လျှပ်စစ်ကား အားသွင်းစက်တွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ရယူမယ်လို့ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
လျှပ်စစ်ကားတွေအားသွင်းမယ့် Charging Stationခေါ် အားသွင်းစက်တွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ရယူသုံးစွဲသွားမယ်လို့ နစက ရဲ့ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၄ ရက်ကပြုလုပ်တဲ့ Charging Station တွေတည်ဆောက်ဖို့ ပြုလုပ်တဲ့ အစည်းအဝေး မှာ သူက အထက်ပါအတိုင်းပြောခဲ့တာပါ။လျှပ်စစ်ကား အားသွင်းစက်တွေမှာ လိုအပ်တဲ့ဓာတ်အားတွေကို နိုင်ငံတော် ဓာတ်အားပေးစနစ်နဲ့ ချိတ်ဆက်ကာ ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး နွေရာသီကာလတွေမှာတော့ နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး ဓာတ်အားပေးသွားမယ်လို့ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။
ဧပြီလကနေ ဇွန်လအထိ နွေရာသီကာလတွေမှာနေရောင်ခြည်စွမ်းအင်ကနေ ရယူသုံးစွဲနိုင်ရေး ဆောင်ရွက် သွားမှာဖြစ်ပြီး စက်မှုဝန်ကြီးဌာနကဆောင်ရွက်လိုတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့စပ်ဆက်တဲ့ နည်းပညာဆိုင်ရာ အကူအညီကိုလည်း ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံက တင်သွင်းထားတဲ့ လျှပ်စစ်ကားတွေနဲ့ အားသွင်းစက်အချို့ ရောက်ရှိလာပြီဖြစ် တယ်လို့သိရပါတယ်။
#Mercury_Media
စစ်ကောင်စီတပ်သား၂ဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF-Senthang ထံလာရောက်ပူးပေါင်း
ချင်းပြည်နယ်၊ဟားခါးမြို့အခြေစိုက်ခလရ၂၂၆ကတပ်သား၂ဦးဟာ လက်နက်ခဲယမ်းတွေနဲ့တကွ
CDF-Senthangထံအလင်းဝင်ရောက်လာတယ်လို့ထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီ ၁၆ရက်ဒီနေ့မှာ
CDF-Senthangထံဆင်သွယ်ပြီး လာရောက်ပူးပေါင်းလာတာဖြစ်ပါတယ်။ အဲဒီတပ် သား၂ဦးဟာ
MAသေနတ်၁လက်ကျည်ဗုံးသီးနင်းမိုင်းထောင်မိုင်းတွေယူဆောင်ပြီးလာရောက်ပူးပေါင်းတာဖြစ်
ပါတယ်အဲဒီတပ်သား၂ဦးကိုCDFSenthangကနွေးထွေးစွာကြိုဆိုပြီးထိုက်တန်တဲ့ဆုကြေးငွေတွေ
ချီးမြှင့်ကာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#BurmaVJ
တလက်၅၀ ဆိုလို့ ၂လက်ယူပြေးတဲ့တပ်သား
ကနီတွင်စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီးတစ်ဦးသေဆုံး၊ ထွက်ပြေးသွားသည့်တပ်သားအား
စစ်ကောင်စီမှအင်အားအများအပြားဖြင့်လိုက်ရှာနေ
ဧရာဝတီတိုင်းမ်
(ကနီ)၊ ဖေဖော်ဝါရီလ ၁၆ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့ပေါ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီဝန်းကျင်၌ မြန်မာ့စီးပွားရေးဘဏ်အနီးရှိ
သစ်စက်ဝင်းအတွင်း စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သားတစ်ဦး
သေဆုံးခဲ့ကာ ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ကနီမြို့အမှတ်(၃)ရက်ကွက်၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ကင်းစောင့်နေကြသည့် စစ်ကောင်စီ
တပ်သား ၂ ဦးမှာ အချင်းချင်းရန်ဖြစ်၍ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်သား အောင်တိုးထွန်း(ခ)ဖိုး
ကြယ်ဆိုသူ သေဆုံးခဲ့ပြီး ကျန်တပ်သားတစ်ဦးမှာ ဖိုးကြယ်၏ သေနတ်ပါယူဆောင်ထွက်ပြေးသွား
ကြောင်း ဒေသခံများထံမှ သိရသည်။
"ကနီမြို့ထဲမှာကင်းစောင့်နေတဲ့တပ်သားတွေပါ။ဘဏ်ရှေ့ကင်းစောင့်ရင်းဖြစ်ကြတာ။ညထဲကထွက်ပြေးနေတဲ့စကစတပ်သားကိုအခုထိနေရာအနှံ့လိုက်ရှာနေကြတယ်ဗျ။
ထွက်ပြေးတဲ့နေတဲ့စစ်သားက အတူတူကင်းစောင့်နေတဲ့ စစ်သားကို ပစ်သတ်ခဲ့တယ်ဆိုပြီး
သိရတယ်။သေသွားတဲ့စစ်သားဆီကသေနတ်ပါယူပီးထွက်ပြေးသွားတယ်လို့ကြားတယ်။"
ဟု အသက် ၃၀ ဝန်းကျင် ကနီဒေသခံအမျိုးသမီးတစ်ဦးမှ ဧရာဝတီတိုင်းမ်သို့ ပြောသည်။
သေဆုံးခဲ့သည့်တပ်သားမှာ နောက်ကျောသေနတ်ကျည်ပေါက်ထွက် ဒဏ်ရာဖြင့်သေဆုံးခဲ့ပြီး
ယနေ့နေ့လည် ၁နာရီဝန်းကျင်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ထွက်ပြေးလွတ်မြောက်သွားသည့်တပ်သားအားရဲ၊စစ်သာ၊ ပျူစောထီး အင်အား ၁၀၀ ဝန်းကျင်ဖြင့်
ကနီမြို့တွင်းနှင့်မြို့ပြင်တွင် နေရာအနှံ့ ပိတ်ဆို့ရှာဖွေမှုများပြုလုပ်နေပြီး ယခုအချိန်ထိပြန်လည်
ရှာတွေ့ခြင်းမရှိသေးဘဲလွတ်မြောက်နေကြောင်း သိရသည်။
ဓာတ်ပုံ -လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ချို့(ပုံဟောင်းဖြစ်ပါသည်။)
လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်
■ မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို စစ်ကောင်စီဘက်က
လိုက်နာဆောင်ရွက်မှုဘယ်လောက်ရှိသလဲဆိုတဲ့အပေါ် သုံးသပ်မယ့် ဆွေးနွေးပွဲတစ်ရပ်ကို
လာမယ့် မတ်လလယ်ပိုင်းမှာ ကျင်းပဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး
ဦးကျော်မိုးထွန်းက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မနေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး
အစိုးရ (NUG) နိုင်ငံခြားရေးဌာန ရုံးခန်းဖွင့်ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာ
ပါ။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်းဟေဇာ
က လာမယ့် မတ်လ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးကောင်စီကို အစီရင်ခံစာ ပေးပို့ရ
မှာဖြစ်ပြီး၊ အဲဒီအစီရင်ခံစာအပေါ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲဟာတံခါးပိတ်ဆွေးနွေးပွဲဖြစ်မလား၊ အများကြားနာနိုင်မယ့် တံခါးဖွင့်ဆွေးနွေးပွဲ
ဖြစ်မလားဆိုတာကိုတော့ မသိသေးဘူးလို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
"ကျွန်တော်တို့မြန်မာပြည်သူတွေဘယ်လောက်ခံစားနေရတယ်ဘယ်လောက်ဒုက္ခရောက်နေ
တယ်ဆိုတာလူတိုင်းသိတယ်သိတဲ့ဟာကိုပိုသိအောင်အဖွဲ့ဝင်နိုင်ငံတွေများများဝင်ပြောလို့ရ
အောင် Open Debate( တံခါးဖွင့်ဆွေးနွေးပွဲ) ဖြစ်အောင် တိုက်တွန်းနေတယ်"
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်
တစ်ရပ်ကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။
အဲဒီဆုံးဖြတ်ချက်ထဲမှာစစ်ကောင်စီအနေနဲ့အကြမ်းဖက်တိုက်ခိုက်တာတွေရပ်ဖို့၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွှတ်ဖို့၊ လူသားချင်း
စာနာတဲ့ အကူအညီတွေ လွတ်လွတ်လပ်လပ်ပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီဘက်က လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်မှုတွေ ဆက်ကျူး
လွန်နေတယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။
သံအမတ်ကြီးဦးကျော်မိုးထွန်းက… " လိုက်နာဆောင်ရွက်ခြင်းမရှိရင်တော့ တဖြည်းဖြည်းနဲ့
လုံခြုံရေးကောင်စီကအရေးယူလာလိမ့်မယ်လို့ ကျွန်တော်မြင်တယ်" လို့ အခုလအစောပိုင်းက
RFA နဲ့ဆက်သွယ်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသံတွေကို နားထောင်လိမ့်မယ်လို့ ယုံကြည်
ကြောင်းလည်း ဦးကျော်မိုးထွန်းက ပြောပါတယ်။
လုံခြုံရေးကောင်စီအစည်းအဝေးမြင်ကွင်း ( Photo: AFP)
မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု မရှိကြောင်း စင်ကာပူ ထပ်မံငြင်းဆို
■ မြန်မာနိုင်ငံကို လက်နက်မရောင်းဖို့ စင်ကာပူက ပိတ်ပင်ထားတာ အတော်ကြာနေပြီဖြစ်ပြီး၊ မြန်မာစစ်တပ်ကိုလက်နက်ရောင်းချတာမရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာကရစ်ရှ်နန်က ထပ်ပြီးငြင်းဆိုလိုက်ပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စင်ကာပူလွှတ်တော်အစည်းအဝေးမှာ အတိုက်အခံအလုပ်သမားပါတီ လွှတ်တော်အမတ်တစ်ဦးရဲ့ မေးခွန်းကို အခုလိုဖြေဆိုခဲ့တာလို့ CNA သတင်းဌာနက ဖော်ပြပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ “မြန်မာ့အရေးအထူးအကြံပေးကောင်စီ (SAC-M)” အဖွဲ့ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာမှာ… ‘စင်ကာပူဟာ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုမှာသုံးတဲ့ကုန်ကြမ်းပစ္စည်းတွေရဖို့ မဟာဗျူဟာမြောက် အရေးကြီးတဲ့ ကြားခံနိုင်ငံအဖြစ် ဆောင်ရွက်ပေးနေတယ်’ ဆိုပြီးဖော်ပြထားတာပါ။
ဒီအစီရင်ခံစာမှာ နာမည်တပ်ဖော်ပြထားတဲ့ စင်ကာပူကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုပိတ်ပင်ရေး ကန့်သတ်ချက်တွေကို လိုက်နာခြင်းရှိ၊ မရှိ စစ်ဆေးထားတာ ရှိပါသလားဆိုပြီး အလုပ်သမားပါတီအမတ် မစ္စတာတန်က လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
မြန်မာနိုင်ငံကို လက်နက် ဒါမှမဟုတ် လက်နက်အဖြစ် အသုံးပြုနိုင်တဲ့ ကုန်ပစ္စည်းတွေ လွှဲပြောင်းပေးပို့တာ ခွင့်ပြုမထားကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါလ ၁၈ ရက်နေ့က ငြင်းဆိုထားပြီး ဖြစ်ပါတယ်။
မြန်မာ့အရေး အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စင်္ကာပူနဲ့ မြန်မာစစ်တပ်ပိုင်လုပ်ငန်းတွေအကြား စီးပွားရေးအရ ဆက်ဆံမှုတွေဆိုတာလည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က ရှိခဲ့တဲ့ ကူးသန်းဆက်ဆံမှုတွေသာ ဖြစ်တယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မြန်မာစစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး သတင်းထုတ်ပြန်ချက်မှာတော့… ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး နိုင်ငံသုံးနိုင်ငံဟာစင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
-----
၂ဝ၂၁ ခုနှစ် သြဂုတ်လ ၂ဝ ရက်နေ့က စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင် တွေ့ရသည့် နိုင်ငံခြားရေးဝန်ကြီးဗီဗီယန် ဘာလာ ကရစ်ရှ်နန်။ (Photo: Reuters)
ပို့ကုန်သွင်းကုန်သမားများနှင့် ဘဏ်များကို တင်းကျပ်ရန် ဗဟိုဘဏ်စိုင်းပြင်း
ကောလာဟလသတင်းတွေကြောင့် ပို့ကုန်၊ သွင်းကုန်သမားတွေနဲ့ ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြား ငွေလဲလှယ်နှုန်းမြင့်တက်လာအောင် ဆောင်ရွက်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
DVB
ဒီလိုလုပ်ဆောင်နေတာကို ဘဏ်တွေက ဝင်ရောက် ထိန်းကျောင်းပေးဖို့နဲ့ ဒေါ်လာစျေး ဆွဲတင်နေတဲ့ ပို့ကုန်၊သွင်းကုန်သမားတွေကို ဖော်ထုတ်ပေးဖို့ကိုလည်း စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေကို ညွှန်ကြားထားတာပါ။
ဝင်ရောက် ထိန်းကျောင်းပေးတာမရှိတဲ့ ဘဏ်တွေကို အရေးယူသွားမယ်လို့ ဗဟိုဘဏ်က သတိပေးထားပြီး ဒေါ်လာစျေး ဆွဲတင်နေတယ်လို့ ဖော်ထုတ်ရရှိတဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေကို လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှန်းဟာ ၂၀၂၃ နှစ်စပိုင်းက စပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့တာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တစ်ဒေါ်လာကို ၂၈၄၀ ကျပ် ဝန်းကျင်မှာရှိခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ဒေါ်လာစျေးဟာ ၂,၈၈၀ ကျပ် ထိ မြင့်တက်ခဲ့ပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာတော့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက ပြင်ပစျေးကွက်နဲ့အပြိုင် ဈေးပေး ဝယ်ယူနေတာကြောင့် ဒေါ်လာဈေး ပြန်တက်လာတာလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အခုလ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ပြင်ပဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးက တစ်ဒေါ်လာကို ၂၈၆၅ ကျပ်ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတာပါ။
စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း ၂၁၀၀ ကျပ်နဲ့ ကျပ်ငွေ မဖြစ်မနေ လဲစေပြီး ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ လွှဲပြောင်း ရောင်းချခွင့်ရှိတယ်လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။
အဲဒီ ပို့ကုန်ရငွေ မူဝါဒကြောင့် ပြည်ပပို့ကုန်တွေ နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ် ပို့ကုန်လုပ်ငန်းရှင်တွေက ထောက်ပြနေကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပို့ကုန်ရငွေနဲ့သာ သွင်းကုန်တင်သွင်းတဲ့စနစ်ကို ချမှတ်ထားပြီး သွင်းကုန်တွေကို ရနိုင်သမျှ ပိတ်ဆို့ကန့်သတ်ထားပါတယ်။
သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “သွင်းကုန်လိုင်စင်ရဖို့ တော်တော်ကြာတယ်။ ပို့ကုန်၊ သွင်းကုန် မျှအောင် ချမပေးတာလားတော့ မသိဘူး။ ကုန်ပစ္စည်းပြတ်တော့ စားသုံးသူပဲ နစ်နာတယ်။ ရေရှည်မှာ အခုလို တင်းကျပ်ထားတာအလုပ်မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။






