လုထားသည့် ပလ္လင်ကို လောင်မြိုက်စေသူဟု မင်းအောင်လှိုင် ရည်ညွှန်းသည့် အသက် ၈၀ ကျော် NLD နာယက ဦးဝင်းထိန်သည် ဇရာနှင့် ဝေဒနာကို အန်တုလျက် အကျဉ်းစံဘဝကို ဖြတ်သန်းနေသည်။
ဉာဏ်လှိုင်လင်း
Published on Feb 27, 2023 Myanmar now
ကော်လာကတုံး အဖြူရောင်လက်တို၊ ကချင်ပုဆိုးဝတ်ဆင်ထားပြီး အရပ်ပုပြတ်ပြတ်၊ ဝဝဖိုင့်ဖိုင့် ပုံပန်းသဏ္ဌာန်ရှိသည့် အသက် ၈၀ ကျော် အဘိုးကြီးတစ်ဦး သတ္တုဖြင့် လုပ်ထားသည့် ငှက်ခေါင်းပုံ ကွပ်ထားသော သစ်သားတုတ်ကောက်ကို အားပြုလျက် တရွေ့ရွေ့ လျှောက်နေသည်။
ခါးရိုးကို ထိန်းကွပ်နိုင်သည့် ခါးပတ် အမြဲတစေ ပတ်ထားရကာ ရောဂါပေါင်းစုံရှိသည့် ထိုသူမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နာယက ဦးဝင်းထိန်။ အချိန်ကား ၂၀၂၁ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်း။
သာမန်အခြေအနေဆိုလျှင် တစ်ဦးဦးက တွန်းပေးသည့် ဝှီးချဲပေါ်တွင် ပါးစုန့်ကြီးများ မို့အစ် ဖောင်းကားနေသည့် ဦးဝင်းထိန်ကို ထိုင်လျှက် တွေ့ရမည်။ ၅ မိနစ်၊ ၁၀ မိနစ်ထက်ပို၍ အကူအညီမပါဘဲ လမ်းလျှောက်နိုင်သည့် ကျန်းမာရေးအခြေအနေ သူ့တွင် မရှိတော့။ လမ်းကြာကြာလျှောက်လျှင် အမောဖောက်တတ်သည်။
ယခုမူ မြန်မာပြည် ဗြိတိသျှအောက်မှ လွတ်မြောက်ပြီးနောက် ပေါ်ထွက်လာသည့် တတိယမြောက်စစ်အာဏာရှင် မင်းအောင်လှိုင်က လွန်ခဲ့သည့် နှစ်နှစ်ကတည်းက သူ့ကို ဖမ်းကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချထားသဖြင့် အကျဉ်းထောင်ထဲ ရောက်နေရသည်။ ယခုလည်း နေပြည်တော်အချုပ်ထောင်မှ မိုင် ၁၆၀ ကျော်ဝေးသည့် မန္တလေးတောင်ခြေရှိ အိုးဘိုထောင်သို့ ပြောင်းရွှေ့ရန် သွားရပြန်ပြီ။
ထို့ကြောင့်ပင် တစ်ဦးတည်းနေထိုင်ရသည့် အလျား ၈ ပေ၊ အနံ ၁၂ ပေသာရှိသော အကျဉ်းခန်းလေးအတွင်းမှ သူ ထွက်လာရသည်။ အခက်အခဲကြုံတိုင်း ဒုက္ခပါပဲ သုခရာဟု ရေရွတ်၊ ဟာသလုပ်လေ့ရှိသည့် ဦးဝင်းထိန်က ကြုံနေရသည့် အခြေအနေကို လျစ်လျူပြုလျှက် ပြုံးပြုံးပျော်ပျော်။
အကျဉ်းဦးစီးဝန်ထမ်းများ ခြံရံ၊ တုတ်ကောက်ကို အားပြုလိုက်ပါသွားရင်း သူ့ထုံးစံအတိုင်း အာလုပ်သံကျယ်ကြီးပြု၍ တဟားဟား ရယ်သည်။ “ဘာရမလဲ သာဝရာ။ ဒီလောက်တော့ အပျော့ပါကွာ” ဟု ဦးဝင်းထိန်က အရွှန်းဖောက် အော်ဟစ်သွားသည်။
ထိုအကြောင်းကို ဦးဝင်းထိန် အိုးဘိုထောင်မပြောင်းမီနေပြည်တော်အချုပ်ထောင် အမှတ် ၂ တိုက်၊ ၅ ခန်းတွဲ၌ အခန်းကပ်လျက် ၈ လနီးပါး နေထိုင်ခဲ့ရသူ NLD မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၉ အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်ဆွေက လွန်ခဲ့သော တစ်နှစ်ကျော်က သူမြင်ခဲ့၊ ကြားခဲ့ရသည်များကို ပြန်ပြောပြခြင်းဖြစ်သည်။
နေပြည်တော်အချုပ်ထောင်ဘူးဝ ဘယ်ဘက်ခြမ်းရှိ အစွန်ဆုံးတိုက်ခန်းတွဲတွင် ဦးဝင်းထိန်က အခန်း ၅၊ ဦးမောင်မောင်ဆွေက အခန်း ၄ တွင် နေထိုင်ခဲ့ကြသည်။ ဦးမောင်မောင်ဆွေသည်လည်း ဆူပူစေရန် လှုံ့ဆော်မှုဖြင့် စွပ်စွဲခံရပြီး ထောင်နှစ်နှစ်ချခံရခဲ့သည်။ ၂၀၂၂ နိုဝင်ဘာတွင် သူပြန်လွတ်လာပြီး ယခုအခါ လွတ်မြောက်နယ်မြေသို့ ရောက်နေပြီ။
“သူက အသက်ကြီးပေမဲ့ ရှေ့ဆောင်ပဲ။ ကျွန်တော်တို့တွေ စိတ်ဓာတ်ကျမှာစိုးလို့ သူက ထောင်ကျနေတယ်ဆိုတာကို စိတ်ထဲ လုံးဝမထည့်ဘဲနဲ့ ပျော်ပျော်ပါးပါးပဲ။ သီချင်းတွေ ညည်းရင် ညည်းမယ်။ အဲဒီလို ပုံစံမျိုးပဲ နေတယ်”။
ဦးဝင်းထိန်၏ လက်ရှိအသက်အရွယ်နှင့် ရောဂါဘယများအရ ပုံမှန်သောက်ရမည့် ဆေးဝါး၊ အောက်ဆီဂျင်နှင့် စားစရာများ ပုံမှန်ရရှိနိုင်ရန် အလွန်အရေးကြီးနေပြီ။ သို့သော် အိုးဘိုထောင်ရောက်ပြီးနောက် ဦးဝင်းထိန်၏ ကျန်းမာရေး မည်သို့ အခြေအနေရှိနေသည်ကို သဲသဲကွဲကွဲ မသိရတော့။
စစ်ကောင်စီ အာဏာသိမ်းကတည်းက ကိုဗစ်အကြောင်းပြ၍ ထောင်ဝင်စာတွေ့ခွင့်ပိတ်ထားရာ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးသို့ ရောက်နေသူများ၏သတင်း အမှောင်ကျနေဆဲ။
သို့သော် ဦးဝင်းထိန်က သူ့ပုံစံအတိုင်း စိတ်ရော၊ ကိုယ်ပါ မာမာချာချာ ဆက်ရှိနေလိမ့်မည်ဟု ဦးမောင်မောင်ဆွေက မျှော်လင့်ထားသည်။
“နှိပ်ကွပ်တဲ့သူတွေက မြင်စေချင်တာက စိတ်ဓာတ်တွေကျပြီးတော့ ညှဉ်းသိုးသိုးပုံစံ။ ဒါကြောင့် သူတို့ မြင်ချင်တဲ့ ပုံစံမမြင်ရအောင် အတတ်နိုင်ဆုံး ကိုယ့်ဟာကိုယ် ဂရုတစိုက်နေတတ်တယ်”။
အမှန်တော့ ဦးဝင်းထိန်တွင် သိုင်းရွိုက် ဟော်မုန်းအားနည်း၊ ဆီးကျိတ်ကြီး ရောဂါများရှိသည်။ ဦးနှောက်သို့ အောက်ဆီဂျင်အရောက်နည်းပြီး မကြာခဏ မေ့လဲတတ်၍ အောက်ဆီဂျင်အိုးနှင့် ပိုက် အသင့်ဆောင်ထားရသည်။ ညအိပ်လျှင် အောက်ဆီဂျင်ပိုက်တပ်၍ အိပ်ရသည်။
သို့သော် ဦးဝင်းထိန်မှာ သွေးတိုး၊ ဆီးချို မတက်အောင် အနေအစားထိန်း၍ နေနိုင်သည်အထိ အသက်အရွယ်နှင့်မမျှ သတိကောင်းနေဆဲ။ အခန်းကျဉ်းလေးအတွင်း အခင်းကြီး၊ အခင်းငယ် ကိစ္စများကို လက်သုံးတော် တုတ်ကောက်ဖြင့် တစ်ကိုယ်တော်ဖြေရှင်းနိုင်နေဆဲ။ ဖမ်းဆီးခံရပြီး တစ်နှစ်အတွင်း ကိုယ်အလေးချိန် ပေါင် ၁၇၀ ကျော်ရှိရာမှ ၁၀ ပေါင်ကျော် ကျသွားသည်။
စစ်ထောက်လှမ်းရေးက ပေးလိုက်သည့် အောက်ဆီဂျင်ပိုက်မှာ ကွဲနေသဖြင့် နေပြည်တော်အချုပ်ထောင်အတွင်း ရရာဖြင့် သင့်သလို ဖာထေးထားခဲ့ရသည်။ ယခု အိုးဘိုထောင်ရောက် ဦးဝင်းထိန်၏ အသက်ရှူပိုက်နှင့် နေရေး၊ စားရေး၊ ကျန်းမာရေး အဆင်ပြေမပြေကို ဦးမောင်မောင်ဆွေ တွေးပူနေသည်။
ယုံကြည်ချက်ကို မဖောက်ပြန်ခဲ့သည့် ဦးဝင်းထိန်၏ ပေးဆပ်ရမှုမှာ ယခုတစ်ကြိမ် ထောင်ဒဏ်နှင့်ဆိုလျှင် သူ့အသက်အရွယ်၏ ထက်ဝက်ခန့်ဖြစ်သော နှစ် ၄၀ နီးပါး ရှိလာပြီဖြစ်သည်။
မှတ်ချက်များ
Post a Comment