နောက်ဆုံးရ
လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်

လွိုင်ကော်မှာ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ ဝန်ကြီးချုပ်ကိုယ်တိုင် ထောက်ပံ့ပြီး ဝါဒဖြန့်



မဲခေါင် ဇွန် ၁၄

ကရင်နီပြည်၊ လွိုင်ကော်မြို့ ပြည်နယ်ခန်းမမှာ ဇွန်လ ၁၁ ရက်နေ့က စစ်မှုထမ်းဟောင်း မိသားစုဝင်တွေကို စစ်ဘေးရှောင်အသွင်ယူကာ စစ်ကောင်စီတပ်က ထောက်ပံ့ပြီး ဝါဒဖြန့်နေတယ်လို့ နေရပ်ပြန်ရောက်နေသူတွေက ပြောပါတယ်။

အဲ့ဒီပွဲကို ဝန်ကြီးချုပ် ဦးဇော်မျိုးတင်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်ဇော်မင်းလတ် အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ အသီးသီး တက်ရောက်ခဲ့ကြပြီး စစ်ဘေးရှောင်တွေအစား စစ်တပ်၊ စစ်မှုထမ်းဟောင်းနဲ့ Non-CDM မိသားစုဝင် တို့ကို ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

“လွိုင်ကော်မြို့အတွင်း ဒီလူလိမ် (စစ်ကောင်စီတပ်) တွေကို အထူးသတိထားစေချင်တယ်။ ပြန်ရောက်လို့ သူတို့စကားနားမထောင်ရင် ဘာလုပ်မလဲဆိုတာ သိတယ်မလား။ ဝင်လာကတည်းက ဝိုင်းပြီး သေနတ်တွေနဲ့ ချိန်ထားတာ။ ဘာမှ‌ထောက်ပံ့စရာ မလိုဘူး။ အင်တာနက်နဲ့ ဖုန်းလိုင်းသာ ဖွင့်ပေးလိုက်။ အကုန်စီးပွားရေး အဆင်ပြေတယ်” လို့ နေရပ်ပြန်စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့ကို မေလ နောက်ဆုံးပတ်လောက်က ပြန်ကြတဲ့သူတွေရှိပေမယ့် လူနည်းစုလောက်သာဖြစ်တဲ့အပြင် အများစုကလည်း ပစ္စည်းပြန်ယူသူတွေ ဖြစ်ပြီး တချို့ကလည်း ပြန်စရာအိမ် မရှိတော့တာကြောင့် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဝါဒဖြန့်ကြောင်း ထင်ရှားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒါ့အပြင် အိမ်ထောင်စု ၁၅၃ စုအတွက် ဆန်၊ ဆီနဲ့ ထောက်ပံ့ကြေးငွေ သိန်းပေါင်း ၁၅၀၀ ကျော် ပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပေမယ့် မြေပြင်အချက်အလက်နဲ့ ကွဲလွဲနေတယ်လို့ Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“တစ်ယောက်ကို ၂ သောင်းကျပ်နဲ့ ခရမ်းချဥ်သီးတွေ အာလူးတွေရတယ်လို့ ကြားတယ်။ ဒါပေမဲ့ တစ်ယောက်ကို ၂ သောင်းပဲ ရတယ်ဆိုတော့ အိမ်ထောင်စုစာရင်းနဲ့ တိုက်ကြည့်လို့ရှိရင် စာရင်းက အများကြီး ဟနေတယ်။ CP ကြက်တစ်ပိဿာက ၃ သောင်းရှိနေပြီ။ ဆန် ၂ ပြည်က ၁ လပြတ်စားဖို့ ခွဲတမ်းလား။ အဲ့ဒါနဲ့များ ဒကာကြီး လုပ်ချင်သေးတယ်” 

စစ်ကောင်စီဟာ လွိုင်ကော်မြို့ကို ဖုန်းနဲ့အင်တာနက်လိုင်း ဖြတ်ထားပြီး စစ်ဆေးရေဂိတ်တွေမှာ ကုန်စည်တွေကို တင်းကြပ်ထားတာကြောင့် နေရပ်ပြန် စစ်‌ဘေးရှောင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း အဆင်မပြေနိုင်သေးဘူးလို့ သိရပါတယ်။

မေလနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီဘက်က အကြမ်းဖက်လုပ်ရက်တွေအစား ဝါဒဖြန့်မှုတွေကို တိုးချဲ့လုပ်ဆောင်နေတာကြောင့် မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်နေတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။

MK-014
#MeKongNews
#ရိက္ခာထောက်ပံ့
#စစ်ကောင်စီ
#လွိုင်ကော်
#ကရင်နီ






ဆက်ဖတ်ရန် →
လားရှိုးဝန်းကျင် မြို့အဝင်လမ်းတွေ ဖြတ်တောက်ထားလို့ ခရီးသွား ကား၊ ပြည်သူတွေ အခက်ကြုံ

လားရှိုးဝန်းကျင် မြို့အဝင်လမ်းတွေ ဖြတ်တောက်ထားလို့ ခရီးသွား ကား၊ ပြည်သူတွေ အခက်ကြုံ

ဇွန် ၁၄-၆ ၂၀၂၄
Shy V (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ ပတ်ပတ်လည် မြို့ အဝင်လမ်းတွေ  ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခန့်ကစ ဖြတ်တောက်ထားလို့ လားရှိုးကိုလာတဲ့ ခရီးသွား ကား၊ ပြည်သူတွေ ခက်ခဲ ဒုက္ခရောက်ကြောင်း ခရီးသွားတွေဆီက သိရပါတယ်။ 

"တနေကုန် လမ်းလိုက်ရှာတာ မိုင်းယော်ကနေ ဆင်းလာတဲ့ လမ်းလည်း မြေကော် စက်နဲ့ တူးပြီး လမ်းဖြတ်လိုက်ပြီ။ နမ္မတူ လမ်းဘက်လည်း ဖြတ်လိုက်ပြီလို့ ပြောတယ်။ အီနိုင်းလမ်းလည်း သွားလို့ မရဘူး။ ဟိုပိတ် ဘက်လည်း လမ်းပိတ်လိုက်ပြီ။ နမ့်ပေါင်လမ်းလည်း ပိတ်လိုက်ပြီ" လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ 

တောင်ပေါ်လမ်း၊ ရွာလမ်းတွေကနေ လမ်းတွေမှာ ပိတ်မိနေတာကြောင့် ခရီးသွား ပြည်သူတွေနဲ့ ကားသမားတွေ နောက်ကြောင်း ပြန်လှည့်ဖို့လည်း ကား ဆီကုန်တဲ့ သူကုန် ဖြစ်နေကြတယ်လို့ သူက ပြောပါတယ်။ 

ပိတ်မိသောင်တင်နေတဲ့ သူတွေကလည်း ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့က မိုးကြီး ရေလျှံလို့ မိုင်းလီလမ်းမှာ ပိတ်မိသောင်တင်နေတဲ့ ကားတွေနဲ့ ခရီးသွားတွေ ဖြစ်တယ်လို့ ခရီးသွားပြည်သူ တယောက်က ပြောပါတယ်။ 

"မူဆယ်ဘက်နေ အဆင်းကျရင် လားရှိုး မြို့ အဝင် ၆၈ ဂိတ်ကို မနေ့ညနေ ၄ နာရီလောက် က ပိတ်လိုက်ပါတယ်။ ဈေးသည်တွေကိုတော့ ပစ်ခတ်သံကြားရင် ဈေးရောင်း မသွားကြဖို့ မှာလိုက်တယ်ပြောတယ်။ မနေ့ နေ့လယ်က သိန္နီ - မိုင်းလီ - လားရှိုးလမ်းက မိုးသည်းရေကြီး လို့ လမ်းရေကျော်ပြီး အတက်အဆင်း ကားတွေ ပိတ်မိနေတာ။" လို့ သူက ပြောပါတယ်။ 

ဒါအပြင် နမ္မတူနဲ့ သီပေါလမ်းမကြီးပေါ်  သီပေါကြားမှာလည်း စစ်တပ်ဘက်က မြေကော် စက်နဲ့ လမ်းဖျက်လိုက်တယ်လို့ သီပေါ ဒေသခံ တယောက်က ပြောပြပါတယ်။ 

လားရှိုးမြို့ပြင်ဝန်းကျင်ဘက်မှာလည်း စစ်တပ်က လုံခြုံရေးတွေ တင်းကြပ်ထားတယ်လို့ ယာဉ်မောင်း တယောက်က ပြောပါတယ်။ 

"အရမ်းရှုပ်နေတယ်။ ဆီဆိုင်တောင် ခုညနေ ၅ ခွဲပိတ်ခိုင်းနေတာ။ တလမ်းလုံး စစ်သားတွေချည်းပဲ။" လို့ သူက ပြောပါတယ်။

လားရှိုးမြို့ဘက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်တပ်ဘက် UWSA, MNDAA တွေ စစ်ကြောင်းထိုး အင်အားဖြည့်လာသလို သီပေါဘက်မှာလည်း MNDAA နဲ့ TNLA တွေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ ကြားရတဲ့နောက် လားရှိုးမြို့ ပတ်ပတ်လည် လမ်းတွေ ဖြတ်တောက်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ 

Photo Crd# ခရီးသွားပြည်သူများ




ဆက်ဖတ်ရန် →
နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ

နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ

မောင်တော၊ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က သိမ်းပိုက်ရရှိထားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစု ၄၀၀ နီးပါး AA လက်ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရ 

ရန်ကုန်၊ ဇွန် ၁၄ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က သိမ်းပိုက်သွားပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့် မိသားစု ၄၀၀ နီးပါး AA ၏ လက်ထဲတွင် ဖမ်းဆီးခံထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ 

မောင်တောမြို့နယ်ရှိ အလယ်သံကျော်နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းကို AA က ဇွန်လ ၉ ရက်နေ့ ဝန်းကျင်မှစတင်၍ တိုက်ခိုက်မှုများရှိနေကြောင်း အဆိုပါစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ မိသားစုများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနထံသို့ သတင်းပေးပို့ခဲ့ကြကြောင်း၊ ဇွန်လ ၁၁ ရက်နေ့ ညပိုင်းမှစတင်၍ အလယ်သံကျော်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ် လုံး၀ ပြတ်တောက်သွားခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့တွင်မူ မည်သည့် ဆက်သွယ်မှုမှ လုပ်ဆောင်မရတော့ကြောင်း ၊ ထို့ကြောင့် အလယ်သံကျော်နယ်ခြားစောင့်စခန်းတစ်ခုလုံး AA ၏ လက်အောက်သို့ ကျရောက်သွားပြီဟု ဆိုနိုင်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုသည်။ 

ထို့ပြင်အဆက်သွယ်ပြတ်တောက်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်နှင့်မိသားစုဝင် ရာပေါင်းများစွာ ရှိသည့်အနက်မှ ၄၀၀ နီးပါးမှာ  AA ၏ လက်အောက်တွင် စစ်သုံ့ပန်းများအဖြစ် ထိန်းသိမ်းခံထားရကြောင်း၊ စစ်သုံ့ပန်းဖြစ်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့က ကျန်ရစ်သော မိသားစုဝင်များကို AA ရဲဘော်များ၏ ခွင့်ပြုချက်ဖြင့် ဆက်သွယ်အကြောင်းကြားလာမှုများရှိနေကြောင်း သိရှိရသည်။ 

"နခခ ၆ ၊ နခခ ၉ ၊ နခခ ၇ စခန်း အပါအဝင် နခခ စခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ၄၀၀ နီးပါးလောက် စစ်သုံ့ပန်းဖြစ်နေတာရှိပါတယ်။ တချို့ ပြန်လည်ပြီးတော့ ဆက်သွယ်လာတယ်။ ပြန်လည် ဆက်သွယ် သတင်းပို့တာရှိတယ်။ နောက်တစ်ခါ အဆက်အသွယ် ပြတ်တောက် ပျောက် ဆုံးစာရင်းအဖြစ် သက်ဆိုင်ရာရဲဌာနတွေဆီမှာ စာရင်းပေးထားတာလည်း ရာချီရှိတယ်။ ပျောက်ဆုံးနဲ့ အဆက်အသွယ်မရတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက် ကိန်းဂဏန်းအတိအကျကတော့ လူကြီး တွေလောက်ပဲ သိမယ်" ဟု ရဲတပ်ဖွဲ့ သတင်းရင်းမြစ်က ဆိုသည်။ 

AA က မူ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ပြီး နခခ ၄ ၊ မောရဝတီ ၊  “နားခေါင်းတိုစခန်း” များအပါအဝင် တပ်စခန်းများကို ဆက်လက် တိုက် ခိုက်သိမ်းပိုက်မည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲဝင်များအနေဖြင့် စောစီးစွာလက်နက်ချအညံ့ခံ ပါက အသက်အန္တရာယ်ကင်းဝေးမည်ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ရှိ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)


Photo- EPA။

Khit Thit Media
ဆက်ဖတ်ရန် →
မန္တလေး စျေးချိုအနီး စစ်အုပ်စု အရာရှိရဲ့ တူမ ကားတိုက်သေပြီးနောက် စျေးသည်တွေ ရိုက်နှက်ခံရ၊

မန္တလေး စျေးချိုအနီး စစ်အုပ်စု အရာရှိရဲ့ တူမ ကားတိုက်သေပြီးနောက် စျေးသည်တွေ ရိုက်နှက်ခံရ၊


စစ်အုပ်စုက မနက်မိုးမလင်းခင် ​စျေးချိုအနီးက စျေးသည်တွေကို လာရောက်ရိုက်နှက်လို့ ဝရုန်းသုန်းကား ထွက်ပြေးရ၊

AN/MFP ၊ ဇွန်-၁၃

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ စျေးချိုတော် အနီး (၈၄)လမ်း၊ (၂၆)လမ်းနဲ့ (၂၈)လမ်းကြားမှာ ယမန်နေ့က စစ်အုပ်စု အရာရှိ တစ်ဦးရဲ့ တူမဆိုသူ ကားတိုက် သေပြီးနောက် ဒီမနက်ပိုင်း စစ်အုပ်စုက အဲ့ဒီ ယာဉ်တိုက်မှု ဖြစ်ပွားရာ အနီးက စျေးသည်တွေကို လာရောက် ရန်ပြု ရိုက်နှက်တယ်လို့ မြို့ခံတွေက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စု သစ္စာခံ အရာရှိရဲ့ တူမဟာ ဇွန်(၁၂)ရက် မနေ့ကက စျေးချိုတော် အနောက်ဘက်က စျေးမှာ ကားတိုက်ခံရကာ သေဆုံးခဲ့ပြီး တိုက်တဲ့ကားဟာ ပန်းတွေ တင်ဆောင်လာတဲ့ ကားဖြစ်တယ်လို့ အရပ်စကား ပြန့်နှံ့ ခဲ့ပြီးနောက် စစ်အုပ်စုက ပန်းသည်တွေကို အငြိုးထားကာ အထက်ပါအတိုင်း စျေးသည်တွေကို လာရောက် ရိုက်နှက်တာလို့ ဆိုပါတယ်။

ဇွန်(၁၃)ရက် ဒီမနက်(၃)နာရီကျော်အချိန် စျေးချိုတော်အနီးက ပန်းသည်တွေ စျေးရောင်းရာ နေရာကို စစ်အုပ်စု ရောက်လာပြီး စျေးသည်တွေကို အော်ဟစ်ဆဲဆို ရန်ပြု ရိုက်နှက်တာ၊ စျေးပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးတာ၊ ဆွဲရမ်း လွင့်ပစ်ပြီး ထင်တိုင်းကျဲ သောင်းကျန်း ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

"ရိုက်တာရိုက်တာ။ ပန်းသည်တွေချည်းကို ရွေးရိုက်တာ။ ပစ္စည်းတွေလည်း ဆွဲလွင့်ပစ်တယ်။ ပန်းသည်အကုန်လုံး အရိုက်ခံရတယ်။ တခြားစျေးသည်တွေလည်း အကုန်ထွက်ပြေးကြတာ။ ထွက်ပြေးတဲ့သူတွေကို ကားတွေနဲ့ ပိတ်ပြီးကို လိုက်ရိုက်ကြတာ" လို့ မြင်တွေ့သူတစ်ဦးက ပြောပါတယ်။

နံပတ်တုတ်တွေနဲ့ ရောက်လာတဲ့ ရဲတွေက စျေးသည်တွေကို ရုတ်တရက် ဝင်ရောက် ရိုက်နှက်လို့ ဝရုန်းသုန်းကား ထွက်ပြေး ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံရသူက ပြောပါတယ်။

"ဘာဖြစ်လို့ လိုက်ရိုက်လဲ ဆိုတာ ဘယ်သူမှ မသိဘူး။ အကုန် ကြောက်လန့်တကြား ထွက်ပြေးရတာ" 

ဒီယာဥ်တိုက်မှု ဖြစ်ထားမှန်းကိုပင် မသိတဲ့ စျေးသည်တွေပါ အားလုံး အရိုက်ခံရတာ ဖြစ်ပြီး လာရောက် ရိုက်နှက် သူတွေဟာလည်း ဘာကြောင့် ရိုက်တယ်ဆိုတာကို မပြောဘဲ မြင်သမျှကို ရိုက်နှက်ခဲ့တာလို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် သေဆုံးသူဟာ အရာရှိတစ်ဦးရဲ့ တူမလို့သာ သိရပြီး ဘယ်ဌာနကလဲ ဆိုတာတော့ MFP အနေနဲ့ အတိအကျ မသိရပါဘူး။

ဒီမနက် စျေးသည်တွေကို အကြောင်းမဲ့ ရန်ပြု ရိုက်နှက်ပြီး သောင်းကျန်းသူတွေဟာ ရဲနဲ့ ပြည်သူ့စစ် ယူနီဖောင်းဝတ် ပျူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ လမ်းတွေ၊ ရပ်ကွက်တွေကို ပိတ်ဆို့ပြီး လက်နက်ပြ မိုက်ကြေးခွဲ ဖမ်းဆီး ငွေညှစ်တာ၊ ပစ်ခတ်သတ်ဖြတ်တာတွေလည်း မကြာခဏ ကျူးလွန်နေတာ ဖြစ်ပါတယ်။

ဆက်ဖတ်ရန် →
ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ

ပဲခူးတိုင်း မြို့နယ်အချို့တွင် စစ်ကောင်စီက VPN စစ်ဆေးမှုအကြောင်းပြ ငွေညှစ်နေ



ကျော်ဇော/People's Spring


ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက လက်ကိုင်ဖုန်းများ၌ VPN ဆော့ဝဲလ် ထည့်သွင်းထားခြင်းရှိ၊မရှိ စစ်ဆေးပြီး ဖုန်းများကိုသိမ်းယူကာ ငွေညှစ်မှုများရှိနေကြောင်း သတင်းရရှိသည်။


စစ်ကောင်စီက လမ်းသွား၊လမ်းလာများကို တားဆီး၍ လက်ကိုင်ဖုန်းများ၌ VPN ပါ၊မပါ စစ်ဆေးမှုများကို ပဲခူးတိုင်းအနောက်ခြမ်းရှိ ပြည်၊ ပေါင်းတည် စသည့်မြို့များနှင့် အရှေ့ခြမ်းတွင် ပဲခူးမြို့ပေါ်တို့တွင် စစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။


"ဇွန်လ ၁၁ ရက်နေ့ကတည်းက ပြည်အမှတ် (၂)စခန်းရှေ့၊ ကိုးသောင်းစျေးနားနဲ့ နဝဒေးတံတားထိပ်တွေမှာ စစ်ဆေးတာတွေ လုပ်နေတာ။ ဖုန်းတွေကို VPN ပါ၊မပါစစ်တယ်။ VPN ပါတဲ့ဖုန်းတွေ့ရင် သိမ်းခံရတယ်"ဟု ပြည်မြို့ခံတစ်ဦးက ပြောသည်။


စစ်ဆေးခံရမှုအတွင်း လက်ကိုင်ဖုန်းများတွင် VPN ဆော့ဝဲလ်ထည့်သွင်းထား၍ ဖုန်းသိမ်း ဆည်းခံရသည့် ပြည်သူအများအပြားရှိပြီး အချို့မှာ ငွေကြေးတန်ဖိုးတစ်ခုဖြင့် ပြန်လည်ရွေးယူရသည်များလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။


အလားတူ ပြည်ခရိုင် ပေါင်းတည်မြို့တွင်လည်း စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များက ယမန်နေ့(ဇွန်လ ၁၂ ရက်)က မြို့ပေါ် နေရာများတွင် ခရီးသွားပြည်သူများ၏ ယာဥ်များကိုတားဆီးကာ VPN စစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။


"ပေါင်းတည်မြို့ပေါ်မှာ နေရာအတည်တကျမရှိဘူး။ mobile ပုံစံစစ်တာ။ ဆိုင်ကယ်လိုင်စင်နဲ့ ဖုန်းတွေကို VPN စစ်တယ်"ဟု မြို့ခံတစ်ဦးက ပြောသည်။


ထို့အပြင် ယနေ့(ဇွန်လ ၁၃ ရက်)နံနက်ပိုင်းမှစတင်ပြီး ပဲခူးအရှေ့ခြမ်းရှိ ပဲခူးမြို့တွင်လည်း နံနက်အစောပိုင်း၌ ငါးပိပွဲရုံတန်းအနီး VPN စစ်ဆေးမှုများရှိခဲ့ကာ မြို့တွင်းရှိ နာရီစဥ်၊ မဟာမြိုင်လမ်းဆုံနှင့် ဗိုလ်ချုပ်လမ်းအနီးဝန်းကျင်နေရာများ၌ စစ်ဆေးမှုများရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။


"VPN ထည့်ထားလို့ တချို့ဖုန်းသိမ်းခံရတဲ့သူတွေဆိုရင် ငွေနှစ်သိန်း၊ သုံးသိန်းပေးပြီး ပြန်ရွေးရတာတွေရှိတယ်"ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။


ထို့အပြင် ရန်ကုန်မြို့တွင်လည်း စစ်ကောင်စီက ဖုန်းများအတွင်း VPN စစ်ဆေးမှုများရှိသည်ဟု လူမှုကွန်ရက်တွင် ရေးသားနေသည်။


အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက အင်တာနက်ကွန်ရက်အသုံးပြုမှုများနှင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုမှုများကို အလုံးစုဲထိန်းချုပ်လိုက်သောကြောင့် နိုင်ငံတဝှမ်းဖုန်းလိုင်းများပြတ်တောက်ခြင်း၊ အင်တာနက်ကွန်ရက်ပြတ်တောက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ 



သို့ဖြစ်ရာ အင်တာနက်လိုင်းများကို ပုံမှန်နီးပါးအသုံးပြုနိုင်ရန် ပြည်သူများက ကြားခံ VPN ဆော့ဝဲလ်များဖြင့် အသုံးပြုလာရပြီး ယခုဇွန်လတွင်မူ စစ်ကောင်စီက လူသုံးများသည့် VPN ဆော့ဝဲလ်များကို ပြည်တွင်း၌ အသုံးပြုမရအောင် ထပ်မံပိတ်ပင်ခဲ့သည်။( ပုံအဟောင်း)

ဆက်ဖတ်ရန် →
မြန်မာတွင် ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာ

မြန်မာတွင် ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာ



▪︎နိုင်ငံ့လူဦး​ရေ သုံးပုံတစ်ပုံမှာလည်း ဆင်းရဲမွဲ​တေသည့်အ​ခြေအ​နေသို့​ရောက်နိုင်​ခြေမြင့်မား​နေဟုကမ္ဘာ့ဘဏ်ဆို


​ရဲခေါင်၊​စော​နွေဦး /People's Spring


မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ခုနစ်သန်းတိုးလာကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။


ငွေကြေးဖောင်းပွမှုနှုန်း နှင့်အလုပ်လက်မဲ့ နှုန်းများဆက်လက်မြင့်တက်နိုင်မှုနှင့်အတူ ဆင်းရဲမှုအခြေ အနေမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဆိုးရွာနေမည်ဟု အသိပေးသည်။


၂၀၂၄နှစ်စတွင် လူဦးရေ၏ ၃၂ ရာခိုင်နှုန်းသည် ဆင်းရဲနွမ်း

ပါးသည့်အ​ခြေအ​နေကို ​ရောက်ရှိလာသည့်အတွက်  ၂၀၁၅က အခြေအနေသို့  ပြန်လည်ရောက်ရှိသွားခြင်းဟု 

ကမ္ဘာ့ဘဏ်က နှိုင်း ယှဥ်ပြသည်။ မြန်မာနိုင်ငံလူဦး​ရေကို ၅၄ သန်း​ကျော်ဟုသတ်မှတ်ထားသဖြင့် ၃၂ ရာခိုင်နှုန်းမှာ လူဦး​ရေ ၁၇ သန်း​ကျော်ဖြစ်သည်။


ထို့အပြင်နိုင်ငံ​၏ သုံးပုံတစ်ပုံသော လူဦးရေ ( ၁၈ သန်းဝန်းကျင်) သည်လည်း ဆင်းရဲမွဲ​တေသည့် အခြေအနေသို့ ကျရောက်နိုင်ခြေ မြင့်မား​​နေ ကြောင်းလည်း အစီရင်ခံစာ၌ ဖော်ပြသည်။


"နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများ၊အလုပ်အကိုင်ဆုံးရှုံးမှုများ၊

ဝင်ငွေကျဆင်းမှုများ ဖြစ်လာနေခဲ့ပြီး ဆင်းရဲမှုကျဆင်းရေးအတွက်ဆယ်စုနှစ်တစ်ခုစာကြိုးပမ်းခဲ့တဲ့ ရလဒ်တွေအကုန်အလဟဿ ဖြစ်သွားရတယ်"ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာဌာနေညွှန်ကြားရေးမှူး မာရီယမ်ရှာမမ်က ပြောသည်။


ထို့အတူ နိုင်ငံ၏စီးပွားရေးသည် ကုန်ထုတ်လုပ်မှုအပေါ် အဟန့်အတားဖြစ်စေသည့် ပဋိပက္ခများ ၊ မေခရိုသီးပွားရေး မတည်ငြိမ်မှု နှင့် နေရပ်ရွှေ့ပြောင်းရမှုတို့ကြောင့် စိန်ခေါ်မှုများကိုရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှုမှာမူလကခန့်မှန်းထားသည်ထက်ပင် နှေးကွေးနေမည်ဟု ဇွန်လ ၁၂ ရက်တွင်ထုတ်ပြန်​သော ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။


၂၀၂၃ ဒီဇင်ဘာလတွင် နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်း

(GDP)သည် ၂ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းခဲ့သော်လည်း ၁ ရာခိုင်နှုန်းသာရှိနိုင်ပြီး အရပ်သားအစိုးရလက်ထက်ကိုဗစ်

မဖြစ်ခင်ကရှိခဲ့သည့် စီးပွားရေးတိုးတက်နှုန်း​အောက်  ၉ ရာခိုင်နှုန်းနိမ့်ကျဲ​နေမည်ဟု ကမ္ဘာ့ဘဏ်ကဆိုသည်။ ဒေသ

တွင်းနိုင်ငံများနှင့် နှိုင်းယှဉ်များက မြန်မာ့စီးပွား​ရေးသည် သိသာထင်ရှားစွာနိမ့်ကျနေ​ကြောင်းလည်း​ဖော်ပြထားသည်။


စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေက နိုင်ငံစီးပွားရေးတိုးတက်နှုန်းကျဆင်းစေရသည့် အဓိက အကြောင်းအရင်းဖြစ်သည်ဟုလည်းကမ္ဘာ့ဘဏ်ကသည်။ ထိုဥပဒေကြောင့် လူငယ်များက ပြည်ပနိုင်ငံများကို ထွက်ခွာခြင်းကြောင့် တိုင်းပြည်အတွင်း လူသားအရင်းအမြစ်ရှားပါး စီးပွားရေးကို များစွားထိခိုက်ခဲ့သည်ဟုသုံးသပ်ထားသည်။


တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ပြည်တွင်းကုန်စည်စီးဆင်းမှု ပြတ်တောက်သွားသည်ဟုလည်း ကမ္ဘာ့ဘဏ်ကဆိုသည်။  ယခင်နှစ်ကာလတူ ခြောက်လတာ နှင့် နှိုင်းယှဥ်ပါက ယခုနှစ် မတ်လအထိ နိုင်ငံတကာနှင့်ကုန်သွယ်​ရေးတွင်ပို့ကုန် ၁၃ ရာခိုင်နှုန်းနှင့် သွင်းကုန် ၂၀ ရာခိုင်နှုန်း အထိကျဆင်းခဲ့ကြောင်းလည်း သိရသည်။


လောင်စာဆီစျေးနှုန်းမြင့်မားခြင်း၊ချေးငွေရရှိနိုင်ရန် ခက်ခဲခြင်း၊ပဋိက္ခများကြောင့် စိုက်​ပျိုးသီးနှံအထွက်နှုန်ထိခိုက်နိုင်ခြေ မြင့်မားနေဆဲ ဖြစ်ပြီး  ၊လာမည့် ကာလတို အထိကုန်ထုတ်လုပ်မှုများအပေါ်အတားအဆီး သက်ရောက်မည်ဟု ကမ္ဘာဘဏ်က ခန့်မှန်းသည်။



စားအုန်းဆီကိုတန်းစီဝယ်​နေရ​သောပြည်သူများ။

ဓါတ်ပုံ-Getty Images


ဆက်ဖတ်ရန် →
တနင်္သာရီမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ကျေးရွာနှစ်ရွာကို လေကြောင်းတိုက်ခိုက်


ကျော်ဇော/People's Spring


တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာကို လေကြောင်းမှ ပစ်ခတ်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။


ယနေ့(ဇွန်လ ၁၃)မွန်းလွဲ ၃နာရီခန့်က တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ရှိ ခြောက်အိမ်စုရွာ၊နှင့် ပြည်အေးရွာတို့မှ စာသင်ကျောင်းအနီးနှင့် မီးသတ်ရုံးနေရာအပါအဝင် သုံးနေရာကို ဗုံးသီး ၁၈ လုံးကြဲချ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။


"ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ လာရောက်ပစ်ခတ်သွားတာပါ"ဟု မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂)မှတာဝန်ရှိသူက ပြောသည်။


စစ်ကောင်စီက စာသင်ကျောင်းအနီးနှင့် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူများနေထိုင်ရာ နေအိမ်များကို ပစ်မှတ်ထား၍ Mi-2 ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် အဆောက်အအုံအချို့ထိခိုက်ပျက်စီးကာ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။


လေကြောင်းမှ ပစ်ခတ်ခံရသော ကျေးရွာများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထိန်းချုပ်နယ်မြေအတွင်းပါဝင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ထားသော စာသင်ကျောင်းများနှင့် ဆေးခန်းများရှိကြောင်း ပူးပေါင်းစစ်ကြောင်း(၂)ထံမှ သိရသည်။


"PDF ထိန်းချုပ်နယ်မြေပါ။ အပြည့်အဝတော့မဟုတ်သေးဘူးပေါ့။ NUG အစိုးရရဲ့ ကျောင်းတွေ၊ ဆေးခန်းတွေ ဖွင့်ထားတယ်။ ပြည်သူ့အုပ်ချုပ်ရေးနဲ့ လုုခြုံရေးအဖွဲ့တွေလည်း ဖွဲ့ထားပြီဖြစ်ပါတယ်"ဟု တကူတိုက်နယ်အတွင်း နယ်မြေစိုးမိုးမှုအခြေအနေကို စစ်ကြောင်း(၂)မှ တာဝန်ရှိသူက ရှင်းပြသည်။


လက်ရှိအခြေအနေတွင် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ လက်နက်ကိုင်အဖွဲ့များက ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်လျှက်ရှိရာ မိဘပြည်သူများအနေဖြင့် သတိထားသွားလာနေထိုင်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။


(လေကြောင်းမှပစ်ခတ်ရာတွင် စစ်ကောင်စီတပ်အသုံးပြုသော ဗုံးသီးနှင့် ထိခိုက်ပျက်စီးသွားသော အဆောင်အအုံအချို့ကို တွေ့ရစဥ်။ 

ဓာတ်ပုံ - ပေးပို့)









ဆက်ဖတ်ရန် →

ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး

ကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းလစာတိုးပေးခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၁၃ ခေတ်သစ်

မြန်မာကျပ်ငွေတန်ဖိုးထိုးကျမှုနှင့်ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဝန်ထမ်းများကို လစာတိုးပေးသော ရုံးတွင်းအမိန့်စာများ Facebook လူမှုကွန်ရက်တွင် တင်ခဲ့သည့် ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်းရှင် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်း ဆီးလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

မေလနှောင်းပိုင်းအတွင်း မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းခဲ့သည့်အတွက် ကုန်စျေးနှုန်းများ မြင့်တက်ပြီး ဝန်ထမ်းများ လစာဖြင့် မလောက်ငှမည်ကို စိုးရိမ်ကြသည့် ပုဂ္ဂလိက လုပ်ငန်းရှင်များက ၎င်းတို့၏ ဝန်ထမ်းများ အတွက် လစာများ တိုးမြှင့်ပေးခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာကိုလည်း လူမှုကွန်ရက် Facebook စာမျက်နှာများတွင် ဖော်ပြခဲ့ကြကြောင်း၊ ထိုသို့ လစာတိုးမြှင့်သည့် အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြမှုသည် နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ လက်ရှိ စစ်ကောင်စီကို Non-CDM ဝန်ထမ်းများက လစာမတိုးပေးမှုဖြင့် အကြည်ညိုပျက်စေရန် လုပ်ဆောင်သည်ဟုဆိုကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ 

ဝန်ထမ်းများကို လစာတိုးမြှင့်ပေးသည့် ကုမ္ပဏီနှင့်လုပ်ငန်းများတွင် ရန်ကုန်မြို့မှ Zaw Zaw  Mobile လည်းပါ ဝင် ခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြစျေးရှိ Zaw Zaw Mobile ဆိုင်ကို စစ်ကောင်စီက ချိတ်ပိတ်သွားခဲ့သည်ဟု မျက်မြင် ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီက ဝန်ထမ်းများ လစာတိုးမြှင့်သည်ဟု လူမှုကွန်ရက်တွင် ရုံးတွင်း အမိန့်စာ များ ဖော်ပြခဲ့ကြသည့် ကုမ္ပဏီပိုင်ရှင်များ၊ လုပ်ငန်းရှင်များကို ဖမ်းဆီး အမှုဖွင့်ထားကြောင်း၊ အဓိကအားဖြင့် ဝန်ထမ်းလစာတိုးသည့် ရုံးတွင်း အမိန့်စာများကို လူမှုကွန်ရက်တွင် ဖော်ပြခြင်းကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ဆိုသည်။ 

"အခုကတော့ သူတို့ ဘာရည်ရွယ်ချက်နဲ့ ဒီလို ဝန်ထမ်းလစာတိုးတဲ့ ရုံးတွင်း အမိန့်စာတွေကို လူမှုကွန်ရက် တင်သလဲဆိုတာကို စစ်ဆေးနေတယ်။ စစ်ဆေးပြီးရင်တော့ ပုဒ်မတွေတပ်ပါလိမ့်မယ်။ ဖမ်းတာက ၁၀ ဦးကျော်တယ်။ ဒီလောက်ပဲ ပြောလို့ရမယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။ 

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ ကျပ်ငွေတန်ဖိုးထိုးကျပြီး တိုင်းပြည်စီးပွားရေး ကမောက်ကမ ဖြစ်စေရန် ဝိသမ စီးပွားရေးသမားများက လုပ်ဆောင်နေသည်ဟုဆိုကာ ရွှေလုပ်ငန်းရှင်များ၊ ဒေါ်လာဝယ်ရောင်းများ၊ ထိုင်းနိုင်ငံတွင် ကွန်ဒိုဝယ်ယူသူများ အပါအဝင် စီးပွားရေးသမားများကို ဖမ်းဆီးအရေးယူမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်
။
ဆက်ဖတ်ရန် →
တောင်ဒဂုံ ၇၂ရပ်ကွက်သစ္စာပန်းလမ်းကရဲအိမ်

တောင်ဒဂုံ ၇၂ရပ်ကွက်သစ္စာပန်းလမ်းကရဲအိမ်

သံလျှင်တံတားမစ်ရှင်အဖမ်းခံရတဲ့လူငယ်တွေပြဿနာမှာအဓိကပါဝင်သူ ဖမ်းတဲ့နေ့က သူ့အိမ်မှာအောင်ပွဲခံတယ်
စောင်လှန်းထားတဲ့အိမ်



Credit.
ဆက်ဖတ်ရန် →
လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ

လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ

လားရှိုးမြို့အဝင် လမ်းပိုင်းများကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး၊ လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေ


ရန်ကုန်၊ ဇွန် ၁၃ ခေတ်သစ်


ရှမ်းပြည်နယ်၊ လားရှိုးမြို့ အဝင် လမ်းပိုင်းများကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေပြီး လားရှိုးမြို့ တိုက်ခိုက်ခံရမည်ကို စစ်တပ်က ကြောက်လန့်နေကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။


ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လားရှိုးမြို့အဝင် လမ်းပိုင်း ၃ နေရာကို မြေတူးစက်များဖြင့် လိုက်လံ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်း ၃ နေရာသည် လားရှိုး-မိုင်းယော် သို့ သွားသည့် ကောင်းဟုန်းရွာ၊ နမ့်ဖရွာနှင့် မန်နားရွာတို့တွင် ဖြစ်ကြောင်း သိရှိရသည်။


၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ရှုံးနေသည့် အကြမ်းဖက် စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲများ လားရှိုးမြို့အတွင်း ဝင်ရောက်တိုက်ခိုက်မည်ကို စိုးရိမ်ကြောက်လန့်၍ မြို့အဝင်လမ်းမများကို ဖြတ်တောက်နေခြင်းဖြစ် ကြောင်း သိရသည်။


အလားတူ ဇွန်လ ၁၂ ရက်နေ့ကလည်း သီပေါမြို့နယ် ကွန်စံလိတ်ရွာအထက် သီပေါ - နမ္မတူ လမ်းပိုင်းကို မြေတူး စက်များ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။





အကြမ်းဖက် စစ်တပ်၏ လုပ်ဆောင်ချက်သည် တော်လှန်ရေး အင်အားစုများကို ဟန့်တား နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း အရပ်သား ပြည်သူများသာ ထိခိုက်နစ်နာစေခဲ့ပြီး သွားလာရေးခက်ခဲခြင်း၊ ကုန်စည်သယ်ယူပို့ ဆောင်ရေး ရပ်တန့်ရခြင်းတို့နှင့် ကြုံတွေ့နေရကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။



ဆက်ဖတ်ရန် →

စစ်တပ်လက်အောက်ခံ စည်ပင်သာယာစျေးများတွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့်ဆိပ်သားများကို သတ်မှတ်စျေးနှုန်းဖြင့်သာ ရောင်းရန် ဖိအားပေးခံနေရသဖြင့် စျေးသည်များအခက်တွေ့



ရန်ကုန်၊ ဇွန် ၁၃ ခေတ်သစ်


အကြမ်းဖက်စစ်တပ်လက်အောက်ခံ စည်ပင်သာယာစျေးများတွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့်ဆိပ်သားများကို သတ်မှတ်စျေးနှုန်းဖြင့်သာ ရောင်းရန် ဖိအားပေးခံနေရသဖြင့် စျေးသည်များအခက်တွေ့ နေကြောင်း စျေးသည်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို
သည်။



မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရေးစျေးများအားလုံးတွင် ကြက်သား၊ ဝက်သား၊ အမဲသားနှင့် ဆိတ်သားများကို သတ်မှတ်စျေးဖြင့် ရောင်းရန် စျေးသည်များကို ဖိအားပေးလာခြင်းဖြစ်ကြောင်း၊ သတ်မှတ်စျေးဖြင့် မရောင်းပါက စျေးရောင်းချခွင့် ပိတ်ပင်မည့်အပြင် ဒဏ်ရိုက်ခြင်း၊ ထောင်ချခြင်းများပါ ဆောင်ရွက်မည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။ 


"ကြက်သား၊ဝက်သား၊ အမဲသားနဲ့ ဆိပ်သားတွေကို တစ်ပိဿာ တစ်သောင်းနဲ့ တစ်သောင်းခွဲအတွင်းပဲ ရောင်းရမယ်။ အဲဒါထက်ကျော်ရောင်းတာ။ အရိုးရောတာတွေကို စျေးရောင်းချခွင့် ပိတ်မယ့်အပြင် ဒဏ်ရိုက်၊ ထောင်ချမယ်လို့ ခြိမ်းခြောက်တယ်။ သူတို့သတ်မှတ်တဲ့စျေးနဲ့ မရောင်းနိုင်ရင် စျေးလာမရောင်းနဲ့ပေါ့ အဲဒီလို ပြောတယ်" ဟု နတ်မောက်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီစျေးတွင် စျေးရောင်းနေရသူ ပြည်သူတစ်ဦးက ပြောဆိုသည်။ 


လက်တွေ့ ပြင်ပစျေးကွက်တွင် ကြက်သား၊ အမဲသား၊ ဝက်သားနှင့်ဆိတ်သားစျေးနှုန်းများမှာ တစ်ပိဿာလျှင် ငွေကျပ် နှစ်သောင်းဝန်းကျင်နှင့်နှစ်သောင်းကျော်အထိ မြင့်တက်နေကြောင်း သိရှိရသည်။


စစ်ကောင်စီက ကျပ်ငွေတန်ဖိုး မြင့်တက်စေရန်၊ ဒေါ်လာစျေးနှုန်း၊ ကုန်စျေးနှုန်း၊ ရွှေစျေးနှုန်းများ ကျဆင်းစေရန်အတွက် ကုန်သည်များနှင့်လုပ်ငန်းရှင်များကို ဖမ်းဆီး အရေးယူမှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ယခုနောက်ဆုံး စည်ပင်သာယာစျေးများတွင် အခြေခံစားကုန်စျေးနှုန်းကိုပါ  ခြိမ်းခြောက်ဖိအားပေး လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆက်ဖတ်ရန် →