည်း ပြဿနာရှုပ်ထွေးအောင် ဖန်တီးချင်တာကြောင့် ဒီလိုသတ်ဖြတ်တာတွေလည်း ရှိနိုင်ပါတယ်။ ဒီလိုအရှုပ်ထုပ်တွေကြားမှာ ဘယ်သူက ဘယ်လိုလုပ်သွားမှန်း မသိတဲ့အတွက်ကြောင့် ကျနော်တို့ ULA / AA အနေနဲ့ ဒီကိစ္စကို မှတ်ချက်ပေးစရာမရှိပါဘူး” ဟု ခိုင်သုခက ဆိုသည်။
ALP တပ်ဖွဲ့ဝင်များအား ULA/AA က ရခိုင်အမျိုးသားအချင်းချင်းအကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းသည် ရခိုင်တစ်မျိုးသားလုံးစည်လုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ALP က ဆိုထားသည်။
