နောက်ဆုံးရ
စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာ

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာ

မ​ဇ္စျိမ။ ။ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေအရ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် နိုင်ငံရေးပါတီ ရှစ်ခု အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ယခင်က ကြံ့ခိုင်ရေးပါတီအပါအဝင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ငါးပါတီရှိပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့က ထပ်မံလျှောက်ထားလာခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။

ဒီမိုကရက်တစ်အင်အားစုလေဘာပါတီကမူ နိုင်ငံရေးပါတီအသစ်အဖြစ် တည်ထောင်ရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပါတီများတွင် ကြံ့ခိုင်ရေးပါတီက မှတ်ပုံတင်ခွင့်ကို အစောဆုံးလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့က အသီးသီး လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။

လက်ရှိ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် ပါတီများတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ သွားရောက်တိုင်တန်းခဲ့သည့် ပါတီအများစု ပါဝင်သည်။

ထို့အပြင် စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်ဦးဆောင်သည့် PPP ပါတီကလည်း ပြန်လည်မှတ်ပုံတင်မည်ဖြစ်ကြောင်း ကြေညာထားသည်။

လက်ရှိတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိပြီး အဆိုပါ ပါတီများ ဇန်နဝါရီလ ၂၆ ရက်နေ့ကစပြီး နှစ်လအတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအလိုအလျောက်ပျက်ပြယ်မည်ဟု စစ်ကောင်စီက ပြဋ္ဌာန်းထားသည်။

ပါတီများအတွက် ပြဋ္ဌာန်းသည့် ဥပဒေအသစ်သည် နိုင်ငံရေးပါတီများကို အကျပ်ဆိုက်စေပြီး ပါတီမှတ်ပုံပြန်တင်၊ မတင် ပါတီတွင်းဆွေးနွေးမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း အင်အားကြီးပါတီအချို့က ပြောဆိုထားကြသည်။

ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အနေဖြင့်မူ စစ်ကောင်စီ၏ ဆောင်ရွက်မှုမှန်သမျှသည်တရားဝင်မှုမရှိဘဲ စစ်ကောင်စီရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)
mizzimaburmese


 

ဆက်ဖတ်ရန် →
 ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်မှတစ်ဆင့် ငွေကြေးလွှဲပြောင်း

ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်မှတစ်ဆင့် ငွေကြေးလွှဲပြောင်း

ထူးအောင်
Published on Feb 23, 2023myanmar-now
ရှမ်းပြည်နယ်မှ လုပ်ငန်းရောင်းရငွေ လွှဲပြောင်းရာတွင် စစ်တပ်နှင့် ဆက်စပ်နေသူကို အသုံးချခြင်းမှာ ငွေကြေးခဝါချမှု အန္တရာယ် ရှိနိုင်သည်ဟု စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီက ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကို ရောင်းထုတ်ရာမှ ရမည့် ဒေါ်လာ ၁၀ သန်းကျော်ကို စစ်တပ်အဆက်အနွှယ် စီးပွားရေးသမားတစ်ဦး ပိုင်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှတစ်ဆင့် လွှဲပြောင်း ရယူလျက်ရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုတွင်းစီမံကိန်းတွင် ပြည်တွင်းမှ ဝင်းမြင့်မိုရ်၊ East Asia Power (EAP) တို့နှင့် အကျိုးတူ လုပ်ကိုင်နေသည့် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource (Myanmar Metals) သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာမည်ဖြစ်ကြောင်း ၂၀၂၁ ဧပြီလတွင် ကြေညာခဲ့သည်။

ထို့နောက် ၎င်း၏ကုမ္ပဏီခွဲကို ဝင်းမြင့်မိုရ်ထံ ဒေါ်လာ ၁၂ ဒသမ ၀၆ သန်းဖြင့် ၂၀၂၁  ဩဂုတ်လတွင် ရောင်းချခဲ့ရာမှ ငွေကြေးလွှဲပြောင်းရန် အခက်အခဲရှိသည်ဆိုကာ ကော်မရှင်ခ ၁၅ ရာခိုင်နှုန်း (ဒေါ်လာ ၂ သန်း) ပေးကာ MAI လေကြောင်းလိုင်းပိုင် 24 Hour Group ထံ ဒေါ်လာ ၁၀ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် ပြည်ပခရီးစဉ်များတွင် သုံးဖူးသည့် MAI လေကြောင်းကို စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေးသမားတစ်ဦးဖြစ်သော ဦးအောင်ဇော်ဇော်၏ 24 Hour Group က ပိုင်ဆိုင်သည်။

ကုမ္ပဏီခွဲရောင်းရငွေများအနက် ဒေါ်လာ ၁ သန်းကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ရရှိထားသည်၊ ကျန်ငွေကို ယခုနှစ် ဇွန်လတွင် အပြီးသတ် ရရှိမည်ဟု Mallee Resource ကုမ္ပဏီ၏ ၂၀၂၃ ဇန်နဝါရီလထုတ် လေးလပတ်အစီရင်ခံစာတွင် ဖော်ပြသည်။

လွှဲပြောင်းရောင်းချရာတွင် ရန်ကုန်ရှိ ဩစတြေးလျအခြေစိုက် ANZ ဘဏ်က ဝန်ဆောင်မှု မပေးသည့်အတွက် MAI လေကြောင်းထံ ထပ်ဆင့်ရောင်းချခဲ့ခြင်းဖြစ်သည်ဟုလည်း ကုမ္ပဏီက ဆိုသည်။​

ဩစတြေးလျသတ္တုကုမ္ပဏီ၏ ထိုသို့လွှဲပြောင်းရောင်းချမှုမှာ မြန်မာစစ်တပ်နှင့် နီးစပ်သူ ခရိုနီစီးပွားရေးသမားများသာ အကျိုးအမြတ်ရှိမည်ဟု စစ်တပ်၏ အကျိုးစီးပွားများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ဖော်ထုတ်နေသည့် Justice For Myanmar (JFM) က ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ထုတ်ပြန်ခဲ့သည်။

ပမာဏများပြားသော ငွေကြေးလွှဲပြောင်းမှုသည် ငွေကြေးခဝါချမှုနှင့် ဆက်စပ်သွားနိုင်သည်ဟု JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

“24 Hour Group ကို ဒေါ်လာ ၂ သန်းပေးပြီး ငွေကြေးခဝါချမှုအန္တရာယ် မြှင့်တင်ပေးမယ့် ငွေကြေးလွှဲပြောင်းမှုကို တားဆီးသင့်ပါတယ်။ ဩစတြေးလျအစိုးရအနေနဲ့ အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုပါတယ်” ဟု မရတနာမောင်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် မှတ်ချက်ပြုသည်။

ထိုပြောဆိုမှုနှင့် ပတ်သက်ပြီး 24 Hour ကုမ္ပဏီအုပ်စုကို မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းအဆက်အသွယ် မရသေးပေ။

ဦးအောင်ဇော်ဇော်ပိုင် 24 Hour ကုမ္ပဏီ စီးပွားရေးလုပ်ငန်းစုသည် တနင်္သာရီတိုင်းတွင် ၂၀၁၃ မှ ၂၀၂၃ စက်တင်ဘာလအထိ သက်တမ်းရှိသည့် ထုံးကျောက်တူးဖော်ခွင့်လိုင်စင် ရရှိထားသည်။ ခဲမဖြူနှင့် အဖြိုက်နက်သတ္တု တူးဖော်ထုတ်လုပ်ခွင့် လိုင်စင်များလည်း ရရှိထားသည်။​

ထို့ပြင် KBZ လေကြောင်းလိုင်းကိုလည်း ပိုင်ဆိုင်ပြီး လေယာဉ်ဆီတင်သွင်းခြင်း၊ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တနင်္သာရီတိုင်းအတွင်း ၆၆၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းလည်း ရရှိထားသည်ဟု 24 Hour Group ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource သည် ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းမှ နုတ်ထွက်ခဲ့သော်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ပါဝင် ပတ်သက်နေသည့် အထောက်အထားများလည်း တွေ့ရှိရသည်။

မြန်မာနိုင်ငံမှ ထွက်ခွာခဲ့သည့် ဩစတြေးလျသတ္တုကုမ္ပဏီအနေဖြင့် ကုမ္ပဏီခွဲရောင်းရငွေကို စစ်တပ်နှင့် နီးစပ်သူတစ်ဦးပိုင် လုပ်ငန်းမှတစ်ဆင့် လွှဲပြောင်းရယူနေခြင်းအပေါ် စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတို့က တောင်းဆိုသော်လည်း လက်တွေ့အကျိုးသက်ရောက်နိုင်ခြေ နည်းနေသည်။

ကျန်ငွေကို လာမည့်လေးလအတွင်း အပြီးသတ်ရရှိမည်ဟု Mallee Resource ကုမ္ပဏီ၏ အစီရင်ခံစာတွင် ဖော်ပြထားရာ ဩစတြေးလျအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးရေး၊ ကျန်ငွေလွှဲပြောင်းမှုကို တားဆီးရေးတို့အတွက် အချိန်များစွာ မရတော့ပေ။

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ မဟာမိတ်ဖြစ်သော ဩစတြေးလျအနေဖြင့် မြန်မာစစ်တပ်ကို ဝေဖန်ပြောဆိုသော်လည်း အာဏာသိမ်းပြီး နှစ်နှစ်အကြာမှသာ ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သည့် ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်ကောင်စီအဖွဲ့ဝင် ၂၁ ဦးကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူကြောင်း ဩစတြေးလျအစိုးရက ထုတ်ပြန်ခဲ့သည်။


 

ဆက်ဖတ်ရန် →
 စစ်အုပ်ချုပ်ရေးကြေညာပြီး မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်နေ

စစ်အုပ်ချုပ်ရေးကြေညာပြီး မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်နေ

ခင်ရီရီဇော်Published on Feb 23, 2023myanmar-now
အရာတော် အပါအဝင် စစ်ကိုင်းတိုင်းရှိ ၃ မြို့နယ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ တစ်နိုင်ငံလုံးရှိ မြို့နယ်ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ဝန်ခံပြောဆိုပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာသည့် မြို့နယ်ပေါင်း ၄၀ ရှိပြီဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်လှည့် မီးရှို့နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ယမန်နှစ်အတွင်းက တွေ့ရစဉ်။

စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။

အရာတော် အပါအဝင် စစ်ကိုင်းတိုင်းရှိ ၃ မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယမန်နေ့မှစ၍ အင်အားရာဂဏန်းရှိ မြေပြင်စစ်ကြောင်းအပြင် စစ်လေယာဉ်များဖြင့်ပါ တိုက်နေခြင်း ဖြစ်သည်။

ယမန်နေ့တွင် စစ်လေယာဉ်တစ်စီးသာ လာရောက်သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၂၃) တွင် အရာတော်မြို့တောင်ဘက် ၁၈ မိုင်အကွာရှိ မလဲသာရွာအနီးကို လေယာဉ်သုံးစီးအထိ အသုံးပြုကာ တိုက်ခိုက်နေကြောင်း ဒေသအခြေစိုက် BEX အမည်ရ တော်လှန်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

"မလဲသာနဲ့ ညောင်ပင်တစ်ဝိုက်ကို လေကြောင်းနဲ့ ပစ်နေတယ်။ လေယာဉ် ၃ စီးနဲ့ ပစ်နေတယ်။ ခုထိ ပစ်နေတုန်းပဲ" ဟု ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းစဉ် တော်လှန်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ နံနက်ပိုင်းက မလဲသာရွာမြောက်ဘက် ၈ မိုင်အကွာရှိ မင်းရွာအနီးတွင် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းနှင့် ဒေသခံ​ ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ခဲ့ပြီး ညနေပိုင်းတွင် စစ်လေယာဉ်တစ်စီးဖြင့် မိနစ် ၂၀ ခန့် လာရောက်ပစ်ခတ်သည်ဟု ဆိုသည်။

အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်တပ်စစ်ကြောင်းမှာ ယခုလ ၁၈ ရက်ကတည်းက အရာတော်မြို့နယ်တောင်ပိုင်းရှိ ပဲဝက်၊ ကျွဲခြံ၊ ဝက်ပြစ်၊ နမသင်းရွာ စသည့် ရွာများကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသည်ဟု သိရသည်။

ယမန်နေ့က မင်းရွာအနီးတိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးများသည်ဟုလည်း တိုက်ပွဲတွင် ပါဝင်သည့် IBEX အဖွဲ့က ဆိုသည်။

“တိုက်မိုင်းမိပြီး သူတို့ဘက်က ၁၁ ယောက်လောက် ကျတယ်။ ဒီဘက်ကလည်း အကျအဆုံးရှိတယ်။ (ညနေ) ရွာထဲကို (လေယာဉ်နဲ့) ပစ်တာ။ အထူးသဖြင့် စာသင်ကျောင်းနားတစ်ဝိုက်ကို ပစ်ချတယ်။ လေယာဉ်က သုံးကြိမ်ပတ်ပြီး ပစ်တာ”

နှစ်ဖက်ထိခိုက်သေဆုံးမှု၊ လာရောက်တိုက်ခိုက်သည့် စစ်လေယာဉ်အရေအတွက်တို့နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်စဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး လက်နက်အချို့ ဆုံးရှုံးခဲ့သည်ဟုလည်း အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။ 

ယမန်နေ့ ညနေပိုင်းက လေယာဉ်တက်လာကြောင်း ကြိုသတင်းရသည့်အတွက် အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ကြောင်း၊ ကာကွယ်ရေးအဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းလည်း မြို့နယ်ပအဖ ခေါင်းဆောင်က ပြောသည်။

အိမ်ခြေ ၁၀၀၀ နီးပါးရှိ အရာတော်မြို့နယ်မှ မင်းရွာသည် ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းကလည်း လေကြောင်းမှ ပစ်ခတ်ခံရသည့်အပြင် မီးရှို့ခံရသဖြင့် အိမ်ခြေ ၃၅၀ ကျော် ပျက်စီးဆုံးရှုံးသည်။  

အလားတူ မလဲသာရွာသည်လည်း ပြီးခဲ့သည့်နှစ် မေလအတွင်း ဝင်ရောက်မီးရှို့ခံရပြီး အိမ်ခြေ ၅၀၀ ခန့် မီးလောင်ပျက်စီးခဲ့သည်။


ဖေဖော်ဝါရီ ၁၈ ရက်က အရာတော်မြို့နယ်အတွင်း ပြုလုပ်သော စစ်တပ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် တွေ့ရသော ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ- အရာတော်မြို့နယ်လူထုဦးဆောင်သပိတ်ကော်မတီ)


အရာတော်မြို့အခြေစိုက် ၅၀၀၄ တပ်ရင်းနှင့် ပျူစောထီး (ပြည်သူ့စစ်) အားကောင်းသော ရွာများမှ အဖွဲ့ဝင်များပါဝင်သည့် စစ်ကြောင်းမှာ မင်းရွာအနီး တပ်စွဲထားဆဲဖြစ်ကာ ယနေ့ နံနက်တွင် ရွာကို မီးရှို့နေသည်ဟု သိရသည်။

စစ်တပ်ရန်ကြောင့် မင်းရွာ၊ နမသင်း (အရှေ့ရွာ)၊ နမသင်း (အနောက်ရွာ)၊ သခွပ်ပင်လည်၊ ထန်းကြီးရွာ အပါအဝင် ရွာ ၇ ရွာမှ ရာနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယခုလဆန်းပိုင်းတွင် လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့် ဒေသများမှ မြို့နယ်ပေါင်း ၃၀ ကျော်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ယမန်နေ့တွင် စစ်ကိုင်းတိုင်းမှ ၃ မြို့နယ် ထပ်တိုးခဲ့ရာ ယခုလအတွင်း၌ပင် စစ်အုပ်ချုပ်ရေးကြေညာသည့် မြို့နယ်ပေါင်း ၄၀ ရှိပြီဖြစ်သည်။

အာဏာသိမ်းစစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာကာ အပြင်းအထန်ဖိနှိပ်နေသော်လည်း ခုခံတိုက်ခိုက်မှုများ လျော့ကျမည်မဟုတ်ကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“စစ်အုပ်ချုပ်ရေးထုတ်လိုက်တာက ဘာမှမကွာနိုင်ပါဘူး။ သူတို့ ဘယ်လိုပဲထုတ်ထုတ် မထုတ်ထုတ် ကျွန်တော်တို့ လုပ်စရာရှိတာ ဆက်လုပ်မှာပဲ။ သူတို့က ပြည်သူတွေ၊ ရဲဘော်တွေ ကြောက်သွားမလားလို့ ခြိမ်းခြောက်လိုက်တဲ့ပုံစံမျိုးလိုပဲ” ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ခေါင်းဆောင်က ပြောသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် မိုင် ၃၀ ခန့်အကွာရှိ အရာတော်မြို့နယ်တွင် ကျေးရွာ ၁၅၅ ရွာရှိသည့်အနက် ၁၂၈ ရွာတွင် နယ်မြေစိုးမိုးထားနိုင်ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။

အာဏာသိမ်းပြီး နှစ်နှစ်ပြည့်ချိန်က ပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၃၃၀ ကျော်အနက် ၁၉၈ မြို့နယ်ကိုသာ ထိန်းချုပ်ထားနိုင်သည်ဟု စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုထားသည်။

ဆက်ဖတ်ရန် →
ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

Irrawaddy

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို မြန်မာတနိုင်ငံလုံး ဆန့်ကျင်တိုက်ခိုက်မှုများ ပြေလည်မည့် အလားအလာမရှိဘဲ တတိယနှစ်အတွင်း ရောက်လာသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် ထိုအကျပ်အတည်းကို ကူညီအဆုံးသတ်ပေးရန် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် သေနင်္ဂဗျူဟာ မရှိဘဲ ဖြစ်နေသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များသည် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် ညှိနှိုင်းအဖြေရှာရေး ဆွေးနွေးပွဲများ စတင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အဆိုပြုပြီး နိုင်ငံတကာတုံ့ပြန်မှုအား ဦးဆောင်ရန် ကြိုးစားခဲ့သည်။

သို့သော် စစ်ကောင်စီ၏ တင်းမာသော သဘောထားနှင့် အခြေခံအားဖြင့် အပြတ်ချေမှုန်းရေးစစ်ပွဲတွင် အပေးအယူလုပ်ရန် မည်သည့်ဆွေးနွေးပွဲမျှ မဖြစ်နိုင်ဆိုသည့် သံသယများကြောင့် ထိုဘုံသဘောတူညီချက် ၅ ချက်သည် မွေးဖွားစဉ်ကပင် အသက်ပါမလာခဲ့ပေ။

မြန်မာ့အရေးတိုးတက်မှုရှိစေရန် ဘုံသဘောတူညီချက် ၅ ချက်သည် အကောင်းဆုံးဖြစ်ကြောင်း ဆက်လက် အားပေးစေကာမူ တိုးတက်မှုမရှိခြင်းအတွက် စိတ်ပျက်ကြောင်း ယခုလအတွင်း ဂျကာတာတွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖော်ပြကြသည်။

ထက်မြက်သော ပုဂ္ဂိုလ်များပါပေ။ ထိုဘုံသဘောတူညီချက် ၅ ချက်သည် မည်သည့်ခရီးမှ ပေါက်မည်မဟုတ်ကြောင်း သိစေကာမူ အဖွဲ့ဝင်များအကြား သဘောထားကွဲလွဲနေပြီး ပိုမိုကောင်းမွန်သော နည်းလမ်းအတွက် သဘောတူညီချက် မရနိုင်သောကြောင့် လက်ရှိ ဘုံသဘောတူညီချက်များသည်သာ ရှေ့ဆက်ရမည့် လမ်းကြောင်းဖြစ်ကြောင်း ထိုပုဂ္ဂိုလ်များက ဆက်လက် မိန့်ကြားနေကြခြင်း ဖြစ်သည်။

ထိုအကျပ်အတည်းကြောင့် အမေရိကန် ပြည်ထောင်စုသည် ရွေးချယ်စရာ နည်းလမ်းမရှိဖြစ်ရသည်။ ၂၀၀၀ ပြည့်နှစ်များတွင် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများနှင့် အထီးကျန်ထားရေးလမ်းစဉ်ကို ကျင့်သုံးစဉ် ထိုစဉ်ကမြန်မာစစ်အုပ်စုနှင့် ASEAN ထိတွေ့ဆက်ဆံမှုကြောင့် ဝါရှင်တန်နှင့် ASEAN ဆက်ဆံရေးတွင် အဖုအထစ် အမြဲဖြစ်ခဲ့သည်။ နှစ်ဖက်လုံးက တဖက်ဖက်၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး စိတ်ပျက်၊ စိတ်အနှောင့်အယှက် ဖြစ်ကြသည်။

    ၂၀၀၀ ပြည့်နှစ်များတွင် အမေရိကန် ပြည်ထောင်စုက အရေးယူပိတ်ဆို့မှုများနှင့် အထီးကျန်ထားရေးလမ်းစဉ်ကို ကျင့်သုံးစဉ် ထိုစဉ်ကမြန်မာစစ်အုပ်စုနှင့် ASEAN ထိတွေ့ဆက်ဆံမှုကြောင့် ဝါရှင်တန်နှင့် ASEAN ဆက်ဆံရေးတွင် အဖုအထစ် အမြဲဖြစ်ခဲ့သည်။

ယခုအကျပ်အတည်းတွင်မူ ဝါရှင်တန်က ASEAN ၏ ဘုံသဘောတူညီ ၅ ချက်သည် တိုးတက်မှု မရှိသော်လည်း ထောက်ခံပြီး ASEAN ကို ပိုမိုဦးစားပေးသည်။

ထိုနည်းလမ်းသည် အမေရိကန် ပြည်ထောင်စုက ASEAN ၏ ဗဟိုကျမှုကို ထောက်ခံပြီး အမေရိကန် ပြည်ထောင်စုတွင် ထိုထက်ကောင်းသည့် အကြံအစည်မရှိဆိုသည့် အချက်ကို ဖုံးကွယ်ထားသော်လည်း ကနဦးတွင် အဓိပ္ပာယ်ရှိသည့်သဘော ဆောင်နေသည်။ သို့သော် ခြေလှမ်းနောက်ကောက်ကျနေသော အာဆီယံ၏ သဘောတူညီချက်ကို မကျော်လွှားခြင်းသည် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအတွက် နှိုးဆော်ချက် ဖြစ်သင့်သည်။
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးစဉ်



ASEAN ၏ မအောင်မြင်သည့်နည်းလမ်းကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ထောက်ခံခြင်းနှင့် ငြိမ်းချမ်းသောအဖြေမရှိသည့် အကျပ်အတည်းတွင် ဝါရှင်တန်က ငြိမ်းချမ်းသော အဖြေရှာခြင်းတို့ကြောင့် “မြန်မာပြည်သူများနှင့် အတူရပ်တည်မည်” ဆိုသည့် ကတိသည် အနှစ်သာရ ကင်းမဲ့သည်။ ထိုနည်းလမ်းကို အမေရိကန် ပြည်ထောင်စုက ဆက်လက်ကျင့်သုံးလေလေ၊ အမေရိကန် ပြည်ထောင်စုအပေါ် ယုံကြည်မှု ကျဆင်းလေလေ၊ မြန်မာမှ ဖြစ်ရပ်များအပေါ် အမေရိကန် ပြည်ထောင်စု၏ သြဇာသက်ရောက်နိုင်စွမ်း ကျဆင်းလေလေပင် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက သတိထားကိုင်တွယ်နေသည့် နည်းလမ်းမှာ ခုခံတော်လှန်ရေး အင်အားစုများကို အပြည့်အဝထောက်ခံသည့် ပိုမိုရဲရင့်သော မူဝါဒချမှတ်ရမည့် အန္တရာယ်ကို အမေရိကန် အစိုးရအရာရှိများ လက်မခံလိုသောကြောင့် ဖြစ်နိုင်သည်။ ထိုသို့လုပ်ခြင်းသည် အကြမ်းဖက်မှု ပိုမိုဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်နိုင်သလို စစ်တပ်ကို ချေမှုန်း အောင်ပွဲခံလျှင် နိုင်ငံကို တစုတစည်းတည်းထားရှိရန် လုံးဝ မတူညီသော ခုခံတော်လှန်ရေး အင်အားစုများ၏ စွမ်းရည်ကို မေးခွန်းထုတ်နေခြင်းလည်း ဖြစ်နိုင်သည်။

တရုတ်က စစ်ကောင်စီကို ထောက်ခံမှု ပိုမိုပေးလိုက်စေသလို ဖြစ်မည်ကိုလည်း အမေရိကန်အရာရှိများ စိုးရိမ်ကောင်း စိုးရိမ်နေနိုင်သလို ယူကရိန်းပြဿနာကို လွန်စွာအာရုံစိုက်နေရသောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါမှုနည်းသည့် မြန်မာပဋိပက္ခတွင် တစိတ်တဝမ်းတည်းဖြစ်ရန် စွမ်းအား မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

    တရုတ်က စစ်ကောင်စီကို ထောက်ခံမှု ပိုမိုပေးလိုက်စေသလို ဖြစ်မည်ကိုလည်း အမေရိကန်အရာရှိများ စိုးရိမ်ကောင်း စိုးရိမ်နေနိုင်သလို ယူကရိန်းပြဿနာကို လွန်စွာ အာရုံစိုက်နေရသောကြောင့် သေနင်္ဂဗျူဟာအရ အရေးပါမှုနည်းသည့် မြန်မာပဋိပက္ခတွင် တစိတ်တဝမ်းတည်းဖြစ်ရန် စွမ်းအား မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ ဝါရှင်တန်၏ နည်းလမ်းကြောင့် အမေရိကန် ပြည်ထောင်စုသည် သဘောတရားအရ ခုခံတော်လှန်ရေး အင်အားစုများဘက်တွင် ရှိသော်လည်း ခုခံတော်လှန်ရေး အင်အားစုများ အောင်မြင်စေရန် ကတိကဝတ်နှင့် ရင်းမြစ်များ မပေးဘဲဖြစ်နေသည်။

ယခုအကျပ်အတည်းမှ အပြုသဘောဆောင်သော ထွက်ပေါက်မှာ ခုခံတော်လှန်ရေး အင်အားစုများက မြန်မာစစ်ကောင်စီကို အောင်မြင်စွာ ဖြုတ်ချရေးဖြစ်ကြောင်း မူဝါဒချမှတ်သူများ အသိအမှတ်ပြုသင့်သည်။ စစ်တပ်က အာဏာကို ချုပ်ကိုင်ထားသမျှ နိုင်ငံအတွက် မျှော်လင့်ချက် မရှိပေ။

ခုခံတော်လှန်ရေး အင်အားစုများကို ပိုမိုပြည့်ဝစွာ ထောက်ခံခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အန္တရာယ်များ ရှိသည်။ သို့သော် လက်ရှိလမ်းကြောင်းအတိုင်း သွားနေခြင်းသည် ဆက်လက်အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုနှင့် ဒုက္ခများကို နှစ်ပေါင်းများစွာ ဖြစ်ပွားစေမည်ဖြစ်သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သို့လုပ်သင့်သနည်း။ ပထမဆုံးအချက်မှာ အမေရိကန် ပြည်ထောင်စုသည် ပိုမိုပြတ်ပြတ်သားသားလုပ်ရန် ASEAN ကို နားပူနားဆာလုပ်သည့် ခေတ်ဟောင်းသို့ ပြန်မသွားသင့်ခြင်း ဖြစ်သည်။ ထိုသို့လုပ်လျှင် အကျိုးယုတ်မည်ဖြစ်သည်။ သို့သော် ဘုံသဘောတူညီချက် ၅ ချက်သည် တိုးတက်မှုဖြစ်စေမည် သို့မဟုတ် ယခုအကျပ်အတည်းတွင် ငြိမ်းချမ်းသောအဖြေရှိသည်ဟု ဟန်ဆောင်ခြင်းကို ရပ်သင့်သည်။

၂၀၂၃ ခုနှစ်အတွက် ASEAN ဥက္ကဋ္ဌ အင်ဒိုနီးရှားက ပိုမို ရည်မှန်းချက် ကြီးမားသော ချဉ်းကပ်မှုပေးနိုင်သည့် အတိုင်းအတာအထိ ဝါရှင်တန်သည် ဂျကာတာကို ထောက်ခံသင့်သည်။ အမေရိကန် ပြည်ထောင်စုသည် ASEAN ကို ပစ်ပယ်ထုတ်ရန် မလိုသော်လည်း ASEAN ၏ အနိမ့်ဆုံး လက်ခံနိုင်မှုတွင် မပါဝင်သင့်ပေ။

ASEAN တွင် အလုပ်ဖြစ်သော သေနင်္ဂဗျူဟာ မရှိသောကြောင့် ဘိုင်ဒင်အစိုးရသည် စစ်တပ်အာဏာ ပြုတ်ကျအောင် သို့မဟုတ် ထွက်ပေါက်ရှာရေးအတွက် အင်အားချိနဲ့သွားလောက်အောင် ခုခံတော်လှန်ရေး အင်အားစုကို များစွာ ပိုမိုထောက်ပံ့ကူညီခြင်းဖြင့် ခေါင်းဆောင်မှု ထူထောင်သင့်သည်။

    ASEAN တွင် အလုပ်ဖြစ်သော သေနင်္ဂဗျူဟာ မရှိသောကြောင့် ဘိုင်ဒင်အစိုးရသည် စစ်တပ်အာဏာ ပြုတ်ကျအောင် သို့မဟုတ် ထွက်ပေါက်ရှာရေးအတွက် အင်အားချိနဲ့သွားလောက်အောင် ခုခံတော်လှန်ရေး အင်အားစုကို များစွာပိုမိုထောက်ပံ့ကူညီခြင်းဖြင့် ခေါင်းဆောင်မှု ထူထောင်သင့်သည်။

ထိုသို့လုပ်ဆောင်ရာတွင် စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အခြား ခုခံတော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်တင်ခြင်း ပါဝင်သင့်သည်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို လွန်ခဲ့သောအပတ်က ဝါရှင်တန်တွင် အဆင့်မြင့်တွေ့ဆုံခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်အထိ အပါအဝင် ထိုသို့ ပုံမှန် ဆက်လက် လုပ်ဆောင်သင့်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာအတွက် အထူးသံတမန်တာဝန် ထမ်းဆောင်မည့် ဝါရင့်သံတမန်တဦး ခန့်အပ်သင့်ပြီး ခုခံတော်လှန်ရေး အင်အားစုများနှင့် ထိတွေ့ဆက်ဆံကာ အဓိကမိတ်ဖက်များနှင့် အရေးယူပိတ်ဆို့မှုများ ညှိနှိုင်းသင့်သည်။

ဝါရှင်တန်သည် မကြာသေးမီက အတည်ပြုခဲ့သည့် Burma Act ခေါ် ‘စစ်တပ်ကို အပြင်းအထန် အရေးယူခြင်းဖြင့် မြန်မာကို ညီညွတ်စေရေး အက်ဥပဒေ’ (Burma Unified through Rigorous Military Accountability Act) တွင် ဖော်ပြထားသည့်အတိုင်း NUG နှင့် ၎င်း၏ မိတ်ဖက်များကို အကြီးအကျယ် ထောက်ပံ့ခြင်းဖြင့် ပိုမိုပြတ်သားစွာ လုပ်ဆောင်သင့်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျင်းပစဉ် / MOFA-NUG



ထိုအကူအညီကို အပြည့်အဝ ညီညွတ်သော ခုခံတော်လှန်ရေး အင်အားစု တည်ဆောက်ရာတွင် တိုးတက်မှုကို မကြည့်ဘဲ ထိုလုပ်ငန်းစဉ်ကို အတင်းအကျပ် လုပ်မရနိုင်ဆိုသည့် အကြောင်းကိုသာ အခြေခံပေးသင့်သည်။ ခုခံတော်လှန်ရေး အင်အားစု၏ ငွေကြေးအပေါ် တာဝန်ယူနိုင်သော အတိုင်းအတာကို ဝါရှင်တန်၏ စိုးရိမ်မှုအရ အမေရိကန်အစိုးရ အေဂျင်စီများသည် ခုခံတော်လှန်ရေး အင်အားစုများကို လေ့ကျင့်ပေးသင့်ပြီး အကူအညီမပေးရခြင်းမှာ ထိုပူပန်မှုကြောင့် ဖြစ်သည်ဆိုသည့် ဆင်ခြေမပေးသင့်ပေ။

ခုခံတော်လှန်ရေး အင်အားစုများကို လက်နက်အကြီးအကျယ် ထောက်ပံ့ခြင်းသည် မဖြစ်နိုင်သလို သယ်ယူပို့ဆောင်ရေးအရလည်း ခက်ခဲသည့်တိုင် ရန်ပုံငွေပေးခြင်းကြောင့် NUG သည် လက်နက်ဝယ်ရန် ရင်းမြစ်များကို ပိုမိုအသုံးပြုလာနိုင်မည် ဖြစ်သည်။

    ခုခံတော်လှန်ရေး အင်အာစုများကို လက်နက်အကြီးအကျယ် ထောက်ပံ့ခြင်းသည် မဖြစ်နိုင်သလို သယ်ယူပို့ဆောင်ရေးအရလည်း ခက်ခဲသည့်တိုင် ရန်ပုံငွေပေးခြင်းကြောင့် NUG သည် လက်နက်ဝယ်ရန် ရင်းမြစ်များကို ပိုမိုအသုံးပြုလာနိုင်မည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ခုခံတော်လှန်ရေး အင်အားစုများ ဆက်သွယ်ရေး တိုးတက်စေရန်နှင့် အများပြည်သူ အင်တာနက်အသုံးပြုနိုင်ရေး ကနဦး အားထုတ်မှုများအတွက် ကိရိယာများ ပေးသင့်သည်။ အဆင့်မြင့်လေကြောင်း ကာကွယ်ရေးစနစ်များ ပေးအပ်ရမည်ကို စိုးရိမ်လျှင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ခုခံတော်လှန်ရေး အင်အားစုများ ရင်ဆိုင်ရာတွင် ကူညီရေးအတွက် နည်းလမ်းများပေးရန် စစ်ဘက်ကျွမ်းကျင်သူများကို ဝါရှင်တန်က စုစည်းပေးနိုင်သည်။

အမေရိကန် ပြည်ထောင်စုသည် မြန်မာ့ဒီမိုကရေစီနှင့် အရပ်သားအုပ်ချုပ်ရေးကို ထောက်ခံနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုအကျပ်အတည်းတွင် လုပ်သင့်လုပ်ထိုက်သည်ထက် များစွာလျော့နည်း လုပ်ဆောင်နေသည်။ ယခုလုပ်နေသည့် လမ်းကြောင်းသည် လက်တွေ့ကျသောလမ်းကြောင်း မဟုတ်ကြောင်း ASEAN တွင် ပါဝင်သူများ လက်ခံ အသိအမှတ်ပြုလာအောင် ဆက်လက် ပူးပေါင်းဆောင်ရွက်ရင်း ယခုအချိန်တွင် လွန်စွာလိုအပ်နေသည့် ခေါင်းဆောင်မှုကို အမေရိကန် ပြည်ထောင်စုက ပေးနိုင်သလို ပေးလည်းပေးသင့်သည်။

(Nikkei Asia မှ Scot Marciel ၏ With ASEAN stuck, it is up to U.S. to lead on Myanmar ကို ဘာသာပြန် ဖော်ပြသည်။ စကော့ မာစီရယ်သည် စတန်းဖို့ဒ်တက္ကသိုလ် Shorenstein အာရှ-ပစိဖိတ် သုတေသနဌာနမှ Oksenberg-Rohlen သုတေသီနှင့် ASEAN, အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းဖြစ်သည်။ သူသည် စာအုပ်သစ်ဖြစ်သော “ပြီးပြည့်စုံခြင်းမရှိသည့် မိတ်ဖက်များ – အမေရိကန်ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ” (Imperfect Partners: The United States and Southeast Asia) ကို ရေးသားသူလည်း ဖြစ်သည်။)

 



 

ဆက်ဖတ်ရန် →
မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ် ဘာတွေဆွေးနွေးခဲ့လဲ

မြောက်ပိုင်း ၇ ဖွဲ့နှင့် တရုတ်အထူးကိုယ်စားလှယ် ဘာတွေဆွေးနွေးခဲ့လဲ

By ဧရာဝတီ 23 February 2023
၂၀၂၃ ဖေဖေါ်ဝါရီ ၂၀ရက်နေ့က တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း မိုင်းလားမြို့သို့ ရောက်ရှိလာကာ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံစဉ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျင်း (Deng Xijun) သည် ယခုတပတ်အတွင်းက တရုတ်-မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံ သွားရောက်ကာ တရုတ်နိုင်ငံ၏ သဘောထားများကို ဆွေးနွေးသွားကြောင်း သိရသည်။

ယင်းတရုတ်ကိုယ်စားလှယ်သည် မိုင်းလား၊ ပန်ဆန်းနှင့် လိုင်ဇာမြို့များသို့ သွားရောက်ကာ မြောက်ပိုင်း မဟာမိတ် EAOs များဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် – မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခများတွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မပါဝင်ရန် တရုတ်အထူးကိုယ်စားလှယ်က ပြောဆိုကြောင်း SSPP အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းဆုက ဧရာဝတီသို့ ပြောသည်။

“သူတို့ တရုတ်ပြည်နယ်စပ်မှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စစ်ပွဲတွေ မဖြစ်စေချင်ဘူး။ ဒါက အရင်ကတည်းက ရပ်တည်ထားတဲ့ သူတို့ရဲ့ သဘောထားတွေ ဖြစ်တယ်။ ရှိနေတဲ့ ပြည်တွင်း ပဋိပက္ခကို ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးမှုကို ဦးစားပေးတယ် ဆိုတာမျိုး ပြောတယ်” ဟု ဆိုသည်။

လက်ရှိတွင် မြောက်ပိုင်း EAOs (၇) ဖွဲ့ထဲမှ အချို့သည် စစ်ကောင်စီနှင့်ဆွေးနွေးနေပြီး အချို့အဖွဲ့များသည် ဆွေးနွေးမှု မရှိ သောကြောင့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များအကြား ဟန်ချက်မညီ ဖြစ်နေသည်ဟု တရုတ်အထူးကိုယ်စားလှယ် က ဆိုကြောင်း သိရသည်။

ဗိုလ်မှူးကြီးစိုင်းဆုက “ကျနော်တို့က ဟိုအရင်ကတည်း All Inclusive ကိုပဲ လက်ခံထားတာလေ။ သူတို့ကတော့ ငြိမ်းချမ်း စေဖို့ လိုတယ်ဆိုပြီး တိုက်တွန်းတာပေါ့။ ပြည်တွင်းမှာ ဒီပုံစံအတိုင်းပဲ သွားနေရင် ကျနော်တို့နိုင်ငံ ပြည်တွင်းမှာလည်း အကျိုးမရှိဘူးပေါ့။ သူတို့အတွက်လည်း အကျိုးမရှိဘူးပေါ့။ နှစ်ဖက်သူတို့ ဆွေးနွေးထားတာရှိတယ်ပေါ့။ နစက ကိုလည်း ပြေလည်ရာပြေလည်ကြောင်း အမြန်ဆုံး တွေ့ဆုံဆွေးနွေးဖြေရှင်းကြပါလို့ တိုက်တွန်းခဲ့တာ ရှိတယ်လို့ ပြောပါတယ်” ဟု ဆိုသည်။

ယင်းအပြင် တရုတ်အထူးကိုယ်စားလှယ်က မကြာမီတွင် တရုတ်-မြန်မာနယ်စပ်ရှိ နယ်စပ်ဂိတ်များကို ပြန်ဖွင့်ပေးတော့ မည်ဟု ဆိုပြီး မြောက်ပိုင်း EAOs များကို ကျန်းမာရေး ၊ ပညာရေးနှင့် ပတ်သက်၍ လိုအပ်သည်များ ကူညီမည်ဟု ပြောဆိုကြောင်းလည်း သိရသည်။

ဗိုလ်မှူးကြီးစိုင်းဆုက “နယ်စပ်ဂိတ်တွေကိုလည်း မကြာခင်မှာဖွင့်မယ်ပေါ့။ လိုအပ်တဲ့ တရုတ်ပြည်ဘက်က ခွင့်ပြုချက်တွေ၊ နိုင်ငံကူးလက်မှတ်တွေကိုလည်း ထုတ်ပေးမယ်ပြောပါတယ်။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံအကြား ကူးသန်းဖို့ပေါ့။ ငြိမ်းချမ်း ရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ ၇ ဖွဲ့ပါဝင်မှ မြန်မာပြည်ငြိမ်းချမ်းရေး ဖြစ်နိုင်မယ်ပြောတယ်။ အဲဒါ ကျနော်တို့ အားလုံးပါဝင် ဖြေရှင်းမှ ရမယ်ပေါ့။ သူတို့မှာလည်း လိုအပ်ရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကူညီမယ်ဆိုတာမျိုး ပြောပါတယ်” ဟု ဆို သည်။

SSPP အနေနှင့်မူ တရုတ်အထူးကိုယ်စားလှယ်၏ တိုက်တွန်း ပြောဆိုချက်များကို တစုံတရာ တုံ့ပြန်ပြောဆိုမှုမရှိဘဲ ရှင်းပြမှုများကိုသာ နားထောင်ခဲ့ကြောင်း ပြောသည်။

UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းကလည်း တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည် မှာ မှန်ကန်ကြောင်း ဧရာဝတီ ကို အတည်ပြုသည်။

မြောက်ပိုင်း EAOs (၇) ဖွဲ့တွင် KIA သည် PDF များနှင့်အတူ တိုက်ပွဲဝင်နေပြီး AA ၊ TNLA နှင့် MNDAA တို့သည် PDF များ အား စစ်သင်တန်းများပေးနေသည်။ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အဖွဲ့များမှာ UWSA ၊ မိုင်းလားအဖွဲ့နှင့် SSPP တို့ဖြစ်သည်။

တရုတ်အထူးကိုယ်စားလှယ် လိုင်ဇာသို့ လာရောက်သည့်ကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဧရာဝတီက ဆက်သွယ်ခဲ့ရာ ပြောပြ၍ မရကြောင်း ဆိုသည်။

မြန်မာအမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် နိုင်ငံခြားရေးရုံး ဖွင့်လိုက်သည့်နောက် မြန်မာသို့ အမေရိကန်၏ အကူအညီများ ရောက်လာနိုင်သည်ဟု တွက်ဆကာ မြောက်ပိုင်း EAOs များထံ တရုတ်ကိုယ်စား လှယ်က လာရောက်ဟန့်တားခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသူတဦးက ဆိုသည်။

“တိုက်ဆိုင်မှုအရဆိုရင် အမေရိကန်မှာ NUG ရုံးဖွင့်တဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာပေါ့။ အမေရိကန်ကလည်း မြန်မာ ပြည်က ဒုက္ခသည်တွေကို အကူအညီပေးမယ်။ တော်လှန်ရေးအင်အားစုတွေကို အကူအညီပေးမယ်ဆိုတဲ့ အချိန်မှာ တရုတ်အနေနဲ့က မြန်မာပြည်မြောက်ပိုင်း တရုတ်နယ်စပ်မှာရှိတဲ့ မြောက်ပိုင်း ၇ ဖွဲ့ကို အမေရိကန်အကူအညီနဲ့ ဩဇာသက် ရောက်မှာကို လိုလားဟန်မရှိဘူး။ ဒါကို ဟန့်တားဖို့ မြောက်ပိုင်း ၇ ဖွဲ့နဲ့ ရင်းရင်းနှီးနှီးဆက်ဆံပြီး တချို့အကူအညီပေးဖို့ လိုတာကို ကူညီမယ်ထင်တယ်” ဟု ၎င်းကဆိုသည်။

တရုတ်အထူးကိုယ်စားလှယ်သည် KIA ထိန်းချုပ်ရာ လိုင်ဇာမြို့သို့သွားခဲ့ရာတွင် စစ်ရှောင်စခန်းများကိုပါ သွားရောက် ခဲ့သဖြင့် စစ်ရှောင်များအတွက်လည်း တရုတ်၏ အကူအညီများလည်း ရောက်လာနိုင်ကြောင်း အဆိုပါ နိုင်ငံရေးလေ့လာ သူက ခန့်မှန်းသည်။

တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျန်းသည် ၂၀၂၀မှ ၂၀၂၂ခုနှစ် နိုဝင်ဘာအထိ အာဆီယံဆိုင်ရာ အထူးသံတမန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏နေရာကို ဆက်ခံသူဖြစ်သည်။

၎င်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် မြောက်ပိုင်း EAOs (၇) ဖွဲ့နှင့် ပထမဆုံးအကြိမ် မိတ်ဆက်သည့် သဘော တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ တည်ငြိမ်စေရန် တိုက်ပွဲ မဖြစ်ရေး ပြောဆိုခဲ့ပြီး၊ နေပြည်တော်သို့ ဆက်လက် သွား ရောက်ကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ယင်း ခရီးစဉ်အတွင်း စစ်ခေါင်းဆောင်နှင့် ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရုတ်နိုင်ငံ၏ အကူအညီပေးမှုများ၊ နိုင်ငံတကာ မျက်နှာစာတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးမှု၊ EAOs များနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ၊ နှစ်နိုင်ငံချစ်ကြည်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီအာဘော် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

 

 

ဆက်ဖတ်ရန် →
တရုတ်အထူးသံသစ် မိတ်ဆက်လာရောက်ခြင်းဖြစ်၊ အန်ယူဂျီရုံး ကိစ္စမပြောဘူးလို့ ကေအိုင်အိုပြော

တရုတ်အထူးသံသစ် မိတ်ဆက်လာရောက်ခြင်းဖြစ်၊ အန်ယူဂျီရုံး ကိစ္စမပြောဘူးလို့ ကေအိုင်အိုပြော

လိုင်ဇာ
၂၃ ဖေဖော်ဝါရီ ၂၀၂၃BBC
တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ထံ သွားရောက်ခဲ့တဲ့ တရုတ်အထူးသံတမန်သစ် မစ္စတာ တိန့်ရှီကျွင်း ကချင်လွတ်လပ်ရေးအဖွဲ့ - ကေအိုင်အိုဌာနချုပ်ကိုလည်း လာရောက်ခဲ့တာဟာ သံတမန်သစ်အနေနဲ့ မိတ်ဆက်လာရောက်ခဲ့ခြင်း ဖြစ်တယ်လို့ ကေအိုင်အိုဗဟိုက ပြောခွင့်ရသူက ပြောပါတယ်။
ဒါ့အပြင် သူ့ခရီးစဥ်နဲ့ ပတ်သက်လို့ သတင်းတချို့ မှာ ဖော်ပြနေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရုံးဖွင့်ထားတာနဲ့ပတ်သက်ပြီးတော့ သံအမတ်အနေနဲ့ တစ်စုံတရာ ဆွေးနွေးပြောဆိုတာမျိုး မကြားမိဘူးလို့ လည်း သူက ပြောပါတယ်။
“သံအမတ်အသစ်ဖြစ်နေလို့ရယ်၊ ဒီနယ်စပ်ဒေသမှာရှိနေတဲ့ မိတ်ဆွေတွေပေါ့နော်၊ အဲ့ဒါတွေကို လာတွေ့တဲ့ မိတ်ဆက်သဘောပေါ့နော်၊ အဲဒါတစ်ချက်ပါတယ်။ ဒုတိယအချက်ကတော့ ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ နယ်စပ်ဒေသတွေမှာ ဘယ်လိုအခြေအနေရှိတယ် ဂိတ်တွေဖွင့်လို့ရသလား မရသေးဘူးလားဆိုတာရယ် ” ပြောခဲ့တယ်လို့ ကေအိုင်အို ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ကျန်တဲ့ဟာကတော့ လိုင်ဇာမှာရှိတဲ့ စစ်ရှောင်စခန်းက လူတွေ ဘယ်လိုနေတာလဲ သူတို့ရဲ့ ကျန်းမာရေးတွေ စားဝတ်နေရေးတွေ ဘယ်လိုနေတာလဲ ဆိုတာတွေကို ကြည့်ပြီးပြန်သွားတယ်ဆိုတဲ့ အကြောင်းလောက်ဘဲ ကျွန်တော်ကြားပါတယ်ခင်ဗျ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တိန့်ရှီကျွင်း

ဓာတ်ပုံ ရင်းမြစ်, Social Media
တရုတ်သံတမန်အသစ် မစ္စတာ တိန့်ရှီကျွင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်ကလည်း နေပြည်တော်မှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့လည်း တွေ့ဆုံခဲ့ပြီး အခုတစ်ခါမှာတော့ ကချင် ကေအိုင်အို ဌာနချုပ် လိုင်ဇာ၊ ဝတပ်ဖွဲ့ UWSA ဌာနချုပ် ပန်ဆန်းနဲ့ NDAA ဌာနချုပ် မိုင်းလားက အဖွဲ့တွေ့နဲ့ သံအမတ်သစ်က တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

စစ်တွေမှာ လူငယ်စုံတွဲတစ်တွဲ ဓားထိုးလုယက်ခံရ ဒီရက်ပိုင်း စစ်တွေမှာ မှုခင်းတွေ ခပ်စိတ်စိတ်ဖြစ်နေ
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ညနေပိုင်းက လူငယ်စုံတွဲတစ်တွဲမှာ ကောင်လေးကိုဓား နဲ့ထိုးသတ်ပြီး အမျိုးသမီးငယ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။မနေ့ကညနေပိုင်း ၈ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်တွေမြို့အာဂျိတ်တော်ကုန်းမှာရှိတဲ့ ကန်တော်ကြီးအနီးမှာ သမီးရည်းစားနှစ်ဦး ချိန်းတွေ့နေကြတဲ့အချိန် လူသုံးယောက်ရောက်ရှိလာပြီး ဖုန်းတွေကိုလုယူကာ အမျိုးသားဖြစ်သူကို ဓားနဲ့ထိုးပြီး အမျိုးသမီးငယ်ကို ဓါးထောက်ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
ဓါးထိုးခံလိုက်ရသူဟာ စစ်တွမြို့ ကန်တော်ကြီးရပ်ကွက် ၃ မှာနေထိုင်တဲ့ အသက် ၂၀ အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး မိန်းကလေးမှာ အသက် ၁၈ နှစ်အရွယ် မင်းဂံရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ မိန်းကလေးငယ်ကတော့ မကြာခင်မှာပဲ နေအိမ်ကိုပြန်လည်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။အမျိုးသားဖြစ်သူမှာတော့ ကျောဘက်မှာ ဒဏ်ရာရရှိထားပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေသလို လက်ရှိမှာတော့ စစ်တွေဆေးရုံကြီးမှာ ဆေးဝါးကသမှုခံယူနေရတယ်လို့ ကူညီပို့ဆောင်ပေးခဲ့တဲ့ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။ကျူးလွန်သူတွေကိုတော့ ဘယ်သူဘယ်ဝါဆိုတာမသိရှိရသေးဘူးလို့လည်း သိရပါတယ်။အခင်းဖြစ်ပွားပြီးနောက် ဖမ်းဆီးခံခဲ့ရတဲ့မိန်းကလေးကို အနီးဝန်းကျင်ကလူတွေနဲ့ မိသားစုတွေ ကန်တော်ကြီးအနီးတဝိုက်ကို လိုက်လံရှာဖွေကြရာမှာ ကန်တော်ကြီးကန်ဘောင်မှာ သေဆုံးနေတဲ့လူသေအလောင်းတစ်လောင်းကိုလည်း ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ရွှေရောင်မေတ္တာဖောင်ဒေးရှင်းက ပြောပါတယ်။
ဒါ့အပြင် မနေ့ကညနေပိုင်း ၆ နာရီလောက်မှာတော့ စစ်တွေမြို့မဈေးကြီးက အထည်ဆိုင်တစ်ခုမှာ အလုပ်လုပ်နေတဲ့ မိန်းကလေးတစ်ဦးရဲ့ ဖုန်းလည်း လုယူခြင်းခံလိုက်ရတယ်လို့သိရပါတယ်။အခုလို ခိုးဆိုးလုယက်၊ လူသတ်တဲ့ဖြစ်စဉ်တွေဟာ အခုနောက်ပိုင်းမှာ စစ်တွေမြို့ပေါ်မှာ နေ့စဉ်လိုလို ဖြစ်ပွားလာနေပြီး စစ်တွေ-ရန်ကုန် အဝေးပြေးကားကွင်းအနီးဝန်းကျင်နေရာတွေမှာ ပိုမိုအဖြစ်များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။စစ်တွေမှာ ဒီရက်ပိုင်း အခုလို မှုခင်းတွေခပ်စိတ်စိတ်ဖြစ်ပွားနေတာနဲ့ပတ်သက်လို့ မှုခင်းကိုင်တွယ်မှုနဲ့ပတ်သက်ပြီး လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ဒေသအာဏာပိုင်တွေကိုမေးခွန်းထုတ်မှုတွေရှိနေပါတယ်။

ရန်ကုန် မှာ ဝင်ငွေမလုံလောက်လို့ အစားလျှော့စားရတဲ့ အိမ်ထောင်စုတွေရှိနေတယ်လို့ UNDP ပြော
ရန်ကုန်က လူ ၃ ထောင်ကို စစ်တမ်းကောက်ယူမှုအရ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း အစားလျှော့စားရတဲ့အထိ ဝင်ငွေမလုံ‌လောက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က ထုတ်ပြန်ချက်ကဖော်ပြပါတယ်။စစ်တမ်းကောက်ယူတာကို အဆင်းရဲဆုံးဖြစ်တဲ့ မြို့နယ် ၈ မြို့နယ် မှာလုပ်ခဲ့တာဖြစ်ပြီး စစ်တမ်းမှာပါဝင်သူတွေရဲ့ လူဦးရေ လေးပုံတစ်ပုံဟာ ဝင်ငွေမရှိသလို သုံးပုံတစ်ပုံကတော့အစားလျှော့စားရတဲ့အထိရှိတာကို တွေ့ရတယ်လို့ဆိုပါတယ်။ရန်ကုန် ရှိ အဆင်းရဲဆုံးမြို့နယ်တွေက လူထုအနေနဲ့ အစားလျှော့စားရတာအပြင် ဝင်ငွေမရှိတဲ့ပြဿနာကို ဖြေရှင်းဖို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ ‌ကိုရောင်းချခဲ့ကြရသလို ဒီလိုဝင်ငွေလျော့နည်းလာတဲ့ အခြေအနေက အိမ်ထောင်စုတွေရဲ့ ကျန်းမာရေး နဲ့ ရေရှည်လူမှုစီးပွား ကိုလည်း ခြိမ်းခြောက်နေတယ်လို့ဖော်ပြပါတယ်။အစီရင်ခံစာ နဲ့ စစ်တမ်းကောက်ယူချက်အရ မြို့နယ် ၈ ခုက နေထိုင်သူတွေဟာ တခြား မြို့နယ် ကသူတွေနဲ့ ယှဥ်ကြည့်တဲ့အခါမှာ စီးပွါးရေးနဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေ ပိုပြီးနိမ့်ကျလာတယ်လို့ လည်းဆိုပါတယ်။ မြန်မာမှာ ၂၀၂၁ ခုနှစ်ကစတင်စီးပွားရေးကျဆင်းမှုက ၂၀၂၂ မှာ သိသိသာသာမြင့်တက်ခဲ့ပြီး ဆင်းရဲနွမ်းပါးမှုရဲ့ နောက်ဆက်တွဲအကျိုးဆက်ကို ရန်ကုန်ဧရိယာမှာ ပိုခံစားနေရတယ်လို့လည်းပြောထားပါတယ်။
"ရန်ကုန် ရဲ့ မြို့ပြဆင်းရဲနွမ်းပါးမှုနှုန်းက သိသိသာသာမြင့်တက်နေပြီး အလုပ်လက်မဲ့ဖြစ်တာနဲ့ ဝင်ငွေလျော့နည်းတာက တနေ့တခြား ပိုများလာတယ် " လို့ UNDP ရဲ့ ဌာနေကိုယ်စားလှယ် Titon Mitra မှ ပြောကြားထားတဲ့အကြောင်း UNDP ရဲ့ ထုတ်ပြန်ချက်ထဲဖော်ပြပါတယ်။ဒါတွေကို ကျော်လွှားဖြေရှင်းနိုင်ဖို့ လူငယ်တွေအတွက် အသက်မွေးဝမ်းကြောင်း သင်တန်းတွေဖန်တီးပေးတာ၊ တပိုင်တနိုင် နဲ့ အသေးစား စီးပွါးရေးလုပ်ငန်းထူထောင်နိုင်အောင် ပံ့ပိုးပေးတာတွေ ကို လုပ်ပေးထားတယ်လို့ UNDP က ဆိုပါတယ်။တဖက်မှာတော့ စီးပွားရေးမြို့တော်လို ရန်ကုန်မှာတောင် ဒီလိုပြဿနာတွေရှိလာလို့ ဆင်းရဲတဲ့တခြားဒေသတွေမှာ ပိုဆိုးနိုင်တာကမြင်သာထင်သာရှိလာတယ်လို့စီးပွားရေးပညာရှင်အချို့က ဝေဖန်ထောက်ပြကြပါတယ်။


တာချီလိတ် - မယ်ဆိုင် ကနေ ထိုင်းဘက်ဝင်တဲ့မြန်မာနိုင်ငံသားတွေ ရက်ကျော်မနေဖို့ ထိုင်းသတိပေး
မြန်မာ - ထိုင်း တာချီလိတ် - မယ်ဆိုင် အမှတ် (၁) တံတား ပြန်ဖွင့်လိုက်တဲ့နောက် ထိုင်းနိုင်ငံထဲ ဝင်တဲ့ မြန်မာတွေ ရက်ကျော်မနေဘဲ သတ်မှတ်ရက်အတွင်း ပြန်ထွက်ကြဖို့ ချင်းရိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတိပေးထုတ်ပြန်လိုက်ပါတယ်။
သတ်မှတ်ရက်ကျော်လွန်တာကို စစ်ဆေးတွေ့ရှိရင် ထိုင်းလဝက ဥပဒေအရ အရေးယူသွားမယ်လို့ဆိုပြီး ဒါကိုအထူးလိုက်နာကြဖို့ စာထုတ်ပြန်လိုက်တာပါ။ တာချီလိတ် - မယ်ဆိုင် အမှတ် (၁) တံတား ကနေ Border Pass လို့ခေါ်တဲ့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ် အစိမ်းနဲ့ ၆ညအိပ် ၇ရက် ထိုင်းနိုင်ငံမယ်ဆိုင် ဘက်ခြမ်းထဲ သွားလာနိုင်တဲ့နောက် ပြန်မထွက်ဘဲတရားမဝင်ဆက်နေကြမှာစိုးရိမ်လို့ ထိုင်း လဝက ဘက်က ဒီလို အမိန့်ထုတ်လာတာလို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူတွေကပြောပါတယ်။ ''လူပွဲစားတွေက ဒီယာယီဖြတ်သန်းခွင့်နဲ့ ဒီဘက်လာခဲ့ ပြီးရင် ဆက်နေပြီးသူဌေးရှာပေးမယ်၊ အလုပ်ရှာပေးမယ်ဆိုတာတွေကမဲဆောက်မှာဖြစ်လာတာလူရာချီပဲ။ ဆိုတော့ အခုမယ်ဆိုင် နဲ့ချင်းရိုက်ဘက်မှာလည်း တံတားဖွင့်လိုက်တဲ့နောက်မှာ ဒီလိုမပြန်ဘဲ ဆက်နေကြတာဖြစ်လာမှာကို ထိုင်းဘက်က စိုးရိမ်တယ်။မြန်မာတွေကလည်း ကိုယ့်နိုင်ငံမှာအဆင်မပြေတော့ ဒီဘက် ကိုဝင်နေဖို့ကြိုးစားကြတာကိုး '' လို့ မြန်မာလုပ်သားအရေးဆောင်ရွက်သူ ဦးမိုးကြိုးက ပြောပါတယ်။
၃ နှစ်နီးပါးပိတ်ထားခဲ့တဲ့ တာချီလိတ်နဲ့ မယ်ဆိုင်အကြားက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားကို ဖေဖော်ဝါရီ ၂၀ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပြီး နှစ်နိုင်ငံကြားခရီးသွားလာ‌ရေးအတွက်ရည်ရွယ်တယ်လို့ ထိုင်းဘက်ကပြောထားပါတယ်။ တာချီလိတ်မှာ အမှတ် ၁ တံတားဟာ နှစ်နိုင်ငံကြားလူဖြတ်သန်းမှုအတွက် အဓိကသုံးတာဖြစ်လို့ ဒီတံတားပြန်ဖွင့်ဖို့ တာချီလိတ်ဘက်ကဒေသခံတွေကလိုလားခဲ့ကြတာပါ။
လက်ရှိမှာတော့ အခုပြန်ဖွင့်တဲ့ အမှတ် ၁ တံတားကနေ Border Pass လို့ခေါ်တဲ့ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်နဲ့ ဖြတ်သန်းနိုင်သလို မှတ်ပုံတင်မူရင်းပြပြီး ကတ်အဖြူရောင်နဲ့လည်း ဖြတ်သန်းခွင့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းဘက်ခြမ်းဝင်မယ့်သူတွေဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း လက်မှတ်ပြရတယ်လို့ သိရပါတယ်။


လေးကေကော်စစ်ဘေးရှောင် စခန်းအနီး တိုက်ပွဲ ဖြစ်ပွားလို့ စစ်ရှောင်တစ်ထောင်ကျော် သောင်ရင်းမြစ်ဘေး အရေးပေါ် ရှောင်တိမ်းရ
ဖေဖော်ဝါရီ လ ၂၂ ရက်က မြ၀တီ-ဝေါလေ လမ်းပိုင်း မှတစ်ဆင့် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်တွေနဲ့ လေးကေကော် စစ်ရှောင်စခန်း (ပလော့တပို့) နေရာအနီးမှာ တိုက်ပွဲ ဖြစ်ပွားနေတဲ့အတွက် ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး သဲသောင်ပြင်တွေဘက်ကို အရေးပေါ် စစ်ဘေးရှောင်နေကြရကြောင်း စစ်ရှောင်တွေက ပြောပါတယ်။
"နေ့လယ်ဘက်ကြီး ဖလူး ကားလမ်းဘေး ပစ်ကြခတ်ကြတော့ လူတွေချည်း အကုန် သောင်ရင်းမြစ်ဘေး ပြေးဆင်းရတယ်။ ကျည်ဆံတွေ က စစ်ရှောင်တဲတွေ၊ သစ်ပင်တွေ ကိုလာထိတယ်။ စစ်ရှောင် တစ်ယောက် ခေါင်းကို ကျည်ရှပ်ထိတယ်။ အခုညဘက်လည်း မြစ်ဘေးသောင်ပြင်တွေမှာ စုပြီး အိပ်တစ်၀က် နိုးတစ်၀က်နဲ့ နေနေကြရတယ်။ စစ်တပ်ဘက်ကတော့ သေတဲ့သူ၊ ဒဏ်ရာလည်းရတဲ့သူတွေကို ဖလူးရွာဘက်ကနေ မြ၀တီဘက် လာပြန်သယ်သွားတယ်။ စစ်တပ်က ဖလူးလေးရွာနဲ့ ကားလမ်းဘေးမှာ စစ်ကြောင်းလမ်းကင်း ရှိနေတော့ တိုက်ပွဲ က ဆက်ဖြစ်ဦးမယ့်သဘော ရှိနေတယ်။ စစ်ရှောင်တွေ ကို စခန်းဘက် ပြန်သွားလာလို့မရသေးဘူး"လို့ လေးကေကော်ဒေသစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။ဖလူး-ဝေါလေ လမ်းပိုင်းကို စစ်ကောင်စီတပ်က နယ်မြေစိုးမိုးထိန်းချုပ်နိုင်ဖို့ စစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ဒီတစ်နှစ်နီးပါးရှိလာချိန်ကာလအတွင်း KNLA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေကြား နှစ်ဖက်အထိအခိုက်အကျအဆုံးရှိသလို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တချို့စီဒီအမ်ပြုလုပ်လာတာတချို့လည်းရှိခဲ့ပါတယ်။
ဝေါလေတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဝေါလေမြို့နယ်ကို နယ်မြေရှင်းလင်းတဲ့အခါ M 22 တစ်လက်၊ M 21 တစ်လက်၊ ပွိုင့် ၂၂ မှန်ပြောင်းတစ်လက်၊ ၆၀ မမ စိန်ပြောင်းတစ်လက်၊ ဒရုန်းတစ်စီးနဲ့ ကားတစ်စီးတို့ကို သိမ်းဆည်းရမိတယ်လို့ ဖော်ပြနေကြပါတယ်။
"အခုတပ်က ၅၈၅ တပ်၊ ကစခ ၁၃ ထား၀ယ်၊ တနင်္သာရီဘက်ကနေ ကရင်ဘက်ကို စစ်ဆင်ရေး ၀င်နေတာ။ စစ်ကား၃ စီးနဲ့ စစ်ကြောင်းတက်ဖို့ ဖလူးလေးရွာဘက် ရောက်နေတာ။ သူတို့၃ ရက်လောက် ရှိနေပြီ။ ၃ထပ်ကွေ့ တောင်ပေါ် လမ်းကို တက်လာတော့ တိုက်ပွဲ ဖြစ်တာမှာ သူတို့ဘက်က ဗိုလ်မှုးတစ်ယောက်၊ ရဲဘော်တစ်ယောက်ကျတယ်။ ၄ ယောက်ဒဏ်ရာရသွားတယ် ဆိုတာတော့ သိထားရတယ်။ နောက်ထပ် ထပ်တက်လာဖို့ ရှိနေတယ်။ ဝေါလေ-ထီးကပလယ်ဘက်မှာ တိုက်ပွဲ ပြင်းထန်နေတော့ သူတို့ စစ်ကူ တက်လာတာ ကို ဒီဘက် KNLA ပူးပေါင်းအဖွဲ့ တွေ ဖြတ်တိုက်တဲ့သဘောပဲ" လို့ KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီဘက်က အကျအဆုံးရှိတယ်ဆိုတဲ့ပြောကြားချက်နဲ့ပတ်သက်လို့ ဘီဘီစီကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီက ကရင်ပြည်နယ်အတွင်းက မြို့နယ် ၂ ခုအပါအဝင် ကရင်၊ ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ပဲခူး၊ တနင်္သာရီတို့မှာ မြို့နယ်ပေါင်း ၄၀ ကို စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားခဲ့တဲ့နောက် အဲဒီဒေသအများစုမှာ စစ်ရေးအရှိန်မြင့်နေတာဖြစ်ပါတယ်။
KNU တပ်မဟာ၆ နယ်မြေ လက်အောက်ခံ KNLA ပူးပေါင်းတပ်တွေနဲ့ ဖာပွန်၊သံတောင်၊ ကော့ကရိတ်၊ ဝေါလေ၊ ထီကပလယ်ဒေသတွေဘက်မှာ စစ်ကောင်စီ တပ်တွေတို့ ဒီရက်ပိုင်းထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဆက်ဖတ်ရန် →
မန္တလေးက ဓာတ်ပုံဆရာတစ်ဦးကို ဖမ်းသွားပြီး နာရီပိုင်းအကြာ အလောင်းလာယူခိုင်း

မန္တလေးက ဓာတ်ပုံဆရာတစ်ဦးကို ဖမ်းသွားပြီး နာရီပိုင်းအကြာ အလောင်းလာယူခိုင်း

မန္တလေးမှာ စစ်ကားတစ်စီးမြို့တွင်းလှည့်လည်နေစဥ် (ပုံအဟောင်း) ဓာတ်ပုံ ရင်းမြစ်, CJ



မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဓာတ်ပုံဆရာတစ်ဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးသွားခဲ့ပြီး နာရီပိုင်းအကြာမှာအလောင်းပြန်လာယူခိုင်းတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဖမ်းခံရသူဟာ ဘုရားကြီး မြောက်မုဒ် ၈၁x၈၂လမ်းကြား ၄၄လမ်းက ဦးအောင် ဆိုသူဖြစ်ပြီး နေအိမ်မှာ စစ်ကောင်စီက ဖေဖော်ဝါရီ (၁၉ရက်နေ့က သေနတ်ပစ်ဖောက်ပြီး ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။ဖမ်းဆီးခေါ်ဆောင်ခံရပြီး နာရီပိုင်းအကြာမှာ သေဆုံးလို့ ရဲစခန်းကနေ မိသားစုကို အလောင်းယူခိုင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။ဖမ်းဆီးခံရပြီး သေဆုံးတာနဲ့ပက်သက်လို့ စစ်ကောင်စီဘက်က သီးခြားထုတ်ပြန်ထားတာ မရှိသလို သူ့ကို ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာနဲ့ ပတ်သက်လို့လည်းမသိရသေးပါဘူး။
ဓာတ်ပုံဆရာ ဦးအောင်ဟာ အသက် ၅၄ နှစ်အရွယ်ဖြစ်ပြီ သွေးတိုးကလွဲလို့ တခြားရောဂါမရှိကြောင်းနာရီပိုင်းအတွင်းသေသွားရအောင် ဘယ်လိုနှိပ်စက်မှုမျိုးကြုံခဲ့ရတယ်ဆိုတာကို မတွေးတတ်အောင်ဘဲလို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။မန္တလေးမြို့မှာ ဗုံးပေါက်ကွဲတာ၊ ဒေသခံတချို့ ဖမ်းဆီးခံရတာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပစ်သတ်ခံရတာ အခုတစ်ပတ်အတွင်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ချမ်းမြသာစည်နဲ့ မဟာအောင်မြေမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၇ရက်ကနေ ၂၀ ရက်ထိ လေးရက်ဆက်တိုက် ဒေသခံ အနည်းဆုံး ၇ ဦးဖမ်းဆီးခံရတာလို့ သိရပါတယ်။
အဲဒီရက် မတိုင်ခင်မှာ လက်နက်ကိုင် ရပ်ကွက်အုပ်ချုပ်ရေမှူး တယောက် ပစ်သတ်ခံခဲ့ရပါတယ်။အဲဒီနောက် အနီးတစ်ဝိုက်မှာ ဖမ်းဆီးမှုတွေရှိခဲ့တာလို့‌ ဒေသခံတွေက ပြောပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းကလည်း မန္တလေးမြို့က သတင်း‌ထောက်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။အဲဒီသတင်းထောက်ဟာ ဖမ်းဆီးခံရပြီးတစ်ပတ်အကြာမှာ အိုးဘိုထောင်ကို ‌ရောက်ရှိလာပြီး အကြမ်းဖက်ပုဒ်မ ၅၂ က (ဃ)နဲ့ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။
ဖမ်းဆီးမှုတွေရှိသလို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေလည်း ရှိပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ချမ်းမြသာစည်ရပ်ကွက်ထဲမှာသေနတ်တဲ့ ပစ်ခံရပြီးသေဆုံးတာတွေရှိခဲ့တယ်လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။

ဆက်ဖတ်ရန် →
 ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရသူများပြား

ကော့သောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရသူများပြား

Published By DVB | 23 February, 2023
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ရှမ်းကိုးရွာအုပ်စုရှိ ဝိုင်ဒင်းကျေးရွာမှာ ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ယောက်သေဆုံးကာ ၅၀ လောက် ဒဏ်ရာရတယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်‌ရေးတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်က အဆိုပါ ရှမ်းကိုးရွာအုပ်စုထဲက ဝိုင်းဒင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ပြီး အင်အား ၁၇ဝ လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒေသခံပြည်သူတဦးက “လက်ရှိအခြေအနေကတော့ ငြိမ်သက်နေပါပြီ။ ဝိုင်ဒင်းရွာသားတွေကတော့ ထိုင်းနိုင်ငံဘက်ကို ရှောင်တိမ်းနေရတယ်ဗျာ။ ရွာသားတွေ ထိခိုက်မှုမရှိဘူး။ လောလောဆယ်တော့ ထိုင်းဘက်မှာ တိမ်းရှောင်နေကြတုန်းပဲ” လို့ ပြောပါတယ်။
နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အဲဒီကျေးရွာက ဒေသခံပြည်သူ အများအပြား ထိုင်းနိုင်ငံ ရနောင်းမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ရှိ ဝိုင်ဒင်းကျေးရွာ၊‌‌ အေးမြမင်္ဂလာ‌ကျေးရွာနဲ့ တပ်ဦးမြိုင်ကျေးရွာတွေကို ကေအန်ယူနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေစိုးမိုးထားနိုင်ပြီးနောက်ပိုင်း အဆိုပါဒေသတွေမှာ စစ်ရေးတင်းမာလာကာ စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ဝင်ရောက်တိုက်ခိုက်တာတွေ ပြုလုပ်လာတယ်လို့ သိရပါတယ်။

 ရွှေကျင်တွင် တိုက်ပွဲဖြစ်ပွား၊ ပြည်သူ ၄ ဦး ဒဏ်ရာရပြီး ၆၀၀၀ ခန့် တိမ်းရှောင်နေရ
Published By DVB | 23 February, 2023
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ ၃ နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ်၊ ညောင်ပင်ကြီးရွာသစ်ရွာမှာ ဒီနေ့ညနေ ၃ နာရီခွဲလောက်က စစ်ကောင်စီတပ်တွေနဲ့ နယ် မြေခံ KNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့အတွက် ရွာ ၉ ရွာက ဒေသခံ ၆၀၀၀ နီးပါး ည တွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။ စစ်ကောင်စီက နယ်မြေကျော် စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး စစ်ကောင်စီက ညောင်ပင်ကြီးရွာသစ်ကျေးရွာအတွင်းကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ စောလေးအောင်၊ နော်သူဇာနွယ်၊ ညားမထူးနဲ့ နော်ဆီဖိုးတို့ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူတဦးက “ညနေပိုင်းလောက်တည်းက တိုက်ပွဲတွေဖြစ်နေတာ။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရွာထဲကို ပစ်ထဲ့တာ လူထိခိုက်တာရှိတယ်။ ဘယ်သူမှရွာမှာ မနေရဲတော့ဘူး။ အခုညတွင်းချင်း ထွက်ပြေးနေရတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေက အမှောင်ထဲပြေးနေရတော့  အခက်အခဲတွေတော့ ရှိတာပေါ့" လို့ ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ညောင်ပင်ကြီး ရွာမကျေးရွာ၊ ညောင်ပင်ကြီးရွာသစ်၊ သိုက်တူးကုန်း၊ တိုင်းကျွန်း စတဲ့ ကျေးရွာ  ၉ ရွာက အိမ်ခြေ ၁၂၀၀ နီးပါးက ဒေသခံပြည်သူ ၆၀၀၀ နီးပါး ပြေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတာပါ။ ဖေဖော်ဝါရီ ၂၁ ရက် မနက် ၅ နာရီခွဲလောက်က ပုဇွန်ချောင်းကျေးရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ဦး ထိမှန်သေဆုံးခဲ့သလို ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ ၁၈ ရက် ညကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်၊ ကျွန်းတောကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး မိခင်ဖြစ်သူ သေဆုံးကာ ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

မြောက်ဥက္ကလာ (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်အပစ်ခံရ
Published By DVB | 23 February, 2023
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ ညနေ သုံးနာရီကျော်က ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ “ဗုံးပေါက်တဲ့အသံက အတော်ကျယ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ကြားတယ်။ စစ်တပ်က ရောက်နေတော့ ဘယ်သူမှရုံးဘက်ကို မသွားကြဘူး။ အဲ့ဒီရုံးမှာ ဗုံးမကြာခဏ ပေါက်တယ်” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောက်စီတပ်သားတွေ ရောက်လာကာ ရပ်ကွက်ရုံးရှေ့နဲ့ သုဓမ္မာလမ်းမကြီးတလျှောက် စစ်ဆေးခဲ့တယ်လို့ သုဓမ္မာလမ်းနေသူတဦးက ပြောပါတယ်။ "စစ်တပ်က တခုခုဖြစ်တာနဲ့ ခွင်ပဲ။ ဗုံးပေါက်၊ ဆိုင်ကယ်ဖမ်းပြီး ပိုက်ဆံတောင်း၊ အဲ့ဒီရုံးဆို လေးကြိမ်ရှိပြီ။ ဗုံးပေါက်တာ င ရပ်ကွက်မှာ အရင်နှစ်ကဆို ပစ်ခတ်မှုတွေပါဖြစ်တာ။" ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်ကလည်း င ရပ်ကွက် နွယ်နီ (၁၃) လမ်းနဲ့ သန္တာ(၁၂) လမ်းကြားမှာ ကြံ့ခိုင်ရေးပါတီဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။ ဒီနေ့ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို(Yan gon Underground Force - YUF) က ပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေကလည်း ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူးနှစ်ဦး သေဆုံးကာ ရာအိမ်မှူး သုံးဦး နဲ့ ကယ်ရီသမားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်ကုန်က မြို့နယ်အချို့မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

 အရာတော်မြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်
Published By DVB | 23 February, 2023
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၉ နာရီလောက်က နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာဟာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၃ ရက်ကြာ တိုက်ပွဲ‌ဖြစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသားတဦးက “နွားမသင်းရွာကို သူတို့စဝင်ပြီး အိမ်တွေကို မီးစရှို့တယ်။ အဲလို ရွာကို မီးရှို့လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မခံချင်ပြီး တိုက်ပွဲစဖြစ်တယ်။ နောက်နေ့ကျတော့ နွားမသင်းကနေ မင်းရွာဘက် ထပ်ပြီး စစ်ကြောင်းထိုးတယ်။ အဲ့ မင်းရွာမှာလည်း မနေ့က တိုက်ပွဲဖြစ်တယ်။ ဒီနေ့လည်း မင်းရွာမှာ တိုက်ပွဲထပ်ဖြစ်နေတယ်” လို့ ပြောပါတယ်။
အခုလို အ‌ရာတော်တောင်ခြမ်းမှာ ၃ရက်တာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားနေတာကြောင့် နွားမသင်းရွာ၊ မင်းရွာ၊ ငါးကင်းအုပ်စု စတဲ့ကျေးရွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အရာတော် Dranger Force LPDF အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက “ဟုတ်ကဲ့၊ တိုက်ပွဲက သုံးရက်အထိ ရှိနေပြီဆိုတာ ဟုတ်ပါတယ်ဗျ။ ပထမ နွားမသင်းတိုက်ပွဲမှာ စစ်(--) ၉ ကောင်ကျတယ်။ ကျနော်တို့ဘက်က ရဲဘော်တဦး မစိုးရိမ်ရဒဏ်ရာ ရရှိတယ်။ ဒုတိယနေ့ မင်းရွာတိုက်ပွဲမှာတော့ စစ်(--)တွေဘက်က ၁၀ ဦးကျတယ်။ ကျနော်တို့ဘက်ကလည်း ၂ ဦးကျတယ်။ စစ်ကောင်စီအကျအဆုံးကတော့ သူတို့ထဲမှာပါလာတဲ့ ကျနော်တို့ ဖရဲသီးကပြောလို့ သိရတာဗျ။ သေတဲ့စခအလောင်းတွေကို ရွာထဲကအိမ်တွေနဲ့ မီးရှို့ပစ်ခဲ့တယ်လို့လည်း ကျနော်တို့ သိထားရတယ်” လို့ ပြောပါတယ်။
အခု စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ အရာတော်မြို့နယ်ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်အုပ်ချုပ်ရေး ထပ်မံဖြည့်စွက် ကြေညာထားခံရတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။


 

ဆက်ဖတ်ရန် →
 အွန်လိုင်းဘွတ်ကင် စနစ်အသစ်ဖြင့် ပြုလုပ်ရမည့် ပတ်စ်ပို့ ငွေကုန်ကြေးကျများနိုင်

အွန်လိုင်းဘွတ်ကင် စနစ်အသစ်ဖြင့် ပြုလုပ်ရမည့် ပတ်စ်ပို့ ငွေကုန်ကြေးကျများနိုင်

Published By DVB | 23 February, 2023
နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လျှောက်ထားရာမှာ အွန်လိုင်းဘွတ်ကင် စနစ်အသစ်နဲ့ ပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေပေမဲ့ အခက်အခဲတွေရှိနိုင်ပြီး ငွေကုန်ကြေးကျလည်းပိုများနိုင်တယ်လို့ ပတ်စ်ပို့အကျိုးဆောင်တွေနဲ့ ပတ်စ်ပို့လျှောက်ထားသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းဘွတ်ကင် စနစ်သစ်နဲ့ လျှောက်ထားနိုင်မယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၂၂ ရက်မှာ ကြေညာထားတာဖြစ်ပါတယ်။

အွန်လိုင်းဘွတ်ကင် စနစ်အသစ်ကို ရန်ကုန် ပတ်စ်ပို့ရုံးမှာပဲ လျှောက်ထားနိုင်မှာဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး ရုံးခွဲတွေမှာတော့ အရင်လျှောက်နေကျ ပုံစံအတိုင်း တိုကင်ယူ၊ ရက်ချိန်းအတိုင်း လာရောက်လုပ်တဲ့ပုံစံနဲ့ ပြုလုပ်ရမှာပါ။

လျှောက်ထားရာမှာ ဘယ်သူမဆို လွယ်လွယ်ကူကူ လျှောက်ထားနိုင်ဖို့ စီစဉ်ထားတာဖြစ်လို့ ကြားခံပွဲစားတွေနဲ့ အခကြေးငွေပေးဆောင် မလျှောက်ကြဖို့လည်း အသိပေးထားပါတယ်။

အွန်လိုင်းစနစ်သစ်နဲ့ လုပ်ခွင့်ပေးလိုက်ပေမဲ့ ပတ်စ်ပို့ပြုလုပ်ခ စျေးနှုန်းတွေဟာ သိန်းဂဏန်း ပေါက်စျေးရှိနေပြီး ပွဲစားကတဆင့် ပြုလုပ်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ပတ်စ်ပို့ပြုလုပ်သူ တဦးကတော့ ကိုယ်တိုင် အွန်လိုင်းဘွတ်ကင် လျှောက်ဖူးပေမဲ့ အဆင်မပြေတာကြောင့် အေးဂျင့်ကတဆင့် လျှောက်တဲ့အခါ QR code တခုကို သိန်းချီ ပေးရတယ်လို့ ပြောပါတယ်။

“ရန်ကုန်မှာက QR ကိုယ့်ဘာကိုယ်ယူရင် မလွယ်ဘူး။ ကုမ္ပဏီဆိုတဲ့ နာမည်အောက်ကနေ လုပ်ပေးတာ။ ပြောမယ်ဆို QR code ရောင်းတာပေါ့။ အခုက ၄၊ ၅၊ ၈ သိန်းလောက် ကျမယ် ပြောတယ်။ စာရင်းသွင်းထားရတယ်။ ကိုယ့်လိုပဲ စောင့်နေသူတွေရှိတယ်။ QR code ရမှ ပိုက်ဆံပေးရတာပေါ့။ QR code ဝယ်နေရတာပေါ့။ ကိုယ်တိုင်လုပ်ဖို့မလွယ်ဘူး။ အဆင်မပြေဘူး။ ဘာလုပ်လုပ် ပိုက်ဆံကုန်နေတာပေါ့။ ကုမ္ပဏီတွေကို ချပေးတာက သပ်သပ်၊ ရိုးရိုးလူတွေကို ချပေးတာ သပ်သပ်ပေါ့” လို့ ပတ်စ်ပို့ပြုလုပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ပတ်စ်ပို့ အွန်လိုင်းဘွတ်ကင် စနစ်အသစ်ကို အချိန်အကန့်အသတ်မရှိ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျစရိတ်ကိုလည်း သတ်မှတ်နှုန်းထားအတိုင်း တပါတည်း ပေးချေရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အွန်လိုင်းဘွတ်ကင်လျှောက်ဖို့ အခက်အခဲရှိသူတွေ သက်ဆိုင်ရာ မြို့မရဲစခန်းတွေမှာ အကူအညီတောင်း လျှောက်ထားနိုင်သလို အပြင်ကပွဲစားတွေနဲ့ အခကြေးငွေပေးပြီး မလျှောက်ကြဖို့ အသိပေးထားပါတယ်။

လက်တွေ့မှာတော့ ပတ်စ်ပို့ပြုလုပ်ခ စျေးနှုန်းတွေဟာ အနိမ့်ဆုံး ငွေကျပ် ၇၀,၀၀၀ ကနေ ၃ သိန်း၊ ၄ သိန်း၊ ၆ သိန်းအထိ အစားစား ရှိနေပါတယ်။ ရန်ကုန်မြို့မှာ ပတ်စ်ပို့ပြုလုပ်ပေးတဲ့ ပွဲစားတဦးကတော့ ပုံမှန်အတိုင်း ၁၅ ရက်ကြာ အပြီးအစီး ငွေကျပ် ၂ သိန်း၊ ၇ ရက်အမြန် ပတ်စ်ပို့ဆိုရင် ငွေကျပ် ၃ သိန်းနဲ့ ဝန်ဆောင်မှုပေးတယ်လို့ ပြောပါတယ်။

ပတ်စ်ပို့ပွဲစားတဦးက “QR က အသစ်ဆိုရင် ပြန်တင်ရမယ်။ ရန်ကုန်ကတော့ အွန်လိုင်းဘွတ်ကင်နဲ့ပဲ။ ကျန်တဲ့နယ်ရုံးတွေက ပုံမှန်အတိုင်းပဲ။ တိုကင်သွားယူရမယ်။ တိုကင်ရမယ့်ရက်ကို လာလုပ်။ အဲ့လိုပုံစံနဲ့သွားမှာ။ အွန်လိုင်းဘွတ်ကင်က ပုံမှန်တိုင်းပဲ။ တလကြိုယူတယ်။ စျေးနှုန်းက MOU ထွက်လာရင် ၆ သိန်းလောက်ရှိမယ်။ ပုံမှန်တိုင်း မဟုတ်ဘဲ မှတ်ပုံတင်၊ သန်ခေါင်းစာရင်း ဘာညာ သွေးနှောတို့ ဘာတို့ဆို စျေးများသွားမှာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီက တနိုင်ငံလုံးက နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ရုံးတွေကို ဇန်နဝါရီ ၂ ရက်ကစပြီး အကန့်အသတ်မရှိ ပိတ်ခဲ့တဲ့အတွက် ပြည်ပထွက် အလုပ်လုပ်မယ့်သူတွေ၊ ကျန်းမာရေးနဲ့ ပညာရေးကိစ္စကြောင့် ပြည်ပထွက်မယ့်သူတွေ အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။

ပြည်တွင်းမှာ ပတ်စ်ပို့ရုံးတွေ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သလို ထိုင်းနိုင်ငံ၊ ဘန်ကောက် မြန်မာသံရုံးမှာလည်း ပတ်စ်ပို့သက်တမ်းတိုးကိစ္စတွေကို ဇန်နဝါရီလအတွင်းက အကန့်အသတ်နဲ့သာ ပြုလုပ်ပေးခဲ့တာကြောင့် ထိုင်းရောက် မြန်မာတွေ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။


 

ဆက်ဖတ်ရန် →
ငါန်းဇွန်နယ် ဂျပန်ကျွန်းအား သုံးရက်အတွင်း နှစ်ကြိမ်မီးရှို့ခံရ၍ တစ်ရွာလုံးနီးပါးပြာကျ

ငါန်းဇွန်နယ် ဂျပန်ကျွန်းအား သုံးရက်အတွင်း နှစ်ကြိမ်မီးရှို့ခံရ၍ တစ်ရွာလုံးနီးပါးပြာကျ

စန္ဒီ/People's Spring

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အနောက်ခြမ်းရှိ ဂျပန်ကျွန်းအား စစ်ကောင်စီတပ်က သုံးရက်အတွင်း နှစ်ကြိမ်တိုင် မီးရှို့ခဲ့၍ တစ်ရွာလုံးနီးပါး ပြာကျခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီတပ်သည် ငါန်းဇွန်မြို့နယ်၊ မရိုးကုန်းရွာ ကျွန်းကျောင်းအတိုင်း အင်အား ၂၅ဦးခန့်ဖြင့် ဂျပန်ကျွန်းသို့ သွားရောက်ကာ ညနေ ၆နာရီသာသာတွင် ဂျပန်ကျွန်းပေါ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်)နံနက် ၉ နာရီ မိနစ် ၂ဝ ခန့်တွင်လည်း စစ်ကောင်စီတပ်က ဂျပန်ကျွန်းပေါ် ထပ်မံရောက်ရှိလာပြီး လက်နက်ကြီးဖြင့်ပြည်သူများရှိနိုင်မည်ထင်သည့်နေရာများအချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။ ထို့နောက် ဂျပန်ကျွန်းအား မီးထပ်မံရှို့ခဲ့ရာရွာအိမ်ခြေကုန်လုနီးပါး လောင်ကျွမ်းခဲ့ကြောင်း ​ဒေသခံများက ပြောသည်။"ဂျပန်ကျွန်းကတော့ တစ်ရွာလုံးပြာဖြစ်သွားတယ်။မီးရှို့ပြီးတော့ ကံသာရွာကို ဆက်ပြီးဝင်မွှေနေတယ်"ဟု နယ်ခံတစ်ဦးက ပြောသည်။

ဂျပန်ကျွန်းတွင် လူနေအိမ် ၁၀၀ခန့်ရှိပြီး ရွာသူ၊ ရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရ၍ ဆုံးရှုံးမှုအခြေအနေ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။ဂျပန်ကျွန်းသည် စစ်အုပ်စု၏ မကြာခဏဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ခံခဲ့ရပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာ ၁၇ ရက်က မီးတစ်ကြိမ်အရှို့ခံရ၍ နေအိမ်အချို့ မီးလောင်ကျွမ်းပျက်စီးခဲ့သည်။ ဇန်နဝါရီအတွင်းကလည်း ဂျပန်ကျွန်းပေါ်သို့ စစ်ကောင်စီတပ်များ လာရောက်စဥ် မိုင်းခွဲတိုက်ခိုက်ခံရဖူးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက် ည ၇ နာရီခန့်က လည်း ငါန်းဇွန်မြို့နယ် သားကျင်ရွာ(အ.ထ.က) ကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ငါန်းဇွန်(ပကဖ)အပါအဝင် ဒေသတွင်းPDFများ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်ကြီး နန္ဒာမင်းဆိုသူအပါအဝင် လေးဦးသေဆုံးခဲ့ပြီး MA 3 တစ်လက်ပါ သိမ်းဆည်းနိုင်ခဲ့သည်။


 

ဆက်ဖတ်ရန် →
  အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်က မင်းအောင်လှိုင်ကို ကိုင်တွယ်နိုင်ပါ့မလား

အာဆီယံအလှည့်ကျဥက္ကဋ္ဌသစ်က မင်းအောင်လှိုင်ကို ကိုင်တွယ်နိုင်ပါ့မလား

   အင်ဒိုနီးရှားက အာဆီယံကို အလှည့်ကျ ဦးဆောင်ရန် ၉ လ ကျန်ချိန်တွင် မြန်မာအာဏာသိမ်းခေါင်းဆောင်စိုးရိမ်မည့် အလုပ်ကို လုပ်ဆောင်ခြင်း မရှိသေးပေ။
သုတဇော်
Published on Feb 23, 2023 Myanmar Now

စစ်ကိုင်းတိုင်းအတွင်း အိမ်မီးရှို့ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကိုင်တို့၏ရန်မှဆက်လက်တိမ်းရှောင်နေရသော ဒေသခံများ

၂၀၂၃ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ စတင်ထမ်းဆောင်နေသည်မှာ ၂လနီးပါး ရှိလာပြီဖြစ်သော်လည်း မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ရန် လက်တွေ့ကျသော ခြေလှမ်းကိုတိတိပပ မတွေ့ရှိသေးပါ။

အင်ဒိုနီးရှားသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် နယ်မြေအကျယ်အဝန်း၊ လူဦးရေ၊ စီးပွားရေး၊ စစ်ရေးအရအင်အားအကြီးဆုံးနိုင်ငံဖြစ်သလို အာဆီယံအဖွဲ့ကြီးကို စတင်တည်ထောင်ခဲ့သော နိုင်ငံများထဲတွင်အဓိကကျသော နိုင်ငံဖြစ်သည်။ အာဆီယံ၏ အရေးကြီးသော ကာလများတွင် အင်ဒိုနီးရှား၏ဦးဆောင်မှုကို အထင်အရှား တွေ့ရတတ်သည်။

ထို့ကြောင့် အင်ဒိုနီးရှားကို အာဆီယံဒေသတွင်း ဦးဆောင်နိုင်ငံအဖြစ် ရှုမြင်ထားကြပြီး၊ သမ္မတ ဂျိုကိုဝီ (Jokowi)သည် အလှည့်ကျဥက္ကဋ္ဌဩဇာသုံးပြီး၊ အဖွဲ့ဝင် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် မင်းအောင်လှိုင်၏ကိုယ့်ပြည်သူကို သတ်ဖြတ်နေသော အကြမ်းဖက်မှုများကို ရပ်တန့်ရန် လုပ်နိုင်မလားဟုမျှော်လင့်ချက်ထားကြသည်။

မြန်မာနိုင်ငံတွင် မအောင်မြင်သော စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်သမ္မတ ဂျိုကိုဝီက အင်ဒိုနီးရှားထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟုရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုလိုက်သည်။ 

သမ္မတ ဂျိုကိုဝီ၏ စိတ်ကူးက အင်ဒိုနီးရှားတွင် အတိတ်က ဗိုလ်ချုပ်ကြီးဆူဟာတို၏စစ်အာဏာရှင်အုပ်ချုပ်ရေးမှ ဒီမိုကရေစီသို့ ကူးပြောင်းနိုင်ခဲ့မှု၊ အင်ဒိုနီးရှားစစ်တပ်ကို အရပ်သားအုပ်ချုပ်ရေးအောက် အောင်မြင်စွာထားရှိနိုင်မှု အတွေ့အကြုံကို မင်းအောင်လှိုင်အား မျှဝေနားချရန် နည်းလမ်းတစ်ခုအဖြစ် ကြိုးစားကြည့်မည့်သဘောဖြစ်သည်။

သမ္မတ ဂျိုကိုဝီ၏ စိတ်ကူးက လူကြီးလူကောင်းဆန်လှပေသည်။ ၎င်းကဲ့သို့ မင်းအောင်လှိုင်သည်နိုင်ငံအကြီးအကဲတစ်ဦး၏ ဂုဏ်သိက္ခာ၊ အမြော်အမြင်၊ ဆင်ခြင်တုံတရားနှင့် ဥပဒေကိုလေးစားလိုက်နာသောသူ ဖြစ်ခဲ့ပါလျှင် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုပင် ဖြစ်လာစရာအကြောင်းမရှိပါ။

လူမိုက်ဆန်ပြီး ဆင်ခြင်တုံတရားကင်းမဲ့နေသော မင်းအောင်လှိုင်ထံမှ လူကြီးလူကောင်းဆန်သောအမြော်အမြင်ရှိသော တုံ့ပြန်မှုမျိုး သမ္မတ ဂျိုကိုဝီ မျှော်လင့်နေမည်ဆိုလျှင် အမှားကြီးမှားပါလိမ့်မည်။ 

မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် အင်ဒိုနီးရှားစစ်ဗိုလ်ချုပ်ကြီးများအကြား ကွာခြားချက်မှာဗိုလ်ချုပ်ကြီးနေဝင်းမှသည် မင်းအောင်လှိုင်အထိ ကမ္ဘာကြီးက အသိအမှတ်ပြုလေးစားချီးကျူးလောက်သော ခေါင်းဆောင်မှုမျိုး မှတ်တမ်းတင် ကျန်ရစ်ခဲ့ခြင်း မရှိခြင်းပင် ဖြစ်သည်။ 

ပြုပြင်ပြောင်းလဲရေးသမားပျော့ပျောင်းသောစိတ်ထားရှိသူတိုးတက်သောအမြင်ရှိသူအဖြစ်ဝိုင်းဝန်းမြှောက်ပင့်ချီးကျူးခဲ့ကြသောဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲသမ္မတဦးသိန်းစိန်သည်ပင်လျှင်ယခင်အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေစနစ်တကျအကွက်ချစီစဉ်ခဲ့သောစစ်ယူနီဖောင်းချွတ်ပြီးစစ်တပ်ကနိုင်ငံအာဏာကိုအကန့်အသတ်မရှိချုပ်ကိုင်ရေးမဟာစီမံကိန်းကြီးထဲကဇာတ်ကောင်တစ်ကောင်မျှသာဖြစ်သည်ကိုယခုအခါ သုံးသပ်ဆင်ခြင်နိုင်ခဲ့ကြပြီ ဖြစ်သည်။ 

အမှန်စင်စစ် စစ်ခေါင်းဆောင်အကြီးအကဲ တစ်ဦးပြီးတစ်ဦး ပြောင်းလဲသွားပါစေ၊ နိုင်ငံတော်အာဏာကိုစစ်တပ်လက်ထဲတွင်သာ ချုပ်ကိုင်ထားရမည်ဆိုသည့် အချက်သည် မြန်မာစစ်တပ်၏မျိုးဗီဇ (DNA) ဖြစ်သည်။ ထိုအချက်ကို သမ္မတ ဂျိုကိုဝီ အလေးဂရုပြုရန် လိုအပ်သည်။ သို့မှသာ မင်းအောင်လှိုင်ကိုရင်ဆိုင်မည့် နည်းလမ်းမှန်ကို ရွေးချယ်နိုင်မည်ဖြစ်သည်။
_

ချင်းပြည်နယ်၊ ထန်တလန်မြို့နေအိမ်တချို့ ၂၀၂၁ စက်တင်ဘာ ၁၈ တွင် မီးလောင်ကျွမ်းနေစဉ်။ မြို့လုံးကျွတ်စစ်ရှောင်သွားပြီးနောက်ပိုင်း စစ်တပ် တပ်စွဲထားစဉ် ရှေးအကျဆုံး ဘုရားကျောင်းများအပါအဝင်မြို့ထက်ဝက်ကျော် ပြာကျပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ-ထန်တလန်တိုင်းမ်)

ချင်းပြည်နယ်၊ ထန်တလန်မြို့နေအိမ်တချို့ ၂၀၂၁ စက်တင်ဘာ ၁၈ တွင် မီးလောင်ကျွမ်းနေစဉ်။ မြို့လုံးကျွတ်စစ်ရှောင်သွားပြီးနောက်ပိုင်း စစ်တပ် တပ်စွဲထားစဉ် ရှေးအကျဆုံး ဘုရားကျောင်းများအပါအဝင်မြို့ထက်ဝက်ကျော် ပြာကျပျက်စီးခဲ့ရသည်။ (ဓာတ်ပုံ-ထန်တလန်တိုင်းမ်)

မလေးရှားဝန်ကြီးချုပ် အကြံပြုချက်ကို သမ္မတ ဂျိုကိုဝီ လက်ခံသင့်

မလေးရှားဝန်ကြီးချုပ် အင်န်ဝါ အီဘရာဟင်သည် မကြာသေးခင်က ၎င်း၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်းထိုင်းသတင်းဌာနတစ်ခုဖြစ်သော Thai PBS World နှင့် တွေ့ဆုံမေးမြန်းခန်းအတွင်းမြန်မာ့အရေးနှင့် ပတ်သက်ပြီး ၎င်း၏ အရေးပါလှသော သုံးသပ်ချက်တချို့ကို ပြောကြားသွားခဲ့သည်။

ဝန်ကြီးချုပ် အင်န်ဝါက သူ့လုပ်ဖော်ကိုင်ဖက် (ထိုင်းဝန်ကြီးချုပ်) ကို ပြောခဲ့ပါတယ်လို့ အစချီပြီးအောက်ပါအတိုင်း ပြောခဲ့သည်။ 

“ကျွန်တော်တို့မှာလည်း ပြဿနာရှိတာပါပဲ၊ ရိုဟင်ဂျာဒုက္ခသည် ၂ သိန်းက မလေးရှားမှာပါ။ ကျွန်တော်တို့လက်မခံနိုင်တော့ပါဘူး။ အဖြေက သူတို့ကို နေစရာအိမ်ကောင်းကောင်းပေးဖို့၊ကျန်းမာရေးစောင့်ရှောက်ပေးဖို့ မဟုတ်ဘူး။ အဖြေက မြန်မာမှာပါ၊ စစ်အစိုးရကိစ္စ ဖြေရှင်းရမှာပါ။အာဆီယံတစ်ဖွဲ့လုံးက ဩဇာမရှိဘူး ဒါမှမဟုတ် မပြောနိုင်ဘူးလို့တော့ ကျွန်တော် မမြင်ပါဘူး။ ဘာလို့လဲဆိုတော့အဲဒီလိုသာ ကျွန်တော်တို့ အချက်ပြမိရင် ဥရောပသားတွေ၊ အမေရိကန်တွေနဲ့ တရုတ်တွေကသူတို့အခွင့်အရေးတွေ တောင်းကြတော့မယ်…”

“ကျွန်တော်တို့ အခုပြောနေတာ ဆယ်စုနှစ် ၄ ခု ကြာနေပြီဖြစ်တဲ့ ပြဿနာပါ။ အာဆီယံဟာ သူ့ရဲ့ မဟာဗျူဟာကိုမပြောင်းလဲဘူးဆိုရင် မြင်နိုင်တဲ့ ရှေ့အနာဂတ်မှာတောင် ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။အာဆီယံနည်းကျ တွေ့ဆုံဆွေးနွေးတာတို့ ညှိနှိုင်းတာတို့မှာ ခွန်အားရှိပါတယ်၊ ဒါပေမဲ့ မြန်မာနဲ့ ပတ်သက်လာရင်အာဆီယံဟာ သူရဲ့နည်းလမ်းကို ပြင်ရပါမယ်။ ဘယ်လို့လဲဆိုတော့ အာဆီယံရဲ့အပြုသဘောထိတွေ့ဆက်ဆံမှုဟာ အလုပ်မဖြစ်လို့ပါပဲ။”  

“အခြေအနေတွေက ပိုပြီး ဆိုးရွားလာနေတယ်။ မြန်မာ့အရေးက ပြည်တွင်းရေးပြဿနာသက်သက်လို့ ပြောလို့မရနိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့အားလုံး ခံစားနေရလို့ပါပဲ။ ထိုင်းကနယ်စပ်ချင်းထိနေတော့ ဆိုးဆိုးရွားရွား ခံစားနေရတယ်။ ဒုက္ခသည်အခြေအနေက မလေးရှားမှာပိုဆိုးရွားလာနေပြီ။ အင်ဒိုနီးရှားလည်း ဒုက္ခသည်တွေ လက်ခံထားနေရပြီ။”

ဝန်ကြီးချုပ် အင်န်ဝါသည် အာဆီယံခေါင်းဆောင်တစ်ဦးဖြစ်လာသည်မှာ အချိန်ကာလအားဖြင့်မကြာသေးသော်လည်း၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့် စိမ်းသူတစ်ဦး မဟုတ်ပေ။ သူဒုဝန်ကြီးချုပ်ဘဝ ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလူသိထင်ရှား ထောက်ခံခဲ့ပြီး၊ ထိုစဉ်က စစ်အစိုးရကို ဝေဖန်ခဲ့ဖူးသည်။ 

မြန်မာကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းခဲ့သူ ထိုစဉ်က ၎င်း၏ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်နှင့်ယှဉ်လျှင် ကွဲပြားသော ရပ်တည်ချက်ရှိသူဖြစ်ပြီး ထိုစဉ်ကတည်းက ဒီမိုကရေစီစံနှုန်းများကို မြှင့်တင်လိုသူတစ်ဦးဖြစ်ပါသည်။

အင်ဒိုနီးရှား ရွှေ့သင့်သော မင်းအောင်လှိုင် အကြောက်ဆုံး ရွှေ့ကွက်

အင်ဒိုနီးရှားက အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင် မင်းအောင်လှိုင်၏ စစ်တပ်က ပြည်သူများကိုအကြမ်းဖက်မှုများ ၂ နှစ်ကြာ ကျူးလွန်ခဲ့ပြီ ဖြစ်သည်။ ထိုကာလအတွင်းအာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော “တူညီဆန္ဒ ၅ ရပ်” ကို မင်းအောင်လှိုင်ကလုံးဝဂရုမစိုက်ခဲ့ခြင်းကြောင့် အကောင်အထည်မဖော်ဆောင်နိုင်ခဲ့သည်မှာလုံလောက်သောသက်သေပင် ဖြစ်သည်။

၂ နှစ်ဆိုသည့် ကာလသည် သံတမန်ရေးကြိုးပမ်းမှုများအတွက် လုံလောက်သော ကာလဖြစ်ပြီး၊အင်ဒိုနီးရှားအလှည့်တွင် မြန်မာ့အရေးကို နည်းလမ်းသစ်ဖြင့် ဖြေရှင်းဆောင်ရွက်ရန် အချိန်ကိုက်ပင်ဖြစ်သည်။

မြန်မာက အာဆီယံကို ဓားစာခံလုပ်ထားခြင်းမျိုး လုံးဝလက်မခံဘူးဟု သမ္မတ ဂျိုကိုဝီ အကြိမ်ကြိမ်ထုတ်ဖော်ပြောခဲ့ခြင်းကို ထောက်ရှုလျှင်၊ မင်းအောင်လှိုင်သည် အာဆီယံမှ နုတ်ထွက်ရန်မည်သည့်အခါမျှ စဉ်းစားလိမ့်မည် မဟုတ်ဟု အင်ဒိုနီးရှားအနေဖြင့် နားလည်နိုင်ပါသည်။အာဆီယံကို ဓားစာခံသဘော အသုံးချရန်ကိုသာ ဆက်လက်ကြိုးပမ်းနေပါလိမ့်မည်။

အမှန်စင်စစ် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို လှုပ်ခါသွားနိုင်သော၊ ၎င်းတို့ အကြောက်ဆုံးဖြစ်သောရွှေ့ကွက်မျိုး အင်ဒိုနီးရှားခေါင်းဆောင်တို့၏ လက်ထဲတွင် ရှိနေသည်။ ယင်းမှာမြန်မာ့အရေးဖြေရှင်းရာတွင် မဖြစ်မနေ တရားဝင်တွေ့ဆုံဆွေးနွေးရမည်ဖြစ်သော၊ မြန်မာပြည်သူများကိုကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို တွေ့ဆုံခြင်းပင် ဖြစ်သည်။ 

ထိုသို့တွေ့ဆုံခြင်းသည်အကြိမ်၄၀နှင့်၄၁ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်ခြင်းဖြစ်ပြီး၊ သမ္မတ ဂျိုကိုဝီနှင့်၎င်း၏နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ လှမ်းရမည့် ပထမခြေလှမ်း ဖြစ်သင့်သည်။ 

ယခင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက NUG ကို အသိအမှတ်ပြု တွေ့ဆုံခဲ့သည့်တစ်ဦးတည်းသော အာဆီယံအဖွဲ့ဝင် ဖြစ်သည်။ သို့သော် မလေးရှားနှင့်လွန်စွာကွာခြားသည့်အချက်မှာ အာဆီယံထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်များကိုအကောင်အထည်ဖော်ရန် တာဝန်နှင့် အခွင့်အာဏာကို အာဆီယံထိပ်သီးအစည်းအဝေးကသမ္မတ ဂျိုကိုဝီလက်ထဲ ပေးအပ်ထားသည့်အချက် ဖြစ်သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ၂၀၂၂ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ကအမြောက်တပ်၊ လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

အင်ဒိုနီးရှား ခြေလှမ်းနှေးကွေးနေခြင်းက စိတ်ပျက်စရာပင်

အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ယူကြရသော နိုင်ငံတိုင်း လုပ်ဆောင်လေ့ရှိသော ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကောင်စီ (ASEANCoordinating Council – ACC) အစည်းအဝေးများကို နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ ဦးဆောင်ပြီးဖေဖော်ဝါရီလ ၃ - ၄ ရက်နေ့တို့တွင် ဂျကာတာမြို့၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

အစည်းအဝေးအပြီး အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တူညီဆန္ဒ ၅ ရပ်ကိုအကောင်အထည်ဖော်ရန် အဖွဲ့ဝင်နိုင်ငံများအကြား စုစည်းညီညွတ်စွာ ချဉ်းကပ်ဆောင်ရွက်ရေး (‌A united approach) ကို အတည်ပြုခဲ့ကြသည်ဟု သတင်းစကားမှလွဲ၍ အခြားမည်သည့်အချက်မျှ မပါဝင်ခဲ့ပါ။

ACC ကို တူညီဆန္ဒ ၅ ရပ်ကို အကောင်အထည်ဖော်ရေးအစီအစဉ် (Implementation Plan) ရေးဆွဲရန် အကြိမ်၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးက တာဝန်ပေးထားခဲ့သည်။ ထို့ကြောင့် ACCအစည်းအဝေးအပြီး အကောင်အထည်ဖော်ရေးအစီအစဉ် အသေးစိတ် ထုတ်ပြန်လိမ့်မည်ဟုမျှော်လင့်ခဲ့သည်။ သို့သော်လည်း ၃၂ ကြိမ်မြောက် ACC အစည်းအဝေး ထုတ်ပြန်ချက်တွင်ထိုအစီအစဉ်ကို ဆွေးနွေးခဲ့ခြင်း ရှိမရှိ တိတိပပ ဖော်ပြမထားပေ။  

အစည်းအဝေးတက်ရောက်ခဲ့သော ယခင် အာဆီယံအထူးကိုယ်စားလှယ်ဟောင်းကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၏ ထုတ်ပြန်ချက်တွင်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက တူညီဆန္ဒ ၅ ရပ် “အကောင်အထည်ဖော်ရေးအစီအစဉ်မူကြမ်း” (Draft Implementation Plan) ကို ကြိုဆိုခဲ့ကြသည်ဟု ဖော်ပြထားသည်။ 

အင်ဒိုနီးရှားသည် အလှည့်ကျဥက္ကဋ္ဌဖြစ်ပါလျက် ထိုအချက်ကို အဘယ်ကြောင့် ရေငုံနှုတ်ပိတ်နေခဲ့သနည်း။ထိုမူကြမ်းသည် အကောင်အထည်ဖော်ရန် အဆင်သင့်မဖြစ်သေးသဖြင့် ဝန်ကြီး ရက်နို နှုတ်ပိတ်နေခြင်းလည်းဖြစ်နိုင်ပါသည်။   

သို့သော် မြန်မာ့အရေး ဖြေရှင်းနိုင်ရန် အင်ဒိုနီးရှားအပေါ် မျှော်လင့်ချက်ကြီးမားနေချိန် ၎င်း၏ ဦးဆောင်မှု ၂ လကြာလာပြီဖြစ်သော်လည်း မည့်သည့်ဆောင်ရွက်ချက်မျှ ထုတ်ဖော်ပြသနိုင်ခြင်း မရှိသေးဘဲခြေလှမ်းနှေးကွေးလျက်ရှိသည်။

အာဆီယံသည် စစ်ကောင်စီကို နားချရန် ၂ နှစ် အချိန်ယူခဲ့ပြီးပြီ။ ယခုတစ်ဖန်အကောင်အထည်ဖော်ရေးအစီအစဉ်ကို ရေးဆွဲရန် ၃ လခန့် အချိန်ယူ ရေးဆွဲခဲ့သော်လည်း “မူကြမ်း”အဆင့်သာ ရှိသေးသည်။ 

အာဆီယံသည် စစ်ကောင်စီကို ထိတွေ့ဆက်ဆံရန် အမျိုးမျိုးကြိုးစားသည်။ စစ်ကောင်စီခန့် ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိများကို အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ပေးထားသည်။ 

သို့သော် အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက် ရှိထားပါလျက် အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသည်မြန်မာပြည်သူများက ရှင်းလင်းစွာ ထောက်ခံထားသော ပြည်သူ့ကိုယ်စားပြု NUG ကိုတရားဝင်တွေ့ဆုံရန် တွန့်ဆုတ်နေခြင်းသည် မြန်မာပြည်သူများအပေါ် အလေးမထားခြင်းပေတည်း။

မြန်မာပြည်သူတို့၏ နေ့စဉ်နှင့်အမျှ မင်းအောင်လှိုင်၏ သတ်ဖြတ်ခြင်း ခံစားနေရမှုကို မသိကျိုးကျွန်ပြုနေသောအာဆီယံ၏ လုပ်ရပ်သည် အဖွဲ့ကြီး၏ ဂုဏ်သိက္ခာနှင့် ဗဟိုအချက်အချာကျမှု (ASEANCentrality) အပေါ် မေးခွန်းထုတ်ရပေတော့မည်။ 

အာဆီယံသည် မြန်မာ့အရေးကို ဖြေရှင်းနိုင်သော စွမ်းအားမရှိလျှင် အချိန်ဆက်မဖြုန်းသင့်ပါ။ 



ဆက်ဖတ်ရန် →
 ‘၀’ဒေသ ဟိုပန်မြို့ရှိ ဘိန်းအစားထိုးသီးနှံ ရော်ဘာခြံများကို စစ်ကောင်စီက မြေကွက်ရိုက်ပြီး တရုတ်ထံ ရောင်းစားနေ

‘၀’ဒေသ ဟိုပန်မြို့ရှိ ဘိန်းအစားထိုးသီးနှံ ရော်ဘာခြံများကို စစ်ကောင်စီက မြေကွက်ရိုက်ပြီး တရုတ်ထံ ရောင်းစားနေ

Published By DVB | 23 February, 2023

မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊  ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှာ ဘိန်းအစားထိုးသီးနှံ အဖြစ်စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေထဲက ဧက ၁၀၀ ဝန်းကျင်ကို ရွှေမြို့ပြစီမံကိန်းလို့ အမည်တပ်ကာ မြေကွက်သစ်ဖော်ပြီး စစ်ကောင်စီခန့် ၀ တိုင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကတရုတ်နိုင်ငံသားတွေထံ ရောင်းချနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။အရင်ကပြည်သူတွေရဲ့ မြေတွေကို သိမ်းထားပြီး ဘိန်းအစားထိုးသီးနှံအဖြစ် ရော်ဘာပင်တွေကို စီမံကိန်းနဲ့ စိုက်ခဲ့ကြရာက အခုတော့ စစ်ကောင်စီခန့် ‘၀’ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ဦးကျင်ဝမ်း၊ ဒေါက်တာကျော်ထွန်း၊ ကိုထွန်းအောင်တို့ ပူးပေါင်းပြီး ရော်ဘာခြံတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြလို့ ဒေသခံတဦးက ပြောပါတယ်။“ ပေ၇၀ x ၈၀ တကွက်ကို တရုတ်ယွမ်ငွေ နှစ်သိန်းငါးသောင်းနဲ့ တရုတ်နိုင်ငံသားတွေကို ရောင်းစားနေတယ်။ ပြီးတော့ သူတို့ရောင်းစားတဲ့မြေတွေမှာ လောင်းကစားရုံတွေလည်း ဖွင့်ထားကြတယ်။”ရော်ဘာခြံတွေကို ကွက်သစ်ရိုက်ပြီး တရုတ်နိုင်ငံသားတွေကိုရောင်းချနေတာနဲ့ လောင်း ကစားရုံတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်ချင်ကြပေမယ့် စစ်တပ်က အာဏာသိမ်းထားတဲ့ကာလဖြစ်လို့ မကန့်ကွက်ရဲဘူးလို့ မြို့ခံတွေက ဆိုပါတယ်။မြို့ခံတဦးက “စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလကြီးဖြစ်တော့ စစ်တပ်က ခန့်ထားတဲ့ လူတွေက အာဏာပြပြီးလုပ်ချင်ရာလုပ်နေတာပေါ့။ မြေကွက်ရိုက်တယ် တရုတ်တွေကိုရောင်းတယ်။ လောင်းကစားရုံတွေ နှစ်ဆယ်လေးနာရီဖွင့်တယ်။ ဘယ်သူမှ မကန့်ကွက် ရဲဘူးဗျ။ ကြောက်နေရတယ်” လို့ ပြောပါတယ်။ဒီကိစ္စနဲ့ ပတ်သက်ပြီး ‘၀’ တိုင်းဦးစီးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ‘၀’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်ဟာ မြန်မာ- တရုတ် နှစ်နိုင်ငံနယ်စပ်မှာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ပါဝင်ကာ ‘၀’ ပြည်သွေးစည်း ညီညွတ်ရေးတပ် (UWSA)နယ်မြေနဲ့လည်း ထိစပ်နေပါတယ်။



ဆက်ဖတ်ရန် →
 နယ်စပ်ကူးခွင့် ရက်ကျော်နေထိုင်သူ မြန်မာတွေကို ထိုင်းသတိပေး

နယ်စပ်ကူးခွင့် ရက်ကျော်နေထိုင်သူ မြန်မာတွေကို ထိုင်းသတိပေး

VOA
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၃ နှစ်ကြာပိတ်ထားခဲ့ရတဲ့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံ
တား(၁) နဲ့ မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား (၁) တို့ကိုပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ယာယီ နယ်စပ်ဖြတ်
ကျော် လက်မှတ်ကိုင်ဆောင်ပြီး ထိုင်းဘက်ကိုဝင်လာတဲ့မြန်မာတွေဟာ သတ်မှတ်ထားတဲ့ရက်မှာ ပြန်လည်ထွက်ခွါ
မသွားကြဘဲ ထိုင်းနိုင်ငံထဲမှာပဲ တရားမဝင်နေထိုင်နေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးချက်
တွေ ထုတ်ပြန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား (၁) ကနေ နှစ်နိုင်ငံပြည်သူတွေ သွားလာလည်ပတ်
နိုင်အောင် ၆ ညအိပ် ၇ ရက် နယ်စပ်ဖြတ်ကျော်လက်မှတ်တွေထုတ်ပေးထားထားတာ တလကျော်ကြာပြီဖြစ်သလို မဲဆိုင်-တာချီလိတ် တံတား (၁) ကနေ နယ်စပ်ဖြတ်ကျော်ခွင့်ပေးတာလည်း ရက်ပိုင်းသာရှိပါသေးတယ်။ အခုအခါ
မှာတော့ ထိုင်းဘက်ကိုဝင်လာတဲ့မြန်မာတွေဟာ မြန်မာပြည်မပြန်တော့ဘဲ ထိုင်းအတွင်းပိုင်းကို သွားရောက်အလုပ်
လုပ်ဖို့ လုပ်ဆောင်နေတဲ့အတွက် ထိုင်းလဝကတွေက အသိပေးကြေညာချက်တွေထုတ်ပြန်နေရတယ်လို့ အလုပ်သ
မားရေး လှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။

“ဇန်နဝါရီလ ၁၂ ရက်နေ့က မဲဆောက်-မြဝတီတံတားလို့အလွယ်ခေါ်တဲ့ မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား
ဖွင့်လှစ်လိုက်တယ်။ အလားတူပဲ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီ ၂၀ ရက်နေ့က မဲဆိုင်-တာချီလိတ်ချစ်ကြည်ရေးတံတားကို ဖွင့်လှစ်လိုက်တယ်။ အဲဒီတံတား၂ စင်းလုံးမှာ ၆ ရက်ညအိပ် ၇ ရက်လက်မှတ်ကိုကိုင်ဆောင်ပြီး ထိုင်းနယ်နမိတ်ထဲကို ရောက်လာကြတဲ့မြန်မာအတော်များများက ထိုင်းနယ်မြေထဲရောက်ပြီးတော့ ၇ ရက်ပြည့်ပေမယ့်လည်း ထိုင်းနိုင်ငံ
ထဲမှာဆက်လက်သောင်တင်ပြီး ဆက်လက်နေထိုင်နေကြတယ်။ ဒီအတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်လဝကက အသိပေးကြေညာတာကတော့ ဖြေလျော့ခွင့်ရပြီးနောက် နယ်စပ်ဖြတ်ကျော်ပြီးလာကြတဲ့သူတွေအနေနဲ့ နယ်စပ်ဂိတ်
ပြန်ဖွင့်တဲ့ ဖေဖေါ်ဝါရီ ၂၀ ရက်ကနေ ၇ ရက်အတွင်းမှာ ပြန်လည်ထွက်ခါွကြဖို့ဆိုပြီး အသိပေးကြေညာရတဲ့အထိ
ဖြစ်သွားတယ်။”

တချို့ကတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ ချစ်ကြည်ရေးတံတားကနေ လာကြပေမယ့်ထိုင်းနိုင်ငံထဲကိုရောက်တဲ့အခါ လက်မှတ်တွေကိုဖျောက်ဖျက်လိုက်ပြီးထိုင်းနိုင်ငံအတွင်းပိုင်းကိုလူကုန်ကူးတဲ့ပွဲစားတွေနဲ့တရားမဝင် သွားကြသူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ဘန်ကောက်အပါအဝင် တချို့နေရာတွေထိရောက်သွားတယ်။မဲဆိုင်ကိုရောက်တဲ့သူတွေကလည်း ချင်းရိုင်၊ ချင်းမိုင်ထိတက်ပြီး အလုပ်အကိုင်အခွင့်အလန်းကောင်းတွေ ရဖို့အတွက်ကြိုးစားကြတာတွေ့ရတယ်။”ချစ်ကြည်ရေးတံတားတွေမဖွင့်ခင်တုန်းကတည်းမြန်မာပြည်ကအလုပ်အကိုင်ရှာဖွေလိုသူတွေဟာ နေ့စဉ်ဆိုသလို တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်လာနေကြပြီး နေ့စဉ်မြန်မာတွေရာဂဏန်းလောက်ဖမ်းဆီးခံခဲ့ရပါတယ်။

အခု နယ်စပ်တံတားတွေပြန်ဖွင့်ချိန်မှတော့ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်းစာရွက်စာတမ်းတွေကို ပြပြီးမှ ခရီးသွားလာလို့ရတာကြောင့် မြန်မာဘက်ကလာသူတွေဟာကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း အထောက်အထားလက်မှတ်တွေကို အမြန်လုပ်ပြီး လာနေကြနေကြတယ်လို့ဆိုပါတယ်။ထိုင်းနယ်စပ်ကနေ ဖြတ်ကျော်ဝင်ရောက်နိုင်ဖို့အတွက်
ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း စာရွက်စာတမ်းတွေဟာတစောင်ကို မြန်မာကျပ်ငွေ ၅ သောင်းလောက်ထိ ပေါက်ဈေးဖြစ်နေတယ်လို့ ထိုင်းဘက်ကိုလာရောက်လည်ပတ်သူတွေကဆိုပါတယ်။



ဆက်ဖတ်ရန် →
 ▪️KTLAတပ်နေရာအချို့အား KNLA တပ်မဟာ (၄) သိမ်းပိုက်

▪️KTLAတပ်နေရာအချို့အား KNLA တပ်မဟာ (၄) သိမ်းပိုက်

KNU ထားဝယ်ခရိုင်၌ KNLAနှင့် KTLA တိုက်ပွဲဆက်ဖြစ်

မောင်မောင်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ထားဝယ်ခရိုင်၌ KNU လက်အောက်ခံ ကရင်အမျိုးသား
လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် KNU မှ ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ခံ ကော်
သူးလေအာမီ(KTLA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး KTLA တပ်စခန်း နေရာအချို့ကို KNLAက ရှင်းလင်းသိမ်းပိုက်
နိုင်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ၎င်းက ဆိုသည်။

"အဲဒီဘက်မှာ သူတို့ KTLA နေရာကို တစ်ခုချင်းတစ်ခုချင်းတက်ရှင်းနေတာပေါ့။ရှင်းတယ် ဆိုတာက  မနေ့ကပြော
တာတော့ ၂နေရာပဲ။ ဒါပေမဲ့ သိမ်းတယ်ဆိုတာက သူများဖယ်ပေးတာပဲ ။ မပစ်လို့ပေါ့ ပစ်လို့ရှိရင် ပစ်ခတ်မှုတော့
ရှိမယ်” ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မဖြစ်သင့်ကြောင်း၊ စစ်အာဏာရှင် ဖြုတ်ချရေးကို အဓိကလုပ်ဆောင်
ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

"ဒါကတော့ ကိုယ့်ကရင်အဖွဲ့အစည်းအချင်းချင်းပဲ ဒါမျိုးက မလိုလားအပ်တဲ့ကိစ္စပဲ ဘယ်ကောင်းမလဲ။ ကိုယ့်အချင်း
ချင်းပြဿနာနောက်မှရှင်းပေါ့”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

 KTLA တပ်သည် KNU တပ်မဟာ(၆)နယ်မြေတွင်လည်း လှုပ်ရှားမှုရှိသော်လည်း တပ်မဟာ(၄) နယ်မြေ၌ သာ တိုက်
ပွဲဖြစ်ပွားမှုရှိသည်။

"တပ်မဟာ(၆)တို့ဆိုရင် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံရှိတာပဲ။ BGFလည်းရှိတယ် DKBAလည်းရှိတယ် နောက် PCလည်းရှိတယ် KTLA လည်းရှိတာပဲ အကုန်လုံး ထိန်းလို့ရတာပဲ။ ဘိတ်-ထားဝယ်က တစ်ဖွဲ့ပဲရှိတာ သူတို့ ညှိလို့မရတာ”ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

Salween Press ၏ သတင်းဖော်ပြချက်တွင် KNU တပ်မဟာ(၄)နယ်မြေ ထီးမိုပွာဒေသရှိ ခေမခီးဆိုသည့်နေရာ၌ တိုက်ပွဲဖြစ်ပွားရာ KTLA တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး KNU တပ်မဟာ(၄) မှ  တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီအတွင်းက KTLA မှ ဗိုလ်စောအယ်ခွီး ခေါ် ဗိုလ်ကော်လာဖိုးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် တပ်မဟာ(၄)မှ မြို့နယ် ကော်မတီဝင်တစ်ဦးနှင့် ဒုတပ်ရင်းမှူးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း KNU ဘက်က ပြောဆိုထားသည်။   

ဗိုလ်မှူးချုပ်နယ်ဒါးမြသည် ယခင်က KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ်ဖြစ်သော်လည်း ဝေါ်လေဒေသရှိတံတားလုပ်ငန်းခွင်မှ အရပ်သားများသေဆုံးမှု ဖြစ်စဉ်၌ KNU၏ စုံစမ်းစစ်ဆေးမှုကို လက်မခံခြင်း၊ KTLA ဖွဲ့စည်းခြင်းတို့ကြောင့် အဖွဲ့မှ ထုတ်ပယ်ခံထားရခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ရှိ ဗိုလ်စောအယ်ခွီးခေါ် ဗိုလ်ကော်လာဖိုးသည်လည်း တပ်မဟာ(၄) နယ်မြေတွင် KNU၏ အုပ်ချုပ်ရေးကို နှောက်ယှက်ခြင်း၊ အရပ်သားများကို ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း တို့ ကျူးလွန်ခဲ့ကြောင်း KNU ဗဟို တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

KNU အနေဖြင့် တော်လှန်ရေးကာလ ဖြစ်သည့်တိုင် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အတိအက


ျလိုက်နာရန် မူဝါဒချမှတ်ထားကြောင်း၊ အရပ်သား ပစ်မှတ်များအား တိုက်ခိုက်ခြင်းအား လက်သင့်မခံနိုင်ကြောင်း အသိပေးထားသည်။

 

ဆက်ဖတ်ရန် →
မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေး

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေး


RFA Burmese
2023.02.22



“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျန် (Deng Xijun) ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဆီ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဌာနချုပ်တွေကို သွားရောက်ပြီး အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တာလို့ RFA က စုံစမ်းသိရှိရပါတယ်။

UWSA ပြောခွင့်ရှိသူ ဦးညီရန်းက "တွေ့ကြတာ မှန်ပါတယ်။ အဓိကက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်း ဆွေးနွေးတာပါ" လို့ RFA ကို ဒီကနေ့ ပြောပါတယ်။


တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျန် (Deng Xijun)။

ဘာတွေဆွေးနွေးခဲ့ကြသလဲ ဆိုတဲ့အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိပါဘူး။ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး KIO နဲ့ NDAA တပ်ဖွဲ့တွေကို မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ် ဗဟိုနိုင်ငံခြားရေးရာ
ကော်မရှင်ရုံး အကြီးအကဲ ဝမ်ယိတို့နှစ်ဦး တွေ့ဆုံခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အာရှရေးရာ တရုတ်အထူးကိုယ်စား
လှယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို သွားရောက်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တို့ တွေ့ဆုံရာမှာ ဝါရှင်တန်ဒီစီမြို့တော်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးရုံး ဖွင့်ခွင့်ရတဲ့ကိစ္စကို ဆွေးနွေးခဲ့ကြပြီး၊ ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်ဘက်က သိပ်မကြိုက်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်သူတွေကို ကိုးကားပြီး မဲခေါင်သတင်း
ဌာနက ဖော်ပြထားပါတယ်။



ဆက်ဖတ်ရန် →
မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်-သထုံသို့လာသောစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရုပ်သံ

မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်-သထုံသို့လာသောစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရုပ်သံ

ဘီးလင်းမှ သထုံသို့လာသော ကား ၇ စီးပါဝင်သော စစ်ကောင်စီယာဉ်တန်းကို ညအချိန် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ်

မွန်ပြည်နယ်၊ ဘီလင်းမှ သထုံဘက်သို့ လာသော ကား ၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ် တန်းကို ယမန်နေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီ ၄၄ မိနစ်အချိန် ဘီးလင်းမှ သထုံဘက်သို့ စစ်ကား ၇ စီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးသွားခဲ့ကြောင်း၊ ညတွင်းချင်းပင် မိုင်းထိ ပျက် စီး သွားသော စစ်ကားကို ဆွဲယူသွားကြောင်း၊  စစ်ဆင်ရေးကို KNU တပ်မဟာ ၁ တပ် ရင်း ၂ တပ်ခွဲ ၃ နှင့် ဘီးလင်း ပကဖ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ 

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် မိုးကုတ်မြို့ အနောက်ပိုင်း၊ ကသဲရပ်ရှိ အုပ်ချုပ်ရေးရုံးကို  ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၁၂၂၁ နှင့် ၁၂၂၃ တို့ပူးပေါင်းစစ်ဆင်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၊ ၇မိနစ်ကြာအောင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ၊ အုပ်ချုပ်ရေးမှူးရုံး နံရံပေါက်ထွက်ကာ ရုံးအမိုးပွင့်ထွက်ခဲ့ကြောင်း သိရှိရသည်။ 

ကသဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအစောင့် စစ်တပ်ကို ယနေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး စစ်တပ် က အခင်းဖြစ်ပွားရာ အုပ်ချုပ်ရေးမှူးရုံးနှင့် အနီးပတ်ဝန်းကျင်ရှိ လမ်းများကို ပိတ်ဆို့ စစ်ဆေးနေကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ် ပွားခြင်းဖြစ်ပြီး နံနက်အစောပိုင်း လက်နက်ကြီး၊ လက်နက်ငယ်အသံများ၊ ဗုံးပေါက်ကွဲသံများဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ 

"ကသဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို စောင့်နေတာ ခွေး ၄ ကောင်လောက်ရှိမယ်။ ဒီမနက် ၅ နာရီ ၃၀ လောက် ဝင်ရောက်ပစ်ခတ်သံကြားရတယ်။ ပေါက်ကွဲ သံရော လက်နက်ငယ်သံရော ဆူညံနေတာပဲ။  စကခ ဘယ်နှစ်ကောင် သေတယ်ဆိုတာ မသိရသေးဘူး။ အခု ရပ်ကွက်ရုံးနဲ့ အဲဒီအနားက လမ်းတွေကို စစ်တပ်နဲ့ရဲတွေ လာစစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 

မိုးကုတ်မြို့နယ် တစ်၀ိုက်တွင်  TNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်များ နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကြောင်း သိရှိရသည်။

 https://youtu.be/DXMdXgFCfpE ရုပ်သံ

 


ဆက်ဖတ်ရန် →
 EXXON FILM Investment ငွေထုတ်မှု ယာယီရပ်ဆိုင်း

EXXON FILM Investment ငွေထုတ်မှု ယာယီရပ်ဆိုင်း

စစ်ကောင်စီကိုအကြောင်းပြကာ  EXXON FILM Investment အက်ပလီကေးရှင်း ငွေထုတ်မှု ယာယီရပ်ဆိုင်း၊ ရင်းနှီးမြုပ်နှံမှုကိုတော့ ဆက်လက်ခွင့်ပြုဟုဆို

ဖေဖော်ဝါရီလ ၂၃ ရက်

အဖွဲ့ဝင် သောင်းဂဏန်းကျော်ရှိနေသည့် အွန်လိုင်းမှတဆင့်ရင်းနှီးမြုပ်နှံမှုလုပ်စေသည်ဆိုသော  EXXON FILM Investment အက်ပလီကေးရှင်းသည် ငွေထုတ်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာလိုက်ပြီး စစ်ကောင်စီက လုံခြုံရေးဆိုင်ရာ သံသယကြောင့်ဖြစ်သည်ဟု အကြောင်းပြသည်။

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ထောက်ပံ့နေသည်ဟူသော သံသယဖြင့် စစ်ကောင်စီက  EXXON FILM အား စုံစမ်းစစ်ဆေးမည့်အကြောင်းသာ ထုတ်ပြန်ချက်တွင်ရေးသားထားသော်လည်း မည်သို့စစ်ဆေးမည်ဆိုသည့်အချက်ကိုမူ ဖော်ပြထားခြင်းမရှိပါ။

ကသာမြို့နယ်ရှိ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးရာတွင် ပါဝင်ရာက ယခုလိုသံသယအဝင်ခံနေရခြင်းဖြစ်သည်ဟုပါရှိသည်။ 

ထို့အပြင်စုံစမ်းစစ်ဆေးမှု ပြီးစီးမှသာ အဖွဲ့ဝင်များ၏ ငွေထုတ်ဝန်ဆောင်မှုကိုလည်း ပြန်လည် လုပ်ဆောင်ပေးနိုင်မည်ဟုပါရှိသည်။  

သို့သော် ငွေထုတ်ယူခွင့်ပိတ်ထားသော်လည်း အဖွဲ့ဝင်ဟောင်းများအနေဖြင့် ရင်းနှီးမြုပ်နှံမှုကိုတော့ ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နိုင်မည်ဟုဆိုသည့်အပြင် အဖွဲ့ဝင်အသစ်များကိုလည်း ဖိတ်ခေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

"သူတို့ ဆော့ဝဲကတော့ အလုပ်လုပ်နေသေးတယ်ဗျ။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်တွေကတော့ လူသေတွေလို ဖြစ်နေပြီ။ ဘာမှမေးမရ ပြုမရနဲ့။ ဆေ့ာဝဲ ဝန်ဆောင်မှုမှာမေးတာက တပတ်အတွင်းရအောင် ပြန်လုပ်ပေးမယ်လို့တော့ ပြောတာပါပဲ စစ်ကောင်စီက စစ်ဘေးရှောင်တွေလှူတာကို PDF တွေ လက်နက်တွေလှူတယ်ဆိုပြီး သံသယရှိလို့ စစ်နေတာတဲ့။ ကျွန်တော်တော့ သိပ်မမျှော်လင့်တော့ပါဘူး။ ဒီယုန်မြင်လို့ ဒီချုံထွင်တာနေမယ် အရှေ့မှာလဲ ဆယ်လီလုလင်ပျိုတို့ ဖူးပွင့်ခိုင်တို့နဲ့ အလှူတွေလုပ်ပြနေတာလေ"ဟု ငွေကျပ် ၅၀၀၀၀၀ (ငါးသိန်း) ရင်းနှီးမြှပ်နှံထားသည့် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုကဲ့သို့ ယာယီပိတ်သိမ်းမှုသည် ဖေဖော်ဝါရီ ၂၈ရက်တွင် ပြန်လည်ပြေလည်သွားမည်ဟု  Exxon Film က တယ်လီဂရမ်သီးသန့်ဂရုတွင် အကြောင်းကြားစာ ထပ်မံထုတ်ထားပြီး ၎င်းတို့၏ ငွေထုတ်ဝန်ဆောင်မှုယာယီရပ်ဆိုင်းခြင်းကို မှတ်ချက်ပြုလုပ်ခြင်းမပြုရန်နှင့် ပြုလုပ်ပါက ချက်ချင်း ပြင်းထန်သော ပြစ်ဒဏ် ချမှတ်မည်ဖြစ်ပြီး အကောင့်ကို ပိတ်ကာ ဝဘ်ဆိုက်ရှိ ရန်ပုံငွေအားလုံးကိုလည်း သိမ်းယူမည်ဟုလည်း Exxon Film က အဖွဲ့ဝင်များထံသို့ သတိပေးစာပေးပို့ခဲ့သည်။

အထက်ပါ သတိပေးစာကြောင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၈ရက်အထိ ဆက်လက်စောင့်စားနေကြမည်‌ဖြစ်ပြီး ငွေများအသိမ်းခံရမည်ကိုစိုးရိမ်မှုကြောင့် မှတ်ချက်ပြုလုပ်မည့်သူမရှိနိုင်ကြောင်း  အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။

 Exxon Film အွန်လိုင်းအက်ပလီကေးရှင်းကို ၂၀၂၀ အောက်တိုဘာလ ၃၁ရက်တွင် ဖေ့ဘွတ်စ်ပေစ့်စတင်လုပ်ဆောင်ခဲ့ပြီး   ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂ရက်တွင် ဖေ့ဘွတ်စ်ပေစ့်အသစ်တစ်ခု ထပ်မံ လုပ်ဆောင်ထားသည်ကိုလည်း  မဇ္ဈိမက စုံစမ်းတွေ့ရှိရသည်။ 

၎င်းတို့၏လုပ်ငန်းလိုင်စင်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ရက်တွင် တရားဝင်မှတ်ပုံတင်ထားကြောင်းကိုလည်း  ဖေ့ဘွတ်စ်ပေစ့်နှစ်ခုလုံးမှတဆင့် ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းတို့၏ ရုံးခန်းကိုလည်း KTA -6 FMI  လှိုင်သာယာမြို့နယ် ရန်ကုန်တွင် ဖွင့်လှစ်ထားသည်ဟု ဖော်ပြထားသည်။ 

ရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ဖေ့ဘွတ်စ်ဂရု ငါးခု ရှိနေပြီး Exxon Film ရှယ်ယာရှင်များဂရု ၊ Exxon Film Investment မန်ဘာဂရု၊ Exxon Film Shan State ၊ Exxon ငွေရှာသူများစုံစည်းရာ နှင့် Exxon Film စသည့် အမည်များဖြင့် ဂရုများရှိနေသည်ကိုလည်း စုံစမ်းသိရှိရပြီး အဆိုပါဂရုများကို လူရှာရန် ရည်ရွယ်ဖွင့်လှစ်ထားသည်ဟုသိရသည်။

သို့သော် ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုနှင့် ဆိုင်သည့်အချက်အလက်များ အကြောင်းကြားစာများကိုမူ သီးသန့်တယ်လီဂရမ်ဂရုတွင်သာ ပေးပို့လေ့ရှိသည်ဟု သိရသည်။

ရုပ်ရှင်ရင်းနှီးမြှပ်နှံမှု EXXON FILM Investmentကို မြန်မာဆယ်လီ ဖူးပွင့်ခိုင် ၊ လမင်းကဗျာ နှင့် လုလင်ပျိုတို့မှ ကြော်ငြာပေးထားသည်များလည်း တွေရပြီး အဆိုပါကိစ္စရပ်ကို " မြန်မာနိုင်ငံက ဆယ်လီအချို့ စည်းကမ်းမဲ့လွန်းတာလား ၊ ဦးနှောက် တခန်းလွတ်နေကြတာလား ။ နိုင်ငံတကာရုပ်ရှင်တွေမှာ ရင်းနှီးမြှပ်နှံဖို့ မြန်မာနိုင်ငံမှာ ရုံးခန်းလာဖွင့် မြန်မာပြည်သူတွေဆီက အရင်းအနှီးလာရှာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ။ မစဉ်းစားတတ်ကြတော့ဘူးလား " ဟု ဆင့်ပွားဈေးကွက်ဖြန့်ချီ‌ရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖြတ်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က ၎င်း၏လူမှုကွန်ရက်တွင် မှတ်ချက်ပြုရေးသားထားသည်ကိုတွေ့ရသည်။

ထို့အပြင် "  Exxon Film Investment ဆိုတာ လိမ်မှာမဟုတ်ဘူး ။လိမ်ကို လိမ်နေတာငွေရနေသေးလို့ ၊ အရှိန်ယူနေတုန်း မပြေးသေးလို့ မလိမ်ဘူး ခံငြင်း မနေကြနဲ့။သူ့ App ထဲမှာ ထည့်ထားတဲ့ နာမည်ကြီး ရုပ်ရှင်တွေနဲ့ သူတို့နဲ့ တကယ် ပက်သက်ကြောင်း ၊ အပြန်အလှန် သဘောတူမှုတွေ ရှိကြောင်း နိုင်ငံတကာ သတင်းတွေမှာ ပါဖူးတဲ့ သက်သေတောင် ခင်ဗျားတို့ ပြနိုင်လို့လား "ဟု Exxon Film Investmentကို ထပ်မံ ဝေဖန်ထားသည်ကိုလည်း တွေ့ရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့‌သည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းဟု ၎င်းတို့အမည်ပေးထားသော Joom အက်ပလီကေးရှင်းနှင့် Koala အက်ပလီကေးရှင်းသည် လည်း အောက်တိုဘာလတွင် ၎င်းတို့အက်ပလီကေးရှင်းကို ရပ်ဆိုင်းလိုက်ကြပြီး လူ ၂၀,၀၀၀ နီးပါး ငွေလိမ်လည်ခံရမှု ဖြစ်ပွားခဲ့ကြသည်။

©MIZ
Hlaing Info



ဆက်ဖတ်ရန် →