နောက်ဆုံးရ
စစ်ကောင်စီနှင့် ရသည့် သဘောတူညီချက် မွန်လူထုအတွက် အကျိုးမရှိနိုင်ဟုဆို

စစ်ကောင်စီနှင့် ရသည့် သဘောတူညီချက် မွန်လူထုအတွက် အကျိုးမရှိနိုင်ဟုဆို

By ဧရာဝတီ 20 February 2023

စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ (NMSP) အတို့အကြား ဆွေးနွေးပြီး ရရှိသည့် သဘောတူညီချက် အချို့သည် မွန်လူထုအတွက် အကျိုးမရှိနိုင်ကြောင်း စစ်ကောင်စီကို တိုက်နေသည့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ နိုင်အောင်မင်းဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၅ ရက်အထိ နေပြည်တော်တွင် ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေး ၊ မွန်စာပေသင်ကြားရေးနှင့် အထွေထွေကိစ္စရပ်များ စသည့်သဘောတူညီချက်များကို လက်မှတ်ထိုးခဲ့ကြောင်း စစ်ကောင်စီအာဘော် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

NMSP နှင့် စစ်ကောင်စီတို့အကြား ရရှိခဲ့သည့် သဘောတူညီချက်များအကြောင်း ပိုမိုသိနိုင်ရန် NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးထံသို့ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက မွန်စာပေသင်ကြားရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသည် မွန်ပြည်နယ်အပါအဝင် မြန်မာတနိုင်ငံလုံး၌ တရားဥပဒေစိုးမိုး ငြိမ်းချမ်းနေသည့် အချိန်အခါမှသာ လုပ်ဆောင်သင့်သည့် ကိစ္စများ ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

၎င်းက “ပြည်သူ့အိုးအိမ်အသက်စည်းစိမ် လုံခြုံရေးအဆိုးဝါးဆုံးဖြစ်နေချိန်မှာ စစ်ကောင်စီနှင့်သဘောတူညီချက်ရယူပြီး မွန်ပြည်နယ်တခုတည်းမှာ ဖွံ့ဖြိုးရေးလုပ်ငန်းဖေါ်ဆောင်ခြင်းက လက်တွေ့မကျပါဘူး။ ဖြစ်လည်းမဖြစ်နိုင်ပါဘူး။ မွန်ပြည်သူလူထုတရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်မှာမဟုတ်ပါဘူး” ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူတဦးကလည်း NMSP ၌ တော်လှန်လိုစိတ်ထက်သန်သည့် ဥက္ကဌနိုင်ရွှေကျင်ကဲ့သို့သော ခေါင်းဆောင်များမရှိတော့သည့်နောက်တွင် တိုက်ခိုက်လိုစိတ်ရှိသည့် အင်အားစု မရှိသလောက်ဖြစ်သွားကြောင်း မှတ်ချက်ပေးသည်။

၎င်းက “မွန်ပြည်သစ်ပါတီကတော့ နိုင်ငံရေးအရ ဈာန်လျှောသွားပါပြီ။ အရင်တုန်းက ခေါင်းဆောင်တွေရှိတဲ့ အနေအထား မျိုး မဟုတ်တော့ပါဘူး။ မွန်ပြည်သစ်ပါတီမှာတော့ ကိုယ့်အကျိုးစီးပွားပဲကြည့်တဲ့ အင်အားစုတွေ လွှမ်းမိုးတဲ့ အနေအထား ရောက်သွားတယ်လို့ သုံးသပ်ပါတယ်” ဟု ဆိုသည်။

အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် PhD ပါရဂူဘွဲ့ရရှိခဲ့ပြီး လက်ရှိတွင် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ မွန်တိုင်းရင်းသား ပညာရှင်တစ်ဦး ဖြစ်သည့် ဒေါက်တာပညာမွန်ကလည်း NMSP နှင့် စစ်ကောင်စီအကြားဆွေးနွေးမှုသည် တတိယအကြိမ်ဖြစ်ပြီး ဆွေးနွေးမှု တိုင်းတွင် စစ်ကောင်စီနှင့် NMSP အကြား နိုင်ငံရေးကိစ္စများ ဆွေးနွေးကြပုံ မရကြောင်း သုံးသပ်သည်။

၎င်းက “ပထမတခေါက်မှာ ၇ ချက်တောင်းဆိုထားတယ်။ အဲဒါက စာပေယဉ်ကျေးမှုနဲ့ မွန်အမျိုးသား ရေးကိစ္စပါပဲ။ နိုင်ငံရေးတော့မဟုတ်ဘူး။ အဲဒီကိစ္စကို သွားပြီးပြန်လည်ဆွေးနွေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူတို့က SAC (စစ်ကောင်စီ) ဖိတ်ရင်သွားတယ်။ နိုင်ငံရေးဆွေးနွေးပွဲကတော့ သူတို့မဆွေးနွေးဘူးဆိုတာ ပြောထားတယ်။ လူမှုရေးတို့၊ ဒေသဖွံ့ဖြိုးရေးတို့၊ အပစ်အခတ်ရပ်စဲရေးကိစ္စတို့၊ စာပေယဉ်ကျေးမှုကိစ္စတို့တော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်” ဟု ဆိုသည်။

စစ်ကောင်စီနှင့် NMSP အကြား ရသည့် သဘောတူညီချက်များသည် မွန်ပြည်သူလူထုအတွက် နိုင်ငံရေးအရ အကျိုးရှိစေမည်ဟု မထင်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါက်တာ ပညာမွန်က “လူမှုရေးနဲ့ စာပေယဉ်ကျေးမှုတို့ကတော့ အကျိုးရှိကောင်းရှိလိမ့်မယ်။ ဘယ်လောက် အကောင် အထည်ဖော်နိုင်မလဲဆိုတာကလည်း အများကြီး မေးခွန်းထုတ်စရာရှိတာပေါ့။ အရင်က SAC ပြောခဲ့တာရှိတယ်။ အစိုးရ ကျောင်းမှာ မွန်စာပေတွေ သင်ပေးမယ်ဆိုတာပေါ့။ ဒါက မွန်အဖွဲ့အစည်းတွေကို အခွင့်အာဏာပေးပြီး သင်ခိုင်းတာ မဟုတ်ဘူး။ သူတို့က ပညာရေးဝန်ကြီးဌာနကနေ လုပ်မယ်ဆိုတဲ့ သဘော၊ အဲဒီအခါကျတော့ မွန်စာပေ ယဉ်ကျေးမှုကိစ္စ မှာလည်း လုပ်ပိုင်ခွင့်ရလာပြီလို့ ပြောလို့မရဘူး” ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ နေပြည်တော်တွင် စစ်ကောင်စီက ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးပွဲကိုလည်း NMSP နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

NMSP သည် လက်ရှိမြန်မာ့အရေးပဋိပက္ခတွင် အားလုံး ဆွေးနွေးညှိနှိုင်းဖြေရှင်းမှသာ ပြဿနာပြေလည်နိုင်မည်ဟု ယူဆသဖြင့် ဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲနေခြင်းဖြစ်ကြောင်း တိုင်းရင်းသားအရေးလေ့လာသူအချို့က သုံးသပ်သည်။

NMSP ၏ ၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ ကြေညာ ချက်တွင်လည်း စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ဖိတ်ခေါ်ဆွေးနွေးရုံဖြင့် လုံလောက်မှု မရှိတော့ဘဲ နိုင်ငံတဝှမ်း ပေါ်ပေါက်လာသည့် အဖွဲ့အစည်းများနှင့်ပါ ဆွေးနွေးရန် လိုအပ်ကြောင်း ၊ မွန်ပြည်သစ်ပါတီအနေနှင့် ဆွေးနွေးရေး လမ်းစဉ်ကို ဆက်လက်ကိုင်စွဲထားကြောင်း ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီဘက်က မွန်ပြည်သစ်ပါတီဌာနချုပ်ရှိရာ ရေးချောင်းဖျားဒေသပါဝင်သည့် ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သော်လည်း မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် ဆွေးနွေးရေးလမ်းစဉ်ကို ဆက်လက်ကိုင်စွဲထားခြင်းဖြစ်သည်။

၇၆ နှစ်မြောက် မွန်အမျိုးသားနေ့ ကြေညာချက်တွင် မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းပြီးနောက် ကောင်းမွန်သည့် အပြောင်းအလဲများကို မျှော်လင့်ခဲ့သော်လည်း ထူးခြားမှု ရှိမလာဘဲ လူထုအတွက် ဒုက္ခသာပိုများလာကြောင်း NMSP က ထောက်ပြထားသည်။

မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင် ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး
ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။
--------------------------------


အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ ဝေဖန်ခံနေရ
စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမှု

By ဧရာဝတီ 24 May 2022

စစ်ကောင်စီနှင့် သွားရောက်ဆွေးနွေးခဲ့သည့် မွန်ပြည်သစ်ပါတီ (NMSP) အဖွဲ့အပေါ် စစ်တပ်က အာဏာသိမ်းမှုနှင့် ပြည်သူလူထုအား သတ်ဖြတ်နေမှုအပေါ် ဆန့်ကျင်နေကြသည့် မွန်လူထုက အပြင်းအထန် ဝေဖန် ရှုတ်ချနေကြလျှက်ရှိသည်။

အာဏာသိမ်း စစ်ဗိုလ်ချုပ်များနှင့် ဆွေးနွေးသည့် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်သည် မွန်လူမျိုးများ အတွက်သာမက တိုင်းပြည်အတွင်း ဖြစ်နေသည့် ပြဿနာများကို လစ်လျှူရှုပြီး မွန်ညီညွတ်ရေးပါတီ (MPU) ကဲ့သို့ပင် အဖွဲ့အစည်း အကျိုးတခုတည်းကိုသာ ကြည့်၍ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း လက်ရှိ မွန်ပြည်နယ်ထဲတွင် နေထိုင်သည့် မွန်အမျိုးသမီးငယ် တဦးက ပြောသည်။

၎င်းက “သူတို့ ဘယ်လမ်းကြောင်းကို သွားနေသလဲ သိတာပဲလေ။ သူတို့ရဲ့ တိတ်ဆိတ်မှုကြောင့် သူတို့ကြောက်လို့ သူတို့ ရင်မဆိုင်ရဲလို့ပဲလား။ သူတို့မှာ ဘာမှ မရှိလို့ပဲလား။ သူတို့ ရဲ့ အသုံးမကျမှုကြောင့်ပဲ ဒီအခြေအနေရောက်နေ တာလို့ မြင်တယ်။ စကစ နဲ့ ပြည်နယ် ဖွဲ့စည်းပုံတွေဘာတွေ မသိဘူး။ ကျမတို့သိတာက ကျမတို့က ဒီတော်လှန်ရေးမှာ လုံးလုံးလျားလျား ကျန်ခဲ့ပြီလို့ ထင်တယ်။ MUP လိုပဲ စကစနဲ့ တပတ်ရိုက် လုပ်နေတယ်လို့မြင်တယ်။ ကျမတို့ လူမျိုး နိုင်ငံရေးသမားတွေဟာ အတ္တကြီးစွာနဲ့ သူတို့ ကိုယ်ကျိုးအတွက် သူတို့ လုပ်နေပြီလို့ မြင်တယ်” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟို အလုပ်မှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် မေ ၂၃ ရက်နေ့က အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲတွင် စစ်ကောင်စီဘက်က ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေးကို မူအားဖြင့် သဘောတူခဲ့ကြောင်း မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေးက ဧရာဝတီသို့ ပြောသည်။

နိုင်အောင်မငေး က “ကျနော်တို့ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတခု ရေးဆွဲရမယ်။ အဲဒီအပေါ်မှာ တင်ပြတယ်။ အဓိပ္ပာယ်ပြည့်ဝတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဒါလည်း ပြည့်ပြည့်စုံစုံနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးနိုင်ဖို့အတွက် တင်ပြခဲ့ပါတယ်။ ဒီအခါမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် မူဝါဒ ရှိတယ်။ ဒါလုပ်ဆောင်ဖို့အတွက် ချမှတ်ထားပြီးသား ဖြစ်တဲ့အတွက် အမြန်ဆုံး အကောင်အထည် ဖော်ဆောင် ရွက်သွားပါ့မယ် ဆိုတာမျိုး၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးအတွက် အမြန်ဆုံးအကောင် အထည်ဖော် ပေးဖို့ ကတိပေးခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းနိုင်ရေး ၂ ဖက် အပြန်အလှန် သဘောတူခဲ့ကြောင်း နိုင်အောင်မငေးက ပြောသည်။
စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ တွေ့ဆုံမှု

၎င်းက “ကျနော်တို့ အခု EAO ဆယ်ဖွဲ့အတွင်း ဆွေးနွေးကြမယ်။ ပြီးရင် နိုင်ငံရေးပါတီတွေ အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူ တွေနဲ့ ဆွေးနွေး အဖြေရှာသွားပါမယ်။ ဒါလည်း အခု အခက်အခဲဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ဒီပုံစံနဲ့ တဆင့်ချင်း သွားဖို့ ညှိနှိုင်းသွားဖို့ပေါ့။ ဒါကလည်း ကာလတခုတော့ ရှိမှာပေါ့” ဟု ဆိုသည်။

နိုင်ငံပိုင်မြန်မာ့အလင်း သတင်းစာ၏ ရေးသားချက်၌မူ မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စ ပါဝင်လာ ခြင်း မရှိပေ။

ပညာရေးကိစ္စ အပါအဝင်၊ ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စများအား အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌက ရှင်းပြခဲ့ကြောင်းသာ ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအဖွဲ့ (MSRO) ၏ တွဲဖက် တာဝန်ခံ ကိုအဂ္ဂကလည်း ယခုကဲ့သို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ NMSP လူကြီးများသည် သမိုင်း ဆိုးရေးကာ ၎င်းတို့ ဂုဏ်သိက္ခာကို ၎င်းတို့ဘာသာ ဆွဲချနေကြောင်း ဝေဖန်သည်။

နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာရေးသည် တချိန်တွင် ဖြစ်ကောင်း ဖြစ်လာနိုင်သော်လည်း လက်ရှိကာလသည် အာဏာသိမ်း စစ်ကောင်စီနှင့် ဆွေးနွေးရန် အချိန်အခါကောင်း မဟုတ်သေးကြောင်း ၎င်းက ပြောသည်။

“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ မရလို့ ယခုလို တော်လှန်ရေး ပေါ်ပေါက်လာရတာပါ။ NMSP ဘက်က MUP ကို နိုင်ငံရေး ဇာတ်ခုံပေါ်တင်ပြီး ဆောင်ရွက်လာခဲ့တဲ့ သမိုင်းတလျှောက်၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စံချိန်တင် နေရာတွေ တိုး ပြီး နိုင်ခဲ့တာပဲ။ အဲဒီ နိုင်ငံရေးကရော အလုပ်ဖြစ်ခဲ့လို့လား။ နေ့ချင်းညချင်း အသိမ်းခံလိုက်ရတာပါဘဲ။ အားလုံး ပါဝင် နိုင်ရေးနဲ့ တိုင်းရင်းသား EAO တွေ အပါအဝင် NUG (အမျိုးသား ညီညွတ်ရေး အစိုးရ) တို့ပါ ပါဝင်တဲ့ အခင်း အကျင်း တခုဖြစ်မှ အဲဒီဆွေးနွေးရေးက အဆင်ပြေမှာပါ။ လက်ရှိမှာက တော်လှန်ရေး အရှိန်အဟုန် အဘက်ဘက်က ကောင်း နေတဲ့အချိန်မှာ စကစရဲ့ လက်တွေ့ မကျတဲ့ တွေ့ဆုံဆွေးနွေးရေးက ယုံနိုင်ဖွယ်ကို မရှိပါ” ဟု ကိုအဂ္ဂက ရှင်းပြသည်။

မွန်ပြည်သစ်ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးကမူ ၎င်းတို့အပေါ် ဝေဖန်မှုများအား သိရှိသော်လည်း မွန်ပြည် သစ်ပါတီသည် မွန်လူမျိုးများ၏ နိုင်ငံရေးလိုအပ်ချက်အရ စစ်ကောင်စီနှင့် ဆွေးနွေးရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဘဝ ကျနော်တို့ အခြေအနေ ကျနော်တို့ပါတီ ကျနော်တို့ လူမျိုးတွေရဲ့ နိုင်ငံရေး လိုအပ်ချက်အရ ဖြစ်သင့် ဖြစ်ထိုက်တာကို အလုပ်အမှုဆောင်တွေအနေနဲ့ ဆုံးဖြတ်ဆွေးနွေးကြတယ်။ ဒါကိုလည်း သက်ဆိုင်ရာ နိုင်ငံရေး ပါတီ တွေရော၊ ရဟန်းသံဃာတွေကိုရော ရှေ့ဆက် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာကို ညှိနှိုင်း တိုင်ပင် အတည်ပြု ချက် ရယူပြီးတော့ အခု အစည်းအဝေးပွဲကို လာတက်ရောက်ခြင်း ဖြစ်ပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း NMSP နှင့် စစ်ကောင်စီအကြား သဘောတူ ညီချက်အချို့ ရခဲ့သော်လည်း မွန်တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရမည့် အခြေအနေ နည်းနေကြောင်း သုံးသပ်သည်။

“ဟိုတနေ့က ဗိုလ်ချုပ် ဇော်မင်းထွန်းပြောတာက စစ်တပ်က၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအတိုင်းပဲ သွားမယ်ဆိုတဲ့ အခါကျတော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ပဲ ပြောရမှာပေါ့။ ၂၀၀၈ အောက်ကဆိုရင်တော့ သူတို့ပြောတဲ့ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ဆိုတာ ဘယ်လောက်မှ ရမယ်မထင်ဘူး။ သူတို့ တောင်းဆိုနေတာနဲ့ ဝေးလိမ့်မယ် ထင် တယ်” ဟု ၎င်းက ဆိုသည်။

အလားတူ မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စသည်လည်း စစ်ကောင်စီဘက်က ရွေးကောက်ပွဲ ပြုလုပ်ပြီးမှသာ ဖြစ်လာနိုင်သည့် အခြေအနေရှိနေပြီး အကောင်အထည်ပေါ်ရန် ကြာဦးမည်ဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာ သူတဦးက ပြောသည်။

ဆက်လက်၍ ၎င်းက “နောက်တခုက နောက်နှစ် ရွေးကောက်ပွဲလာပြီးရင် တခါ လွှတ်တော်မှာဆုံးဖြတ်၊ လွှတ်တော်မှာ ဆုံးဖြတ်ပြီးရင် လူထု ဆန္ဒခံယူပြီးပြင်ဆိုတော့ အဝေးကြီး ကျန်ပါသေးတယ်။ အချိန်တွေလည်း ကြာဦးမယ်။ စစ်တပ် ပေးချင်တာက ၂၀၀၈ ဘောင်အောက်ကဆိုရင် သူတို့လိုချင်တာလည်းရမှာ မဟုတ်ဘူး။ ၂၀၀၈ အောက်ကပဲ သွားမယ်။ ၂၀၀၈ ကိုပြင်ရုံပဲ ပြင်မယ်ဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စု မဖြစ်နိုင်ဘူး။ ၂၀၀၈ ကို ဖျက်ပြီးတော့ အသစ်ပြန်ဆွဲမှပဲ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လိမ့်မယ်” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် ၃ ရက်ခန့်ကြာမည်ဖြစ်ပြီး မေလ ၂၄ ရက်နှင့် ၂၅ ရက် များတွင် အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိ ယ ဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက် တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မွန်အမျိုသားရေးဆိုင်ရာ ကိစ္စများနှင့် မွန်ပြည်နယ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေး နွေးသွားရန် ရှိကြောင်း မွန်ပြည်သစ်ပါတီဘက်က ပြောသည်။

မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင် ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့လည်းဖြစ်သည်။ 
------------------------

အုပ်စုကွဲနေသည့် ရာမည နိုင်ငံရေး



မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်

By ဧရာဝတီ 21 October 2022

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ရာမညဒေသဟု ခေါ်သော မွန်ပြည်နယ်တွင် မွန်အမျိုးသားရေးနှင့် ပတ်သက်၍ နိုင်ငံရေး အယူအဆ ကွဲပြားမှုများဖြစ်နေပြီး စစ်ရေးအတွက် စုဖွဲ့ထားသည့် မွန်လက်နက်ကိုင် အုပ်စုသစ်များလည်း ပေါ်ပေါက်လာသည်။

မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းကြသူများရှိသလို အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ဆန့်ကျင်ကြသူများလည်း ရှိသည်။ လက်ရှိ နိုင်ငံရေး ပြဿနာကို ဗမာအချင်းချင်း အာဏာလုသည့်ပွဲဟု မွန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် မြင်ကြသူလည်း ရှိသည်။

    အဓိကအားဖြင့် မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကြသည့် အစုအဖွဲ့၊ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လမ်းကြောင်းကို အခြေခံကာ စစ်ကောင်စီနှင့် ဆွေးနွေးမည့် အစုအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဆန့်ကျင်တိုက်သည့် အစုအဖွဲ့ဆိုသည့် အဓိက အစုအဖွဲ့ကြီး ၃ စုကွဲနေသည်။

အဓိကအားဖြင့် မွန်ပြည်နယ်တွင် နိုင်ငံရေးအရ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းကြသည့် အစုအဖွဲ့၊ တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လမ်းကြောင်းကို အခြေခံကာ စစ်ကောင်စီနှင့် ဆွေးနွေးမည့် အစုအဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေးအရ ဆန့်ကျင်တိုက်သည့် အစုအဖွဲ့ဆိုသည့် အဓိက အစုအဖွဲ့ကြီး ၃ စုကွဲနေခြင်းဖြစ်သည်။

စစ်ကောင်စီနှင့် ပူးပေါင်းသူများ

အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ကြသူများထဲတွင် မွန်နိုင်ငံရေးပါတီ တခုဖြစ်သည့် မွန်ညီညွတ်ရေးပါတီ (MUP) လည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် MUP ဗဟိုကော်မတီသည် အစည်းအဝေးတရပ်ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သည်။

MUP သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု မဖြစ်ခင် တလအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းတွင် ၂၀၂၀ ရွေး ကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနှင့် နေရာညှိနှိုင်းသည့် ကိစ္စအဆင်မပြေသဖြင့် တွေ့ဆုံ ဆွေးနွေး‌ရေး ပျက်ပြယ်ခဲ့သော်လည်း စစ်ကောင်စီနှင့် ပူးပေါင်းလိုက်သည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်အဖြစ် စစ်ကောင်စီတွင် MUP ဗဟိုကော်မတီဝင် ဒေါက်တာ ဗညားအောင်မိုးအား အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဆုံးဖြတ်မှုနှင့် ပတ်သက်၍ MUP ပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ ထိုစဉ်က ဧရာဝတီသို့ ယခုကဲ့သို့ ဆိုဖူးသည်။

“ဖက်ဒရယ်ပြည်ထောင်စုအတွက် ထိပ်တိုက် ရင်ဆိုင်ရေးလမ်းလည်း ဖြတ်သန်းခဲ့ဖူးတယ်။ တိုင်းရင်းသား ပြည်သူ၊ ရဟန်း ရှင်လူတွေ သွေးမြေကျခဲ့တယ်၊ အသက်ပေးခဲ့ရတယ်။ သို့သော် ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးရလဒ်က မရခဲ့ဘူး။ အဲဒါကြောင့် ရှေ့ဆက်ရမယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပန်းတိုင်ရောက်ဖို့ဆိုတာ သွေးချောင်းစီးစေမယ့် ထိပ်တိုက် ရင်ဆိုင်ရေး လမ်းကြောင်းကို ကျနော်တို့ မရွေးချယ်လိုဘူး”ဟု ၎င်းက ဆိုသည်။

    MUP ဗဟိုကော်မတီက စစ်ကောင်စီနှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည့်အပေါ်တွင် မကျေနပ်သဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် နုတ်ထွက်ကြသည့် MUP ပါတီဝင် ၆၀ ခန့်ရှိကြောင်း မွန်ပြည်နယ်နိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

နိုင်လယိတမ ကိုယ်တိုင်သည်လည်း မွန်ပြည်နယ်စစ်ကောင်စီတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့သည်။ MUP ဗဟိုကော်မတီက စစ်ကောင်စီနှင့်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သည့်အပေါ်တွင် မကျေနပ်သဖြင့် ၂၀၂၁ ခုနှစ် မတ်လတွင် နုတ်ထွက်ကြသည့် MUP ပါတီဝင် ၆၀ ခန့်ရှိကြောင်း မွန်ပြည်နယ်နိုင်ငံရေးအသိုင်းအဝိုင်းမှ သိရသည်။

နုတ်ထွက်ကြသူများထဲတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌအဖြစ် တာဝန်ထမ်းခဲ့သည့် ထင်ရှားသည့် မွန်နိုင်ငံရေးသမားဖြစ်သူ ဒေါက်တာ အောင်နိုင်ဦးလည်း ပါဝင်သည်။

စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မည့် မွန်ပြည်သူ့စစ်အဖွဲ့အချို့လည်း အာဏာသိမ်းမှုဖြစ်ပြီး ၁ နှစ်ကျော်အကြာတွင် ပေါ်ပေါက်လာသည်။

မွန်ပြည်သစ်ပါတီ (NMSP) မှ ၂၀၁၀ ခုနှစ်တွင် ခွဲထွက်ကာ လက်နက်ချထား သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် ဌာနေပြည်သူ့စစ်အဖြစ် ပြောင်းလဲလိုက်ကြောင်း ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်တွင် ကြေညာခဲ့သည်။

ကြေညာချက်ထဲတွင် အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် ဌာနေပြည်သူ့စစ်အဖြစ် စစ်ကောင်စီစစ်တပ်နှင့် ပူးပေါင်းသွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုလည်း ကန့်ကွက်ရှုတ်ချကြောင်းရေးသားထားသည်။

ယင်းအပြင် ယခင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်နိုင်ရှောင်၏ တာဝန်ကို ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းထံ ပြောင်းလဲခန့်အပ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

    မွန်ပြည်သူ့စစ်များသည် ယခင်ကတည်းက စစ်တပ်နှင့် ပေါင်းထားသည့် အဖွဲ့အစည်းများဖြစ်ပြီး မွန်ပြည်သူလူထု၏ ထောက်ခံမှု မရှိကြ

အမည်မဖော်လိုသည့် မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးကလည်း မွန်ပြည်သူ့စစ်များသည် ယခင်ကတည်းက စစ်တပ်နှင့် ပေါင်းထားသည့် အဖွဲ့အစည်းများဖြစ်ပြီး မွန်ပြည်သူလူထု၏ ထောက်ခံမှု မရှိကြကြောင်းဆိုသည်။

“စစ်တပ်နဲ့ပေါင်းမယ်ဆိုတဲ့ ပြည်သူ့စစ်တွေက အရင်ကလည်း ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မွန်ပြည်သစ်ပါတီက ခွဲထွက်ပြီး စစ်တပ်နဲ့ ပေါင်းလုပ်ခဲ့တာရှိတယ်။ စစ်ကောင်စီနဲ့ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်တယ်။ တချို့အဖွဲ့တွေဆိုရင် မရှိတော့ဘူး။ အခုကျတော့ စကစက ဒီအဖွဲ့တွေကို ပြန်ဖော်ထုတ်ပြီး သူတို့ကို ထောက်ခံတဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့ဖြစ်အောင် ဖန်တီးလာတဲ့အနေအထားပါ။ အရင်ကလည်း သူတို့ဖန်တီးတယ်။ အခုကတော့ ဒေသတွင်း စစ်ရေးပဋိပက္ခ ဖြစ်အောင်လုပ်လာတဲ့ အနေအထား ဖော်ဆောင်လာတာပေါ့”ဟု ၎င်းက ဆိုသည်။

NCA အခြေခံ တွေ့ဆုံဆွေးနွေးရေးအစုအဖွဲ့

သမ္ဘာရင့် မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP)က အာဏာသိမ်းစစ်ကောင်စီ ဥက္ကဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၂ ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ၌ လက်မှတ်ရေးထိုးခဲ့သည်။ NMSP ဌာနချုပ်သည် ရေးမြို့အရှေ့ဘက် ရေးချောင်းဖျားဒေသတွင်ရှိပြီး စစ်အင်အား ၁၅၀၀ ခန့်ရှိကြောင်း လေ့လာသူများက ဆိုသည်။

နေပြည်တော်တွင် ပြုလုပ်သည့် ပထမအကြိမ်တွေ့ဆုံ ဆွေးနွေးမှုကို ၂၀၂၂ ခုနှစ်မေလတွင် ပြုလုပ်ပြီး ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် NMSP ကိုယ်စားလှယ်အဖွဲ့ကို NMSP ဒုတိယဥက္ကဌ နိုင်အောင်မင်း က ဦးဆောင်ပြီး တွဲဖက်အထွေထွေ အတွင်းရေးမှူး နိုင်ဝင်းလှနှင့် ဗဟို အလုပ်မှုဆောင် ကော်မတီဝင် နိုင်ဗညားလယ်တို့လည်း ကိုယ်စားလှယ်အဖြစ် ပါဝင်သည်။

ပထမအကြိမ်ဆွေးနွေးပွဲတွင် ၂၀၂၂ ခုနှစ် ရေးချောင်းဖျားဒေသ မွန်အမျိုးသားညီလာခံက အတည်ပြုထားသည့် ရာမည မွန်ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးကိစ္စတင်ပြခဲ့သော်လည်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည့် အခါတွင် တစုံတရာ ထည့်သွင်းဖော်ပြခြင်း မရှိပေ။

ပညာရေးကိစ္စ အပါအဝင် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံး ဆောင်ရွက်ရေး၊ ဒီမိုကရေစီ၊ ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စများအား အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌက ရှင်းပြခဲ့ကြောင်းသာ ဖော်ပြထားသည်။

    စစ်ကောင်စီဥက္ကဌက တိုင်းရင်းသားများ၏ လိုလားချက်များကို လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်နိုင်ပြီး လက်နက်ကိုင်လိုပါက စစ်တပ်နှင့် နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမည်ဟု ပြောလာသည်။

ယင်းနောက်တွင် စစ်ကောင်စီဥက္ကဌက တိုင်းရင်းသားများ၏ လိုလားချက်များကို လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်နိုင်ပြီး လက်နက်ကိုင်လိုပါက စစ်တပ်နှင့် နယ်ခြားစောင့်တပ်ထဲ ဝင်ခွင့်ပြုမည်ဟု ပြောလာသည်။

EAO များကို စော်ကား ပြောဆိုသည့် စစ်ကောင်စီတပ်နှင့် မဆွေးနွေးရန် NMSP ကို မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေး တက်ကြွ လှုပ်ရှားသည့် အဖွဲ့အစည်း ၁၀ ဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုခဲ့သဖြင့် NMSP သည် နေပြည်တော်သို့ ထပ်မသွားတော့ရန် အစပိုင်းတွင် ဆုံးဖြတ်ထားခဲ့သည်။

သို့သော် နေပြည်တော်သို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တချို့ရောက်ရှိလာပြီး တွေ့ဆုံဆွေးနွေးသည့် သတင်းကြောင့် NMSP ခေါင်းဆောင်တချို့ စိတ်ပြန်လည်လာပြီး ဗဟိုကော်မတီအတွင်း မဲခွဲကြသည့်အခါ တွေ့ဆုံရေးအဖွဲ့က မဲသာသွားသဖြင့် NMSP က စစ်ကောင်စီနှင့် ဒုတိယအကြိမ် ဆက်လက်ဆွေးနွေးခဲ့သည်။

ဒုတိယအကြိမ်ဆွေးနွေးပွဲတွင် NMSP ဘက်က မြန်မာနိုင်ငံ အကျပ်အတည်းဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည်အပါဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန် တိုက်တွန်းခဲ့ ကြောင်း သတင်းထုတ်ပြန်သည်။
NMSP ဌာနချုပ်သည် ရေးမြို့အရှေ့ဘက် ရေးချောင်းဖျားဒေသတွင်ရှိပြီး စစ်အင်အား ၁၅၀၀ ခန့်ရှိသည်

စစ်ကောင်စီဘက်ကမူ ၂၀၀၈ ဖွဲ့စည်းပုံပါ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား (၂) တိုင်းဒေသကြီး ပြည်နယ် ဥပဒေပြုစာရင်းနှင့် ၉ ကြိမ်မြောက် JICM (တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် ပူးတွဲ အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး) က အတည်ပြုထားသည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်များကိုသာ ဆွေးနွေးရှင်းပြခဲ့ကြောင်း ဆိုသည်။

NMSP ကိုယ်စားလှယ်များက စစ်ကောင်စီ ကိုယ်စားလှယ်များ တင်ပြသည့် ဆွေးနွေးချက်များ မရှင်းလင်းသဖြင့် နောက်တကြိမ် ဆွေးနွေးရန်သာ သဘောတူခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာနိုင်ငံ ပြည်မအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း မွန်ပြည်သစ်ပါတီ၏ ကြေညာချက်ကို လေ့လာကြည့်ပါက စစ်ကောင်စီနှင့် မည်သည့် သဘောတူညီချက်မှ မရခဲ့သည်ကို မြင်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

    “မင်းအောင်လှိုင်ထပ်ပြောတာက တိုင်းရင်းသားတွေ လက်နက်ကိုင်ချင်ရင် စစ်တပ်ထဲဝင်ချင်ဝင်၊ မဝင်ရင် BGF ဖွဲ့ဆိုပြီး ပြောတာပေါ့။ အဲဒီတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနေလို့ မွန်ပြည်သစ်က ဘာမှ ရမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်မှာပါ။ အခုကတော့ ဘာမှ သဘောတူညီချက် မရပါဘူး။ အဲဒါကြောင့်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူတယ် ဆိုတာမျိုး ထုတ်ပြန်တာပေါ့။ သဘောတူညီချက် တစုံတရာ အသစ်ကတော့ မွန်ပြည်သစ်နဲ့မှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့နဲ့မှ မရသေးဘူး”

“မင်းအောင်လှိုင်ထပ်ပြောတာက တိုင်းရင်းသားတွေ လက်နက်ကိုင်ချင်ရင် စစ်တပ်ထဲဝင်ချင်ဝင်၊ မဝင်ရင် BGF ဖွဲ့ဆိုပြီး ပြောတာပေါ့။ အဲဒီတော့ စစ်ကောင်စီနဲ့ ဆွေးနွေးနေလို့ မွန်ပြည်သစ်က ဘာမှ ရမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း မြင်မှာပါ။ အခုကတော့ ဘာမှ သဘောတူညီချက် မရပါဘူး။ အဲဒါကြောင့်လည်း ဆက်လက်ဆွေးနွေးရန် သဘောတူတယ် ဆိုတာမျိုး ထုတ်ပြန်တာပေါ့။ သဘောတူညီချက် တစုံတရာ အသစ်ကတော့ မွန်ပြည်သစ်နဲ့မှ မဟုတ်ပါဘူး။ ဘယ်အဖွဲ့နဲ့မှ မရသေးဘူး”ဟု ၎င်းက မှတ်ချက်ပေးသည်။

အမည်မဖော်လိုသည့် မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးကလည်း NMSP အတွက် စစ်ရေးဖိအားများ ကြုံလာရနိုင်သဖြင့် ယခုကဲ့သို့ စစ်ကောင်စီဥက္ကဌနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“မွန်ပြည်သစ်ပါတီ ဌာနချုပ်ဝန်းကျင်မှာ‌တော့ စစ်ကောင်စီတပ်တွေ မရှိပါဘူး။ ရေးမြို့နယ်ဧရိယာမှာတော့ စစ်ကောင်စီတပ်တွေ အများကြီးပဲ။ အဲဒါက ဌာနချုပ် ဧရိယာထဲမှာတော့ မဟုတ်ဘူးပေါ့။ ဒါက တပိုင်းပေါ့။ ဒါပေမယ့် စစ်ရေးဖိအားပဲ ပြောရမလား။ ကျနော်ထင်တာကတော့ မွန်ပြည်သစ်ပါတီခေါင်းဆောင်ပိုင်းတွေက စစ်ရေးဖိအား ရှိလာနိုင်တဲ့ အနေအထားကြောင့်ပဲလားပေါ့” ဟု ဆိုသည်။

စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများ

မွန်ပြည်နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်မခံဘဲ နိုင်ငံရေးအရ ဆန့်ကျင်ကြသည့် အုပ်စုများရှိသလို လက်နက်ကိုင်ဆန့်ကျင်တော်လှန်သည့် အစုအဖွဲ့များလည်း ရှိသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အတိုက်အခံများ၏ နိုင်ငံရေးအရ အမြင့်ဆုံး စုဖွဲ့မှုဖြစ်သော အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ကြားကာလ မွန်ပြည်နယ်ဖက်ဒရယ်ယူနစ်ကို ကိုယ်စားပြုသည့် အဖွဲ့အစည်းကြီးတခု ပါဝင်နေသည်။

အဆိုပါအဖွဲ့မှာ မွန်ပြည်နယ် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Mon State Interim Coordination Committee- MSICC) ဖြစ်ပြီး NUCC နှင့် ချိတ်ဆက်ကာ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ် ရေးဆွဲရေးစသည့် ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှုများ ရှိသည်။

MSICC ကို မွန်ပြည်နယ် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံရေး လှုပ်ရှားမှုအတွက်ရည်ရွယ်ကာ မွန်နိုင်ငံရေးပါတီရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းရင်းသားလူမှုရေးအဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။ ဥက္ကဌမှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဖြစ်သူ နိုင်သုဝဏ္ဏဖြစ်သည်။

MSICC ကို ကိုယ်စားပြုကာ NUG တွင် ကာကွယ်ရေးဒုဝန်ကြီးအဖြစ် တာဝန်ယူထားသည့် (NMSP) ဗဟိုကော်မတီဝင်ဟောင်းတဦးမှာ NMSP မှ ဗိုလ်မှူးကြီးရာထူးဖြင့် အနားယူထားသည့် နိုင်ကောင်းရွက်ဖြစ်သည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ မွန်လက်နက်ကိုင်တပ်အနေနှင့် မွန်ပြည်နယ်တွင် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကိုဖွဲ့ထားသည်။ MSDF မြောက်ပိုင်းသည် သထုံမြို့နယ်ထဲတွင် လှုပ်ရှားပြီး တောင်ပိုင်းအဖွဲ့သည် ရေးမြို့နယ်ထဲတွင် စစ်ရေး လှုပ်ရှားကြောင်း သိရသည်။

MSDF သည် ရေးမြို့နယ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားထားသည်။ ယင်းအပြင် MSDF နှင့် မဟာမိတ်များဖြစ်သည့် ရေးဘီလူးအဖွဲ့၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) စသည့် Local PDF အဖွဲ့များလည်း ရှိသည်။
အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီအချိန်ခန့်ကလည်း MSRO ခေါင်းဆောင်တဦးဖြစ်သူ ကိုအဂ္ဂ (ခ) ကိုသီဟနေစိုးသည် ရေးမြို့ အနောက်ဘက် ဇီးဖြူသောင်ရွာရှိ ရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး အပြန်၌ စစ်ကောင်စီတပ်နှင့် ရင်ဆိုင်တွေ့ကာ တိုက်ပွဲကျဆုံးသွားခဲ့သည်။
ကိုအဂ္ဂကျဆုံးမှုနှင့် ပတ်သက်၍ MSDF နှင့် ရေးဘီလူးအဖွဲ့တို့က ဝမ်းနည်းကြောင်း အသီးသီးကြေညာထားကြသည်။

စစ်ကောင်စီကို ဆန့်ကျင်တိုက်နေသည့် မွန်တော်လှန်ရေးအဖွဲ့အများစုသည် ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် မဟာမိတ် ဆက်ဆံရေးရှိကြပြီး မွန်တော်လှန်ရေးတပ်များကို KNU ကပင် အဓိက စစ်ရေးလေ့ကျင့်ပေးနေကြောင်း တိုင်းရင်းသားအရေး လေ့လာသူများက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်တွင် KNU သထုံခရိုင်က ၎င်းတို့နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၂၄ ဖွဲ့ကို မိတ်ဖက်တပ်ပေါင်းစုအဖြစ် စုဖွဲ့လိုက်ပြီး KNU တပ်မဟာ (၁) လက်အောက်တွင် ထားလိုက်သည်။ အဆိုပါတပ်ပေါင်းစုတွင် မွန်ပြည်နယ် ပေါင်၊ ဘီးလင်း၊ သထုံနှင့် သိမ်ဇရပ်မြို့တို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) များပါဝင်ကြောင်း KNU သထုံခရိုင် မိတ်ဖက်ကြီးကြပ်မှု ကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

ယင်းအပြင် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် ညီနောင်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ထံ၌ စစ်ပညာသင်ကြားခဲ့ပြီး မွန်ပြည်နယ် မုဒုံနှင့် သံဖြူဇရပ်တို့တွင် အခြေချနိုင်ရန် ပြင်ဆင်နေသည့် အာဏာသိမ်းမှုဆန့်ကျင်သော မွန်တော်လှန်ရေးအဖွဲ့ တဖွဲ့လည်း ရှိကြောင်း မြန်မာနိုင်ငံပြည်မ အခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦး ဆိုသည်။

မွန်နိုင်ငံရေးအစုအဖွဲ့များ မစုစည်းမိကြသေး

မွန်လူမျိုး နိုင်ငံရေးလေ့လာသူနှင့် မွန်နိုင်ငံရေးတက်ကြွသည့် အဖွဲ့အစည်းများကမူ လက်ရှိမွန်ပြည်နယ်တွင် မွန်အမျိုးသား နိုင်ငံရေးအစုအဖွဲ့များသည် ညီညွတ်မှုမရသေးဘဲ ကွဲပြားနေဆဲ ဖြစ်ကြောင်း ဆိုသည်။

မွန်ပြည်နယ်အခြေစိုက် အာဏာသိမ်းမှုဆန့်ကျင်သည့် ရာမည ဖက်ဒရယ်အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် အပေါ် သဘောမကျဘဲ အားမလိုအားမရဖြစ်ရကြောင်း ဆိုသည်။

    “NMSP ကတော့ သူတို့ပြောနေတဲ့အတိုင်းပဲ။ NCA လမ်းကြောင်းမှာ ဆက်ရှိနေတယ်။ တချိန်တည်းမှာပဲ ကြားနေပြီး စောင့်ကြည့်လေ့လာနေတယ်လို့ မြင်တယ်။ မွန်ပြည်သစ်ပါတီအနေနဲ့လည်း လက်ရှိမွန်တော်လှန်ရေးအင်အားစုတွေကို သူတို့ရဲ့ ဦးဆောင်မှုအောက် စုစည်းသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မွန်ပြည်သစ်ပါတီသာ ဦးဆောင်မှု ပေးရင် လက်ခံကြပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီဘက်မှာ ဒီလိုကိစ္စအတွက် မူဝါဒ အသေအချာချမှတ်ပြီး ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုဟာ တော်လှန်ရေးအတွက် အမြဲအသင့်ရှိနေရပါမယ်”

“NMSP ကတော့ သူတို့ပြောနေတဲ့အတိုင်းပဲ။ NCA လမ်းကြောင်းမှာ ဆက်ရှိနေတယ်။ တချိန်တည်းမှာပဲ ကြားနေပြီး စောင့်ကြည့်လေ့လာနေတယ်လို့ မြင်တယ်။ မွန်ပြည်သစ်ပါတီအနေနဲ့လည်း လက်ရှိမွန်တော်လှန်ရေးအင်အားစုတွေကို သူတို့ရဲ့ ဦးဆောင်မှုအောက် စုစည်းသင့်ပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း မွန်ပြည်သစ်ပါတီသာ ဦးဆောင်မှု ပေးရင် လက်ခံကြပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီဘက်မှာ ဒီလိုကိစ္စအတွက် မူဝါဒ အသေအချာချမှတ်ပြီး ပြင်ဆင်သင့်တယ်လို့ မြင်ပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတခုဟာ တော်လှန်ရေးအတွက် အမြဲအသင့်ရှိနေရပါမယ်”ဟု ၎င်းက ဆိုသည်။

ယခုအချိန်သည် နယ်ခြားစောင့်တပ် (BGF) ဖွဲ့ခိုင်းနေသည့် စစ်ကောင်စီနှင့် မဆွေးနွေးသင့်တော့ဘဲ မွန်တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်ရမည့် အချိန်အခါပင်ဖြစ်ကြောင်း ရာမည ဖက်ဒရယ်အင်အားစုမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံ ပြည်မဒေသအခြေစိုက် တိုင်းရင်းသားအရေး လေ့လာသူတဦးကလည်း မွန်ပြည်နယ်တွင် မွန်နိုင်ငံရေး အင်အားစုများသည် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ရေးနှင့် မတိုက်ရေးဆိုသည့် အယူအဆအပေါ် အခြေခံကာ အုပ်စု ကွဲပြားနေခြင်းဖြစ်ကြောင်း ဆိုသည်။

“မွန်ညီညွတ်ရေးပါတီ (MUP) ကတော့ စစ်တပ်နဲ့ပေါင်းလုပ်နေတယ်။ တကယ်က သူက မွန်ပြည်သစ်ပါတီနဲ့ ညှိပြီး ပေါင်းတာ ဖြစ်တယ်။ နောက်တခုက မွန်နိုင်ငံရေးမှာ အရေးပါတဲ့ မွန် ဘုန်းကြီးတွေရဲ့ သဘောထားလည်း ပါတယ်။ အဲဒါက လောလောဆယ် စကစနဲ့ ပေါင်းပြီး ငြိမ်းချမ်းရေးယူထားမယ်လို့ ရပ်တည် ဆုံံးဖြတ်ထားတာ။ သူတို့ ဆုံးဖြတ်ချက်အခြေခံက မွန်ပြည်သစ်ပါတီမှာ လက်နက်ကိုင်အင်အား နည်းတာရယ်။ မွန်ညီညွတ်ရေး တည်ဆောက်ဖို့ လိုတယ်ဆိုတဲ့ အခြေခံပေါ်မှာ လုပ်ဆောင်နေတယ်လို့ ပြောရပါမယ်။ နောက်တခု သူတို့မျှော်တာက စကစ နိုင်ငံရေး အကျပ်အတည်း တွေ့နေ ချိန်မှာ သူတို့လိုချင်တဲ့ အခွင့်အရေးကို စားပွဲဝိုင်းကနေ ရနိုင်မလားဆိုတဲ့ မျှော်လင့်ချက်ရှိပုံလည်း ရတယ်” ဟု ဆိုသည်။

မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးကမူ မွန်နိုင်ငံရေးအစုအဖွဲ့များတွင်သာမက မွန်လူထုတွင်လည်း လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ရှင်းလင်းမှုမရှိဘဲ အမြင်ဝေဝါးမှုများ ဖြစ်နေကြောင်း ဆိုသည်။

၎င်းက အဓိကအားဖြင့် မွန်လူထုသည် မွန်အမျိုးသားအခွင့်အရေးကို စစ်ကောင်စီနှင့် ပူးပေါင်း၍ ယူရမည်ဆိုသည့် အယူအဆအပါအဝင် NCA လမ်းကြောင်းမှ တဆင့် ရယူမည်ဆိုသည့် အယူအဆနှင့် အာဏာသိမ်းမှုဆန့်ကျင်သည့် အတိုက်အခံများနှင့် ပေါင်းကာ ရယူမည်ဆိုသည့် အယူအဆတို့ကြား အမြင်ဝေဝါးမှုများ ဖြစ်နေကြောင်း ရှင်းပြသည်။

    “နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးနောက် ဖက်ဒရယ်ချာတာအခြေခံကနေ ဖက်ဒရယ်မွန်ပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရှိတယ်။ အဲဒီအပေါ်မှာလည်း မွန်ပြည်သူလူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်မှုတွေ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ မွန်ပြည်သူလူထုက ဒီအပေါ်မှာ ကောင်းကောင်းမသိသေးဘူး”

“နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးနောက် ဖက်ဒရယ်ချာတာအခြေခံကနေ ဖက်ဒရယ်မွန်ပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်ရှိတယ်။ အဲဒီအပေါ်မှာလည်း မွန်ပြည်သူလူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လုပ်မှုတွေ နည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ မွန်ပြည်သူလူထုက ဒီအပေါ်မှာ ကောင်းကောင်းမသိသေးဘူး။ ချုပ်ပြောရရင် မွန်ပြည်သူလူထုရဲ့ အမြင်က ၃ နေရာမှာ ကွဲနေတာပေါ့” ဟု မွန်လူမျိုး နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပေးသည်။

သို့သော် နွေဦးတော်လှန်ရေး ၁ နှစ်ကျော်ကြာလာပြီးနောက် မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခသည် တနေ့ထက်တနေ့ ပိုမိုကျယ်ပြန့်လာနေသဖြင့် မွန်ပြည်နယ်တွင်လည်း ပဋိပက္ခ၏ ရိုက်ခတ်မှုများ ကျယ်ပြန့်လာနိုင်ချေရှိနေကြောင်းလည်း ပြောသည်။

၎င်းက “Conflict က တနိုင်ငံလုံးမှာ ဖြစ်နေတာကိုး။ ဒါက မွန်ပြည်နယ်အပေါ်လည်း သက်ရောက်မှာပဲ။ လက်ရှိရှိနေတဲ့ အနေအထားထက် ပဋိပက္ခက ပိုများလာမယ်လို့ သုံးသပ်ပါတယ်။ မွန်တယောက်အနေနဲ့ ပြောမယ်ဆိုရင် စကစ ခေါ်တဲ့ ဆွေးနွေးပွဲက နိုင်ငံရေးအတွက် အဖြေမဟုတ်ပါဘူး။ ကျနော်တို့ မွန်တွေလိုလားတဲ့ အခွင့်အရေးလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတွေ့ဆုံမှုက ဘယ်လောက်ပဲ သဘောတူညီမှုရသည်ဖြစ်စေ စစ်ကောင်စီ အသက်ဆက်နိုင်ဖို့ နိုင်ငံရေးအကျပ်အတည်းက သူလွတ်ဖို့ ထွက်ပေါက်အနေနဲ့သုံးတဲ့ နည်းဗျူဟာတခုသာ ဖြစ်တယ်ပေါ့။ ကျနော်တို့ မွန်တွေအတွက်တော့ ဘာမှ ထူးလာမှာမဟုတ်ပါဘူး” ဟု ဆိုသည်။


ဆက်ဖတ်ရန် →
စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့

RFA Burmese
2023.02.20


စစ်ဘေးဒုက္ခသည် လေးသိန်းကျော်ကို NUG ထောက်ပံ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းမှာ မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာမှ နေအိမ်များကို တွေ့ရစဉ်။


ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး

စစ်ဘေးဒုက္ခသည် လေးသိန်းကျော်အတွက် ဇန်နဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီတွေပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာ ထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထောက်ပံ့ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၈ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ နယ်စပ်ဒေသ တစ်လျှောက်က စစ်ဘေးဒုက္ခသည်တွေ အပါအဝင် စစ်ဘေးဒုက္ခသည်စုစုပေါင်း ၄၀၀,၆၂၈ ဦးကို လူသားချင်းစာနာမှုအကူအညီ အဖြစ် ကျပ်ငွေ ၃၆၄ ဒဿမ ၈၅ သန်း ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် စစ်ကောင်စီကြောင့် သေဆုံးသွားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ၊ CDM ဝန်ထမ်းတွေ၊ ထိခိုက်လွယ်ပြည်သူနဲ့ မိသားစုဝင်တွေ၊ နိုင်ငံအကျဉ်းသားနဲ့ မိသားစုဝင်တွေကိုလည်း ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီလအတွင်း NUG လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မြန်မာကျပ် ၅၀၇ ဒဿမ ၁၅ သန်းကို လူသားချင်းစာနာမှု ဆိုင်ရာအကူအညီအဖြစ် ထောက်ပံ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့ စာသင်ကျောင်းပေါင်း ၇၀၀ ကျော်မှာလည်း ဗုံးခိုကျင်းတွေတူးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ကတော့ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည် ၁ ဒဿမ ၅ သန်းအထိရှိလာပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ သုံးပုံတစ်ပုံဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ် နေတယ်လို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။


ဆက်ဖတ်ရန် →
 နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

RFA Burmese
2023.02.20
နိုင်ငံတည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးတွင် တွေ့ရစဉ်။
HANDOUT / MYANMAR MILITARY INFORMATION TEAM / AFP

နိုင်ငံကိုတည်ငြိမ်အောင် မထိန်းနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ခြောက်လ သက်တမ်းတိုးထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၀ ရက်မှာလည်း တည်ငြိမ်မှုနဲ့အလှမ်းဝေးနေဆဲပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုပြောဆိုခဲ့တာပါ။

စစ်ကောင်စီက နိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးပမ်းနေပေမယ့် ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပသြဇာခံအဖွဲ့အစည်းတွေက အလုံးစုံပျက်စီးရေးကို ဆောင်ရွက်နေတာကြောင့် နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေရတာလို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

ချင်းပြည်နယ်ဟာ သဘာဝအလှအပ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ တည်ငြိမ်အေးချမ်းစွာ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဆူပူအကြမ်းဖက်မှုနဲ့ တရားဥပဒေချိုးဖောက်မှုတွေက နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေပြီလို့ သူက ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ၂၀၂၁ ခုနှစ် ဧပြီလကစလို့ တူမီးသေနတ်ကိုင်ဆွဲပြီး စစ်ကောင်စီကို စတင်တိုက်ခိုက်ခဲ့ကြတာပါ။

အဲဒီနောက် ချင်းပြည်နယ်က မြို့နယ်အသီးသီးမှာလည်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF) အသီးသီးဖွဲ့စည်းလာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ ချင်းပြည်နယ်မှာရှိတဲ့ မြို့နယ် ကိုးမြို့နယ်ထဲက မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး ထန်တလန်မြို့နယ်၊ ဟားခါးမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်၊ တီးတိန်မြို့နယ်၊ တွန်းဇံမြို့နယ်နဲ့ ဖလမ်းမြို့နယ်တွေ ကိုတော့ ၂၀၂၃ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။


ဆက်ဖတ်ရန် →
နိုင်ငံကူးလက်မှက်ရုံးတွေ ရက်ပိုင်းအတွင်း ဖွင့်ဖို့ရှိ

နိုင်ငံကူးလက်မှက်ရုံးတွေ ရက်ပိုင်းအတွင်း ဖွင့်ဖို့ရှိ


ဘီဘီစီ
ဓာတ်ပုံ ရင်းမြစ်, MYANMAALINN

ပြီးခဲ့တဲ့ ဇန်နဝါရီလ လဆန်းက ပိတ်ထားခဲ့တဲ့ နိုင်ငံကူးလက်မှက်ရုံးတွေကို ဒီရက်ပိုင်းအတွင်း ပြန်ဖွင့်တော့မယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေ့ါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

ဖွင့်မယ့်ရက် အတိအကျကို သူကပြောဆိုတာမရှိပေမယ့် နိုင်ငံကူးလက်မှက်ထုတ်ပေးရေးရုံးနဲ့ နီးစပ်သူတွေကတော့ လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်မြို့ စက်မှု ၁ လမ်းမကြီးမှာ ရှိတဲ့နိုင်ငံကူးလက်မှက်ထုတ်ပေးရေးရုံးမှာ System အဆင့်မြှင့်မှာဖြစ်လို့ ရုံးကိုခေတ္တပိတ်ထားမယ်လို့ ရုံးရှေ့မှာဗီနိုင်းထောင် ကြေညာထားခဲ့ပါတယ်။

ဒါကြောင့် ပြည်ပကို အရေးပေါ်ထွက်ခွာဖို့ ရှိတဲ့ ကျောင်းသားတွေ ကျန်းမာရေးကုသမှုခံယူသူတွေ အပါအဝင် သက်တမ်းတိုးဖို့ရှိသူတွေပါ အခက်တွေ့ခဲ့ကြပါတယ်။

အဲဒီရက်က စပြီး ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အနှံ့က ရုံးတွေကို ပိတ်ထားခဲ့သလို ပြည်ပနိုင်ငံတွေက သံရုံးတွေမှာ နိုင်ငံကူးလက်မှက် သက်တမ်းတိုးတာတွေကို လည်း ရပ်ထားခဲ့တယ်လို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလာပြီး ၊ စီးပွားရေးအခက်အခဲများကြုံတွေ့လာရတဲ့ အတွက် အိမ်နီးချင်းနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်သူတွေရှိသလို အိမ်နီးချင်းနိုင်ငံတွေမှာ ပညာ ဆက်လက် သင်ယူလိုတဲ့ ကျောင်းသားလူငယ်တွေကလည်း အချိန်မီ နိုင်ငံရပ်ခြားသို့ထွက်ခွာနိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်ထားရေးအတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းမှုမဖြစ်ခင်က ဝန်ဆောင်ခငွေကျပ် လေးသောင်းနီးပါးသာ ကျသင့်ခဲ့တဲ့ နိုင်ငံကူးလက်မှတ် ပြုလုပ်နိုင်တဲ့အခြေအနေဟာ အာဏာသိမ်းပြီးနောက်မှာ QR Code ရယူရတဲ့ စနစ်ကို ပြောင်းလဲခဲ့ပြီးအကန့်အသတ်တွေကြောင့် နိုင်ငံကူးလက်မှတ်ရဖို့ ငွေကျပ် လေးသိန်းကနေ ၅ သိန်း နီးပါးအထိ ကုန်ကျခဲ့တယ်လို့ နိုင်ငံကူးလက်မှတ် ပြုလုပ်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

ဆက်ဖတ်ရန် →
အီးယူက မြန်မာနိုင်က သေဒဏ်စီရင်ရာမှာပါ၀င်သူတွေ၊ လက်နက်ပွဲစားတွေနဲ့ လေယာဥ်ဆီ တင်သွင်းသူတွေ ကိုပိတ်ဆို့ အရေးယူ

အီးယူက မြန်မာနိုင်က သေဒဏ်စီရင်ရာမှာပါ၀င်သူတွေ၊ လက်နက်ပွဲစားတွေနဲ့ လေယာဥ်ဆီ တင်သွင်းသူတွေ ကိုပိတ်ဆို့ အရေးယူ

ဥရောပသမဂ္ဂရဲ့ အရေးယူမှုနှေးကွေးတယ်လို့ ဆို     BBC

ဓာတ်ပုံ ရင်းမြစ်, Getty Images


ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ကွပ်မျက်ဖို့ စီစဥ်ခဲ့တယ်ဆိုပြီး ယခင်စစ်ခုံရုံးအကြီးအကဲကို ဥရောပသမဂ္ဂ အရေးယူ

စစ်အာဏာသိမ်းခံခဲ့ရတာ ၂နှစ်ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ပတ်သက်သူတွေကို ဥရောပသမဂ္ဂ အီးယူက ၆ ကြိမ်မြောက် ပိတ်ဆို့ အရေးယူလိုက်ပြီး အဲဒီ အထဲမှာ လူပုဂ္ဂိုလ် ၉ယောက်နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ၄ခု အပြင် ကာကွယ်ရေး၀န်ကြီးဌာနအောက်က လုပ်ငန်းဌာန ၃ ခု ပါ၀င်ကြောင်း ဖေဖော်၀ါရီ ၂၀ရက်နေ့ထုတ် ဥရောပသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူပုဂ္ဂိုလ် ၉ယောက်ထဲမှာ လက်နက်ပွဲစားလုပ်တယ်ဆိုပြီး အရေးယူခံရသူတွေကတော့ Yandapon Aviation Support Company & Suntac Group တို့ရဲ့ ဒါရိုက်တာ ဦးစစ်တိုင်းအောင် နဲ့အတူ Myanmar Chemical Machinery ကုမ္ပဏီ ဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး နဲ့ Sky Aviator ကုမ္ပဏီ တည်ထောင်သူ ဦးကျော်မင်းဦး တို့ ဖြစ်ကြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ လွှတ်တော်အမတ် ဟောင်း ဦးဖြိုးဇေယျာသော် အပါအ၀င် အကျဥ်းကျခံနေရသူ ၄ယောက်ကို ကြိုးပေးကွပ်မျက်ဖို့ စီစဥ်ရာမှာ ပါ၀င်ခဲ့တယ်ဆိုပြီး ယခင်စစ်ခုံရုံးအကြီးအကဲလည်းဖြစ် လက်ရှိ ရန်ကုန်တိုင်း စီးပွားရေး၀န်ကြီး လည်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်လည်း အီးယူရဲ့ ပိတ်ဆို့အရေးယူခံရတဲ့အထဲ ပါ၀င်တာ တွေ့ရပါတယ်။

ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီ အရေး လှုပ်ရှားမှုတွေကို ဖိနှိပ်ရာမှာ ပါ၀င်ခဲ့လို့ ဆိုပြီး ရဲချုပ်ဟောင်း လည်းဖြစ် ပြည်ထဲရေး ဒု၀န်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ဇော်မင်းထက်ကိုလည်း အီးယူက အရေးယူခဲ့ပါတယ်။

တခါ ရေတပ်ဗိုလ်ချုပ်ကြီး မိုးအောင်ကိုတော့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဒုကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုး၀င်း တို့နဲ့ နီးစပ်တယ်လို့ ဆိုကာ အရေးယူခံခဲ့သလို စစ်တပ်မှာ တတိယ အကြီးဆုံး ရာထူးယူထားတဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေး ဟာလည်း ဥရောပသမဂ္ဂ ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းခံ ခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၂ သြဂုတ်လကတည်းက စွမ်းအင်၀န်ကြီးအဖြစ်တာ၀န်ထမ်းဆောင်သူ ဦးမျိုးမြင့်ဦး နဲ့ တောင်ပိုင်းတိုင်း ကနေ မြောက်ပိုင်းတိုင်းကို ပြောင်းလဲတာ၀န်ယူတဲ့ ကချင်ပြည်နယ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် တို့ကိုလဲ ဥရောပသမဂ္ဂက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

ဒီလူတွေအချို့ဟာ ကချင်ပြည်နယ်က လေကြောင်းတိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်မှုနဲ့ မီးရှို့မှုနှင့် စစ်တပ်က ကျူးလွန်ခဲ့တဲ့ လူသားဒိုင်းများ အသုံးပြုခြင်းတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့ကြသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဖွဲ့အစည်း အရေးယူခံရတဲ့အထဲမှာ ကာကွယ်ရေးဦးစီးဌာန လက်အောက်က စစ်ထောက်ချုပ်ရုံး ၊ ကာကွယ်ရေးပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး စသဖြင့် ရုံးဌာန ၃ခုလည်း အီးယူက ပိတ်ဆို့တဲ့စာရင်းမှာပါပြီး လေယာဥ်ဆီ ထောက်ပံ့မှု နဲ့ Asian Sun Group ကုမ္ပဏီ အရေးယူခံရသလို ၊ လက်နက်ပွဲစား ကုမ္ပဏီတွေလို့ဆိုကာ Dynasty Int’l Co.Ltd နဲ့ Sky Aviator Co.,Ltd အပါအ၀င် ရခိုင်အရေးမှာ စစ်တပ်ကို ထောက်ပံ့တဲ့ စွပ်စွဲချက်နဲ့ International Gateways Group ကုမ္ပဏီလည်း အရေးယူခံခဲ့ရပါတယ်။

ရေတပ်ဗိုလ်ချုပ်ကြီးမိုးအောင် EU အရေးယူတာခံရပြီ

ဓာတ်ပုံ ရင်းမြစ်, European Union in Myanmar

ကာကွယ်ရေးဦးစီးချုပ် ၊ ဒုကာချုပ်တို့နဲ့ နီးစပ်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီးကို ဥရောပ သမဂ္ဂက အရေးယူပိတ်ဆို့တဲ့စာရင်းထဲ ထည့်သွင်းထားတာတွေ့ရ

အခုလို ဥရောပ သမဂ္ဂ အီးယူက လူပုဂ္ဂိုလ် ၉ယောက်နဲ့ အဖွဲ့အစည်း ၇ ခု ကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အရ အရေးယူတဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေးနဲ့ ဒီမိုကရေစီ အဖွဲ့ဖြစ်တဲ့ Burma Campaign UK က ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုတွေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက် ကျူးလွန်နေသူတွေကို ပစ်မှတ်ထား ဆောင်ရွက်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ၊ စစ်တပ်ကို လက်နက် ထောက်ပံ့မှုတွေ လျော့ကျသွားအောင် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူခဲ့တာ ဖြစ်တယ်လို့ Burma Campaign UK အမှုဆောင် ဒါရိုက်တာ Anna Roberts က ပြောပါတယ်။

အီးယူရဲ့ အရေးယူမှုက မှန်ကန်တဲ့ ချဥ်းကပ်မှု ဖြစ်ပေမယ့် ချမှတ်လုပ်ဆောင်မှုတွေက နှေးကွေးလှတယ် ၊ ဒါကြောင့် မြန်မာပြည်မှာ တိုင်းရင်းသား ပြည်သူတွေ အသက်ပေး ဆုံးရှုံးရမှုတွေ များလွန်းလှတယ်လို့လည်း သူက ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ နှစ်အတွင်း ဥရောပ သမဂ္ဂက အရေးယူပိတ်ဆို့မှု နှစ်ကြိမ်သာ လုပ်ခဲ့ပြီး လတ်တလောမှာ အရပ်သားပြည်သူ တိုင်းရင်းသားတွေအပေါ် စစ်တပ်က လေကြောင်းက တိုက်ခိုက်မှုတွေ များပြားလာသလို ဆယ်စုနှစ်တွေ အတွင်း ပထမဆုံး ကြိုးပေးကွပ်မျက်မှုတွေ ရှိခဲ့ကာ ၊ ယုံကြည်ချက်ကြောင့် အကျဥ်းချခံရသူလည်း တစ်သောင်းသုံးထောင်ကျော် အထိ တိုးလာခဲ့ပါတယ်။


ဆက်ဖတ်ရန် →
 ပဋိပက္ခဖြစ်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ အမြန်ဆုံးတွေ့ဆုံဖြေရှင်းရန် တနင်္သာရီတိုင်း ကရင်လူထုတောင်းဆို

ပဋိပက္ခဖြစ်နေသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ အမြန်ဆုံးတွေ့ဆုံဖြေရှင်းရန် တနင်္သာရီတိုင်း ကရင်လူထုတောင်းဆို

Published By Nay Kyal | 20 February, 2023 DVB

တနင်္သာရီတိုင်းအတွင်းရှိ ကရင်လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ကော်သူးလေတပ်မတော် (KTLA) တို့ဘက်က တာဝန်ယူထားတဲ့ အမြင့်ဆုံးသော ပုဂ္ဂိုလ်တွေအနေနဲ့   အမြန်ဆုံး တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုတွေက ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဘယ်ကရင်လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ရန်လိုသောစိတ်၊ အနိုင်အထက်စီးနင်လိုသောစိတ်၊ ကရင်အမျိုးသားတွေနဲ့ မြန်မာပြည်သူအားလုံးရဲ့ အကျိုးကို လစ်လျူရှုပြီး မိမိပုဂ္ဂလိကနဲ့ သက်ဆိုင်ရာအဖွဲ့ငယ်တို့ရဲ့ အကျိုးစီးပွားကိုသာ ကြည့်ရှုတဲ့ ခေါင်းဆောင်တွေကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

တနင်္သာရီတိုင်းအတွင်း ကရင်ပြည်သူလူထုတွေအနေနဲ့ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ပစ်ခတ်မှုတွေ မဖြစ်အောင်ထိန်းသိမ်းဖို့ သတိပေးတောင်းဆိုထုတ်ပြန်တဲ့ကြားက လက်နက်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြတာလို့ တနင်္သာရီတိုင်းအတွင်းရှိ ကရင်ပြည်သူလူထုများကိုယ်စား ပြောခွင့်ရသူ နော်ဝါးဝါးက ပြောပါတယ်။

“ကျမတို့ ဖေဖော်ဝါရီလ ၇ ရက်နေ့တုန်းက ကျမတို့ ဒီလိုမျိုးတင်းမာမှုတွေ ဖြစ်လာမှာစိုးလို့ နှစ်ဖက်စလုံးက အဖြေရှာဖို့အတွက် ကျမတို့ ပထမဆုံး ထုတ်ပြန်ချက်ကို မေတ္တာရပ်ခံချက်အနေနဲ့ ကျမတို့ ထုတ်ခဲ့တယ်။ ဒါပေမဲ့ ကျမတို့ မေတ္တာရပ်ခံထုတ်နေရင်းတန်းလန်းမှာပဲ ပစ်ခတ်မှုဖြစ်တယ်ပေါ့နော်။ နှစ်ဖက်စလုံးက လက်နက်နဲ့ ဖြေရှင်းကြတယ်ပေါ့နော်။ ဖြေရှင်းတဲ့အခါမှာ နှစ်ဖက်စလုံးက ထိခိုက်မှုရှိတယ်။ ရွာသူရွာသားတွေလည်း ထိခိုက်မှု ရှိတယ်ပေါ့နော်။ အဲဒါကြောင့် ကျမတို့ ပြည်သူလူထုအနေနဲ့ သူတို့ လက်နက်အားဖြင့် မဖြေရှင်းကြဘဲနဲ့ အဖြေရှာဖို့အတွက် ထပ်မံပြီးတော့ တိုက်တွန်းတဲ့အနေနဲ့ ဒီလို ထပ်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။”

ဒီကနေ့ထုတ်ပြန်ချက်မှာ တနင်္သာရီ ပြည်သူလူထုတွေနဲ့အတူ ပြည်ပမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၄၆ ဖွဲ့ကလည်း ဒီသဘောထားရပ်တည်ချက်နဲ့  ပူးပေါင်းထုတ်ပြန်တောင်းဆိုထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး- ကေအန်ယူလက်အောက်ခံ တပ်မဟာ (၄)နဲ့  ကော်သူးလေ တပ်မတော်တို့အကြား    လတ်တလော ထွက်ပေါ်လာတဲ့ အပြန်အလှန် ထုတ်ပြန်ချက်တွေကြောင့် တဖက်နဲ့ တဖက် ဆက်ဆံရေးပိုမိုတင်းမာလာခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နှစ်ဖက်အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ပဋိပက္ခကြီးထွားလာပါက၊ ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်တဲ့ လူမျိုးစုတွေအကြား မလိုလားအပ်တဲ့ တင်းမာမှု၊ မုန်းတီးမှုတွေဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထု အကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုတွေကိုလည်းဖြစ်ပေါ်စေနိုင်တယ်လို့လည်း ကရင်လူထုက သတိပေးထားပါတယ်။

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတချို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်း၊ KNU နဲ့ ကော်သူးလေအာမီ ပူးပေါင်းတပ်ဖွဲ့ (KTLA) တို့က နယ်မြေစိုးမိုးထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်-၁ တပ်ရင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါကျေးရွာတွေမှာ ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာကျေးရွာနဲ့ တပ်ဦးမြိုင်ကျေးရွာတို့ ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့နီးစပ်တဲ့ နယ်မြေကျေးရွာတွေဖြစ်ကာ KNU နဲ့ ပြည်သူ့ကာကွယ်‌ရေး ပူးပေါင်းတပ်ဖွဲ့က စိုးမိုးထားတဲ့နယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို စိုးမိုးနယ်မြေတွေအဖြစ် ထုတ်ပြန်လိုက်ပြီးနောက် စစ်ကောင်စီဘက်က လူအင်အားနဲ့ လက်နက်ကြီးအင်အား ဖြည့်တင်းလာတဲ့အတွက် စစ်ရေးတင်းမာမှုတွေ ရှိလာတယ်လို့ ဒေသခံပြည်သူတဦးက ဆိုပါတယ်။

“နယ်မြေက ၃ နေရာစိုးမိုးထားတယ်။ တိုက်ပွဲမဖြစ်ခင်တည်းက ပြည်သူတွေ ကြောက်ပြီး ထိုင်းထဲ ထွက်ပြေးကြတာပါ။ ခုတော့ ပြန်ဝင်လာကြပါပြီ။ ထိုင်းနိုင်ငံဘက်က လာပြီး ညှိနှိုင်း တာ‌တွေရှိတယ်။ စစ်ရေးတင်းမာမှုတွေရှိတယ်။ ကော့သောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။”

ဖေဖော်ဝါရီ ၁၉ ရက် ညနေကလည်း ပြည်သူ့ကာကွယ်ရေး စိုးမိုးနယ်မြေဖြစ်တဲ့ ဝိုင်ဒင်းကျေးရွာထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ရေဖြူကျေးရွာနဲ့ ထုံခါးကျေးရွာကြားမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လမ်းဆုံတ‌နေရာမှာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အထိနာတာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

Photo- KTLA


ဆက်ဖတ်ရန် →
ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ  စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင်

ထန်တလန်နှင့် ဟားခါးမြို့နယ်တို့တွင်   ခလရ ၂၆၉ နှင့် ခလရ ၂၆၆ မှ  စစ်ကောင်စီတပ်သား ၄ ဦး လက်နက်အပြည့်အစုံ၊ ခဲယမ်းများနှင့်အတူ အလင်းဝင် 
 
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁ ခေတ်သစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊  ခြေလျင်တပ်ရင်း (ခလရ) ၂၆၉ မှ စစ်ကောင်စီတပ်သား ၂ ဦး သေနတ် ၂ လက်၊ ကျည် ၆၀၀ ကျော်၊ ဗုံး ၇ လုံးဖြင့် အလင်းဝင်မှု ငွေကျပ် သိန်း ၃၀ စီ ချီးမြှင့်ပြီး လုံခြုံရာပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ သတင်းထုတ်ပြန်သည်။ 

ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၆၉ မှ စစ်သား ၂ဦးသည် လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-Hakha ထံသို့ အလင်း၀င်လာခဲ့ကြောင်း ၊ စစ်သား ၂ ဦးက  MA-3 သေနတ် ၂လက်၊ ကျည် ၆၇၄၊ ကျည်အိမ် ၉ခု၊ လက်ပစ်ဗုံး ၄လုံးနဲ့ ၆၀မမ ဗုံးသီး ၃ခု ယူဆောင် အပ်နှံလာကြောင်း၊ ထို့ကြောင့် အလင်းဝင်လာသူ စစ်သား ၂ ဦးကို ငွေကျပ် သိန်း ၃၀ စီး ချီးမြှင့်ပြီး လွတ်မြောက်ရာ ပို့ဆောင်လိုက်ကြောင်း CDF ဟားခါးတပ်ဖွဲ့ က ဆိုသည်။ 

အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်  ချင်းပြည်နယ်၊ ဟားခါးမြို့တွင်တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သားနှစ်ဦး လက် နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း CDF–Senthangက သတင်းထုတ်ပြန်သည်။ 

ဟားခါးမြို့နယ်၊ ခလရ ၂၆၆ မှ စစ်သား ၂ ဦးသည် MA 2 သေနတ် တစ်လက်၊ ကျည်ဆံ၊ ဗုံးသီး၊ နင်းမိုင်းနှင့် ထောင်မိုင်းများဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

 




ဆက်ဖတ်ရန် →
နတ်တလင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

နတ်တလင်းတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

 ဒီဗွီဘီ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၃ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃၊ နတ်စစ်သည်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သိရပါတယ်။

နတ်တလင်းမြို့နယ် မကျီးပင်ရွာဘက်ကနေ တောလမ်းအတိုင်းတက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီလောက်က ရစ်ကွင်းရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူရှိနိုင်ပေမဲ့ အတိအကျတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


 

ဆက်ဖတ်ရန် →
ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ သတိပေးတဲ့အဆင့်ပဲရှိနေသေး-- ဒေါ်ဇင်မာအောင်

ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ သတိပေးတဲ့အဆင့်ပဲရှိနေသေး-- ဒေါ်ဇင်မာအောင်

VOA

မြန်မာ စစ်ကောင်စီအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ လုံလောက်မှု မရှိသေးတဲ့အကြောင်းနဲ့ ဒီထက်ပိုပြီး ဖိအားပေးဖို့လိုသလို မြန်မာ့ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေ ကို ပိုပြီး ငွေကြေးထောက်ပံ့ဖို့လိုတဲ့အကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က Reuters သတင်းဌာနကို ပြောဆိုပါတယ်။

“စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့ရာမှာ ဖိအားပေးတာတွေ မလုံလောက်သေးပါဘူး။ ဒါ့ကြောင့်လည်း စစ်ကောင်စီဘက် က အခုအချိန်အထိ ရပ်တည်နိုင်တာဖြစ်ပြီး တကယ်လို့ စစ်ကောင်စီ ဝင်ငွေ အရင်းအမြစ်တွေ ကို ပိတ်ဆို့ ဖြတ်တောက်နိုင်မယ်ဆိုရင် မြန်မာပြည်သူတွေအပေါ် တိုက်ခိုက်တာတွေ ဆက် လုပ်နိုင်မှာ မဟုတ်ပါဘူး” - လို့ ဒေါ်ဇင်မာအောင် ပြောဆိုသွားတာပါ။

မြန်မာစစ်တပ်ဘက် က လေကြောင်းကနေ ထိုးစစ်ဆင်တဲ့အခါ တိုက်ခိုက်ရေး ဂျက်လေယာဉ်တွေ အတွက် လောင်စာဆီဖိုး ငွေကြေးအမြောက်အများ အကုန်အကျခံ တိုက်နေတာဖြစ်တဲ့အတွက် ထိထိရောက်ရောက် ပိတ်ဆို့ ဖြတ်တောက်နိုင်ဖို့ စီးပွားရေးအရ အရေးယူနိုင်ဖို့လိုမယ်လို့ သူက ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်လာတဲ့ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေ နဲ့ လွှတ်တော်အမတ်တချို့ ကို တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအရေး ကို နိုင်ငံတော်တော်များများ က ယူကရိန်း-ရုရှား ကျုးကျော်စစ်လိုမမြင်ဘဲ ပြည်တွင်းရေး ပြသနာအဖြစ်ပဲ မြင်နေကြတဲ့အတွက် ကူညီထောက်ပံ့မှု အားနည်းတာကို ဒေါ်ဇင်မာအောင် နိုင်းယှဉ် ပြောဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာစစ်ကောင်စီရဲ့ ငွေကြေးစီးဆင်း မှုအပေါ် ပစ်မှတ်ထား အရေးယူ ဖိအားပေးနေပေမဲ့ သတိပေးတဲ့အဆင့်ပဲရှိနေသေးတယ်လို့ ဒေါ်ဇင်မာအောင်က ဝေဖန် ပြောဆိုပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဘက်ကတော့ ဒါနဲ့ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။



 

ဆက်ဖတ်ရန် →
 ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်

ကျောက်မျက်တောင်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးပြီး Anti Drone Gun နှင့် မိုင်းအမျိုးမျိုး ၁၀၀ ကျော် သိမ်းဆည်းရမိ


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီး အစပ်ရှိ စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များ သိမ်းပိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း KLG PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အစပ် ကျောက်မျက်တောင်ပေါ်၌ တပ်စွဲထားသော စစ်တပ် စခန်းငယ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းသိမ်းပိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီ ကျော်ကြာဖြစ်ပွားကာ စစ်သား ၁၀ ဦးသေဆုံးခဲ့ပြီး PDF ရဲဘော် ၁ ဦးကျဆုံးကာ စခန်းငယ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ 


အဆိုပါ စခန်းငယ်အတွင်းမှ M-14 နင်းမိုင်း အလုံး ၄၀ စနစ်တံပါ၊ MG-1 ပလက်စတစ် လက်ပစ်ဗုံး အလုံး ၃၀ ၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀ နှင့် Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


" အဲ့စခန်းက စစ်ခွေး အင်အား ၂၀ ကျော်လောက်ပဲရှိတာ စစ်ခွေး ၁၀ ကောင် အထက်သေတယ်။ ကျန်တဲ့ ခွေးတွေကတော့ ထွက်ပြေးသွားတယ်။ စခန်းထဲက မိုင်းအမျိုးမျိုး ၁၀၀ ကျော်နဲ့ Anti Drone Gun တစ်လက် သိမ်းနိုင်ခဲ့တယ်" ဟု KLG PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။


အဆိုပါ တိုက်ခိုက်မှုကို KLG တပ်မဟာနှင့်အတူ နဂါးညီနောင် (DBTF)၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဋ္ဌုန်ရာဇာ၊ Yinmarbin Local PDF၊ B 21 PDF၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင်(LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွှေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊  Yinmarbin PDA၊  Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့ ၊ယင်းမာပင်၊ဆားလင်းကြီး၊ကနီ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။











ဆက်ဖတ်ရန် →
ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ တံတား မိုင်းကွဲပြီး ယာဉ်များ ပိတ်ဆို့နေ

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။ 


ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် သထုံမှ ဘီးလင်းသို့ မောင်းနှင်လာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရန်ကုန်-မော်လမြိုင်လမ်း၊ ကမာဆိုင်ရွာအနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၁ ၊ တပ်ရင်း ၂ ၊ တပ်ခွဲ ၃ နှင့် ဘီးလင်း ပကဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်း ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးမြို့နယ်နှင့် ပဲနွယ်ကုန်းအကြားရှိ တံတား မိုင်းကွဲပြီး လက်ရှိအချိန်တွင် ကားများ ပိတ်ဆို့နေကြောင်း ခရီးသွားပြည်သူများထံမှ သိရှိရသည်။ 


"ကျောက်တံခါး နှင့် ပဲနွယ်ကုန်း ကြား ရန်ကုန် မန္တလေးလမ်းဟောင်း တံတားမိုင်းကွဲပါတယ်။ အခုအချိန်အထိ ကားတွေ ပိတ်ထားပြီး ဖြတ်သန်းခွင့်မပြုသေးပါဘူး။ ကားတွေပိတ်နေပါတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။  


ဓာတ်ပုံ- ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ကျောက်တံခါးနှင့် ပဲနွယ်ကုန်းအကြားတွင် ယနေ့ တံတားမိုင်းကွဲ၍ ပျက်စီးနေစဉ်။









ဆက်ဖတ်ရန် →
ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထူးကြီးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲ ၄ နာရီ ၂၅ မိနစ်ခန့်တွင် တည်ပင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။


"ရွှေဘို အနောက်ခြမ်း ထူးကြီးရွာနဲ့ တည်ပင်ရွာကို စစ်ခွေးတွေက မီးရှို့နေပါတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီအချိန်ခန့်ကပါ။ ပြည်သူတွေ ထိခိုက်မှု အတိအကျ မသိရသေးဘူး။ ရွှေဘိုအနောက်နယ်ကို စစ်ခွေးတွေက စစ်ကြောင်းထိုးနေတယ်။ တိုက်ပွဲ ဖြစ်ပွားတာတော့ မကြားမိဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။


တည်ပင်ရွာနှင့် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။





ဆက်ဖတ်ရန် →
မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာ တချို့ပေးအပ်၊

လှူဒါန်းထောက်ပို့ လိုသူများ ဆက်သွယ်နိုင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


မကွေးတိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးခရိုင် PDF တပ်ရင်း ၁ တွင် ရဲဘော်များကို လစာတချို့ပေးအပ်လိုက်ကြောင်း မကွေးခရိုင် PDF တပ် ရင်း ၁ မှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ သိရှိရသည်။


"မကွေးခရိုင်PDF အမှတ် -(၁) တပ်ရင်းရဲ့  စီမံဘဏ္ဍာအစည်းအဝေးအမှတ်စဉ် ၁  ဆုံးဖြတ်ချက်နဲ့ တပ်ရင်းရဲဘော်များအားလုံးကို ရဲဘော်လစာအဖြစ် တစ်ဦး ၂၀၀၀၀ ကျပ် ၂၀၂၃ခုနှစ် ၂ လပိုင်းမှာ စတင် ပေးအပ်ပါတယ်။  ရဲဘော်တွေရဲ့ တစ်ယောက် ကုန်ကျမှုစရိတ်က စားစရိတ်နှင့်တစ်ကိုယ် ရေကျန်း မာရေးသုံး၊ ဝတ်စားဆင်ယင်မှုတို့အတွက် တစ်သိန်းနှစ်သောင်းကျပ်ပါ ထည့်တွက်လျှင် ရဲဘော်တစ်ဦးမှာ  နိုင်ငံတော်မှ တစ်လကို အခြေခံ လစာ ၁၄၀၀၀၀/ကျပ်ရရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်" ဟု မကွေးခရိုင်တပ်ရင်း ၁ မှ တာဝန်ရှိသူက ဆိုသည်။ 


ထိုကဲ့သို့ ရဲဘော်များ လစာ ပေးအပ်ခြင်းသည် ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆုံးဖြတ် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရဲဘော်များ၏ လစာအတွက် လှူဒါန်းလိုသူများအနေဖြင့်လည်း ထောက်ပံ့ကူညီနိုင်ကြောင်း သိရှိရသည်။ 


"တချို့ရဲဘော်တွေမှာ မုန့်ဝယ်စားချင်တာတောင် မိသားစုကို ပြန်ငှဲ့ရလို့ မတောင်း ရက်လို့ မစားနိုင်ကြဘူး။ ဒါတွေ အတွက်လည်း ရဲဘော်အားလုံးတစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်စေလိုတယ်။ တပ်ရင်းကိုထောက်ပို့ပြုလိုတဲ့ သူများရှိလျှင်လည်း ဆက်သွယ်ဆောင်ရွက်နိုင်ဖို့ ကြိုဆိုလျက်ရှိပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။





ဆက်ဖတ်ရန် →
ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ကန့်ဘလူ၊ မြေမွန်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျ၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကိုလည်း စစ်တပ်က စီးနင်းပြီး ကျေးရွာ ဆေးပေးခန်းကို မီးရှို့ဖျက်ဆီး


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ခေတ်သစ်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ရာနှင့်ချီပြီး မီးပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ရာနှင့်ချီပြီး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။ 


"မြေမွန်ရွာကို စစ်ခွေးတွေ ဒီနေ့ မီးရှို့သွားတာ ပျက်စီးဆုံးမှု အခြေအနေတော့ အတိကျ မသိရသေးဘူး။ ကျေးရွာရဲ့ သုံးပုံနှစ်ပုံ လောက် ပြာကျသွားတယ်။ ရွာမှာက နေအိမ် ၇၀၀ ကျော်လောက်ရှိတယ်။ နေအိမ် ရာနဲ့ချီပြီး မီးထဲပါသွားတယ်။ စစ်ခွေးတွေ ရွာကို မီးစရှို့ပြီး ၂ နာရီလောက် တိုက်ပွဲဖြစ်သွားသေးတယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။


အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ နွယ်အင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။


ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဇီဖြူကုန်း ပျူစောထီးရွာမှ ထွက်လာသည့် စစ်သားနှင့် ပျူစောထီးများက နွယ်အင်းရွာကို ဝင်ရောက်စီးနင်းပြီး စစ်ဘေးရှောင် ပြည်သူများ၏ တောတဲများကို မီးရှို့ဖျက်ဆီးပြီးနောက် နွယ်အင်းရွာမှာ တပ်စွဲကာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။


အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နွယ်အင်းရွာ၌ ညအိပ် တပ်စွဲပြီးနောက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာသွားပြီး တုံးကန်ကျေးရွာ၌ တပ်စွဲထားကြောင်း သိရှိရသည်။










ဆက်ဖတ်ရန် →